feature-image

စတာလင်ပေါင် (၁.၅ ) ဘီလီယံတန်ကြေးရှိ ‘စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းသစ် စီမံကိန်း’အကြောင်း….

ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလေး တို့မှာ အသင်း၏အနာဂတ်အတွက် အရေးကြီးလှသော စတာလင်ပေါင် (၁.၅) ဘီလီံယံခန့် တန်ကြေးရှိနိုင်သည့် စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းသစ် စီမံကိန်းနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်လျှက် ရှိနေပြီး ယခုနောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သော ဆွေးနွေးမှုများအပြီးတွင် ကွင်းသစ်စီမံကိန်းကို အကောင်အထည်ဖော်မည့် နည်းလမ်းကို သဘောတူညီမှုရနိုင်မည့် အလားအလာများ မြင်တွေ့ခဲ့ရပြီဖြစ်သည်..။

တော့ဒ် ဘိုလေး နှင့် တွဲဖက်အသင်းပိုင်ရှင် ဘာဒက် အက်ဂ်ဘာလေ တို့မှာ ‘ချယ်လ်ဆီးအသင်းပိုင် အိမ်ကွင်းမှာ အင်္ဂလန်နှင့် ဥရောပတွင် အာကစားကွင်းတစ်ကွင်း ဖြစ်ရမည်..’ ဆိုသည့် ရည်မှန်းချက်ကို မမှိတ်မသုန် အကောင်အထည်ဖော်ရန် ဆန္ဒရှိနေကြပြီး အဆိုပါကွင်းသစ် စီမံကိန်းအား ၂၀၃၀ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားသည်..။

ယခုအချိန်ထိ ဆွေးနွေးမှုများအရ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းဟောင်းအားဖြိုချပြီး မူလနေရာတွင် ကွင်းသစ်ပြန်လည် တည်ဆောက်ရန် နည်းလမ်းကိုသာ ရွေးချယ်သွားဖွယ်ရှိသည်ဟု The Telegraph Sports သတင်းဌာနက ဖော်ပြခဲ့သည်..။ ချယ်လ်ဆီအးအသင်း ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သော ဂျိုနသန် ဂိုးလ်စတိန်း နှင့် ကွင်းသစ်ီမံကိန်းကို တာဝန်ယူနေသည့် ဗိသုကာပညာရင် ဂျဲနက် စမစ် တို့မှာ Chelsea Pitch Owners (CPO) အဖွဲ့နှင့် ဆွေးနွေးမှုများကို ပြုလုပ်လျှက်ရှိပြီး အခြားတစ်ဘက်ကလည်း စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းနှင့် ကပ်လျှက်တွင် တည်ရှိနေသော (၁.၂) ဧကအကျယ်အဝန်းရှိ မြေနေရာအား စတာလင်ပေါင်သန်း (၅၀) ဖြင့် ကမ်းလှမ်းမှု အောင်မြင်နိုင်မည့် အနေအထားကိုလည်း စောင့်ကြည့်လျှက်ရှိသည်..။



ချယ်လ်ဆီးအသင်း၏ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း ပြန်လည်ပြုပြင်ရန် (သို့မဟုတ်) ပြန်လည်တည်ဆောက်ရန် စီမံကိန်းတွင် Stoll အိမ်ရာစီမံကိန်းမှ ပိုင်ဆိုင်သော အဆိုပါမြေနေရာ (၁.၂) ဧကအား ဝယ်ယူခွင့်ရရှိမှုမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိနေပါသည်..။ အသင်းပိုင်ရှင်များက စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း စီမံကိန်းသစ်ကို အကောင်အထည်ဖော်ရန်အတွက် လက်ရှိမြေနေရာတွင် ကစားကွင်းသစ် ပြန်လည်တည်ဆောက်ရန်၊ လက်ရှိစတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအား တစ်ဆင့်ချင်း ပြုပြင်၊ မွမ်းမံသွားရန်နှင့် နေရာသစ် ပြောင်းရွှေ့ရန်.. စသည့် နည်းလမ်းသုံးသွယ်ဖြင့် အဆိုပြုခဲ့သည်..။ သို့သော်အဆိုပါ နည်းလမ်းသုံးသွယ်စလုံးတွင် ပြဿနာကိုယ်စီရှိနေကြောင်း အသင်းအားပေးသူ ပရိသတ်များက အသင်းပိုင်ရှင်များကို အသိပေးခဲ့သည်..။

