ချယ်လ်ဆီးအသင်း ဂန္တဝင်ကွင်းလယ် ကစားသမား ‘ဖရန့် လမ်းပတ်’ မှာ အစီအစဉ် တက်ဆက်သူ အဒမ် စမစ် နှင့် အသင်းဖော်ဟောင်း ဂျိုး ကိုးလ် တို့နှင့်အတူ ချယ်လ်ဆီးအသင်းမှ ရွေရောင်နေ့ရက်များမှ အမှတ်တရ ဖြစ်ရပ်များ၊ ဟိုဆေး မော်ရင်ဟို နှင့် အမှတ်တရများ အပါအဝင် ၂၀၁၂ ခုနှစ်၊ မြူးနစ်မြို့မှ ချန်ပီယံလိဂ် အောင်မြင်မှုအကြောင်းများကို ‘All to Play For’ Podcast အစီအစဉ်မှတဆင့် ယခုလိုပြောပြခဲ့သည်...။
အဒမ် စမစ် - ဟုတ်ကဲ့ပါ..၊ ကျွန်တော်နဲ့ဂျိုး ကိုးလ် တို့ ဒီနေ့တင်ဆက်မယ့် ‘All to Play For’ Podcast အစီအစဉ်မှာ လာရောက်ပူးပေါင်းမယ့် အထူးဧည့်သည်ကတော့ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် အသင်းအတွက် စုစုပေါင်း (၂၁၁) ဂိုး သွင်းယူပြီး စံချိန်တင်ပေးထားတဲ့ ကစားသမားကြီး ဖြစ်ပါတယ်..။
သူဟာအင်္ဂလန် လက်ရွေးစင်အသင်းအတွက် (၂၉) ဂိုး သွင်းယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်၊ FA ဖလား (၄) ကြိမ်၊ လိဂ်ဖလား (၂) ကြိမ်၊ ယူရိုပါ လိဂ်ဖလားနဲ့အတူ ခဏနေကြရင် ကျွန်တော်တို့ ဆွေးနွေးကြမယ့် မြူးနစ်မြို့က ညချမ်းတစ်ခုမှာ ချန်ပီယံလိဂ်ဖလားကြီးကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ တစ်ဦးချင်းအောင်မြင်မှု အနေနဲ့ဆိုရင် ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကွင်းလယ် ကစားသမား၊ အင်္ဂလန်အသင်းရဲ့ သွင်းဂိုးအများဆုံး ကွင်းလယ်ကစားသမားဆိုတဲ့ စံချိန်တွေအပြင် Balon d’Or အကောင်းဆုံး ကစားသမားဆု ရွေးချယ်ရာမှာ ဒုတိယဆု ရခဲ့သူလည်း ဖြစ်ပါတယ်..။ ဉာဏ်ပညာပိုင်းမှာလည်း IQ (၁၅၀) ကျော်တဲ့အပြင် လက်တင်ဘာသာမှာ (A+) ရရှိခဲ့တဲ့အထိ ပညာရေးအပိုင်းမှာပါ ထူးချွန်ခဲ့တဲ့ ‘Superrrrr Frankkkk Lampard’ ဖြစ်ပါတယ်..။ ကဲ.. ဖရန့် ရေ… ဘာတွေများ ထပ်ပြီးဖြည့်စွက်ဖို့ ကျန်သေးလဲဗျ..
ဖရန့် လမ်းပတ် - No.. No.. ပြည့်စုံပါပြီဗျာ..။ ကျွန်တော့်ရဲ့ ကစားသမားဘ၀ တစ်လျှောက်လုံးကို ပြန်ကြည့်ရင် ပရီးမီးယားလိဂ် ဖလားမှာ သုံးကြိမ်ထက်ပိုပြီး ရရှိသင့်တယ်.. ဆိုတဲ့ အားမလို၊ အားမရ ခံစားချက်တစ်ခုပဲ ရှိခဲ့ပါတယ်..။
အဒမ် စမစ် - ဟုတ်ကဲ့ပါ..။ ခင်ဗျားက ကိုယ်ဆွတ်ခူးရရှိခဲ့တဲ့ အောင်မြင်မှုတွေ အပေါ်မှာပဲ ပြန်ပြီးအားမလို၊ အားမရ ဖြစ်နေခဲ့တာကိုးဗျ..