အသင်းကို စတင်ကိုင်တွယ်ခဲ့သည့်အချိန်ကစပြီး နည်းပြဖရန့် လမ်းပတ် အတွက် ခေါင်းစားနေရတဲ့ အခက်အခဲတစ်ခုက တိုက်စစ်အားသန်တဲ့ ကွင်းလယ်ကစားသမားတွေကို အသင်းမှာ ဘယ်လိုနေရာပေးမလဲ..? ဆိုတာ ဖြစ်ပါတယ်..။ ဒါပေမယ့် အဲဒီအခက်အခဲကို ရင်ဆိုင်နေရတဲ့သူက သူတစ်ယောက်တည်း မဟုတ်ပါဘူး..။ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်များကို ယှဉ်ပြိုင်နေတဲ့ အင်္ဂလန်အသင်း လက်ရွေးစင်အသင်းနည်းပြ ဂါးရတ် ဆောက်ဂိတ် ဟာလည်း သူ့လိုပြသနာမျိုးနဲ့ ရင်ဆိုင်နေရပါတယ်..။
ဒီထက်ပိုပြီး ထူးခြားတာက သူတို့နှစ်ယောက်စလုံးကို အခက်တွေ့စေတဲ့ ကစားသမား့နှစ်ယောက်စလုံးဟာ ကလပ်အသင်းမှာရော၊ နိုင်ငံလက်ရွေးစင် အသင်းမှာပါ တစ်သင်းတည်း တူညီနေကြပါတယ်..။ တစ်ယောက်က ကလပ်အသင်းမှာ ပိုပြီးအရေးပါတဲ့ နေရာကို ရရှိနေတယ်..၊ နောက်တစ်ယောက်ကတော့ နိုင်ငံလက်ရွေးစင်မှာပါ ပိုပြီးနေရာပေးခံနေရပါတယ်.။ ဒါ့ကြောင့် ‘ရော့စ် ဘာလေ’ နဲ့ ‘မေဆန် မောင့်’ ဆိုတဲ့ ကွင်းလယ် ကစားသမား နှစ်ယောက်စလုံးကို တစ်သင်းတည်းမှာ အတူတူနေရာပေးဖို့ဆိုတာကရော.. ဖြစ်လာနိုင်ပါ့မလား..? စဉ်းစားစရာ ဖြစ်လာခဲ့ရပါတယ်..။
တကယ်တော့ ဒီပြသနာဟာ ဒီဘက်ခုနှစ်ပိုင်းတွေမှာ လူငယ်သွေးသစ်တွေကို အကောင်းဆုံး မွေးထုတ်ပေးနိုင်ခဲ့တဲ့ အင်္ဂလန်အသင်း ရင်ဆိုင်နေရတဲ့ ပြသနာတစ်ခုလို့ ဆိုရင်လည်း မှားလိမ့်မယ် မဟုတ်ပါဘူး..။ ဒါ့ကြောင့်နည်းပြ ဂါးရတ် ဆောက်ဂိတ် အတွက်က ‘မောင့်’..၊ ‘ဘာကလေ’ တို့အပြင် အခြားတိုက်စစ်အားသန် ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ အဲလက်စ် အော့စ်လိတ် ချိန်ဘာလိန်..၊ ဟယ်ရီ ဝင်ခ့်..၊ ဂျိမ်းစ် မက်ဒီဆင် တို့လည်း ရှိနေပါသေးတယ်..။
ရော့စ် ဘာကလေ ဟာ ဂါးရတ် ဆောက်ဂိတ် အယုံကြည်ရဆုံး ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပါတယ်..။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ စပိန်..၊ ခရိုအေးရှား အသင်းတွေကို အနိုင်ရခဲ့တဲ့ Nations League ပြိုင်ပွဲအပါအဝင် အရေးကြီးပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် မကြာခဏ ပါဝင်ခွင့်ရခဲ့ပါတယ်..