၂၀၁၂ ခုနှစ်က ဆွတ်ခူးနိုင်ခဲ့သော မြူးနစ်မြို့အောင်ပွဲ ဆယ်နှစ်ပြည့် အမှတ်တရအဖြစ် ချယ်လ်ဆီးအသင်း၏ ရွှေရောင်မျိုးဆက်မှ ဂန္တဝင်ဂိုးသမားကြီး ပီတာ ချက် နှင့် ပေါ်တိုမြို့ရှိ Dragao ကစားကွင်းကြီးအတွင်း အသင်း၏ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သည့် မေဆန် မောင့် တို့၏ ချန်ပီယံလိဂ်အောင်ပွဲ အမှတ်တရ စကားဝိုင်း (အပိုင်း- ၂) တွင် ဘိုင်ယန် မြူးနစ်အသင်းနှင့် ပင်နယ်တီအဆုံးအဖြတ် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ချိန်က အဓိကဇာတ်ဆောင် ဂိုးသမားကြီး ပီတာ ချက် မှ ပြိုင်ဘက်ကစားသမားများ၏ ပင်နယ်တီကန်ချက်များကို မှန်းဆ၊ တွက်ချက်ပုံများအား အပြာရောင် နောက်မျိုးဆက်သစ်များဆီသို့ ယခုလိုဝေမျှခဲ့ပါသည်..။
ပီတာ ချက် - ဘိုင်ယန် ဘက်က ပထမဆုံး ပင်နယ်တီကို ဖိလစ် လမ်း ကန်သွင်းခဲ့ပြီး ငါတို့အသင်းရဲ့ ပထမဆုံး ပင်နယ်တီကို ဂျူအန် မာတာ ကန်သွင်းခဲ့ပါတယ်..။ ဂျူအန် မာတာ ရဲ့ ပင်နယ်တီကန်ချက်ကို ပြန်ကြည့်မယ်ဆိုရင် ပင်နယ်တီ ကန်ချက်တွေကို ဂိုးဝင်အောင် ကန်သွင်းရတာ ဘယ်လောက်တောင် ခက်ခဲတယ်ဆိုတာ တွေ့နိုင်ပါမယ်..။ မင်းတို့တွေလည်း ပင်နယ်တီကန်သွင်းတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါမှာ ပြိုင်ဘက်ဂိုးသမားတွေရဲ့ အမူအကျင့်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသေးစိတ် လေ့လာခဲ့ရတာပါပဲ..။ အခုခေတ်မှာဆိုရင် အချက်အလက်တွေဟာ ပိုပြီးစုံလင်၊ တိကျလာတာပေ့ါ..။
ဂျူအန် မာတာ က ဘယ်ခြေနဲ့ကန်သွင်းပါမယ်..။ အဲဒီအချိန်တုန်းက ဂိုးသမား မန်နူရယ် နူအာ ကာကွယ်နိုင်ခဲ့တဲ့ ပင်နယ်တီကန်ချက်တွေကို လေ့လာကြည့်တဲ့အခါ ဘယ်သန်ကစားသမားတွေရဲ့ ဘယ်ဘက်ထောင့်ကို ကန်သွင်းတဲ့ ဘောလုံးတော်တော်များများကို ကာကွယ်နိုင်ခဲ့တာ တွေ့မိခဲ့ပါတယ်..။ အဲဒီထူးခြားချက်ကို အသင်းကစားသမားအားလုံးကိုလည်း ပြောပြထားပါတယ်..။ နူအာ ဟာ ဘယ်သန်ကစားသမားတွေ ကန်ပြီဆိုတာနဲ့ ဘယ်ဘက်ကို တန်းပြီးဒိုက်ပစ်တတ်တဲ့ အကျင့်လည်းရှိတယ်..၊ ဒ့ါကြောင့်ဘေယန် နဲ့ပွဲအတွက် ပြင်ဆင်တဲ့နေရာမှာ ဘယ်သန်ကစားသမားတွေ အပါအဝင် ကစားသမားအားလုံးဟာ ပင်နယ်တီကန်သွင်းတဲ့ လေ့ကျင့်ခန်းကို (၁၀) ရက်လောက် ကြိုတင်လေ့ကျင့်ခဲ့ကြပါတယ်..။
