feature-image

ချယ်လ်ဆီးအသင်းအတွက် စွယ်စုံရှင် ကွင်းလယ် ကစားသမား ‘ဆာအူးလ် နီဂွက်ဇ်’…

မကြာသေးခင်က ပြီးဆုံးသွားခဲ့တဲ့ အပြောင်းအရွေ့ရာသီဟာ အခုနောက်ပိုင်းကာလအနေနဲ့ဆိုရင် အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းခဲ့တဲ့ အပြောင်းအရွှေ့ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်…။ ဒါ့အပြင် အပြောင်းအရွှေ့ ရာသီ ပိတ်သိမ်းခါနီး နောက်ဆုံးမိနစ်ပိုင်းတွေကလည်း မမျှော်မှန်းနိုင်တဲ့ အချိုးအကွေ့များနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့ပါတယ်..။ အဲဒီအခုဒီနှစ် အပြောင်းအရွှေ့ရာသီ နောက်ဆုံးရက် သည်းထိပ်ရင်ဖို ဇာတ်လမ်းတွေထဲမှာ အက်တလက်တီကို မက်ဒရစ်အသင်းက ‘ဆာအူးလ် နီဂွက်ဇ်’ ရဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ သည်းထိပ်ရင်ဖို နောက်ဆုံးမိနစ် အပြောင်းအရွှေ့ကလည်း အထွပ်အထိဋ် ဇာတ်လမ်းတစ်ပုဒ် အနေနဲ့ ပါဝင်ခဲ့ပါတယ်..။

ဆာအူးလ် နီဂွက်ဇ် ကို ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးအသင်းနဲ့ အက်တလက်တီကို မက်ဒရစ် အသင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့ သတင်းတွေနဲ့အပြိုင် အပြောင်းအရွှေ့ ပျက်ပြီဆိုတဲ့ သတင်းတွေ တက်လာခဲ့သလို တစ်ချိန်ကအသင်းဖော် အန်တော်နီ ဂရစ်ဇ်မန်းစ် ရဲ့ အက်တလက်တီကို အသင်း အပြန်ခရီးရဲ့ တစိတ်တပိုင်းအဖြစ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့မယ်.. ဆိုတဲ့ သတင်းတွေပါ အချိန်ကိုက် ပေါ်ထွက်လာခဲ့ပါတယ်..။ ဒီလိုနဲ့နောက်ဆုံးမှာတော့ နောက်ထပ်စွန့်စားခန်းအတွက် လန်ဒန်မြို့ကို ရွက်လွှင့်မယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် လက်ရှိ စပိန်လာလီဂါ ချန်ပီယံအသင်းမှာ ဆေးစက်ကျရာ အရုပ်ထင်ခဲ့တဲ့ ‘စွယ်စုံရှင် ကွင်းလယ်ကစားသမား (Jack of all trades)’ ဆာအူးလ် နီဂွက်ဇ် ဟာ တစ်ရာသီအဌား စာချုပ်နဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပါတယ်..။



အပြောင်းအရွှေ့ ရာသီတစ်ခုမှာ ရာသီမပိတ်သိမ်းခင် နာရီပိုင်း၊ မိနစ်ပိုင်းအလို ညှိနှိုင်းမှုတွေဟာ မလွယ်ကူလှပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အပြာရောင်အင်အားသစ်ကို အရယူနိုင်ခဲ့သလို အက်တလက်တီကို အသင်းက တောင်းဆိုတဲ့ ‘ရာသီကုန်ချိန်မှာ မဖြစ်မနေ ဝယ်ယူရမယ်.. (obligation to buy)’ ဆိုတဲ့ စာပိုဒ်အစား ‘ရာသီကုန်ချိန်တွင် ဝယ်ယူနိုင်ခွင့်.. (option to buy)’ စာပိုဒ်ကို ရရှိအောင် ညှိနှိုင်းနိုင်ခဲ့ပါတယ်..။ အဲဒီလို အခက်အခဲတွေ ရှိခဲ့ပေမယ့် တကယ်တမ်းဆိုရင် အဲဒီအသက် (၂၆) နှစ်အရွယ် ကွင်းလယ် ကစားသမားဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအထိ  အက်တလက်တီကို အသင်းရဲ့ အရေးအကြီးဆုံး ကစားသမား၊ အနာဂတ်အတွက် အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့်အဖြစ် ရှိနေခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ မက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ခရီးလမ်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သလို ၂၀၁၈ ခုနှစ်မှာ အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်..။