တော့ဒ် ဘိုလေး နှင့် Clearlake အဖွဲ့တို့က စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှ ပြောင်းရွှေ့ရန် လိုအပ်လာခဲ့ပါကလည်း CPO အဖွဲ့၏ ထောက်ခံမှုရမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အာမခံ ပြောကြားခဲ့သည်..။ ထို့ကြောင့်ယခင်အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ အဆိုပြုခဲ့အတိုင်း လက်ရှိစတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို ဖြိုချပြီး ကစားကွင်းသစ် ပြန်လည်တည်ဆောက်သည့် နည်းလမ်းကိုသာ ရွေးချယ်သွားရဖွယ် ရှိနေသည်ဟု သိရပါသည်..။

CPO အဖွဲ့ဥက္ကဌ ခရစ်စ် အစ်ဆစ်တ် က “စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း ပြန်လည်တည်ဆောက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့နဲ့ အသင်းတို့ရဲ့ ဆွေးနွေးမှုဟာ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်..။ အခုစီမံကိန်းဟာ ရှုပ်ထွေးပွေလီလှတဲ့ စီမံချက်တစ်ခု ဖြစ်တာကြောင့် သေသေချာချာ စဉ်းစား၊ ဆုံးဖြတ်ဖို့ လိုအပ်မယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ‘ချယ်လ်ဆီးအသင်းအနေနဲ့ လန်ဒန်မြို့ရဲ့ အကောင်းဆုံး ကစားကွင်းတစ်ခုကို ပိုင်ဆိုင်ရေး..’ ဆိုတဲ့ ဘုံရည်မှန်းချက်ပေါ်မှာ တူညီစွာ ရှုမြင်နေကြပါတယ်..။” ဟု ပြောကြားခဲ့ပါသည်..။



စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းသစ်စီမံကိန်းအတွက် ရွေးချယ်စရာ နည်းလမ်းများ

(၁) လက်ရှိမြေနေရာတွင် ကစားကွင်းသစ် ပြန်လည်တည်ဆောက်မည့် နည်းလမ်း

ယခုအချိန်ထိ ဆွေးနွေးမှုများအရ အဆိုပါနည်းလမ်းမှာ အဖြစ်နိုင်ဆုံး ရွေးချယ်မှု ဖြစ်သွားဖွယ်ရာ ရှိနေပါသည်..။ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ ကစားကွင်းသစ် ပြန်လည်တည်ဆောက်ရန် ခွင့်ပြုမိန့် ရရှိပြီးခဲ့သော်လည်း ပြောင်းလဲသွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် အဆိုပါစီမံကိန်းကို စွန့်လွှတ်ခဲ့ပါသည်..။ ထို့အပြင် ချယ်လ်ဆီးအသင်း ပရိသတ်အများစုနှင့် CPO အဖွဲ့ဝင်များကလည်း လက်ရှိမြေနေရာပေါ်တွင် ကစားကွင်းသစ် ပြန်လည်တည်ဆောက်မည့် နည်းလမ်းကိုသာ ပိုမိုနှစ်သက်နေကြပါသည်..။

သို့သော် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၏ လက်ရှိမြေနေရာ အကျယ်အဝန်းမှာ ဗြိတိန်နိုင်ငံတွင် အကြီးဆုံးကစားကွင်း တစ်ခုအဖြစ် တည်ဆောက်နိုင်ရန် လုံလောက်မှုမရှိပေ..။ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအား ဖြိုချပြီး အသစ်ပြန်လည် တည်ဆောက်ခြင်းဖြင့် ချယ်လ်ဆီးအသင်းအနေဖြင့် အနည်းဆုံး ပရိသတ် (၅၅,၀၀၀) ဆန့်မည့် အကောင်းဆုံးကွင်းတစ်ကွင်းကို ရရှိနိုင်ရန် အခွင့်အရေး ရရှိလာပါမည်..။ အဆိုပါနည်းလမ်းဖြင့် ကွင်းသစ် ပြန်လည်တည်ဆောက်မည် ဆိုပါက မူလကွင်းဟောင်းမှ အပျက်အစီးများကို ရှင်းလင်းရန် (၁၂) လမှ (၁၈) လခန့် အချိန်ယူရဖွယ်ရှိပြီး စီမံကိန်းတစ်ခုလုံးမှာ (၅) နှစ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိပါသည်..။