ဒီလောက်အတန်တန် မှာထားရက်နဲ့ကို မာတာ ဟာ နူအာ အားသန်တဲ့ ဘယ်ဘက်ထောင့်ကိုပဲ ကန်သွင်းခဲ့တယ်..၊ နူအာ ကာကွယ်သွားနိုင်ခဲ့ပါတယ်..။ ပွဲပြီးတော့မှ ကျွန်တော်က မာတာ ကို ‘ဂျူအန် ရာ.. နူအာ ရဲ့ အားသာချက်တွေအကြောင်း အတန်တန်ပြောထားပြီး ဆယ်ရက်လောက် လေ့ကျင့်ထားတာကို လုပ်ရက်တယ်..’ လို့ ပြောပါတယ်..။ တကယ်တော့ သူဟာ ဘောလုံးကို ကန်သွင်းခါနီး တဒင်္ဂရောက်တော့မှ ကြိုတင်စီစဉ်ထားတာတွေ အကုန်လွတ်ထွက်ကုန်သွားတာပါပဲ..။
မေဆန် မောင့် - ဟုတ်ပါတယ်..။ အဲဒီလို မိုးထဲရေထဲ အခိုက်အတန့်မှာတော့ သွေးအေးအေးနဲ့ အစီအစဉ်တကျ စဉ်းစားနိုင်ဖို့ အတော်လေးကို မလွယ်တာပါ..။ ကျွန်တော်လည်း အဲဒီလိုအခြေအနေ ကြုံခဲ့ဖူးပါတယ်…
ပီတာ ချက် - ဂိုးမက်ဇ် ကန်သွင်းတဲ့ ဘေယန်အသင်းရဲ့ ဒုတိယမြောက် ပင်နယ်တီကို ပြန်မကြည့်ချင်ဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ သူကန်သွင်းမယ့်ဘက်ကို ကြိုတင်မှန်းဆနိုင်ခဲ့သလို သူကန်သွင်းမယ့် အချိန်အထိစောင့်မယ်..၊ ကန်သွင်းပြီးမှ ဒိုက်ထိုးမယ်ဆိုပြီး အစီအစဉ်ဆွဲထားပါတယ်..။ ဒါပေမယ့် လိုတာထက်ပိုကြာပြီး စောင့်လိုက်မိပြီး ငါ့ဘက်က တုံ့ပြန်မှုနှေးသွားခဲ့တာပေါ့..။ တကယ်တော့ အဲဒီကန်ချက်ကို ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ထင်မိပါတယ်..။ သူပြီးတော့ တတိယအလုံးကို ဂိုးသမား မန်နူရယ် နူအာ ကိုယ်တိုင်ကန်ပါတယ်..။ အဲဒီအလုံးကတော့ ဘာမှပြောစရာမရှိပါဘူး..။ သူကန်မယ့်ဘက်ကို မှန်းဆနိုင်ခဲ့ပေမယ့် တုံ့ပြန်ချက် နောက်ကျခဲ့ပါတယ်…။
