feature-image

‘ဖရန့် လမ်းပတ်’ ပြောပြခဲ့တဲ့ ချယ်လ်ဆီးအသင်း ရွှေရောင်နေ့ရက်များအကြောင်း (အပိုင်း -၃၊ ဇာတ်သိမ်းပိုင်း)

အဒမ် စမစ် - အခုကျွန်တော်တို့ ဆွေးနွေးမှာကတော့...!! ကဲ.. ဖရန့် ရေ.. ချယ်လ်ဆီး ပရိသတ်မှန်ရင် ဘယ်လိုမှ မမေ့နိုင်မယ့် ‘၂၀၁၂ ခုနှစ်၊ မေလ (၁၉) ရက်’၊ မြူးနစ်မြို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲနေ့ပေ့ါဗျာ..။ အဲဒါဗိုလ်လုပွဲဟာ ညဦးပိုင်းကျမှ ကန်ရတာဆိုတော့ ပွဲကန်မယ့် မနက်ပိုင်းမှာ ဘယ်လိုပြင်ဆင်ကြတယ်.. ဆိုတဲ့အချိန်ကနေစပြီး အသေးစိတ် ပြောပြပေးပါလား..?

ဖရန့် လမ်းပတ် - မြူးနစ်မြို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲ..!! အဲဒီအသံ ကြားလိုက်တာနဲ့တင် ဖိအားတွေဝင်လာပြီး ကတုန်ကယင် ဖြစ်လာသလိုပါပဲ..ဟားဟား..။  ကဲ.. အစကနေ ပြောရတာပေ့ါဗျာ..။ ကျွန်တော်တို့ဟာ ကစားရမယ့်ပွဲမတိုင်ခင် တစ်ရက်ကြိုပြီး မြူးနစ်မြို့ကို ခရီးထွက်ခဲ့ကြပါတယ်..။ ပွဲမတိုင်ခင်တစ်လျှောက်လုံး ကျွန်တော်မှတ်မိသမျှကို ပြောပြပါဆိုရင် အဲဒီပွဲကို ‘ကြောက်နေသလို’ ခံစားခဲ့ရပါတယ်…။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ အဓိကကစားသမား (၄) ယောက် ဒီပွဲနဲ့လွဲချော်ဖို့ ဖြစ်နေခဲ့တာကိုး..။ JT က ဘာစီလိုနာနဲ့ပွဲမှာ အနီကတ်ဒ်ထိခဲ့တယ်..၊ အိုင်ဗန်နိုဗစ်.. (အဒမ်စမစ် - အိုင်ဗန်နိုဗစ် က အဲဒီပွဲမှာ ပါခဲ့တယ်မလား..?) ဟုတ်ပါတယ်.. ပွဲမကန်ခင် အခြေအနေကို ပြောပြတာပါ.. သူကညာနောက်ခံလူနေရာကနေ ပွဲထွက်ခဲ့ပြီး ပွဲပြီးတဲ့အချိန်မှာ ဗဟိုခံစစ်မှူးပေ့ါဗျာ.. နောက်ပြီး ရာမီးရက်စ်.. သူကဘာစီလိုနာ အသင်းကို အင်မတန်မှ လှပတဲ့ဂိုးတစ်ဂိုး သွင်းပေးခဲ့ပါတယ်.. သူကအဝါကတ်ဒ်နဲ့ ပွဲပယ်ခံရတယ်..၊ ဒေးဗစ် လူးဝစ်ဇ် လည်း ပေါင်တွင်းကြော ဒဏ်ရာနဲ့ မသေချာဘူးဗျ..။

ကျွန်တော်တို့ဘက်က အဲဒီလို ချိနဲ့ချိနဲ့.. ဖြစ်နေတဲ့အချိန် အိမ်ရှင်လည်းဖြစ်တဲ့ ဘေယန် မြူးနစ်အသင်းက ကစားသမားအင်အားမှာရော၊ ခြေစွမ်းပိုင်းမှာပါ အကောင်းဆုံးအနေအထား ရောက်နေပါတယ်..။ တောင်ပံနှစ်ဘက်က ဖရန့် ရီဘာရီ၊ အာဂျင် ရော်ဘင် တို့ အထူးခြေစွမ်းပြနေသလို ကွင်းလယ်မှာ ရှဝိုင်းစတိုင်းဂါး၊ တိုနီ ကရူးစ် တို့ဆိုရင် တကယ့်ကို ထိပ်တန်းကစားသမားတွေပါ..။ ကျွန်တော်ဆို သူတို့ရဲ့အနား ကပ်လို့တောင် မရခဲ့ပါဘူး..။ ဒါကတော့ နှစ်ဘက်အသင်း အခြေအနေပေ့ါ..။

အဲဒီနေ့ကပွဲနဲ့ ပတ်သက်ပြီး အမှတ်ရစရာ အဖြစ်ရဆုံး အခိုက်အတန့်တွေထဲမှာ ရော်ဘတ်တို ဒီမက်တီယို ရဲ့ အကောင်းဆုံး လုပ်ဆောင်မှု တစ်ခုအကြောင်း ချန်ထားခဲ့လို့မရပါဘူး..။ ပွဲကန်ရမယ့် မနက်ပိုင်းမှာ ထုံးစံအတိုင်း ပွဲကြိုပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ကျွန်တော်တို့အားလုံးကို သူကခေါ်လိုက်ပါတယ်..။ ဒါပေမယ့် ခါတိုင်းလို နည်းစနစ်ပိုင်း ဆွေးနွေးမှုတွေမလုပ်ပဲ ကျွန်တော်တို့ မိသားစုဝင်တွေ၊ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းတွေဆီက အားပေးစကား၊ ဆုတောင်းစကားတွေ ရိုက်ကူးထားတဲ့ video clip ကို ပြပါတယ်..။ (အဒမ် နှင့် ဂျိုး - Wow..!!) ကျွန်တော်တို့ကို ဘာမှကြိုတင်ပြီး မပြောပြခဲ့ပါဘူး..။ ကျွန်တော်ဆိုလည်း သမီးလေးနှစ်ယောက်ဆီက စကားသံ၊ ဆုတောင်းတွေ ပါခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော့်အမျိုးသမီးကို သူတို့ကြိုပြီး နှုတ်ပိတ်ထားခဲ့ပါတယ်..။ ဂယ်ရီ ကာဟေးလ် ရဲ့အဖေ ပြောတဲ့စကားဆိုရင် အတော်လေးကို ရယ်ရပါတယ်..။

