feature-image

‘Here We Go..’ (သို့မဟုတ်) သဲလွန်စတွေရဲ့ နောက်ကွယ်က ‘ဖာဘရီဇီယို ရိုမာနို’.…

မဖြစ်နိုင်ပါဘူး..၊ နွေရာသီတစ်ခုထဲမှာ ခရစ်စ်တီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ် မက်ဆီ၊ ဂျက်ခ် ဂရေးလစ်ခ်ျ၊ ဂျာဒွန် ဆန်ချို၊ ဆာဂျီယို ရာမို့စ် နဲ့ ရိုမီလူ လူကာကူ တို့လို ကြယ်ပွင့်ကစားသမားတွေ အကုန်လုံး အသင်းပြောင်းကုန်ကြတယ်.. လို့ တစ်ယောက်ယောက်က လာပြောခဲ့မယ်ဆိုရင် ယုံကြည်မယ့်သူ အတော်ကို နည်းပါလိမ့်မယ်…။ ကျွန်တော်ကိုယ်တိုင်လည်း ဟုတ်မှဟုတ်ခဲ့ရဲ့လား..? လို့ အခုအချိန်ထိ နေ့တိုင်းပြန်ပြီး စဉ်းစားနေမိဆဲပါပဲ..။ ကျွန်တော်ဟာ အပြောင်းအရွှေ့ ရာသီတွေကို နှစ်ပေါင်းများစွာ သဲကြီးမဲကြီး ခြေရာကောက် ထပ်ကြပ်မကွာ စုံစမ်း၊ ထောက်လှမ်းခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်.။ အဲဒီလို ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး ပြောရမယ်ဆိုရင် အပြောင်းအရွှေ့ ရာသီတစ်ခုဟာ သူ့ရဲ့ဘူမိနက်သန် အကြောင်းရင်းခံ တစ်ခုကြောင့် ဒီကမ္ဘာမြေပေါ်မှာ အလှပဆုံးအရာ တစ်ခုအဖြစ်နဲ့ တည်ရှိနေခဲ့ပါတယ်..။ အဲဒါကတော့ ‘ဘာတွေဖြစ်လာမလဲ.. ဘယ်သူမှ ကြိုမသိနိုင်ပါဘူး..။’

မှန်းဆချက်တိုင်းဟာ fax တစ်စောင်ကြောင့်၊ ကော်မရှင်ကြေး ညှိမရတာကြောင့်၊ မထင်မှတ်တဲ့ ကြားဖြတ်ဖုန်းခေါ်ဆိုမှု တစ်ခုကြောင့် တမဟုတ်ချင်း ပြောင်းလဲသွားနိုင်ပါတယ်..။ ဒီနှစ်အပြောင်းအရွှေ့ ရာသီမစခင်ကဆိုရင် ခြူသံပါအောင် ငြီးငြူသံတွေ၊ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြောင့် ဝင်ငွေလျော့နည်းမှုတွေ၊ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် လာမယ့်အပြောင်းအရွှေ့ဟာ အေးစက်တဲ့ အပြောင်းအရွှေ့ရာသီတစ်ခု ဖြစ်လိမ့်မယ်..၊ ထိပ်တန်းကြယ်ပွင့် ကစားသမား အပြောင်းအရွှေ့တွေ အများကြီး ရှိလိမ့်မှာ မဟုတ်ဘူးဆိုပြီး အေးဂျင့်တိုင်း၊ မန်နေဂျာတိုင်း၊ အသင်းဥက္ကဌတိုင်း၊ အသင်းပိုင်ရှင်တိုင်းက မှန်းဆခဲ့ကြပါတယ်..။ ဒါပေမယ့် အားလုံးရဲ့ မှန်းဆချက်နဲ့ တက်တက်စင်အောင် လွဲခဲ့ပြီး ဒီဘက်ခေတ်ကာလရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အပြောင်းအရွှေ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။