ဘေယန် အသင်းရဲ့ ပင်နယ်တီသုံးကြိမ်ကို ကာကွယ်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် တစ်လုံးမှမဖမ်းနိုင်ခဲ့ဘူး..။ ငါတို့ဘက်က ဒုတိယပင်နယ်တီကို ဒေးဗစ် လူးဝစ်ဇ်၊ တတိယအလုံးကို ဖရန့် လမ်းပတ် တို့က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူတို့ရဲ့ စတုတ္ထမြောက် ပင်နယ်တီကို တိုက်စစ်မှူး တိုက်စစ်မှူး အိုလစ် ကန်သွင်းမယ့်အချိန် ငါ့ရဲ့စိတ်ထဲမှာ.. ‘Ok.. ဒီတစ်လုံးကို ကာကွယ်နိုင်မှဖြစ်မယ်..၊ နို့မို့ဆိုရင် ငါးလုံးမြောက် ကန်မယ့်အချိန်မှာ ဖိအားတွေ အရမ်းများလာလိမ့်မယ်..’ ဆိုတဲ့ အတွေးဖြစ်လာပါတယ်..။
နောက်ပြီး သူတို့ကန်သွင်းမယ့်ဘက်ကို ကန်သွင်းမယ့်အလုံးတိုင်း မှန်ကန်အောင် မှန်းဆနိုင်မယ်ဆိုရင် မကာကွယ်နိုင်စရာ မရှိဘူး..၊ တစ်လုံးမဟုတ် တစ်လုံးကိုတော့ မိမှာပဲ.. ဆိုတဲ့အတွေးကလည်း ရှိနေခဲ့ပါတယ်..။ သူကငါ့ရဲ့ဘယ်ဘက်ကို ကန်သွင်းခဲ့တယ်..။ အဲဒီကန်ချက်ကို မှန်ကန်အောင် မှန်းဆနိုင်ခဲ့ပြီး ကာကွယ်၊ ပုတ်ထုတ်နိုင်ခဲ့ပါတယ်..။ သူကန်သွင်းခဲ့တဲ့အမြင့်ဟာ ငါ့ရဲ့လက်နဲ့ ကာကွယ်နိုင်ဖို့ အနေတော်လောက်ပါပဲ..။ အဲဒီမှာ ငါတို့ဘက်က စတုတ္ထမြောက် ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ဖို့ လိုအပ်လာပါပြီ..။
မေဆန် မောင့် - လေးလုံးမြောက်အလုံးကို ဘယ်သူကန်မှာလဲဗျ..
ပီတာ ချက် - ‘အက်ရှ်လေ ကိုးလ်’ ပါ..။ သူ့ရဲ့ကန်ချက်ကိုလည်း နူအာ ကာကွယ်နိုင်ဖို့ နီးစပ်ခဲ့တယ်လို့ ပြောရမှာပဲ..။ ဒါပေမယ့် အက်ရှ် က မကန်ခင် ခဏလေး တုံ့ဆိုင်း (delay) လိုက်ပါတယ်..။ အဲဒီလို ခဏလေး ဆိုင်းလိုက်တာကပဲ သူ့ကိုကယ်တင်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။ အက်ရှ် က အရှိန်နဲ့ပြေးလာပြီး ခဏလေး နှေးလိုက်တော့ နူအာ လည်း လိုက်ပြီးနှေးလိုက်တယ်..။ အဲဒါကြောင့် အက်ရှ် ဟာ နူအာ အားသန်တဲ့ သူ့ရဲ့ဘယ်ဘက်ကို ကန်သွင်းခဲ့ပေမယ့် သူ့ရဲ့ကန်ချက် ပြင်းအားကလည်း ကောင်းပါတယ်..။ ဒါ့ကြောင့်နူအာ မကာကွယ်နိုင်ခဲ့ပါဘူး..။
အဲ.. ဘိုင်ယန်အသင်းရဲ့ နောက်ဆုံးငါးလုံးမြောက် ပင်နယ်တီကို ကွင်းလယ်ကစားသမား ဘတ်စတီယန် ရှဝိန်းစတိုင်းဂါး ကန်သွင်းပါမယ်..။ သူကန်သွင်းမယ့်အချိန် ငါ့ရဲ့စိတ်ထဲမှာ ‘ဒီတစ်လုံးကိုသာ ကာကွယ်နိုင်မယ်ဆိုရင် ငါတို့အတွက် အခွင့်အရေး ကောင်းပြီ..’ ဆိုတဲ့ အတွေးဖြစ်လာပါတယ်…။ သူကန်သွင်းဖို့ ပြေးလာတယ်..၊ ငါကလည်း အသင့်ပြင်ထားတယ်..။ ကန်သွင်းဖို့ ပြေးလာတဲ့အချိန်လေးမှာပဲ သူကထူးထူးခြားခြား တစ်ချက်အရှိန်နှေးပြီး ခဏဆိုင်းလိုက်ပါတယ်..။ အဲဒီလို ခဏလေး ရပ်လိုက်တာဟာ (stop) တကယ့်အဆုံးအဖြတ် ဖြစ်သွားခဲ့ပါတယ်..။