ချယ်လ်ဆီးအသင်းမှာ အဆိုပါကာလအတွင်း အခြားကွင်းတစ်ကွင်းသို့ ယာယီပြောင်းရွှေ့ရမည်ဖြစ်ပြီး အဓိကပြဿနာမှာ လန်ဒန်မြို့တွင် ဝင်ဘလေကွင်းမှလွဲ၍ အခြားသင့်တော်သောကွင်း ရှာဖွေတွေ့နိုင်ရန် ခက်ခဲနေခြင်းဖြစ်သည်..။ ထို့အပြင် ဝင်ဘလေကွင်းကြီးမှာ သွားရောက်အားပေးမည့် ပရိသတ်များအတွက် သွားရေး၊ လာရေး အခက်အခဲကြုံရသည်ကို ဖလားဗိုလ်လုပွဲများ သွားရောက်ခဲ့ဖူးသည့် ချယ်လ်ဆီးပရိသတ်များ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြဖူးပါသည်..။ ဖူးလ်ဟမ်းအသင်း၏ အိမ်ကွင်းကိုမျှဝေသုံးစွဲရန် ဖြစ်နိုင်ခြေရှိသော်လည်း Craven Cottage ကစားကွင်းမှာ ပရိသတ် (၃၀,၀၀၀) သာဆန့်သည့် အခက်အခဲက ရှိနေသေးသည်..။



(၂) စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအား တစ်ဆင့်ချင်း ပြုပြင်၊ မွမ်းမံသွားမည့် နည်းလမ်း

အဆိုပါနည်းလမ်းအား CPO အဖွဲ့ဝင်များနှင့် ချယ်လ်ဆီးအသင်းပွဲစဉ်များကို ပုံမှန်အားပေးနေကျ ပရိသတ်များက အဆိုပြုခဲ့ပါသည်..။ သို့သော်လက်တွေ့ အကောင်အထည်ဖော်ရန် အခက်အခဲများစွာ ရှိနေခဲ့သည်..။ အထူးသဖြင့်  စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၏ မြေနေရာ အခက်အခဲကြောင့် လီဗာပူးလ်အသင်းကဲ့သို့ လက်ရှိပွဲကြည့်စင်များနောက်တွင် ပွဲကြည့်စင်အသစ်ကို တပြိုင်နက်ထဲ တည်ဆောက်ရန် အစီအစဉ်မျိုးကို ပုံတူကူးချရန် မဖြစ်နိုင်ပေ..။

ထို့ကြောင့်ပွဲကြည့်စင်များကို တစ်ခုပြီးတစ်ခု ပြန်လည်တည်ဆောက်မည် ဆိုပါက လန်ဒန်အသင်းမှာ ကစားကွင်း၏ အစိတ်အပိုင်း အတော်များများကို အချိန်အတော်ကြာ ပိတ်ထားရမည်ဖြစ်ပြီး ပွဲကြည့်စင်များ တည်ဆောက်နေသည့် လုပ်ငန်းခွင်အတွင်း ကစားပွဲကို တပြိုင်နက်ထဲ ယှဉ်ပြိုင်ရနိုင်မည့် အခက်အခဲနှင့် ကြုံတွေ့ပေလိမ့်မည်..။ ထို့အပြင် ပွဲကြည့်စင်များကို တစ်ခုပြီးမှတစ်ခု တိုးချဲ့၊ ဆောက်လုပ်ခြင်းမှာ ကစားကွင်းကြီးကို အစအဆုံး ဖြိုချပြီး ပြန်လည်တည်ဆောက်ခြင်းထက် အချိန်ပိုကြာမည်ဖြစ်သလို ငွေကြေးကုန်ကျလည်း ပိုမိုများပြားနိုင်ပါသည်..။

