အဒမ် စမစ် - ဂျိုး ရေ.. ကျွန်တော်ကလည်း ခင်ဗျားကို လမ့်ပ် ကို မေးခဲ့တဲ့ မေးခွန်းကိုပဲ ပြန်မေးရမှာပဲ..။ ဖရန့် ကတော့ ဟိုဆေး ရဲ့ ကစားသမားတွေကို အုပ်ချုပ်မှု ကောင်းမွန်တဲ့အကြောင်း၊ သူ့ရဲ့ကစားသမားတွေကို လေ့ကျင့်၊ ပျိုးထောင် ပေးခဲ့တဲ့အကြောင်းတွေကို အဓိက ရည်ညွှန်းသွားခဲ့ပါတယ်..။ ခင်ဗျားကရော ဘာတွေများ ဖြည့်စွက် ပြောချင်သေးလဲ မသိဘူးဗျ..
ဂျိုး ကိုးလ် - အဲဒီလို အုပ်ချုပ်မှု ကောင်းမွန်ခဲ့မှုတွေကြောင့်လည်း ဟိုဆေး ဟာ ပါရမီရှင် နည်းပြတစ်ယောက်အဖြစ် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့ဗျ..။ သူဟာဖရန့်ကိုတော့ အလားအလာရှိတယ်..၊ သူ့ကိုဒီထက် ကောင်းမွန်လာအောင် ဘယ်လိုပုံစံနဲ့ မြှင့်တင်ပေးရမယ်ဆိုတာ နားလည်ခဲ့ပုံ ရပါတယ်..။ ကျွန်တော်နဲ့ကျတော့ ဖရန့် နဲ့ လုံးဝပြောင်းပြန်ပါ..၊ သူဟာကျွန်တော့်ကို အတော်လေး ဆော်ပလော် တီးခဲ့တာပါ.. ဟားဟား.. (အဒမ် နှင့် ဖရန့် တို့ ‘ဟင်ကနဲ’ အံ့သြသွား..)။ တကယ်ပါဗျ..၊ ဒီအကြောင်းတွေ အရင်ကလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်..။
ဒါပေမယ့် ကျွန်တော်ဟာ သူနဲ့ဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်..၊ အခုထိလည်း အဆင်ပြနေတုန်းပါပဲ..။ မှတ်မှတ်ရရဆိုရင် သူ့ရဲ့ပထမဆုံးရာသီ၊ ကျွန်တော်တို့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့တဲ့နှစ်တုန်းက လီဗာပူးလ်အသင်းကို ၁ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အဲဒီအနိုင်ဂိုးကို ကျွန်တော်သွင်းခဲ့တယ်ဗျာ..။ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းထဲကနေ မြောက်ကြွ၊ မြောက်ကြွနဲ့ ထွက်လာခဲ့ကြတာပေ့ါ..။ နောက်ရက်လည်းကျရော သတင်းစာတွေရဲ့ ခေါင်းကြီးသတင်းမှာ ကျွန်တော့်ကိုချီးကျူးဖို့ ဝလောဝေး.. ခံစစ်မကူလို့၊ ပွဲပြီးခါနီးမှာ လီဗာပူးလ် ကစားသမားကို လိုက်ပြီးကပ်မကစားလို့ ဝဖေန်ခဲ့တဲ့ သတင်းတွေပဲ ၀ေဆာနေပါတယ်..။ ဒ့ါကြောင့်သူဟာ ပြုံးပျော်နေတဲ့မျက်နှာနဲ့ လူတစ်ယောက်ကို ဆက်ဆံနေချိန်မှာ နောက်တစ်ဘက်ကနေ တခြားတစ်ယောက်ကို ဘီလူးခေါင်း ချွတ်ပြဖို့ ဝန်မလေးပါဘူး..။ အဲဒီဥပမာလေးဟာ သူနဲ့ကျွန်တော်နဲ့ကြားက ဆက်ဆံရေးပဲဗျ…
နောက်တစ်ပွဲမှာဗျာ.. ကျွန်တော်က လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းခွင့်ရနေပါပြီ..၊ ဒါပေမယ့် ကျွန်တော်ဟာ ဘေးမှာရှိနေတဲ့ ခရက်စ်ပို ဆီကို သေသေချာချာမကြည့်ပဲနဲ့ အလှအပ အဆန်းထွင်ပြီး ပို့လိုက်ပါတယ်..။ ခရက်စ်ပို က အသာလေး tap in ပိတ်သွင်းရုံပဲပေ့ါဗျာ..၊ တကယ်တော့ အဲဒီအချိန်မှာ ကျွန်တော်တို့က ၂- ၀ နဲ့ အနိုင်ရနေပြီးသားဆိုတော့ ပေါ့ပေ့ါပါးပါးပဲ ကစားနေကြတာပါ.. (အဒမ် စမစ် - ခရက်စ်ပို မသွင်းနိုင်ခဲ့ဘူး မဟုတ်လားဗျ..)..၊ အား… ဟုတ်တယ်.. ခရက်စ်ပို ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ဘူး..