။ ခင်ဗျားနဲ့ ဂျိုး ကိုးလ် တို့ဟာ ဝက်စ်ဟမ်း အကယ်ဒမီမှာ အတူတူကြီးပြင်းလာကြတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒ့ါကြောင့် ပထမဆုံး ကျွန်တော်မေးချင်တာက အကယ်ဒမီမှာ တစ်ယောက်နဲ့တစ်ယောက် စပြီးဆုံတွေ့ခဲ့ကြကတည်းက ဒီကောင်ကတော့ နောင်တစ်ချိန် ထိပ်တန်းအဆင့်မှာ ထွန်းတောက်မယ့်သူ.. ဆိုပြီး ကြိုတင်ခန့်မှန်းခဲ့ကြဖူးရဲ့လား..? ဘာဖြစ်လို့လည်းဆိုတော့ တစ်ဦးချင်းစွမ်းရည်မှာ တစ်ဖက်ကမ်းခပ်အောင် ထူးချွန်တဲ့ ကစားသမားတွေ အများကြီးရှိခဲ့ပေမယ့် ခံယူချက်နဲ့စိတ်ဓါတ်ပိုင်းမှာ မပြည့်ဝခဲ့လို့ ထိပ်တန်းအဆင့်အထိ မပေါက်မြောက်ခဲ့တဲ့ ကစားသမားတွေ အများကြီးပါပဲ..။ ဒါ့ကြောင့်ခင်ဗျားတို့နှစ်ယောက် ပထမဆုံး တွဲဖက်ကစားဖူးခဲ့တဲ့ အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုများမြင်မိကြလဲ..? ဆိုတဲ့ အမှတ်တရလေးတွေကို ပြောပြပေးပါလား…
ဂျိုး ကိုးလ် - ကျွန်တော်အရင်ပြောမယ်..။ ဝက်စ်ဟမ်း အကယ်ဒမီမှာ ကျွန်တော်တို့ အတူတူကစားခဲ့စဉ်က ဖရန့် ဟာ သူ့ရဲ့အဖေ၊ သူ့ရဲ့ဦးလေး အရှိန်အဝါကြောင့် အသင်းမှာနေရာရခဲ့တယ်..၊ သူဟာဝက်စ်ဟမ်း အသင်းကြီးနဲ့ မထိုက်တန်ဘူးဆိုပြီး အားမနာပ အပုတ်ချခံခဲ့ရပါတယ်..။ ဒါပေမယ့် ဖရန့် ဟာ ပွဲရဲ့အခြေအနေကို အမြန်ဆုံးနဲ့ အကောင်းဆုံး ဖတ်နိုင်စွမ်းရှိပါတယ်..။ ဒ့ါကြောင့်လည်း သူဟာဂိုးတွေအများကြီး သွင်းပေးနိုင်ခဲ့တာပါ..။ လေ့ကျင့်ကွင်းမှာဆိုရင် ကျွန်တော်ဟာ သူ့ကိုပဲ အားကျ၊ အတုယူခဲ့ရတာပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ လမ်းပေါ်မှာ ကစားရင်း street footballer တစ်ယောက်အနေနဲ့ ဝက်စ်ဟမ်းအသင်းကို ရောက်လာခဲ့တာပါ..။ ဖရန့် တို့လို စနစ်အကျ ပြုစု၊ ပျိုးထောင်ခံခဲ့ရတဲ့ တစ်မျိုးလုံးတစ်ဆွေလုံး ဘောလုံးသမားတွေပဲ ဆိုတဲ့အထဲက မဟုတ်ကြပါဘူး..။ ဒ့ါကြောင့်ကျွန်တော်ဟာ သင်ယူဖို့ လိုအပ်ပါတယ်..။
ကျွန်တော်ဟာ သူ့ကိုတွေ့တိုင်း ဒီကောင်.. ဘယ်လိုများ ဂိုးတွေအများကြီး သွင်းပေးနိုင်ပါလိမ့်.. ဆိုတဲ့ အတွေးဖြစ်ရပါတယ်..။ ကျွန်တော့်ရဲ့ ကစားသမား သက်တမ်းတစ်လျှောက် သွင်းဂိုး (၁၀၄) ဂိုး ရရှိခဲ့ပါတယ်..။ တကယ်လို့ သူ့ဆီကနေသာ သင်ယူခွင့်မရခဲ့ဘူးဆိုရင် အဲဒီသွင်းဂိုးတွေရဲ့ တစ်ဝက်လောက်တောင် ရခဲ့မှာ မဟုတ်ပါဘူး.။ ကျွန်တော်တို့ ဝက်စ်ဟမ်းအသင်းမှာ ရှိနေစဉ်တုန်းက သူဟာဝက်စ်ဟမ်း အသင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ယောက်ဆိုတာ ဘယ်လိုမှ သံသယရှိစရာ မလိုပါဘူး..။
ဖရန့် လမ်းပတ် - ဂျိုး ဟာ တကယ့်ကို ပင်ကိုယ်ပါရမီ ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ..။ ကျွန်တော်ဟာ တစ်ဦးချင်းဘောလုံး စွမ်းရည်ပိုင်းမှာ သူ့ကိုမမှီပါဘူး..။ ဒါပေမယ့် လူငယ်ကစားသမား ဘဝမှာ နောင်တစ်ချိန်ကျရင် ဘယ်လိုပုံစံနဲ့ တက်လှမ်းကြမယ်ဆိုတာ ကြိုတင်မှန်းဆလို့ မရပါဘူး..။ ဂျိုး ဟာ သူပြောသလို လမ်းပေါ်မှာပဲ လွတ်လွတ်လပ်လပ် ကစားခဲ့တဲ့ ကစားသမား ဖြစ်ချင်ဖြစ်ပါမယ်..