ဆာအူးလ် ဟာ စပိန်မြို့တော်က အသင်းရဲ့ သူရဲကောင်းတစ်ယောက်၊ ဂန္တဝင်ကစားသမား တစ်ယောက် ဖြစ်လာမယ့် အလားအလာတွေ ရှိနေသလို ၂၀၂၆ ခုနှစ်ထိ နှစ်ရှည်စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် အပြောင်းအလဲ ပြုလုပ်ဖို့ လိုအပ်လာပြီဆိုတဲ့ ဆန္ဒဇောတွေ ရှိလာခဲ့ပါတယ်..။ အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းဟာ သူ့ရဲ့အောင်မြင်မှုကို ဆာလောင်နေတဲ့စိတ်၊ ကိုယ်အသားကျနေတဲ့ နေရာ.. comfort zone ကနေ ရုန်းထွက်ချင်တဲ့စိတ်ဓါတ်ကို အာသာပြေစေခဲ့ပါတယ်..။ အပြန်အလှန်အနေနဲ့ အဲဒီလို ပြင်းပြတဲ့စိတ်၊ ခိုင်မာတဲ့ ဇွဲလုံ့လ၊ မှန်ကန်တဲ့ ခံယူချက်တွေနဲ့ ပြည့်ဝနေတဲ့ စပိန်ကွင်းလယ် ကစားသမားဟာလည်း ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်မယ့် ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။



အဲဒီလိုစိတ်ဓါတ်၊ ခံယူချက်တွေ ကောင်းမွန်နေတဲ့အပြင် သူဟာနေရာစုံ ကစားနိုင်တဲ့သူ တစ်ယောက်ဖြစ်တယ်.. ဆိုတဲ့ အားသာချက်လည်း ရှိနေပါတယ်..။ ဆာအူးလ် ဟာ အက်တလက်တီကို အသင်းနဲ့ ကိုးနှစ်တာ ကာလအတွင်းမှာ အကောင်းစား ပရီမီယမ် ကွင်းလယ်ကစားသမား တစ်ယောက်အဖြစ် သူ့ရဲ့ကစားသမား ဘဝကို ထွင်းထုခဲ့ပေမယ့် လိုအပ်လာရင် တခြားနေရာတွေမှာ အသုံးတော်ခံနိုင်စွမ်း ရှိတဲ့အကြောင်းသက်သေပြခဲ့ပြီး ဖြစ်ပါတယ်..။ တကယ်တော့ အဲဒီလို ကျရာနေရာ၊ လိုအပ်တဲ့နေရာမှာ ဖြည့်စွမ်းနိုင်စွမ်းရှိတဲ့ သူ့ရဲ့စွယ်စုံရ စွမ်းရည် (versatility) ကပဲ သူ့ကိုဆွဲချခဲ့ပါတယ်..။

နည်းပြဒီယေဂို ဆီမြွန်နီ ရဲ့ နေရာစုံ ပြောင်းလဲကစားမှုကြောင့် ဆာအူးလ် ဟာ အသင်းရဲ့ ကွင်းလယ်မှာ သူ့ရဲ့အရေးပါမှုတွေ တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သလို မနှစ်က ဘောလုံးရာသီမှာဆိုရင် ဆီမြွန်နီ ရဲ့ ၃- ၅- ၂ ကစားကွက်မှာ left wing back အဖြစ် အများဆုံး ကစားခဲ့ရပါတယ်..။ ဒါပေမယ့် စပိန်ကွင်းလယ် ကစားသမားဟာ အပြာရောင်တွေဆီ ရောက်လာချိန်မှာတော့ သူ့ရဲ့အားသန်တဲ့ ကွင်းလယ်မှာပဲ ကစားရတော့မှာ ဖြစ်ပါတယ်..။

