feature-image

‘ကျွန်တော့်အတွက် ကြီးမားတဲ့ အခွင့်အရေးပါ..’ လို့ ပြောခဲ့တဲ့ ‘ဆာအူလ် နီဂွက်ဇ်’ နဲ့ တွေ့ဆုံခန်း…

အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်တွင် ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာခဲ့သည့် စပိန်ကွင်းလယ် ကစားသမား ဆာအူးလ် နီဂွက်ဇ် မှာ ယနေ့တွင် ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ရန်မှာ သူ့အတွက် ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပြီး ငြင်းပယ်ရန် ခက်ခဲခဲ့သည့်ဟု ပြောကြားခဲ့သလို စပိန်အသင်းမှ သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံရမည့် အကြောင်းများကို ယခုလိုပြောပြခဲ့သည်..။

မေး - ဆာအူးလ် ရေ.. ချယ်လ်ဆီးအသင်းက ကြိုဆိုပါတယ်နော်..။ အခုလိုအပြောင်းအရွှေ့ နောက်ဆုံးရက်၊ နောက်ဆုံးအချိန်ကျမှ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ရတာ ခင်ဗျားအတွက် ဘယ်လိုများ ခံစားခဲ့ရလဲဗျ..?

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် အရမ်းပျော်ရွှင်ပါတယ်..။ ဒီအခွင့်အရေးဟာ ကျွန်တော်နဲ့ ကျွန်တော့် ကစားသမားဘဝအတွက် တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်…။ ဒါ့ကြောင့်ဒီကိုပြောင်းလာရမယ့် အခွင့်အရေးကို အမိအရ ဆုတ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်..။ ကျွန်တော်အရမ်းကို ပျော်ရွှင်ရသလို အရမ်းလည်း စိတ်လှုပ်ရှားနေရပါတယ်..။ အသင်းနဲ့အတူ လေ့ကျင့်ရမယ့်အချိန်၊ နည်းပြနဲ့ တွေ့ဆုံရမယ့် အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။

မေး - အင်းဗျ..၊ ဒီရက်ပိုင်းတွေဟာ ခင်ဗျားအတွက် အတော်လေးကို ရှုပ်ထွေးခဲ့မှာပဲနော်..

ကျွန်တော်ဟာ အက်တလက်တီကို မက်ဒရစ်အသင်းမှာ (၁၅) နှစ် ရှိခဲ့ပြီဖြစ်တာကြောင့် ကျွန်တော့်အတွက် အိမ်ဆိုလည်း မမှားပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ရမယ့် အခွင့်အရေး ရလာတဲ့အခါ ကျွန်တော့်အနေနဲ့ ဘယ်လိုမှ ငြင်းနိုင်စရာ အင်အားမရှိပါဘူး..။

အပြောင်းအရွှေ့ ရာသီ နောက်ဆုံးရက်တွေဟာ တကယ့်ကိုရူးသွပ် လောက်ပါတယ်..။ ဒါပေမယ့် နောက်ဆုံးမှာတော့ မျှော်လင့်ထားတဲ့အတိုင်း ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့နိုင်မယ့် အခွင့်အရေး ရလာခဲ့ပါတယ်..။ အဲဒါနဲ့ ကျွန်တော့်ဘက်က အမိအရဖမ်းဆုတ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်..။ ကလေးဘဝကတည်းက ကျွန်တော့်ဆီမှာ အိပ်မက်နှစ်ခု ရှိခဲ့ပါတယ်..။ တစ်ခုက အက်တလက်တီကို အသင်းရဲ့ သမိုင်းကြောင်းမှာ ရေးထိုးခွင့်ရဖို့နဲ့ နောက်တစ်ခုက ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ ဖြစ်ပါတယ်..။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရချင်တာ တစ်ခုတည်း မဟုတ်ပါဘူး..၊ အင်္ဂလန်မြေနဲ့ အင်္ဂလိပ်စကား၊ အင်္ဂလိပ် ယဉ်ကျေးမှုကိုလည်း စိတ်ဝင်စားပါတယ်..။



