“ကျွန်တော့်အကြောင်း လူတွေပြောနေကြတာ ကြားမိတော့ စိတ်ထဲမှာ အတော်လေးကို ထူးဆန်းတယ်လို့ ခံစားနေမိတယ်ဗျာ..”
ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို တစ်ဦးတည်း ဆောင်ရွက်နေရသည့် အသက် (၁၉) နှစ်အရွယ် လူငယ်လေးတစ်ယောက်က မဝံ့မရဲဖြင့် ပြောပြခဲ့သည်..။ သူကတော့ နောင်တစ်ချိန်တွင် အင်္ဂလန်၏ အနာဂတ်ကြယ်ပွင့် နောက်ခံအစွန်လူ တစ်ယောက် ဖြစ်လာမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးခံနေရသည့် ‘ရီစီ ဂျိမ်းစ်’..။ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိခဲ့သည့် နှစ်လတာ ကာလအတွင်း သူအင်မတန် ချစ်မြတ်နိုးသည့် မြက်ခင်းစိမ်းနှင့် ဝေးကွာနေခဲ့ရသော်လည်း အင်မတန် အလုပ်ရှုပ်ခဲ့သည့် ကာလတစ်ခုဖြစ်ခဲ့ရသည်..။
ဝီဂန်အသင်းနှင့်အတူ တောက်ပခဲ့သည့် ဘောလုံးရာသီကြောင့် ရာသီကုန်သည်နှင့် တပြိုင်နက် ပရီးမီးယားလိဂ် အသင်းရှစ်သင်းလောက်က သူ၏လက်မှတ်ကို ရရှိရန် အသည်းအသန် ကြိုးပမ်းခဲ့ကြသည်..။ အသင်းတိုင်း၏ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’ ကစားသမားတစ်ယောက်အဖြစ် ရောက်ရှိနေသော်လည်း ဂျိမ်းစ် မှာ ယခုအချိန်ထိ ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ခွင့် မရရှိသေးပေ..။ ပျင်းရိဖွယ် ရက်သတ္တပါတ်များကို ကုန်လွန် ဖြတ်သန်းရင်း ငယ်စဉ်ကတည်းက ကြီးပြင်းခဲ့ရသည့် အသင်းအတွက်..၊ အပြာရောင် ပရိသတ်တွေအတွက် ကစားခွင့်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည်..။
“ဘောလုံးသမား တစ်ယောက်ရဲ့အလုပ်ဟာ ဘောလုံးကစားခွင့် ရဖို့ပါပဲ..။ အခုလို ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာမှာကို ထိုင်စောင့်နေရမယ့်အစား ကွင်းထဲကိုပြေးဝင်ပြီး ကစားလိုက်ချင်ပါတယ်..။ ဒီလိုမှ အခွင့်မရရင် ဘယ်နည်းနဲ့မှ ကျွန်တော်မပျော်ရွှင်နိုင်ပါဘူး..။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းရမယ့် အနေအထားတွေ ရှိနေပါတယ်..။ ဖရန့် လမ်းပတ် ဆိုတာ ကျွန်တော်တို့အမြဲတမ်း အားကျခဲ့ရတဲ့ အသင်းရဲ့ ဂန္တဝင်ကစားသမား တစ်ယောက်ပါ..။ သူ့လိုမန်နေဂျာတစ်ယောက်က လူငယ်တွေကို ယုံကြည်တယ်..၊ ကျွန်တော့်ကို ယုံကြည်ထားတယ် ဆိုတာ သိထားရတာကြောင့် ကျွန်တော့်အတွက် အခွင့်အရေး ရလာနိုင်မယ်ဆိုတာ သိထားပါတယ်.။ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတဲ့အချိန်ကတည်းက ကျွန်တော့်ရဲ့ တစ်ခုတည်းသော အိပ်မက်က အသင်းကြီးမှာ ကစားခွင့်ရရှိဖို့ပဲ ဖြစ်ပါတယ်.။”