ကျွန်တော့်ရဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ ကာလဟာ သူငယ်ချင်းတွေနဲ့အတူ စုပြီးကြည့်ခဲ့တဲ့ ဘောလုံးပွဲတစ်ပွဲရဲ့ ပထမပိုင်း အားလပ်ချိန်ကနေ စတင်ခဲ့ပါတယ်..။ မေလကုန် အားလပ်ရက် ခရီးစဉ်ရဲ့ ညနေခင်းတစ်ခုမှာ ထူးခြားမှုတစုံတရာ ရှိ၊ မရှိ.. ကျွန်တော့်ရဲ့ဖုန်းကို ထုံးစံအတိုင်း ပြန်စစ်ပါတယ်..။ ည (၁၁) နာရီ ရှိနေပြီဆိုတော့ ဘာမှထူးထူးခြားခြား ရှိမယ် မထင်တော့ပါဘူး..။ missed calls နှစ်ခု နဲ့ WhatsApp မက်ဆေ့ခ်ျ မှာ ‘ဖာဘရစ်ဇီယို ရေ..၊ ဇီနီဒီ ဇီဒိန်း က ရီးရဲလ် မက်ဒရစ်အသင်းကနေ ထွက်တော့မယ်လို့ သူ့ရဲ့လူတွေကို ပြောလိုက်ပြီ..။ မနက်ဖြန်မှာ အသင်းဥက္ကဌ ဖလော်ရင်တီနို ပီရက်ဇ် ကို အသိပေးလိမ့်မယ်..။ အဲဒီသတင်းစကို ဆက်ပြီးလိုက်ပါဦး..။’

ကျွန်တော့်ကို လက်တို့လိုက်တဲ့ အဲဒီသတင်းရဲ့ရင်းမြစ် (source) ဘယ်ကနေရလဲဆိုတာက လျှို့ဝှက်ပါ..။ ဒါပေမယ့် အဲဒီသတင်းစကို ဆက်ပြီး check တဲ့အခါ အားလုံးမှန်ကန်တာကို တွေ့ရပါတယ်..။ ဒီနှစ်နွေရာသီအတွက် ပထမဆုံး ကြားဖြတ်သတင်း (breaking News) ပါပဲ..။ အဲဒီအချိန်ကစပြီး လာမယ့်သုံးလလုံးလုံး တကယ့်ကို သည်းထိပ်ရင်ဖို ဖြစ်ရတော့မယ်..၊ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေ လာတော့မယ်.. ဆိုတဲ့ ခံစားချက်ကို ရလိုက်ပါတယ်..။ ဇီဒိန်း ရဲ့ပွဲဟာ ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ခ်ျတွေ၊ tweets တွေ အားလုံးပေါင်းရင် (၄၅) မိနစ်လောက်ပဲ ကြာပါလိမ့်မယ်..။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်..။

နောက်ထပ် ရက်နည်းနည်းပဲ ကြာပါတယ်..။ ညတစ်ညရဲ့ သန်းခေါင်အလွန် မနက် (၁) နာရီနဲ့ (၃) နာရီကြားမှာ ‘ဂျော်ဂင်နို ဝိုင်နယ်လ်ဒန်’ ရဲ့ သဲလွန်စကို ကျွန်တော်တို့ လိုက်နေကြပါတယ်..။ သူဟာဘာစီလိုနာအသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိပြီးဖြစ်သလို အသင်းဘက်က ဆေးစစ်တာတွေ၊ Official ကြေငြာတာတွေအတွက် ဓါတ်ပုံတွေရိုက်ဖို့ အားလုံးအသင့် ဖြစ်ပြီးပါပြီ..။ အဲဒီအချိန်မှာပဲ ပီအက်စ်ဂျီအသင်းက လစာနှစ်ဆပေးပြီး ကမ်းလှမ်းပါတယ်..။ ‘ဂျီနီ ဟာ ဘယ်ကိုသွားမလဲ.. ဒီနေ့ညသန်းခေါင်မှာ ဆုံးဖြတ်လိမ့်မယ်..’ ဆိုတဲ့ သတင်းစ တစ်ခုကို ကျွန်တော်တို့ အခိုင်အမာ ရထားပါတယ်..။ ထုံးစံအတိုင်း ဖုန်းခေါ်တွေ၊ WhatApps တွေ အလွန်မှာတော့ အဲဒီသဲလွန်စတွေဟာ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်..။



