feature-image

‘တယ်ရီ နဲ့ မီခေးလ်’ တို့ရဲ့ အပြာရောင်ရွှေခေတ် ဇာတ်လမ်းစုံ (၁)

နိုက်ဂျီးရီးယား ကွင်းလယ်ကစားသမားဟောင်း ဂျွန် အိုဘီ မီးခေးလ် ဟာ YouTube ကနေ ထုတ်လွှင်ပေးနေတဲ့ ‘The Obi One Podcast’ အစီအစဉ်မှာ အသင်းခေါင်းဆောင် ဂျွန် တယ်ရီ နဲ့ တွေ့ဆုံပြီး ‘Terry & Mikel’s Untold Chelsea Tales’ အစီအစဉ် ပြုလုပ်ခဲ့ပါတယ်..။ အဆိုပါတွေ့ဆုံခန်းမှာ အပြာရောင်ဂန္တဝင် ကစားသမားကြီး နှစ်ယောက်ဟာ မြူးနစ်မြို့က ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဇာတ်ကြောင်းပြန်၊ ချယ်လ်ဆီးအသင်းရဲ့ ရှိသင့်တဲ့အဆင့်အတန်းကို ထိန်းသိမ်းခြင်း၊ ကီဗင် ဒီ ဘရိုင်း နဲ့ မိုဟာမက် ဆာလာ တို့အပေါ် ဝေဖန်ချက်၊ ဟိုဆေး မော်ရင်ဟို နဲ့ ပတ်သက်ပြီး လူမသိသေးတဲ့ အကြောင်းများ အပါအဝင် အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်၊ အီဒင် ဟာဇက်၊ ဖာနန်ဒို တောရက်စ် နဲ့ အင်ဒရေ ရှက်ဗ်ချန်ကို တို့အပေါ် ရှုမြင်သုံးသပ်ချက်များ၊ သူ့ရဲ့ အခက်ခဲဆုံးနေ့ရက်များ..  အပါအဝင် နည်းပြအဖြစ်နဲ့ တာဝန်ယူချင်တဲ့ သူ့ရဲ့အနာဂတ် အစီအစဉ် စသဖြင့် ကဏ္ဍစုံ ပါဝင်မှာဖြစ်ပါတယ်..။


အခန်း (၁) - မြူးနစ်မြို့က ချန်ပီယံလိဂ်ညချမ်း…

ခရစ်စ် မက်ခ်ဟာဒီ - ပထမဆုံးအနေနဲ့ ကျွန်တော်နဲ့ အိုဘီ မီခေးလ် တို့ရဲ့ Podcast အစီအစဉ်မှာ ပါဝင်ပြောကြားပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်..။ JT နဲ့ မစခင် မီခေးလ် ကို အရင်ဆုံး မေးချင်ပါတယ်..။ မစ္စတာ ဂျွန် တယ်ရီ နဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အမှတ်အရဆုံး အခိုက်အတန့်တစ်ခုကို ပြောပြပေးနိုင်မလား..?

ဂျွန် အိုဘီ မီခေးလ် - ရယ်စရာနဲ့ပဲ စဖွင့်တာပေါ့ဗျာ..။ နှစ်ခုလောက်တော့ ရှိမယ်ထင်တယ်.. ဟားဟား..
ဂျွန် တယ်ရီ - ဟာ.. အသာလုပ်ပါဟ…၊ be nice.. be nice.. ဖြည်းဖြည်းပြောလဲ ရပါတယ်.. ဟားဟား..
ဂျွန် အိုဘီ မီးခးလ် - JT ကြီးအကြောင်း စဉ်းစားမိတိုင်း ၂၀၁၂ ခုနှစ်၊ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကပဲ မျက်စိထဲ အရင်ဆုံး ပေါ်လာတာပါပဲ..။ ဂျွန် ရေ… အဲဒီနေ့က ခင်ဗျားဝတ်ခဲ့တဲ့ ညှို့သကျဉ်းကာ (shin pad) နဲ့ ဘောကန်ဖိနပ်ကို သိမ်းထားတုန်းပဲလား..? ဟားဟား..
ဂျွန် တယ်ရီ - ဟေး.. ပွဲချိန်မိနစ် (၉၀) အပြည့် ဝတ်ထားခဲ့တာနော်.. ဟားဟား..။

