ပြစ်ဒဏ်ကျခံမှုတွေ..၊ စိတ်ပျက်မှုတွေ.၊ ပူပန်မှုတွေ..၊ မတင်မကျမှုတွေနဲ့ စတင်လာခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပဲ့ကိုင်ရှင် မာရီယာနာ ဂရာနော့ဗ်ကီးယား တို့ရဲ့ နွေရာသီကာလဟာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ (၅) နှစ်သက်တမ်း စာချုပ်သစ် သဘောတူညီနိုင်မှုနဲ့အတူ တစ်ခန်းရပ်သွားခဲ့ပါပြီ..။ ကာလရှည်ကြာ လိပ်ခဲတင်းလည်း ဖြစ်နေတဲ့ အကျပ်အတည်းတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့အပေါ် မာရီယာနာ အနေနဲ့ ထူးထူးခြားခြား အောင်ပွဲခံနေမှာ မဟုတ်သလို စတန်းဖို့ဒ် ဘရစ်ချ် က သူ့ရဲ့ရုံးခန်းထဲမှာလည်း ဘယ်သူကမှ လက်ဝါးချင်းရိုက် အော်ဟစ်နေကြမှာ မဟုတ်ကြပါဘူး..။ ဒါပေမယ့် ကြာသာပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ တစ်ပါတ်ကို စတာလင်ပေါင် (၁၂၀,၀၀၀) လစာ၊ ငါးနှစ်သက်တမ်း သဘောတူညီနိုင်ခဲ့ကြောင်း (Goal သတင်းဌာနကတော့ တစ်ပါတ်ကို စတာလင်ပေါင် (၁၈၀,၀၀၀) လို့ ပြောပါတယ်..) အသင်းရဲ့ တရားဝင် ကြေငြာချက်ဟာ အကျပ်အတည်းတွေ..၊ စိတ်ပျက်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နွေရာသီကာလအတွက် လှပတဲ့ အဆုံးသတ်နိဂုံးလို့ ပြောရမှာပါ..။
(၁)
မာရီယာနာ ဂရာနော့ဗ်ကီးယား ဟာ အင်မတန်မှ သွေးအေးပြီး တည်ငြိမ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ နွေရာသီအဖွင့်ကာလမှာ အီဒင် ဟာဇက် ဟာ သူမနဲ့ ချယ်လ်ဆီးပရိသတ်တွေ မကြားချင်ဆုံး သတင်းစကားဖြစ်တဲ့ ရီးရဲလ် မက်ဒရစ် အသင်းကို ပြောင်းရွှေ့ချင်တဲ့အကြောင်း ဖွင့်ဟလိုက်ချိန်မှာလည်း ပြာယာခတ် မသွားခဲ့ပါဘူး..။ ဒါ့အပြင် အခုနောက်ဆုံးပိတ် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ သဘောတူညီမှု ရခဲ့တဲ့အပေါ်မှာလည်း ထူးထူးခြားခြား ပျော်ရွှင်နေခဲ့မှာ မဟုတ်ပါဘူး..။ အခြေအနေအရပ်ရပ်အပေါ် တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်၊ ရှုမြင်၊ သုံးသပ်နိုင်ခဲ့ခြင်းဟာ သူမရဲ့ အဖိုးတန်ဆုံး အရည်အချင်းတစ်ခု ဖြစ်တယ်လို့ သူမနဲ့ နီးစပ်တဲ့သူအချို့က ပြောကြပါတယ်..။ သူမဆီကိုပေးပို့တဲ့ ချီးကျူးစကားတွေကို သတိထားပြီး တုံ့ပြန်တတ်သလို သတင်းဆိုးတွေကိုလည်း အလုပ်တွေရဲ့ သဘောသဘာဝ..၊ တစိတ်တပိုင်းအဖြစ် ရှုမြင်တတ်တယ်လို့ သိရပါတယ်..။
အဲဒီလိုတည်ငြိမ် ပြတ်သားမှုကို သက်သေပြခဲ့တဲ့ ဖြစ်ရပ်ကတော့ ရီးရဲလ် မက်ဒရစ်နဲ့ ဘေယန် မြူးနစ် တို့ရဲ့ ချဉ်းကပ်မှုတွေကို တုံ့ပြန်ခဲ့တဲ့ပုံစံပါပဲ..။ စပိန်ဘီလူးကြီးဟာ ဘယ်လ်ဂျီယမ် ကွင်းလယ်ဖန်တီးရှင်ကို အချိုအချောင် ရခဲ့လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် နောက်ဆုံးမှာ မစောင့်နိုင်တော့ပဲ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ကစားသမား တစ်ယောက်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း (၁၃၀) ပေးပြီး သဘောတူညီမှု ရရှိအောင် အလျှင်အမြန် လိုက်လျောခဲ့ရပါတယ်..။
