ပြီးခဲ့တဲ့ စနေနေ့က ဝုလ်ဖ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမားများတွေ ခြေစွမ်းပြနိင်ခဲ့ပြီး အဆုံးအဖြတ်ဂိုးတွေကို ဆက်လက်သွင်းယူပေးနိုင်ခဲ့ပါတယ်..။ နည်းပြဖရန့် လမ်းပတ် ရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကြောင့် အခုအချိန်မှာ လူငယ်အကယ်ဒမီ ကစားသမားလေးတွေအတွက် အနာဂတ်အလားအလာကောင်းများ ပေါ်ထွက်နေတဲ့ အနေအထားအပေါ် လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် က အခုလို ဥယျောဇဉ် ပီတိစကား ပြောဆို၊ ချီးကျူးခဲ့ပါတယ်..။
(၁)
အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ထူးခြားချက်တစ်ခုက သွင်းဂိုးတွေအားလုံးကို အသက် (၂၁) နှစ်အောက်၊ အင်္ဂလိပ် လူငယ်ကစားသမားလေးတွေကပဲ သွင်းယူပေးထားခြင်း ဖြစ်ပါတယ်..။ ဒါ့အပြင် အဲဒီလူငယ်လေးတွေ အားလုံးဟာ လူငယ်အကယ်ဒမီထွက် ခြံပေါက်ကစားသမားတွေ ဖြစ်နေခြင်းပါပဲ..။ Molinex ကစားကွင်းကပွဲမှာ တန်မီ အေရာဟမ် က hat-trick ရခဲ့ပြီး အခုဆိုရင် သွင်းဂိုး (၇) ဂိုး ရှိသွားပါပြီ..။ ကျန်တဲ့ဂိုးတွေကိုတော့ မေဆန် မောင့် က (၃) ဂိုးနဲ့ ဖီကာရို တိုမိုရီ က တစ်ဂိုး အသီးသီး သွင်းယူပေးထားပါတယ်..။ ဒါဟာ ချယ်လ်ဆီးလူငယ် အကယ်ဒမီနဲ့ အကယ်ဒမီ ကစားသမားတွေအတွက် ကြီးမားတဲ့ အားဆေးတစ်ခွက်ပါပဲ..။ တစ်ခုရှိတာက လူငယ်အကယ်ဒမီ ကစားသမားတိုင်းဟာ ဒီလိုအဆင့်အတန်း ရောက်လာမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် အခုမြင်နေရတဲ့ အခြေအနေတွေအပေါ် သူတို့တစ်တွေ အားတက်မိမှာ အသေအချာပါပဲ..။
အဲဒီထဲမှာ ကျွန်တော်လည်း ပါပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့သားဟာ ချယ်လ်ဆီး အကယ်ဒမီမှာ တက်ရောက်နေပြီး ကွင်းလယ်ဖန်တီးရှင် ‘ကျောနံပါတ် (၁၀)’ နေရာမှာ ကစားပါတယ်..။ ဒါ့ကြောင့်ကျွန်တော့်ရဲ့သား အပါအဝင် လူငယ်ကစားသမားတွေအတွက် ဆက်လက်တိုးတက်ဖို့ လမ်းကြောင်းတွေ ပွင့်နေတယ်ဆိုတာ ထင်ရှားနေတဲ့အတွက် အားတက်ရပါတယ်..။
(၂)
ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကို ဆက်ခံခဲ့တဲ့နေ့မှာ ဖရန့် လမ်းပတ် က ‘(လူငယ်နဲ့လူကြီး ခွဲခြားနေမှာ မဟုတ်ပဲ) အသင်းကြီးလူစာရင်းမှာ ပါဝင်ခွင့်ရပြီဆိုရင် လုံလောက်တဲ့ ရင့်ကျက်မှုရှိနေလို့ ပါဝင်ခွင့် ရခဲ့တယ်လို့ပဲ ယူဆရမှာဖြစ်တယ်..’ လို့ ပြောခဲ့ပါတယ်..။ အဲဒီအယူအဆကို လူငယ်သွေးသစ်တွေအားလုံး ရှင်းရှင်းလင်းလင်း သိစေခဲ့ပါတယ်..။ အခုလို လမ်းကြောင်းဟာ ပွင့်လန်းနေပြီ ဆိုပေမယ့် သူတို့တွေအတွက် ပန်းခင်းတဲ့လမ်းတစ်ခု ဖြစ်လာမှာမဟုတ်ပါဘူး..။ ဒါဟာလည်း ဖြစ်ရိုးဖြစ်စဉ်ပါပဲ..။ ပရီးမီးယားလိဂ်၊ ပွဲစဉ် (၄) မှာ ရှက်ဖီးလ်အသင်းကို နှစ်ဂိုးအသာနဲ့ ဦးဆောင်နေနိုင်ခဲ့ပြီးမှ ချေပဂိုးနှစ်ဂိုး ပြန်ပေးလိုက်ရပြီး သရေကျခဲ့တဲ့ ရလဒ်..၊ အခုလက်ရှိ ကြုံတွေ့နေရတဲ့ အသင်းရဲ့ခံစစ်ကြောင်း ပြသနာ..၊ စတာတွေဟာ ထင်ရှားတဲ့ ဥပမာတွေပါပဲ..။ ဒါပေမယ့် အနိုင်ပွဲတွေနဲ့ လူငယ်တွေရဲ့ခြေစွမ်း..၊ သွင်းဂိုးတွေနဲ့ အသီးအပွင့်တွေဟာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတစ်ခွင် မျှော်လင့်ချက်တွေ တောက်ကြွားစေခဲ့ပါတယ်..။
