feature-image

‘မြူးနစ်မှ ပေါ်တိုသို့…’ ရွှေရောင်မျိုးဆက်နှစ်ခုရဲ့ ချန်ပီယံလိဂ်အောင်ပွဲ အမှတ်တရစကားဝိုင်း (၁)

ချယ်လ်ဆီးအသင်းမှာ လန်ဒန်မြို့တော်၏ ပထမဦးဆုံး ဥရောပချန်ပီယံဆုကို ၂၀၁၂ ခုနှစ်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Allianz ကစားကွင်းကြီးတွင် အိမ်ရှင် ဘိုင်ယန် မြူးနစ်အသင်းကို အနိုင်ယူ ဆွတ်ခူးနိုင်ခဲ့သည်..။ အဆိုပါ မြူးနစ်မြို့အောင်ပွဲ ဆယ်နှစ်ပြည့် အမှတ်တရအဖြစ် ချယ်လ်ဆီးအသင်း၏ ရွှေရောင်မျိုးဆက်မှ ဂန္တဝင်ဂိုးသမားကြီး ပီတာ ချက် နှင့် ပေါ်တိုမြို့ရှိ Dragao ကစားကွင်းကြီးအတွင်း အသင်း၏ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သည့် မေဆန် မောင့် တို့မှာ မျိုးဆက်နှစ်ခု၏ ချန်ပီယံလိဂ် အောင်မြင်မှုများမှ အမှတ်တရဖြစ်ရပ်များကို ချယ်လ်ဆီးအသင်း Official Website မှ တင်ဆက်သည့် ‘Munich 10 Years On..’ အစီအစဉ်တွင် ယခုလို ဝေမျှခဲ့ပါသည်..။

မေဆန် မောင့် - Hey.. ပီတာ ရေ… ၂၀၁၂ ခုနှစ်က မြူးနစ်မြို့မှာ ကျွန်တော်တို့တွေ ဘယ်လိုအောင်မြင်မှု ရရှိခဲ့ကြတယ်ဆိုတာ အားလုံးသိပြီးသားပါ..။ ကျွန်တော်ကတော့ အဲဒီအချိန်တုန်းက ခင်ဗျားတို့ရဲ့အောင်ပွဲကို TV ရှေ့ကနေပဲ မိသားစုနဲ့အတူ အားပေးခဲ့ရပါတယ်..။ အဲဒီအချိန်က အမှတ်တရတွေကို ကျွန်တော်တို့ ပြန်ပြောကြရအောင်…

ပီတာ ချက် - ရတယ်လေ.. Let’s go..။ အဲဒီမြူးနစ်မြို့ကအကြောင်းတွေကို တစ်ယောက်ယောက်က ပြန်ပြီးနှိုးဆွတိုင်း အဲဒီညချမ်းဟာ ငါတို့အသင်းအတွက် ဘယ်လောက်တောင် အရေးကြီးခဲ့တယ်..၊ ကစားသမားတွေ၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ အသင်းနဲ့ဆက်နွယ် သက်ဆိုင်နေသူအားလုံးကို ဘယ်လောက်တောင်မှ ကြီးမားတဲ့အပြောင်းအလဲကြီး ဆောင်ယူပေးခဲ့တယ်ဆိုတာ အမြဲတမ်း အမှတ်ရနေမိပါတယ်..။ အဲဒီမြူးနစ်အောင်ပွဲဟာ ငါတို့အပြာရောင်ပရိသတ်တွေအတွက် သိပ်ကိုအရေးပါခဲ့တဲ့ အောင်မြင်မှု ဖြစ်ခဲ့တာပေ့ါ..။



အထူးသဖြင့် အခုအချိန်မှာ ပြန်ပြီးကြည့်မိတဲ့အခါကျ… သြော်.. အဲဒီအချိန်တုန်းက ငါတို့တွေဟာ အတော်လေးကို ငယ်ရွယ်၊ နုပျိုနေကြပါလား.. ဆိုတဲ့ အတွေးကို အရင်ဆုံးရပါတယ်.. ဟားဟား..။ ဒါပေမယ့် အခုချက်ချင်းမှာတော့ ပေါ်တိုမြို့မှာ မင်းတို့အနိုင်ရခဲ့တဲ့ မနှစ်ကချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပိုပြီးမှတ်မိခဲ့ပါတယ်..။ မနှစ်ကမှဆိုတော့ အားလုံးဟာ ပူပူနွေးနွေးပဲ ရှိနေသေးတယ်လေ… ဟားဟား..

