feature-image

ချယ်လ်ဆီးအသင်း၏ စတန်းဖို့ဒ် ဘရစ်ချ် ကစားကွင်း သမိုင်းကြောင်း..

ရုရှားသူဋ္ဌေးကြီး ရိုမန် အေဗရာမိုဗစ်ခ်ျ လက်ထက် ချယ်လ်ဆီးအသွင်ပြောင်း တော်လှန်ရေး၏ အအောင်မြင်ဆုံးကာလတွင် အပြာရောင် ခြင်္သေ့တို့မှာ "စတန်းဖို့ဒ် ဘရစ်ခ်ျ" ခေါ် "The Fortress" ခံတပ်ကြီး၌ ပရီးမီယားလိဂ်၏ သက်တမ်းအကြာမြင့်ဆုံး အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကို တင်ထားနိုင်ခဲ့သည်..။ ပြိုင်ဘက်အသင်းများအတွက် အိပ်မက်ဆိုးများကို ဖန်တီးပေးလေ့ရှိသည့် စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းကြီးမှာ ပရိသတ် (၄၀,၈၃၄) ယောက် ကြည့်ရှုနိုင်ပြီး ပရီးမီးယားလိဂ် နဝမမြောက် အကြီးဆုံးကွင်းတစ်ကွင်း ဖြစ်သည်..။

စတန်းဖို့ဒ် ဘရစ်ခ်ျ ကို ၁၈၇၇ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်..။ စတင်တည်ထောင်ပြီး (၂၈) နှစ်တာကာလအထိ "လန်ဒန်ပြေး၊ ခုန်၊ ပစ်အသင်း" မှ ပိုင်ဆိုင်ပြီး ဘောလုံးကွင်း အဖြစ်အသုံးမပြုပဲ ပြေး ခုန်၊ ပစ် အားကစားနည်းများနှင့် အစည်းအဝေးများအတွက် ရည်ရွယ်ခဲ့ပါသည်..။ ၁၉၀၄ ခုနှစ်တွင် မစ္စတာ အိပ်ခ်ျ၊ အေ မီးယားစ်နှင့် မစ္စတာ ဂျေ၊ တီ မီးယားစ်တို့ ညီအစ်ကိုမှ ဘောလုံးအသင်း ထူထောင်ရန် ရည်ရွယ်ပြီး လွှဲပြောင်းယူခဲ့သည်..။ ထို့နောက် အနီးရှိ ဥယျာဉ်တစ်ခုကိုပါ ဝယ်ယူခဲ့သဖြင့် ၁၂. ၅ ဧကအထိ အကျယ်အဝန်း ရှိလာခဲ့သည်..။



စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်း၏ မူရင်းဗိသုကာကြီးမှာ မစ္စတာ အာချီဘော လိခ်ျဖြစ်ပြီး စတင်ရေးဆွဲစဉ်က ကွင်း၏ အရှေ့ဘက်တွင် ကိုက် ၁၂၀ အရှည်ရှိ ပရိသတ် (၅, ၀၀၀) ဆန့်သော ပွဲကြည့်စင်တစ်ခုသာ ပါဝင်ခဲ့သည်..။ ကွင်းကြီး၏ အခြားဘက်မှာ မြေလွတ်များအဖြစ် ရှိနေခဲ့သည်..။ အနောက်ဘက်တွင် အနီးနားရှိ တည်ဆောက်ထားသော မြေအောက်ရထား ဘူတာရုံမှ စွန့်ပစ်ပစ္စည်းများ၊ မြေစာပုံများမှာ ပွဲကြည့်စင်တစ်ခုအသွင် ဖြစ်ပေါ်လျှက် ရှိနေခဲ့သည်..။

