ဒီရာသီ အေဘရာဟမ်ရဲ့ ဂိုးတွေကို မြင်တွေ့ရတိုင်း သွားသွားမြင်မိတဲ့ ဓာတ်ပုံတစ်ပုံရှိတယ်။ အဲဒီပုံထဲက သူ့အသက်ကို အတိအကျ မမှန်းနိုင်ပါဘူး။ ဒါပေမဲ့ တမ်မီတစ်ယောက် အတော်လေးငယ်သေးတာကို မြင်နိုင်တယ်။ ခြင်္သေ့ပြာအသွေးအရောင်အပြည့်နဲ့၊ ကော့ဘ်ဟမ်းလေ့ကျင့်ရေးစင်တာမှာ ရိုက်ထားတဲ့ ဓာတ်ပုံပေါ့။ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က သူ့ရဲ့ ဘယ်ဘက်ဘေးမှာ . . .
အဲဒီ တမ်မီပေါက်စနလေးဟာ တဖြည်းဖြည်း ကြီးထွားလာလိုက်တာ အရပ်(၁၉၁)စင်တီမီတာ ရှိတဲ့အထိပါပဲ။ ၂၀၁၅ လူငယ် FA ဖလားဗိုလ်လုပွဲကို မိုဗစ်ချ် တက်ရောက်ကြည့်ရှုခဲ့စဉ်တုန်းက တမ်မီတစ်ယောက် ဂိုးသွင်းယူနိုင်ခဲ့သေးတယ်။ အဲဒီပွဲမှာ ချယ်လ်ဆီးကောင်လေးတွေက မန်စီးတီးကို (၂-၁)ဂိုးနဲ့ အနိုင်ယူပြီး ဖလားသိမ်းခဲ့တာပါ။ အေဘရာမိုဗစ်ချ်ရဲ့ မျက်စိအောက်မှာတင် တမ်မီတစ်ယောက် အရွယ်ရောက်လာခဲ့တာ။ လန်ဒန်မှာပဲ မွေးတဲ့ တမ်မီဟာ အသက်(၇)နှစ်အရွယ်ကတည်းက ကော့ဘ်ဟမ်းကို ရောက်နေခဲ့ပြီ။ ချယ်လ်ဆီးလူငယ်အသင်းအောင်ပွဲတွေမှာလည်း သူ ပါဝင်ခဲ့တယ်။ အငှားတွေလည်း ထွက်ကစားခဲ့ရတယ်။ နောက်ဆုံးတော့ တဖိတ်ဖိတ်တောက်ပနေတဲ့ ဖြစ်တန်စွမ်းတွေနဲ့ စတမ်းဖို့ဒ်တံခါးကို သူ လာခေါက်ခဲ့တယ်။ “အခွင့်အရေးကို ထိုင်စောင့်မနေပါနဲ့။ ကိုယ်တိုင် ဖန်တီးပါ’’ဆိုတဲ့ ဘားနတ်ရှောရဲ့ စကားလိုပေါ့။ အေဘရာဟမ်ဟာ အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးခဲ့တယ်။ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်ရှည်မှုတို့နဲ့ သူ စတမ်းဖို့ဒ်တံတားရဲ့ စင်မြင့်ထက်ကို သူ တက်ခဲ့တယ်။
တမ်မီဟာ လေ့ကျင့်ရေးကွင်းမှာ အရမ်းကြိုးစားသူဖြစ်တယ်။ သူ့ရဲ့ ခြေအနုတ်အသိမ်းစွမ်းရည် တိုးတက်ဖို့ ညာတောင်ပံမှာ ထွက်ကစား၊ လေ့ကျင့်ခဲ့သူဖြစ်တယ်။ သူ့ရဲ့ စံပြပုဂ္ဂိုလ်ကတော့ မြူးနစ်ချန်ပီယံလိဂ်ည သူရဲကောင်း ဒီဒီယာဒရော့ဘာပါ။ ¬အသင်းကြီးမှာ နေရာရလာဖို့ တင်မီ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ကြိုးစားသူအတွက် အခွင့်အရေးဆိုတာ ပေါ်လာစမြဲပါ။ ဖီဖာရဲ့အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်၊ လူငယ်တွေရဲ့ အားကိုကိုးချင်တဲ့ နည်းပြသစ် လမ်းပတ်တို့က အေဘရာဟမ်အတွက် ပရီးမီးယားလိဂ်မြက်ခင်းစိမ်းပေါ်တက်ဖို့ လမ်းစဖြစ်ခဲ့တယ်။ အတွင်းကျကျ ဆန်းစစ်မယ်ဆိုရင် အေဘရာဟမ်တစ်ယောက် ဒီလို ဖြစ်လာဖို့အတွက် Sliding Doors Moment (၃)ခု ရှိခဲ့ပါတယ်။ Sliding Doors Moment ဆိုတာက အသေးအမွှားကိစ္စလေးတွေကနေ ကြီးကျယ်တဲ့အရာတွေ ဖြစ်လာစေတဲ့ အခိုက်အတန့်ကို ဆိုလိုတာပါ။