ပေါ်တိုမြို့ကပွဲနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြောမယ်ဆိုရင် ပွဲမကန်ခင်နေ့..၊ အသင်းဟိုတယ်ကို ပထမဆုံး ရောက်လာတဲ့အချိန်က စပြောရပါမယ်..။ ဟိုတယ်ကို ရောက်လာတဲ့အချိန် မင်းလည်းပါတယ်..၊ အသင်းသားအားလုံးဟာ စားသောက်ခန်းထဲမှာ နေ့လည်စား သုံးဆောင်နေကြပါတယ်..။ မင်းတို့တွေရဲ့ အခြေအနေကို တစ်ချက်အကဲခတ်ပြီးတာနဲ့ သောမတ်စ် (နည်းပြ သောမတ်စ် တူခယ်လ်) အနားကိုသွားပြီး.. ‘မင်းရဲ့ကောင်တွေကို ကြည့်လိုက်ပါဦး..၊ အကုန်ုလုံးဟာ အေးအေးဆေးဆေးနဲ့ သက်တောင့်သက်သာ ရှိနေကြတယ်..၊ ဒီနေ့ပွဲမှာ ငါတို့နိုင်လိမ့်မယ်..’ လို့ ကြိုတင် ပြောခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို အရေးကြီးတဲ့ပွဲမတိုင်ခင်မှာ ကစားသမား အများစုဟာ စိတ်လှုပ်ရှားနေကြတယ်.၊ စိတ်ပူပန်၊ သောကရောက်နေကြတာ များပါတယ်..။ ဒါပေမယ့် မင်းတို့တွေကို ကြည့်ရတာ အားလုံးသက်တောင့်သက်သာပါပဲ..။

မေဆန် မောင့် - ပေါ်တိုမြို့ကို ရက်နည်းနည်းလောက်စောပြီး ကြိုတင်ရောက်ရှိခဲ့တာဟာ ကျွန်တော်တို့ရဲ့ ပွဲကြိုပြင်ဆင်မှုကို ပိုပြီးကောင်းမွန်စေခဲ့တယ်လို့ ထင်ပါတယ်..။ အဲဒီလိုနည်းအားဖြင့် ကျွန်တော်တို့ဟာ  ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ ပိုပြီးသဟဇာတကျခဲ့တယ်..၊ Dragao ကွင်းကြီးထဲမှာလည်း လေ့ကျင့်ခွင့်ရခဲ့ပါတယ်..။ အဲဒီလိုအခွင့်အရေးတွေကြောင့် ကျွန်တော်တို့အပေါ် ကျရောက်နေတဲ့ ဖိအားတွေကို လျော့ပါးစေခဲ့ပါတယ်..။



ဒါပေမယ့် ဗိုလ်လုပွဲကန်ရမယ့်နေ့ မနက်အိပ်ရာနှိုးလာချိန်မှာ ‘အား… ဒီနေ့ဟာ ဗိုလ်လုပွဲ ကန်ရမယ့်နေ့ပါလား..’ ဆိုတဲ့ အတွေးက ခေါင်းထဲအရင်ဆုံး ရောက်လာတာပါပဲ..။ ‘ဒီနေ့မှာ ငါတို့ယှဉ်ပြိုင်ရတော့မှာပါလား..’ ဆိုတဲ့စိတ်နဲ့ ဖိအားတွေကြောင့် ခန္ဓာကိုယ်ဟာ ပြန်လည်လေးလံသွားသလို ခံစားရပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ကတော့ တစ်နေ့လုံးမှာ ပွဲကန်ရမယ့်အကြောင်း မစဉ်းစားဖြစ်အောင် အသင်းဖော်တွေနဲ့ လမ်းလျှောက်ထွက်လိုက်၊ အချင်းချင်း ဟာသတွေပြောလိုက်နဲ့ အာရုံပြောင်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာပါပဲ..။ ဒါပေမယ့် အဲဒီအတွေးတွေကို လုံးဝဖျောက်ဖျက်နိုင်ဖို့ အရမ်းခက်ခဲတယ်ဆိုတာ ခင်ဗျားလည်း သိမှာပါပဲ..