အလားတူပါပဲ..။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကို မဖြစ်မနေ ရောင်းချဖြစ်အောင် ဘေယန် မြူးနစ်အသင်းဟာ အတင်းကိုတွန်းတွန်းထိုးထိုး ငြာသံပေးခဲ့သလို လူငယ်တောင်ပံ ကစားသမား ကိုယ်တိုင်က ပြောင်းရွှေ့ခွင့် တောင်းခံခဲ့ပါတယ်..။ ဒါပေမယ့် မာရီယာနာ ဟာ ခေါင်းမာမာနဲ့ တင်းခံနေခဲ့ပြီး နောက်ခုနှစ်လအကြာမှာတော့ တောင်ပံကစားသမားလေးကို ကာလရှည် စာချုပ်နဲ့ ဆွဲစိနိုင်ခဲ့ပါပြီ..။
ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ အနာဂတ်မှာ တောက်ပလိမ့်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ အကယ်ဒမီထွက် ကစားသမားတွေထဲက ရူဘင် လော့ဖ်တပ်စ် ချိခ်၊ မေဆန် မောင့်..၊ ဘီလီ ဂေလ်မား တို့အပြီး အခုနှစ်အတွင်း အသင်းနဲ့သက်တမ်းတိုးနိုင်ခဲ့တဲ့ စတုတ္ထမြောက် ကစားသမား ဖြစ်ပါတယ်..။ ဒါ့အပြင် တန်မီ အေဘရာဟမ်၊ ဖီကာရို တိုမိုရီ နဲ့ ရီစီ ဂျိမ်းစ် တို့ဟာလည်း မကြာခင်မှာပဲ အသင်းနဲ့စာချုပ်သက်တမ်းတွေ အသီးသီးတိုးနိုင်ကြဖို့ နီးစပ်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်..။ မကြာသေးတဲ့ ကာလအထိ အသင်းကနေ လူငယ်ကစားသမားတွေ အတုံးအရုံး ထွက်ခွာတော့မယ်လို့ အားလုံးကထင်မှတ်ခဲ့ကြတဲ့ (၈) လ အတွင်းမှာ မာရီယာနာ တို့ဟာ အသင်းရဲ့အနေအထားကို ပြောင်းပြန်လှန်ပစ်လိုက်တာလို့ ပြောနိုင်ပါတယ်...။
(၂)
တကယ်တော့ ဒီနှစ်နွေရာသီကာလဟာ မာရီယာနာ တို့အတွက် စိန်ခေါ်မှု အများအပြားနဲ့ ပူပြင်းခဲ့တဲ့ နွေရာသီတစ်ခု ဖြစ်ခဲ့ပါတယ်..။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ အပြောင်းအရွှေ့ ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်နဲ့ စတင်ခဲ့ပြီးနောက် အသင်းရဲ့ ကြယ်ပွင့်ကစားသမား အီဒင် ဟာဇက် နဲ့ နည်းပြ မော်ရစ်ဇီယို ဆာရီ တို့ကို ကိုးရက်အတွင်း ရှေ့ဆင့်၊ နောက်ဆင့် ဆုံးရှုံးခဲ့ရပါတယ်..။ အီဒင် ဟာဇက် ကို ဆုံးရှုံးခဲ့ရတာဟာ ချယ်လ်ဆီးပရိသတ်တွေအတွက် ဒဏ်ရာတစ်ခု ဖြစ်ခဲ့ရသလို အဲဒီအနာကျက်ဖို့ အချိန်ကာလတစ်ခု စောင့်ရလိမ့်မယ်..၊ စိတ်ရှည်သည်းခံကြရမယ်ဆိုတာကို လက်ရှိအသင်း ကြုံတွေ့နေရတဲ့ ရလဒ်တွေအရ သိနိုင်ပါလိမ့်မယ်..။