၊ ဒ့ါကြောင့်သူဟာ ကွင်းထဲမှာ တစ်ဦးချင်း စွမ်းရည်တွေ ပြနေရင် လူတွေက အံ့သြတကြီးနဲ့ အားပေးကြပါမယ်..။ ဒါပေမယ့် အဲဒီလိုတစ်ကိုယ်တော်စွန့်စားမှုတွေကို အမြဲတမ်းမပြုလုပ်သင့်ဘူး.. ဆိုပေမယ့် ကျွန်တော့်ဦးလေး.. ဟယ်ရီ ရက်ဒ်နပ် က သူ့ကိုလွတ်လွတ်လပ်လပ် စိတ်ကြိုက် ကစားခွင့် ပေးခဲ့ပါတယ်..။ ဒါဟာသူ့အတွက် သိပ်ကိုကောင်းခဲ့တယ်ဗျ..။
ဒါပေမယ့် ကစားသမား တစ်ယောက်ဟာ အမြဲတမ်း တိုးတက်နေအောင် ဆက်လက်သင်ယူနေရပါတယ်..။ ချယ်လ်ဆီးအသင်းကို ရောက်သွားတဲ့အချိန်ကျရင် နောက်ထပ်တစ်ဆင့် တက်သွားပါပြီ..၊ အမြဲတမ်းအဲဒီလို ကိုယ့်ရဲ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ မလွယ်တော့ပါဘူး..။ နောက်တော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရပြီဆိုရင် ကိုယ်ရည်ကိုယ်သွေးပိုင်းတွေကအစ ပိုပြီးကောင်းမွန်လာအောင် ထပ်ပြီးသင်ယူရပြန်ရော..။ ဒ့ါကြောင့် ကစားသမားတိုင်းဟာ အခုလိုကစားသမားမျိုး ရောက်ရှိလာအောင်ဆိုရင် အဆင့်ဆင့်ကြိုးစား၊ သင်ယူရင်း ဖြတ်သန်းလာရတာပါ..။
အဒမ် စမစ် - ဖရန့် ရေ.. ခင်ဗျားတို့နှစ်ယောက်မှာ ချယ်လ်ဆီးအသင်းကို ခင်ဗျားအရင်ရောက်သွားပါတယ်..။ ကျွန်တော်သိချင်တာက ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကို ဝယ်ယူလိုက်တဲ့အချိန်မှာ ကစားသမား တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရတယ်..၊ ခင်ဗျားတို့တွေရဲ့ စိတ်ထဲမှာ ဘယ်လိုမျှော်လင့်ချက်တွေ ရှိခဲ့လဲဆိုတာ ပြောပြပေးပါလား..?
ဖရန့် လမ်းပတ် - ခံစားချက်တွေ ရှုပ်ထွေးခဲ့ရတဲ့ တကယ့်အချိန်တွေပါပဲ..။ ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်ခဲ့ပြီး ပထမဆုံးဘောလုံးရာသီ နှစ်ရာသီမှာ အသင်းဟာ ရုန်းကန်ခဲ့ရပါတယ်..။ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် အသင်းဟာ အုပ်ချုပ်ရေးအဖွဲ့ရဲ့လက်ထဲ ရောက်တော့မယ့် သတင်းတွေဟာ ကျွန်တော်တို့ရဲ့ စိတ်တွေကို သို့လော၊ သို့လော.. မတည်ငြိမ်မှုတွေ ဖြစ်စေခဲ့ရပါတယ်..။ အဲဒီအချိန်မှာပဲ ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကို ဝယ်ယူလိုက်ပြီဆိုတဲ့ သတင်းကို ကြားလိုက်ပါတယ်..။ ကျွန်တော်ကတော့ အားလပ်ရက်ခရီးနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ အချိန်ပေ့ါဗျာ..။ သူဘယ်သူလဲ..? အရင်ကလည်း ရိုမန် အေဘရာမိုဗစ်ခ်ျ ဆိုတာ တစ်ခါမှ မကြားခဲ့ဖူးပါဘူး..။ ဒါ့ကြောင့်တစ်ဖက်က စိတ်လှုပ်ရှားမိသလို တခြားတစ်ဘက်ကလည်း ဘာတွေဖြစ်လာမလဲ.. မစဉ်းစားနိုင်တဲ့အပေါ် တွေးပြီးကြောက်မိပါတယ်..။