အဲဒါနဲ့နောက်ရက်မနက်ပိုင်း လေ့ကျင့်ခန်းအချိန် ရောက်လာရောဗျာ..။ မနေ့ကပွဲလည်း အနိုင်ရခဲ့တယ်..၊ ကျွန်တော်လည်း ခြေစွမ်းပြနိုင်ခဲ့တယ်ဆိုတော့ သာသာယာယာပါပဲ..။ ဟိုဆေး က ရှုးရှူးရှားရှားနဲ့ ကျွန်တော့်ဆီကို ခြေလှမ်းကျဲကြီးနဲ့ လှမ်းလာပြီး ‘You.. F**king Bastard..’ ဆိုတာနဲ့ ယဉ်ယဉ်ကျေးကျေး စတင်ဆဲတော့ပါပဲဗျာ..ဟားဟား..။ ‘ဒီလိုပုံစံနဲ့ ဘယ်တော့မှ ပွဲတိုင်းကစားရမယ်လို့ မအောက်မေ့နဲ့..’ ဆိုပြီး နိဂုံးချုပ် ပြောသွားခဲ့ပါတယ်..။ ဖရန့် တောင်မှ ကြောင်တောင်တောင်နဲ့ ‘ဟှောင့်.. ဘာတွေဖြစ်ကြတာလဲဟ..’ လို့ အသာလေး ကပ်မေးခဲ့သေးတယ်လေ..။ ဟိုဆေး ဟာ နောက်ပွဲကျ တကယ်လည်း ကျွန်တော့်ကို ထည့်မကစားခဲ့ပါဘူး..။
ဒ့ါကြောင့်သူ့အတွက် ကစားပေးတဲ့အချိန်မှာ လုံးဝပေ့ါဆလို့ မရဘူးဗျ..၊ တစ်လုံးဆိုတစ်လုံး.. ကိုယ့်ဆီလာတဲ့ ဘောလုံးတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အကောင်းဆုံကြိုးစား၊ ပေးဆပ်နေရပါတယ်..။ နောက်ရက်ကျမှ ‘မင်းဟာဒီနေရာမှာ ဒီလိုကစားသင့်တယ်..၊ ဒီလိုလေး ကစားလိုက်ရင် ပိုမကောင်းဘူးလား..’ စသဖြင့် ကျွန်တော့်ကို ပြန်ချော့ပါတယ်..။ ဒ့ါကြောင့်သူဟာ ကျွန်တော့်ကို ‘မုန့်ကျွေးလိုက်..၊ တုတ်ကျွေးလိုက်’.. ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ထိန်းသိမ်းခဲ့ပါတယ်..။ ဒါပေမယ့် သူ့ဆီကနေ မုန့်ထက်စာရင် တုတ်ကြီးပဲ စားခဲ့ရတာ ပိုများပါတယ်.. ဟားဟား..
ဖရန့် လမ်းပတ် - ဟားဟား.. ကျွန်တော်က သူ့လောက်တော့ မဆိုးခဲ့ဘူးဗျ..။ မှတ်မှတ်ရရဆိုရင် တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ရှိခဲ့မယ် ထင်ပါတယ်..။ တစ်ကြိမ်ကတော့ ကျွန်တော်တို့အသင်းက ဂိုးပေါက်နဲ့ ကိုက် (၃၀) အကွာအဝေးလောက်ကနေ free kick ရပါတယ်..။ ကန်ရမယ့်နေရာက သိပ်မကောင်းတာကြောင့် တကယ်တမ်းဆိုရင် ဂိုးရှေ့ကိုကန်တင်ရမှာပါ..၊ ဒါပေမယ့် ကျွန်တော်ကန်သွင်း လိုက်ပါတယ်.. ဟားဟား..။ အဲဒီပွဲကလည်း ခုနက ဂျိုး ပြောတဲ့ပွဲလိုပါပဲ..၊ ကျွန်တော်တို့ နှစ်ဂိုးအသာနဲ့ အနိုင်ရနေတာဆိုတော့ စိတ်ထဲမှာပေါ့ပေါ့ပါးပါးပါပဲ..။ ဒါပေမယ့် သူကကျွန်တော့်ကို နောက်တစ်ခါ အဲဒီလိုမလုပ်ဖို့ ပြောပါတယ်..။ ကျွန်တော့်ကိုတစ်ခါမှ သူအဲဒီလိုမပြောခဲ့ဖူးတာကြောင့် အံ့အားသင့်မိပါတယ်..။
အဲဒီလို မထင်မှတ်တာတွေ ပြုလုပ်တတ်တာဟာ ဟိုဆေး ဟာ ထူးခြားတဲ့ ဝိသေသ၊ လက္ခဏာပါပဲ..။ သူ့ရဲ့အုပ်ချုပ်တဲ့ပုံစံဟာ တစ်ချို့သူတွေနဲ့ကျတော့ အလုပ်ဖြစ်သလို တစ်ချို့တွေနဲ့ကျ အလုပ်မဖြစ်ဘူးပေ့ါ..။ ဒါပေမယ့် အဲဒီလိုပုံစံ အုပ်ချုပ်တာကို ကျွန်တော်မကြိုက်ပါဘူး.. (အဒမ် စမစ် - စိတ်ဝင်စားစရာပဲ..).။ ဂျိုး ရေ.. ခင်ဗျားလည်း ကြိုက်မှာမဟုတ်ပါဘူး.. ဟုတ်တယ်မလား..။ နည်းပြတိုင်းဟာ အသင်းကိုကိုင်တွယ်တဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီပါဘူး..။ ဒ့ါကြောင့်ကျွန်တော်ဟာ နည်းပြတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ နည်းပြတစ်ယောက်ချင်းစီရဲ့ ကစားနည်းစနစ်၊ ဒဿန ပုံစံတွေတင်မကပဲ သူတို့တစ်ယောက်ချင်းစီရဲ့ အသင်းသားတွေကို ကိုင်တွယ်၊ အုပ်ချုပ်ပုံတွေကိုလည်း လေ့လာပြီး ကစားသမားတွေရဲ့ အကောင်းဆုံးခြေစွမ်းကို ရရှိအောင် ဘယ်လိုကိုင်တွယ်ရမလဲ.. ဆုံးဖြတ်ပါတယ်…။
အဒမ် စမစ် - ခင်ဗျားက အဲဒီအကြောင်း ပြောတော့လေ..၊ ခင်ဗျားဟာ ကစားသမား သက်တမ်းတစ်လျှောက်မှာ စကိုလာရီ၊ ဒီမက်တီယို၊ အန်စလော့တီ၊ မော်ရင်ဟို၊ ဘင်နီးတက်ဇ် စတဲ့ နာမည်ကျော် နည်းပြတွေ အများကြီးပါပဲ..။ အဲဒီထဲက ခင်ဗျားရဲ့ကစားသမားဘဝမှာ လွှမ်းမိုးမှုအရှိဆုံး နည်းပြဟာ ဟိုဆေး လို့ ပြောနိုင်လား..? ဒါမှမဟုတ် ခင်ဗျားဟာ နည်းပြတစ်ယောက်ချင်းစီကနေ ကောင်းနိုးရာရာ ‘စု၊ တု၊ ပြု’ ပြီး သင်ယူခဲ့တာလား.?