တကယ်တော့ ဥရောပချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်မှာ ဂျော်ဂင်ဟို၊ အန်ဂိုလို ကန်တေး နဲ့ မက်တီယို ကိုဗာဆစ် တို့လို ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတွေနဲ့ ပြည့်နေသော်ငြား ဆာအူးလ် ဟာ သူတို့အတွက် ခွန်အားတိုးပွားစေတဲ့ ဖြည့်ဆည်းမှုတစ်ခုပါပဲ..။ ချယ်လ်ဆီးအသင်းဟ ဒီနှစ်ရာသီအစမှာပဲ ဘီလီ ဂေးလ်မား ကို နောဝစ်ခ်ျအသင်းဆီ အဌားချခဲ့သလို အန်ဂိုလို ကန်တေး ဟာ ဒဏ်ရာတွေကနေ အရှင်းမပျောက်ကင်းသေးပါဘူး..။ ဒ့ါကြောင့်နည်းပြကြီး သောမတ်စ် တူခယ်လ် ဟာ ကစားသမားတွေကို အလှည့်ကျ ကစားလို့ရအောင် သူလိုချင်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ ကွင်းလယ် ကစားသမား တစ်ယောက်နဲ့ အားဖြည့်ချင်တဲ့ဆန္ဒ ရှိနေခဲ့ပါတယ်..။



စပိန်ကွင်းလယ် ကစားသမားဟာ အသက် (၂၆) နှစ်သာ ရှိနေသေးပေမယ့် အက်တလက်တီကို မက်ဒရစ်အသင်းအတွက် ပွဲပေါင်း (၂၃၀) ကစားခဲ့ပြီး ဖြစ်တာကြောင့် အတွေ့အကြုံတွေ ကြွယ်ဝ၊ ပြည့်စုံနေပြီးသားပါ..။ ဒါ့ကြောင့်သူဟာ ချယ်လ်ဆီးအသင်းအတွက် လိုအပ်နေတဲ့ ကွင်းလယ်အင်အားကို ဖြည့်ဆည်းပေးနိုင်မယ် ဆိုတာ သံသယရှိဖို့ မလိုရုံသာမက တခြား ခေတ်ပြိုင်ကွင်းလယ် ကစားသမားတွေ မပေးစွမ်းနိုင်တဲ့ စွမ်းရည်တွေကိုလည်း သူ့ဆီကနေ ရယူနိုင်ပါလိမ့်မယ်..။

ဆာအူးလ် နီဂွက်ဇ် ဟာ ဘောလုံးပေးပို့ရာမှာ ကောင်းမွန်တယ်..၊ အနီးအဝေး ဂိုးကန်သွင်းရာမှာ ကောင်းမွန်သလို ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်စွမ်းရှိတယ်..၊ အချိန်ကိုက် ပြေးထွက်နိုင်ရာမှာလည်း ကောင်းမွန်ပါတယ်..။ ဒါ့အပြင် ခံစစ်ပိုင်းစွမ်းရည်တွေဖြစ်တဲ့ ဘောလုံးလမ်းကြောင်း အဖျက်အတောက်၊ တစ်ဦးချင်း ယှဉ်လုရာမှာလည်း ထူးချွန်တဲ့သူ ဖြစ်ပါတယ်..။ အဲဒီလို တိုက်စစ်၊ ခံစစ်ပိုင်း စွမ်းရည်တွေ ပြည့်ဝနေတာကြောင့် သူဟာ box to box ကွင်းလယ် ကစားသမား၊ ကွင်းလယ်အဖျက် ကစားသမားအပြင် double six နေရာတွေမှာ ကစားပေးနိုင်သူ ဖြစ်ပါတယ်..။ ဆာအူးလ် ဟာ လိုအပ်လာရင် wing back နေရာကိုပါ တာဝန်ယူနိုင်စွမ်း ရှိတဲ့သူ ဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လာလီဂါ ဖလားကို ဆွတ်ခူးခဲ့တဲ့ အက်တလက်တီကို အသင်းနဲ့အတူ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်..။