အများစုကတော့ ကလေးတွေဆီက အနိုင်ရဖို့ ဆုတောင်းတဲ့၊ အားပေးတဲ့ စကားတွေပေ့ါဗျာ..။ ကျွန်တော်တို့အားလုံး မျက်ရည်တွေဝဲပြီး ပုလဲတွေ ခကုန်ကြတာပေ့ါ..။ အဲဒီအကြောင်းကို အခုအချိန်ထိ ကောင်းကောင်းမှတ်မိနေတုန်းပါပဲ..။ ဒ့ါကြောင့်နည်းပြတစ်ယောက်ရဲ့ အုပ်ချုပ်ပုံအကြောင်း ပြောကြပြီဆိုရင် နည်းစနစ်တွေ၊ ဘောလုံးအယူအဆ ဒဿနတွေ၊ ကစားသမား ကိုင်တွယ်ပုံတွေအကြောင်း အဓိကပြောကြတာ များပေမယ့် ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်၊ အညှာကို ကိုင်လှုပ်ခဲ့တဲ့ ရော်ဘီ ဒီမက်တီယို ရဲ့ လုပ်ဆောင်ချက်ဟာ တစ်ချက်ထဲနဲ့ ကျင်းဝင်သွားတဲ့ ထူးရှယ်ရိုက်ချက်လို့ပဲ ပြောရမှာပါ..။



အဲဒီနေ့က နွေရာသီရောက်နေပြီ ဖြစ်တာကြောင့် အရမ်းကိုပူပါတယ်..။ ကျွန်တော့်တို့ မိသားစုတွေလည်း ရောက်လာတယ်..၊ အနယ်နယ်အရပ်ရပ်က ချယ်လ်ဆီးပရိသတ်တွေလည်း မြူးနစ်မြို့ကို တဖွဲဖွဲ ရောက်လာခဲ့ကြပါတယ်..။ မြူးနစ်မြို့သူမြို့သားတွေဟာ သူတို့အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ရောက်လာခဲ့ကြတဲ့ ကျွန်တော်တို့အသင်းကို နွေးနွေးထွေးထွေးနဲ့ အကောင်းဆုံး ကြိုဆို၊ ဧည့်ခံခဲ့ကြပါတယ်..။ ကျွန်တော်တို့ တည်းခိုရတဲ့ ဟိုတယ်ဟာ မြို့လယ်ခေါင်မှာဆိုတော့ မနက်ပိုင်းကတည်းက နှစ်သင်းပရိသတ်တွေ တဝေးဝေး၊ တဝါးဝါးနဲ့ မြို့ထဲမှာ သွားလာနေကြတာကို မြင်နေရ၊ ကြားနေခဲ့ရပါတယ်..။

အဲ.. ပွဲကြိုပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ထွေထွေထူးထူး အခြားဖြည့်စွက် ပြောစရာမရှိပါဘူး..။ ကျွန်တော်ဟာ ပွဲကန်တဲ့နေ့တွေဆိုရင် ကန်ရမယ့်ပွဲအပေါ်ကို အထူးအာရုံစိုက်ပြီး ပြင်ဆင်လေ့ ရှိတဲ့အတိုင်း ဒီပွဲမှာလည်း ဘာမှအပြောင်းအလဲ မပြုလုပ်ပဲ ခါတိုင်းလိုပဲ ပြင်ဆင်ပါတယ်..။ အိပ်ရေးဝအောင် အိပ်တယ်..၊ ပွဲအပေါ်မှာ အရမ်းစိတ်လှုပ်ရှားမှု မဖြစ်ရအောင် ဂရုစိုက်ခဲ့ပါတယ်..။ အထူးသဖြင့် အဲဒီပွဲဟာ ကျွန်တော်တို့တွေအတွက် ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲနိုင်ဖို့ နောက်ဆုံးအခွင့်အရေးပါပဲ..။ Yeah.. ကျွန်တော်ဟာ အဲဒီအချိန်မှာ အသက် (၃၃) နှစ်ရှိနေပါပြီ..၊ ဒီပွဲပြီးရင် ဒီဒီယာ က အသင်းကနေ ထွက်တော့မယ်..၊ ဒ့ါကြောင့်ဒီနေ့ပွဲဟာ ကျွန်တော်တို့ အားလုံးအတွက် တကယ့်ကို စိတ်လှုပ်ရှားခဲ့ရတဲ့ နေ့တစ်နေ့လို့ ပြောမယ်ဆိုလည်း ရပါတယ်..။

