၁၉၉၀ ပြည့်လွန်နှစ်များက အင်္ဂလန်သတင်းစာများတွင် ပါရှိခဲ့သော နာမည်ကျော် exclusive ဆောင်းပါးများနှင့် ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသည့် သတင်းဆောင်းပါးများကြောင့် လူသိများခဲ့သည့် နာမည်ကျော် အားကစား ကလောင်ရှင် ဆိုင်မွန် ဂရင်းဘတ်ခ်ျ မှာ ရုတ်တရက် ဖျားနာပြီး တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့သည်..။ ဆိုင်မွန် ဂရင်းဘတ်ခ်ျ မှာ ကွယ်လွန်ချိန်တွင် အသက် (၅၂) နှစ်အရွယ်ရှိပြီဖြစ်ပြီး သူ၏နာရေးသတင်းအပေါ် ဘောလုံးလောကမှ နာမည်ကျော် ပုဂ္ဂိုလ်များနှင့် မီဒီယာများက ဝမ်းနည်းစကားများ အသီးသီး ပြောကြားခဲ့ကြသည်…။
ဂရင်းဘတ်ခ်ျ မှာ ချယ်လ်ဆီးအသင်းတွင် ပြင်ပဆက်ဆံရေး ဒါရိုက်တာ (Communications Director) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုစဉ်က အသင်းမန်နေဂျာ ဟိုဆေး မော်ရင်ဟို နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်..။ ရိုးမားအသင်း မန်နေဂျာ ဟိုဆေး မော်ရင်ဟို ၏ သူ၏အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်ခဲ့သူ ဆိုင်မွန် ကွယ်လွန်ခဲ့သည့် သတင်းအပေါ် အောက်ပါအတိုင်း ၀မ်းနည်းစကား ပြောကြားခဲ့သည်..။
“ချယ်လ်ဆီးအသင်းကို ပထမအကြိမ် ရောက်ခဲ့စဉ်တုန်းက ဆိုင်မွန် ဟာ ကျွန်တော့်ရဲ့ အရိပ်တစ်လိုပါပဲ..။ ဒါ့အပြင် ရင်းနှီးတဲ့ သူငယ်ချင်း တစ်ယောက် ဖြစ်ခဲ့သလို ကျွန်တော်ယုံကြည်ရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်..။ ကျွန်တော်တို့အတူတကွ ရယ်မောခဲ့ကြတယ်..၊ အောင်ပွဲခံခဲ့ကြတယ်..၊ ငြင်းခုန်ခဲ့ကြပါတယ်..။ ဒါပေမယ့် သူဟာ ဘယ်လိုပဲ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ခရစ်ကတ် ကစားနည်းကို ကျွန်တော်နှစ်သက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး..။
ကျွန်တော်သူ့ကို အမြဲတမ်းသတိရနေမှာပါ..။ Rest in Peace.. ချစ်သူငယ်ချင်းရေ..”
ဂရင်းဘတ်ခ်ျ မှာ ချယ်လ်ဆီးအသင်းသို့ မရောက်ရှိမီ Mail on Sunday သတင်းစာတိုက်နှင့်အတူ အားကစား လောကကို တုန်လှုပ်စေခဲ့သည့် သတင်းများ၊ ဆောင်းပါးများကို တင်ဆက်ပေးနိုင်ခဲ့သည်..။ အထူးသဖြင့် အာဆင်နယ်အသင်း မန်နေဂျာ ဂျော့ခ်ျ ဂရေဟမ် မှာ အေးဂျင့်တစ်ဦးဖြစ်သူ ရူနေး ဟာဂီ ဆီမှ တံစိုးလာဘ်ငွေ စတာလင်ပေါင် (၂၈၅,၀၀၀) ရယူခဲ့သည်ဆိုသော သတင်းကို ဖော်ထုတ်ခဲ့သည့်အတွက် ဂရင်းဘတ်ခ်ျ မှာ ရဲတပ်ဖွဲ့၏ စုံစမ်းမေးမြန်းခြင်းကို ခံခဲ့ရသည်..။ သို့သော်သူစတင် ဖော်ထုတ်ခဲ့သော အဆိုပါ သပွတ်အူ အရှုပ်အထွေးကြောင့် နောက်ဆုံးတွင် အာဆင်နယ်အသင်း မန်နေဂျာမှာ အလုပ်ထုတ်ခံခဲ့ရသည်..။ ထိုအချိန်က အသက် (၂၅) နှစ်သာ ရှိသေးသည့် ဆိုင်မွန် ဂရင်းဘတ်ခ်ျ မှာ သူ၏ရဲဝံ့သော ဖော်ထုတ်ခဲ့မှုကြောင့် အားကစား ကလောင်ရှင် ဆုတံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်..။
ဆိုင်မွန် မှာ ချယ်လ်ဆီးအသင်းသို့ မော်ရင်ဟို နှင့် တပြိုင်နက်လိုလို ရောက်ရှိလာခဲ့ပြီး ပေါ်တူဂီ မန်နေဂျာ၏ မုန်တိုင်းထန်ခဲ့သော မီဒီယာများနှင့် ဆက်ဆံရေးကို ပြေလည်အောင် ညှိပေးခဲ့ရသည့် တာဝန်ကို အဓိက ထမ်းဆောင်ခဲ့ရသည်..။ ချယ်လ်ဆီးအသင်း ဥက္ကဌ ဘရုစ် ဘတ်ခ် ကလည်း ဂရင်းဘတ်ခ်ျ ၏ ဆောင်ရွက်ခဲ့မှုများအပေါ် အောက်ပါအတိုင်း ပြောကြား ဂုဏ်ပြုခဲ့သည်..။
“ဆိုင်မွန် ဟာ ချယ်လ်ဆီးအသင်းမှာ ရှိနေခဲ့တဲ့ ကာလအတွင်းမှာ အသင်းနဲ့ကြီးမားတဲ့ တိုးတက်မှုတွေ၊ အောင်မြင်မှုသစ်တွေကို အတူတကွ ရယူ၊ ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ သူဟာမီဒီယာတွေဆီက ကျရောက်လာတဲ့ ဖိအားတွေကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့တဲ့နေရာမှာ ထူးချွန်ခဲ့သလို အသင်းရဲ့ အပြောင်းအလဲ ကာလတွေမှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် စိတ်အားထက်သန်မှုအပြည့်..၊ ဇွဲလုံ့လအပြည့်နဲ့ တက်စွမ်းသမျှ ပါဝင်ကူညီခဲ့တဲ့ သူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်…။”
ဂရင်းဘတ်ခ်ျ မှာ မကွယ်လွန်မီ အချိန်ထိ News Corp သတင်းဌာနနှင့် The Athletic သတင်းဌာန၏ အမေရိကန် ပြည်ထောင်စုဆိုင်ရာ digital sports publisher အဖြစ် ဆောင်ရွက်ခဲ့သည်..။