ဂျွန် အိုဘီ မီးခးလ် - ဗိုလ်လုပွဲအပြီး ကျွန်တော်တို့တွေဟာ Allianz ကွင်းကြီးထဲမှာ စိတ်လှုပ်ရှားမှုအပြည့်၊ ပျော်ရွှင်ကြည်နူးမှု အပြည့်နဲ့ အောင်ပွဲခံနေကြတယ်..။ အဲဒီအချိန်မှာ JT ကြီးက ကွင်းထဲကို ကပ္ပတိန်တစ်ယောက်ရဲ့ အဆောင်အယောင်အပြည့်၊ ဝတ်စုံအပြည့်နဲ့ ‘ဗြုန်း’ ဆို ရောက်ချလာတာပါပဲ..။ ညှို့သကျဉ်းကာ..၊ ဘောကန်ဖိနပ်တွေကအစ အားလုံးအပြည့်အစုံ.. ကျကျနန စီးထားခဲ့တာပါ..။ ဘုရားရေ.. ဘာတွေလဲဟ.. ပေါ့..၊ သူ့ကိုကြည့်နေရင်း ကျွန်တော်တို့ဟာ အံ့ဩတကြီးနဲ့ ကြောင်တောင်တောင် ဖြစ်ကုန်ပါတယ်..။ ဒါပေမယ့် သူဘာကြောင့်အဲဒီလိုလုပ်ရတယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်း နားလည်ပါတယ်..။



JT ဟာ အဲဒီနေ့ပွဲစပွဲဆုံး အရမ်းကိုစိတ်လှုပ်ရှားနေမှာဖြစ်သလို ကွင်းထဲက မြက်ခင်းစိမ်းပေါ်မှာ ပြေးလွှားနေတဲ့ ဘောလုံးတိုင်းကို သူဟာ စိတ်ထဲကနေ အားသွန်ခွန်စိုက် လိုက်ပြီးကန်ပေးနေပါလိမ့်မယ်..။ သူဟာကွင်းနဲ့အနီးဆုံး ဘေးစည်းတစ်လျှောက်မှာရှိနေရင်း ကျွန်တော်တို့ အနိုင်ရလိုက်ပြီဆိုတာ သေချာသွားတဲ့အချိန် အပျော်ရွှင်ဆုံးလူသား ဖြစ်သွားပါလိမ့်မယ်..။

ဂျွန် တယ်ရီ - ဟုတ်ပါ့… အခုပြန်တွေးကြည့်ရင်တော့ ရယ်စရာကြီးလိုပဲဗျာ..။ ဒီဒီယာ ပင်နယ်တီကန်မယ့်အချိန် ကျွန်တော်ဟာ စိတ်ထဲက သတိမထားမိလိုက်ပဲ အပေါ်မှာထပ်ထားတဲ့ ဂျာကင် (tracksuit) ကို ဇစ်ဆွဲပြီး လွှင့်ပစ်လိုက်မိပါတယ်..။ တကယ်တော့ ပင်နယ်တီဝင်သွားမှ အင်္ကျီဇစ်ဖြုတ်ပြီး ကွင်းထဲပြေးဝင်မယ် စဉ်းစားထားတာ…။ ပင်နယ်တီလည်း ဝင်သွားရော ဘောင်းဘီရှည်ကိုချွတ်ပြီး ကွင်းထဲဝင်ပြေးတော့တာပေါ့… ဟားဟား..