အပြောင်းအရွှေ့ ရဲ့ ကောလဟာလတွေ၊ သဲလွန်စတွေနဲ့ သတင်းအတိုအစတွေနဲ့ ပတ်သက်တဲ့ အတက်အကျ.. ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေဟာ အသင်းရဲ့ တရားဝင်ကြေငြာချက် (official statement) နဲ့အတူ အဆုံးသတ်ပါတယ်..။ ပရိသတ်တွေရဲ့ ဆိုရှယ်မီဒီယာတွေပေါ်က အောင်ပွဲခံသံတွေ၊ အလိုမကျသံတွေဟာ ကျွန်တော့်ရဲ့ လွတ်မြောက်ရာ၊ ထွက်ပေါက်ပါပဲ..။ ‘Here We Go’ ဆိုတဲ့ အဆုံးသတ် စကားဟာ မိနစ် (၉၀) အပြည့်မှာ အနိုင်ဂိုးရလိုက်သလို ခံစားရပါတယ်..။

ဂျာဒွန် ဆန်ချို ရဲ့ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ညှိနှိုင်းမှုဟာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီက စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ အဆုံးသတ်ပါတယ်..။ အဲဒီအပြောင်းအရွှေ့အတွက် မက်ဆေ့ခ်ျတွေ၊ ဖုန်းတွေ အကြိမ်ဘယ်နှစ်ရာ၊ ဘယ်နှစ်ထောင် ခေါ်ခဲ့ရလဲ ကျွန်တော်မမှတ်မိတော့ပါဘူး..။

‘ရာဖယ်လ် ဗာရန်းရ်' ရဲ့ အပြောင်းအရွှေ့ done deal’ ဆိုတဲ့ မက်ဆေ့ခ်ျ ကို အီတလီအဆိုကျော် ပေါ်လို ကွန်တီ ရဲ့ ဖျော်ဖြေပွဲတစ်ခု နားဆင်နေရင်း ရရှိခဲ့ပါတယ်..။ တခါတလေ မနက်စောစော (၅) နာရီလောက်မှာလည်း မက်ဆေ့ခ်ျတွေ ဝင်လာတတ်ပါတယ်..။ ပေါ်လို ကွန်တီ ရဲ့ သီချင်းတစ်ပုဒ်မှာ ဈာန်ဝင်နေတာကြောင့် ဖုန်းခေါ်လာတာ နှစ်ကြိမ်ရှိခဲ့ပေမယ့် ကျွန်တော်မကိုင်ခဲ့ပါဘူး..။ ဒါပေမယ့် WhatApps ကနေ မက်ဆေ့ခ်ျ ဝင်လာပါတယ်.. ‘ဗာရန်းန် OK’..။ နောက်ရက်မနက်ခင်းမှာ သူနဲ့ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက်တက်လာပေမယ့် အရေးကြီးတဲ့ သတင်းတွေကို share မလုပ်ခင် ရရှိလာတဲ့ သဲလွန်စတွေ၊ သတင်းရင်းမြစ်တွေရဲ့ တန်ဖိုးဟာ အရေးပါလှပါတယ်..။

ဒီနှစ်အပြောင်းအရွှေ့ ရာသီမှာ ပရီးမီယားလိဂ် အသင်းတွေဟာ စံချိန်တင် အပြောင်းအရွှေ့နှစ်ခု ပြီးမြောက်ခဲ့ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဂျက်ခ် ဂရေးလစ်ရှ် နဲ့ ချယ်လ်ဆီးကို ပြန်ရောက်လာခဲ့တဲ့ ရိုမီလူ လူကာကူ တို့ပဲ ဖြစ်ပါတယ်..။ ဂျက်ခ် ဂရေးလစ်ရှ် ရဲ့ အပြောင်းအရွှေ့ဟာ နှစ်သင်းစလုံးကြားမှာ အဆုံးသတ်ရမယ့်ရက် (deadline) ရှိနေတာကြောင့် အတော်လေးကို သည်းထိပ်ရင်ဖိုပါပဲ…။ တစ်ပါတ်အတွင်း ညှိနှိုင်းလို့မရခဲ့ရင် အင်္ဂလန်လက်ရွေးစင် တောင်ပံ ကစားသမားဟာ အက်စ်တွန် ဗီလာနဲ့ စာချုပ်သက်တမ်းတိုးပါမယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့ စိတ်ထဲမှာ အဲဒီအပြောင်းအရွှေ့ဟာ ဖြစ်မြောက်လိမ့်မယ်လို့ အစကတည်းက ယုံကြည်ခဲ့ပါတယ်..။ ဒီလိုကြီးမားတဲ့ အပြောင်းအရွှေ့တွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲတဲ့ပုံစံတွေဟာ အင်မတန်မှ အရေးပါပါတယ်..။