(၁)
အသက် (၉) နှစ်အရွယ် ရီစီ လေးမှာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်း၏ စားသောက်ခန်းအတွင်း မျက်လုံးလေး အဝိုင်းသားဖြင့် ထိုင်နေသည်..။ ထိုစဉ်မှာပဲ အခန်းတံခါးကို တွန်းဖွင့်၍ ဂျွန် တယ်ရီ ဦးဆောင်သော ချယ်လ်ဆီးကစားသမားကြီးများမှာ တစ်ယောက်ပြီးတစ်ယောက် စားသောက်ခန်းအတွင်း ဝင်ရောက်လာခဲ့သည်..။ ရှေ့ဆုံးက အသင်းခေါင်းဆောင်ကြီး၏ လက်ထဲတွင် အပြာရောင်တဖိတ်ဖိတ် တောက်နေသော ချယ်လ်ဆီးအသင်း အကျီတစ်စုံကို ကိုင်ဆောင်ထားသည်..။ ထို့နောက်ကိုးနှစ်သား ကလေးငယ်လေးအား တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ချိန် ရီစီ မှာ အိပ်မက်မက်နေသည့်အလား ေ၀ဝါးဝါး ရှိနေခဲ့သည်..။
“ဂျွန် တယ်ရီ ကျွန်တော့်ကို လက်ဆောင်ပေးခဲ့တဲ့ အကျီလေးမှာ ‘ရီစီ ရေ.. မင်းရဲ့ဘောလုံးသမားဘ၀ သာယာချမ်းမြေံပါစေ..’ ဆိုတဲ့ ကပ္ပတိန်ကြီးရဲ့ နှုတ်ခွန်းဆက် စာလေး ပါတယ်ဗျ..။ အဲဒီအကျီကို အခုအချိန်ထိ ကျွန်တော့်ရဲ့ အိပ်ခန်းနံရံမှာ ချိတ်ထားဆဲပါပဲ..။ အိမ်ယာဝင်ခါနီးဆိုရင် အဲဒီအကျီကို နေ့တိုင်းကြည့်ဖြစ်ပါတယ်..။”
တကယ်တော့ ရီစီ လေး၏ ဘောလုံးသမားဘဝမှာ ဖြောင့်ဖြူးသည်ဟု ပြောနိုင်ပါသည်..။ အဖေဖြစ်သူ နီဂျယ်လ် မှာ ကစားသမားဟောင်း တစ်ယောက်ဖြစ်သလို ကိုယ်ပိုင်ဘောလုံးသင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်ထားပြီး အင်္ဂလန်၏ အကောင်းဆုံး လူငယ်ကစားသမား တစ်ချိုကို လေ့ကျင့်ပေး..၊ မွေးထုတ်ပေးလျှက်ရှိသည်..။ ၂၀၀၃ ခုနှစ် နွေရာသီမှာတော့ နီဂျယ်လ် မှာ ကလေးဆော့သည့် ဘောလုံးသုံးလုံးလောက်ကို အိမ်နောက်ဖေး ပန်းခြံထဲတွင် ပစ်ထားခဲ့သည်..။ အဓိကရည်ရွယ်ချက်ကတော့ သူ့ရဲ့သားလေးကို ဘောလုံးနှင့်အတူ ရင်းနှီးမှု ရရှိစေဖို့ပဲဖြစ်သည်..။ နောက်တစ်ဆင့်အနေဖြင့် ဘောလုံးများကို ကန်ပေးပြီး ဖမ်းခိုင်းသည်..၊ ထို့နောက်သားလေးကို အင်အားရှိသလောက် အားကုန်ထုတ်ပြီး တစ်လုံးပြီးတစ်လုံးကန်ခိုင်းသည်..။ ဂျိမ်းစ် ၏ အစ်ကိုဖြစ်သူ ဂျိုရှူး မှာ သူငယ်ချင်းများနှင့်အတူ ဘောလုံးကစားချိန်မှာတော့ ရီစီ လေးက သူ့အစ်ကို တုပပြီး တစ်သွေမတိမ်း လိုက်ကစားနိုင်ဖို့ ကြိုးစားခဲ့သည်..။ ထိုစဉ်က ရီစီ လေးမှာ လေးနှစ်သား အရွယ်သာ ရှိသေးသည်..။
