feature-image

Present: မျက်မှောက်ကာလ စတန်းဖို့ဒ် ဘရစ်ချ်

လက်ရှိတွင် စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းမှာ ပရိသတ်ဦးရေ (၄၀,၈၃၄) ဦးဆန့်ပြီး (၄) ဘက် ထိုင်ခုံအပြည့် ပွဲကြည့်စင်များဖြင့် ဖွဲ့စည်းထားသည့် ကစားကွင်းအဖြစ် တည်ရှိနေသည်..။ *(ပရိသတ်အများဆုံး ကြည့်ရှုခဲ့သည့်ပွဲမှာ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် မော်စကို ဒိုင်နမိုအသင်းနှင့် ချစ်ကြည်ရေးပွဲဖြစ်ပြီး ပရိသတ် (၁၀၀, ၀၀၀) နီးနီး အားပေးခဲ့သည်..။) ပြီးခဲ့သည့် (၁၅) နှစ်ကာလအတွင်း ပြန်လည် မွမ်းမံခြင်း မပြုခဲ့သည်မှာ မူလ Shed ပွဲကြည့်စင်မှ အုတ်နံရံတစ်ဖက်ဖြစ်ပြီး အမှတ်တရအဖြစ် နဂိုအတိုင်း ထားရှိပေးခဲ့သည်..။ *( အာဆင်နယ် ကွင်းလယ်လူ ဆက်စ် ဖာဘရီဘတ်စ်ကို ပစ်ပေါက်ခဲ့မှုကြောင့် စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းအတွင်းသို့ ဟင်းသီးဟင်းရွက်စိမ်းများ ယူဆောင်လာခွင့်ကို ကာလတစ်ခုထိ ပိတ်ပင်ထားခဲ့ဖူးသည်..။)

ယခုအခါ (၁၂.၅) ဧက အကျယ်အဝန်းရှိ မြေနေရာပေါ်တွင် ကစားကွင်းအပြင် ကြယ်လေးပွင့် ဟိုတယ် (၂) လုံး၊ စားသောက်ဆိုင် (၃) ဆိုင်၊ အစည်းအဝေးခန်းများနှင့် စားသောက်ခန်းမကြီးများ၊ မြေအောက် ကားပါကင်၊ အားကစားရုံများ၊ ရုံးခန်းများ တည်ဆောက်ထားပါသည်..။

မက်သယူး ဟာဒင်းစ် ပွဲကြည့်စင် (The North Stand)    : ၁၉၃၉ ခုနှစ်က နှစ်ထပ်ပွဲကြည့်စင်အဖြစ် စတင် တည်ဆောက်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် မတ်တပ်ရပ်ပြီး ကြည့်ရှုနိုင်သော အမိုးပွင့် ပွဲကြည့်စင်အဖြစ် ပြန်လည် တည်ဆောက်ခဲ့သည်..။ ထို့နောက် ၁၉၉၃ ခုနှစ်တွင် လက်ရှိမြင်တွေ့နေရသည့် နှစ်ထပ်ပွဲကြည်စင်အဖြစ် တိုးချဲ့ တည်ဆောက်ခဲ့ပါသည်..။ အဆိုပါ မြောက်ဖက်ပွဲကြည့်စင်အား ၁၉၉၆ ခုနှစ်၊ အောက်တိုဘာ (၂၂) ရက်နေ့တွင် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သော အသင်းဒုတိယ ဥက္ကဌ မက်သယူး ဟာဒင်းစ် အား ဂုဏ်ပြုသည့် အနေဖြင့် အမည်ပြောင်းလဲ မှည့်ခေါ်ခဲ့သည်..။

သူ၏မတည်မှုဖြင့် တည်ဆောက်ထားသော ပွဲကြည့်စင်အသစ်မှာ ၁၉၉၆/၉၇ ဘောလုံးရာသီတွင် ပြီးစီးခဲ့ပြီး တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသူ ပရိသတ်အများစု အားပေးကြည့်ရှုသော ပွဲကြည့်စင်ဖြစ်သည်..။



အရှေ့ဘက် ပွဲကြည့်စင် (The East Stand)    : ၁၉၀၅ ခုနှစ်တွင် အရှေ့ဘက် ပွဲကြည့်စင်အား သွပ်များအမိုးမိုးထားသည့် ပရိသတ် (၆,၀၀၀) ဆန့် ပွဲကြည့်စင်အဖြစ် တည်ဆောက်ခဲ့သည်..။ ၁၉၇၃ ခုနှစ်တွင် အဆိုပါပွဲကြည့်စင်အား ပြန်လည်မွမ်းမံရန် စီမံခဲ့ကြသော်လည်း အသင်း၏ဘဏ္ဍာရေး အခက်အခဲကြောင့် တစ်ပိုင်းစသာ အပြီးသတ်နိုင်ခဲ့သည်..။ သို့သော် နောက်ပိုင်းတွင် ပွဲကြည့်စင်အား သုံးထပ်ပွဲကြည့်စင်အဖြစ် တည်ဆောက်နိုင်ခဲ့သည်…။