ဖရန့် လမ်းပတ် - ကျွန်တော်ဟာ နည်းပြကြီးတွေဆီက အားသာတဲ့အချက်တွေကို အတုယူခဲ့ပါတယ်…။ ဟိုဆေး ကတော့ လွှမ်းမိုးမှုအရှိဆုံးပါ..၊ ဘာဖြစ်လို့လည်းဆိုတော့ သူရောက်လာတဲ့အချိန်မှာ ကျွန်တော်ဟာ အကောင်းဆုံးခြေစွမ်းကို တက်လှမ်းနိုင်ဖို့ အားလုံးအသင့်ဖြစ်နေပါပြီ..။ တစ်ချို့ကတော့ ဟိုဆေး မရှိလည်း ကျွန်တော်ဟာ အခုလိုကစားသမားမျိုး ဖြစ်လာမှာပဲလို့ ပြောကြပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော်ဟာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းကို ရှာမတွေ့သေးပါဘူး..။ သူ့ရဲ့အကူအညီနဲ့ ကျွန်တော်ဟာ အခုလိုကစားသမားမျိုးအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်..။
ဒါပေမယ့် ကျွန်တော့်ရဲ့ကစားသမားဘ၀ အကြောင်းတွေကို ပြန်ပြောပြတိုင်း ကာလို အန်စလော့တီ ကို တခုတ်တရ ထည့်သွင်းပြောကြားရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာသူနဲ့ ပိုပြီးရင်းနှီးမှုရှိတယ်လို့ ခံစားရသလို သူ့ရဲ့အသင်းသားတွေကို ဆက်ဆံတဲ့ပုံစံဟာ မိတ်ဆွေ၊ သူငယ်ချင်း ပိုဆန်ပါတယ်..။ ဟိုဆေး ရဲ့ အုပ်ချုပ်ပုံ မကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး..၊ သူဆိုရင် ကျွန်တော့်ရဲ့ မိသားစုဝင်တွေနဲ့ပါ အရမ်းရင်းနှီးပါတယ်..။ ကစားသမားနဲ့ မန်နေဂျာရဲ့ကြားက ဆက်ဆံရေးနဲ့ ပတ်သက်ရင် ကာလို ရဲ့ ကိုင်တွယ်တဲ့ပုံစံကို ပိုပြီးနှစ်သက်ပါတယ်..။ ဒါပေမယ့် ကာလို ရဲ့ နည်းဟာ အမြဲတမ်းမှန်နေတယ်လို့ ပြောလို့မရပါဘူး..၊ ဘောလုံးလောကဟာ တခါတလေကျတော့ ဟိုဆေး လို ခပ်ကြမ်းကြမ်း ကိုင်တွယ်ပုံတွေ လိုအပ်တာ အမှန်ပါပဲ..။ ဒ့ါကြောင့်သူတို့နှစ်ယောက်ဟာ ကျွန်တော့်အပေါ် လွှမ်းမိုးမှုအရှိဆုံးလို့ ပြောလို့ရပါတယ်.။
ဒါ့အပြင် ကျွန်တော့်ကို ချယ်လ်ဆီးအသင်းဆီ ခေါ်ယူခဲ့တဲ့ ကလော်ဒီယို ရာနေရီ..၊ သူ့ရဲ့လက်ထက်မှာ ကျွန်တော်အဆင်ပြေခဲ့ပါတယ်..။ နောက်ပြီး ဂုစ် ဟစ်ဒင့်ခ် ကိုလည်း အရမ်းနှစ်သက်ပါတယ်..။ သူဟာအရာရာတိုင်းကို ရိုးရိုးရှင်းရှင်းလေးပဲ ပြောဆို၊ ညွှန်ကြားပါတယ်..။ ဒ့ါကြောင့်သူနဲ့ လက်တွဲရတဲ့ အချိန်တွေမှာ ကျွန်တော်တို့အတွက် အစစအရာရာ အရမ်းကိုလွယ်ကူနေသလိုပဲဗျ.။ မန်နေဂျာ တစ်ယောက်ဟာ ကစားသမားတွေ နားလည်လွယ်အောင် ရိုးရှင်းတဲ့ညွန်ကြားချက်တွေ ပေးနိုင်ရမယ်…၊ ရိုးရိုးရှင်းရှင်း ညွှန်ကြားပေးနိုင်မယ်ဆိုရင် ကစားသမားတွေဆီက အကောင်းဆုံးခြေစွမ်းကို ရရှိနိုင်ဖို့ ပိုပြီးလွယ်ကူပါလိမ့်မယ်..။ တစ်ချို့မန်နေဂျာတွေဆိုရင် သူတို့ရဲ့ညွှန်ကြားချက်တွေဟာ ဘာကိုဆိုလိုချင်နေမှန်းကို မသိဘူးဗျ..။ ရှုပ်ထွေးနေတာပါပဲ..။
အဒမ် စမစ် - ဟုတ်ကဲ့ပါ..၊ ဖရန့် ရေ.. ကျွန်တော်တို့ ဒီနေ့ပြုလုပ်တဲ့ ‘All To Play For’ တွေ့ဆုံခန်း အစီအစဉ်မှာ ခင်ဗျားရဲ့ ကစားသမားဘ၀ အထွဋ်အထိပ်ဖြစ်တဲ့ မြူးနစ်မြို့က ချန်ပီယံလိဂ် ညချမ်းအကြောင်းက မပါမဖြစ်ပေါ့.။ ဒါပေမယ့် အဲဒီအကြောင်းကို မဆွေးနွေးခင် ဟိုဆေး မော်ရင်ဟို နဲ့အတူ ခင်ဗျားတို့ ပထမဆုံးရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားကရော ဘယ်လောက်ကြီးကျယ်ခဲ့လဲ..?