ပီတာ ချက် - ငါတို့ဟာ မြူးနစ်ဗိုလ်လုပွဲမတိုင်ခင် ချန်ပီယံလိဂ် ဗိုလ်လုပွဲတစ်ကြိမ် ရှုံးနိမ့်ဖူးတားပါတယ်..။ အခုတစ်ကြိမ် ကစားခွင့်ရဖို့ ကြားထဲမှာ လေးနှစ်လောက် စောင့်ခဲ့ရတာပေ့ါ..။ ဒ့ါကြောင့်အခု မြူးနစ်ပွဲပြီးရင် ငါတို့အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တတိယအကြိမ် ကစားခွင့်ရချင်မှ ရနိုင်ပါတော့မယ်လေ..။ ဒ့ါကြောင့် အဲဒီမြူးနစ်မြို့က ဗိုလ်လုပွဲဟာ ငါတို့အတွက် နောက်ဆုံးအခွင့်အရေး (now or never) လို ဖြစ်နေနိုင်တယ်ဆိုတဲ့ အတွေးဟာ ငါတို့ခေါင်းထဲ တစ်ချိန်လုံး ရောက်နေပါတယ်..။

ဒါ့ကြောင့်မြူးနစ်မြို့ကို စတင်ခြေချခဲ့တဲ့ နေ့ကစပြီး ငါဟာတစ်ချိန်လုံး နေမထိ၊ ထိုင်မသာ ဖြစ်နေခဲ့ပါတယ်..။ ငါးမိနစ်လောက် ငြိမ်ငြိမ်လေး ထိုင်နေလိုက်တာနဲ့ ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေတုန်းက ချန်ပီယံလိဂ် အိပ်မက်ဆိုးတွေဟာ ဗီဒီယိုပြကွက်တွေအလား ဖျက်ကနဲ၊ ဖျက်ကနဲ ခေါင်းထဲကို ရောက်လာခဲ့တာပါပဲ..။ အဲဒီလိုအတိတ်ဆိုးတွေ ပြန်တွေးမိတာနဲ့ စိတ်ကိုပြန်ပြီး တည်ငြိမ်သွားအောင် နာရီနဲ့ချီပြီး ကြိုးစားရပါတယ်..။



အဲဒီလိုအနေအထားမှာ ဒရမ်တီးခတ်တာဟာ ငါ့အတွက် ထွက်ပေါက်တစ်ခုလို့ ပြောရမှာပါ..။ ငါဟာအခန်းထဲမှာ တစ်ရက်ကို သုံးနာရီလောက် ဒရမ်တီးပြီး စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ခဲ့ပါတယ်..။ ဒရမ်တီးနေတဲ့ အချိန်ကာလမှာပဲ ငါဟာချန်ပီယံလိဂ် ပြိုင်ပွဲအကြောင်း လုံးဝမစဉ်းစားမိပဲ ထွက်ပေါက်ရတဲ့သဘော ဖြစ်နေခဲ့ပါတယ်..။ ဒ့ါကြောင့်ဒရမ်တီးတာဟာ ငါ့အတွက် ပွဲမတိုင်ခင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြင်ဆင်တဲ့ နည်းတစ်နည်းလို့ ပြောလို့ရပါတယ်..။ ငါကသူများတွေလို ပွဲမကန်ခင် နေ့လည်ပိုင်းမှာ အိပ်စက်အနားယူတာမျိုး ပြုလုပ်လို့ မရပါဘူး..။

မေဆန် မောင့် - ကျွန်တော်လည်း အတူတူပဲဗျ..။ ပွဲကစားမယ့်နေ့ဆိုရင် စိတ်ထဲမှာ တင်းကျပ်နေခဲ့တာဟာ ကွင်းထဲကိုရောက်လို့ သွေးပူလေ့ကျင့်ခန်းတွေ စတင်တော့မှပဲ တည်ငြိမ်မှုကို ပြန်လည်ရရှိပြီး နေရတာ သက်တောင့်သက်သာ ရှိလာပါတယ်..။ ဗိုလ်လုပွဲနေ့က ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောရမယ်ဆိုရင် ကွင်းထဲကိုဝင်ဖို့ အဝတ်လဲခန်းကအထွက်မှာ ကျွန်တော်တို့ အသင်းသားတွေအကုန်လုံး လူတန်းရှည်ကြီး တစ်ခုတည်းလို စုစုစည်းစည်း ဖြစ်နေခဲ့တာ တွေ့ရမှာပါ…။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းကလည်း သူတို့ရဲ့ အဝတ်လဲခန်းထဲကထွက်လာပြီး လျှောက်လမ်းမှာ အသင့်နေရာယူနေပါတယ်..။ သူတို့တွေရဲ့ အနေအထားဟာ ကျွန်တော်တို့နဲ့ လုံးဝခြားနားနေပါတယ်..။

