feature-image

Past: စစ်ကြိုကာလ တိုးတက်မှုများ (၁၉၃၀ ခုနှစ်လွန်နှစ်များ)

၁၉၃၀:        ချယ်လ်ဆီးအသင်းမှ စတင်ပိုင်ဆိုင်ပြီး ၁၉၃၀ ခုနှစ်၊ တောင်ဘက် ဂိုးနောက်တွင် "Shed End" ဟု ခေါ်ဝေါ်သော ဟင်းလင်းပွဲကြည့်စင် အကာအရံ မတည်ဆောက်ချိန်အထိ ထင်ရှားသော အပြောင်းအလဲများ မရှိခဲ့ပေ..။ အဆိုပါ "Shed End" သည် ချယ်လ်ဆီးအသင်း အမာခံ ပရိသတ်များ ဆုံတွေ့ရာနေရာအဖြစ် ထင်ရှားလာခဲ့ပြီး " စတန်းဖို့ဒ် ဘရစ်ခ်ျ" နှင့် ထာဝရ ယှဉ်တွဲလျှက် တည်ရှိနေခဲ့သည်..။ Shed End ဟူသောအမည်ကို မည်သည့်အတွက်ကြောင့် ခေါ်ဝေါ်ခဲ့သည်ကို မသိရှိခဲ့ပေ..။

အားကစားကွင်းမှာ တစ၊ တစ တိုးတက်လာသော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များအထိ "Shed End" ပွဲကြည့်စင်မှာ သူ၏ထင်ရှားသော သင်္ကေတအဖြစ် ငါးပုံ၊ တစ်ပုံခန့်သာ အမိုးရှိသည့် ဟင်းလင်းပွဲကြည့်စင်အဖြစ်သာ တည်ရှိခဲ့သည်..။ (မြန်မာပြန်လျှင် Shed မှာ "တဲ" ဟု ဆိုရမည် ထင်ပါသည်..။) ပရီးမီးယားလိဂ် အသင်းများ၏ ကစားကွင်းများကို ထိုင်ခိုင်ပြည့်တပ်ရန် ညွှန်ကြားသည့် ဥပဒေအရ ၁၉၉၄ ခုနှစ်တွင် "Shed End" ပွဲကြည့်စင်ကို ဖြိုချလိုက်ပြီး ထိုင်ခုံပြည့် တပ်ဆင်ထားသည့် "Shed End" ပွဲကြည့်စင်သစ်မှာ ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်..။ မူလ Shed End ကိုမဖြိုချခင် နောက်ဆုံးပွဲဖြစ်သော ရှက်ဖီးလ် ယူနိုက်တက်အသင်းနှင့် ကစားသောပွဲပြီးသည်အထိ အမာခံ ပရိသတ်များ၏ ကန့်ကွက်မည်ကို စိုးရိမ်သောကြောင့် တာဝန်ရှိသူများက ပွဲကြည့်စင် ဖြိုချမည့်သတင်းကို လျှို့ဝှက်ထားခဲ့ကြသည်...။



၁၉၃၉:        မြောက်ဘက်ပွဲကြည့်စင်ကို တည်ဆောက်ခဲ့သည်..။ အမိုးမရှိသော ဟင်းလင်းပွဲကြည့်စင်အဖြစ် တည်ရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကစားကွင်းတစ်ခုလုံးအား အဆင့်မြှင့်တင်ချိန်ရောက်မှသာ ဖြိုချပြီး အသစ်ပြန်လည် တည်ဆောက်ခဲ့သည်..။
    
၁၉၆၀- ၇၀ ပြည့်လွန်နှစ်များအတွင်း တိုးတက်မှုများ

၁၉၆၄/ ၆၅:        ၁၉၆၄- ၆၅ ဘောလုံးရာသီမှာ ချယ်လ်ဆီးသမိုင်းတွင် အအောင်မြင်ဆုံးသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်..။ ထိုနှစ်တွင် အနောက်ဖက်ရှိ ဟင်းလင်းပွဲကြည့်စင်ကိုလည်း ထိုင်ခုံများ ဖြည့်တင်း တပ်ဆင်ခဲ့သည်..။ သို့သော် ထိုင်ခုံများကို ပွဲကြည့်စင်၏ လေးပုံ၊ သုံးပုံအထိသာ တပ်ဆင်ခဲ့ပြီး "Benches" ဟု အမည်ပြောင် တွင်ခဲ့သည်..။ နောက် (၂၅) နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် အနောက်ဖက် ပွဲကြည်စင် တစ်ခုလုံးကို ဖြိုချလိုက်သည်..။ ယိုယွင်း ပျက်စီးနေသော အခြေအနေကြောင့် ဖျက်ဆီးခဲ့သော်လည်း အဆိုပါ ပွဲကြည့်စင်မှ သစ်သားခုံတန်းများမှာ ပရိသတ်များအတွက် လွမ်းမောဖွယ် အမှတ်တရ သင်္ကေတအဖြစ် ကျန်ရှိခဲ့ပေသည်..။  