ပွဲမစခင် အဝတ်လဲခန်း ပြင်ဆင်မှုတွေထဲမှာ ကျွန်တော်အမှတ်ရမိဆုံးက ဒီဒီယာ ဒရော့ဘာ ရဲ့ သွေးပူလေ့ကျင့်ခန်း ပြုလုပ်တဲ့ပုံစံကိုပါပဲ..။ သူဟာသွေးပူလေ့ကျင့်ခန်း ပထမ (၁၀) မိနစ်လောက်ကို ပုံမှန်လုပ်နေကျအတိုင်း ပထမ (၁၀) မိနစ်လောက်ကို ပုံမှန်အတိုင်း စတင်ပါတယ်..။ နောက်တော့ ရှူးရှူးရှဲရှဲနဲ့ အရမ်းကိုပြင်းပြင်းထန်ထန် ပြေးလွှားရင်း ခုန်လိုက်၊ နံရံကိုခေါင်းနဲ့ ပြေးတိုက်လိုက်..၊ အုတ်နံရံကို ခေါင်းနဲ့တိုက်တယ်ဆိုတာ အသာအယာလေး တိုက်တာမဟုတ်ဘူးနော်..  တဒုန်းဒုန်းနဲ့ကို တိုက်နေတာပါ..။ သူ့ကိုကြည့်ရတာ ကျွန်တော်တို့တွေရဲ့ တင်းနေတဲ့စိတ်ဓါတ်တွေ လျော့ပါးသွားအောင် လုပ်ပေးတာလည်း ဖြစ်ပါလိမ့်မယ်..။

ကျွန်တော်ဟာ အဲဒီနေ့က အသင်းခေါင်းဆောင် တာဝန်ယူရပါတယ်..။ ပုံမှန်ဆိုရင် ကျွန်တော်ဟာ အဝတ်လဲခန်းထဲမှာ ဆူဆူပူပူ လုပ်လေ့မရှိပါဘူး..။ ဂျွန် ကတော့ အဝတ်လဲခန်းထဲမှာ အသံကျယ်ကျယ်လောင်လောင်နဲ့ စိတ်ဓါတ်မြှင့်တင်မှုတွေ ပြုလုပ်တတ်ပါတယ်..။ ဒါပေမယ့် သူအဲဒီလို လုပ်နေတာလည်း မြင်လိုက်ရော..၊ ကျွန်တော်လည်း ‘ဟေး.. ဟေး’ ဆိုပြီး သွေးကြွလာအောင် တိုင်ပေးရတော့တာပေ့ါ.. ဟားဟား..။ ဒါကတော့ ကျွန်တော်မှတ်မိသမျှ ပွဲမစခင် အခြေအနေပေ့ါဗျာ..။

ပွဲရဲ့အကြောင်း ပြောရမယ်ဆိုရင်တော့ တကယ့်ကို ခြေကုန်လက်ပန်း ကျခဲ့တဲ့ (၁၂၀) မိနစ်ပါပဲ.။ ကျွန်တော်တို့အားလုံး အရမ်းကိုခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး ပွဲချိန်အတော်များများကို အစွမ်းကုန်ခံစစ်ဆင်ရင်း အချိန်ကုန်ခဲ့ရတယ်လို့ပဲ ပြောရမှာပါ..။ ဟိုဘက်ပြေးလိုက်..၊ ဒီဘက်ပြေးလိုက်နဲ့ သူတို့တွေနောက်ပဲ ပြေးလိုက်နေရသလို ကျွန်တော်တို့ ကံလည်းကောင်းခဲ့ပါတယ်..။ အထူးသဖြင့် ပီတာ ချက် ပေ့ါဗျာ..။ အဲဒီပွဲမှာ ကျွန်တော်တို့အားလုံးဟာ ဒီဒီယာ ကိုပဲ အာရုံစိုက်ခဲ့တာဆိုတော့ သူ့ကိုမေ့နေသလိုပါပဲ..၊ သူဟာနောက်ကိုနည်းနည်း ရောက်နေခဲ့ပါတယ်..။ တကယ်လို့ အချိန်ပိုမှာ ပေးလိုက်ရတဲ့ အာဂျင် ရော်ဘင် ရဲ့ ပင်နယ်တီကို သူသာမကာကွယ်နိုင်ရင် အဲဒီအချိန်ကတည်းက ကျွန်တော်တို့ ရှုံးပါပြီ..။



ဒ့ါကြောင့်ဒီလိုပွဲတွေကို အနိုင်ရဖို့ဆိုရင် ကံတရားအပါအဝင် အကြောင်းအရာတွေအများကြီး ကိုယ့်ဘက်မှာ ရပ်တည်နေမှ ရပါမယ်..။ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ဖလားပွဲဖြစ်တာကြောင့် အဲဒီဆုဖလားကို ဆွတ်ခူးနိုင်ဖို့ ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်း ဖြစ်နေစရာ မလိုပါဘူး..။ အဲဒီနေ့က ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုဟာ ပြီးခဲ့တဲ့ (၁၀) နှစ်နီးပါး ကျွန်တော်တို့တွေ ကြိုးစားခဲ့ရတဲ့၊ နာကျင်ခံစားရတဲ့ ပေးဆပ်မှုတွေရဲ့ အသီးအပွင့် ဖြစ်ပါလိမ့်မယ်..။ ဒ့ါကြောင့်ဒီပွဲလည်း အနိုင်ရပြီးရော အားရပါးရ အောင်ပွဲခံတာပေ့ါဗျာ..။ ပွဲတွေတစ်ပွဲပြီးတစ်ပွဲ..၊ တစ်ရက်ပြီးတစ်ရက် မပြီးနိုင်မစီးနိုင်အောင်ပါပဲ.. ဟားဟား..။ လေးရက်လောက် နေ့ရော၊ ညရော ပါတီပွဲတွေ ဆက်လာတဲ့အခါ ကျွန်တော့်အမျိုးသမီး ခရစ်စ်တင်း က ‘ရှင်နည်းနည်းတော့ များလာပြီနော်..’ ဆိုပြီး ဇက်ကြိုးဆွဲ၊ ဘရိတ်ဖမ်းတော့တာပေ့ါ.. ဟားဟား..