အဲဒီလိုကွင်းထဲဝင်ဖို့ လျှောက်လှမ်းပေါ်မှာကအစ စုစုစည်းစည်း ရှိနေခဲ့တာဟာ ကျွန်တော်တို့အတွက် အများကြီးအထောက်အကူ ဖြစ်စေခဲ့တယ်လို့ ကျွန်တော်ထင်မိပါတယ်..။ ကျွန်တော်တို့အတွက် ထူးခြားတဲ့ အတွေ့အကြုံလို့ ပြောရမှာပါပဲ…။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ အဝတ်လဲခန်းထဲက ထွက်လာတဲ့အချိန် လျှောက်လှမ်းပေါ်မှာရှိနေတုန်း ပြိုင်ဘက်အသင်းကို ဗွီဒီယို (tunnel camera) တွေက လှမ်းပြီးမြင်ခွင့်ရခဲ့တာ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ..။



ပီတာ ချက် - Allianz ကွင်းထဲကို ဝင်တော့မယ့်အချိန် ငါဟာကိုယ့်ရဲ့ဘေးပတ်ဝန်းကျင် လေးဘက်လေးလံကို လှည့်ပတ်ပြီး ကြည့်ပါတယ်..။ ပြီးတော့ အသင်းဖော်တွေကို လူတိုင်းစေ့ တစ်ယောက်ချင်း လက်ဝါးရိုက်ပြီး လိုက်လံ၊ အားပေးခဲ့တယ်..။ သူတို့တွေရဲ့ တုံ့ပြန်မှုတွေကို ကြည့်လိုက်တဲ့အခါမှာ အားလုံးဟာ ဒီနေ့ပွဲအတွက် အသင့်ရှိနေတယ်..၊ အာရုံစူးစိုက်မှု အပြည့်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကို ရခဲ့ပါတယ်..။ အဲဒီအခိုက်အတန့်မှာပဲ ‘ဒီနေ့ပွဲမှာတော့ OK လောက်ပါတယ်..’ ဆိုတဲ့ ခွန်အားကိုပါ တစ်ခါတည်း ရှိခဲ့တာပါပဲ..။ အနည်းဆုံးတော့ ငါတို့တွေဟာ အိမ်ရှင်အသင်းရဲ့ ဖိအားတွေအောက်မှာ အလွယ်တကူ ပြိုကျသွားမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်ဟာ အဲဒီပွဲအတွက် ယုံကြည်မှုကိုပါ တစ်ပါတည်းရရှိခဲ့ပါတယ်..။

မေဆန် မောင့် - အင်းဗျ.. ပွဲမစခင်ကတည်းက Alianz ကွင်းတစ်ကွင်းလုံး ရဲရဲတောက် နီရဲနေသလို အိမ်ရှင်အသင်းပီပီ ပွဲစကတည်းက အစွမ်းကုန်တက်ဖိပြီး ပွဲကိုစိုးမိုးနိုင်ခဲ့တာပဲဗျ..။ ဒါနဲ့.. ပွဲချိန် (၈၃) မိနစ် မှာ တိုနီ ကရူးစ် ရဲ့ ဖြတ်တင်ဘောကနေ သောမတ်စ် မူလာ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းယူ သွားခဲ့တဲ့အချိန် ခင်ဗျားဘယ်လိုခံစားခဲ့ရလဲ..?

ပီတာ ချက် - အံ့သြသွားခဲ့တယ်ဗျ.. ဟားဟား..။ သူကခေါင်းတိုက်ဘောကို မြေထောက် တိုက်လိုက်ချိန်မှာ ပြန်ကန်ထွက်လာတဲ့ ဘောလုံးကို လက်ဆန့်ပြီးပုတ်ထုတ်ဖို့ ကြိုးစားပါတယ်..။ ဘောလုံးဟာ ဂိုးဘားတန်းထိပြီး ပြန်ထွက်သွားလိမ့်မယ်လို့ပဲ ထင်မိလိုက်ပါတယ်..။ ဒါပေမယ့် သူတို့တွေ အောင်ပွဲခံနေကြတာ တွေ့လိုက်တဲ့အခါမှ ဂိုးပေးလိုက်ရပြီဆိုတာ သိလိုက်ပါတယ်..။ အဲဒီတဒင်္ဂမှာတော့ ‘အင်းပေါ့လေ.. (၇) မိနစ် လောက်တော့ ကျန်သေးတာပဲ’ ဆိုပြီး အားတင်းလိုက်ရတာပေ့ါ..။ သူတို့အိမ်ကွင်းမှာ ကစားရတာ ဖြစ်တာကြောင့် အဲဒီလို ဦးဆောင်ခွင့် ပေးလိုက်ရတာဟာ ငါတို့အတွက် အလားအလာ မကောင်းပါဘူး..။ ဒါပေမယ့် ထူးဆန်းတာက အဲဒီဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျှောက် ငါတို့ဟာ ‘မျှော်လင့်ချက် မရှိတော့ဘူး..’  ဆိုတဲ့ အခြေအနေတွေကနေ အကြိမ်ကြိမ်အခါခါ ပြန်လည်ရှင်သန်နိုင်ခဲ့တာပါပဲ..။ နာပိုလီအသင်းနဲ့ နောက်ဆုံး (၁၆) သင်းအဆင့် ပွဲစဉ်မှာဆိုရင် ငါတို့ဟာ ဒုတိယအကျော့မှာ အနည်းဆုံး ၂ - ၀ နဲ့ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ်..။



