feature-image

သူတို့ပြောပြတဲ့ ချယ်လ်ဆီး နဲ့ လီဗာပူးလ် တို့အကြောင်း

ယနေ့ည (၁၀း၀၀) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားမည့် ချယ်လ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့၏ စတန်းဖို့ဒ် ဘရစ်ချ် ပွဲစဉ်မတိုင်မီ Sky Sports ရုပ်သံတင်ဆက်သူများဖြစ်သည့် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံံလူဟောင်း ဂယ်ရီ နဗီးလ် တို့က သက္ကရာဇ် ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် ချယ်လ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည့် ပွဲကြီးပွဲကောင်း Classics ပွဲစဉ်များမှ အမှတ်တရ ဖြစ်ရပ်များကို ယခုလို ပြောကြားခဲ့ကြသည်..။


(၁)


#ဂယ်ရီ_နဗီးလ် - အခုလာမယ့် တနင်္ဂနွေမှာ ဒီတစ်ပါတ်ရဲ့ Big Match ပွဲကြီးပွဲကောင်းတစ်ပွဲအဖြစ် ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်..။ အဲဒီပွဲမတိုင်ခင် အမှတ်တရအဖြစ် အရင်တုန်းက ယှဉ်ပြိုင်ခဲ့တဲ့ ပွဲကြီးပွဲကောင်းတွေထဲက အမှတ်ရစရာ ဖြစ်ရပ်တွေကို ပြန်ပြီး ဆွေးနွေးသွားကြမှာပါ..။ ဒီအကြောင်းတွေကို ပြောပြပေးဖို့ဆိုရင် အခုကျွန်တော်နဲ့အတူ ရှိနေတဲ့ ဂျေမီ ကာရေဂါ ထက်ပိုပြီး ထဲထဲဝင်ဝင် ပြောပြနိုင်မယ့်သူ များများစားစား ရှိမှာမဟုတ်ပါဘူး..။ ကဲ.. ဂျေမီ ရေ.. ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ၁၉၉၇ ခုနှစ်ကို ပြန်ပြီးသွားလိုက်ကြရအောင်…




၁၉၉၇၊ လီဗာပူးလ် ၄ - ၂ ချယ်လ်ဆီး

#ဂျေမီ_ကာရေဂါ - အား… ဒီပွဲက ကျွန်တော့်ရဲ့ ပထမဦးဆုံးအကြိမ် ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ဖူးတာပါ..။ အန်ဖီးလ်ကွင်းမှာ ကျွန်တော်တို့ ၄ဂိုး - ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်ဟာ ပေါလ် အင့်စ်၊ ပက်ထရစ် ဘာဂါ တို့နဲ့အတူ ကွင်းလယ်မှာ ကစားခဲ့ရပါတယ်..။ ပေါလ် အင့်စ် က သူ့ကိုသူ attacking midfielder အနေနဲ့ ယူဆနေတော့ ကျွန်တော်က ကွင်းလယ်အဖျက် နေရာက ကစားခဲ့ရတာပေါ့ဗျာ..။ ပက်ထရစ် ဘာဂါ က နှစ်ဂိုးလား..? သုံးဂိုးလား သွင်းခဲ့တယ်ဗျ..။ ဒီပွဲနဲ့ ပတ်သက်ပြီး အမှတ်ရမိတဲ့အရာက ရုဒ် ဂူးလစ် ပါ..။ အဲဒီပွဲမှာ သူဟာ ကစားသမား မန်နေဂျာပေါ့..၊ ဒါ့ကြောင့်လူစားဝင် ကစားသမား စာရင်းထဲမှာ ပါပါတယ်..။ ချယ်လ်ဆီးဘက်က စောစောစီးစီး တစ်ယောက် အထုတ်ခံရတယ်.. (ဘားနက်ဒ် လန်ဘော်ဒီ)..။ အဲဒီမှာသူက သွေးပူလေ့ကျင့်ခန်းတောင် မလုပ်ပဲ အကျီလဲပြီး ချက်ချင်းဝင်ကစားခဲ့တာ…၊ တကယ့်ကို မယုံနိုင်စရာပဲဗျ..။