“ကလေးဘဝတုန်းကတော့ (၂၄) နာရီလုံးလုံး မနားတမ်း ဘောလုံးကန်နိုင်တယ်လို့ ထင်နေတာပဲဗျ..။ ချယ်လ်ဆီးအသင်းကနေ ပြန်လာပြီဆိုရင် အဖေနဲ့အတူ လေ့ကျင့်တယ်..၊ ဒါမှမဟုတ် အိမ်နောက်ဖေးမှာ သူငယ်ချင်းတွေနဲ့အတူ ကစားပါတယ်..။ တစ်ညလုံး ညဉ့်နက်မိုးချုပ်တဲ့အထိ ကစားကြပါတယ်..။ ကျွန်တော့်ဘက်က စပြီးရပ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး..။”
(၂)
ရီစီ ဂျိမ်းစ် အတွက် ချယ်လ်ဆီးအသင်းနဲ့ စတင်ပြီး ဖူးစာဆုံခဲ့သည့်နေရာကတော့ သူတို့အိမ်နှင့် တစ်မိုင်ကျော်ကျော်ဝေးသည့် ရွံ့နွံ့ထူတပ်သော ဘောလုံးကွင်းလေး တစ်ခုမှာပဲဖြစ်သည်..။ Kew Park Rangers အသင်းနှင့်အတူ လူငယ်ပြိုင်ပွဲတစ်ခုတွင် ပါဝင်နေသည့် အသက် (၆) နှစ်သားအရွယ် ရီစီ လေးအား ချယ်လ်ဆီးအသင်း ကင်းထောက်များက စတင်သတိထားမိခဲ့သည်..။
“ပြစ်ဒဏ်ဘော ကန်ချက်တွေပါ..။ သူကပြစ်ဒဏ်ဘောတွေကနေ တစ်လုံးပြီးတစ်လုံး ဂိုးတွေရနေတော့ သုံးလေးပွဲလောက် ကြာတဲ့အချိန်မှာ ကင်းထောက်တိုင်းက သူရဲ့ကစားပုံကိုပဲ စောင့်ကြည့်နေတော့တာပါပဲ..။ အဲဒီနေ့ကို ကျွန်တော်လုံးဝမမေ့ပါဘူး..။”
ဖခင်ဖြစ်သူ နီဂျယ်လ် က သားဖြစ်သူ၏ ကစားသမားဘဝအစ ခရီးလမ်းအကြောင်းကို ဂုဏ်ယူဝင့်ကြွာစွာဖြင့် ပြန်ပြောင်း၊ ပြောပြခဲ့သည်..။
ဒီလိုနှင့် ချယ်လ်ဆီးအသင်း လက်ထောက် မန်နေဂျာ ဂျင်မ် ဖရေဇာ က ချယ်လ်ဆီးအသင်း၏ လူငယ်လေ့ကျင့်ရေးဌာနသို့ လာရောက်လေ့ကျင့်ရန် ဖိတ်ခေါ်ခဲ့သည်..။ အဲဒီအချိန်ကစပြီး ဂျိမ်းစ် မှာ အရှိန်အဟုန်နှင့် လျှင်လျှင်မြန်မြန် တိုးတက်သွားတော့သည်..။ သူနှင့်အတူ တစ်သင်းတည်း ကြီးပြင်းခဲ့သူများထဲတွင် ဂျက်ကော့ဘ် မက်ဒေါ့စ်၊ ထရေဗာ ချာလိုဘာ နှင့် မေဆန် မောင့် တို့ ပါဝင်ခဲ့သည်..။