ဘာဖြစ်လို့လည်းဆိုတော့ စတိုင်းဂါး ဟာ ၂၀၀၇ ခုနှစ်တုန်းက ကန်သွင်းဖို့ပြေးလာရင်း အဲဒီလို stop လုပ်ပြီး ကန်သွင်းခဲ့တဲ့ ပင်နယ်တီကန်ချက် (၃) ကြိမ် ရှိခဲ့ပါတယ်..။ နောက်ပြီးအဲဒီသုံးကြိမ်စလုံးကို ဂိုးသမားရဲ့ ဘယ်ဘက်ကိုပဲ ကန်သွင်းခဲ့တာ…။ ဒါပေမယ့် အဲဒီကန်သွင်းနည်းစနစ် (technique) ကို နောက်ပိုင်းမှာ သူမသုံးတော့ဘူးကွ..။ တကယ်လို့ ငါသာ ၂၀၀၇ ခုနှစ်ထိပြန်ပြီး ငါးနှစ်စာအထိ မကြည့်ခဲ့ဘူးဆိုရင် ရှဝိန်းစတိုင်းဂါး ရဲ့ အဲဒီလို ပြေးလာရင်း stop လုပ်ပြီး ဘယ်ဘက်ကို ကန်သွင်းတတ်တဲ့ technique ကို သိခဲ့မှာ မဟုတ်ပါဘူး.။ ဒါဆိုရင် သူကန်မယ့်ဘက်ကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့မှာ မဟုတ်ဘူး..။
သူ့ရဲ့ကန်ချက်ကို လက်ဖျားလေးနဲ့ ပုတ်ထုတ်နိုင်ခဲ့တာကြောင့် လမ်းကြောင်းလွှဲသွားပြီး ဂိုးတိုင်ကိုသွားထိပါတယ်..။ (မေဆန် မောင့်- ဒါတောင်ဂိုးဝင်သွားဖို့ အတော်နီးစပ်ခဲ့သေးတာနော…) အေး.. ဟုတ်တာပေ့ါ..။ ဘောလုံးဟာ ဂိုးတိုင်ရဲ့အတွင်းဘက်ကို ထိသွားခဲ့တာ မြင်လိုက်တာနဲ့ ငါ့ရဲ့ကျော၊ ဒါမှမဟုတ် ခြေထောက်တစ်ခုခုနဲ့ ပြန်ထိပြီး ဂိုးထဲဝင်သွားမှာကို ချက်ချင်းစိုးရိမ်ခဲ့မိပါတယ်..။
အဲဒါနဲ့ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးကွေးပြီး ဘယ်ဘက်ကိုလှည့်ထွက်လိုက်တယ်..၊ ခဏလောက် ငြိမ်ငြိမ်လေး နေရတာပေ့ါ…။ အဲဒါနဲ့ဂိုးတိုင်ထိပြီး ထွက်လာတဲ့ ဘောလုံးဟာ ငါ့ကိုပြန်ပြီး မထိလာတော့ဘူး..။ မှန်ပါတယ်.. ငါ့ရဲ့လက်ဖျားနဲ့ ထိခဲ့တာတောင် ဂိုးဝင်သွားဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်..။
မေဆန် မောင့် - အဲ.. အဆုံးအဖြတ် ပင်နယ်တီကို ဒီဒီယာ ဒရော့ဘာ ကန်သွင်းမယ့်အချိန် ရောက်လာခဲ့ပြီပေ့ါဗျာ..