ဒါပေမယ့် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုး သဘောတူညီနိုင်ခဲ့မှုကတော့ အသင်းပရိသတ်အတွက် မာရီယာနာ ဆောင်ယူပေးခဲ့တဲ့ သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ..။ ဒါ့အပြင် မနေ့က ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေငြာချက်ဟာ စိတ်ပျက်စရာ ဆုံးရှုံးမှုတစ်ခု ဖြစ်လာနိုင်တဲ့ ကိစ္စရပ်တစ်ခုကို လှပတဲ့အဆုံးသတ် နိဂုံးတစ်ခုအဖြစ် လှလှပပ ပြောင်းလဲပေးနိုင်ခဲ့တဲ့ မာရီယာနာ ရဲ့ ‘အောင်ပွဲ’ တစ်ခုလို့ ဆိုရင်လည်း မမှားနိုင်ပါဘူး..။
မာရီယာနာ ဟာ မီဒီယာတွေ.၊ သတင်းတွေ..၊ မီးမောင်းတွေ..၊ အာရုံစိုက်ခံရမှုတွေကို ခုံမင်တဲ့သူ မဟုတ်ပဲ သိုသိုသိပ်သိပ် နေလ့ရှိပါတယ်...။ ဒါပေမယ့် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ ရူဘင် လော့ဖ်တပ်စ် ချိခ်၊ မေဆန် မောင့်..၊ နည်းပြဖရန့် လမ်းပတ်.. စတဲ့ အသင်းနဲ့ သဘောတူညီရတဲ့ ကစားသမားတိုင်း၊ နည်းပြတိုင်းဟာ သူမနဲ့အတူ ဓါတ်ပုံရိုက်..၊ ကြေငြာချက်တွေ ထုတ်ပြန်ခဲ့ရတာကို ကြည့်ခြင်းအားဖြင့် သူမဟာ ချယ်လ်ဆီးအသင်းကို ကိုယ်စားပြုနေတဲ့သူအဖြစ် ရောက်ရှိနေတာ သိသာ၊ ထင်ရှားပါတယ်..။
(၃)
ပြီးခဲ့တဲ့ မေလမှာပဲ သူမဟာ ဒေးဗစ် လူးဝစ်ဇ် နဲ့ လက်ဆွဲနှုတ်ဆက်ပြီး အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ကြောင်း အားလုံးကို အသိပေးခဲ့ပါတယ်..။ ဒါပေမယ့် သုံးလပဲ ကြာပါတယ်..၊ အပြောင်းအရွှေ့ရာသီ မပိတ်ခင်လေးမှာတင် သူဟာလန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို ပြောင်းရွေ့ချင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတော့တယ်..။ မမျှော်လင့်တဲ့ အဲဒီအလှည့်အပြောင်းအပေါ် သစ္စာဖောက်မှုအဖြစ် ချယ်လ်ဆီးပရိသတ်တွေက ရှုမြင်ခဲ့ကြပေမယ့် မာရီယာနာ ကတော့ လျှင်လျှင်မြန်မြန်ပဲ အဖြေရှာနိုင်ခဲ့ပါတယ်..။ အဲဒီလို မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ကြောင့် မနှစ်ကရာသီကုန်ချိန်မှာ အသင်းကနေ ပြောင်းရွှေ့ကြေးမဲ့ လက်လွှတ်ထွက်ခွာသွားခြေ ရှိနေခဲ့တဲ့ အသက် (၃၂) နှစ်အရွယ် ဘရာဇီးလ် နောက်ခံလူအတွက် ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေးပေါင် (၈) သန်း အရယူနိုင်ခဲ့ပါတယ်.။
ဒီနှစ်နွေရာသီကာလအတွင်း မာရီယာနာ ဟာ အပြောင်းအရွှေ့ ဈေးကွက်တစ်ခုထဲကနေ အသင်းအတွက် စတာလင်ပေါင် သန်း (၂၀၀) နီးပါး ရှာဖွေပေးနိုင်ခဲ့သလို ဒေးဗစ် လူးဝစ်ဇ် ထွက်ခွာသွားခဲ့ခြင်းဟာ အသက် (၂၁) နှစ်သား တိုမိုရီ အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ လူငယ်အကယ်ဒမီ နောက်ခံလူ ကစားသမားလေးဟာ ချယ်လ်ဆီးအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးကို လှပတဲ့အဝေးကန်ချက်နဲ့ သွင်းယူပေးနိုင်ခဲ့တဲ့ချိန်မှာ ဘရာဇီးလ် နောက်ခံလူကတော့ အာဆင်နယ်အသင်းမှာ သူ့ကြောင့်ပေးလိုက်ရတဲ့ ဒုတိယမြောက် ပင်နယ်တီအဖြစ် ဝက်ဒ်ဖို့ဒ်အသင်းကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် အကောင်းဆုံး လူငယ်ကစားသမားတွေကို ယုံကြည်အားထားမယ်ဆိုတဲ့ အရွေ့တစ်ခုဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံရတဲ့ ပြစ်ဒဏ်ကြောင့် ပိုပြီးမြန်ဆန်လာခဲ့ရပါတယ်..