ဖရန့် လမ်းပတ် - ဟာ… သိပ်ပြီးကြီးကျယ်တဲ့ အောင်ပွဲပေ့ါဗျာ..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအောင်မြင်မှုဟာ အမြဲတမ်းအရှုံးသမားအဖြစ် သိမ်ငယ်နေခဲ့တဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေကို ချိုးဖျက်လိုက်တဲ့ အောင်မြင်မှု ဖြစ်ခဲ့သလို အဲဒီအောင်မြင်မှုကြောင့် ကျွန်တော်တို့ဟာ ဆုဖလားတွေအတွက် အသင့်ဖြစ်နေပြီဆိုတဲ့ ခံစားချက်၊ ယုံကြည်မှုကို ရရှိခဲ့ပါတယ်..။ နောက်ပြီးအဲဒီအချိန်တုန်းက ကျွန်တော်ဆိုရင် အသက် (၂၆) နှစ်၊ ဒီဒီယာ.. ဂျွန် တို့အားလုံးဟာ အသက်အရွယ်အရ အတွေ့အကြုံ၊ ခြေစွမ်းတွေရော အကောင်းဆုံးအနေအထားမှာ ရှိနေတာကြောင့် အောင်မြင်မှုတစ်ခုခုတော့ ရသင့်တဲ့အချိန်လည်း ဖြစ်ပါတယ်.။
ဘော်လ်တန် အသင်းနဲ့ပွဲမှာ ကျွန်တော်ဟာ ဘယ်လိုပုံစံ ဂိုးသွင်းခဲ့တယ်..၊ ဘယ်လိုပုံစံ အောင်ပွဲခံခဲ့တယ်ဆိုတာ အခုအချိန်ထိ ကွက်ကွင်းကွင်းကွင်း မှတ်မိနေတုန်းပဲဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၀၅ ခုနှစ်က ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ဆုဖလားဟာ ချန်ပီယံလိဂ် အောင်မြင်မှုနီးပါးပါပဲ..။ အဲဒီအောင်မြင်မှုဟာ ကျွန်တော်တို့ ကစားတွေအတွက် သာမကပဲ အသင်းအတွက်ပါ တတယ့်ကို ကြီးမားတဲ့ အောင်မြင်မှုလို့ ပြောရမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းဟာ အမှတ်ပေးချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ နှစ်ပေါင်း (၅၀) ရှိနေပြီဖြစ်သလို အသင်းတည်ထောင်တဲ့ နှစ်တစ်ရာပြည့်နဲ့လည်း တိုက်ဆိုင်နေခဲ့တာကိုး..။ ဒ့ါကြောင့်အဲဒီအောင်မြင်မှုဟာ ကျွန်တော်တို့အသင်းရဲ့ အသွင်အပြင်၊ အနေအထားကိုသာမက ပရိသတ်တွေရဲ့ ယုံကြည်မှုအပိုင်းကိုပါ လုံးဝပြောင်းလဲ သွားစေခဲ့ပါတယ်..။
အဒမ် စမစ် - ဟိုဆေး နဲ့အတူ ဗိုလ်စွဲခဲ့တဲ့ ၂၀၀၅ ခုနှစ် ချယ်လ်ဆီးအသင်းကို ‘ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက် အကောင်းဆုံး အသင်း’ လို့ သတ်မှတ်နိုင်ရဲ့လားဗျ..၊ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားတို့အသင်းဟာ အာစင် ဝင်းဂါး ရဲ့ အာဆင်နယ် Invincibles အသင်း၊ ဆာအဲလက်စ် ဖာဂူဆန် ရဲ့ တစ်နှစ်ထဲ ဖလားသုံးလုံး ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်တာကြောင့် တကယ့်ကို မှတ်တမ်းတင်လောက်တဲ့ အောင်မြင်မှုပါ..။ ဒါ့အပြင် ခင်ဗျားတို့အသင်းဟာ ဘောလုံးရာသီတစ်ခုလုံးမှာ ပေးဂိုး (၁၅) ဂိုးပဲ ခွင့်ပြုခဲ့ရတဲ့ ‘ခံစစ်အကောင်းဆုံးအသင်း’ ဆိုတဲ့ စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်..။ ဒ့ါကြောင့်ခင်ဗျားဟာ ဒီအသင်းကို ‘ပရီးမီးယားလိဂ်ရဲ့ သက်တမ်းတစ်လျှောက် အကောင်းဆုံးအသင်း’ လို့ သတ်မှတ်ချင်လား..? အကောင်းဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ချင်လားဗျ..?