အခုဒီကို ရောက်လာတဲ့အချိန် ဘာသာစကားဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ အခက်အခဲတစ်ခု ဖြစ်ပါလိမ့်မယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့ အသင်းသားတွေနဲ့ ကောင်းကောင်းမွန်မွန် စကားပြော၊ ဆက်ဆံနိုင်အောင် အင်္ဂလိပ်စကား အမြန်ဆုံးသင်ရပါလိမ့်မယ်..။ အက်တလက်တီကို မှာတုန်းက ကီရင် ထရစ်ပီယား နဲ့ စကားပြောလေ့ ရှိပေမယ့် ကျွန်တော့်ရဲ့ အင်္ဂလိပ်စကားပြော မကောင်းမွန်ပါဘူး.။ ဒ့ါကြောင့်အင်္ဂလိပ်လို တွေ့ဆုံခန်းတွေ လက်ခံရဲဖို့ သတ္တိမရှိသေးပါဘူး..။

မေး - ဒါပေမယ့် ခင်ဗျားရဲ့ စပိန်အသင်းဖော်တွေ၊ သူငယ်ချင်းတွေ ဒီမှာရှိနေပြီး ဖြစ်တဲ့အတွက် မြန်မြန်ဆန်ဆန်နဲ့ အထိုင်ကျသွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်နော..

မှန်ပါတယ်..၊ ကျွန်တော်နဲ့ ရင်းနှီးပြီးဖြစ်တဲ့ ဆီဇာ အက်ဇ်ပီလီကွဲတား၊ မားကို့စ် အလွန်ဆို နဲ့ ကက်ပါ အရီဇာဘာလာဂါ တို့ ဒီမှာ ရှိနေပါတယ်..။ အထူးသဖြင့် ကက်ပါ..၊ ကျွန်တော်တို့ စပိန်လူငယ်အသင်းမှာ ကစားစဉ်အချိန်ကတည်းက သူနဲ့ကျွန်တော်တစ်ခန်းထဲ နေလာခဲ့ကြတာပါ..။

ဒါပေမယ့် ကျွန်တော်တို့အချင်းချင်း အင်္ဂလိပ်လိုပဲပြောဖို့ ကက်ပါ ကို ကျွန်တော်ပန်ကြားထားပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ သင်ယူဖို့ လိုအပ်သလို ထမင်းစား၊ ရေသောက်လောက်တော့ အင်္ဂလိပ်လို ပြောနိုင်မှဖြစ်မယ်လေ..။ ဒ့ါကြောင့်သူတို့နဲ့ စပိန်လို မပြောချင်တာပါ..။ သူကလည်း ကျွန်တော့်ကို ကူညီပါလိမ့်မယ်.။ ဒါပေမယ့် ကျွန်တော့်ဘက်ကလည်း တတ်နိုင်သမျှ အင်္ဂလိပ်လိုပဲ ပြောသွားမှာပါ..။ ဒီလိုမှမဟုတ်ရင် ကျွန်တော်ဟာ အတော်လေးကို ရုန်းကန်ရပါလိမ့်မယ်..။



မေး - မနှစ်တုန်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ခင်ဗျားရင်ဆိုင်ခဲ့ဖူးတယ်နော်..။ ချယ်လ်ဆီးအသင်းနဲ့ တောင့်တင်းမှု၊ အင်အားအပေါ် ခင်ဗျားရဲ့ ထင်မြင်ချက်လေး ပြောပြနိုင်မလား.?

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲပြီဆိုကတည်းက ဒီအသင်းဟာ ဘယ်လောက်တောင် တောင့်တင်းလဲဆိုတာ အဖြေထုတ်ပြီးသားပါပဲ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့တွေ ဘယ်လောက်တောင် ကြိုးစား၊ လေ့ကျင့်ခဲ့လဲ သိသာပါတယ်..။ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကောင်းကောင်း ရနေကြသလို သူတို့ရဲ့ အသင်းလိုက် စုစည်းမှု အင်အားတွေကို ရလဒ်တွေ ကြည့်ခြင်းဖြင့် တွေ့နိုင်ပါတယ်..။ ၏

ကျွန်တော်ဟာ ဒီအသင်းကို ကူညီပေးနိုင်ဖို့၊ အသင်းကို တိုးတက်အောင် ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်..။ ဒါ့အပြင် ဒီနှစ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ အရမ်းကို တောင့်တင်းပြီး ပြိုင်ဆိုင်မှု အရမ်းပြင်းထန်လိမ့်မယ်လို့ ထင်ပါတယ်..။ ဒါ့ကြောင့်အဲဒီ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူးရရှိချင်သလို အဲဒီဆုကို ဆွတ်ခူးနိုင်မယ့် အကောင်းဆုံး အသင်းတစ်သင်းဆီကို ကျွန်တော်ရောက်လာတာ ဖြစ်ပါတယ်..။

မေး - ခင်ဗျားဟာ လာလီဂါ ဆုဖလားကြီးကို မနှစ်က ဆွတ်ခူးခဲ့ပါတယ်..။ အဲဒါကြောင့် ဆုဖလားတွေကို ဆာလောင်တဲ့စိတ်ဟာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ဘယ်လောက်အရေးပါလဲ ပြောပြနိုင်မလား..?