ဟုတ်တယ်လေ..၊ ကျွန်တော်တို့ ဖလားရပြီး မြူးနစ်မြို့က ဟိုတယ်မှာပဲ ညလုံးပေါက် ပါတီပွဲအကြီးကြီး အောင်ပွဲခံကြတယ်ဗျာ..။ ကျွန်တော်တို့အကုန်လုံး ဟိုတယ်အမိုးပေါ်က ရေကူးကန်ထဲမှာပဲ သောက်ရင်း၊ စားရင်း မိုးလင်းသွားကြတာ.. နောက်တော့ အင်္ဂလန်ကို တန်းပြီးပြန်လာကြတယ်..၊ လန်ဒန်မြို့ထဲကို ကားနဲ့လှည့်ပြီး အောင်ပွဲခံပါတယ်..။ ညပိုင်းကျတော့ လန်ဒန်မြို့က သူငယ်ချင်းတွေနဲ့ သောက်ကြပြန်ရော..။ နောက်ရက်ကျတော့ Kayne West လား..? Jay Z လား..? စတိတ်ရှိုးပွဲ.. အဲဒီကိုသွားကြပါတယ်..။ ပုံမှန်အားဖြင့် အဲဒီလိုရှိုးပွဲတွေကို သွားလေ့မရှိပါဘူး..။ ဒါပေမယ့် အဲဒီရက်ပိုင်းမှာ ကျွန်တော့်အတွက် နေ့ရာ၊ ညရော အချိန်ဇယား အပြည့်ပါပဲ.. ဟားဟား..။ မှတ်မှတ်ရရ သုံးရက်မြောက်တဲ့ မနက်ပိုင်းကျမှ အိပ်ဖြစ်တယ် ထင်တာပဲ..။ ဒါတောင် ညနေပိုင်းကျ နောက်ထပ်တစ်ပွဲ ဆက်ပြန်ရော.. ဒါ့ကြောင့်သူပြောမယ်ဆိုလည်း ပြောချင်စရာပါပဲ.. ဟားဟား..

ဂျိုး ကိုးလ် - လမ့်ပ် က IQ (၁၅၀) ရှိတယ်ဆိုတာ ဟုတ်၊ မဟုတ် မသေချာဘူး..၊ ဒါပေမယ့်သူဟာ သုံးရက်သုံးည မအိပ်မနား သောက်နိုင်တယ်ဆိုတာ မယုံမရှိနဲ့ဗျ.. ဟားဟား..။ ကျွန်တော်က နည်းနည်းသွေးဆိုးတယ်..၊ ဒ့ါကြောင့်သူတို့တွေ ကျွန်တော့်ကို ရေချိုးခန်းထဲ နှစ်ခါလောက် ထည့်ပိတ်ထားဖူးတယ် ထင်တာပဲ.. ဟားဟား..။ ကျွန်တော်တို့အတူတူ ထွက်ပြီးသောက်ကြတယ်ဗျာ..၊ ကျွန်တော်တို့က မူးပြဲပြီး စားပွဲတွေ၊ ဘာတွေလှန်..၊ ဒါပေမယ့် သူကတော့ ဘာမှမဖြစ်တဲ့အတိုင်း ရုပ်တည်ကြီးနဲ့ဗျ… ဟားဟား..။ သူဟာဘယ်လောက်ပဲ မူးနေတယ်ပြောပြော အခုလို podcast တစ်ခုလောက်တော့ အသာလေး လုပ်နိုင်ပါတယ်.. တကယ်ပြောတာဗျ..။ ကျွန်တော်သူနဲ့ တွဲလာတာ ကြာလှပါပြီ..၊ တစ်ခါမှ သူမူးပြဲပြီး မှောက်သွားတယ်ဆိုတာ တစ်ခါမှ မမြင်ဖူးပါဘူး..၊ တကယ့်ကြွက်တွင်းဗျ.. ဟားဟား..

အဒမ် စမစ် - ခုနကခင်ဗျားပြောမှ ၂၀၀၈ ခုနှစ်၊ မော်စကိုက ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကို ပြန်ပြီးအမှတ်ရမိပါတယ်.။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အချိန်ပိုထိ တစ်ဂိုးစီ သရေကျခဲ့ပြီးမှ ခင်ဗျားတို့ဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ရပါတယ်..။ ဒ့ါကြောင့်ခင်ဗျားတို့ဟာ မြူးနစ်မြို့မှာ ကံကောင်းခဲ့သလောက် မော်စကိုများတုန်းက ကံဆိုးခဲ့တယ်လို့ ပြောနိုင်တယ်မလား..

ဖရန့် လမ်းပတ် - ဟုတ်ပါတယ်..။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ မော်စကိုမြို့ကပွဲမှာ ကျွန်တော်တို့ဟာ ပထမပိုင်း မိနစ် (၃၀) လောက်အထိ ရုန်းကန်ခဲ့ရသလို ခရစ်စ်တီယာနို ရော်နယ်လ်ဒို က ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်..။ နောက်တော့ ကျွန်တော်တို့ သူတင်၊ ကိုယ်တင် ပြန်လည်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ကျွန်တော်က ချေပဂိုးကို သွင်းပေးခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း ကျွန်တော်တို့က ခြေစွမ်းပိုပြီး သာလွန်ခဲ့ပါတယ်..။ အဲဒီအချိန်က မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တကယ့်ကို ခြေစွမ်းထက်မြက်တဲ့ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့နဲ့အပြိုင် သူတင်ကိုယ်တင် ရင်ဆိုင်နိုင်ခဲ့ပြီး အချိန်ပို၊ ပင်နယ်တီ အဆုံးအဖြတ်တွေဆိုတာ ဘာမဆို ဖြစ်လာနိုင်တာပဲလေဗျာ..။

တကယ်တော့ ကျွန်တော်တို့ဟာ မော်စကိုမှာတုန်းက ဖလားရသင့်ခဲ့ပါတယ်..။ ဒါပေမယ့်မြူးနစ်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုဟာ အဲဒီပွဲအထိ ဖြတ်သန်းလာခဲ့တဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊ ပေးဆပ်မှုတွေကြောင့် ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ထူးရှယ်၊ အောင်မြင်မှုလို့ ပြောရမှာပါ..။ ဒ့ါကြောင့်နောက်ထပ် ချန်ပီယံလိဂ် ဆုတံဆိပ်တွေ ထပ်ပြီးရခဲ့ရင် ပိုကောင်းမှာ ဖြစ်ပေမယ့် မြူးနစ်မြို့က အောင်မြင်မှုကို ဘာနဲ့မှမလဲချင်ပါဘူး..။



