နိုင်ငံတကာ ပွဲစဉ်များကြောင့် အထင်ကရ ကလပ်အသင်းပွဲစဉ်များ အနားရချိန်တွင် ချယ်လ်ဆီးအသင်းမှ အဌားထွက်ခွာနေသည့် ကစားသမားများ၏ ရောက်ရှိနေသော အသင်းများတွင် ကစားခွင့်ရနေသည့် အနေအထားများကို စုစည်း၊ တင်ဆက်လိုက်ပါသည်..။
ကွင်းလယ် ကစားသမား ကော်နာ ဂါလက်ချာ မှာ ခရစ်စ်တယ် ပဲလေ့စ်အသင်းတွင် ပုံမှန်ခြေစွမ်း ပြသနေပြီး မိခင်အသင်းဖြစ်သော ချယ်လ်ဆီးအသင်းနှင့် အဖွင့်ပွဲစဉ်မှလွဲ၍ ပဲလေ့စ်အသင်း၏ ပွဲစဉ်တိုင်းတွင် ပွဲထွက်ခွင့် ရရှိနေပါသည်..။ ထို့အပြင် လူငယ် ကွင်းလယ်ကစားသမားလေးမှာ ယခင်အပါတ် စနေနေ့က ဝက်စ်ဟမ်းအသင်းနှင့် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သော ပွဲစဉ်တွင် ခရစ်စ်တယ် ပဲလေ့စ်အသင်း၏ ချေပဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သည်..။
တိုက်စစ်မှူး အာမန်ဒို ဘရော့ဂျား မှာ ဆောက်ပ်သမ်တန်အသင်းက နယူးပို့တ် ကောင်တီ အသင်းအား ၈ဂိုးပြတ် အနိုင်ရခဲ့သည့် EFL Carabao ဖလားပွဲစဉ်တွင် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်..။ ထို့နောက် နယူးကာဆယ် အသင်းနှင့် အဝေးကွင်းတွင် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင်လည်း ပွဲချိန်မိနစ် (၇၀) တွင် တိုက်စစ်မှူး ချီ အဒမ် အစား လူစားဝင်ရောက် ကစားခွင့် ရရှိခဲ့သည်..။
ကွင်းလယ်ကစားသမား ဘီလီ ဂေးလ်မား မှာ နောဝစ်ခ်ျအသင်း၏ ကွင်းလယ်တွင် ပုံမှန်ကစားခွင့်ရနေသော်လည်း နောဝစ်ခ်ျအသင်းမှာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး၊ လက်စ်တာ အသင်းများနှင့် ပွဲကျပ်များကို ဆက်တိုက် ရင်ဆိုင်နေခဲ့ရသောကြောင့် ရုန်းကန်နေရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်..။
ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဟာဒက်စ်ဖီးလ် တောင်း အသင်းသို့ ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် လူငယ်နောက်ခံလူ လီဗိုင်း ကော်ဝီးလ် မှာ အဲဗာတန်အသင်းအား ၄ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် Carabao ဖလားပွဲစဉ်မှလွဲ၍ ဟာဒက်စ်ဖီးလ် အသင်း၏ ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ်တိုင်းတွင် ပါဝင်ခွင့်ရခဲ့သည်..။ ထို့အပြင် ကော်ဝီးလ် မှာ ရှက်ဖီးလ် ယူနိုက်တက် အသင်းအား ၂ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အသင်းအတွက် အဆုံးအဖြတ် အနိုင်ဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ထောင့်ကန်ဘောမှ ပြန်ကျလာသော ဘောလုံးအား အနီးကတ်ပိတ်သွင်း ရယူပေးခဲ့သည်..။ ဟာဒက်စ်ဖီးလ် တောင်းအသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရလဒ်ကောင်းများ ပိုင်ဆိုင်နေပြီး လောလောဆယ်တွင် အမှတ်ပေးဇယား အဆင့် (၄) နေရာ ရောက်ရှိနေပါသည်..။