အဆိုပါ ပွဲကြည့်စင်မှာ အသင်း၏ အရေးအကြီးဆုံး နေရာအဖြစ် တည်ရှိနေပြီး ကွင်းအတွင်း အဝင်လျှောက်လှမ်း (tunnel)၊ နှစ်ဘက်အသင်း အရန်ခုံတန်းများ (dug outs)၊ အဝတ်လဲခန်း (dressing room)၊ အစည်းအဝေးခန်း (conference room)၊ မီဒီယာ စင်တာ (press center) နှင့် TV လွှင့်ထုတ်မှုများ ပြုလုပ်ရာ နေရာတို့ တည်ရှိပါသည်..။



The Shed End ပွဲကြည့်စင် (The South Stand)    : ၁၉၃၀ ခုနှစ်တွင် မတ်တပ်ရပ်ကြည့်ရှုမည့် ပရိသတ်များအတွက် တည်ဆောက်ခဲ့သည်..။ အဆိုပါပွဲကြည့်စင်အား ‘Fulham Road End’ ပွဲကြည့်စင်ဟု ကနဦးခေါ်တွင်ခဲ့သော်လည်း ပရိသတ်များက ‘The Shed’ ဟူသော အမည်သို့ ပြောင်းလဲ မှည့်ခေါ်ခဲ့သည်..။ အဆိုပါပွဲကြည့်စင်အား ၁၉၉၄ ခုနှစ်တွင် ဖြိုကျခဲ့ပြီး စတင်တည်ဆောက်ချိန်မှစတင်၍ အသင်း၏အမာခံ ပရိသတ်များ အများဆုံးကြည့်ရှုရာ ပွဲကြည့်စင်တစ်ခု ဖြစ်ခဲ့သည်..။

ပြန်လည်တည်ဆောက်ခဲ့သော ပွဲကြည့်စင်သစ်မှာ ၁၉၉၇/၉၈ ဘောလုံးရာသီတွင် ပြီးစီးခဲ့သည်..။ The Shed End ပွဲကြည့်စင်တွင် အသင်းရာပြည့်အမှတ်တရ ပြတိုက်နှင့် အကြောင်းအမျိုးမျိုးဖြင့် ကွယ်လွန်ခဲ့ကြသော အပြာရောင်ပရိသတ်များ၏ အမှတ်တရ အုတ်နံရံ (Memorial wall) တို့ ထည့်သွင်းထားပါသည်..။ ပွဲကြည့်စင်၏ အနောက်ဘက်တွင် မူလကစားကွင်း တည်ဆောက်စဉ်က အုတ်နံရံကို မဖျက်စီးပဲ ထိန်းသိမ်းထားခဲ့ပြီး အဆိုပါ အုတ်နံရံဟောင်းမှာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၏ တောင်ဘက်အနားသတ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်..။

ယခုအခါတွင် အဆိုပါ ကစားကွင်း တောင်ဘက်ခြမ်း အုတ်နံရံတွင် ခေတ်အဆက်ဆက်မှ ချယ်လ်ဆီးအသင်း ဂန္တဝင်ကစားသမားကြီးများ၏ ရုပ်ပုံများဖြင့် ပြန်လည်မွမ်းမံ ဆေးခြယ်ခဲ့သည်..။ ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သော အသင်း၏ ဂန္တဝင်တိုက်စစ်မှူးကြီး ပီတာ အော့စ်ဂွတ် ၏ အရိုးပြာကို The Shed End ပွဲကြည့်စင်ရှေ့ရှိ ပင်နယ်တီကန်သွင်းသော နေရာအောက်တွင် မြုပ်နှံထားပါသည်..။



အနောက်ဖက် ပွဲကြည့်စင် (The West Stand)    : ၁၉၆၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး သစ်သားခုံတန်းများ ရှေ့တွင် ကွန်ကရစ်တန်းများဖြင့် ကာရံထားသောကြောင့် ‘The Benches’ ဟူ၍ အမည်ပြောင် တွင်ခဲ့သည်..။ ၁၉၉၇ ခုနှစ်တွင် ပွဲကြည့်စင်ဟောင်းကို ဖြိုချပြီး VIP Boxes (The executives boxes) များ ပါဝင်သည့် သုံးထပ်ပွဲကြည့်စင်သစ်အဖြစ် ပြန်လည် တည်ဆောက်ခဲ့သည်..။