အဒမ် စမစ် - အင်းဗျ.. ခင်ဗျားတို့ဟာ ချန်ပီယံလိဂ် အောင်မြင်မှုကို လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်တာကြောင့်လည်း ဘာအချိန်ပဲမေးမေး မြူးနစ်မြို့ ညချမ်းဟာ ခင်ဗျားတို့ရဲ့ အချိုမြိန်ဆုံး အောင်မြင်မှုအဖြစ် ရှိနေခဲ့တာ ဖြစ်မှာပဲ..
ဖရန့် လမ်းပတ် - ဟုတ်ပါလိမ့်မယ်..၊ ဒါပေမယ့် ပြိုင်ပွဲတိုင်းဟာ သူ့ဟာသူ သီးခြားဖြစ်တည်လာတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်..။ ကျွန်တော်တို့ဟာ လီယွန်နယ် မက်ဆီ တို့ရဲ့ အကောင်းဆုံး ဘာစီလိုနာ အသင်းကို အကြိုဗိုလ်လုပွဲမှာ နာနာကျင်ကျင်နဲ့ ရှုံးနိမ့်ခဲ့ဖူးသလို ghost goal နဲ့ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲတွေဟာလည်း နာကျင်ခဲ့ရတာပါပဲ..။
အဒမ်စမစ် - အင်းဗျ.. ဘာစီလိုနာနဲ့ ဆီမီးဖိုင်နယ်ပွဲဟာ တကယ့်ကို အငြင်းပွားစရာပဲ..။ ခင်ဗျားတို့ ပင်နယ်တီတွေ အများကြီးရသင့်ပါတယ်..။

ဖရန့် လမ်းပတ် - Yeah…! အဲဒီပွဲဟာ အငြင်းပွားစရာ အပြည့်ပေ့ါဗျာ..။ နောက်ပြီးလီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ရတဲ့ ghost goal ဟာ အချိန်တွေကြာလှပြီ ဆိုပေမယ့် အဲဒီဂိုးဝင်သွားခဲ့တယ်ဆိုတာ အခုအချိန်ထိ ကျွန်တော်မသေချာသေးပါဘူး..။ ဘာစီလိုနာ အသင်းနဲ့ပွဲကတော့ တကယ့်ကို ဆိုးဆိုးရွားရွားပါပဲ..။ အဲဒီပွဲမှာ ကျွန်တော်တို့ဟာ အနည်းဆုံးနှစ်ကြိမ်လောက်ထပ်ပြီး ပင်နယ်တီရခဲ့သင့်ပါတယ်..။ ဒါပေမယ့် ကျွန်တော်ကစားခဲ့ဖူးသမျှ ပြိုင်ဘက်အသင်းတွေထဲမှာ ပက်ပ် ဂွာဒီယိုလာ ရဲ့ ၂၀၀၉ ခုနှစ်က ဘာစီလိုနာ အသင်းဟာ အငြင်းပွားစရာမရှိ အကောင်းဆုံး အသင်းဖြစ်ပါတယ်..။ ဒ့ါကြောင့်သူတို့ကိုသာ ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ဖလားရဖို့ အတော်လေးကို သေချာနေပြီလို့ ပြောနိုင်ပါတယ်..။

အဒမ် စမစ် - ဟုတ်ကဲ့ပါ. ခင်ဗျားရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်အသင်းတွေထဲမှာ အဲဒီ ၂၀၀၉ ခုနှစ်က ဘာစီလိုနာ အသင်းဟာ အကောင်းဆုံးအသင်းဆိုရင် ကစားသမားတွေထဲကရော..? ခင်ဗျားရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်ကစားသမားတွေထဲက အကောင်းဆုံး ကစားသမားက ဘယ်သူဖြစ်မလဲဗျ..။ ကျွန်တော်မှတ်မိသလောက်တော့ ခင်ဗျားဟာ တကယ့်ကောင်းပေ့ဆိုတဲ့ ကစားသမားတိုင်းနီးပါးနဲ့ ယှဉ်ပြိုင်ခဲ့ဖူးတယ်နော..

ဖရန့် လမ်းပတ် - နှစ်ယောက်ပဲ ရှိပါတယ်..။ ပထမတစ်ယောက်ကတော့ ‘လီယွန်နယ် မက်ဆီ’ ပါ..။ သူကတော့ ပြိုင်ဘက်မရှိ အကောင်းဆုံး ကစားသမားပါ..။ အဲဒါဆိုရင် ခရစ်စ်တီယာနို ရော်နယ်လ်ဒို ကရော..? ဒါပေမယ့် ကျွန်တော်ဟာ ရော်နယ်လ်ဒို ရဲ့ အကောင်းဆုံးခြေစွမ်း ရခဲ့တဲ့နှစ်တွေမှာ သူနဲ့ပြိုင်ဘက်အဖြစ် ရင်မဆိုင်ခဲ့ဖူးပါဘူး..။ မန် ယူနိုက်တက် အသင်းမှာတုန်းက သူ့ရဲ့ခြေစွမ်းဟာ ရီးရဲလ် မက်ဒရစ်အသင်းက ခြေစွမ်းမျိုး မဟုတ်သေးဘူးဗျ..။ ဒါ့ကြောင့်သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ပြတာ မဟုတ်ပါဘူး..။ ဒါပေမယ့် ကျွန်တော်ဟာ လီယွန်နယ် မက်ဆီ နဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသလို အကြိမ်တိုင်းမှာလည်း သူ့ရဲ့အနား လုံးဝကို မကပ်နိုင်ခဲ့ပါဘူး..။