၂၀၀၃၊ ချယ်လ်ဆီး ၂ - ၁ လီဗာပူးလ်

#ဂယ်ရီ_နဗီးလ် - အခုနောက်တစ်ပွဲက ၂၀၀၃ ခုနှစ်မှာ ချယ်လ်ဆီးအသင်းက အနိုင်ရသွားခဲ့တဲ့ပွဲပေါ့..။ အဆုံးအဖြတ် အနိုင်ဂိုးကို ဂျက်စ်ပါ ဂရွန်းဂျား သွင်းယူသွားခဲ့တာပါ..။ လျှင်မြန်လှတဲ့ တောင်ပံကစားသမားဖြစ်တဲ့ သူ့ကိုကျွန်တော်နဲ့ ခင်ဗျားတို့ မကြာခဏ ရင်ဆိုင်ခဲ့ရဖူးပါတယ်..။


#ဂျေမီ_ကာရေဂါ - အဲဒီပွဲက ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်ပါ..။ အနိုင်ရမယ့်အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်..။ ကျွန်တော်တို့နှစ်သင်းစလုံးမှာ အခွင့်အရေး ရှိနေပါတယ်..။ ကျွန်တော့်အထင်က အဲဒီပွဲဟာ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်ကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က သူတို့အသင်းက အတော်လေး ယိုင်နေတဲ့ အခြေအနေ ရောက်နေခဲ့ပါတယ်..။ နောက်တော့ ရိုမန် အေဘရာမိုဗစ်ချ် ရောက်လာခဲ့ပါတယ်..။ ဒီပွဲမတိုင်ခင် ဖရန့် လမ်းပတ်၊ ဂျွန် တယ်ရီ တို့နဲ့ ကျွန်တော်စကားပြောခဲ့ပါသေးတယ်..။ အဲဒီပွဲကိုမှ အနိုင်မရဘူးဆိုရင် သူတို့တော့ ဒုက္ဓရောက်ပြီလို့ ပြောခဲ့ကြပါတယ်..။

#ဂယ်ရီ_နဗီးလ် - အဲဒါဆိုရင် ရိုမန် အေဘရာမိုဗစ်ချ် ချယ်လ်ဆီးအသင်းကို ဝယ်ယူဖြစ်ခဲ့တာ ခင်ဗျားတို့ကြောင့်ပေါ့.. အဲဒီလိုလား..? နောက်ပိုင်းမှာ သူတို့အသင်းဟာ အသင်းကြီးတစ်သင်းအဖြစ် ကြီးထွားလာခဲ့ပြီး ကျွန်တော်တို့ဆီက အမှတ်ပေး ချန်ပီယံဆုတွေတောင် လုယူသွားခဲ့ပါတယ်..။ 


၂၀၀၃၊ လီဗာပူးလ် ၂ - ၁ ချယ်လ်ဆီး

#ဂယ်ရီ_နဗီးလ် - ၂၀၀၃ ခုနှစ်မှာပဲ နောက်ရာသီအစမှာ ချယ်လ်ဆီးအသင်းက ခင်ဗျားတို့ကို ထပ်ပြီးအနိုင်ရသွားခဲ့ပြန်ပါတယ်..။ ကျွန်တော်နဲ့အသင်းဖော်အဖြစ် ကစားခဲ့ဖူးတဲ့ ဂျူအန် ဆဗက်စတီယန် ဗီရွန် က အဲဒီပွဲ ဂိုးသွင်းခဲ့ပါသေးတယ်..။ ဟုတ်တယ်မလား…