ကွင်းကြီးကို စတင်ရေးဆွဲစဉ်က ပရိသတ်ဦးရေ (၁၀၀, ၀၀၀) အထိ လက်ခံကျင်းပနိုင်ရန် ရည်မှန်းခဲ့ကြသည်..။ တည်ဆောက်ပြီးနောက် ဖူလ်ဟမ်အသင်းအား အသုံးပြုရန် ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်..။ ထို့ကြောင့် ၁၉၀၅ ခုနှစ်တွင် စတင်တည်ထောင်သော ချယ်လ်ဆီးအသင်းမှ အိမ်ကွင်းအဖြစ် အသုံးရန် " စတန်းဖို့ဒ် ဘရစ်ခ်ျ အားကစားကွင်း" သို့ ပြောင်းရွှေ့လာခဲ့သည်..။ *(ချယ်လ်ဆီးအသင်းမှာ ၁၉၀၅ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင် ဖူးလ်ဟမ်း လမ်းမကြီးပေါ်ရှိ " The Rising Sun (ခေါ်) တက်နေဝန်း စားသောက်ဆိုင်" မှ စတင်ပေါက်ဖွားလာခဲ့သည်..။)



စတန်းဖို့ဒ် ဘရစ်ခ်ျ ဟု ခေါ်တွင်ရခြင်းအကြောင်းရင်း

" စတန်းဖို့ဒ် ဘရစ်ခ်ျ" ဟူသော မူလနေရာမှာ ခရစ်သက္ကရာဇ် ၁၀၆၆ ခုနှစ်တွင် မြောက်ပိုင်းမှ ကျူးကျော်ဝင်ရောက်လာသော ဗိုင်းကင်းများကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သည့် ဟာရိုးဘုရင်ကြီး၏ တိုက်ပွဲများ ဖြစ်ပွားရာ အောင်မြေအဖြစ် ယော့ခ်ရှိုင်းယားနယ်အတွင်း၌ ရှိခဲ့ပြီးဖြစ်သည်..။ သို့သော် စတန်းဖို့ဒ် ဘရစ်ခ်ျ အားကစားကွင်း၏ အမည်မှာမူ အဆိုပါ ဟာရိုးဘုရင်ကြီး၏ အောင်ပွဲများကို ဂုဏ်ပြုမှည့်ခေါ်ထားခြင်း မဟုတ်ပေ..။ မည်သည့်ရည်ရွယ်ချက်ဖြင့် အမည်ပေးခဲ့ကြောင်း မှတ်တမ်းများ မရှိခဲ့ပေ..။



အနီးစပ်ဆုံး ခန့်မှန်းအနေဖြင့် (၁၈) ရာစုနှစ်ထုတ် မြေပုံများတွင် ဖူးလ်ဟမ်း လမ်းမ (Fulham Road) နှင့် ဧကရာဇ်များ လမ်းမ (Kings Road) ကြား၊ ယခု အားကစားကွင်း တည်ရှိရာအရပ်တွင် "Stanford Creek" ဟုအမည်တွင်သော စမ်းချောင်းလေး တည်ရှိပြီး အဆိုပါ စမ်းချောင်းလေးမှာ ယခုမီးရထားလမ်းတည်ရှိရာ လမ်းကြောင်းအတိုင်း အရှေ့ဘက် ပွဲကြည့်စင်အနီးမှ သိမ်းစ်မြစ်ထဲသို့ စီးဝင်သွားသည်..။

စမ်းချောင်းလေးနှင့် ဖူးလ်ဟမ်း လမ်းမတို့ ဆုံရာတွင် "ချယ်လ်ဆီးလေး တံတား (Little Chelsea Bridge)" သို့မဟုတ် "စန်းဖို့ဒ် တံတား (Sanford Bridge)" တည်ရှိပြီး Kings Road လမ်းမမှ စမ်းချောင်းလေးကို ဖြတ်သန်းသွားသည့် တံတားကို "ကျောက်တုံးတံတား (Stanbridge- stone bridge)" ဟု ခေါ်ဝေါ်ခဲ့ကြသည်..။ ထို့ကြောင့် တံတားနှစ်စင်းနှင့် စမ်းချောင်းတို့ကို ပေါင်းစည်းပြီး "Stanford Bridge" ဟု ခေါ်တွင်ရာမှ ကာလရွှေ့လျားပြီး "Stamford Bridge" အမည်တွင်သွားသည်ဟု ယူဆရပါသည်..။

အောက်တွင် ဖတ်ရှုရန် Past: စစ်ကြိုကာလ တိုးတက်မှုများ (၁၉၃၀ ခုနှစ်လွန်နှစ်များ)