။ ဒါ့အပြင် အဲဒီပြစ်ဒဏ်ကြောင့် သူမဟာ သောင်းခြောက်ထောင်သော အေးဂျင့်တွေဆီက မရပ်မနား ဝင်လာတဲ့ ဖုန်းခေါ်ဆိုမှုဒဏ်တွေကနေလည်း ခဏတာ ကင်းလွတ်ခွင့် ရခဲ့ပါတယ်..။ တကယ်တော့ အဲဒီအရွေ့တစ်ခုကို အကောင်အထည် ဖော်ဖြစ်ခဲ့တယ်… ဆိုတာဟာ အရွေ့တစ်ခုကို လျှောက်လှမ်းချင်နေတဲ့ အသင်းရဲ့ဆန္ဒကြောင့်ပဲ စတင်ခဲ့ရတာ ဖြစ်ပါတယ်.။
(၄)
မနှစ်က ဘောလုံးရာသီအတွင်း၊ စတန်းဖို့ဒ် ဘရစ်ချ် ပွဲကြည့်စင်တွေအထိ ရောက်ရှိလာတဲ့ ‘F*** Sarri ball’ ဆိုတဲ့ ဆဲဆိုသံတွေ..၊ ကြွေးကြော်သံတွေဟာ အသင်းနဲ့ပရိသတ်တွေကြားမှာ ဝေးကွာနေတဲ့ ဆက်ဆံရေးကို ပြသနေခြင်းဖြစ်တယ်လို့ သူမတို့ဘက်က ရှုမြင်ခဲ့ကြပါတယ်..။ ဒါတွေကို ပြင်ဆင်ရပါမယ်..
အဲဒီအတွက် ပထမဆုံးခြေလှမ်းကတော့ ပီတာ ချက် ကို technical and performance advisor အဖြစ် ခန့်အပ်လိုက်ခြင်းပါပဲ..။ ဒုတိယခြေလှမ်းအဖြစ် ဖရန့် လမ်းပတ် ရဲ့ အိမ်အပြန်ခရီးကို အကောင်အတည် ဖော်ခဲ့ပြီး သူမတို့ရဲ့အနာဂတ် အိပ်မက်တွေကို အသက်သွင်းခဲ့ပါတယ်..။ အခုတစ်ကြိမ် သူတို့လှမ်းလျှောက်နေတဲ့ ခြေလှမ်းများဟာ အရင်တုန်းက ပုံစံတွေနဲ့ ခြားနားလှပါတယ်..။ တကယ်တော့ ဆာရီ ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ဖရန့် လမ်းပတ် ကို ရွေးချယ်ခဲ့ခြင်းဟာ စွန့်စားမှု ကြီးမားသလို အချိန်ပေးဖို့ လိုအပ်လိမ့်မယ်ဆိုတာ သူမတို့တစ်တွေ မသိပဲမရှိပါဘူး..။ ဒါ့ကြောင့်ဖရန့် လမ်းပတ် ကို ခေါ်ယူဖို့ ဒါဘီအသင်းဆီ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လိုက်တဲ့ခြင်း ဆိုသည်မှာ ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ညာလက်ရုံး..၊ ချယ်လ်ဆီးအသင်း ပဲ့ကိုင်ရှင်ရဲ့ နောက်ခြေလှမ်းများဟာ ပရိသတ်တွေဆန္ဒကို လိုက်လျောခြင်း ဆိုတာထက်ပိုတယ် ဆိုတဲ့အဓိပ္ပါယ်လည်း ဖြစ်ခဲ့ပါတယ်..။
ဒီနှစ်ဘောလုံးရာသီ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကြုံတွေ့နေရတဲ့ အခြေအနေအရပ်ရပ်ကြောင့် လက်ရှိအချိန်မှာ ဖရန့် လမ်းပတ် သာလျှင် အသင့်တော်ဆုံးဖြစ်မယ်လို့ လက်ခံခဲ့ပြီး အသက် (၄၁) နှစ်သား ဂန္ထဝင်ကွင်းလယ် ကစားသမားဟောင်းရဲ့ မီဒီယာတွေနဲ့ မိတ်ဆက်ပွဲကို ဂုရုကြီးနှစ်ပါးဖြစ်တဲ့ မာရီယာနာ ဂရာနော့ဗ်ကီးယား နဲ့ ဥက္ကဌ ဘရုစ် ဘတ်ခ် တို့ နှစ်ယောက်စလုံး တက်ရောက်ခဲ့ပြီး ဖရန့် ရဲ့ မီဒီယာတွေနဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်ခဲ့တဲ့အပေါ် ကျေနပ်ခဲ့ကြပါတယ်..။