#ဂျေမီ_ကာရေဂါ - အဲဒီပွဲက ရာသီအဖွင့်ပွဲစဉ်ဗျ..။ အေဘရာမိုဗစ်ချ် အသင်းကိုဝယ်ယူခဲ့အပြီး သူ့ရဲ့ပထမဆုံးပွဲ ဖြစ်သလို ချယ်လ်ဆီးအသင်းဟာ အန်ဖီးလ်ကွင်းမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်က နောက်ခံအစွန်လူအဖြစ် ကစားခဲ့ပါတယ်..။ ပွဲကန်နေရင်း စတိဗ် ဖင်နန် သွေးပူလေ့ကျင့်ခန်း ထပြီးလုပ်နေတာ မြင်လိုက်ပါတယ်.။ တကယ်တော့ ကျွန်တော်လည်း အဲဒီပွဲမှာ ခြေစွမ်းကောင်းနေပါတယ်..။ အဲဒါနဲ့ ဖီးလ် သွန်မဆင် (လက်ထောက်နည်းပြ) ဆီကို သွားပြီး ‘သူ့ကိုသွေးပူလေ့ကျင့်ခန်း လုပ်ခိုင်းနေတာ ကျွန်တော့်ကို ထုတ်မလို့မလား..? ကျွန်တော်မထွက်ချင်သေးဘူး..’ လို့ ပြောလိုက်ပါတယ်..။ သူက ‘မင်းမထွက်ချင်သေးဘူးပေါ့.. အိုကေလေ..’။ ဒါနဲ့သူက ကျွန်တော့်ကို center နေရာပြန်ထည့်ပြီး တခြားတစ်ယောက်ကို လူလဲလိုက်ပါတယ်.. ဟားဟား..


(၂)




၂၀၀၅၊ လီဗာပူးလ် ၂ - ၃ ချယ်လ်ဆီး

#ဂယ်ရီ_နဗီးလ် - ချယ်လ်ဆီအသင်းနဲ့ ခင်ဗျားတို့ကြားမှာ တကယ့်ကို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု (rivalry) စတင်ခဲ့တာ အဲဒီပွဲစဉ်…၊ ကာလင်းဖလား ဗိုလ်လုပွဲက စတင်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။


#ဂျေမီ_ကာရေဂါ - ‘Yes..’ ဟုတ်တာပေါ့ဗျာ..။ ဟိုဆေး မော်ရင်ဟို ရဲ့ ပထမဆုံး ဆုဖလားလည်း ဖြစ်ပါတယ်.။ ဒီပွဲနဲ့ ပတ်သက်တဲ့ ကြီးမားတဲ့ အမှတ်တရကတော့ ချယ်လ်ဆီးအသင်းက စတီဗင် ဂျရတ် ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့တာပဲဗျ..။ ဂျရတ် ကလည်း ချယ်လ်ဆီးကိုသွားဖို့ စဉ်းစားခဲ့ပါတယ်..၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က ချယ်လ်ဆီးဟာ တကယ့်ကို အကောင်းဆုံးအသင်းတစ်သင်း ဖြစ်နေခဲ့တာကိုးဗျ..။ ဘယ်သူ့မှ သူတို့ကို မနိုင်သလို ဟိုဆေး ဆိုတာ အဲဒီအချိန်က ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ ဖြစ်နေတယ်..၊ လူတိုင်းက သူ့အတွက် ကစားပေးချင်ကြတယ်..။ ဒါ့ကြောင့်သူက လီဗာပူးလ် ကိုလာပြီး ကျွန်တော်တို့လူကို အရနှိုက်နိုင်လိမ့်မယ်လို့ ထင်နေခဲ့ပါတယ်..၊ ဘယ်ရလိမ့်မလဲဗျာ… ဟားဟား..


၂၀၀၅၊ လီဗာပူးလ် ၁ - ၀ ချယ်လ်ဆီး

#ဂယ်ရီ_နဗီးလ် - အား… ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုး…၊ လူးဝစ် ဂါးစီးယား ရဲ့ အဲဒီဂိုးဟာ အကြီးအကျယ် ပြသနာတက်ခဲ့တဲ့ဂိုးပေါ့ဗျာ...။


#ဂျေမီ_ကာရေဂါ - ‘Ghost Goal’.. ဟိုဆေး ပြောပြောနေတဲ့ဂိုးပေါ့..။ ချန်ပီယံလိဂ်ဖလား၊ ဆီမီးဖိုင်နယ်၊ ဒုတိယအကျော့ ပွဲစဉ်ဖြစ်ပါတယ်..။ အန်ဖီးလ်ကွင်းမှာ ကျွန်တော်ပါဝင်ခဲ့ဖူးသမျှထဲက အကြီးကျယ်ဆုံး ပွဲစဉ်တစ်ပွဲလို့ ပြောလို့ရပါတယ်..။ ဒီပွဲစဉ်ကို မှတ်မိစရာ အကြောင်းတရားတွေ အများကြီး ရှိပါတယ်..။ ဒါ့ကြောင့်လည်း တခြားပွဲတွေထက်ပိုပြီး မှတ်မိနေတာပေါ့..၊ ဟိုဆေး လည်း အခုထိကို ဒီပွဲရဲ့အကြောင်း ပြောပြောနေတုန်းပါပဲ..