ဖရန့် လမ်းပတ် - ‘ပရီးမီးယားလိဂ် သက်တမ်းတစ်လျှောက် အကောင်းဆုံး.. All Time Greatest’ အသင်းလို့တော့ သတ်မှတ်လို့ မရဘူးဗျ…။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအသင်းဟာ ဒီထက်ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့သင့်ပါတယ်..။ ဒ့ါပေမယ့် ကျွန်တော်တို့အသင်းဟာ ‘အကောင်းဆုံး’ ဆိုတဲ့ အသင်းတွေကိုတော့ ကောင်းကောင်းယှဉ်နိုင်ခဲ့မှာ သေချာပါတယ်..။ ဒ့ါကြောင့်ခုနက ခင်ဗျားပြောခဲ့တဲ့ အာဆင်နယ် Invincible အသင်းတို့..၊ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ တစ်ရာသီထဲ ဖလားသုံးလုံးရ မန် ယူနိုက်တက်အသင်းတွေနဲ့ နှိုင်းယှဉ်ဖို့ကျတော့ သီးခြား၊ စဉ်းစားရမလို ဖြစ်သွားပါပြီ..။
ဂျိုး ကိုးလ် - စိတ်ဝင်စားဖို့ ကောင်းသားဗျ..။ တကယ်တမ်း ခေတ်ချင်းမတူညီတဲ့ အသင်းတွေအချင်းချင်း ဘယ်အသင်းက ပိုကောင်းတယ်.. ဆိုပြီး နှိုင်းယှဉ်ရတာ အတော်လေးကို ခက်ခဲပါတယ်..။ ဒ့ါအပြင် ဖရန့် ရေ.. နည်းပြဖြစ်လာတဲ့ ခင်ဗျားအုပ်ချုပ်ရတဲ့ ကစားသမားတွေဟာ ကျွန်တော်တို့၊ ခင်ဗျားတို့ ကစားသမားဘဝတုန်းက ပုံစံတွေနဲ့ လုံးဝကိုမတူညီတော့ဘူးဗျ..။ ဒ့ါကြောင့်ကျွန်တော်ခင်ဗျားကို မေးချင်တာ အခုခေတ် ကစားသမားတွေနဲ့ ကျွန်တော်တို့ခေတ် ကစားသမားတွေကြားမှာ ဘယ်လိုအချက်တွေမှာ ကွဲပြား၊ ခြားနားသွားပြီ.. လို့ ခင်ဗျားမြင်မိလဲဗျ..?
ဖရန့် လမ်းပတ် - မှန်တာပေ့ါ..၊ အများကြီးခြားနား သွားပါပြီ..။ ဒါပေမယ့် အချိန်ကာလ ရွှေ့လျားမှုကြောင့် အဲဒီလိုပြောင်းလဲမှုတွေ ဖြစ်သွားခဲ့ရတာ ဆိုးရွားတဲ့အရာ မဟုတ်ပါဘူး..။ ခင်ဗျားနဲ့ကျွန်တော် ဝက်စ်ဟမ်း အကယ်ဒမီမှာ ကစားခဲ့ရတဲ့ ကာလတွေဟာ ဘယ်လောက်တောင် ပျော်စရာ ကောင်းခဲ့လဲ..? ဒါပေမယ့် အဲဒါတွေကို ပြန်လည်တမ်းတနေလို့ မရတော့ပါဘူး..၊ ဒါတွေကို ထားခဲ့ရပါမယ်..။ ဒ့ါအပြင် အခုခေတ် ကစားသမားတွေဟာ ကျွန်တော်တို့နဲ့ လုံးဝကို ကွဲပြား၊ ခြားနားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်..။ အထူးသဖြင့် ဆိုရှယ်မီဒီယာနဲ့ ပတ်သက်တဲ့ကိစ္စတွေပေါ့..၊ အဲဒါတွေဟာ သူတို့အတွက် အရမ်းအရေးကြီးလာပါတယ်..။ ဒ့ါကြောင့်သူတို့နဲ့ ပတ်သက်ရင် ကျွန်တော်တို့ဘက်က နားလည်ပေးရမယ့် အရာတွေဟာ အများကြီးပါပဲ..။
ကျွန်တော်တို့ခေတ်က ကစားပုံတွေဟာ ပိုပြီးကြမ်းတမ်းပါတယ်..။ ကျွန်တော်တို့ခေတ်က ကစားခဲ့သလို ကြံ့ခိုင်မှုအားကိုးပြီး တွန်းတွန်းတိုက်တိုက် ကစားတတ်တဲ့ ကစားသမားတွေဟာ မျိုးတုံးပျောက်ကွက်သွားတဲ့ ဒိုင်နိုဆောကြီးတွေလို ဖြစ်သွားပြီဆိုပြီး အခုအချိန်မှာ ပြန်လည်တမ်းတမနေပါဘူး..။ ဒ့ါကြောင့်သူတို့တွေကို ချဉ်းကပ်တဲ့နေရာ၊ သူတို့နဲ့ဆက်ဆံတဲ့ နေရာမှာ မတူညီခဲ့တဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်..။ ကျွန်တော်တို့ခေတ်က နည်းပြတွေဟာ ကစားသမားတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့ကြပါတယ်..။ ဖာဂီ ရဲ့ ဖိနပ်ပျံတွေ၊ ဟယ်ရီ ရက်ဒ်နပ် ရဲ့ ဆန်းဝစ်ခ်ျပျံတွေ.. စတဲ့ နည်းပြတွေရဲ ပေါက်ကွဲသံစဉ်တွေဟာ အဲဒီခေတ်က ပရိသတ်တွေ လက်ခုပ်သြဘာပေးခဲ့ကြတဲ့ ကစားသမားတွေအပေါ် ကိုင်တွယ်ခဲ့ပုံတွေ ဖြစ်ပါတယ်..။