“(၁၃) နှစ်..၊ (၁၄) နှစ်သားအရွယ် ရောက်လာတော့ ခန္ဓာကိုယ် ထွားကြိုင်းလာဖို့ အလေးမလေ့ကျင့်ခန်းတွေ အများကြီး ပြုလုပ်ရပါတယ်..။ ဒါ့အပြင် ကိုယ်တိုင်အစွမ်းကုန် ကြိုးစားပြီး မိနစ် (၉၀) လုံးလုံး မနားတမ်း ကစားနိုင်တဲ့ ခံနိုင်ရည်မျိုး ရရှိအောင် လေ့ကျင့်ရပါတယ်..။ တကယ့်ကို ပင်ပန်းလှတဲ့ နေ့ရက်တွေပါပဲ..။ ကျွန်တော်ဟာ ကိုယ်ရဲ့ခြေစွမ်းနဲ့ အလားအလာအပေါ် ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး..။ ဒါပေမယ့် အဲဒီခက်ခဲခဲ့တဲ့ နေ့ရက်တွေမှာတော့ ဆက်မှလုပ်နိုင်ပါ့မလား…? ဆိုပြီး သံသယပွားခဲ့တဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်..။”
ယခုလို အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူ၏အသင်းဖော်များကို ချယ်လ်ဆီးအသင်းက စာချုပ်ကမ်းလှမ်းမှုများ ပြုလုပ်ချိန်တွင် ဂျိမ်းစ် မှာ နာကျင်ခံစားခဲ့ရသည်..။ ထို့ကြောင့်နှစ်ဆတိုးပြီး ကြိုးစားပြခဲ့သည်..။ တနင်္ဂနွေနေ့ နားရက်များမှာပင် ကြံ့ခိုင်ရေးနည်းပြနှင့် အချိန်ပိုလေ့ကျင့်ခန်းယူပြီး အသင်းဘက်က လက်ခံနိုင်မည့် အနေအထားမျိုး ရရှိအောင် အစွမ်းကုန် ကြိုးစား လေ့ကျင်ခဲ့သည်..။
“အခုအချိန် ပြန်တွေးကြည့်လိုက်တိုင်း ဘယ်လောက်တောင် ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရလဲဆိုတာ ခံစားမိနေတုန်းပါပဲ..။ အဲဒီအသက်အရွယ်ဟာ အရေးကြီးပါတယ်..၊ အသင်းမှာ ပါဝင်ခွင့်ရမလား..? အသင်းကနေ ထွက်ရမလား..? ကျွန်တော့်ရဲ့ အဖေက ငယ်ငယ်ကတည်းက စိတ်ဓါတ်မာကျောအောင် ပျိုးထောင်ပေးခဲ့တာပါ..။ ကစားသမားဘဝမှာ အတက်အကျ အမြဲတမ်းရှိပါတယ်..။ အရေးကြီးဆုံးက အမြဲတမ်း ကိုယ်ကိုယ်ကို နှိမ့်ချပြီး အကောင်းဆုံး ကြိုးစားနေဖို့ပါပဲ..။ အခက်အခဲတွေဟာ ကျွန်တော်တို့ကို ပိုပြီးကြံ့ခိုင်စေခဲ့ပါတယ်..။”
ဂျိမ်းစ် မှာ ညာတောင်ပံ ကစားသမားအဖြစ် စတင်ကစားခဲ့ရပြီး ကွင်းလယ်သို့ ပြောင်းခဲ့ရသည်..။ ဒီလိုနှင့် ညာအစွန် နောက်ခံလူတွင် နောက်ဆုံး အဆုံးသတ်ခဲ့ပါသည်…။ ယခုနှစ် ကွင်းလယ်နှင့်တောင်ပံနေရာများတွင် နှစ်ပေါင်းများစွာ ကစားခဲ့ရသောကြောင့် ရီစီ မှာ ပိုမိုလျှင်မြန်သည့်အပြင် ဘောလုံးပညာ ကောင်းမွန်ပြီး တစ်ဖက် တိုက်စစ်မှူးများ၏ အမူအကျင့်၊ လှုပ်ရှားမှုကို မှန်းဆရာတွင် ထူးချွန်ခဲ့သည်..။ ၂၀၁၇ ခုနှစ်၊ လူငယ် FA ဖလားပြိုင်ပွဲ၊ ဗိုလ်လုပွဲအဖြစ် မန်ချက်စတာ စီးတီး လူငယ်အသင်းနှင့် အပြန်အလှန်ပွဲစဉ် နှစ်ကျော့လုံးတွင် ရီစီ ဂျိမ်းစ် မှာ ထိုစဉ်က အင်္ဂလန်၏ အကောင်းဆုံး လူငယ်တိုက်စစ်မှူးအဖြစ် နာမည်ကြီးနေသော ဂျာဒွန် ဆန်ချို ကို မလှုပ်နိုင်အောင် ထိန်းချုပ်နိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ၆ဂိုး - ၂ဂိုးဖြင့် အနိုင်ရ၊ ဗိုလ်စွဲခဲ့သည်..။