ပီတာ ချက် - အေးကွ… ပဉ္စမမြောက် အဆုံးအဖြတ် ပင်နယ်တီကို ဒီဒီယာ ကန်သွင်းဖို့ လျှောက်လာတဲ့အချိန် ငါကဂိုးတိုင်ဘေးကနေ အစအဆုံး မြင်နေခဲ့တယ်..။ သူကန်သွင်းဖို့ လျှောက်လာတာကို ကြည့်နေရင်း ငါ့ရဲ့စိတ်တွေဟာ ၂၀၀၈ ခုနှစ်က မော်စကိုမြို့ဆီ ချက်ချင်းရောက်သွားခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက ငါတို့ကန်သွင်းရမယ့် ငါးလုံးမြောက် အဆုံးအဖြတ် ပင်နယ်တီကို အသင်းခေါင်းဆောင် ဂျွန် တယ်ရီ ကန်သွင်းရမယ်..။ အခြအနေဟာ တစ်ပုံစံထဲပါပဲ..။ JT ကန်သွင်းတဲ့အလုံး ဂိုးဝင်သွားရင် ငါတို့အနိုင်ရပြီ..
ဒါပေမယ့် မော်စကိုမှာတုန်းက ငါဟာ JT ကန်သွင်းမယ့်ဘက်ရဲ့ ဆန့်ကျင်ဘက်ဂိုးတိုင်အခြမ်းမှာ ရပ်နေခဲ့တာပါ.။ ဒ့ါကြောင့် JT ကန်သွင်းတယ်..၊ ဗန်ဒါဆား ရဲ့ ဒိုက်ထိုးချက်က သူကန်သွင်းတဲ့ဘက်ကို မဟုတ်ခဲ့ဘူး..။ ငါ့ရဲ့စိတ်ထဲမှာ ‘ဂိုးဝင်ပြီကွ..!’ ဆိုပြီး အောင်ပွဲခံဖို့ ပြေးမလို့တောင် လုပ်ပြီးသား..။ ဒါပေမယ့် ဘောလုံးဟာ ဂိုးတိုင်ထိ ထွက်သွားပြီး ဂိုးမဝင်မှန်း သိလိုက်ရတော့.. တန်းလန်းကြီး ဖြစ်သွားတာပေ့ါ.. တကယ်ကို အဆိုးရွားဆုံး အခိုက်အတန့်ပါပဲကွာ..။ နောက်တော့ မင်းတို့လည်း သိတဲ့အတိုင်း နီကိုးလပ်စ် အနယ်လ်ကာ ရဲ့ ပင်နယ်တီကန်ချက်ကို ဗန်ဒါဆား ကာကွယ်နိုင်ခဲ့တာကြောင့် ငါတို့တွေ ရှုံးနိမ့်ခဲ့ရပါတယ်..။