အခုခေတ်မှာ ကစားသမား တစ်ယောက်ကို အဲဒီလိုဆန်းဝစ်ခ်ျ နဲ့ ပစ်ပေါက်ကြည့်ပါလား..၊ နောက်ရက်ဆိုရင် ခင်ဗျားရဲ့ အထုတ်အပိုးတွေ အသင်းရဲ့အပြင်ဘက်ကို ရောက်သွားမှာပေ့ါ..။ ဒ့ါကြောင့် မတူညီတဲ့ အခြေအနေတွေအပေါ် လိုက်လျောညီထွေ ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်..။ ကမ္ဘာကြီးဟာ ရွေ့လျားနေသလို ဘောလုံးလောကကလည်း ရွေ့လျားနေပါတယ်..။ ဒ့ါကြောင့် အခုခေတ် ကစားသမားတွေကို ကျွန်တော်တို့ရဲ့ ဒိုင်နိုဆောတွေ ခေတ်ကအတိုင်း ‘ငါတို့လို သူများဖိနပ်တွေ တိုက်ဖူးခဲ့တာ မဟုတ်ဘူး..၊ အောက်သက်မကြေခဲ့ပါဘူး..’ လို့ အပြစ်တင်နေစရာ အကြောင်းမရှိပါဘူး..။
ဂျိုး ကိုးလ် - မှန်ပါတယ်..၊ ကျွန်တော်လည်း အဲဒီအချက်ကို သတိထားမိပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ TV မှာ pundit တာဝန်လည်း ယူထားရတာဆိုတော့ ဘောလုံးပွဲဟောင်းတွေ ပြန်ကြည့်တယ်..၊ အရင်တုန်းကပွဲတွေနဲ့ ပြန်ပြီးနှိုင်းယှဉ် ကြည့်ဖြစ်ပါတယ်..။ ဟိုးတလောလေးကပဲ ၂၀၀၃ ခုနှစ်ဝန်းကျင်က လီဗာပူးလ်နဲ့ လိဒ် ယူနိုက်တက်အသင်းတို့ ရင်ဆိုင်တဲ့ပွဲကို ပြန်ကြည့်ဖြစ်ပါတယ်..။ အဲဒီပွဲမှာဆိုရင် ရော်ဘီ ဖောင်လာ၊ မာ့ခ် ဗီဒူကာ၊ စတီဗင် ဂျရတ်၊ မက်ကယ်လစ္စတာ၊ ဂျေမီ ကာရေဂါ စတဲ့ အဲဒီအချိန်တုန်းက ထိပ်တန်းကစားသမားတွေ အများကြီးပါပါတယ်..။ သူတို့ကစားနေတဲ့ ကစားပုံဟာ အခုခေတ်ကစားပုံတွေနဲ့ ဘာမှကိုမဆိုင်ပါဘူး..။ ဒ့ါကြောင့်နှစ်ပေါင်းနှစ်ဆယ် ဆိုတဲ့ ကာလအတွင်းမှာ ဘောလုံးကစားပုံတွေ ပြောင်းလဲသွားတယ်..၊ အသင်းတွေလည်း ပြောင်းလဲသွားကြသလို ကစားသမားတွေ ကိုယ်တိုင်လည်း ပြောင်းလဲကုန်ကြပါတယ်..။ ဒ့ါကြောင့် ခေတ်၊ စနစ်၊ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲခဲ့သည်.. ဆိုပါစေ.. ကိုယ့်ရဲ့ကစားသမားတွေဆီက အကောင်းဆုံး ခြေစွမ်းကို ဘယ်လိုရရှိအောင် စွမ်းဆောင်မလဲ..? ဆိုတဲ့အချက်က အရေးအကြီးဆုံး ဖြစ်သလို ဘယ်တော့မှလည်း ပြောင်းလဲနေမှာ မဟုတ်ပါဘူး..။
ဖရန့် လမ်းပတ် - ကျွန်တော့်ရဲ့ကိုယ်တွေ့ပေါ့ဗျာ.. နည်းပြတစ်ယောက်ရဲ့ ရှုထောင့်ကပဲ ဆွေးနွေးပါ့မယ်..။ ကျွန်တော်ဟာ ကစားသမားဘဝမှာ ကိုယ်တိုင်ကစားခဲ့တဲ့ပွဲတွေကို ဗွီဒီယိုပြန်ကြည့်လေ့ မရှိပါဘူး..။ ဝက်စ်ဟမ်းအကယ်ဒမီတုန်းကနေစလို့ဗျာ.. နည်းပြတွေဟာ ကျွန်တော်တို့ကို ဒီပွဲမှာ ကစားတာ ကောင်းတယ်လို့ ချီးကျူးချင် ချီးကျူးမယ်..၊ နောက်ပွဲကျရင် ‘အသုံးကိုမကျဘူး..’ ဆိုပြီး ကျွေးချင်ကျွေးပါလိမ့်မယ်..။ ကျွန်တော်တို့ဟာ နည်းပြတွေ ပြောတဲ့အတိုင်းပဲ လိုက်နာခဲ့ကြပါတယ်..။
ဒါပေမယ့် မေဆန် မောင့်၊ ရိစ် ဂျိမ်းစ် တို့ အခုခေတ်မှာကျတော့ သူတို့တွေဟာ အသင်းကြီးကို ရောက်လာတဲ့ အသက် (၁၇) နှစ်၊ (၁၈) နှစ် အရွယ်မှာကတည်းက သူတို့ကစားခဲ့တဲ့ ပွဲတွေအကုန်ုလုံးကို သူတို့ပြန်ပြီး သေသေချာချာ သုံးသပ်ကြတယ်..၊ တစ်ချို့ဆိုရင် ကိုယ်ပိုင် video analysts အသင်းတွေ ရှိကြပါတယ်..။ ဒ့ါကြောင့်နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ သူတို့ကိုအရမ်း အသေးစိတ်ကြီး ပြန်ပြောပြစရာ မလိုတော့ပါဘူး..။ ဘာကြောင့်မို့ ဒီလိုဖြစ်ရတယ်..၊ ဘယ်လိုဖြစ်သင့်တယ်.. စသဖြင့် ကိုယ်လိုချင်တဲ့ အချက်တွေလောက်ကိုပဲ ဆွေးနွေးရင် ရပါပြီ..။ မင်း.. ဘယ်လိုမြင်လဲ.. မေးလိုက်.. အေး.. ဟုတ်ပြီ.. video clip ထိုးပြလိုက်.. ဒီလောက်ပါပဲ..။
