ယခုနှစ် ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ ကြုံတွေ့နေရသည့် အဓိကပြသနာမှာ ရလဒ်များတည်ငြိမ်မှု မရှိခြင်းဖြစ်ပြီး အဆိုပါ ပြသနာ၏ အကြောင်းရင်းထဲတွင် အသင်း၏ခံစစ်ပိုင်း စွမ်းဆောင်ရည် အားနည်းချက်များကြောင့်လည်း ပါဝင်ခဲ့သည်..။ ပြီးခဲ့သည့် စနေနေ့က ဝုလ်ဖ်အသင်းအား ၅ဂိုး - ၂ဂိုးဖြင့် အဝေးကွင်းတွင် အနိုင်ရရှိခဲ့သော်လည်း အင်္ဂါနေ့က ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်တွင် ဗလင်စီယာ အသင်းကို ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်..။
ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် (၅) ပွဲကစား၊ ပေးဂိုး (၁၁) ဂိုးဖြင့် ဒုတိယမြောက် ပေဂိုးအများဆုံးအသင်း ဖြစ်နေခဲ့သည်..။ ထိုသို့အားနည်းနေသော ခံစစ်ကြောင်းအတွက် နောက်ခံလူ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား နှင့် ကတ် ဇူးမား တို့မှာ အဓိကအဝေဖန်ခံနေခဲ့ရသည်..။ အသက် (၃၀) အရွယ် စပိန်ညာနောက်ခံလူမှာ အသင်းကို ရောက်ရှိခဲ့သည့် (၇) နှစ်လုံးလုံး တည်ငြိမ်သည့် ခြေစွမ်းကို ပြသနိုင်ခဲ့သော်လည်း ယခုအချိန်တွင် အသက်အရွယ်ကြောင့် လျှင်မြန်မှု နှေးကွေးလာသည့် ပုံစံမြင်တွေ့နေခဲ့ရပြီဖြစ်သည်..။ ကတ် ဇူးမား မှာ အဲဗာတန်အသင်းနှင့် အဌားထွက်ခွာစဉ်က ခြေစွမ်းပြနိုင်သော်လည်း အသင်းသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရဆဲဖြစ်သည်..။
သို့သော် လက်ရှိချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်း ပြသနာတွင် ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ မှာလည်း တစိတ်တပိုင်းတော့ တာဝန်ရှိနေခဲ့သည်..။
(၁)
၂၀၁၇၊ ၁၈ ဘောလုံးရာသီအစတွင် စပိန်လာလီဂါ ပြိုင်ပွဲဝင် အက်တလက်တစ် ဘီ်လ်ဘာအို အသင်းမှ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၇၅) သန်းဖြင့် ရောက်ရှိလာခဲ့သည့် အသက် (၂၁) နှစ်အရွယ် စပိန်လူငယ်ဂိုးသမားလေးအပေါ် အသင်းပရိသတ်၏ မျှော်လင့်ချက် မြင့်မားခဲ့သည်..။ သူ၏အင်္ဂလန်မြေ ပထမဆုံး ရာသီမှာ လက်စွမ်းမှာ အကောင်းဆုံးမဖြစ်ခဲ့သော်လည်း ပရိသတ်လက်ခံနိုင်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်..။