နောက်တစ်ယောက်ကတော့ ‘ရော်နယ်လ်ဒင်ဟို’ ပေ့ါဗျာ..။ ၂၀၀၅ ခုနှစ်၊ ချန်ပီယံလိဂ်ဖလား၊ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ သူနဲ့ပထမဦးဆုံး ရင်ဆိုင်ဖူးပါတယ်..။ နူးကမ့်ပ်ကွင်းကြီးမှာ ရင်ဆိုင်ရတဲ့အချိန် တခြားဂြိုလ်ကလာတဲ့ ကစားသမားလား.. လို့တောင် ထင်မိပါတယ်..။ သူတို့ ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရသွားတဲ့ အဲဒီပွဲမှာ ခင်ဗျားလည်း ပါတယ်မလား.. ဂျိုး ရေ..

ဂျိုး ကိုးလ် - ပါတာပေ့ါ..။ ကျွန်တော်က ညာတောင်ပံမှာ သူတို့ရဲ့ဘယ်နောက်ခံလူ ဗန် ဘရွန့်ခ်ဟော့စ် နဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ ရော်နယ်လ်ဒင်ဟို က ဘယ်တောင်ပံမှာ ကစားတာ များပါတယ်..။ သူ့ဆီဘောလုံးရောက်တိုင်း ဗန် ဘရွန့်ခ် ဟော့စ် က ပြေးတက်သွားတယ်..။ ဒင်ဟို ဆီ ဘောလုံးရောက်သွားတိုင်း ဟိုဆေး က ကွင်းဘေးကနေ ‘ဟေ့.. ဂျိုး.. နောက်ကိုအမြန်ဆုံး လိုက်ပြီးဆင်းဟ..’ ဆိုပြီး အသည်းအသန် အော်နေတာပဲ..။ ကျွန်တော်က ‘Yes.. Boss’ ဆို အမြန်ပြေးဆင်းပေ့ါ.. ဟားဟား..



ရော်နယ်လ်ဒင်ဟို က ဘောလုံးပညာစွမ်းတင် ကောင်းတာမဟုတ်ဘူး..၊ လူကောင်ထွားကျိုင်းပြီး ကြံ့ခိုင်မှုကလည်း ကောင်းမှကောင်းဗျာ..။ အဲဒါနဲ့ ဗန် ဘရွန့်ခ်ဟော့စ် က သူ့ရဲ့ဘေးကနေ overlap လုပ်ပြီး ပြေးတက်သွားတယ်..၊ ကျွန်တော်တို့ကိုကျော်ပြီး ဘရွန့်ခ်ဟော့စ် ရဲ့ ပြေးလမ်းထဲမှာ ထည့်ပေးလိမ့်မယ် ထင်မိတာပေ့ါ..။ ဒင်ဟို က တစ်ချက်ဖိန့်.. တင်း.. တောင်.. ဟောဗျား.. ဘယ်ရောက်သွားမှန်းကို မသိလိုက်ဘူး..၊ မြန်မှမြန်.. အိုးမိုင်ဂေါ့,, သေပါပြီဗျာ.. အဲလိုပါဆို.. ဖရန့် ပြောတာမှန်ပါတယ်..။ ကျွန်တော်တို့လည်း အဲဒီအချိန်ကမှ သူနဲ့ပထမဆုံးစပြီး ရင်ဆိုင်ဖူးတာပါ..။ သူကဘောလုံးပညာ ကောင်းတဲ့အပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းမှာလည်း ကျွန်တော်တို့ဆီက မိုက်ကယ် အက်ဆီယန် ထက်တောင် သာသေးတယ်.. မှတ်တာပဲ..။

ဖရန့် လမ်းပတ် - ရော်နယ်လ်ဒင်ဟို ရဲ့ လျှင်မြန်မှု၊ သူ့ရဲ့လှုပ်ရှားမှုနဲ့ ကစားပုံကို မြင်လိုက်မယ်ဆိုရင် တခြားကစားသမားတွေနဲ့ လုံးဝကို ကွဲပြား၊ ခြားနားနေပြီး ခင်ဗျားတို့၊ ကျွန်တော်တို့လို ကစားသမားတွေထက် အများကြီးသာလွန်နေတာ အငြင်းပွားစရာ မရှိပါဘူး.။ သူတို့နှစ်ယောက်ကတော့ ကျွန်တော်ရင်ဆိုင်ခဲ့ဖူးသမျှ အကောင်းဆုံး ပြိုင်ဘက်တွေဖြစ်ကြပြီး ကျွန်တော်အနှစ်သက်ဆုံး အသင်းဖော်နှစ်ယောက်ကတော့ ‘ဂျွန် တယ်ရီ’ နဲ့ ‘ဒီဒီယာ ဒရော့ဘာ’ တို့ပဲ ဖြစ်ကြပါတယ်..။ သူတို့နှစ်ယောက်ထဲက ဘယ်သူပိုကောင်းသလဲ.. ကျွန်တော်မခွဲခြားနိုင်ပါဘူး..။ သူတို့နှစ်ယောက်ဟာ လုံးဝကို ကွဲပြားခြားနားတဲ့ ကစားသမားတွေ ဖြစ်ကြပေမယ့် အသင်းအပေါ် အကျိုးသက်ရောက်မှု အရမ်းကြီးမားသူတွေ ဖြစ်ကြပါတယ်..။