စတန်းဖို့ဒ် ဘရစ်ခ်ျ မှာ ကန်တဲ့ပွဲကျတော့ နှစ်ဂိုးအသာနဲ့ အရင်ဆုံးဦးဆောင် နေနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ သူတို့ဘက်က ချေပဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် လက်ကျန်မိနစ်တွေမှာ နှစ်ဂိုးသွင်းမှ အနိုင်ရတော့မယ့် အခြေအနေ ဖြစ်လာခဲ့ပါတယ်..။ ပွဲချိန် (၇၅) မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ဖရန့် လမ်းပတ် က အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာကြောင့် အချိန်ပိုမိနစ် (၃၀) ယှဉ်ပြိုင်ရပါတယ်..။ အဲဒီအချိန်မှာ သူတို့တွေ ခြေကုန်လက်ပန်းကျ၊ မောပန်းနေပြီဆိုတာ သိလိုက်ပါတယ်..။ ဒ့ါကြောင့်ပွဲချိန်အတွင်းမှာပဲ အနိုင်ရအောင် ကြိုးစားမလား..? ပင်နယ်တီ အဆုံးအဖြတ်ထိ ဆွဲခေါ်သွားရမလား..? ဆိုတာ ဆုံးဖြတ်ရပါတော့မယ်..။ ပွဲချိန် (၁၀၅) မိနစ်မှာပဲ ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ် ရဲ့ ဂိုးနဲ့ ငါတို့ဟာ နောက်တစ်ဆင့် တက်နိုင်ခဲ့သလို နောက်ထပ်အခက်အခဲတွေကိုလည်း အများကြီးကျော်ဖြတ်ခဲ့ရပါတယ်..။

ဒီလိုနဲ့ Allianz ကွင်းမှာ ငါတို့အတွက် နောက်ဆုံးအခွင့်အရေးလို့ ပြောရမယ့် ထောင့်ကန်ဘော တစ်ကြိမ်ရခဲ့ပါတယ်..။ တစ်ပွဲလုံးမှာ ငါတို့ရဲ့ခြေစွမ်း ဘယ်လိုပဲ ရှိနေပါစေ.. အခွင့်အရေးတစ်ကြိမ်… တစ်ကြိမ်လောက်တော့ ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်..။ အဲဒီပွဲမှာ ငါတို့ဟာ ထောင့်ကန်ဘော တစ်ကြိမ်ပဲ ရခဲ့တာပါ..။ ဂျူအန် မာတာ ကန်တင်မယ့်အချိန် ငါကတော့ ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထိပ်မှာ ရှိနေပါတယ်..။ စိတ်ထဲမှာတော့ ‘အင်း.. ဒီတစ်ကြိမ်မှ ဂိုးဝင်အောင် မသွင်းနိုင်ရင် သွားပါပြီ..’ လို့ပဲ စဉ်းစားနေမိပါတယ်..။ ပွဲချိန်ကလည်း မိနစ် (၉၀) ပြည့်ခါနီးနေပြီလေ..