။ အထူးသဖြင့် တန်ပြန်တိုက်စစ်ကို အားပြုကစားချိန်မှာ ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်တဲ့ ဘာကလေ ရဲ့ ကစားပုံနဲ့စွမ်းရည်ကို နည်းပြ ဆောက်ဂိတ် အကြိုက်တွေ့ခဲ့ပါတယ်..။ သူ့ရဲ့ကစားပုံကို ရှင်းပြရမယ်ဆိုရင် ကွင်းလယ်အဖျက် ကစားသမားနှစ်ယောက်က တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို တားဆီးပြီးတာနဲ့ တစ်ပြိုင်နက် ဘောလုံးနဲ့အတူ ဆွဲထွက်ပြီး လျှင်မြန်တဲ့ တိုက်စစ်ကစားသမားတွေနဲ့ တွဲဖက်ကစားမယ်..၊ တစ်ဖက်အသင်းရဲ့ ခံစစ်ဇုန်တွေက နေရာလွတ်တွေကို အမြန်ဆုံး ထိုးဖောက်မယ်ဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်..။
ဒါပေမယ့် ပြီးခဲ့တဲ့ ဘူလ်ဂေးရီးယား အသင်းနဲ့ပွဲမှာ ဂါးရတ် ဆောက်ဂိတ် အထိုင်ချခဲ့တဲ့ ဘာကလေ..၊ ဂျော်ဒန် ဟန်ဒါဆန် နဲ့ ဒယ်ကလန် ရိုက်စ် တို့ရဲ့ ကွင်းလယ်ကစားကွက်ကို သုံးသပ်ကြည့်မယ်ဆိုရင် သော့တစ်လုံးကို ဖွင့်လှစ်လိုက်တဲ့ သော့တံတစ်ချောင်းအလား တိကျတဲ့ ပေးပို့မှု.၊ ဘယ်သူမှထင်မှတ်မထားတဲ့ ပေးပို့မှုမျိုးနဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်မယ့် ကစားသမားမျိုး မတွေ့ခဲ့ရပါဘူး..။ အင်္ဂလန်ကျွန်မှာကလည်း အစဉ်အလာအရ ဒီလိုအရည်အသွေးမျိုးရှိတဲ့ ကစားသမားတွေ မွေးထုတ်ပေးနိုင်တာ အတော်လေးကို ရှားပါးခဲ့ပါတယ်.။ ဒါပေမယ့် လူငယ်သွေးသစ်တွေ အပြိုင်းအရိုင်း ပေါ်ထွက်လာတဲ့ အခုခေတ်အခြေအနေမှာတော့ အဲဒီလို ကစားသမားမျိုး တွေ့ရှိနိုင်မယ့် အလားအလာတွေ မြင်တွေ့နေရပါတယ်..။
မေဆန် မောင့် ကို ပင်ကိုယ်ဘောလုံးစွမ်းရည် ကောင်းမွန်တယ်..၊ ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ လူငယ်ကစားသမား တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးကြတာရှိသလို နည်းပြဂါးရတ် ဆောက်ဂိတ် ကိုယ်တိုင်ကလည်း သူ့ရဲ့အရည်အချင်းကို ထုတ်ဖော်၊ ချီးမွမ်းခဲ့ပါတယ်..။ ဒါပေမယ့် ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ပွဲမှာတော့ လူငယ်ကစားသမားလေးဟာ ပွဲချိန် (၆၆) မိနစ်အထိ အရန်ခုံပေါ်မှာပဲ ရှိခဲ့ပါတယ်..။ အင်္ဂလန် လူငယ်သွေးသစ် ကစားသမားလေးဟာ ချယ်လ်ဆီးအသင်းနဲ့ ရာသီအစပွဲစဉ် လေးပွဲစလုံး ပါဝင်ကစားခဲ့ရပြီး အီဒင် ဟာဇက် ကြောင့် လစ်ဟာသွားရတဲ့ ကွက်လပ်ကို အစားထိုးနိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ အခုလက်ရှိအချိန်မှာ မေဆန် ဟာ ဘယ်လ်ဂျီယမ် ကွင်းလယ်ဖန်တီးရှင်ရဲ့ အဆင့်အတန်းမျိုး မဟုတ်သေးပါဘူး..