သို့သော် ဆောက်လုပ်မိန့် ခွင့်ပြုချက် အခက်အခဲများကြောင့် ၂၀၀၁ ခုနှစ်မှသာ ပြီးစီးခဲ့ပြီး အဆိုပါ အနောက်ဖက် ပွဲကြည့်စင် စီမံကိန်းမှာ ချယ်လ်ဆီးအသင်းအား ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်စေခဲ့ရသည့် အကြောင်းရင်းထဲတွင် ပါဝင်ခဲ့သည်..။ ယခုအခါတွင် အနောက်ဖက်ပွဲကြည့်စင် အနောက်ဘက် မျက်နှာစာမှာ အသင်း၏ အဓိကဝင်ပေါက်အဖြစ် တည်ရှိနေပြီး အဆိုပါ အဓိက ဝင်ပေါက်အား ဖူးလ်ဟမ်း လမ်းမပေါ်တွင် တည်ဆောက်ထားခဲ့သည်..။


ချယ်လ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံးများ ချီးမြှင့်သည့် အခမ်းအနား အပါအဝင် အရေးကြီးသော အခမ်းအနားများကို ကျင်းပလေ့ရှိသည့် The Great Hall ခန်းမကြီးမှာ အနောက်ဘက် ပွဲကြည့်စင်တွင် တည်ရှိပြီး ယခုအခါတွင် VIP Boxes များအား Millennium Suites ဟူ၍ ပြောင်းလဲ ခေါ်တွင်ခဲ့သည်..။



၂၀၁၀ ခုနှစ်တွင် အမြင့် (၉) ပေရှိသော အသင်းဂန္တဝင် ကစားသမားကြီး ပီတာ အော့စ်ဂွတ် ၏ ရုပ်ထုအား အနောက်ဖက် ပွဲကြည့်စင်ရှေ့တွင် စိုက်ထူခဲ့သည်..။ ထို့အပြင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် အနောက်ဘက် ပွဲကြည့်စင် အပြင်ဘက်တွင် ပန်းချီဆရာကြီး ဆော်လမွန် ဆိုဇာ ၏ ပန်းချီကားကြီးတစ်ချပ်အား ခွဲခြားဆက်ဆံမှုမျိုးစုံကို တိုက်ဖျက်သည့် ‘Say No to Antisemitism’ လှုပ်ရှားမှုအတွက် ရည်ရွယ် စိုက်ထူခဲ့သည်..။



ကစားကွင်း (The Pitch)    : ၂၀၁၅ ခုနှစ်တွင် မြေအောက်အပူပေးစနစ်၊ မြေအောက် ရေထုတ်စနစ် စသည့် မွမ်းမံမှုများကို ပြန်လည်ပြုလုပ်ခဲ့ပြီး ခေတ်မှီမြက်ခင်းအစစ်နှင့် မြက်ခင်းတု ရောစပ်ထားသည့် hybrid grass pitch အဖြစ် တည်ဆောက်ထားပါသည်..။ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း မြက်ခင်း၏အကျယ်မှာ အလျား (၁၀၃) မီတာ၊ အနံ (၆၇) မီတာ ရှိပါသည်..။

Chelsea Village (သို့) The Village : ဥက္ကဌ ကင် ဘိတ်စ် လက်ထက်တွင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း မြေနေရာအတွင်း ဟိုတယ်နှစ်လုံး၊ လူနေအိမ်ခန်းများ၊ ဘားများ၊ စားသောက်ဆိုင်များ၊ ချယ်လ်ဆီး မီဂါစတိုး အပါအဝင် ဧည့်သည်များအတွက် Chelsea World of Sports အပန်းဖြေ နားနေရာ ဧရိယာ တစ်ခုကိုပါ ထည့်သွင်း၊ တည်ဆောက်ခဲ့သည်..။ သို့သော် အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ ဝယ်ယူပြီးနောက်ပိုင်းတွင် အဆိုပါ ‘Chelsea village’ ပူးတွဲလုပ်ငန်းများ၏ အရေးပါမှု အခန်းကဏ္ဍကို လျော့ချပြီး အသင်းအပေါ်ပဲ အဓိကအာရုံစိုက်ခဲ့သည်.။


အောက်တွင်ဖတ်ရန် : Future: စတန်းဖို့ဒ် ဘရစ်ခ်ျ တိုးချဲ့ရန် စီမံကိန်း