အဲဒီမှာ ဒီဒီယာ ဒရော့ဘာ ဂိုးလဲ သွင်းပေးလိုက်ရော… ‘Oh..! ငါတို့တွေ မသေသေးဘူးဟ..၊ အသက်ရှိနေသေးတယ်..’ ဆိုပြီး စိတ်အား ပြန်လည်တက်ကြွလာပါတယ်..။ ဒရော့ဘာ ဂိုးသွင်းလိုက်တဲ့ အချိန်ကစပြီး ငါတို့ဟာ အနိုင်ရတော့မယ်ဆိုတဲ့ ယုံကြည်ချက်ကို ရရှိလာခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ငါတို့ဟာ ပြိုင်ပွဲတစ်လျှောက်လုံး အကြိမ်ကြိမ် ပြန်လည်ရှင်သန်နိုင်ခဲ့သလို ဒီတစ်ကြိမ်မှာလည်း ပြီးဆုံးသွားပြီလို့ ယူဆလို့ရတဲ့ အနေအထားကလည်း ပြန်လည်ရှင်သန်ခဲ့တာပါပဲ..။ အဲဒီအချိန် ငါ့ရဲ့စိတ်ထဲမှာ ပင်နယ်တီ အဆုံးအဖြတ် ရယူမယ့်အချိန်ထိ ဆွဲခေါ်သွားနိုင်ရင် ငါတို့အတွက် ဆုဖလားကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိတယ်ဆိုတဲ့ အတွေးဝင်လာပါတယ်..။ အဲ… အချိန်ပိုစစချင်းမှာပဲ နောက်ထပ်တစ်ကြိမ် အလှည့်အပြောင်း ထပ်ဖြစ်ခဲ့ပါသေးတယ်..။ ဒါပေမယ့် ဒီဒီယာ ရဲ့ ခေါင်းတိုက်ဂိုးဟာ ငါတို့ရဲ့အောင်ပွဲအတွက် တကယ့်ကို အရေးပါတဲ့ အလှည့်အပြောင်းလို့ ပြောရမှာပဲ..။



ပေါ်တိုကပွဲမှာတော့ ကိုင် ဟာဗာ့ဇ် သွင်းယူပေးခဲ့တဲ့ အနိုင်ဂိုးအတွက် အဆုံးအဖြတ် ဖန်တီးပေးမှုကို မင်းကပြုလုပ်ပေးခဲ့တာနော်..။ ဒါပေမယ့် ငါတို့နဲ့ မတူညီတာက မင်းတို့ပွဲမှာ ဆက်ပြီးကစားဖို့ ပွဲချိန်အများကြီး ကျန်နေသေးတယ်..၊ ဒ့ါကြောင့် ကိုင် ဟာဗာ့ဇ် ဂိုးသွင်းယူလိုက်တဲ့အချိန် မင်းရဲ့စိတ်ထဲမှာ ဘာတွေတွေးနေခဲ့လဲ.. ဆိုတာ ပြောပြပေးပါလား..? အဲဒီလိုဗိုလ်လုပွဲကြီးမှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တယ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ အလှည့်အပြောင်းလို့ ပြောရမှာပဲ…

မေဆန် မောင့် - Yeah..! ကျွန်တော်တို့ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့အချိန်မှာ ငါတို့အနိုင်ရနိုင်တယ်.. ဆိုတဲ့ ခံစားချက်နဲ့ ယုံကြည်မှုကို ရရှိပါတယ်..။ ကဲ.. ပထမပိုင်းတော့ပြီးပြီ…၊ ဘာဆက်လုပ်ကြမှာလဲပေ့ါဗျာ…။ တကယ်တော့ ပထမပိုင်းမှာတင် ကျွန်တော်တို့ဘက်က နောက်ထပ်အခွင့်အရေးတစ်ချို့ ရခဲ့ပါသလို ရူဒီဂါ ဟာ ဖီးလ် ဖိုဒန် ရဲ့ ကန်သွင်းမှုကို မယုံနိုင်ဖို့ကောင်းလောက်အောင် ပိတ်ဆို့နိုင်ခဲ့တယ်ဗျ..။ ကျွန်တော်က ဂိုးသွားပြီလို့ကို ထင်လိုက်တာ… ဖိုဒန် ဟာ မကန်သွင်းခင် တစ်ချက်ထိန်းလိုက်လို့သာ ရူဒီဂါ က လျောထိုးဖျက်ထုတ်နိုင်ဖို့ အချိန်မှီသွားခဲ့တာပါ..။

အဲ.. ဒုတိယပိုင်းဟာ (၄၅) မိနစ်ဆိုပေမယ့် ကျွန်တော်တို့အတွက်တော့ ကမ္ဘာ့သက်တမ်း တစ်ဝက်လောက်ကို ကြာမြင့်ခဲ့သလိုပါပဲ..။ ကျွန်တော်တို့ဟာ အဆင့်ဆင့်ပိတ်ဆို့ရင်း၊ ဖျက်ထုတ်ရင်းနဲ့ နည်းပြကြီးက ကျွန်တော့်ကို လူစားလဲပါတယ်…။