(၃)
ဂျိမ်းစ် မှာ အရှက်အကြောက်ကြီးသလို စကားပြောရာတွင်လည်း လိုရင်းကို ခပ်တိုတိုသာ ပြောဆိုတတ်သူဖြစ်သည်.။ သို့သော်အသက်အရွယ် ရရှိလာသည်နှင့်အမျှ ပိုမိုရင်ကျက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ (အသက် ၁၈ နှစ်အောက်) လူငယ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသည်..။ အဆိုပါ ဘောလုံးရာသီတွင် ရီစီ ခေါင်းဆောင်သည့် (အသက် ၁၈ နှစ်အောက်) လူငယ်အသင်းမှာ လူငယ်ပရီးမီးယားလိဂ်၊ FA Youth ဖလားတို့ကို ဆွတ်ခူးရရှိခဲ့သလို သူကိုယ်တိုင်လည်း ‘အသက် (၁၈) နှစ်အောက် အကောင်းဆုံး ကစားသမားဆု (club’s U18s academy player of the year)’ ကို ဆွတ်ခူးရရှိခဲ့သောကြောင့် သူ့အတွက် အောင်မြင်မှု ကြီးမားခဲ့သည့် ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့သည်..။
“အတော်များများက ကျွန်တော့်ကို စကားနည်းတဲ့သူလို့ မြင်ကြပါတယ်..။ ဒါပေမယ့် ကွင်းထဲကို ရောက်သွားရင်တော့ ကျွန်တော်ဟာ လုံးဝကို ခြားနားသွားပါတယ်..။ ကျွန်တော့်ရဲ့စိတ်ထဲမှာ အနိုင်ရဖို့ကလွဲရင် ဘာမှမရှိတော့ပါဘူး..။ အနိုင်ရချင်တယ်..၊ ပြတ်ပြတ်သားသားကို အနိုင်ရချင်တာပါ..။ ဒါ့အပြင် အခုအချိန်ထိ အသင်းမှာ ကျွန်တော်နဲ့အတူတူ ဖြတ်သန်းခဲ့ရတဲ့သူတွေ ရှိနေခဲ့တာလည်း သိပ်ကိုကောင်းပါတယ်.။ ကာလန် ဆိုရင် ကျွန်တော်နဲ့ အတူတူတွဲဖက် ကစားခဲ့တာ ဆယ်နှစ်ကျော်ပါပြီ..။ သူ့ရဲ့ကစားပုံကို နေ့စဉ်နေ့တိုင်း မြင်တွေ့ခဲ့ရသလို သူ့ရဲ့အိပ်မက်တွေကိုလည်း ကျွန်တော်ကောင်းကောင်း နားလည်ပါတယ်..။ သူဟာ အခုအချိန်ထိ သူလိုချင်သလောက် ကစားခွင့်ကောင်းကောင်း မရသေးပါဘူးလို့ ခင်ဗျားတို့ ငြင်းချင်ငြင်းကြမှာပါ..။ ဒါပေမယ့် တကယ်အရည်အချင်းရှိသူတွေအတွက် လမ်းကြောင်းဟာ အမြဲတမ်း ပွင့်နေတယ်ဆိုတာ သူက ပြသခဲ့ပါတယ်..။ အခုအချိန်မှာ အသင်းကြီးထဲကို ရောက်ရှိဖို့ဆိုတာ အရမ်းကြီးမခက်ခဲလှဘူးလို့ ကျွန်တော်ထင်ပါတယ်..။ အခုဆိုရင် ကွျှန်တော်ဟာလည်း အဲဒီအခွင့်အရေးရဖို့ မျှော်လင့်လို့ ရနေပါပြီ.။ တကယ်လို့ ကျွန်တော်အခွင့်အရေး ရလာတဲ့အချိန်ကျရင် အားလုံးရဲ့ အသိအမှတ်ပြုခြင်းကို ခံရအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ..။”