အထူးသဖြင့် ပွဲကြည့်စင်များကို တစ်ခုပြီးတစ်ခု တိုးချဲ့ခြင်းဖြင့် အသင်းပိုင်ရှင်များ မျှော်မှန်းထားသည့် ထိပ်တန်းအဆင့်၊ ခေတ်မှီကစားကွင်းတစ်ခု ပေါ်ပေါက်လာနိုင်မည် မဟုတ်ပေ..။ အသင်းပိုင်ရှင် တော့ဒ် ဘိုလေး နှင့် ဘာဒက် အက်ဘ်ဘာလေ တို့မှာ ချယ်လ်ဆီးအသင်း၏ ကစားကွင်းသစ်မှာ အင်္ဂလန်နှင့် ဥရောပတွင် အကောင်းဆုံး ကစားကွင်းတစ်ခု ဖြစ်ရမည်.. ဆိုသည့် ရည်မှန်းချက်ကို လုံးဝစွန့်လွှတ်မည်မဟုတ်ကြောင်း ဆွေးနွေးပွဲများတွင် အသိပေးခဲ့သည်ဟု The Telegraph Sports သတင်းဌာနက ဖော်ပြခဲ့သည်..။



(၃) စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို စွန့်ခွာပြီး နေရာသစ်တို့ ပြောင်းရွှေ့ရန် နည်းလမ်း

ယခုနည်းလမ်းမှာ ပရိသတ်အများစုနှင့် Chelsea Pitch Owners အဖွဲ့၏ ထောက်ခံမှုရရှိရန် လွယ်ကူမည်မဟုတ်ပေ..။ အသင်းပိုင်ရှင်များအနေဖြင့် နေရာအသစ်တစ်ခုသို့ ပြောင်းရွှေ့ခွင့်ရရန်နှင့် နေရာသစ်တွင် ‘Chelsea FC’ အမည်နာမကို ဆက်လက်သုံးစွဲခွင့်ရရန် CPO အဖွဲ့ဝင်များ၏ (၇၅%) ရာခိုင်နှုန်းက သဘောတူညီမှုရရှိရန် လိုအပ်ပါသည်..။ ချယ်လ်ဆီးအသင်းပိုင်ရှင်များကလည်း CPO အဖွဲ့၏ သဘောတူညီမှု မရရှိပဲ ချယ်လ်ဆီးအသင်းကို နေရာသစ်တစ်ခုသို့ ပြောင်းရွှေ့မည်မဟုတ်ကြောင်း ကတိပေးထားခဲ့သည်..။ ထို့အပြင် CPO အဖွဲ့ဝင်အများစု၏ သဘောတူညီမှု ရရှိလျှင်တောင်မှ အသင်းကို နေရာသစ်သို့ ပြောင်းရွှေ့ရန် ညှိနှိုင်းမှုအများအပြား ပြုလုပ်ရဖို့ ရှိနေပေလိမ့်မည်…။ အကယ်၍ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို မဖြစ်မနေ ပြောင်းရွှေ့ရမည်ဆိုပါက Earl’s Court အရပ်တစ်ဝိုက်တွင် နေရာသစ် ရှာဖွေနိုင်မှသာ CPO အဖွဲ့၏ သဘောတူညီမှု ရရှိဖို့ ဖြစ်နိုင်ပေလိမ့်မည်..။