တကယ်တော့ မော်စကိုတုန်းကလည်း ဒီဒီယာ ဟာ ငါးလုံးမြောက် ပင်နယ်တီကို ကန်သွင်းဖို့ပါပဲ..။ အဲဒီအချိန်တုန်းက အနီကတ်ဒ်ကြောင့် မကန်သွင်းလိုက်ရတဲ့ ကန်ချက်ကို အခုမြူးနစ်မှာ ပြန်ပြီးအဆုံးသတ်ပေးရတာပေ့ါ..။ ဒီဒီယာ က ဘောလုံးကို တည်လိုက်တယ်..၊ ပြီးတော့ နောက်ကိုခြေတစ်လှမ်းပဲ ဆုတ်ပါတယ်..။ ဘေးကနေ ကြည့်နေရင်း.. ‘Oh..! ဘာဖြစ်လို့ သူအဲဒီလို လုပ်တာလဲဟ..’ ဆိုပြီး ထင့်ကနဲ စိုးရိမ်လိုက်ပါသေးတယ်..။ သူဟာအဲဒီလို technique နဲ့ တခါမှ မကန်သွင်းခဲ့ဖူးပါဘူး..။
တကယ်တော့ နူအာ ဟာ တုံ့ပြန်မှု (reflex) အင်မတန်မြန်တဲ့ ဂိုးသမား ဖြစ်တာကြောင့် သူ့အတွက် စဉ်းစားဖို့အချိန်မရအောင် အဲဒီလိုအရှိန်မယူပဲ ကန်သွင်းခဲ့တာလို့ ဒီဒီယာ က နောက်ပိုင်းမှာ ပြန်ပြောခဲ့ပါတယ်..။
ဒီဒီယာ ဂိုးသွင်းအပြီး ငါ့ဆီကိုပြေးလာတဲ့ အခိုက်အတန့် စက္ကန့်သုံးဆယ်လောက်ဟာ ငါ့ရဲ့ဘဝတစ်လျှောက်လုံးမှာ အကောင်းဆုံး ခံစားခဲ့ရတဲ့ အခိုက်အတန့်လို့ပဲ ပြောရမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်း ကစားသမားဘ၀ သက်တမ်းတစ်လျှောက်လုံး ဒီဆုဖလားကြီးကို ငါတို့တစိုက်မတ်မတ် ကြိုးစားခဲ့ကြတယ်..၊ အရမ်းကို ရချင်ခဲ့တယ်..၊ အိပ်မက်တွေ မက်ခဲ့ကြပါတယ်..။ ဖိအားတွေ၊ ပြင်ဆင်မှုတွေ၊ ရိုက်ခတ်မှုတွေအားလုံးဟာ ပျော်ရွှင် ကြည်နူးစရာနဲ့ပဲ အဆုံးသတ်ခဲ့ရတာ သိပ်ကိုကျေနပ်ဖို့ ကောင်းခဲ့ပါတယ်..။ ဘာနဲ့မှမလဲနိုင်တဲ့ တကယ့်ထူးရှယ် အခိုက်အတန့်ပါပဲ..။
မေဆန် ရေ.. ၂၀၂၁ ခုနှစ် ဗိုလ်လုပွဲတုန်းက ပွဲပြီးတဲ့အချိန်မှာ မင်းဟာ ကွင်းဘေးမှာ ကစားသမားတွေနဲ့အတူ ရှိနေခဲ့တယ်နော်..။ တကယ်တော့ ကွင်းဘေးကနေ အားပေးရတာဟာလည်း အရမ်းကိုပင်ပန်းပါတယ်..။ သိပ်ကိုခံစားရတယ်..၊ စိတ်လှုပ်ရှားရတယ်…၊ နာကျင်ရတယ်.. ဟုတ်တယ်မလား..?