သူဟာအသင်းကို ဝယ်ယူပြီးပြီးချင်းမှာပဲ အသင်းရဲ့ ဟာလင်တန် လေ့ကျင့်ကွင်းထဲကို ဟယ်လီကော့ပ်တာ နဲ့ ချက်ချင်းရောက်လာပါတယ်..။ ရဟတ်ယာဉ်ပေါ်ကဆင်းတယ်…၊ လေ့ကျင့်ကွင်းထဲကို လှည့်ပတ်ကြည့်ရင်း အတူပါလာတဲ့ ယူဂျင်း… အဲဒီအချိန်က သူ့ရဲ့လူယုံတော် ညာလက်ရုံးပေ့ါဗျာ..၊ ယူဂျင်း ဘက်ကို လှည့်ပြီး ပထမဆုံး ပြောလိုက်တာက.. ‘ဒါတွေအကုန်လုံး ပြောင်းပစ်ရမယ်..၊ အကုန်လုံးပြောင်းလဲပစ်ရမယ်..’ ဆိုတဲ့ စကားပဲဗျ..။
ကျွန်တော်တို့ရဲ့ ဟာလင်တန် လေ့ကျင့်ကွင်းဟာ အဲဒီအချိန်က ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး လေ့ကျင့်ကွင်းလို့ ပြောရမှာပါ..။ ဒ့ါကြောင့်လည်း အသင်းကိုမဝယ်ရသေးခင် သူကို့ဘယ်သူကမှ ဟာလင်တန် လေ့ကျင့်ကွင်းကို ကြိုပြီးမပြသခဲ့တာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့်သူဟာ အသင်းရဲ့လေ့ကျင့်ကွင်းကို အရင်ဆုံး ရောက်လာခဲ့ပါတယ်..။ ဟာလင်တန် လေ့ကျင့်ကွင်းရဲ့ အခြေအနေကို ပြောရမယ်ဆိုရင် အကာအရံတွေက မလုံဘူး..၊ လေကလည်း အမြဲတမ်းလိုလို ပြင်းပြင်းထန်ထန် တိုက်နေတာကြောင့် အမြင့်ဘောကန်လိုက်ပြီဆိုရင် ဘောလုံးက လေနဲ့ပါပါသွားတယ်.. ဟားဟား.. လေယာဉ်ပျံတွေကလည်း နှစ်စက္ကန့်ကို တစ်ကြိမ်လောက် အတက်အဆင်းတွေ ရှိနေလိုက်သေးတယ်..။ ဒါ့အပြင်လေ့ကျင့်ကွင်းဟာ တက္ကသိုလ်ကျောင်းနဲ့ တွဲထားတာဆိုတော့ နေ့ခင်းပိုင်းဆိုရင် ကျွန်တော်တို့ဟာ (၁၈) နှစ်၊ (၁၉) နှစ်အရွယ် ကျောင်းသားတွေ လေ့ကျင့်ဖို့အတွက် ဖယ်ပေးရပါသေးတယ်..။
ကျွန်တော်တို့အသင်းဟာ အဲဒီလိုအခြေအနေ ရှိနေချိန်မှာ ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကိုရောက်လာခဲ့တာပါ..။ သူဟာအသင်းကို စတက်ရောက်ရှိပြီး နှစ်စက္ကန့်အတွင်းမှာကို ဘယ်နေရာစပြီး ပြောင်းလဲရမလဲ.. မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့ပါတယ်..။ ဒ့ါအပြင် ကံကောင်းထောက်မစွာနဲ့ပဲ သူပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေဟာ ကျွန်တော့်အတွက်တင်မကပဲ အသင်းအတွက်ပါ အများကြီး အကျိုးဖြစ်ထွန်းခဲ့ပါတယ်..။”
ဂျိုး ကိုးလ် - လမ့်ပ် ရေ.. ခင်ဗျားက ဝက်စ်ဟမ်းကထွက်ခဲ့ပြီး ချယ်လ်ဆီးမှာ လျှင်လျှင်မြန်မြန် အထိုင်ကျခဲ့ပါတယ်..။ ဒ့ါကြောင့်အစောပိုင်းကာလတွေမှာလည်း ပွဲတိုင်းလိုလို ကစားခဲ့ရပါတယ်..။ ကျွန်တော်ရောက်လာတဲ့ အချိန်မှာကျတော့ အသင်းမှာ တကယ့်ကြယ်ပွင့် ကစားသမားတွေ အများကြီးရှိနေပါပြီ..။ ကြယ်ပွင့်ကစားသမားတွေ ဘယ်လောက်များနေပြီလဲ.. ဆိုရင် ချန်ပီယံလိဂ် ပွဲတစ်ပွဲပဲဗျာ..၊ အဲဒီပွဲမှာ ခင်ဗျားရော,, JT ပါ အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်..။ ဘယ်ပွဲလဲ. ဆိုတာ ခင်ဗျားမှတ်မိရဲ့လား..