ထိုသို့နေရာသစ်သို့ ပြောင်းရွှေ့သည့်နည်းလမ်း၏ အားသာချက်မှာ ချယ်လ်ဆီးအသင်းအတွက် ကမ္ဘာ့အကောင်းဆုံးနှင့် အကြီးဆုံးစာရင်းဝင် ကွင်းတစ်ကွင်း တည်ဆောက်ရန် လိုအပ်သည့်မြေနေရာကို ရှာဖွေနိုင်မည်ဖြစ်သည်..။ တစ်ချိန်တည်းမှာပင် ကစားကွင်းသစ် ဆောက်လုပ်နေချိန်အတွင်း လက်ရှိစတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် အခြေမပျက် ဆက်လက်ရပ်တည်နိုင်ပေလိမ့်မည်..။ သို့သော်ချယ်လ်ဆီးအသင်းမှာ Earl’s Court အရပ်တွင် ကစားကွင်းသစ်အတွက် လိုအပ်သည့်မြေနေရာ အကျယ်အဝန်းကို ဝယ်ယူခွင့်ရရှိမည့် အလားအလာမှာ သေချာမှုမရှိပေ..။

လက်ရှိအချိန်တွင် Earl’s Court အရပ်ရှိ Earl’s Court Development Company က အဆိုပါအရပ်တွင် ပန်းခြံများ၊ ကစားကွင်းများနှင့် အိမ်ရာများ ပါဝင်သော စီမံကိန်းကြီးကို အစပြုနေပြီး ဘောလုံးကွင်းကြီး တစ်ကွင်းအတွက် မြေနေရာဝယ်ယူခွင့်ရရှိမည်ဆိုပါကလည်း စတာလင်ပေါင်သန်း (၇၅၀) ကျသင့်ဖွယ် ရှိနေသောကြောင့် အင်မတန်မှ အကုန်အကျများပြားမည့် စီမံကိန်းတစ်ခု ဖြစ်လာပေလိမ့်မည်..။

(၄) Do Nothing (သို့မဟုတ်) ‘ပိုနေမြဲ၊ ကျားနေမြဲ အစီအစဉ်..’

ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ ချယ်လ်ဆီးအသင်းကို ပိုင်ဆိုင်ခဲ့သည့် နှစ်နှစ်ဆယ်အတွင်း စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင်သာ ခြေကုတ်ယူခဲ့သော်လည်း အသင်းပိုင်ရှင်သစ်များအနေဖြင့် ချယ်လ်ဆီးအသင်းအား ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့မှုရှိစေရန်၊ ယခုထက်ပိုပြီး ကြီးမားကျယ်ပြန့်သည့် အသင်းတစ်သင်း ဖြစ်လာစေရန် ရည်ရွယ်ပါက စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းသစ်စီမံကိန်းကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်နေပါသည်..။ ချယ်လ်ဆီးအသင်း၏ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ပရိသတ် (၄၀,၀၀၀) ကျော်သာ ဆန့်သောကြောင့် အခြားပရီးမီးယားလိဂ် အသင်းများစွာထက် သေးငယ်သော အိမ်ကွင်းဖြစ်နေခဲ့သည်..။ ထို့ကြောင့် ကွင်းဝင်ကြေး (match day revenues) ရရှိမှု နည်းပါးနေပြီး ဘဏ္ဍာရေးမျှခြေ (financial fair play) စည်းမျဉ်းများအတိုင်း လိုက်နာနိုင်ရန် ကန့်သတ်ချက်များ ရှိလာခဲ့ပါသည်..။



ကွင်းသစ်စီမံကိန်းသစ်ကြီး၏ ခန့်မှန်းကြာမြင့်ချိန်…

ချယ်လ်ဆီးအသင်းမှာ လာမည့် ၂၀၃၀ ခုနှစ်တွင် ကွင်းသစ်စီမံကိန်းကြီးအတွင်း ကစားပွဲများ စတင်ကျင်းပနိုင်ရန် ရည်မှန်းထားပါသည်..။ ထို့ကြောင့်မကြာမီ ရက်သတ္တပါတ် (သို့မဟုတ်) လပိုင်းအတွင်း ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်နိုင်ရန် လိုအပ်နေပြီ ဖြစ်ပါသည်..။ ဆုံးဖြတ်ချက်ချမှတ် ပြီးသွားပါက စီမံကိန်းရေးဆွဲသည့်အဆင့်မှာ အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်နိုင်ပါသည်..။ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်တွင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းသစ် စီမံကိန်းတစ်ခု ရေးဆွဲခဲ့ပြီး ဒေသဆိုင်ရာ Hammersith and Fulham Council  ၏ ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်သည်..။ သို့သော်ယခုအချိန်တွင် အဆိုပါစီမံကိန်းအား ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါသည်..။