ဂျွန် ဟာဆိုရင် ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်သလို တကယ့်ကိုပြီးပြည့်စုံတဲ့ ဗဟိုခံစစ်မှူးတစ်ယောက် ဖြစ်ပါတယ်..။ ဒီဒီယာ က ပွဲကြီးပွဲကောင်းတွေဆိုရင် အရမ်းကိုအားကိုးရသလို တကယ့်ကိုလှပပြီး တန်ဖိုးလည်း ကြီးမားလှတဲ့ သွင်းဂိုးတွေအများကြီး သွင်းယူပေးခဲ့ပါတယ်..။ သူဟာခန္ဓာကိုယ် ကြံ့ခိုင်မှုကောင်းမွန်သလို နေရာစုံက ဂိုးသွင်းပေးနိုင်တယ်..၊ အနီးအဝေး ပေးပို့မှုတွေကို အကောင်းဆုံး ထိန်းထားနိုင်တဲ့သူလည်း ဖြစ်တာကြောင့် ကျွန်တော်တို့အတွက် စွယ်စုံရတဲ့ တိုက်စစ်မှူးတစ်ယောက်လို့ ပြောရမှာပါ..။ ဒ့ါကြောင့်သူတို့နှစ်ယောက်ဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ လွှမ်းမိုးမှု ကြီးမားခဲ့တဲ့ အသင်းဖော်ကစားသမားတွေ ဖြစ်ကြပါတယ်..။

အဒမ် စမစ် - ဖရန့် ရေ.. မန်နေဂျာတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့အားအသာဆုံး အချက်က လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးတဲ့ နေရာမှာဖြစ်ပါတယ်…။ ခင်ဗျားဟာ လူငယ်တွေကို အခွင့်အရေးပေးခဲ့ပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီကနေ ဒါဘီအသင်းဆီ ခင်ဗျားခေါ်ယူလာခဲ့တဲ့ ဖီကာရို တိုမိုရီ တောင် အခုဆိုရင် အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ခေါ်ယူခြင်းခံခဲ့ရပါပြီ..။ ဒါ့အပြင် ပေါ်လို မာလ်ဒီနီ လို ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္တဝင်နောက်ခံလူ တစ်ယောက်ကတောင် တခုတ်တရ ချီးကျူးခဲ့ပါတယ်..။ မေဆန် မောင့် ဆိုရင်လည်း ချယ်လ်ဆီးအသင်းမှာ သာမက အင်္ဂလန်အသင်းမှာပါ အဓိကကစားသမားတစ်ယောက် ဖြစ်နေပါပြီ..။ ဒ့ါကြောင့်သူတို့ကို စတင်မြေတောင်မြှောက်ပေးခဲ့တဲ့ သူတစ်ယောက်အနေနဲ့ အခုလိုအင်္ဂလန်လူငယ် ကစားသမားလေးတွေရဲ့ အောင်မြင်မှုအပေါ် ခင်ဗျားရဲ့မုဒိတာပွား..၊ ဥယျောဇဉ်စကားကို ပြောကြားပေးလို့ ရမလားဗျ..

ဖရန့် လမ်းပတ် - သူတို့တွေရဲ့ အောင်မြင်မှုတွေအပေါ် အရမ်းကိုဂုဏ်ယူမိတာပေမယ့် သူတို့တွေကို အကြောင်းပြုလို့ ကျွန်တော့်ရဲ့နာမည်ကို အထူးဝိသေသပြု ဂုဏ်ဖော်နေစရာ အကောင်းမရှိပါဘူး..။ မေဆန် ဆိုရင် သူ့ရဲ့ပင်ကိုယ် အရည်အချင်း၊ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့အလုပ်ပေါ်ထားရှိတဲ့ မခိုမကပ် ကြိုးစားမှု (work ethics) တွေကြောင့် အချိန်တိုအတွင်းမှာ အခုလိုအောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်..။ သူတို့တစ်ဦးချင်းစီမှာ သီးခြားစီလျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းကိုယ်စီ ရှိခဲ့ကြသလို ကျွန်တော်ကတော့ သူတို့တွေရဲ့လမ်းပေါ်မှာ တံတားလေးတစ်စင်းအဖြစ် တစိတ်တပိုင်း အသုံးတော်ခံခဲ့တာပဲ ရှိပါတယ်..။ ကျွန်တော်က သူတို့တွေကို ထိုက်တန်တဲ့အချိန်မှာ အခွင့်အရေး ပေးခဲ့ပါတယ်..။ အပြန်အလှန်အားဖြင့် သူတို့တွေဟာ ကျွန်တော့်ကို ကူညီပေးခဲ့ပါတယ်..။ အထူးသဖြင့်  မေဆန် ပေ့ါဗျာ..၊ သူဟာကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပါတယ်..။ ရိုးရိုးသားသား ဝန်ခံရရင် ဖီကာရို ကို အဌားခေါ်ယူခဲ့တဲ့အချိန်ထိ သူ့ရဲ့အကြောင်းက ကောင်းကောင်းမသိခဲ့ပါဘူး..။ ဒါပေမယ့် သူဟာဒါဘီအသင်းမှာ မြန်မြန်ဆန်ဆန်ပဲ အထိုင်ကျခဲ့ပြီး ဒါဘီအသင်းရဲ့ ‘တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု’ ရရှိခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။

ဒီလိုနဲ့ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်လာချိန်မှာ သူတို့တွေအပေါ်မှာ အပြည်အ၀ ယုံကြည်မှု ပေးချင်ခဲ့တယ်..၊ သူတို့တွေကျွန်တော့်ကို ကူညီခဲ့သလို ကျွန်တော်ကလည်း သူတို့တွေကို ပရီးမီးယားလိဂ် အဆင့်မှာ ကစားခွင့် ပေးချင်ခဲ့ပါတယ်..။ ပထမနှစ်မှာ သူတို့တွေနဲ့ အဆင်ပြေခဲ့တယ်လို့ ပြောလို့ရပါတယ်..။ ဒါပေမယ့် ဖီကာရို ကတော့ ကျန်တဲ့လူငယ်ကစားသမားတွေနဲ့ နည်းနည်းခြားနားခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်ရဲ့အသင်းမှာ ဗဟိုခံစစ်မှူးတွေ အများကြီးရှိနေခဲ့တာကိုးဗျ..။ အထူးသဖြင့် ကျွန်တော်အထုတ်ခံလိုက်ရတဲ့ ဒုတိယနှစ်မှာ သီယာဂို ဆေးလ်ဗား တို့လို ကစားသမားကြီးတွေပါ အသင်းကို ရောက်လာခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့အတွက် ပိုပြီးခက်ခဲသွားစေခဲ့ပါတယ်..။ အဲဒီလိုအနေအထားတွေကြောင့် သူဟာကျွန်တော့်အပေါ် အပြည့်အ၀ နားလည်မှု ပေးနိုင်မလား..? မသေချာပါဘူး..။