ဂျိုး ကိုးလ် - ဒ့ါကြောင့်အခုခေတ် လူငယ်ကစားသမားလေးတွေဟာ နည်းစနစ်ပိုင်းမှာ အရမ်းကို ထူးချွန်တယ်လို့ ကျွန်တော်ပြောတာပေ့ါ..။ သူတို့တင်မဟုတ်ပါဘူး..၊ အင်္ဂလိပ် ဘောလုံးလောကဟာ လမ်းကြောင်းမှားတစ်ခုပေါ်မှာ နှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ပြီးနောက် အခုဆိုရင် အများကြီးတိုးတက်၊ ပြောင်းလဲလာပါပြီ..။ ကျွန်တော့်ရဲ့ ကစားသမားဘ၀ အကြောင်းကို ပြောမယ်ဆိုရင် ကျွန်တော်ဟာ လမ်းပေါ်မှာ ကစားနေတဲ့ ဘောလုံးသမား… street footballer စစ်စစ် တစ်ယောက်ပါ..။ အသက် (၁၁) နှစ်အရွယ်ထိ အသင်းတစ်သင်းထဲမှာ စနစ်တကျနဲ့ တစ်ခါမှ မကစားခဲ့ဖူးပါဘူး..။ ဒ့ါကြောင့်လည်း ကျွန်တော်ဟာ တစ်ကိုယ်ရည် စွမ်းရည်ပြနေတဲ့ free style ကစားသမား တစ်ယောက်နဲ့ ပိုပြီးတူနေတာပေ့ါဗျာ..။
ဒါပေမယ့် အခုခေတ် ချာတိတ်လေးတွေဟာ တကယ့်ကို သေသေချာချာ လေ့ကျင့်ခံခဲ့ရတာနော..၊ အထူးသဖြင့် ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီပေါ့..၊ ကျွန်တော်ဟာ အဲဒီမှာ လူငယ်နည်းပြ လုပ်ခဲ့တော့ သူတို့တွေကို ဘယ်လိုလေ့ကျင့်ခဲ့တယ်ဆိုတာ ကောင်းကောင်းသိတာပေ့ါ..။ ဒ့ါကြောင့်လည်း သူတို့လေးတွေရဲ့ နည်းစနစ်ပိုင်း နားလည်မှုတွေဟာ အရွယ်နဲ့မမျှအောင် မြင့်မားနေခဲ့ကြတာပါ..။
အဒမ် စမစ် - ဟုတ်ကဲ့ပါ.. မြူးနစ်မြို့က ချန်ပီယံလိဂ် ညချမ်းကို မသွားခင် ဟိုဆေး မော်ရင်ဟို ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း ခင်ဗျားတို့ ချယ်လ်ဆီးအသင်းမှာ မန်နေဂျာ အပြောင်းအလဲတွေ အရမ်းများခဲ့ပါတယ်..။ ဒါပေမယ့် ခင်ဗျားတို့အသင်းဟာ ဆုဖလားတွေတော့ ပုံမှန်ဆက်ပြီး ရနေခဲ့တာပါပဲ..။ အဲဒီလိုမန်နေဂျာ အပြောင်းအလဲတွေဟာ ခင်ဗျားတို့လို ကစားသမားတွေဟာ ဘယ်လိုအခက်အခဲတွေ ဘယ်လိုရှိနေခဲ့လဲဗျ..?
ဖရန့် လမ်းပတ် - ကျွန်တော်တို့ ကစားသမားဘဝတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာလတွေ အများအပြား ရှိခဲ့ပါတယ်..။ ဒါ့အပြင် ဂျိုး ကိုးလ် နဲ့ ကျွန်တော်ဟာ ချယ်လ်ဆီးမှာရော၊ အင်္ဂလန်အသင်းမှာပါ အတူတူ ကစားခဲ့တယ်.. ဆိုပေမယ့် အခက်အခဲတွေ ရင်ဆိုင်ရတဲ့အချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် တူချင်မှလည်း တူတာပါ..။ ဒါပေမယ့် မန်နေဂျာအပြောင်းအလဲတွေနဲ့ တိုက်ရိုက်ပတ်သက်ခဲ့တဲ့ အခက်အခဲတွေကို ကျွန်တော်ပြန်ပြီး စဉ်းစားလို့ မရခဲ့သလောက်ပါပဲ..။ ဒ့ါကြောင့်ယေဘူယျအားဖြင့် အဲဒီလိုမန်နေဂျာ အပြောင်းအလဲတွေဟာ ကျွန်တော့်ကို စိတ်အနှောင့်အယှက် သိပ်ပြီးမဖြစ်စေခဲ့ဘူးလို့ ပြောနိုင်သလိုပါပဲ..။ အဲဒီလိုပြောရင် ကျွန်တော့်ရဲ့ နှလုံးသားဟာ အေးစက်၊ မာကျောတယ်လို့များ ပြောကြမလား..