ဖရန့် လမ်းပတ် - မှတ်မိတယ်ဗျ..၊ ဆလာဗီးယား ပရာဟာ နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်လိမ့်မယ်..။ သူတို့အသင်းဟာ ထိပ်တန်းအသင်း မဟုတ်ပေမယ့် ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကိုဝယ်ယူပြီး ပထမဆုံးပွဲ ဖြစ်တာကြောင့် အားလုံးက အဲဒီပွဲကို အာရုံစိုက်ခဲ့ကြပါတယ်..။ ကျွန်တော်တို့ဟာ အေဘရာမိုဗစ်ခ်ျ အသင်းကိုမဝယ်ယူခင် နောက်ဆုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရခဲ့ပါတယ်..။ တကယ်တော့ ရာသီနောက်ဆုံးပွဲစဉ်မှာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တာဟာ အသင်းကိုကယ်တင် လိုက်တာပဲဗျ..။ အဲဒီနောက်မှာ ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကို ရောက်လာခဲ့ပါတယ်..။
သူရောက်လာတာနဲ့ တပြိုင်နက် ကြယ်ပွင့်ကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက် အသင်းကို ရောက်လာခဲ့တော့တာပါပဲ..။ မက်ခလီလီ ရောက်လာခဲ့တယ်..၊ ဗီရွန် ရောက်လာတယ်..၊ နောက်ပြီး ဂျိုး ကိုးလ်.. စသဖြင့်ပေါ့ဗျာ.။ အိုကေ.. ကောင်းတယ်ကွာ,,။ ဒီလိုနဲ့ ပထမဆုံးချန်ပီယံလိဂ် ပြိုင်ပွဲအတွက် ခြေစစ်ပွဲလည်း ရောက်လာရော ကျွန်တော်တို့အသင်းဟာ ဘာတွေများပြောင်းလဲသွားမလဲ…? အကုန်လုံးက စောင့်ကြည့်နေကြတာပေါ့..။ ပွဲလူစာရင်းလည်း ကြေငြာရော ကျွန်တော်၊ ဂျွန် တယ်ရီ၊ အိုင်ဒါ ဂတ်ဂျွန်ဆင်.. အရင်နှစ်က အသင်းရဲ့အဓိက ကစားသမားတွေ အကုန်လုံးလိုလို အရန်ခုံမှာ ရောက်ကုန်ပါတယ်..။ အဲဒီပွဲလည်းပြီးရော ‘အင်း.. ပြောင်းတာတော့ ပြောင်းလဲကုန်ပြီ..၊ ဘာတွေဆက်ဖြစ်ဦးမလဲ.. မသိသေးပေမယ့် ဒီအတိုင်းဆိုရင် သိပ်တော့မနိပ်လှသေးဘူး..’ ကျွန်တော်တို့အချင်းချင်း ပြောဖြစ်ကြပါသေးတယ်.. ဟားဟား…
အဒမ် စမစ် - အဲဒီအစောပိုင်း ကာလမှာ အကုန်လုံးကပြောင်းကပြန်တွေ ဖြစ်ကုန်ပြီး ခင်ဗျားတို့တွေပါ အရန်ခုံပေါ် ရောက်ကုန်တာပေ့ါ..။ အဲဒီအချိန်တုန်းကရော ဒီအသင်းဟာ နောင်တစ်ချိန်ကျရင် ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်မယ့် အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်းဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတို့စိတ်ထဲမှာ တွေးမိခဲ့ရဲ့လား..?