မေဆန် မောင့် - ဟုတ်ပါတယ်..။ နည်းပြကြီးက ကျွန်တော့်ကို ကိုဗာဆစ် နဲ့ လူစားလဲပါတယ်..။ ကွင်းပြင်ကိုရောက်သွားတာနဲ့ ယှဉ်ပြိုင်နေတဲ့ပွဲစဉ်ဟာ ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူး ဖြစ်သွားပါတယ်..။ ကိုယ်လည်းဘာမှ လုပ်မပေးနိုင်တော့ပါဘူး..။ ဒ့ါကြောင့်အသင်းဖော်တွေနဲ့အတူ ကွင်းဘေးကနေပဲ စိတ်လှုပ်ရှားစွာနဲ့ မချိတင်ကဲ အားပေးနေခဲ့ရပါတယ်..။ ပွဲပြီးဖို့အချိန်နီးလာလေလေ စက္ကန့်တိုင်းဟာ ပိုပြီးကြာလာလေလေ ခံစားခဲ့ရပါတယ်..။ နာကျင်အချိန်ပို ရောက်တဲ့အချိန် ကျွန်တော်တို့ဟာ ကွင်းဘေးကနေ စိတ်မရှည်နိုင်အောင် စောင့်စားနေခဲ့ရပါတယ်..။ အချိန်တွေဟာ ကြာလွန်းလှတယ်ဗျာ..။
နာကျင်အချိန်ပို ပြည့်ခါနီးမှာ မန်ချက်စတာ စီးတီးအသင်းဘက်က ဂိုးသွင်းခွင့်တစ်ကြိမ် ရရှိခဲ့ပါသေးတယ်..။ ရီးယက်စ် မားရက်ဇ် ရဲ့ ဂိုးဧရိယာထိပ်က မြေမကျကန်ချက်ဟာ ကျွန်တော်တို့ဂိုးပေါက်ရဲ့ ဂိုးဘားတန်းအပေါ် နည်းနည်းလေးပဲ ကျော်ပြီးထွက်သွားခဲ့ပါတယ်..။ အဲဒီအခိုက်အတန့်မှာ အသည်းတယားယား ဖြစ်ခဲ့ရပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားမှန်း သိခဲ့ရတဲ့အချိန်ကျတော့.. ‘အိုကေ.. အားလုံးပြီးဆုံးသွားပြီ..၊ ကျွန်တော်တို့ အနိုင်ရပြီ..’ ဆိုတဲ့ ခံစားချက်ကို ရပါတယ်..။
အက်ဒ်ဒွပ် မန်ဒီ က ဂိုးလွန်ဘောကို ကန်တင်ပါတယ်..။ သူကန်တင်ပြီး သိပ်မကြာခင်မှာပဲ ကွင်းလယ်ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်လိုက်တယ်..၊ ကျွန်တော်တို့အားလုံး ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ကွင်းထဲကို ပြေးဝင်သွားကြပါတယ်..။ ပွဲပွဲပြီးချင်း စက္ကန့် (၃၀) လောက်အတွင်းမှာ ခံစားခဲ့ရတဲ့ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေဟာ တကယ့်ကို ပြောမပြနိုင်လောက်အောင်ပါပဲ..။ ခုနကခင်ဗျား ပြောခဲ့သလိုပဲပေ့ါဗျာ..။ ဒိုင်လူကြီးရဲ့ ပွဲသိမ်းခရာမှုတ်သံဟာ အင်မတန်မှ သာယာငြိမ့်ငြောင်းတဲ့ အသံတစ်ခု ဖြစ်ခဲ့သလို အဲဒီခရာသံရဲ့နောက်မှာ ပြောပြလို့မရနိုင်တဲ့ ပျော်ရွှင်၊ ကြည်နူးမှုတွေ ကပ်ပြီးပါလာခဲ့တာပါပဲ..။
ပီဝာာ ချက် - မြူးနစ်မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ မင်းတို့ပွဲနဲ့မတူတာက ငါတို့ဟာ အိမ်ရှင်အသင်းကို ဦးဆောင်ဂိုးပေးလိုက်ရတယ်…၊ နောက်ကနေလိုက်ပြီး ချေပဂိုးသွင်းတယ်..၊ ကုသိုလ်ကံ ဖေးမခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်..။ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာလည်း ဂျူအန် မာတာ ရဲ့ ပထမဆုံး ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ငါတို့ဟာ နောက်ကနေပြန်လိုက်ပြီး အနိုင်ယူခဲ့ရတာပါ..။ ဒ့ါကြောင့်ရိုလာ ကိုစတာ စီးသလို တက်လိုက်၊ ကျလိုက်.. အသည်းတထိပ်ထိပ်၊ ရင်တဖိုဖိုပေ့ါကွာ..။ တကယ့်ကို ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေပါပဲ..။