သို့သော်မနှစ်က ဘောလုံးရာသီတွင် ရီစီ ဂျိမ်းစ် မှာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း လို မဟုတ်ပဲ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွဲတား နှင့် ဒေးဗစ် ဇာပါကော့စ်တာ တို့က သူ့ရဲ့ရှေ့တွင် ရှိနေခဲ့သည်..။ ထို့ကြောင့် ဂျိမ်းစ် မှာ ကစားခွင့်ရရှိရန်အတွက် အဌားထွက်ခွာဖို့ ဆုံးဖြတ်ခဲ့သည်..။ သို့သော် ဘစ်ကားတစ်မှတ်တိုင်သာ ဝေးသည့် ဘရန့်ဖို့ဒ်..၊ ကျူပီအား အသင်းများသို့ အဌားရောက်ရှိမည့်အစား မိုင် (၂၀၀) ခန့် ကွာဝေးသည့် ဝီဂန်အသင်းသို့ ရောက်ရှိခဲ့သည်..။ ထိုသို့ပိုမိုကြမ်းတမ်း၊ ခက်ခဲသည့် အင်္ဂလန်မြောက်ခြမ်းက အသင်းကို ရွေးချယ်စေသည့်အကြောင်းကို ဖခင်ဖြစ်သူ နီဂျယ်လ် က ယခုလို ရှင်းပြခဲ့သည်..။
“ကျွန်တော်တို့က သူ့ကိုပိုပြီး ရှေးရိုးဆန်တဲ့ အသင်းကို ရွေးချယ်စေခဲ့ပါတယ်..။ ဒီလိုကြံ့ခိုင်မှု အသားပေးတဲ့ ရှေးရိုးဆန်တဲ့ ကစားဟန်နဲ့ လေ့ကျင့်မှုတွေကို သူ့ရဲ့ကိုယ်စွမ်းကိုယ်စနဲ့ပဲ ကျော်ဖြတ်ကြည့်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝီဂန်အသင်းကို စေလွှတ်ခဲ့တာပါ..။”
ဝီဂန်အသင်း၏ လေ့ကျင့်ကွင်းသို့ စတင်ရောက်ရှိစဉ်က ခံစားချက်ကို ရီစီ က ယခုလို ပြောပြခဲ့သည်..။
“ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်း မသိအောင်ပဲ ဖြစ်သွားတယ်ဗျ..။ အသင်းဖော်တွေဆိုတော လူငယ်လေးတွေကနေ အိမ်ထောင်နဲ့ မိသားစုတွေ ကိုယ်စီရှိနေတဲ့ လူကြီးတွေဆိုတော့ ခြားနားချက်က အရမ်းကို ကြီးမားပါတယ်..။”
ထိုသို့ကွဲပြားခြားနားလွန်းလှသည့် အခြေအနေအရပ်ရပ်ကြောင့် သူ၏ကနဦး မျှော်မှန်းချက်မှာ “လိုအပ်လျှင် ခေါ်သုံးဖို့” ဆိုသည့် အနေအထားဖြင့် တစ်ရာသီအတွင်း (၁၅) ပွဲလောက် ကစားရရင် မဆိုးပါဘူး ဟူ၍သာ တင်းတိမ်ရမည့်သဘော ဖြစ်ခဲ့သည်..။ သို့သော်ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရရှိခဲ့ချိန်မှာ စတင်ပြီး ဂျိမ်းစ် မှာ ပွဲထွက်လူစာရင်းထဲကနေ လုံးဝကို မဆင်းရတော့ပေ..။ အထူးသဖြင့် ဝီဂန်အသင်း တန်းမဆင်းရရန် မိုးထဲ၊ ရေထဲ အစွမ်းကုန် ရုန်းကန်နေရချိန်တွင် ရီစီ မှာ သူ၏တစ်ကိုယ်တော် အစွမ်းဖြင့် အကျဉ်းထဲအကျပ်ထဲမှ အကြိမ်ကြိမ် ကယ်တင်ခဲ့ရသည်..။