ရိုမီလူ ရဲ့ အပြောင်းအရွှေ့မှာတော့ အင်တာ မီလန်အသင်း ဘုတ်အဖွဲ့ဝင် အားလုံးက လူကာကူ အသင်းပြောင်းလိမ့်မယ်လို့ ဘယ်သူကမှ မထင်မှတ်ထားကြပါဘူး..။ ဒ့ါကြောင့်ချယ်လ်ဆီးက ကမ်းလှမ်းချက်ကို အင်တာ မီလန် အသင်းက အလေးအနက်ထားပြီး စဉ်းစားနေပြီ.. ဆိုတဲ့ သတင်းကို ကြားတဲ့အခါ ကျွန်တော်အံ့အားသင့်မိပါတယ်..။ ဒါပေမယ့် အဖြစ်အပျက်တွေဟာ အရမ်းကို လျှင်လျှင်မြန်မြန်ပဲ အကောင်အထည် ပေါ်သွားပါတယ်..။

ဒါ့အပြင် ‘အက်ဒ်ဒွာဒို ကာမာဗင်ဂါ’ ရဲ့ ရီးရဲလ် မက်ဒရစ်ကို အပြောင်းအရွှေ့ဟာလည်း အရမ်းကိုလျှင်မြန်ပါတယ်..။ အပြောင်းအရွှေ့ နောက်ဆုံးရက် နေ့လည်ပိုင်းကမှ စပိန်ဘောလုံးလောကက ကျွန်တော့်ရဲ့ source တစ်ခုက ‘ကာမာဗင်ဂါ ဟာ ရီးရဲလ် မက်ဒရစ်ကို ရောက်လာနိုင်ခြေ ရှိနေတယ်.. ဒ့ါကြောင့်လုံးဝလွှတ်မထားပါနဲ့..’ လို့ လက်တို့ခဲ့ပါတယ်..။ ဒီလိုနဲ့ ညနေစာ စားနေတုန်းမှာပဲ ရီးရဲလ် မက်ဒရစ်အသင်းဟာ ပြင်သစ်လူငယ် ကစားသမားကို ယူရို (၃၁) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်..။ ကျွန်တော်နဲ့အတူ ညစာစားနေသူတွေရဲ့ အံ့အားသင့်တဲ့ မျက်နှာတွေ၊ ပါးစပ်အဟောင်းသား ဖြစ်နေတဲ့ ဟန်ပန်အမူအရာတွေကြားမှာ ‘ရန်းန်နေး အသင်းဟာ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါပြီ..၊ ကာမာဗင်ဂါ ရီးရဲလ် all done..’ ဆိုပြီး ကြေငြာနိုင်ခဲ့ပါတယ်..။

ဒါပေမယ့် ဒီနှစ်အပြောင်းအရွှေ့ ရာသီမှာ ကျွန်တော့်အတွက် တစ်သက်လုံးအမှတ်ရနေမယ့် အခိုက်အတန့်သုံးခု ရှိခဲ့ပါတယ်..။ ပထမတစ်ခုက သြဂုတ်လ (၁၀) ရက်၊ ညသန်းခေါင်ယံအချိန်မှာ လက်ခံရရှိခဲ့တဲ့ WhatsApp မက်ဆေ့ခ်ျ ဖြစ်ပါတယ်.. ‘အားလုံးအဆင်ပြေသွားပြီ..၊ မကြာခင်မှာ လက်မှတ်ထိုးတော့မယ်..၊ Done..! (Hecho!)’