ဒ့ါကြောင့်သူဟာ ကွင်းလယ်ဘယ်ခြမ်း တစ်ခြမ်းလုံးရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံမက မားကို့စ် အလွန်ဆို နဲ့ ဘင် ချီးဝဲလ် တို့ရဲ့ left wing back နေရာအတွက်ပါ အသင့်အစားထိုးနိုင်တဲ့ ကစားသမား ဖြစ်နိုင်ပါတယ်..။ ဆာအူးလ် ဟာ တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမား၊ full back နေရာပါ ကစားနိုင်တဲ့ ကစားသမား တစ်ယောက် ဖြစ်တဲ့အပြင် ဂိုးဧရိယာထဲမှာ အချိန်ကိုက်ပြေးဝင် ဂိုးသွင်းရာမှာလည်း ကောင်းမွန်တယ်..၊ အနီးအဝေး အဆုံးဂိုးသွင်းရာမှာ ကောင်းမွန်သူဖြစ်တယ်ဆိုတာ အက်တလက်တီကို အသင်းအတွက် သွင်းယူပေးခဲ့တဲ့ သွင်းဂိုး (၄၃) ဂိုးနဲ့အတူ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်..။

ခံစစ်ပိုင်းစွမ်းဆောင်ရည် အချက်အလက်ပိုင်းကို ကြည့်မယ်ဆိုရင် မနှစ်ကဘောလုံးရာသီ၊ စွမ်းဆောင်ရည် အချက်အလက်များအရ သူဟာတစ်ပွဲကို ပျမ်းမျှ (၂.၀၄) ကြိမ် ဘောလုံးဖျက်ထုတ်မှု (tackles) ပြုလုပ်နိုင်ခဲ့ပြီး ဖျက်ထုတ်မှုတွေရဲ့ (၈၅%) ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်..။ မြေပြင်ပေါ်က ဘောလုံးတွေကို ရှင်းထုတ်ရာမှာ ကောင်းမွန်ရုံသာမက အမြင့်ဘော ရှင်းထုတ်ရာမှာလည်း  (aerial duels) ကောင်းမွန်ပါတယ်..။ စပိန်ကွင်းလယ် ကစားသမားရဲ့ အမြင့်ဘော ဖျက်ထုတ်နိုင်မှုဟာ (aerial duels) တစ်ပွဲကို ပျမ်းမျှ (၂.၈၇) ကြိမ် ရှိခဲ့သလို တစ်ပွဲကို ဘောလုံးယှဉ်လုမှု (contested duels) (၁၃.၆) ကြိမ် ရှိခဲ့ပါတယ်..။ ဘောလုံးယှဉ်လုရာမှာ (၅၅%) ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး မနှစ်ကဘောလုံးရာသီ အချက်အလက် နှိုင်းယှဉ်မှုအပိုင်းအရ သူ့ရဲ့ aerials duels နဲ့ contested duels စွမ်းဆောင်ရည် အချက်အလက်တွေဟာ အန်ဂိုလို ကန်တေး ထက်ပင် သာလွန်နေခဲ့တာ တွေ့ခဲ့ရပါတယ်..။



လိဂ်ပြိုင်ပွဲချင်း သဘော၊ သဘာ၀ မတူညီမှုကြောင့် စွမ်းဆောင်ရည် အချက်အလက်တွေကို နှိုင်းယှဉ်ရာမှာ ကန့်သတ်ချက်တွေ ရှိပေမယ့် ဆာအူးလ် နဲ့ ဥရောပချန်ပီယံအသင်းက ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘောလုံးဖျက်ထုတ်မှု (tackles) အပိုင်းမှာ အန်ဂိုလို ကန်တေး တစ်ယောက်ပဲ သူ့ထက်ပိုပြီး သာလွန်သလို aerial duels အပိုင်းမှာတော့ ဂျော်ဂင်ဟို ဟာ သူ့ထက်ပိုကောင်းပါတယ်..။ ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်တဲ့ dribbles အပိုင်းမှာတော့ ကိုဗာဆစ် တစ်ယောက်ပဲ သူ့ထက်ပိုကောင်းတယ်လို့ ပြသနေပါတယ်..။