ထို့ကြောင့်ဂျိမ်းစ် မှာ မနှစ်က ဘောလုံးရာသီအတွင်း (၄၅) ပွဲ ကစားခွင့် ရရှိခဲ့ပြီး အသင်းဖော် ကစားသမားများက ချီးမြှင့်သည့် အကောင်းဆုံး ကစာသမားဆု၊ ပရိသတ်များက ချီးမြှင့်သည့် အကောင်းဆုံး ကစားသမားဆုနှင့် ချန်ပီယံရှစ် ပြိုင်ပွဲ၏ ‘Team of the Season’ တွင် ပါဝင်ခွင့်ရခဲ့သည်..။ ထို့အပြင် ဝီဂန်အသင်းအတွက် နောက်ဆုံးကစားပေးခဲ့ရသည့် ပွဲစဉ်တွင် အသင်းခေါင်းဆောင် အဖြစ် တာဝန်ပေး၊ ဂုဏ်ပြုခံခဲ့ရပြီး လူစားလဲခံရချိန်တွင် တစ်ကွင်းလုံးက မတ်တပ်ရပ် ဂုဏ်ပြု၊ သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်..။
“ကျွန်တော်ဟာ လူငယ်လေးတစ်ယောက်သာ ဖြစ်ပေမယ့် အသင်းမှာ ပွဲထွက်ခွင့်ရဖို့ လုံလောက်တဲ့ခြေစွမ်းရှိတယိဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်..။ အဲဒီလို စိန်ခေါ်တိုက်ပွဲဝင်နိုင်ခဲ့တာကြောင့် ယုံကြည်မှုလည်း ပိုရှိလာပါတယ်..။ ကစားခွင့်ရပြီး နည်းနည်းကြာလာတာနဲ့ ဘယ်သူကမှ ကျွန်တော့်ကို လူငယ်လေးတစ်ယောက်လို့ မမြင်ကြတော့ပါဘူး..။ အထူးသဖြင့် တန်းဆင်းဇုန်ကနေ လွတ်အောင်ရုန်းထွက်ရချိန် လေးပွဲ၊ ငါးပွဲလောက် ရှုံးတဲ့အခါ အတော်လေးကို ခက်ခဲခဲ့ပါတယ်..။ အဲဒီလို ခက်ခဲတဲ့ အတွေ့အကြုံမျိုးကို ခံစားခဲ့ရဖူးတဲ့ ကစားသမား များများစားစား မရှိလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်..။”
(၄)
ယခုအချိန်တွင်တော့ ရီစီ ဂျိမ်းစ် မှာ အပြာရောင် ပရိသတ်များ၏ မျှော်လင့်ချက်များကို ထမ်းပိုးထားနေရပြီဖြစ်သည်..။ မကြာသေးခင်က အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပြီ ဖြစ်သလို ဆယ်စုနှစ်တစ်ခုကြာ စောင့်ဆိုင်းခဲ့ရသည့် အသင်းကြီး ပွဲထွက်ခွင့်မှာ တစ်နေ့ထက်တစ်နေ့ နီးကပ်လာခဲ့ပြီဖြစ်သည်..။ သူကတော့ ဝီဂန်အသင်းမှ ပြန်ရောက်တဲ့နေ့ကတည်းက အသင်းအတွက် အသင့်ဖြစ်နေပြီ လို့ပဲ ခံစားနေရကြောင်း ပြောပြခဲ့သည်..။ ယခင်နှစ်ပေါင်းများစွာက အသင်ကြီးနှင့်အတူ လေ့ကျင့်ခဲ့ရသည့် ခံစားမှုမျိုးကို ပြန်လည်ရရှိခဲ့သလို အခုတစ်ကြိမ် ကော့ဘ်ဟမ်ကွင်းကို ပြန်လာရာမှာ အိမ်ကိုပြန်လာရသလို သက်တောင့်သက်သာ ရှိနေကြောင်း ပြောပြခဲ့သည်..။
“ကျွန်တော့်မှာ ဘာဖိအားမှ မခံစားရပါဘူး..”