#ဂယ်ရီ_နဗီးလ် - တကယ်ရော ဂိုးဝင်ခဲ့ရဲ့လားဗျ..?

#ဂျေမီ_ကာရေဂါ - ဒိုင်လူကြီးက ဂိုးပေးခဲ့တာပဲလေ..၊ အဲဒါဂိုးဝင်လို့ပေါ့ဗျ..။ ‘တစ္ဆေဂိုး’ ဆိုတာကလည်း ဟိုဆေး ရဲ့ တစ္ဆေပါ..၊ ကျွန်တော်တို့အတွက် မဟုတ်ပါဘူး..။ လူတွေမေ့နေတဲ့အချက်က ဒိုင်လူကြီးက ပီတာ ချက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကို ဆက်ပြီးကစားခိုင်းခဲ့တာကိုပါ..။ ဒါမှမဟုတ်ရင် ပီတာ ချက် အထုတ်ခံရမယ်..၊ ကျွန်တော်တို့ကို ပင်နယ်တီလည်း ပေးရပါလိမ့်မယ်..။ ချယ်လ်ဆီးဘက်က ဒုတိယပိုင်းမှာ ကျွန်တော်တို့ကို တစ်ကွင်းလုံးတက်ဖိတယ်..၊ တိုက်စစ်တွေ တလုံးပြီးတလုံး.. ကျွန်တော်တို့လည်း ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နိုင်ခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ အစ္စတန်ဘူလ် အမှတ်တရပေ့ါဗျာ…


(၃)


၂၀၀၆၊ ချယ်လ်ဆီး ၁ - ၀ လီဗာပူးလ်

#ဂယ်ရီ_နဗီးလ် - ဂျေမီ ရေ.. အခုအောက်ကပုံထဲမှာပါတဲ့ ဒီဒီယာ ဒရော့ဘာ ရဲ့ ဂိုးကို မှတ်မိသေးရဲ့လား..?




#ဂျေမီ_ကာရေဂါ - ‘No.. No..’ အား.. ကျွန်တော်ဟာ ဒီဒီယာ ဒရော့ဘာ နဲ့ မကြာခဏ ရင်ဆိုင်ခဲ့ရပြီး ကျွန်တော်အကောင်းဆုံး ထိန်းနိုင်ခဲ့တဲ့ပွဲတွေ ရှိခဲ့ပါတယ်ဗျ..။ သူဟာလီဗာပူးလ်ကို ဂိုးတွေအများကြီး မသွင်းနိုင်ခဲ့ဘူး..။ ကျွန်တော်တို့ သူပါဝင်တဲ့ ချယ်လ်ဆီးနဲ့ ပွဲပေါင်း (၂၀) လောက် ကစားခဲ့တဲ့အထဲမှာ (၃) ဂိုးလောက်ပဲ သူသွင်းနိုင်ခဲ့ပါတယ်..။ အခုပွဲကတော့ ကျွန်တော်တို့ဘက်ကို သူဂိုးသွင်းပေးနိုင်ခဲ့တဲ့ ရှားရှားပါးပါး ပွဲတစ်ပွဲပေါ့ဗျာ..။ ဒီဒီယာ ဒရော့ဘာ ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး..။ အဲဒီလိုဂိုးမျိုးကတော့ဗျာ.. ခင်ဗျားတို့..၊ ကျွန်တော်တို့လို နောက်ခံလူတွေအနေနဲ့.. ဘာများပြောစရာ ရှိမှာလဲ..? ရင်ဘတ်နဲ့ထိန်းတယ်..၊ ပြန်အကျမှ တစ်ခါတည်းလှည့်ပြီး မြေမကျကန်သွင်းခဲ့တာ..