အသင်းဘုတ်အဖွဲ့နှင့် CPO အဖွဲ့ကြားမှ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်နေရင်း စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းဘေးရှိ Stoll အိမ်ရာစီမံကိန်းမှ ပိုင်ဆိုင်သော (၁.၂) မြေဧက အကျယ်အဝန်းရှိ မြေကွက်အား ဝယ်ယူခွင့် ရရှိနိုင်မည့် အလားအလာကိုလည်း စောင့်ကြည့်လျှက်ရှိပါသည်..။ အဆိုပါအိမ်ရာ စီမံကိန်းမြေနေရာအား ဝယ်ယူခွင့်ရရှိခဲ့ပါက စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းသစ် ပြန်လည်တည်ဆောက်ရာတွင်ပဲဖြစ်ဖြစ်၊ မူလကွင်းဟောင်းကို ပြုပြင်ရာတွင်ပဲဖြစ်ဖြစ် မြေနေရာအကျယ်အဝန်း ပိုမိုရရှိလာပြီး အသင်းအတွက် အကျိုးဖြစ်ထွန်းမှု ကြီးမားနိုင်မှာ ဖြစ်ပါသည်..။

ခန့်မှန်းကုန်ကျစားရိတ်..

တော့တင်ဟမ် ဟော့စပါးအသင်း၏ ကွင်းသစ်စီမံကိန်းမှာ စတာလင်ပေါင် တစ်ဘီလျံခန့် ကုန်ကျခဲ့ပါသည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်းမှာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းသစ် စီမံကိန်းအတွက် အနည်းဆုံး စတာလင်ပေါင် (၁.၅) ဘီလျံခန့် လျာထားဖို့ လိုအပ်ပေလိမ့်မည်..။ ထိုကဲ့သို့များပြားလှသည့် ငွေကြေးပမာဏကို ဖြည့်ဆည်းနိုင်ရန်အတွက် ချေးငွေများကို ရယူမှသာ ဖြစ်နိုင်ပေမည်..။ သို့သော် တော့ဒ် ဘိုလေး နှင့် Clearlake Captial အဖွဲ့မှာ ကစားကွင်းသစ် စီမံကိန်းအတွက် သီးခြားရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် စဉ်းစားလျှက်ရှိပါသည်..။



ကွင်းသစ်စီမံကိန်းကို တာဝန်ယူမည့်သူ..

ချယ်လ်ဆီးအသင်းပိုင်ရှင်များက ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဂျိုနသန် ဂိုးလ်စတိန်း အား အဆိုပါကွင်းသစ် စီမံကိန်းအား ဦးစီးပြီးအကောင်အထည်ဖော်ရန် တာဝန်ပေးအပ်ထားပါသည်..။ လန်ဒန်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် သူဌေးကြီး ဂိုးလ်စတိန်း မှာ Cain International ကုမ္ပဏီလုပ်ငန်းစု၏ စီအီးအိုအဖြစ် တာဝန်ယူနေပြီး Islington Square..၊ လော့စ် အိန်းဂျယ်လိစ်မြို့တော်ရှိ Beverly Hills အရပ်မှ The Waldorf Astroria အိမ်ရာစီမံကိန်း၊ ဘော့စ်တွန်မြို့မှ Raffles Hotel တို့ကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်..။