အခုလိုအသင်းရဲ့ အဝတ်လဲခန်းတွေ..၊ လေ့ကျင့်ကွင်းတွေမှာ အပြုံးတွေ..၊ အပျော်တွေ ဝေဆာနေခြင်းဟာ အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့ကိုလည်း အပျော်တွေ ဆက်လက်ကူးစက်.၊ ကျေနပ်စေမှာ အသေအချာပါပဲ..။ ဈေးကွက်အနေအထားဘက်က ကြည့်မယ်ဆိုရင်လည်း အပြောင်းအရွှေ့ ဈေးကွက်မှာ တစ်ပြားတစ်ချပ်မှ အကုန်အကျခံစရာ မလိုပဲနဲ့ ပရီးမီးယားလိဂ်အတွက် အသင့်သုံး..၊ အသင်းနဲ့ အသားကျ.. အံဝင်ပြီးသား လူငယ်ကစားသမားလေးတွေ ရရှိလိုက်တယ်ဆိုတာ ‘အတိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကား’ လို့ ပြောရမှာပါ..။
(၃)
တကယ်တော့ ဖရန့် လမ်းပတ် ဟာ သူ့အတွက် ပရီးမီးယားလိဂ် ပထမ ဘောလုံးရာသီမှာ ဝါရင့်ကစားသမားတွေကိုပဲ ဦးစားပေး သုံးစွဲပြီး စွန့်စားခန်း သိပ်မဆန်တဲ့ လမ်းကြောင်းကို ရွေးချယ်မယ်ဆိုရင် ရနိုင်ပါတယ်..။ ဥပမာ- အဓိကတိုက်စစ်မှူး နေရာမှာဆိုရင် ရာသီအစပိုင်း ကာလတွေမှာ ဖိအားတွေ များနေခဲ့တဲ့ တန်မီ အေဘရာဟမ် အစား အိုလီဗီယာ ဂျီရူးဒ် ကို ဦးစားပေး ရွေးချယ်ခဲ့လို့ ရပါတယ်..။ ဒါပေမယ့် သူဟာ (၂၁) နှစ်သား လူငယ်လေးအပေါ်ကိုပဲ ဆက်လက်ယုံကြည်ခဲ့ပါတယ်..။ ဒီအတွက် ထိုက်တန်တဲ့ဆုလာဘ် ပြန်လည်ရရှိခဲ့ပါတယ်..။
အရင်တုန်းကဆိုရင် ချယ်လ်ဆီးအသင်းမှာ လူငယ်လေးတွေအတွက် အသင်းကြီးကို ရောက်ရှိဖို့ လမ်းကြောင်းဆိုတာ ရှိရောရှိနေရဲ့လား လို့တောင် ထင်မှတ်စရာပါပဲ..။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသင်းရဲ့ အဌားချ ကစားသမားစာရင်းဆိုတာ တစ်ရာသီ..၊ တစ်ရာသီ.. ကြည့်လိုက်ရင် ကြောက်ခမန်းလိလိ အရေအတွက်ပါပဲ..။
အခုအချိန်မှာတော့ အားလုံးပြောင်းလဲသွားပါပြီ..။
လူငယ်လေးတွေအတွက် အနာဂတ်လမ်းကြောင်းတွေ ပွင့်လန်းနေပါပြီ.။ ဒါ့ကြောင့်သူတို့လေးတွေအနေနဲ့ မှန်ကန်တဲ့ ကြိုးစားမှု၊ မလျော့တဲ့ဇွဲ၊ လုံ့လ၊ ဝီရီယတို့နဲ့ စိုက်ထုတ်နိုင်မယ်ဆိုရင် ထိုက်တန်တဲ့နေရာကို ရောက်ရှိမှာ မလွဲဧကန်ပါပဲ ဆိုတဲ့အကြောင်း လူငယ်အကယ်ဒမီ ကစားသမားလေးတွေကို ရည်ရွယ်ရင်း အားပေးတင်ဆက်လိုက်ပါတယ်..။
ဂျေမီ ရက်ဒ်နပ်
(Daily Mail မှ ဆောင်းပါးရှင် Jamie Redknapp ၏ ‘Frank Lampard's gamble on youth is paying off... the Chelsea boss has stood by the likes of Tammy Abraham and is reaping the rewards’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)