ပရီးမီးယားလိဂ်ပြိုင်ပွဲ အချက်အလက်များအရ ပေးဂိုး (၃၉) ဂိုး ခွင့်ပြုခဲ့ရပြီး ပေးဂိုးမရှိသည့်ပွဲစဉ် (clean sheets) (၁၉) ပွဲ ရရှိခဲ့သည်..။ ပြီးခဲ့သည့် ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်း ကာကွယ်မှု မှတ်တမ်းမှာ ကောင်းမွန်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ အချက်အလက်များအရ မန်ချက်စတာ စီးတီး၊ လီဗာပူးလ် တို့၏ နောက်တွင် တတိယ ခံစစ်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံးအသင်း ဖြစ်ခဲ့သည်..။ ထို့အပြင် ဂိုးသမား ကက်ပါ ထက်ပိုပြီး clean sheets ရခဲ့သည့် ဂိုးသမားဆိုလို့ အယ်လစ်ဆန် နှင့် အီဒါဆန် တို့နှစ်ဦးသာ ရှိခဲ့သည်..။
၂၀၁၈/၁၉ ဘောလုံးရာသီ၊ ပရီးမီယားလိဂ်ပြိုင်ပွဲ အချက်အလက်များအရ စပိန်ဂိုးသမားမှာ သူ၏ဂိုးပေါက်သို့ ကန်သွင်းခံခဲ့ရသည့်ကန်ချက် (shots on target) စုစုပေါင်း (၁၂၁) ကြိမ်အနက် (၈၂) ကြိမ်၊ ကန်ချက်စုစုပေါင်း၏ (၆၇.၇၇%) ရာခိုင်နှုန်းကို ကာကွယ်မှု ပြုလုပ်နိုင်ခဲ့သည်..။ အဆိုပါ ကာကွယ်မှု ရာခိုင်နှုန်း (save percentage) မှာ ပရီးမီးယားလိဂ်၏ အခြားဂိုးသမားများနှင့် နှိုင်းယှဉ်ကြည့်ပါက အကောင်းဆုံး မဟုတ်ခဲ့သော်လည်း လက်ခံနိုင်လောက်သည့် စွမ်းရည်လို့ ပြောနိုင်ပေသည်..။
ထို့အပြင် ဂိုးသမား ကက်ပါ မှာ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာတွင် လက်စွမ်းပြနိုင်ခဲ့ပြီး ယူရိုပါ လိဂ်ပြိုင်ပွဲနှင့် EFL လိဂ်ဖလား ဗိုလ်လုပွဲစဉ် အပါအဝင် ပွဲစဉ်သုံးပွဲတွင် ပင်နယ်တီ ကာကွယ်မှု လေးကြိမ် ပြုလုပ်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပင်နယ်တီ ကာကွယ်မှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။ အဆိုပါလက်စွမ်းကြောင့် စပိန်လက်ရွေးစင်အသင်းတွင် ပထမဂိုးသမားနေရာအတွက် ဒေးဗစ် ဒီဂီယာ ကို ခြိမ်းခြောက်လာနေပြီ ဖြစ်သော်လည်း ဖရန့် လမ်းပတ် နှင့် လောလောဆယ် ကာလအထိကတော့ သူ့အတွက် အမှတ်ရချင်စရာ မကောင်းသည့် ကာလတစ်ခု ဖြစ်နေခဲ့ရသည်..။
(၂)
ယခုနှစ်ဘောလုံးရာသီတွင် ဆိုးရွားနေသည့် ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းနှင့်အတူ အက်ဇ်ပီလီကွဲတား မှာလည်း ယခုအချိန်ထိ clean sheet မရှိသေးသည့် ဂိုးသမားငါးဦးစာရင်းတွင် နောဝစ်ချ်ဂိုးသမား တင် ခရူးလ်၊ ဘုန်းမောက် အသင်းမှ အေရွန် ရမ်းစ်ဒေးလ်၊ ဝက်ဒ်ဖို့ဒ် ဂိုးသမား ဘင် ဖော်စတာ၊ လီဗာပူးလ် ဂိုးသမား အယ်လစ်ဆန် (တစ်ပွဲသာ ကစားရသေးပြီး ဒဏ်ရာကြောင့် အနားယူနေရ) တို့နှင့်အတူ ပါဝင်နေဆဲဖြစ်သည်..။