ပထမတစ်ခုက ၂၀၁၆ ခုနှစ်မှာ။ ချယ်လ်ဆီးဟာ အဲဒီအချိန်တုန်းက အရမ်းဟော့နေတဲ့ ဘရာဇီးလ်လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဂါဘရီယဲလ်ဘာဘိုဆာ(ဂါဘီဂိုး)ကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် အဲဒီအခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အေဘရာဟမ်တစ်ယောက် အသင်းကြီးနဲ့ အလှမ်းအဝေးကြီးမှာပဲ ရှိနေသေးတာပါ။ ဒါပေမဲ့ သူ့ကို တိုးတက်လာမယ့်သူအဖြစ် ချယ်လ်ဆီးအသိုင်းအဝန်းက ယူဆခဲ့ကြတယ်။ ဒါကြောင့် ဂါဘီဂိုးကို ခေါ်ခဲ့ရင် အေဘရာဟမ်ရဲ့ တက်လမ်းကို ပိတ်သလိုဖြစ်မှာစိုးလို့ မဝယ်ယူခဲ့ဘူး။ အဲဒီနှစ်မှာ တမ်မီ့ကို ချန်ပီယံရှစ်ကလပ် ဘရစ္စတိုးလ်စီးတီးကို အငှားချခဲ့ပါတယ်။ ပထမဆုံး(၁၄)ပွဲမှာတင် (၁၁)ဂိုးအထိ သွင်းယူပြီး ရာသီကုန်တော့ သူ့ဂိုးအရေအတွက်က (၂၆)အထိ ရောက်ခဲ့တယ်။ ဘရစ္စတိုးလ်စီးတီးရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား၊ အကောင်းဆုံးလူငယ်ကစားသမား၊ ဂိုးသွင်းအများဆုံးကစားသမား ဆု(၃)ဆုကို တစ်ပြိုင်တည်းယူဖူးတဲ့ ပထမဆုံးကစားသမား ဖြစ်ခဲ့တယ်။ ဘရစ္စတိုးလ်နည်းပြ လီဂျွန်ဆင်ကတော့ အေဘရာဟမ်ဟာ ပုံစံမျိုးစုံနဲ့ ဂိုးသွင်းနိုင်သူ၊ နေရာလွတ်ရှာဖွေတာ အရမ်းကောင်းသူ၊ ကြိုးစားသူ၊ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်သူလို့ ချီးမွမ်းပါတယ်။
အဲဒီရာသီခြေစွမ်းကြောင့် ဥရောပမှာ သူ့ကို အငှားခေါ်ချင်တဲ့အသင်းတွေ အများကြီးပေါ်လာခဲ့တယ်။ ဒီအချိန်မှာ နောက်ထပ်အရေးပါတဲ့ အခိုက်အတန့်တစ်ခု ထပ်ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နောက်ထပ်ဘရာဇီးလ်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူဖို့ အခွင့်အရေးထပ်ရပါတယ်။ ရစ်ချာလီဆန်ပါ။ အဲဒီအခွင့်အရေးကိုလည်း ချယ်လ်ဆီးက ငြင်းပယ်ခဲ့ပါတယ်။ ရစ်ချာလီဆန်လည်း ဝက်ဖို့ဒ် ရောက်သွားခဲ့တယ်။ အဲဒီမှာ ရစ်ချာလီဆန်တစ်ယောက် ခြေစွမ်းတွေပြနေတော့ အီမန်နာလိုတစ်ယောက် အမှားအယွင်းကြီး လုပ်မိပြီလို့ အားလုံးက