ဖရန့် လမ်းပတ် - No.. အဲဒီအချိန်တုန်းက အဲဒီလိုမျှော်လင့်ချက်မျိုး မဖြစ်ခဲ့ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ချန်ပီယံဆုဖလားတွေ တစ်လုံးပြီးတစ်လုံး ဆွတ်ခူးခဲ့တဲ့ အသင်းမျိုးထဲကို တစ်ခါမှမရောက်ဖူးသေးတာဆိုတော့ အဲဒီလိုအသင်းတွေရဲ့ ခံစားချက်က ဘယ်လိုလဲ.. ဆိုတာ မသိသေးပါဘူး..။ ကျွန်တော့်ရဲ့စိတ်ထဲမှာ အသင်းရဲ့ ကြီးမားတဲ့ အပြောင်းအလဲအပေါ် စိတ်လှုပ်ရှားတာလောက်ပဲ ရှိခဲ့ပါတယ်..။ အဲဒီလို ချန်ပီယံအသင်းတစ်သင်းရဲ့ ခံစားချက်မျိုးကို ဟိုဆေး မော်ရင်ဟို မရောက်လာခင်ထိ ကျွန်တော်တို့ မသိခဲ့ပါဘူး.. လို့ပဲ ဖြေရမှာပါ..။
ကလော်ဒီယို ရေနာရီ ရဲ့ နောက်ဆုံးနှစ်မှာလည်း အသင်းမှာကြယ်ပွင့် ကစားသမားတွေ အများကြီးရှိနေတယ်..၊ ချန်ပီယံလိဂ် ဖလား အကြိုဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တယ်.. ဆိုပေမယ့် ချန်ပီယံဆုတွေအတွက် အသင့်ဖြစ်ပြီ..၊ ချန်ပီယံဖလားတွေ ဆွတ်ခူးနိုင်ပြီ.. ဆိုတဲ့ အသိမျိုး၊ ခံစားချက်မျိုးတွေ မရှိလာသေးပါဘူး..။ နောက်တော့ ဟိုဆေး မော်ရင်ဟို ရောက်လာပါတယ်..။ အဲဒီအချိန်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် အချိန်ရောက်ပြီဆိုတဲ့ ခံစားချက် ရလာပါပြီ..။ အသင်းကလည်း တည်ငြိမ်လာတဲ့ အနေအထားကို ရောက်လာသလို ကိုယ့်ကိုယ်ကို အသင်းကြီးတစ်သင်းလို ခံစားလာရတယ်…၊ ယုံကြည်မှု ပိုပြီးရလာတာလည်း ပါတာပေ့ါဗျာ..။
အဒမ် စမစ် - ဟိုဆေး က ခင်ဗျားတို့ကို ဘာတွေပြောင်းလဲပေးလိုက်တာလဲ..? ခင်ဗျားပြောတဲ့ပုံအရ သူရောက်လာတဲ့ အချိန်မှာ အသင်းဟာ ကြယ်ပွင့်ကစားသမားတွေနဲ့ အသင်းကောင်းတစ်သင်းအဖြစ် ရောက်ရှိနေပါပြီ..။ သူ့ရဲ့ရှေ့က ကလော်ဒီယို ရေနာရီ ကလည်း အသင်းကိုအကောင်းဆုံး ပြင်ဆင်သွားခဲ့တာပါ..။ ဒ့ါကြောင့်သူဟာ အသင်းရဲ့ကစားနည်းစနစ်.. ဒဿနပိုင်းထက်စာရင် ကစားသမားတွေရဲ့ ခံယူချက်နဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာကို အဓိက ပြောင်းလဲပေးလိုက်တာလား..? ခင်ဗျားအနေနဲ့ ဘယ်လိုမြင်မိလဲ..?
ဖရန့် လမ်းပတ် - Yes.. ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်..။ ဂျိုး ကတော့ ဘယ်လိုမြင်လဲ မပြောတတ်ဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုဆေး ဟာ ကျွန်တော့်ကို ဘယ်လို.. ဘယ်ပုံစံ ကစားရမယ်.. ဆိုပြီး အသေးစိတ် ညွှန်ကြားပေးခဲ့တာ မရှိသလောက်ပါပဲ..။ သူချမှတ်ခဲ့တဲ့ အသင်းရဲ့ပုံစံက ကျွန်တော့်ရဲ့ ကစားဟန်နဲ့ လိုက်ဖက်ညီသွားတာကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မယ်..။ ကလော်ဒီယို ရေနာရီ လက်ထက်တုန်းက ကျွန်တော်တို့ဟာ ၄- ၄- ၂ flat ပုံစံ ခင်းကျင်းလေ့ ရှိခဲ့ပါတယ်..။ ဟိုဆေး ရောက်လာတော့ သူကအသင်းကို ၄- ၃- ၃ ပုံစံ ပြောင်းလဲလိုက်ပြီး ကျွန်တော့်ရဲ့နောက်မှာ မက်ခလီလီ က အမြဲတမ်းရှိနေခဲ့ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ဟာ တိုက်စစ်ကို ပိုပြီးအာရုံစိုက် ကစားနိုင်ခဲ့ပါတယ်..။