လီယွန်နယ် မက်ဆီ' ရဲ့ ပီအက်စ်ဂျီအသင်းကို အပြောင်းအရွှေ့ဟာ ကျွန်တော်လိုက်ခဲ့ဖူးသမျှ အပြောင်းအရွှေ့တွေထဲမှာ အခက်ခဲဆုံးပါပဲ..။ သတင်းအမှားတွေပဲ တစ်ချိန်လုံးတက်နေတာကြောင့် ဘယ်ဟာကို ယုံရမှန်း မသိတော့ပါဘူး.။ မက်ဆီ ဟာ ပဲရစ်စ်ကို ရောက်နေပြီ..၊ မက်ဆီ ဟာ သူ့ရဲ့အိမ် (Ibiza) မှာပဲ ရှိနေတယ်..၊ ဘာစီလိုနာအသင်းက နောက်ဆုံးကမ်းလှမ်းမှုနဲ့ သူ့ကိုဆက်ပြီး ထိန်းထားဖို့ ကြိုးစားနေပြီ…

ဒ့ါကြောင့်ကျွန်တော့်ရဲ့ sources တွေကို updates တိုင်းအပေါ် သေချာအောင် ဆက်လိုက်ဖို့ နာရီဝက်တစ်ကြိမ်လောက် တွန်းအားပေးနေခဲ့ရပါတယ်..။ မက်ဆီ ရဲ့ အပြောင်းအရွှေ့ဟာ ကျွန်တော့်အတွက် အများကြီးအတွေ့အကြုံ ရခဲ့သလို ‘ကိုယ့်ရဲ့ သတင်းပေးတွေကိုပဲ အပြည့်အ၀ ယုံကြည်ပါ..’ ဆိုတဲ့ သင်ခန်းစာလည်း ရခဲ့ပါတယ်..။ ဘာစီလိုနာအသင်းနဲ့ ဖြစ်ခဲ့တဲ့ အလှည့်အပြောင်းကနေ စတင်ပြီး ပီအက်စ်ဂျီအသင်းဆီ ရောက်လာခဲ့တဲ့ မက်ဆီ ရဲ့ အပြောင်းအရွှေ့ အဆင့်တိုင်းကို ကျွန်တော့်ရဲ့ WhatsApp မက်ဆေ့ခ်ျထဲမှာ Favourites အဖြစ် သိမ်းထားခဲ့ပါတယ်..။



ဒါ့အပြင် ‘Yes.. ဂျော့ခ်ျ မန်ဒက်စ် ဟာ ခရစ်စ်တီယာနို အတွက် မန် ယူနိုက်တက်ကို ဆက်သွယ်နေပါတယ်..’ ဆိုပြီး မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ယောက်ဆီကို ညဉ့်လည်ခင်းတစ်ခုမှာ reply ပြန်ခဲ့ရတဲ့ မက်ဆေ့ခ်ျ ကိုလည်း မေ့ထားလို့မရပါဘူး..။ အဲဒီသတင်းကို ဘယ်သူကမှ မယုံခဲ့ကြတဲ့အပြင် မနက်ရောက်တဲ့အထိ နီးစပ်သူအားလုံးက အဲဒီသတင်းကို ငြင်းခဲ့ကြပါတယ်..။