အဲ… ဆုဖလားနဲ့အတူ အောင်ပွဲခံပြီး ကွင်းဘေးကို ပြန်ထွက်လာရော ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က တာဝန်ရှိသူတွေက ငါ့ရဲ့အနားကိုရောက်လာပြီး တားမြစ်ဆေးစစ်ဖို့ မဲကျတယ်လို့ လာပြောပါတယ်..။ သူတို့နဲ့အတူ ဆေးစစ်ရမယ့်အခန်းကို လိုက်သွားခဲ့ရတာကြောင့် အဝတ်လဲခန်းထဲမှာ အောင်ပွဲခံခဲ့တဲ့အချိန်မှာ မပါဝင်နိုင်ခဲ့ပါဘူး..။ ဒ့ါကြောင့်ဟိုတယ် ရောက်တော့မှပဲ ပျော်ပွဲရွှင်ပွဲ၊ အောင်ပွဲခံပွဲတွေမှာ ပြန်ပြီးပူးပေါင်းနိုင်ခဲ့တာပေ့ါ…။
မြူးနစ်မြို့က အောင်ပွဲအပြီး နောက်ပိုင်းနှစ်တွေမှာ ငါတို့ဟာ အဲဒီလိုကြီးမားတဲ့ အောင်မြင်မှုကြီးတွေကို ဆက်လက်ပြီး ဆွတ်ခူးချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်ခဲ့ပါတယ်..။ အသင်းသားတိုင်းရဲ့ စိတ်ထဲမှာ ‘ဒီလိုအောင်မြင်မှုမျိုးကို နောက်ထပ်တစ်ကြိမ် ထပ်မံဆွတ်ခူးရမယ်..’ ဆိုတဲ့ အတွေးတွေ၊ ဆာလောင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်..။ အဲဒီအောင်ပွဲ ဆာလောင်စိတ်ဟာ အနာဂတ်အောင်မြင်မှုတွေကို ဆက်လက်ကြိုးစားဖို့အတွက် တွန်းအားပါပဲ..။
ဘယ်သူကမှတော့ ‘အိုကေ.. ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပြီးသွားတဲ့နောက် ဘာမှဆက်ပြီးရရှိစရာ မလိုတော့ဘူး..၊ ဘာမှဆက်ပြီး ကြိုးစားဖို့ မလိုတော့ဘူး..’ ဆိုတဲ့စိတ် ရှိကြမှာ မဟုတ်ပါဘူး..။
မေဆန် မောင့် - မှန်ပါတယ်..။ ချန်ပီယံလိဂ် ဖလားကြီးလို အောင်မြင်မှုကြီးကို လက်ဆုပ်လက်ကိုင် ကိုယ်တိုင်ရယူ ဖူးခဲ့တဲ့အချိန်မှာ အဲဒီလို အောင်မြင်မှုမျိုးကို နောက်ထပ်အကြိမ်ပေါင်းများစွာ ဆက်ပြီး.. ဆက်ပြီး.. ထပ်ခါထပ်ခါ ဆွတ်ခူးရယူချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာရပါတယ်..။ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးခွင့်ရတဲ့ ခံစားချက်ဟာ ကစားသမား တစ်ယောက်ရဲ့ဘဝမှာ အကောင်းဆုံး ခံစားချက်လို့ ပြောလို့ရပါတယ်..။ ဒ့ါကြောင့် ကျွန်တော်တို့ဟာ လာမည့်အနာဂတ်မှာလည်း အခုလိုအောင်ပွဲခံမှုတွေ၊ အောင်မြင်မှုတွေကို ဆက်ခါဆက်ခါ ဆွတ်ခူးနိုင်အောင် အကောင်းဆုံး ပေးဆပ်၊ ကြိုးစားသွားကြမှာပါ.. ဆိုတဲ့အကြောင်း ကတိပေး ပြောကြားရင်း ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုပြည့် အမှတ်တရ စကားဝိုင်းလေးကို အဆုံးသတ်ရအောင်ခင်ဗျာ...။