အချက်အလက်များအရ ဂိုးသမား ကက်ပါမှာ ယခုနှစ်ဘောလုံးရာသီတွင် သူ၏ဂိုးပေါက်သို့ ကန်သွင်းခံခဲ့ရသည့်ကန်ချက် (shots on target) စုစုပေါင်း (၂၁) ကြိမ်အနက် (၁၁) ကြိမ်၊ ကန်ချက်စုစုပေါင်း၏ (၄၇.၆၂%) ရာခိုင်နှုန်းကိုသာ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့သည်..။ အဆိုပါ ကာကွယ်မှု ရာခိုင်နှုန်း (save percentage) အရ သူ့ထက်ဆိုးရွားသော ဂိုးသမားဆိုလို့ ဝုလ်ဖ်အသင်းမှ ရူအီ ပက်ထရီစီယို သာ ကျန်တော့သည်ကို တွေ့ရပါသည်..။ တကယ်တော့ ချယ်လ်ဆီးအသင်း ပေးလိုက်ရသည့် (၁၁) ဂိုး (ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ၁ ဂိုး) မှာ ဂိုးသမား ဘယ်လိုမှ မတတ်နိုင်တဲ့ ကန်ချက် (၁၁) ကြိမ်ကြောင့် မဟုတ်ပဲ တစ်ချို့ပေးဂိုးများတွင် သူ့အနေဖြင့် ယခုထက်ပိုပြီး ကာကွယ်မှု ပြုလုပ်ပေးနိုင်ခဲ့သင့်ပါသည်..။
ရာသီအဖွင့် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့်ပွဲစဉ်မှာပင် ကတ် ဇူးမား ကြောင့် ပေးလိုက်ရသည့် ပင်နယ်တီ ပြစ်ဒဏ်ဘောဖြင့် အဖွင့်မလှခဲ့သည့် စပိန်ဂိုးသမားမှာ အန်တော်နီ မာရှယ်လ် ၏ ခြေထောက်ကြားမှ သွင်းယူသွားခဲ့သောကန်ချက် အပါအဝင် စုစုပေါင်း ဂိုးပေါက်တည့်ခဲ့သည့် ငါးကြိမ်ထဲမှ လေးဂိုးခွင့်ပြုလိုက်ရသည်..။ လက်စ်တာ အသင်းနှင့်ပွဲစဉ်တွင် ဝီလ်ဖရက်ဒ် အန်ဒီဒီ ၏ ကန်ချက်ကို ဂိုးပေးလိုက်ရသော်လည်း မြေခွေးတို့နှင့် တစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်မှာ ယခုနှစ်ဘောလုံးရာသီအတွင်း သူ၏အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့သည့်ပွဲ..၊ ကာကွယ်မှုတွေ ပြုလုပ်နိုင်သည့်ပွဲ ဖြစ်ခဲ့သည်..။
(၃)
ကက်ပါ မှာ ဘရန်ဒန် ရောဂျားစ် ၏ အသင်းနှင့်ပွဲစဉ်တွင် လက်စ်တာ အသင်းမှ ဂိုးပေါက်တည့်သော ကန်သွင်းချက် (၃) ကြိမ်ထဲမှ (၂) ကြိမ်ကို ကာကွယ်ပေးနိုင်ခဲ့ပြီး ပေးဂိုး (၂) ဂိုးထက်နည်းသော ပထမဆုံး ပွဲစဉ်ဖြစ်ခဲ့သည်.။ သို့သော်အင်္ဂါနေ့က ဗလင်စီယာ အသင်းနှင့်ပွဲစဉ်မှာတော့ ဂိုးပေါက်တည့်သည့် ကန်ချက် (၂) ကြိမ်အနက် ရိုဒရီဂို ၏ ကန်ချက်ကို ခွင့်ပြုခဲ့ရသည်.။