ဘယ်နောက်ခံလူ အီယန် မတ်တ်ဆန် မှာ ချန်ပီယံရှစ် ပြိုင်ပွဲဝင် ကိုဗင်ထရီ စီးတီးအသင်း၏ ချန်ပီယံရှစ်ပြိုင်ပွဲ၊ ပွဲစဉ်တိုင်းတွင် ပွဲထွက်ကစားသမားအဖြစ် အချိန်ပြည့် ကစားခွင့်ရနေသည်..။ သို့သော် နောက်ခံလူ ဂျိတ်ခ် ကလာ့ခ် ဆော်လ်တာ မှာ ကိုဗင်ထရီ စီးတီးအသင်း၏ ချန်ပီယံရှစ်ပြိုင်ပွဲစဉ်တွင် ပွဲထွက် (၂) ပွဲနှင့် လူစားဝင်ကစားသမားအဖြစ် (၁) ပွဲ ကစားခွင့်ရရှိခဲ့ထားပြီး ပွဲချိန်ပြည့် ပါဝင်ကစားခွင့် တစ်ပွဲမှ မရရှိသေးပေ..။
ဘယ်နောက်ခံလူ ဂျူအန် ကာစတယ်လို မှာ ဘာမင်ဂမ် စီးတီးအသင်းအတွက် ချန်ပီယံရှစ် ပြိုင်ပွဲတွင် ရှက်ဖီးလ် ယူနိုက်တက်အသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင်သာ လူစားဝင် ကစားခွင့် ရရှိထားသည်..။ အသက် (၂၁) နှစ်အရွယ် ဘယ်နောက်ခံလူမှာ Carabao ဖလားပွဲစဉ် နှစ်ပွဲစလုံးတွင် ပွဲထွက်ခွင့် ရခဲ့သော်လည်း ယခင်အပါတ် ဗုဒ္ဓဟူးနေ့က ဘာမင်ဂမ်အသင်းမှာ ဖူးလ်ဟမ်းအသင်းအား ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်..။
ဂိုးသမား နေသန် ဘက်စ်တာ မှာ ဟူးလ် စီးတီးအသင်း၏ ချန်ပီယံရှစ် ပြိုင်ပွဲများတွင် ပါဝင်ကစားခွင့် မရရှိသေးပဲ ဝီဂန်အသင်းအား ပင်နယ်တီးအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သော Carabao ဖလား၊ ပထမအဆင့် ပွဲစဉ်တွင်သာ ပွဲထွက်ဂိုးသမားအဖြစ် တာဝန်ယူခဲ့ရသည်..။
အီတလီ ဘယ်နောက်ခံလူ အီမာဆန် ပါလ်မီးရီ မှာ လိုင်ယွန်အသင်းသို့ ရောက်ရှိပြီးနောက် ကလဲမောင့် ဖု အသင်းနှင့် သုံးဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်မှစတင် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ယခင်အပါတ်က နွန့်စ် အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သည်..။
တိုက်စစ်မှူး မစ်ချီ ဘတ်ရှူအားယီ မှာ တူရကီလိဂ် ပြိုင်ပွဲဝင် ဘတ်စ်ကီးတပ်စ် အသင်းအတွက် Gazantep FK အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် စတင်ပါဝင်ခဲ့ပြီး ယခင်အပါတ်က Fatih Karagumruk အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ပွဲထွက်ကစားခွင့်ရရှိပြီး ခြေစွမ်းပြနိုင်ခဲ့သည်..။
အမေရိကန် နောက်ခံလူ မတ် မီယာ့ဇ်ဂါ မှာ အာလာဗက်စ်အသင်းအတွက် ယခင်အပါတ်က ဗလင်စီယာ အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသည့် လာလီဂါ ပွဲစဉ်တွင် စတင်ပွဲထွက်ခွင့် ရခဲ့သော်လည်း ၃ဂိုး- ဂိုးမရှိ အရေးနိမ့်ခဲ့သည်..။ အာလာဗက်စ် အသင်းမှာ စပိန်လာလီဂါပြိုင်ပွဲ အမှတ်ပေးဇယား အောက်ဆုံး အဆင့် (၂၀) တွင် ရပ်တည်လျှက်ရှိသည်..။