ဒါနဲ့ခုနက ခင်ဗျားတို့ မြူးနစ်ပွဲက အချိန်ပိုမှာဖြစ်သွားတဲ့ ကြီးမားတဲ့ အလှည့်အပြောင်းအကြောင်း မပြောခင် အဲဒီလို မိုးထဲရေထဲ အမှားမခံတဲ့ အခြေအနေတွေမှာ တိုက်စစ်မှူးတွေ ဂိုးဧရိယာထဲအထိ ဆင်းပြီးဖျက်ထုတ်မှုတွေ ပြုလုပ်တဲ့အခါမှာ ခင်ဗျားအနေနဲ့ ဘယ်လိုခံစားမိခဲ့လဲ..?



ပီတာ ချက် - မင်းတို့လည်း သိပြီးသားပါ..။ အကြိုဗိုလ်လုပွဲတုန်းကလဲ ဒီဒီယာ ဒရော့ဘာ ဟာ သူ့ရဲဖျက်ထုတ်မှုကြောင့် ပင်နယ်တီတစ်ကြိမ် ပေးလိုက်ရသေးတယ်လေ..။ အဲဒီပွဲတုန်းကလည်း ငါတို့ဟာ ပထမပိုင်းမှာတင် နှစ်ဂိုးပေးလိုက်ရတယ်..၊ JT ကလည်း အထုတ်ခံလိုက်ရပြီ..။ အဲဒီမှာ ချယ်လ်ဆီးအတွက်တော့ ‘ပွဲပြီးပါပြီ..’၊ တစ်ချို့တွေကဆို ဆယ်ဂိုးလောက်များ ပြတ်သွားမလား… လို့ပဲ ယူဆလိုက်ကြပါပြီ..။ ဒါပေမယ့် ရာမီးရက်စ် ရဲ့ သွင်းဂိုးဟာ ပွဲရဲ့ချိန်ခွင်လျှာကို လုံးဝပြောင်းလဲပေးလိုက်ပါတယ်..။ အဲဒီလို အနေအထားမှာ တစ်ရာသီလုံးမှာ ဂိုးပေါင်း (၅၀)၊ (၆၀) လောက် ထမင်းစား၊ ရေသောက် ဂိုးတွေဒလဟော သွင်းနေခဲ့တဲ့ လီယွန်နယ် မက်ဆီ တစ်ယောက် ပင်နယ်တီလွဲပြီ ဆိုတဲ့အချိန် ‘ငါတို့ဟာ အနိုင်ရနိုင်ပြီ..’ ဆိုတဲ့ ယုံကြည်မှုကို ပြန်လည်ရရှိခဲ့တာပါပဲ..။

မေဆန် မောင့် - အချိန်ပိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို အာဂျင် ရော်ဘင် ကန်သွင်းမယ့်အချိန် ခင်ဗျားရဲ့ဘယ်ဘက်ကို ကန်သွင်းလိမ့်မယ်ဆိုတာ ကြိုတင်၊ မှန်းဆနိုင်ခဲ့လား..?

ပီတာ ချက် - သူဟာဘယ်ခြေနဲ့ ကန်သွင်းမှာဆိုတော့ အပြင်းကန်သွင်းမယ်.. အဲ.. အလယ်တည့်တည့်လား..? ဘယ်ဘက်အပေါ်ဘက်ကို ကန်သွင်းမလား..? တစ်ခုခုပဲလို့ အရင်ဆုံးစဉ်းစားမိခဲ့ပါတယ်..။ ဒါပေမယ့် ပွဲချိန် (၁၀၅) မိနစ်မှာ ဘောလုံးသမား တစ်ယောက်ရဲ့ သက်တမ်းတစ်လျှောက် အကြီးမားဆုံး ဖိအားကြီးနဲ့ ရင်ဆိုင်ရချိန်မှာ Panenka ကန်ချက်လို အလှအပတွေ ပြုလုပ်မှာမဟုတ်ဘူး..။ ဂိုးပေါက်မတည့်မှာစိုးရိမ်စိတ်နဲ့ ငါ့ရဲ့တည့်တည့်၊ ဒါမှမဟုတ် ဘယ်ဘက်ကိုပဲ အပြင်းကန်သွင်းလိမ့်မယ်လို့  စဉ်းစားခဲ့တယ်..။ သူလည်းဘောလုံးတည်ပြီးရော… ‘ဒီဘောလုံးကို ကာကွယ်နိုင်ရမယ်..၊ အာဂျင် ကို အောင်ပွဲခံခွင့် လုံးဝမပေးနိုင်ဘူး..’ ဆိုတဲ့ ခံစားချက် ဖြစ်လာပါတယ်..။