ရိုမန် အေဘရာမိုဗစ်ချ် အသင်းကိုဝယ်ယူပြီးတဲ့ အချိန်ကတည်းက ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲ့ဟာ တကယ့်အကောင်းဆုံးဆိုတဲ့ ဒိတ်ဒိတ်ကျဲ နည်းပြတွေကိုပဲ ရွေးချယ်ခန့်ထားခဲ့ပါတယ်…။ ဒါ့ကြောင့်သူတို့တွေဟာ ဘုတ်အဖွဲ့.၊ ဥက္ကဌ.. ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ကိုယ်မှန်တယ်ထင်ရင် ကြုံရင်ကြုံသလို လှမ်းပြီးတိုက်ခိုက်တတ်တဲ့ ဟိုဆေး မော်ရင်ဟို၊ အန်တိုနီယို ကွန်တီ နဲ့ မော်ရစ်စ်ဇီယို ဆာရီ တို့လို ကိုယ်ပိုင်ဟန်..၊ ကိုယ်ပိုင်စတိုင်လ် ရှိနေကြတဲ့ နည်းပြတွေနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်..။ ဒါပေမယ့် ဖရန့် လမ်းပတ် ရဲ့ မိတ်ဆက် သတင်းစာ ရှင်းလင်းပွဲ ပြီးသွားတဲ့အချိန် ဒီလိုအဖြစ်မျိုး ထပ်ကြုံရဖို့ မရှိသေးဘူးဆိုတာကို သူတို့တွေ တထစ်ချ ယုံကြည်သွားနိုင်ခဲ့ပါတယ်..။
(၅)
ဖရန့် လမ်းပတ် ဟာ ဂရာနော့ဗ်ကီးယား နဲ့အတူ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အနီးကပ်ပူးပေါင်းပြီး လက်တွဲသွားမှာဖြစ်ကြောင်း ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာကတည်းက လူသိရှင်ကြား အတည်ပြု ပြောကြားသလို အခုလို ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ သွေးသစ်လေးတွေကို တစ်ယောက်ပြီးတစ်ယောက် သက်တမ်းတိုးချိန်မှာလည်း သူတို့နှစ်ယောက်ရဲ့ တွဲဖက်ညီမှုတွေကို တွေ့ခဲ့ရပါတယ်..။
ထင်ရှားတဲ့ သာဓကအနေနဲ့ဆိုရင် နည်းပြဆာရီ ကိုင်တွယ်စဉ်က မာရီယာနာ ဟာ ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ သူ့ရဲ့ုကိုယ်စားလှယ်တွေနဲ့ ဘယ်လိုမှ ညှိနှိုင်းလို့ မရနိုင်ခဲ့ပါဘူး..။ ဒါပေမယ့် လမ်းပတ် ကတော့ အိုဒွိုင်း ကို သီးခြားဖုန်းဆက်ပြီး ကာလန် ဟာ သူ့အတွက် အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေဦးမှာ ဖြစ်တဲ့အကြောင်း အာမခံချက် ပေးခဲ့ပါတယ်..။ ဒါ့အပြင် လူငယ်တောင်ပံ ကစားသမားကို အသင်းမှာဆက်ပြီး ရှိနေစေချင်တဲ့အကြောင်း မကြာခဏ လူသိရှင်ကြား ပြောကြားခဲ့ပါတယ်..။
အခုလို လူငယ်တွေအတွက် အသင်းကြီးဆီကို တံတားခင်းပေးတဲ့နေရာမှာ လက်ထောက်နည်းပြ ဂျိုဒီ မောရစ်စ် နဲ့ လူငယ်အသင်းကနေ ခေါ်ယူခဲ့တဲ့ ဂျိုး အက်ဒ်ဝဒ် တို့ကလည်း အကောင်းဆုံး ပေါင်းကူးပေးနိုင်ခဲ့ပါတယ်..။ သူတို့တွေရဲ့ အဓိကတာဝန်တစ်ရပ်ကတော့ အရင်မန်နေဂျာ အဆက်ဆက်ကြောင့် လောင်ကျွမ်းခဲ့တဲ့ လူငယ်အသင်းတွေနဲ့ အသင်းကြီးရဲ့ကြားက ပေါင်းကူးတံတားကို ပြန်လည်တည်ဆောက်ပေးမယ့် တာဝန်လည်း ပါခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့သုံးယောက်စလုံးဟာ လက်စ်တာ အသင်းနဲ့ပွဲမကန်ခင် တစ်ရက်အလိုမှာ ယှဉ်ပြိုင်ခဲ့တဲ့ လူငယ်အသင်း (အသက် ၁၈ နှစ်အောက်) ရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်..