အဲဒီအချိန်ကာလဟာ လူငယ်ကစားသမားတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ကာလပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ သူတို့ကိုအသင်းကြီးအတွက် ခေါ်ယူ၊ မြေတောင်မြှောက် ပေးနိုင်တယ်..၊ သူတို့တွေကို ပိုပြီးတိုးတက်လာအောင် ကူညီပေးနိုင်ပါတယ်..။ ဒါပေမယ့် ကစားသမားတိုင်းဟာ ခြေစွမ်းအတက်အကျ ရှိတာကြောင့် ကစားသမားတိုင်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ ကိုယ်စီရှိကြတာပါပဲ..။ ဥပမာ- ရိစ် ဂျိမ်းစ် ဆိုရင် တကယ့်ကိုကောင်းမွန်တဲ့ ညာနောက်ခံလူ တစ်ယောက်၊ နောင်လာမယ့် ဆယ်စုနှစ်တစ်ခုအထိ အသင်းရဲ့ ညာနောက်ခံလူနေရာကို မူပိုင်ဆွဲထားမယ့် ကစားသမား တစ်ယောက်လို့ သေချာပေါက် ပြောလို့ရပါတယ်..။ ဒါပေမယ့် မနှစ်ကဘောလုံးရာသီ တစ်ချို့ပွဲတွေမှာ သူ့ကြောင့်ပေးလိုက်ရတဲ့ နေရာလွတ်တွေကနေ ကျွန်တော်တို့အသင်းဟာ ပေးဆပ်လိုက်ရတာတွေ ရှိခဲ့ပါတယ်..။ ဒ့ါကြောင့်သူတို့တွေကို အခွင့်အရေး ပေးချင်တာ မှန်ပေမယ့် နည်းပြတစ်ယောက်အနေနဲ့ ပြန်လည်ချိန်ဆရတဲ့အပိုင်း၊ အသင်းရဲ့ဟန်ချက်ကို ဦးစားပေးရတဲ့အပိုင်းတွေ ရှိခဲ့ပါတယ်..။

တကယ်တော့ ကျွန်တော်ဟာ လူငယ်ကစားသမားတွေနဲ့ ဒါဘီအသင်းမှာ ပိုပြီးအဆင်ပြေပါတယ်..။ ချယ်လ်ဆီးမှာကျ တခြားရွေးစရာတွေ ပိုများပြားလာခဲ့ပေမယ့် ကျွန်တော်ဟာ လူငယ်ကစားသမားတွေကို တစိုက်မတ်မတ် ဦးစားပေး၊ အခွင့်အရေး ပေးခဲ့ပါတယ်..။ အဲဒီလိုအခွင့်အရေး ပေးရဲတဲ့အကြောင်းတစ်ခုက ချယ်လ်ဆီးအသင်း အကယ်ဒမီမှာ နီးလ် ဘတ် တို့ ဘယ်လိုပုံစံ လေ့ကျင့်ပေးနေတယ်..၊ ကစားသမားတွေကို ဘယ်လိုမြေတောင်မြှောက်ပြီး ပြုစုပျိုးထောင်ပေးခဲ့လဲ.. ကောင်းကောင်းသိနေခဲ့တာကိုးဗျ..။ ဒ့ါကြောင့်အခုအချိန်ဟာ သူတို့တွေကို အခွင့်အရေး ပေးရမယ့်အချိန်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်..။ တကယ်တော့ အဲဒီအခွင့်အရေးတွေဟာ သူတို့တွေနဲ့ ထိုက်တန်လို့ ရခဲ့တာပါ..။

အခုဆိုရင် တန်မီ အေဘရာဟမ် ဟာ ရိုးမားအသင်းကို ရောက်သွားပြီ..။ ကျွန်တော်ဟာ သူတို့ကို ချယ်လ်ဆီးမှာပဲ ဆက်ပြီးတိုးတက်နေတာ မြင်ချင်ပေမယ့် ဒီမှာအဆင်မပြေတာကြောင့် အီတလီကို ပြောင်းရွှေ့ပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်တာကို ဘာမှအပြစ်တင်စရာ မရှိပါဘူး..။ ကျွန်တော်ဟာ သူ့ရဲ့အကြောင်း ကောင်းကောင်းသိပါတယ်..။ သူဟာအဲဒီမှာ အဆင်ပြေပြေနဲ့ ဂိုးတွေအများကြီး ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ နောက်ပြီး ဘီလီ ဂေးလ်မား ဆိုရင်လည်း နောဝစ်ခ်ျ အသင်းမှာ ပုံမှန်ကစားခွင့် ရနေပါပြီ..။ အသက် (၁၈) နှစ်၊ (၁၉) နှစ်အရွယ် လူငယ်လေးတစ်ယောက် အကျဉ်းအကျပ်ထဲမှာ ဘောလုံးတွေကို လက်ခံပြီး အကောင်းဆုံးဖြန့်ဝေ၊ ပေးပို့နေတာကိုကြည့်ရင်း ကျေနပ်ရပါတယ်..။ သူတို့လေးတွေအားလုံး အနာဂတ်မှာ အောင်မြင်မှုအပေါင်း ဆွတ်ခူးနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းလိုက်ပါတယ်..။