ဂျော့ခ်ျ မန်ဒက်စ် ဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ သုံးရက်လုံးလုံး ဆွေးနွေးပြီးချိန်မှာ တိုးတက်မှု မရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စတင်ဆွေးနွေးပါတယ်..။ အဲဒီအချိန်ကနေစပြီး သဘောတူညီမှု ရရှိခဲ့တဲ့အထိ ရော်နယ်လ်ဒို နဲ့ အပြောင်းအရွှေ့ ပြီးစီးသွားမှုဟာ သိပ်ကိုမြန်ဆန်ခဲ့ပါတယ်..။ ကျွန်တော့်ရဲ့ source တစ်ခုက မန်ဒက်စ် ဟာ အဲဒီအကြံကို ညနေခင်းကမှ ရခဲ့တယ်လို့ ပြောပါတယ်..။ နောက်တစ်ရက် မနက်လင်းတာနဲ့ ‘မန် စီးတီးအသင်းက ဆွေးနွေးမှုကို အဆုံးသတ်လိုက်ပါပြီ..၊ CR 7 ဟာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့နိုင်ဖို့ အလွန်နီးစပ်နေပါပြီ..’ ဆိုတဲ့ သတင်းကို ကြေငြာနိုင်ခဲ့ပါတယ်..။ မယုံနိုင်စရာ အလှည့်အပြောင်းအပေါ် ပရိသတ်တွေ တုံ့ပြန်လာတဲ့ မက်ဆေ့ခ်ျတွေထဲက စိတ်လှုပ်ရှားမှုတွေဟာ တကယ့်ကို အမှတ်ရစရာပါပဲ..။



ဒါပေမယ့် ဒီနှစ်အပြောင်းအရွှေ့ ရာသီရဲ့ ရူးသွပ်ဖို့အကောင်းဆုံး အခိုက်အတန့်ကတော့ ရာသီပိတ်ခါနီး နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်များပါပဲ..။ အန်တော်နီ ဂရေ့ဇ်မန်းစ် က အက်တလက်တီကို၊ ဆာအူးလ် က ချယ်လ်ဆီး နဲ့ လုခ် ဒီဂျောင် က ဘာစီလိုနာ.. သူတို့အပြောင်းအရွှေ့ သုံးခုဟာ တစ်ခုနဲ့တစ်ခု အတွဲလိုက်ကြီး ဆက်စပ်နေပါတယ်..။ တစ်ခုပြီးမှ နောက်ထပ်အပြောင်းအရွှေ့တွေ အပြီးသတ်နိုင်ပါလိမ့်မယ်..။ နှုတ်အားဖြင့် သဘောတူညီမှုတွေ ရရှိပြီးဖြစ်ပေမယ့် အဲဒီအပြောင်းအရွှေ့ သုံးခုစလုံးနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို အချိန်မှီပြီးစီးအောင် အဆုံးသတ်ရတာ အင်မတန်မှ ရှုပ်ထွေးလှပါတယ်..။

လိုအပ်တဲ့ လက်မှတ်ထိုး စာရွက်တွေ မရောက်လာနိုင်ဘူး..၊ ဆာအူးလ် နဲ့ ချယ်လ်ဆီးအသင်းကြားက ညှိနှိုင်းမှု ပြဿနာတွေ ရှိနေတာကြောင့် ဂရေ့ဇ်မန်းစ် နဲ့ ဒီဂျောင် တို့ရဲ့ အပြောင်းအရွှေ့ ပျက်ပြီ.. ဆိုတဲ့ သတင်းတွေ စပိန်ရပ်ဝန်းမှာ ပေါ်ထွက်လာပါတယ်..။ နောက်ဆုံးမိနစ်တွေ ရောက်နေပြီဆိုတော့ အားလုံးမွန်းကျပ်၊ တင်းကျပ်နေပါပြီ..။ ကျွန်တော့်ရဲ့ sources နှစ်ခုက သူတို့ဖုန်းတွေ ပိတ်လိုက်ပါပြီ..၊ ကျွန်တော့်ရဲ့ ဖုန်းတွေကို လက်မခံတော့ပါဘူး..။ နောက်ထပ် source တစ်ခုကတော့ ‘စိတ်အေးအေးထားပါ..၊ အခြေအနေ ကောင်းနိုင်ပါတယ်..’ လို့ပဲ ပြောပါတယ်..။