ထင်ခဲ့ကြသေးတယ်။ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီထွက်ကစားသမားတစ်ယောက် တိုင်းခြားပို့ကုန်ကြောင့် တက်လမ်းပိတ်သွားမှာ စိုးလို့ ဒီလိုဆုံးဖြတ်ချက်ကို အီမန်နာလို ချခဲ့တယ်။ တမ်မီကို ဆွမ်ဆီးထံ အငှားချခဲ့ပါတယ်။ ပရီးမီးယားလိဂ်အတွေ့အကြုံရရှိဖို့အတွက် ဖြစ်ပြီး တင်မီတစ်ယောက် (၅)ဂိုး သွင်းနိုင်ခဲ့တယ်။ ရာသီကုန်တော့ ဆွမ်ဆီးက တန်းဆင်းခဲ့ပါတယ်။ ဆွမ်ဆီးအားကစားဒါရိုက်တာ ဘရစ်တန်ကတော့ တင်မီဟာ ဂျာမိန်းဒီဖိုးလို သွင်းဂိုးတွေကို ဆာလောင်မွတ်သိပ်သူ၊ လေ့ကျင့်ရေးကွင်းမှာတောင် ဂိုးသွင်းနိုင်ဖို့ ဆန္ဒပြင်းပြသူ၊ အနာဂတ်မှာ ထွန်းတောက်မယ့်သူအဖြစ် ချီးမွမ်းပါတယ်။ ဒါပေမဲ့ အဲဒီရာသီခြေစွမ်းကြောင့် အေဘရာဟမ်ကို ထင်သလောက်တောက်ပမယ့်သူ မဟုတ်ပါဘူးဆိုပြီး အများက မြင်ခဲ့ကြတယ်။
၂၀၁၈-၁၉ ရာသီမှာတော့ သူ အက်စတွန်ဗီလာကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပြောင်းရွှေ့ခဲ့တယ်။ သူ တစ်ဖန် ကိုယ်ရည်ကိုယ်သွေး ပြတဲ့အချိန်ပါပဲ။ ရာသီတစ်ဝက်ကျိုးချိန်မှာပဲ သူ့သွင်းဂိုးက (၁၆)ဂိုးရှိခဲ့တယ်။ အဲဒီအချိန်က နောက်ထပ် Sliding Door Moment ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့က ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပြဿနာတွေကြောင့် အသင်းကို ပြန်ရောက်လာခဲ့လို့ပါ။ အဲဒီအချိန်မှာ ဝုလ်ဗ်အသင်းကလည်း တမ်မီကို အငှားဖြစ်ဖြစ်၊ အပြီးသတ်ဖြစ်ဖြစ် ခေါ်ယူဖို့ အလိုရှိခဲ့တယ်။ ချယ်လ်ဆီးဘက်က ပရီးမီးယားလိဂ်အတွေ့အကြုံရအောင် အငှားချလိုပေမယ့် နောက်ဆုံးမှာတော့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်အဖြစ် ဗီလာထံ နောက်ထပ်ရာသီဝက် ထပ်အငှားချခဲ့ပါတယ်။ ဗီလာမှာ သူ (၂၆)ဂိုးအထိ သွင်းနိုင်ခဲ့ပြီး ချန်ပီယံရှစ်ရဲ့ ဒုတိယဂိုးသွင်းအများဆုံးဖြစ်ခဲ့တယ်။
နောက်တော့ သူ ချယ်လ်ဆီးကို ပြန်ရောက်လာတယ်။ ဆာရီ ထွက်ခွာတဲ့အချိန်အထိ သူ့အနာဂတ်က မသေချာသေးဘူး။ ဒါပေမဲ့ လမ်းပတ် ရောက်လာမယ့်သတင်းနဲ့အတူ သူ့အနာဂတ်လမ်းက လင်းကျင်းသွားခဲ့တယ်။ နောက်ပြီး ဂျိုးအက်ဒ်ဝက်ဒ်ကလည်း အသင်းရဲ့နည်းပြအဖွဲ့ဝင်ဖြစ်လာမယ်တဲ့။ ဂျိုးက တမ်မီနဲ့အတူ FA လူငယ်ဖလားကို (၂)ကြိမ်ဆက် ဆွတ်ခူးခဲ့တဲ့ လူငယ်အသင်းနည်းပြပါ။ ဂျိုးက တင်မီ ငယ်ငယ်ကအကြောင်းတွေကိုတောင် အခုလို