ပေးဂိုး (၂) ဂိုးစီ ခွင့်ပြုခဲ့ရသည့် ပွဲစဉ်များအနက် နောဝစ်ချ် အသင်းနှင့်ပွဲစဉ်တွင် ကန်သွင်းချက် (၅) ကြိမ်ထဲမှ (၃) ကြိမ်ကို ကာကွယ်ပေးနိုင်ခဲ့သော်လည်း ကက်ပါ မှာ တိုက်စစ်မှူး ပူကီ ၏ ထောင့်ဖြတ်ကန်ချက်ကို ကာကွယ်ခဲ့ရာတွင် အားနည်းခဲ့သည့်အပေါ် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရသည်..။ သူ၏စွမ်းဆောင်ရည် အဆိုးရွားဆုံး ပွဲစဉ်ကတော့ ရှက်ဖီးလ် ယူနိုက်တက် အသင်းနှင့် တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်ဖြစ်ပြီး တစ်ပွဲလုံးအတွင်း ရှက်ဖီးလ်အသင်း၏ ကန်ချက် (၃) ကြိမ်ထဲမှ တစ်ကြိမ်ကိုသာ ကာကွယ်ပေးနိုင်ခဲ့သည်..။
စနေနေ့က ယှဉ်ပြိုင်ခဲ့သည့် ဝုလ်ဖ်အသင်းနှင့် ပွဲစဉ်တွင် ဂိုးပေါက်တည့်သည့် ကန်ချက် (၅) ကြိမ်အနက် (၂) ကြိမ်ကို ကာကွယ်ပေးနိုင်ခဲ့သည်..။ သို့သော်လည်း အဆိုပါနှစ်ကြိမ်စလုံးမှာ ပေးဂိုးအဖြစ် ပြောင်းလဲသွားခဲ့သည်..။ ပထမအကြိမ် ကာကွယ်မှုအဖြစ် ဝုလ်ဖ်အသင်း နောက်ခံလူ ရိုမိန်း ဆိုက်စ် ၏ ထောင့်ကန်ဘောမှ ခေါင်းတိုက်ချက်ကို ပုတ်ထုတ်နိုင်ခဲ့သော်လည်း တန်မီ အေဘရာဟမ် နှင့်ထိပြီး ဂိုးဝင်သွားခဲ့သလို ဒုတိယအကြိမ်တွင် မတ် ဒိုဟာတီ ၏ ညာတောင်ပံ ဖြတ်တင်ဘောကို ပက်ထရစ် ကတ်ထရိုးနီး ၏ ရှေ့တည့်တည့်ရောက်အောင် ပုတ်ထုတ်ခဲ့ပြန်သည်..။
ထို့နေ့ကပွဲစဉ်တွင် ချေပဂိုးများ ပေးလိုက်ရသည့်အချိန်တွင် ချယ်လ်ဆီးအသင်းမှာ ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့ပြီး ဖြစ်သောကြောင့် ပွဲအပေါ် သက်ရောက်မှု နည်းပါးခဲ့သလို လူငယ်တိုက်စစ်မှူး တန်မီ အေဘရာဟမ် ၏ ခြေစွမ်းအပေါ် အားလုံးက အာရုံကျခဲ့သဖြင့် စပိန်ဂိုးသမားမှာ သက်သာရာရခဲ့သည်..။ သို့သော် ဖရန့် လမ်းပတ် ၏ အသွင်သစ်ချယ်လ်ဆီးအသင်းမှာ ထိပ်ဆုံးခြောက်သင်းနှင့် ချန်ပီယံလိဂ် ဝင်ခွင့်အိပ်မက်ကို အသက်ဆက်လိုပါက ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ အနေဖြင့် ယခုတစ်ပါတ် တနင်္ဂနွေနေ့ လီဗာပူးလ် အသင်းနှင့်ပွဲစဉ်မှ ပြန်လည်စတင်ပြီး ယခုထက်ပိုမို ကောင်းမွန်သည့် လက်စွမ်းနှင့် ကာကွယ်မှုများ ပြုလုပ်ပေး၊ ပြသပေးနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း တင်ဆက်လိုက်ရပါသည်..။
#FRANK
(Squawka မှ ဆောင်းပါးရှင် Harry Edwards ၏ ‘Why Chelsea’s biggest defensive problem so far this season might actually be Kepa Arrizabalaga’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)