ပင်နယ်တီအမှတ်အသားမှာ တည်ထားတဲ့ဘောလုံးကို ကန်သွင်းဖို့ သူပြေးလာတဲ့အချိန် ငါ့ရဲ့စိတ်အာရုံထဲမှာ အရာအားလုံး ပျောက်ဆုံးကုန်တယ်..။ ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝပကတိ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သလိုပါပဲ..။ အနီးစပ်ဆုံး ဥပမာပေးရရင် ရုပ်ရှင်ထဲမှာ သေနတ်ပြောင်းဝကနေ ထွက်လာတဲ့ ကျည်ဆန်ထိပ်ဖူးဟာ လေထဲမှာ ဖြည်းဖြည်းလေးသွားနေတဲ့ ရိုက်ချက်တွေလိုပဲကွ..။ အဲဒီအခိုက်အတန့်မှာ ငါ့ရဲ့အတွေးအာရုံတစ်ခုလုံးမှာ ဘောလုံးနဲ့ငါနဲ့ နှစ်ခုထဲပဲ ရှိတော့တယ်..။



သူ့ရဲ့ကန်ချက်ကို ကာကွယ်နိုင်ခဲ့တာနဲ့.. ‘Ok… နောက်ထပ်တစ်ကြိမ် ကျောက်ခဲရေပေါ်ပြန်ပြီကွာ..’ ဆိုတဲ့ ယုံကြည်မှုကို ရရှိပြန်ပါတယ်…။ ငါတို့အနိုင်ရတော့မယ်.. ဆိုတဲ့ ခံစားချက်ကို ရရှိနေပေမယ့် ဆက်ပြီးကန်ဖို့ (၂၅) မိနစ်ကျော် ကျန်သေးတာဆိုတော့ ဘာမှဖြစ်မလာသေးဘူးပေ့ါ…။

ပွဲချိန်မိနစ် (၁၂၀) ပြည့်သွားတော့ ပင်နယ်တီကန်သွင်းပြီး အဆုံးအဖြတ် ရယူတော့မယ့်အချိန် ရောက်ပြီပေ့ါကွာ..။ ငါဟာဘေယန် မြူးနစ်အသင်းရဲ့ ၂၀၀၇ ခုနှစ်ကစပြီး ကန်သွင်းသမျှ ပင်နယ်တီကန်ချက်အားလုံးကို အသေးစိတ် လေ့လာထားပါတယ်..။ ငါးနှစ်စာပေါ့ကွာ..။ ပွဲမကန်ခင်တစ်ရက်အကြို ဂိုးနည်းပြတွေနဲ့ အစည်းအဝေးမှာလည်း သူတို့အသင်းသားတွေရဲ့ ပင်နယ်တီကန်ချက်အားလုံးကို လေးခေါက်တိတိ အပြန်ပြန်အလှန်လှန် ကြည့်ခဲ့ကြသလို သူတို့တွေရဲ့ အပြုအမူ၊ ကန်သွင်းပုံအားလုံးကို မှတ်စုထုတ်ပြီး သေသေချာချာ ရေးမှတ်ထားပါတယ်..။ အထပ်ထပ်အခါခါ ဖတ်ရှုရတယ်…၊ ဂိုးနည်းပြတွေ.. အရန်ဂိုးသမားတွေနဲ့ ထင်မြင်ချက်တွေ အပြန်ပြန်အလှန်လှန် ဆွေးနွေးခဲ့ကြပါတယ်..။ ငါတို့ဟာ သူတို့အသင်း ကန်သွင်းခဲ့သမျှ ပင်နယ်တီကန်ချက်အားလုံးကို အသေးစိတ် လေ့လာခဲ့ကြတာပါ..။ ဒ့ါကြောင့်လည်း သူတို့အသင်း ကန်သွင်းခဲ့သမျှ ပင်နယ်တီကန်ချက်တိုင်းကို ဒိုက်ထိုးချက် တစ်ကြိမ်မှမလွဲခဲ့ပဲ မှန်းဆချက် မှန်ကန်ခဲ့ပါတယ်..။ ကဲ… ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းတဲ့အကြောင်းတွေ ဆက်ပြောကြမယ်လေ…

‘မြူးနစ်မှ ပေါ်တိုသို့…’  အပိုင်း (၂) ဆက်လက်ဖတ်ရှုရန်..