သို့သော် အသစ်တည်ဆောက်လိုက်သည့် "The West Stand" ပွဲကြည့်စင်သစ်မှာ ပေါင်သန်း (၃၀) နီးပါး ကုန်ကျခဲ့ပြီး တစ်နိုင်ငံလုံးတွင် အကောင်းဆုံး ပွဲကြည့်စင်များအနက် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်..။ ပွဲကြည့်ပရိသတ် (၁၃, ၅၀၀) ဦးဆန့်ပြီး ခေတ်မှီနည်းပညာများကို အသုံးပြုကာ တည်ဆောက်ထားခဲ့သည်..။



၁၉၇၄/ ၇၅:        "The East Stand" အရှေ့ဘက်ပွဲကြည့်စင်ကို တည်ဆောက်ခဲ့သည်..။ စတင်တည်ဆောက်ချိန်က အဆင့်မြင့် နည်းပညာများကို အသုံးပြုခဲ့သည့်အတွက် သူ့ခေတ်တုန်းက ခေတ်ရှေ့ပြေးခဲ့ပြီး အကောင်းဆုံး ပွဲကြည့်စင် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်..။ ၁၉၉၀ ခုနှစ်လွန် ကစားကွင်းကြီးတစ်ခုလုံး ပြန်လည်မွမ်းမံချိန်တွင် အရှေ့ဘက် ပွဲကြည့်စင် တစ်ခုလုံးအား အကြီးစား ပြင်ဆင်မှုများ၊ ဖြည့်တင်းမှုများ ပြန်လည်ပြုလုပ်ခဲ့ကြသည်..။

ချယ်လ်ဆီးအသင်း အထွဋ်အထိပ်သို့ ရောက်ခဲ့သည့် ၁၉၆၀- ၇၀ ပြည့်လွန်နှစ်များတွင် အသင်းပိုင်ရှင်များသည် ကစားကွင်းတစ်ခုလုံးကို ပရိသတ် (၅၀, ၀၀၀) ဆန့် အဝိုင်းပုံစံ တည်ဆောက်ပြီး တစ်နိုင်ငံလုံးတွင် အကောင်းဆုံးကွင်း ဖြစ်လာစေရန် ရည်မှန်းခဲ့သည်..။ အရှေ့ဘက် ပွဲကြည့်စင်မှာ ထိုစီမံချက် ပထမအဆင့်အနေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်..။ သို့သော် သူတို့၏ မဟာစီမံချက်ကြောင့် အသင်းမှာ မွဲပြာကျခဲ့ပြီး ကြယ်ပွင့်ကစားသမားများကို ထုတ်ရောင်းခဲ့ရသည်..။ နောက်ပိုင်းတွင် အသင်းမှာ တန်းဆင်းသွားခဲ့ရသည့်အပြင် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အသင်းပျက်လုနီးနီး အခြေအထိ ဆိုက်ရောက်ခဲ့ရသည်..။

 
"စတန်းဖို့ဒ် ဘရစ်ခ်ျ ကို ကယ်တင်ကြ.."

၁၉၇၀ နှောင်းပိုင်းကာလ ဒေဝါလီ ခံရတော့မည့် အခြေအနေသို့ ဆိုက်ရောက်ချိန်တွင် အသင်းပိုင်ရှင်များမှာ အကြွေးဆပ်ရန်အတွက် စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းတစ်ခုလုံးကို ဆောက်လုပ်ရေး ကန်ထရိုက်တာများအား ရောင်းချရန် ဆုံးဖြတ်ခဲ့ကြလေသည်..။  အဆိုပါ ဆုံးဖြတ်ချက်မှာ ချယ်လ်ဆီးအသင်းအား အိမ်ကွင်းမရှိတော့ပဲ ဘုံပျောက်သွားစေမှာဖြစ်ပြီး အနီးရှိ ကျူပီအာ (သို့မဟုတ်) ဖူးလ်ဟမ်းတို့နှင့် အိမ်ကွင်းမျှဝေ သုံးစွဲရတော့မည်..။ ထို့အပြင် နာမည်ကြီး ကစားကွင်း တစ်ခုမှာလည်း အိမ်ရာစီမံကိန်း (သို့မဟုတ်) စူပါမားကပ်များအဖြစ် အသွင်ပြောင်းသွားရတော့မည်..။ ကိုယ်ပိုင်ကွင်း ဆုံးရှုံးခြင်းကြောင့် အသင်းမှာ ပြိုင်ဘက်များထက် နောက်ကျစေမည့်အပြင် လေးစားမှုပါ လျော့ပါးစေမှာဖြစ်သည်..။