ဗိသုကာပညာရှင် ဂျဲနက် မာရီ စမစ် မှာ စီမံကိန်းကို ကိုယ်တိုင်ကြီးကြပ် အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်ရှိတွင် LA Dodgers ဘေ့စ်ဘောအသင်း၏ planning and development လုပ်ငန်းများကို တာဝန်ယူ၊ နေသူလည်းဖြစ်သည်..။ ဂျဲနက် မာရီ စမစ် မှာ ပရိသတ် (၅၆,၀၀၀) ဆန့် Dodgers Stadium ကစားကွင်းကြီး ပြုပြင်၊ မွမ်းမံရေး လုပ်ငန်းများကို ကြီးကြပ်၊ ဆောင်ရွက်ခဲ့ပြီး Boston Red Sox အသင်း၏ Fenway Park ကစားကွင်းကြီး အပါအဝင် Dodgers Stadium ၏ရှေ့တွင် တည်ရှိသော Dodger’s Centerfield Plaza ဖျော်ဖြေရေး စီမံကိန်းကို တာဝန်ယူ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါသည်..။ အဆိုပါ Centerfield Plaza မှာ မြေဧက (၂) ဧက အကျယ်အဝန်းရှိ မြေနေရာပေါ်တွင် တည်ဆောက်ထားပြီး စားသောက်ဆိုင်များ၊ အရောင်းဆိုင်များ၊ ကလေးများအတွက် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်ခဲ့သည်..။

CPO အဖွဲ့၏ အနာဂတ် အလားအလာ…

မကြာသေးမီက အဖွဲ့အစည်း တည်ထောင်ခြင်း နှစ်သုံးဆယ်ပြည့် အခမ်းအနား ကျင်းပခဲ့သည့် Chelsea Pitch Owners အဖွဲ့မှာ ၁၉၉၇ ခုနှစ်တွင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း မြေနေရာ ပိုင်ဆိုခွင့်၊ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း အဝင်ဂိတ်ပေါက်၊ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း မြက်ခင်းနှင့် ‘Chelsea FC’ အမည်မူပိုင်ခွင့်တို့ကို ဝယ်ယူခဲ့သည်..။ ထိုသို့ဝယ်ယူခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအား အိမ်ခြံမြေ လုပ်ငန်းရှင်များ လက်ဝယ်သို့ နောက်ထပ်တစ်ကြိမ် ရောက်ရှိခြင်းမရှိရလေအောင် ကာကွယ်ရန်အတွက် ဖြစ်ခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ ၁၉၈၀ ခုနှစ်လွန်ကာလများက ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အသင်းပိုင်ကစားကွင်းကို ဆုံးရှုံးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်..။



CPO အဖွဲ့မှာ ၂၀၁၁ ခုနှစ်တွင် ရိုမန် အေဘရာမိုဗစ်ခ်ျ မှ အဆိုပါ မူပိုင်ခွင့်များကို ပြန်လည်ဝယ်ယူရန် ကြိုးစားမှုကို ငြင်းဆန်ခဲ့သည်..။ ယခုအချိန်တွင် အဆိုပါအဖွဲ့အား နိုင်ငံပေါင်း (၄၄) နိုင်ငံမှ ရှယ်ယာရှင်ပေါင်း (၁၄,၀၀၀) ကျော်ဖြင့် ဖွဲ့စည်းထားပါသည်..။ အကယ်၍ ’Chelsea FC’ အမည်ဖြင့် နေရာသစ်သို့ ပြောင်းရွှေ့လိုပါက CPO အဖွဲ့ဝင်များ၏ (၇၅%) ရာခိုင်နှုန်းကျော် သဘောတူညီမှုရရှိရန် လိုအပ်ပါသည်..။

တော့ဒ် ဘိုလေး နှင့် Clearlake Captial အဖွဲ့တို့မှာ ချယ်လ်ဆီးအသင်းကို လက်လွှဲယူစဉ်က CPO အဖွဲ့၏ သဘောတူညီမှုမရှိပဲ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို နေရာသစ် ပြောင်းရွှေ့ခြင်းမပြုရန် ကတိကဝတ် အပါအဝင် အခြားသဘောတူညီမှု အများအပြား ရယူခဲ့ရသည်..။ ယခုလက်ရှိတွင်လည်း အသင်းပိုင်ရှင်များမှာ CPO အဖွဲ့နှင့် ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်လျှက်ရှိပါသည်..။

(The Telegraph မှ ဆောင်းပါးရှင် Matt Law ၏ ' Stamford Bridge special: Chelsea’s £1.5bn stadium decision' ဆောင်းပါးကို ပြန်ဆိုပါသည်..။)