၊ ဒါပေမယ့် အခုအချိန်ထိ (၂) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အသင်းအဖော်တွေအတွက် အခွင့်အရေး (၈) ကြိမ် ဖန်တီးပေးနိုင်ခဲ့တယ်ဆိုတဲ့ အချက်အလက်အရ သူ့ရဲ့အနာဂတ်ဟာ အလားအလာကောင်းတွေ အများကြီးရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်..။
ပြီးခဲ့တဲ့ ဘူလ်ဂေးရီးယား အသင်းနဲ့ပွဲမှာ ရော့စ် ဘာကလေ ရဲ့ခြေစွမ်းဟာ ကောင်းမွန်ခဲ့တယ်လို့ ပြောနိုင်ပါတယ်.။ ဒါပေမယ့် အခုလိုအားနည်းတဲ့ ပြိုင်ဘက်အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဒီထက်ပိုပြီး သပ်ရပ်၊ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ကစားပုံမျိုးကို မျှော်လင့်ခဲ့ကြပါ..။ ဘူးလ်ဂေးရီးယား အသင်းနဲ့ပွဲမှာ ဘာကလေ ဟာ တိုက်စစ်မှူးတွေအတွက် ထိရောက်တဲ့ ပေးပို့မှု (key passes) (၃) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သလို ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်တဲ့အကြိမ် (dribbles) (၅) ကြိမ် ရရှိခဲ့ပါတယ်..။ ဒါဟာကျေနပ်ဖို့ကောင်းတဲ့ စွမ်းဆောင်မှု ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ကစားပုံဟာ ပရိသတ်အတွက် စိတ်လှုပ်ရှားဖို့ မကောင်းလှပါဘူး..။ သူ့ဆီကို ဘောလုံးရောက်လာပြီဆိုတာနဲ့ ဘယ်လိုဆက်လုပ်မယ်ဆိုတာ လူတိုင်းက ကြိုပြီးသိနေတဲ့ပုံစံ..၊ ခေါက်ရိုးကျိုးနေတဲ့ ပုံစံမျိုးနဲ့ပဲ ကစားလေ့ ရှိပါတယ်..။ ဒါ့အပြင် ဘာကလေ ရဲ့ ကစားဟန်ဟာ တန်ပြန်တိုက်စစ်ကို အားပြုမယ့်အသင်းမျိုးနဲ့ ပိုပြီးလိုက်ဖက်ညီမယ့်ပုံ ရှိပါတယ်..။
အခြားတစ်ဖက်ကနေ ပြန်ပြီးငြင်းချက်ထုတ်မယ်ဆိုရင် ဘာကလေ ဟာ စွန့်စားမှုတွေ သိပ်ပြီးပြုလုပ်လေ့မရှိပဲ အမှားအယွင်းတွေ မပြုလုပ်မိအောင် ကစားလေ့ရှိပါတယ်..။ ဒါ့ကြောင့်နည်းပြတွေအတွက် စိတ်ချရတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ အဲဒီလိုစွန့်စားမှုမပါတဲ့ ကစားပုံမျိုးဟာ အမှားမခံတဲ့ ပွဲကြီးပွဲကောင်းတွေမှာ အသုံးတည့်မှာဖြစ်ပေမယ့် အဘက်ဘက်ကအားနည်းတဲ့ ပြိုင်ဘက်အသင်းတွေအတွက် ခုခံ၊ ပိတ်ဆို့ရတာ ပိုပြီးလွယ်ကူစေပါတယ်..