#ဂယ်ရီ_နဗီးလ် - ခင်ဗျားသူ့ကို နောက်ကနေ ပစ်ဝင်လိုက်တဲ့ timing ချိန်ကိုက်လွဲသွားတယ် မဟုတ်ဘူးလား..? သူဘောလုံးကျလာတဲ့အချိန်ကိုစောင့်ပြီး ဝင်ဖျက်ရင် မရနိုင်ဘူးလားဗျ..။ 

#ဂျေမီ_ကာရေဂါ - အဲဒီလို မဟုတ်ဘူးဗျ.. သူကရင်ဘတ်နဲ့ ခပ်ဝေးဝေးကို ရိုက်ထုတ်လိုက်တာ ပြီးမှခွာပြီး တစ်ခါတည်း ပတ်ကန်လိုက်တာ… ဂယ်ရီ.. ခင်ဗျားက အစွန်လူနေရာပဲ ကစားခဲ့တာပါ..၊ ဗဟိုခံစစ်မှူးတွေရဲ့ ဒုက္ဓတွေကို ခင်ဗျားမသိပါဘူး..။ တခါတလေကျတော့ နောက်ခံလူတွေအနေနဲ့ ဘယ်လိုမှမတတ်နိုင်ပဲ လက်ခံလိုက်ရတဲ့ သွင်းဂိုးတွေ ရှိပါတယ်..။




၂၀၀၈၊ ချယ်လ်ဆီး ၃ - ၂ လီဗာပူးလ်

#ဂယ်ရီ_နဗီးလ် - ဒီပွဲမှာတော့ အခုလက်ရှိ ချယ်လ်ဆီးအသင်း မန်နေဂျာ ဖရန့် လမ်းပတ် ရဲ့ပွဲပေါ့..၊ အဲဒီပွဲက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ပဲနော..


#ဂျေမီ_ကာရေဂါ - ‘Yes..’ ဟုတ်ပါတယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကို ကျွန်တော်တို့ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဥမတိုင်ခင် ရက်ပိုင်းလေးမှာပဲ ဖရန့် လမ်းပတ် ရဲ့အမေ ဆုံးပါးသွားခဲ့ပါတယ်..။ အဲဒီပွဲမှာ သူဟာတကယ့်ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆုံးပါးသွားတဲ့ မိခင်ကို ရည်ရွယ်ပြီး အရေးကြီးတဲ့ ပင်နယ်တီ တစ်လုံးကို ကန်သွင်းပေးခဲ့ပါတယ်..။ မျက်ရည်တွေနဲ့ ကန်သွင်းခဲ့တဲ့ ပင်နယ်တီကန်ချက်ပေါ့ဗျာ..။ ကျွန်တော်မှတ်မိသလောက် အဲဒီပွဲဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ချယ်လ်ဆီးအသင်း ကျွန်တော်တို့ကို ပထမဆုံးအကြိမ် စတင်အနိုင်ယူနိုင်ခဲ့ခြင်းပါပဲ..။ 




(၄)


၂၀၁၁၊ ချယ်လ်ဆီး ၀ - ၁ လီဗာပူးလ်

#ဂယ်ရီ_နဗီးလ် - ဖာနန်ဒို တောရက်စ်.. ခင်ဗျားတို့အသင်းကနေ သူထွက်သွားတဲ့အချိန် ခင်ဗျားတို့တွေစိတ်ထဲမှာ ဘယ်လိုနေခဲ့လဲဗျ..။ သူ့လိုကစားသမားမျိုးကို အသင်းကနေ ထွက်ခွာမသွားအောင် မတားဆီးနိုင်ခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်ခဲ့ရလား..?