ဒါပေမယ့် ကစားသမား တစ်ယောက်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့စိတ် နည်းနည်းတော့ရှိဖို့ လိုအပ်ပါတယ်..။ ဘယ်ကစားသမားပဲဖြစ်ဖြစ် အဲဒီလိုမန်နေဂျာ အပြောင်းအလဲတွေကြားမှာ အဆင်ပြေအောင် ကိုယ်တိုင်ကြိုးစား၊ ရုန်းထွက်ရတာပါပဲ..။ ကျွန်တော့်အတွက် အမှန်တကယ် အခက်အခဲဆုံး ကာလတွေက အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားပွဲတွေမှာ ရှုံးနိမ့်ခဲ့တဲ့အချိန်တွေ ဖြစ်ပါလိမ့်မယ်..။ အဆုံးအဖြတ် ပင်နယ်တီ ကန်ချက်လွဲချော်ခဲ့တာတို့… (အဒမ် စမစ် - goalline technology ကို အစပျိုးစေခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲက ဂိုးစည်းကျော်ပြီး ဂိုးမရခဲ့တဲ့ ကန်ချက်လည်း ပါမှာပေ့ါ..) အင်းပေ့ါဗျာ… အဲဒီအချိန်ကာလတွေဟာ ကျွန်တော့်ကိုပိုပြီး နာကျင်စေခဲ့ပါတယ်..။ ဒါပေမယ့် အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့တာဟာ ဂိုးစည်းကျော်ပြီး ဂိုးမရခဲ့တာထက် ပိုပြီးနာကျင် ထိခိုက်ခဲ့တယ်လို့ ထင်ပါတယ်..။
၂၀၀၆ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးတဲ့နောက် ချယ်လ်ဆီးအသင်းကို ပြန်ရောက်ပြီး (၆) လလောက်အထိ ကျွန်တော်၊ ဂျွန် (တယ်ရီ).. နဲ့ အက်ရှ် (အက်ရှ်လေ ကိုးလ်) တို့ဟာ နဂိုပုံမှန်အတိုင်း ပြန်မရောက်ခဲ့သလိုပဲ..။ ဂျိုး ရေ.. ၂၀၀၆ ကမ္ဘာ့ဖလားမှာ ခင်ဗျားဟာ အကောင်းဆုံးခြေစွမ်း ရခဲ့တယ်နော်..၊ ဒါ့ကြောင့်ကျွန်တော့်ရဲ့ ပင်နယ်တီလွဲချော်မှု၊ ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့မှုတွေကြောင့် ကျန်တဲ့အသင်းဖော်တွေပါ နစ်နာစေခဲ့ရတယ်.. ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ဟာ ကာလအတော်ကြာတဲ့ထိ တနှုံ့နှုံ့နဲ့ ဖြေဖျောက်မရခဲ့ပါဘူး..။ ဒ့ါကြောင့်ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ရက်ရှ်ဖို့ဒ်၊ ဆာကာ တို့ ပင်နယ်တီ လွဲချော်ခဲ့တဲ့အခါ သူတို့တွေ ဘယ်လိုခံစားခဲ့ရမလဲ.. ကျွန်တော် ကိုယ်ချင်းစာမိခဲ့ပါတယ်..။ အခုခေတ်မှာကျတော့ လူတွေပိုပြီး အာရုံစိုက်မိခဲ့ကြတာပေ့ါ…။ သိပ်တော့မလွယ်ဘူးဗျ..၊ ကျွန်တော်တို့ဆိုရင် တခါတလေ သက်တောင်စောင့်တွေ.. ဘာတွေတောင် ခေါ်ခဲ့ရတဲ့အထိ ရှိခဲ့ပါတယ်…။
ဂျိုး ကိုးလ် - ဒါပေမယ့် အမုန်းတရားတွေကို တိုက်ဖျက်တဲ့အပိုင်းမှာတော့ ကျွန်တော်တို့ဆီမှာ အရင်တုန်းကထက်စာရင် တိုးတက်မှုတွေ ရှိလာတာကိုလည်း မြင်တွေ့ခဲ့ရကြပါတယ်..။ ဆာကာ ဆိုရင် အာဆင်နယ်အသင်း ကစားသမားဆိုပေမယ့် တော့တင်ဟမ် အသင်းနဲ့ပွဲမှာ သူ့ကိုဝိုင်းပြီး သီးသီးသန့်သန့် ဂုဏ်ပြု၊ အားပေးခဲ့ကြတာဟာ ကျေနပ်အားရစရာပါ..။ လမ့်ပ် အခုပြောမှ ကျွန်တော်လည်း ပြန်မှတ်မိလာပါပြီ..။ ကျွန်တော်ဟာ ခင်ဗျားတို့လောက် မခံစားခဲ့ရသလို အဲဒီလောက်လည်း အတိုက်အခိုက် မခံခဲ့ရပါဘူး..။ ဒါကကျွန်တော်ဟာ ဖရန့် နဲ့ ဂျွန် တို့လို ချယ်လ်ဆီးမှာ အဓိက ကစားသမားတစ်ယောက် မဟုတ်ခဲ့တာကြောင့်လည်း ပါချင်ပါနိုင်ပါတယ်..။ ဒါပေမယ့် အခုဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ကွင်းထဲက လူသုံးသောင်းလောက်က ပင်နယ်တီလွဲချော်ခဲ့တဲ့ အသက် (၂၅) နှစ်အရွယ် လူငယ်လေးတစ်ယောက်ကို ဝိုင်းပြီးရှုံ့ချ၊ ဆော်ပလော်တီးနေကြတဲ့ နိုင်ငံတစ်ခုကနေ အတော်လေးကို တိုးတက်ပြောင်းလဲလာပြီလို့ ပြောနိုင်လာပါပြီ…။ ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ နည်းနည်းပါးပါး ကျန်နေသေးတာပေ့ါဗျာ..။
အပိုင်း (၃) ဆက်လက်ဖတ်ရှုရန်..