အဲဒီလိုပြင်းပြတဲ့စိတ်ဟာ အရေးကြီးပါတယ်..။ အထူးသဖြင့် မနှစ်ကဘောလုံးရာသီဟာ ကျွန်တော့်အတွက် ခက်ခဲတဲ့နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်..။ အက်တလက်တီကို အသင်းနဲ့ ဆုဖလား ဆွတ်ခူးရတာဟာ တကယ့်ကို ကောင်းမွန်ခဲ့သလို ဘယ်လိုတွေ အခက်အခဲ ရှိခဲ့သည်ဖြစ်ပါစေ.. ကျွန်တော်ဟာ ဆုဖလားတွေကို အမြဲတမ်းဆာလောင်တဲ့စိတ် ပြင်းပြနေပါတယ်..။ အဲဒီစိတ်ကြောင့်လည်း ဒီနှစ်မှာ ဆုဖလား ဆွတ်ခူးချင်စိတ် ပိုပြီးတော့တောင် ပြင်းပြလာခဲ့ပါတယ်..။



မေး - ဒါဆိုရင် မကြာတော့မယ့် အချိန်မှာ ခင်ဗျားဟာ အသင်းသားသစ်၊ မန်နေဂျာသစ် နဲ့အတူ လက်တွဲရတော့မှာပါ..။ နည်းပြသောမတ်စ် တူခယ်လ် နဲ့ လက်တွဲရမယ့်အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြပေးနိုင်မလား..

အရမ်းကို စိတ်လှုပ်ရှားရသလို အရမ်းလည်း ပျော်ရွှင်၊ ကျေနပ်ရပါတယ်..။ ကက်ပါ ကလည်း သူ့ရဲ့အကြောင်း ပြောပြသလို သူဟာကိုင်တွယ်တဲ့ အသင်းတိုင်းကို ရလဒ်ကောင်းတွေ ဆောင်ယူပေးနိုင်လေ့ ရှိပါတယ်..။ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ ကစားသမားတွေဟာ နိုင်ငံတကာပွဲတွေအတွက် လက်ရွေးစင် အသင်းတွေဆီ သွားရောက်နေကြပေမယ့် အသင်းသားတွေနဲ့အတူ လေ့ကျင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ..။ နောက်ပြီး သူတို့တွေ ပြန်လာတဲ့အချိန်ကျရင် သူတို့ကို အကောင်းဆုံး ကြိုဆိုပေးမယ်လို့လည်း စိတ်ကူးထားပါတယ်..။

မေး - နောက်ဆုံးအနေနဲ့ ခင်ဗျားဟာ ဘယ်လိုကစားသမားမျိုး ဖြစ်တယ်ဆိုတာ ချယ်လ်ဆီးပရိသတ်ကြီးကို ပြောပြပေးနိုင်မလား…?

ကျွန်တော်ဟာ အသင်းလိုက်ကိုပဲ ဦးစားပေးတဲ့ team player ကစားသမား တစ်ယောက်ပါ..။ အသင်းအတွက်ပဲ အမြဲတမ်းစဉ်းစားပါတယ်..။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို box to box ကွင်းလယ် ကစားသမား တစ်ယောက်လို့ သတ်မှတ်ပါတယ်..။ ကျွန်တော်ဟာ တိုက်စစ်လိုက်ပါ ဂိုးသွင်းတာကို နှစ်သက်ပေမယ့် ခံစစ်ပိုင်းကို လိုအပ်သလို အကူအညီပေးနိုင်ပါတယ်..။ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ကွင်းထဲမှာ သက်တောင့်သက်သာ ကစားနိုင်ပြီး ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်..။

ချယ်လ်ဆီးပရိသတ်ကြီးအတွက်တော့ သူတို့ဆီက ပေးပို့ကြတဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေ၊ မက်ဆေ့ခ်ျ တွေအတွက် အထူးကျေးဇူးတင်တဲ့အကြောင်း စကားလက်ဆောင် ပါးလိုက်ချင်ပါတယ်..။ ဒ့ါကြောင့် သူတို့အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း ကျွန်တော်ဟာ အပြာရောင်တွေအတွက် အစွမ်းရှိသမျှ ပေးဆပ်သွားမယ်လို့ ကတိပြုပါတယ်..။