ဒ့ါကြောင့်သူ့ရဲ့ခံစစ်ပိုင်း စွမ်းဆောင်ရည်ဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် ကျောက်ဆောင်တွေကို ကောင်းကောင်းယှဉ်နိုင်မယ့် အလားအလာရှိနေသလို ထူးခြားတာက ဆာအူးလ် ဟာ ဥရောပချန်ပီယံ ကွင်းလယ် ကစားသမားတွေထက် ဂိုးကန်သွင်းမှုအပိုင်းမှာ ပိုပြီးသာလွန်ခြင်း ဖြစ်ပါတယ်..။ သူဟာကွင်းလယ်ကနေ အချိန်ကိုက် ပြေးတက်ပြီး ဘယ်ခြေကန်ချက်နဲ့ ဂိုးတွေအရယူတတ်သလို အချက်အလက်တွေအရ တစ်ပွဲကို ပျမ်းမျှ (၁.၄၄) ကြိမ် ဂိုးကန်သွင်းမှု (shots attempts) ပြုလုပ်လေ့ရှိပြီး လက်ရှိချယ်လ်ဆီး ကစားသမားတွေထဲမှာ မေဆန် မောင့် တစ်ယောက်ပဲ  ပျမ်းမျှဂိုးကန်သွင်းချက် အပိုင်းမှာ သူ့ထက်ပို များပြားခဲ့ပါတယ်..။



နောက်ဆုံးအနေနဲ့ ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် ဆာအူးလ် နီဂွက်ဇ် ဟာ ဥရောပချန်ပီယံ အသင်းရဲ့ ကွင်းလယ်မှာ လိုအပ်နေတဲ့ အားဖြည့်မှုတစ်ခု ဖြစ်ခဲ့ရုံသာမက သူ့ရဲ့အရည်အသွေးနဲ့ ဖြတ်သန်းခဲ့မှုတွေက အရင်တုန်းက deadline day ခေါ်ယူမှုတွေ ဖြစ်ခဲ့တဲ့ ဒေးဗစ် ဇာပါကော့စ်တာ၊ ဒယ်နီ ဒရင့်ခ်ဝါးတား တို့နဲ့မတူပါဘူး..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းအတွက် လောင်းကစားဆန်တဲ့ စွန်းစားမှုတစ်ခု မဟုတ်နိုင်ပါဘူး..။ ဒါ့အပြင် နည်းပြ သောမတ်စ် တူခယ်လ် ဟာ တစ်ချိန်က အက်တလက်တီကို ကွင်းလယ်က ဆာအူးလ် ရဲ့ ခြေစွမ်းမျိုး ပြန်လည်ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့အဆင့် ကွင်းလယ် ကစားသမား တစ်ယောက်ကို ယူရိုသန်း (၄၀) လောက်နဲ့ ရာသီကုန်ချိန်မှာ ခေါ်ယူခွင့်ရပါလိမ့်မယ်..။

တကယ်လို့ ဆာအူးလ် နဲ့ ဖြည့်ဆည်းခဲ့မှုဟာ အလုပ်မဖြစ်ခဲ့ဘူး ဆိုရင်လည်း မာရီနာ ဂရာနော့ဗ်ကီးယား တို့ရဲ့ အမျှော်အမြင် ကြီးမားတဲ့ ကစားသမား ညှိနှိုင်းမှု စွမ်းဆောင်ရည်ကြောင့် သူ့ရဲ့အစား ဒက်စ်ကလန် ရိုက်စ်၊ အော်ရီလီယန် ချူအားမန်းနီ တို့ကို ခေါ်ယူဖို့ ကြိုးစားနိုင်ပါလိမ့်မယ်..။ ဒ့ါကြောင့်အခုနှစ် ဘောလုံးရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်နဲ့ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်မှာမှ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ အက်တလက်တီကို အသင်းရဲ့ နန်းကျအိမ်ရှေ့စံမင်းသား ဆာအူးလ် နီဂွက်ဇ် ဟာ အပြာရောင်တွေအတွက် အရှုံးမရှိတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

References
========
- ‘Saul Niguez: What to expect from Chelsea’s new jack of all trades’, by Sagarneel Chakraborty, premierleaguenewsnow.com
- ‘Saul Niguez scout report: The loan deal that demonstrates Tuchel’s intelligent strategy at Chelsea – tactical analysis’, by Lorihanna Shushkova, totalfootballanalysis.com