ကော့ဘ်ဟမ်ကွင်း၏ စားသောက်ခန်းသို့ ထပ်မံဝင်ရောက်ချိန် ရီစီ အား ဖရန့် လမ်းပတ် နှင့်အတူ လူငယ်အသင်းအဆင့်ဆင့်တွင် ရင်းနှီးခဲ့ရသည့် နည်းပြအဖွဲ့ဝင်များက စောင့်ကြိုနေခဲ့သည်..။ နွေးထွေးခဲ့သည့် ဆွေးနွေးပွဲလေး အပြီးမှာ သူလိုချင်သည့် အာမခံချက်ကို ရရှိခဲ့သည်..။ ယခုအချိန်တွင် ချယ်လ်ဆီးအသင်း ကိုယ်တိုင်က ငယ်မွေးခြံပေါက် လူငယ်သွေးသစ်တွေဘက်ကို ပြန်လည်ဦးလှည့်လာသည့် ခေတ်အချိန်လည်း ဖြစ်ခဲ့သည်..။ မကြာတော့မည့်အချိန်တွင် ရီစီ မှာ ကာလရှည်ကြာ စောင့်စားခဲ့ရသည့် အခွင့်အရေး၊ အိပ်မက်ကို အကောင်အတည်ဖော်ခွင့် ရရှိတော့မည်…။ ထိုသို့ဆယ်နှစ်ကျော် စောင့်မျှော်ခဲ့ရသည့် အခွင့်အရေးအတွက် သူ၏အိပ်မက်..၊ ရင်ထဲက သံဌိဌာန်.. ခံစားချက်များကို ယခုလိုပဲ ပြောပြခဲ့ပါသည်..။
“ဒီအသင်းဟာ ကျွန်တော်ကိုယ်တိုင် အားပေးခဲ့တဲ့ အသင်းပါ..။ ချယ်လ်ဆီးအသင်းနဲ့ ပွဲထွက်ခွင့်ဆိုတာ လူငယ်ကစားသမားလေးအဖြစ် အသင်းကိုစတင် ရောက်ရှိခဲ့တဲ့ အချိန်ကစပြီး ကျွန်တော်အမြဲတမ်း အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်..။ အပြာရောင်အကျီနဲ့ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းထဲကို ခြေချရတယ် ဆိုတဲ့ စိတ်ကူးနဲ့တင် အမြဲတမ်းလန်းဆန်း တက်ကြွနေခဲ့ရတာပါ..၊ ဒါ့ကြောင့်အဲဒီခြေလှမ်းကို ချခွင့်ရတယ်..၊ လျှောက်လှမ်းခွင့်ရတဲ့အချိန်ကစပြီး ဘယ်တော့မှ နောက်မဆုတ်ရအောင် အစွမ်းကုန် ကြိုးစား၊ ပေးဆပ်သွားမှာပါ..။”
#FRANK
(The Independent မှ ဆောင်းပါရှင် Tom Kershaw ၏ Reece James: ‘I’ve always dreamed about my Chelsea debut. If a manager believes in youth, chances will come’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)