#ဂျေမီ_ကာရေဂါ - ‘No..’ ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးအသင်ကို သွားမယ့်သူ့ကို ကျွန်တော်တို့ မတားချင်တော့လို့ပါ..။ ချယ်လ်ဆီးကို ထွက်ခွာမယ့်အချိန်ဟာ သူ့ရဲ့အကောင်းဆုံးအချိန် မဟုတ်တော့ဘူးဗျ.၊ ဒါ့ကြောင့် အဲဒီအချိန်က သူ့ကိုပေးခဲ့တဲ့ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၅၀) ဆိုတာ မယုံနိုင်စရာပါပဲ..။ အဲဒီအပြောင်းအရွှေ့ဟာ ဘောလုံးလောက တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ အပြောင်းအရွှေ့ပါ..။ ကျွန်တော်တို့အတွက် တုန်လှုပ်ခဲ့တယ်ဆိုတာ သူ့ကိုပေးခဲ့တဲ့ ပြောင်းရွှေ့ကြေးကိုပါ.။ ကျွန်တော်တို့ အသင်းနေ သူထွက်ချင်နေတယ်ဆိုတာ နွေရာသီကတည်းက ကျွန်တော်တို့သိခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း (၁၈) လလုံးလုံး သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို မပြနိုင်ခဲ့ပါဘူး.။ ဒီလိုနဲ့ ဇန်နဝါရီ ရောက်လာခဲ့ပါတယ်..။ ဖြစ်ချင်တော့ အဲဒီဘောလုံးရာသီမှာ ရှားရှားပါးပါး သူခြေစွမ်းပြနိုင်ခဲ့တဲ့ပွဲက ချယ်လ်ဆီးနဲ့ပွဲ ဖြစ်နေခဲ့ပြီး အန်ဖီးလ် မှာ ၂ - ၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူဟာနှစ်ဂိုးစလုံး သွင်းယူပေးခဲ့ပါတယ်..။




ဒါပေမယ့် အဲဒီတောရက်စ် ဟာ ကျွန်တော်တို့ဆီကို ရောက်ခဲ့စဉ်က တောရက်စ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ သိခဲ့ကြပါတယ်..။ ဒါ့အပြင် အန်စလော့တီ ဟာ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကျွန်တော်တို့နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ သူ့ကိုအသုံးပြုခဲ့တာ မှားယွင်းခဲ့တယ်လို့ မြင်ပါတယ်..။ သူဟာအခုမှ အသင်းသစ်ကို ရောက်တယ်..၊ ပြီးတော့ လီဗာပူးလ်အသင်းနဲ့ တကယ့်ပွဲကြီးပွဲကောင်းပါ.။ အဲဒီလို ဗွေဆော်ဦး အသင်းဟောင်းနဲ့ ပြန်ပြီးရင်ဆိုင်ရတဲ့ပွဲမှာ တာထွက်မလှခဲ့အပေါ် သူ့အတွက် စိတ်မကောင်း မဖြစ်မိပါဘူး..။ ဒါပေမယ့် အဲဒီပွဲက အရှိန်ဟာ သူ့ရဲ့ချယ်လ်ဆီးအသင်း သက်တမ်းတစ်လျှောက် ပါသွားခဲ့ပုံရပါတယ်..။


၂၀၁၃၊ လီဗာပူးလ် ၂ - ၂ ချယ်လ်ဆီး

#ဂယ်ရီ_နဗီးလ် - ဒီပွဲမှာတော့ တောရက်စ် ရဲ့အစား ခင်ဗျားတို့ခေါ်ယူခဲ့တဲ့ လူးဝစ်ဇ် ဆွာရက်ဇ် နဲ့ ပတ်သက်ပြီး အားလုံးက မှတ်မိနေကြဦးမှာပါ..


#ဂျေမီ_ကာရေဂါ - အဲဒီပွဲမှာ ဆွာရက်ဇ် က ပွဲပြီးခါနီး ချေပဂိုးသွင်းပေးခဲ့တယ်လို့ ထင်တယ်ဗျ.။ ဒါပေမယ့် သူနဲ့အိုင်ဗန်နိုဗစ် တို့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ကျွန်တော်တို့ မသိခဲ့ကြပါဘူး..။ အဝတ်လဲခန်းထဲ ရောက်တဲ့အချိန် အိုင်ဗန်နိုဗစ် ကို သူကိုက်ခဲ့တယ်ဆိုတဲ့ အသံတွေ ကြားနေရပြီ..၊ အဲဒါနဲ့ တစ်ယောက်ယောက်က သူ့ကိုမေးပါတယ်..။ သူငြင်းတယ်ဗျ..!! ကျွန်တော်ကတော့ အဲဒီဖြစ်ရပ် နောက်နှစ်မှာ လီဗာပူးလ် အသင်းကို အမှတ်ပေး ချန်ပီယံဆုနဲ့ လွဲချော်စေခဲ့တယ်လို့ ထင်ပါတယ်..။