။ မေဆန် မောင့် ကတော့ အဲဒီလို မဟုတ်ပါဘူး..။ ပွဲချိန် (၆၆) မိနစ်မှာ ကွင်းထဲကို ရောက်လာတဲ့အချိန် ပွဲစဉ်အရှုံးအနိုင်အတွက် အရေးမပါတော့ပေမယ့် အသက် (၂၀) နှစ်သားလေးကတော့ စက္ကန့်တိုင်းဟာ သူ့ရဲ့အင်္ဂလန်အသင်း အနာဂတ်အတွက် သေရေးရှင်ရေးအလား အားသွန်ခွန်စိုက်..၊ ကျားကုတ်ကျားခဲ ကြိုးစား၊ ကစားခဲ့ပါတယ်..။ ဒါ့အပြင် နိုင်ငံအသင်းကြီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပေမယ့် တုန်လှုပ်ခဲ့ခြင်း အလျဉ်းမရှိခဲ့တဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်.။
“အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့် ရခဲ့တဲ့အပေါ် အရမ်းကြီးစိတ်လှုပ်ရှားခဲ့တာမျိုး မရှိခဲ့ပါဘူး..။ ကျွန်တော်နေ့တိုင်း ကစားနေရတဲ့ ဘောလုံးပွဲတစ်ပွဲလိုပဲ စိတ်ထဲမှာ မှတ်ယူထားပါတယ်..။ ကွင်းထဲကို ရောက်လာပြီဆိုတာနဲ့ အမြန်ဆုံးဘောလုံးရချင်တယ်..၊ ပထမဆုံးထိချက်ကို အကောင်းဆုံး ပေးပို့မယ်..၊ ဒီနောက်ပိုင်းမှာ ပွဲကိုစိုးမိုးနိုင်အောင်ပဲ ကြိုးစားကစားပါတယ်..။”
ပထမဆုံး ဘောလုံးရချိန်မှာတော့ ကွင်းရဲ့ဘယ်အခြမ်းကနေ ဂိုးဧရိယာရှေ့ကို ဆွဲဝင်လာပြီး အဝေးတိုင်၊ အပေါ်ထောင့်ကို ဝေ့ဝှိုက်ကန်သွင်းဖို့ ကြိုးစားခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ကန်ချက်ဟာ ဘူလ်ဂေးရီးယား ဂိုးပေါက်ကိုထက်စာရင် ပွဲကြည့်စင်အပေါ်က ဈေးသည်လေးတွေကိုပဲ ပိုပြီးခြိမ်းခြောက်နိုင်ခဲ့ပါလိမ့်မယ်..။ “ဘောလုံးနဲ့အတူ ဆွဲဝင်လာတဲ့အချိန် ရှေ့မှာဘယ်သူကမှ ရှိမနေပါဘူး..။ ဒါ့ကြောင့်ကန်သွင်းလိုက်ရင်ရော မဖြစ်နိုင်ဘူးလား.. ဆိုပြီး စဉ်းစားမိခဲ့ပါတယ်..။ ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ကန်ချက်ဟာ ဂိုးပေါက်မတည့်ခဲ့ပေမယ့် နောက်ပွဲတွေဆိုရင် ဒီထက်ပိုပြီး ထိရောက်တဲ့ကန်ချက် ဖြစ်လာနိုင်ပါလိမ့်မယ်..။”