။ ဒါ့အပြင်ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်တွေကြောင့် အနားရနေတဲ့ ကာလ (international break) မှာလည်း လမ်းပတ်၊ မောရစ်စ် နဲ့ အက်ဒ်ဝဒ် တို့ဟာ လူငယ်အကယ်ဒမီ မန်နေဂျာ နီးလ် ဘတ်၊ အကယ်ဒမီ နည်းပြတွေနဲ့အတူ ဘီယာသောက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်..။
(၆)
အရင်တစ်ပါတ် စနေနေ့က အေဘရာဟမ်၊ မောင့် နဲ့ တိုမိုရီ တို့ရဲ့ သွင်းဂိုးတွေနဲ့ Molineux ကစားကွင်းမှာ ဝုလ်ဖ် အသင်းကို အနိုင်ယူခဲ့တဲ့အချိန်မှာ လူငယ်အကယ်ဒမီ အသီးအပွင့်များကို ခံစားရပြီဆိုတဲ့ အသိစိတ်နဲ့ ချယ်လ်ဆီးပရိသတ်တွေရဲ့ အပျော်ဟာ အတောမသတ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်..။ ဒါပေမယ့် နောက်ထပ်သုံးရက်အကြာ.. ဗလင်စီယာ အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ အခြေအနေမှန်ကို လက်ခံ၊ နားလည်ပေးရမယ့်ပုံ တွေ့ခဲ့ရပြန်ပါတယ်..။ ဒါ့ကြောင့်လောလောဆယ် အနေအထားမှာ ဆုဖလားတွေ အောင်မြင်မှုတွေကို ရနိုင်မယ်ဆိုတဲ့ အာမခံချက်မျိုး ပေးနိုင်ဦးမှာ မဟုတ်ပေမယ့် ချယ်လ်ဆီးပရိသတ်တွေဟာ နှစ်ပေါင်းများစွာ တောင့်တခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းက မွေးဖွားတဲ့ ‘Blue Blooded Chelsea’ ကို ပြန်လည်ရရှိခဲ့ပြီ ဆိုတာပါပဲ..။
တကယ်တော့ ချယ်လ်ဆီးအသင်းဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလကို အခက်အခဲတွေ..၊ စိတ်ပျက်မှုတွေ..၊ အားလျော့မှုတွေနဲ့ စတင်ခဲ့ပေမယ့် အဆုံးသတ်ချိန်မှာတော့ မာရီယာနာ ဂရာနော့ဗ်ကီးယား ဟာ အပြာရောင်ချယ်လ်ဆီးတို့ရဲ့ ရေရှည်အနာဂတ်အတွက် အမာခံပျိုးခင်းကို တစ်ပြားတစ်ချပ်မှ မကုန်လိုက်ပဲနဲ့ အကောင်းဆုံး စတင်ပေးနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့အတွက် အခက်အခဲတွေကြားက အကောင်းဆုံး နွေရာသီကာလတစ်ခု ဖြစ်ခဲ့ရပါတယ်..။ အဲဒီလိုအခက်အခဲတွေကြားကနေ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တဲ့ စွမ်းရည်တွေကြောင့်ပဲ ရိုမန် အေဘရာမိုဗစ်ချ် ဟာ သူအင်မတန် ချစ်မြတ်နိုးရတဲ့ ချယ်လ်ဆီးအသင်းကို သူမရဲ့လက်ထဲ အလုံးစုံ ဝကွက်ပြီး ယုံကြည်စွာ အပ်နှံထားခြင်းဖြစ်တဲ့အကြောင်း တင်ဆက်လိုက်ပါတယ်..။
#FRANK
(The Telegraph မှ ဆောင်းပါးရှင် Matt Law ၏ ‘Chelsea's feel-good summer owes much to director Marina Granovskaia's level head as Callum Hudson-Odoi pledges future’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)