ကျန်တဲ့အပိုင်းအနေနဲ့ သူဟာကျွန်တော်တို့ရဲ့ စိတ်ဓါတ်၊ ယုံကြည်ချက် အပိုင်းတွေမှာ ပြောင်းလဲပေးခဲ့တယ်..၊ ကျွန်တော်တို့တွေရဲ့ တစ်ဦးချင်း ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုမိုမြင့်မား လာစေခဲ့ပါတယ်..။ ကျွန်တော်ကတော့ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ ရာသီကြိုခရီးစဉ်၊ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာကတည်းက သူ့ကိုသဘောကျခဲ့ပါတယ်..။ သူလေ့ကျင့်ပေးတဲ့ နည်းလမ်းတွေဟာ တခြားသူတွေနဲ့ မတူညီဘူးဗျ..။ အရမ်းတင်းကျပ်တာလည်း မဟုတ်သလို ကစားသမားတွေအကြိုက် အကုန်လုံးလိုက်လျော ပေးနေတာလည်း မဟုတ်ပါဘူး..။
ဂျိုး ကိုးလ် - လမ့်ပ် ရေ.. ဟိုဆေး က ခင်ဗျားကို ‘မင်းဟာကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား ဖြစ်လာနိုင်တယ်..’ လို့ ပြောခဲ့တဲ့စကားလေဗျာ..၊ အဲဒါရေချိုးခန်းထဲမှာ ပြောခဲ့တာလား..? ကျွန်တော်သေသေချာချာ မမှတ်မိတော့ဘူး..။ သူပြောလိုက်တဲ့ အဲဒီစကားဟာ ခင်ဗျားရဲ့ယုံကြည်ချက်..၊ ခံယူချက်တွေကို ချက်ချင်းလိုလို ဝုန်းကနဲ တိုးတက်စေခဲ့လားလို့ပါ..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တုန်းက ပရိသတ်တွေ၊ ဘောလုံးဝဖေန်သူတွေက ခင်ဗျားကိုအရမ်းကြီး သတိထားမိကြတာ မဟုတ်သလို အင်္ဂလန်အသင်းမှာတောင် ပါတစ်လှည့်၊ မပါတစ်လှည့်.. နပ်မှန်သေးတာမှ မဟုတ်တာ… ဟုတ်တယ်မလား…
ဖရန့် လမ်းပတ် - မှန်ပါတယ်..။ အဲဒီစကား ပြောခဲ့တဲ့ အချိန်တုန်းက ကျွန်တော်တို့ဟာ ဆီးတဲလ်မြို့မှာ ဆောင်းဒါး အသင်းနဲ့ ရာသီကြိုလေ့ကျင့်ခန်း ဆင်းနေခဲ့တဲ့အချိန်ပါ..။ နွေရာသီဆိုတော့ အရမ်းလည်း ပူပါတယ်..။ တစ်ရက်မှာ လေ့ကျင့်ခန်းအပြီး ကျွန်တော်တို့အကုန်လုံး ရေချိုးနေကြတုန်း ဟိုဆေး ဟာ ရေချိုးခန်းထဲ ရောက်လာခဲ့ပါတယ်..။ နောက်ပြီးခုနက ခင်ဗျားပြောခဲ့တဲ့ စကားအတိုင်းပဲ.. ကျွန်တော့်ကို ပြောခဲ့တာပါပဲ..။ ဇီဒိန်း တို့ အဆင့်မျိုးရောက်ရှိအောင် ကျွန်တော့်မှာ ဆုဖလားတွေ ဆွတ်ခူးပေးရမယ်..၊ ဆုဖလားတွေ ရအောင်ကြိုးစားရမယ့် တာဝန်ရှိတယ်ပေ့ါဗျာ..
သူပြောလိုက်တဲ့ တဒင်္ဂမှာတော့.. ကျွန်တော့်စိတ်ထဲမှာ.. ‘နေပါဦး.. ဇီဒိန်း တို့ကို အသာထားလို့..၊ ဇီဒိန်း ဆိုတာ ငါနဲ့အဝေးကြီးပါ.. ဘာတွေလာပြောနေတာပါလိမ့်..’ ဆိုတဲ့စိတ် ဖြစ်သွားပါတယ်..။ ကျွန်တော်ဟာ အဲဒီအချိန်မှာ အသက် (၂၄)၊ (၂၅) နှစ် ဝန်းကျင် ရှိနေပါပြီ..။ ကစားသမား တစ်ယောက်ရဲ့ အကောင်းဆုံးအချိန်ဆိုတော့ ကျွန်တော့်ဆီမှာ ရှိနေတဲ့ ရှေ့အလားအလာတွေကို သူကြိုတင်ပြီး မြင်မိလို့ ဖြစ်ပါလိမ့်မယ်..။ အဲဒီလိုအဆင့်ကို တက်လှမ်းနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိနေတာကို မန်နေဂျာ တစ်ယောက်အနေနဲ့ မြင်မိလို့ပဲဖြစ်မှာပါ..။ သူဟာကျွန်တော်တို့ကို လိမ်ပြီးပြောတာ..၊ စိတ်ထဲမပါပဲ မြှေက်ပင့်ပြောတာ မဟုတ်လောက်ပါဘူး.။ ဒါပေမယ့် သူပြောတဲ့စကား ထိရောက်အောင်..၊ ကစားသမားကို စိတ်ဓါတ်တက်ကြွလာအောင် ဘယ်လိုအချိန်၊ ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့ ပြောမလဲ.. ဆိုတာ အရေးကြီးပါတယ်..။