ထို့ကြောင့် ခေတ်ပျက်တွင် ဥက္ကဌဖြစ်လာသူ "ကင် ဘိတ်စ်" မှာ ကန်ထရိုက်တာများနှင့် ဆန့်ကျင်ပြီး ခါးသီး၊ ပြင်းထန်သော တိုက်ပွဲများကို ဆင်နွဲကာ စတန်းဖို့ဒ် ဘရစ်ချ် ပိုင်ဆိုင်မှုအတွက် တိုက်ပွဲဝင်ခဲ့သည်..။ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့သော တိုက်ပွဲမှာ ၁၉၉၂ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး ချယ်လ်ဆီးအသင်းမှာ မိမိတို့၏ကွင်းကို ပြန်လည်ပိုင်ဆိုင်ခဲ့သည်..။ အံ့သြဖွယ်ကောင်းစွာဖြင့် အဆိုပါ ကန်ထရိုက်တာ လုပ်ငန်းရှင်များမှာ နောက်ပိုင်းတွင် ဒေဝါလီ ခံသွားခဲ့ရသည်..။

ကြိုးတန်းလမ်းလျှောက်ခဲ့ရသလို ခက်ခဲသည့် ကာလများကို ဖြတ်ကျော်ပြီးနောက် ၁၉၉၄ ခုနှစ်၌ တစ်နိုင်ငံလုံးတွင် အကြီးမားဆုံးသော ကစားကွင်း ပြင်ဆင်မှုကြီးဖြင့် စတန်းဖို့ဒ် ဘရစ်ချ်ကို အဆင့်မြှင့်ခဲ့သည်..။ ပျက်စီးတော့မည့် ခနော်နီ၊ ခနော်နဲ့ ကွင်းအိုကြီးမှ အဆင့်မှီ အားကစားကွင်းအဖြစ် အသွင်ပြောင်းတော့မည့် မှတ်တမ်းဝင် ကာလတစ်ရပ် ဖြစ်ခဲ့ပါသည်...။


    
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တိုးတက်မှုများ

၁၉၉၄/ ၉၅:        ပြာပုံထဲမှ ပြန်လည်ရှင်သန်သည့် စီမံကိန်းကို မြောက်ဘက်ပွဲကြည့်စင် ပြန်လည်တည်ဆောက်ခြင်းဖြင့် စတင်ခဲ့သည်..။ ပြိုင်ဘက်အသင်း အဝေးပရိသတ်များအတွက် နေရာပေးလေ့ရှိသည့် ဟင်းလင်းပွဲကြည့်စင်နေရာတွင် ထိုင်ခုံပြည့် ခေတ်မှီပွဲကြည့်စင်အဖြစ် အစားထိုးခဲ့သည်..။ ထို့အပြင် ရဟတ်ယာဉ် ပျက်ကျကွယ်လွန်သွားသည့် အသင်း ဒါရိုက်တာ မက်သယူး ဟားဒင်းကို ဂုဏ်ပြုသည့်အနေဖြင့် "မက်သယူး ဟားဒင်း ပွဲကြည့်စင် (Matthew Harding Stand)" ဟု အမည်ပြောင်း ခေါ်ဝေါ်ခဲ့သည်..။ ယခုအချိန်တွင် အသင်း၏ အသံအကျယ်ဆုံးနှင့် တကယ့် အမာခံ (Die Hard) ပရိသတ်များ အခြေစိုက်သည့် နေရာအဖြစ် ရောက်ရှိသွားခဲ့သည်..။