ဘာဖြစ်လို့လဲဆိုတော့ အဲဒီဖြစ်ရပ်ကြောင့် ဆွာရက်ဇ် ဟာ ငါးပွဲ၊ ခြောက်ပွဲလောက် ပွဲပယ်ခံခဲ့ရပါတယ်..။ အဲဒီပွဲပယ် ပြစ်ဒဏ်ဟာ နောက်နှစ်အထိ ပါသွားခဲ့ပြီး သူဟာရာသီအစ သုံးပွဲ၊ လေးပွဲလောက် လွဲခဲ့တယ်လို့ ထင်တာပဲ..။ တကယ်တော့ အဲဒီအချိန်က ဆွာရက်ဇ် ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပြီး ပွဲတိုင်းလိုလို ဂိုးတွေသွင်းယူပေးနေတဲ့သူပါ..။ ဒါ့ကြောင့်သူမပါနိုင်ခဲ့တဲ့ အစောပိုင်း ပွဲစဉ်တွေမှာ လီဗာပူးလ် အသင်းဟာ ဆောက်ပ်သမ်တန် ကို တစ်ဂိုး၊ ဂိုးမရှိနဲ့ရှုံးတယ်..၊ ဆွမ်ဆီးနဲ့ သရေကျခဲ့ပါတယ်..။ ငါးမှတ်ဆုံးရှုံးခဲ့တယ်ပေါ့..။


တကယ်လို့ ဆွာရက်ဇ် သာ ပါဝင်ခဲ့မယ်ဆိုရင် အဲဒီပွဲတွေကို အနိုင်ရနိုင်ပါတယ်..။ ဘယ်သူဘယ်ဝါ ပါသည်ဖြစ်စေ..၊ မပါဝင်သည်ဖြစ်စေ.. ချန်ပီယံဖြစ်ချင်တဲ့ အသင်းဆိုတာ ဆောက်ပ်သမ်တန် လို အသင်းမျိုးကို အိမ်ကွင်းမှာ အနိုင်ရသင့်တာပေါ့ ဆိုတဲ့အတွေး ရှိကြမှာပါ..၊ ဒါပေမယ့် အခုအချိန်ပြန်ကြည့်မယ်ဆိုရင် အဲဒီဘောလုံးရာသီမှာ ဆွာရက်ဇ် ဟာ player of the year, football writers’ player of the year, စတဲ့ တစ်နှစ်တာ အကောင်းဆုံးဆုတွေ သိမ်းကြုံးရရှိခဲ့တဲ့ ကစားသမားပါ..။ ဒါ့ကြောင့်အဲဒီပွဲတွေမှာသာ သူပါဝင်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်း ချန်ပီယံဆု ရရှိနိုင်ခဲ့လိမ့်မယ်ဆိုတဲ့ အတွေးရှိခဲ့တာ ဖြစ်ပါတယ်..။


#ဂယ်ရီ_နဗီးလ် - အဲဒီပွဲဟာ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ခင်ဗျားရဲ့ နောက်ဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်..။ အခုဆိုရင် ဒီနေ့မှာ ယှဉ်ပြိုင်မယ့် ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ် အသင်းတို့ရဲ့ ပွဲကြီးပွဲကောင်းကို ပရိသတ်တစ်ယောက်အဖြစ် ထပ်မံအားပေးရဦးမှာပါ..။ ဖရန့် လမ်းပတ် အတွက် တကယ့်ကို စိန်ခေါ်မှု အကြီးစားကြီးတစ်ခု ဖြစ်သလို လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ငါးမှတ်အသာရနေတဲ့ အခြေအနေကို ဆက်လက်သယ်ဆောင်သွားနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားရမှာ ဖြစ်တဲ့အကြောင်း တင်ဆက်ပေးလိုက်ရပါတယ်..။


#FRANK