ဒါပေမယ့် မေဆန် မောင့် ဟာ တဖြည်းဖြည်းနဲ့ ပွဲကိုလွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့ပြီး ပြိုင်ဘက်ကစားသမားတွေကို မနားတမ်း ဖိအားပေးတယ်.၊ ခံစစ်ကြောင်းကို အနှောင့်အယှက်ပေးတယ်..၊ ပြိုင်ဘက်ကစားသမားတွေ ပေးပို့မှု အမှားတွေ ပြုလုပ်မိအောင် ဖိအားပေးနိုင်ခဲ့ပါတယ်..။ သူ့ရဲ့ကစားပုံဟာ စွန့်စားမှုတွေ ပိုပြီးပါဝင်ပါလိမ့်မယ်..၊ ဒီလိုစွန့်စားမှုများရင် ဆုလာဘ်ကလည်း ပိုပြီးကြီးမားတတ်ပါတယ်.။ ဒါ့ကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ FIFA Ranking မှာ ဘူကီနာ ဖာဆို လို အသင်းထက် နည်းနည်းပဲသာတဲ့ ဘူလ်ဂေးရီးယားလို အသင်းမျိုးနဲ့ပွဲမှာ အခုလို စွန့်စားမှုကို နှစ်ခြိုက်တဲ့ ကစားသမားမျိုးကို အသုံးချတာ ပြသနာမရှိပါဘူး.။
နည်းပြ ဆောက်ဂိတ် အတွက် လာမယ့်အနာဂတ်မှာ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ပြိုင်ဘက်တွေနဲ့ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ပွဲကိုချဉ်းကပ်မလဲ..? ဆိုတဲ့အချက်ကို စဉ်းစားရမှာ ဖြစ်သလို လမ်းပတ် အတွက်ကတော့ ပြိုင်ပွဲပေါင်းစုံကို ရင်ဆိုင်ရတော့မယ့်အချိန် ကိုယ်ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်အသင်းနဲ့ ကိုက်ညီမယ့် လူစာရင်းကို ပွဲထုတ်နိုင်ဖို့ ဦးစားပေးရတော့မှာပါ..။ သူတို့နှစ်ယောက်စလုံးကတော့ တိုက်စစ်အသားပေးပြီး ဖျော်ဖြေမှု၊ စိတ်လှုပ်ရှားမှု ပေးနိုင်တဲ့ ကစားဟန်မျိုးကို သွတ်သွင်းချင်တဲ့ဆန္ဒ ရှိတဲ့သူတွေပဲ ဖြစ်ပါတယ်..။ ဒါ့ကြောင့်အဲဒီလို ကစားဟန်နဲ့ အနေအထားဟာ မေဆန် မောင့် အတွက် အလားအလာ ပိုကောင်းနေတယ် ဆိုပေမယ့် ဘာကလေ ကတော့ သူ့ရဲ့ဘောလုံးနဲ့အတူ ဖြတ်ကျော်နိုင်စွမ်း၊ လုပ်အားနှုန်းနဲ့ စိတ်ချရမှု.. စတဲ့ အားသာချက်တွေနဲ့အတူ အင်္ဂလန်အသင်းမှာ နေရာတစ်နေရာ ဆုတ်ကိုင်ထားနိုင်ဆဲပါပဲ..။
ဒါ့ကြောင့်ကြုံတောင့်ကြုံခဲ အနေအထားလို့ ဆိုရမယ့် ‘ရော့စ် ဘာကလေ’ နဲ့ ‘မေဆန် မောင့်’ ဆိုတဲ့ တိုက်စစ်အသားပေး ကွင်းလယ်ကစားသမား နှစ်ယောက်ရဲ့ ပွဲထွက်တစ်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ဦးမယ့် ယှဉ်ပြိုင်ပွဲကို နိုင်ငံလက်ရွေးစင် အသင်းမှာရော၊ ကလပ်အသင်းမှာပါ ဆက်လက်ပြီး မြင်တွေ့နေရဦးမှာ ဖြစ်တဲ့အကြောင်း တင်ဆက်ပေးလိုက်ပါတယ်..။
#FRANK
(football.london မှ ဆောင်းပါးရှင် James Benge ၏ “Mason Mount, Ross Barkley and a dilemma for Gareth Southgate and Chelsea boss Frank Lampard” ဆောင်းပါးကို ပြန်ဆိုပါသည်..။)