နောက်ဆုံးမှာတော့ စိတ်တင်းကျပ်မှုတွေကြားက ‘ဆာအူးလ် ဟာ ချယ်လ်ဆီးအသင်းကို ရောက်ပါပြီ.. Done deal..’ ဆိုတဲ့ မက်ဆေ့ခ်ျ ရောက်လာပါတယ်..။ အဲဒီမက်ဆေ့ခ်ျ စကားစုလေးဟာ နွေရာသီတစ်ခုလုံးရဲ့ အထွပ်အထိဋ်.. အခိုက်အတန့်ပါပဲ..။ All done and signed.. အားလုံးပြီးစီးသွားပါပြီ..၊ ရထားတွဲကြီး ထွက်ခွာလိုက်သလို ဆာအူးလ် က ချယ်လ်ဆီး၊ ဂရေ့ဇ်မန်းစ် က အက်တလက်တီကို နဲ့ ဒီဂျောင် က ဘာစီ တို့ဆီ အသီးသီး ထွက်ခွာပါတော့မယ်..။



အဲဒီသန်းခေါင်ယံအချိန် တင်းကျပ်နေမှုတွေကြားက ကျွန်တော့်ရဲ့ Tweet ဟာ ဆိုရှယ်မီဒီယာပေါ်မှာ လည်ပင်းရှည်နေတဲ့ ပရိသတ်ကို ရူးသွပ်၊ ပေါက်ကွဲစေခဲ့ပါတယ်..။ နာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းသွားလို့ ဘောလုံးတစ်ကွင်းလုံး အမိုးပွင့်သွားမတတ် အောင်ပွဲခံတဲ့ အတိုင်းပါပဲ..။ တကယ်တော့ အဲဒီလို အခိုက်အတန့်မျိုး၊ အဲဒီလို ခံစားချက်မျိုးကို သည်းကြီးမဲကြီး သတင်းတွေလိုက်..၊ မျက်တွင်းတွေချောင် အိပ်ရေးပျက်ခံပြီး ကြိုးစားပမ်းစား စောင့်မျှော်တတ်မှ ရနိုင်မှာပါ..။ မိုးလင်းမှ ဖုန်းထပွတ်တဲ့သူတွေအားလုံး ဆောရီးပါ..

အဲဒီလို ရှုပ်ထွေးလှတဲ့ အပြောင်းအရွှေ့တွေကနေ ကျွန်တော့်အတွက် ကြီးမားတဲ့ သင်ခန်းစာနှစ်ခု ရရှိခဲ့ပါတယ်..။ နံပါတ်တစ်က ‘ဘာမဆို အကုန်ဖြစ်နိုင်ပါတယ်..’၊ ဒ့ါကြောင့်ကိုယ့်ဆီကို မှန်ကန်တဲ့ သတင်းအချက်တွေ မျှဝေသူ အားလုံးကို လေးစားဖို့ လိုပါတယ်..။ အဲဒီထဲမှာ သတင်းရင်းမြစ်တွေ၊ ပရိသတ်တွေ၊ ကစားသမားတွေလည်း ပါဝင်ပါတယ်..။ နံပါတ်နှစ်ကတော့ တကယ့်အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးတည်း မျှဝေရတာ အင်မတန်မှ ခက်ခဲသလို အင်မတန်မှ စိတ်ပင်ပန်းရပါတယ်..။ ဒါပေမယ့် အဲဒီအခိုက်အတန့်တွေဟာ အင်မတန်မှ ရှားပါး.. အဖိုးတန်လှပါတယ်..။ အဲဒီလို အခိုက်အတန့်တွေကြောင့်ပဲ ကျွန်တော်တို့ဟာ ရူးသွပ်လှတဲ့ အပြောင်းအရွှေ့ လောက၊ အပြောင်းအရွှေ့ ကမ္ဘာကြီးကို ခုံမင်၊ မက်မောနေခဲ့တာပါ..။

နောက်ဆုံးမှာတော့ တကယ့်လက်တွေ့ဘဝက အဖြစ်အပျက်တွေဟာ စိတ်ကူးယဉ် အိပ်မက်တွေထက် အများကြီးသာလွန်ပါတယ်..။
ဒ့ါကြောင့်.. Arrivederci.. ကျွန်တော်ချစ်တဲ့ အပြောင်းအရွှေ့ ရာသီများအတွက်..
Here We Go..

Fabrizio Romano

(The Guardian မှ ဆောင်းပါးရှင် Fabrizio Romano ၏ ‘Here we go! Inside story of the most incredible transfer window in history’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)