၁၉၉၇:        နောက်ထပ် မွမ်းမံရန် အလှည့်ကျသည်ကတော့ တောင်ဘက်မှ "The Shed End" ပွဲကြည့်စင် ဖြစ်သည်..။ အဆိုပါ မွမ်းမံမှုမှာ အချိန်ကြာခဲ့သည့်အတွက် ယာယီထိုင်ခုံများကို နှစ်အတော်ကြာ တပ်ထားခဲ့ရသည်..။ *(The Shed End ပွဲကြည့်စင်အခြေစိုက် ပရိသတ်များသည် CPO (Chelsea Pitch Owers) အဖွဲ့အဖြစ် တည်ထောင်ပြီး ချယ်လ်ဆီးအသင်း ရှယ်ယာများကို ဝယ်ယူကာ စတန်းဖို့ဒ် ဘရစ်ချ် မြေပိုင်ခွင့်အချို့၊ ကစားကွင်းနှင့် မူပိုင်ခွင့် (Naming Rights) တို့ကို ထိန်းသိမ်းထားကြသည်..။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ စတန်းဖို့ဒ် ဘရစ်ခ်ျ ကို နောက်တစ်ကြိမ် ကန်ထရိုက်တာ လက်များသို့ မရောက်ရှိစေရန်ဖြစ်သည်..။) The Shed End ပွဲကြည့်စင်နှင့်အပြိုင် တည်ဆောက်ခဲ့သည်မှာ "Chelsea Village" ဟိုတယ်ဖြစ်သည်..။ အဆိုပါ ဟိုတယ်မှာ နောင်အချိန်တွင် ကျယ်ပြန့်လာမည့် "Chelsea Village" အတွက် အခြေခံအုတ်မြစ် ဖြစ်လာပေသည်..။ *(Chelsea Village အပန်းဖြေ စီမံကိန်းမှာ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် အပြီးမသတ်နိုင်ခဲ့သည့်အပြင် ဥက္ကဌ ကင် ဘိတ်စ်မှာလည်း အသင်းကို ရုရှား သူဋ္ဌေး ရိုမန် အေဗရာမိုဗစ်ခ်ျ လက်ထဲသို့ ထိုးရောင်းလိုက်ရသည်..။)

ပွဲကြည့်စင်အသစ်မှာ ခေတ်မှီ၊ ဆန်းသစ်ပြီး သက်တောင့်သက်သာ ရှိသော်လည်း ကွင်းနှင့်နီးကပ်လွန်းသည့်အပြင် အဆောက်အဦးများမှာ ကျပ်နေသောကြောင့် နောင်တစ်ချိန် ကစားကွင်း တိုးချဲ့မည့် စီမံကိန်းအတွက် အခက်ကြုံခဲ့ပါသည်..။



၁၉၉၈:        တစ်ကျော့ပြန် စတန်းဖို့ဒ် ဘရစ်ခ်ျ သွေးသစ်လောင်း စီမံကိန်းမှာ အနောက်ဖက် ပွဲကြည့်စင် တိုးချဲ့ရာတွင် အခက်အခဲ ရင်ဆိုင်ရပြန်သည်..။ နှစ်ထပ်ပွဲကြည့်စင်၏ ပထမအဆင့်မှာ မူလရည်ရွယ်သည့်အတိုင်း ပြီးစီးခဲ့သော်လည်း ဒေသဆိုင်ရာ ကောင်စီ၏ ခွင့်ပြုမိန့် ကြန့်ကြာမှုကြောင့် ပွဲကြည့်စင်တစ်ခုလုံး ပြီးစီးချိန် နှစ်နှစ်မျှ နောက်ကျခဲ့ရသည်..။

ပြီးစီးသွားချိန်တွင် "The West Stand" အနောက်ဖက် ပွဲကြည့်စင်မှာ ကစားကွင်းတွင် အကောင်းဆုံးနှင့် အကြီးဆုံး ပွဲကြည့်စင်ဖြစ်ခဲ့ပြီး ပရိသတ် (၁၃, ၅၀၀) ဦးဆန့်သည်..။ အရှေ့ဘက် ပွဲကြည့်စင် တည်ဆောက်သည့် ၁၉၇၃ ခုနှစ်မှ စတင်သည့် စတန်းဖို့ဒ် ဘရစ်ချ် ကစားကွင်း တိုးချဲ့မွမ်းမံမှု လုပ်ငန်းများအားလုံးမှာ ၂၀၀၁ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင် ပြီးစီးခဲ့သည်..။


အောက်တွင်ဖတ်ရန် : Present: မျက်မှောက်ကာလ စတန်းဖို့ဒ် ဘရစ်ချ်