ပြောပြသေးတယ်။ “တမ်မီကို ယူ-၈ အသင်းမှာတည်းက သိခဲ့တယ်။ ယူ-၈ ဆိုတော့ သူလည်း (၇)နှစ်၊ (၈)နှစ်ပေါ့။ သူ့ကို ဘာဖြစ်လို့သတိထားမိလဲဆိုတော့ သူ့အရပ်က အဲဒီအချိန်တည်းက ကျွန်တော့်နီးနီး ဖြစ်နေပြီ။ လူငယ်ကစားသမားဘဝမှာ လျင်မြန်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆိုင်တဲ့ ကာယလေ့ကျင့်ခန်းတွေ လုပ်ရရင် သူ စိတ်မပါဘူး။ ဒါပေမဲ့ ဘောလုံးနဲ့ လေ့ကျင့်ရမယ်ဆိုရင်တော့ သူ အရမ်းပျော်တယ်။ ဘောလုံးကို လုတဲ့နေရာမှာလည်း အရမ်းလောဘကြီးတယ်။ ဒါပေမဲ့ သူက ကလန်ကလားဖြစ်နေလို့ ခြေအနုတ်အသိမ်းပြဿနာ ရှိတယ်။ ၁၂၊ ၁၃ နှစ်လောက် ရောက်လာတဲ့အချိန်မှာ ငယ်ငယ်ကလောက် ဘောလုံးကိုင်တာ မကောင်းတော့ဘူး။ ဒါကြောင့် သူ ဒီအပိုင်းမှာ တိုးတက်လာဖို့ နေရာစုံ ပြောင်းကစားစေခဲ့တယ်။ ယူ-၁၅၊ ယူ-၁၈ အသက်အုပ်စုမှာ သူ့ကို ညာတောင်ပံမှာ အကြိမ်ပေါင်းများစွာ ထွက်ပြီး ကစားစေခဲ့တယ်”လို့ ဆိုပါတယ်။
အေဘရာဟမ် ချယ်လ်ဆီးလူငယ်ဘဝဖြတ်သန်းနေစဉ်မှာ ဒရော့ဘာကလည်း အတောက်ပဆုံး အချိန်ကို ရောက်နေတယ်။ မော်ရင်ဟိုလက်ထက်၊ ဒရော့ဘာ ချယ်လ်ဆီးကို ပြန်လာတော့ တမ်မီတစ်ယောက် သူ့ဟီးရိုးနဲ့ အတူလေ့ကျင့်ခွင့်ရခဲ့တယ်။ မော်ရင်ဟိုက သူ့ကို အသင်းကြီးနဲ့ လေ့ကျင့်ရေးအတူလာဆင်းဖို့ ဖိတ်ခေါ်ခဲ့လို့ပါ။ တင်မီ့ဆရာ ဂျိုးက အခုလိုပြောတယ်။ “ကျွန်တော်တို့ သူ့ကို လေ့ကျင့်ပေးတဲ့နေရာမှာ ဒီဒီယာနဲ့ ပုံခိုင်းပြီး လေ့ကျင့်ပေးတယ်။ သူ့အတွက်လည်း ဒီဒီယာက တကယ့်စံပြဖြစ်ခဲ့ပါတယ်။ သူတို့ အတူလေ့ကျင့်တဲ့အချိန်မှာလည်း ဒီဒီယာက သူ့ကို အများကြီး သင်ပေးပါတယ်”လို့ ပြောပြတယ်။
အခုတော့ တမ်မီတစ်ယောက် ဒရော့ဘာလိုပဲ စတမ်းဖို့ဒ်တပ်ဦးကို ဦးဆောင်နေရပါပြီ။ သူ့ကို ချယ်လ်ဆီးအသိုင်းအဝိုင်းတစ်ခုလုံးက မျှော်လင့်ချက်တွေ ထားခဲ့ကြတယ်။ ဒါပေမဲ့ မျှော်လင့်တိုင်း ဖြစ်လာတတ်တယ်လို့မှ ပုံသေတွက်လို့ မရတာ။ မျှော်လင့်ချက်တွေ ကျိုးကြေသွားတဲ့ ကော့ဘ်ဟမ်းလူငယ်ကြယ်ပွင့်တွေမှ အများကြီး။ ဒါပေမဲ့ အဲဒီအထဲ တမ်မီ မပါခဲ့ဘူး။ သူက စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်ရှည်မှုတို့နဲ့ အသင်းကြီးတံခါးကို ဖွင့်နိုင်ခဲ့သူဖြစ်တယ်။ နောက်ပေါက် ချယ်လ်ဆီးလူငယ်ကြယ်ပွင့်တွေအတွက် ကြိုးစားမှုလမ်းစဉ်ကို သင်ပြပေးခဲ့သူလည်း ဖြစ်ပါတယ်။
#MagicBox_Zo25