သူပြောလိုက်တဲ့အချိန်တုန်းက ရယ်စရာကြီးလိုပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ သူလည်းအဲဒီလိုပြောပြီး နောက်နှစ်ရက်လောက်မှာ ကျွန်တော်တို့ဟာ ဆဲလ်တစ် အသင်းနဲ့ ပထမဆုံး ရာသီကြိုပွဲစဉ် ယှဉ်ပြိုင်ရပါတယ်..။ တကယ်ပါဗျာ… အဲဒီပွဲဟာ ကျွန်တော့်ဘဝရဲ့ အဆိုးရွားဆုံးပွဲပါပဲ..။ ခြေစွမ်းက စုတ်ပျက်နေတာ..၊ ပထမပိုင်း (၄၅) မိနစ်လုံးလုံး ဘာမှကို မလုပ်နိုင်ခဲ့ပါဘူး..။ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား ဖြစ်နိုင်တယ်ဆိုပြီး ပြောထားတာလေ..၊ အခုကျတကယ့်ကို ပြောင်းပြန်ကြီးလို ဖြစ်နေတာပေ့ါ.. ဟားဟား..။ ရှက်စရာကြီးပါ..။
ပွဲတဲ့အချိန်မှာ ဟိုဆေး က ကျွန်တော့်ကို ဘာတစ်ခွန်းမှ မပြောပါဘူး..။ ကျွန်တော်ကတော့ သူ့ရဲ့စိတ်ထဲ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမရှိတော့ဘူးလို့ ထင်မိခဲ့ပေမယ့် နောက်ထပ် (၁၅) နှစ်လောက်အကြာ လန်ဒန်မြို့က အခမ်းအနားတစ်ခုမှာ ဆုံခဲ့တဲ့အချိန်ကျတော့မှ ‘ဆီးတဲလ် မှာတုန်းက မင်းပေါက်တတ်ကရ ကစားခဲ့တဲ့ ဆဲလ်တစ်နဲ့ပွဲကို မှတ်မိသေးရဲ့လား..?’ ဆိုပြီး လာမေးတယ်ဗျာ.. (အဒမ် နှင့် ဂျိုး တို့ ‘ဟင်ကနဲ’ ဖြစ်သွား..) တကယ်ပါဆို..!! ဟိုဆေးလ် ဟာ အဲဒီပွဲမှာ ကျွန်တော့်ရဲ့ခြေစွမ်းကို ကျေနပ်ခဲ့မှာ မဟုတ်ပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူကိုယ်တိုင် မြှောက်ပေးထားတာဆိုတော့ အသာလေး မျိုချလိုက်ရပုံ ရပါတယ်..။ ဟိုဆေး က ကျွန်တော့်ရဲ့စိတ်ဓါတ်ပိုင်းကို မြှင့်တင်ပေးသွားခဲ့တဲ့ပုံစံဟာ သိပ်ကိုကောင်းမွန်လွန်းခဲ့တယ်.. လို့ပဲ ပြောရမှာပါ..။
ဂျိုး ကိုးလ် - ကျွန်တော်အဲဒီပွဲကို မှတ်မိပါတယ်..။ ပွဲကန်တဲ့အချိန်က အရမ်းလည်း ပူတယ်ဗျာ..။ ပြင်ပအပူချိန် (၁၁၀) ဒီဂရီ ဖာရင်ဟိုက်လောက် ရှိလိမ့်မယ်ထင်တာပဲ..။ Big John ကြီးက ပထမဆုံး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတဲ့ပွဲလည်း ဖြစ်တာပေါ့..။ သူကကျွန်တော့်ရဲ့ဘေးကနေ ရပ်နေပြီး အသင်းခေါင်းဆောင် လက်ပတ်ကြီးနဲ့ အသင်းသားတွေကို စိတ်အားတက်ကြွအောင် မြှောက်ပေးနေရတာ..။ ဘာဖြစ်လို့လည်းဆိုတော့ အပူရှိန်ကြောင့် ကစားသမားတိုင်းလိုလိုဟာ အပေါ်မီး အောက်မီး ဖုထ်ထားသလို ခံစားနေရပြီး ပထမပိုင်း မြန်မြန်ပြီးဖို့ကိုပဲ စောင့်နေကြတာ..၊ ကွင်းထဲကနေ အမြန်ဆုံးထွက်ချင် နေကြတာကိုးဗျ..။ သူ့ရဲ့မျက်နှာဆိုရင် ခရမ်းချဉ်သီးမှည့်ကြီးလို ရဲတောက်နေပြီ.. ဟားဟား.. ပူချက်ကတော့ဗျာ.. ကစားသမားတွေရဲ့ ကျန်းမာရေး ထိခိုက်မှာတောင် စိုးရိမ်ခဲ့ရပါတယ်..။ အဲဒီပွဲကလည်း မှတ်မှတ်ရရပါပဲ..။
အပိုင်း (၂) ဆက်လက်ဖတ်ရှုရန်..