ခရစ်စ် မက်ခ်ဟာဒီ - ညှို့သကျည်းကာနဲ့ ဘောကန်ဖိနပ်ကတော့ ပွဲစကတည်းက ဝတ်ထားတာမလား.. ဟားဟား..။ အဲဒီမြူးနစ်ညချမ်းက ခင်ဗျားတို့တွေအတွက် ဘယ်တော့မှ မမေ့နိုင်မယ့် ညတစ်ညပါပဲ..။ ဒါ့အပြင်အဲဒီပွဲမှာ ခင်ဗျားကိုယ်တိုင်ဝင်ပြီး ကန်ခွင့်မရခဲ့ပေမယ့် ဒီဒီယာ၊ အိုဘီ တို့နဲ့အတူ ချယ်လ်ဆီး အသင်းခေါင်းဆောင် အဖြစ်သာမက ကစားသမား ဘဝတစ်လျှောက် ဂုဏ်အယူရဆုံး ညတစ်ည ဖြစ်လိမ့်မယ်လို့ ကျွန်တော် မှန်းဆကြည့်မိတာပဲ..

ဂျွန် တယ်ရီ - (၁၀၀ %) ရာနှုန်းပြည့် သေချာတာပေါ့..။ ကျွန်တော့်ရဲ့ ချယ်လ်ဆီးကစားသမား ဘဝတစ်လျှောက် အနှစ်သက်ဆုံး အခိုက်အတန့်အကြောင်းပြောပြပါ.. ဆိုပြီး လာလာမေးတဲ့သူတိုင်းကိုလည်း ကျွန်တော်ပါဝင်ခွင့် မရခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲညချမ်းကိုပဲ အမြဲတမ်းရည်ညွှန်းခဲ့ပါတယ်..။ ဒါ့အပြင်ကျွန်တော့်ရဲ့ ကစားသမား ဘဝတစ်လျှောက် စိတ်လှုပ်ရှားခဲ့ရဆုံး ညတစ်ညဆိုလည်း မမှားဘူးပေါ့ဗျာ..။ ဘာဖြစ်လို့အဲဒီလို ပြောရလည်းဆိုရင် ချန်ပီယံလိဂ် ဖလားကြီးဟာ ဆွတ်ခူးနိုင်ဖို့ အခက်ခဲဆုံး ဖလားကြီးတစ်လုံး ဖြစ်မယ်ဆိုတာ အိုဘီ လည်း သဘောတူပါလိမ့်မယ်..။

ဒါ့အပြင် ကျွန်တော်တို့ရဲ့ခြေစွမ်း အဆိုးဆုံးနှစ်မှာကျမှ အဲဒီဖလားကို ဆွတ်ခူးနိုင်ခဲ့တာဟာ ထူးခြားတယ်လို့ ပြောလို့ရတယ်မလား..? (ဂျွန် အိုဘီ မီခေးလ် - ဟုတ်တာပေါ့..) ကျွန်တော်တို့ရဲ့အသင်းကို ပြန်ကြည့်မယ်ဆိုရင် ၂၀၀၄/၀၅ ဘောလုံးရာသီ၊ ၂၀၀၅/၀၆ ဘောလုံးရာသီတွေအပြင် ကျွန်တော်ပင်နယ်တီ လွဲချော်ခဲ့တဲ့ ၂၀၀၇/၀၈ ဘောလုံးရာသီ မော်စကိုညချမ်းတွေအပြင် ၂၀၀၈/၀၉ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ နာမည်ကျော် ပွဲစဉ်တွေပေါ့ဗျာ..။ ဆုဖလားကို အင်မတန်မှ နီးစပ်ခဲ့တဲ့ အခြေအနေရောက်ခဲ့ပေမယ့် တေ့လွဲလွဲခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ ကျွန်တော်တို့ဟာ ဥရောပရဲ့အကောင်းဆုံး အသင်းတစ်သင်းကို သူတို့ရဲ့အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်..။



အဲဒီမြူးနစ်ဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ခဲ့တဲ့ အသင်းကိုကြည့်မယ်ဆိုရင် ဒဏ်ရာပြဿနာ၊ ပွဲပယ်ပြဿနာတွေနဲ့ လူပြည့်အောင်တောင် အတော်ဖြည့်ယူခဲ့ရတာပါ…။ ဒါပေမယ့် ‘ချယ်လ်ဆီး’ အသင်းအနေနဲ့ရော၊ ကျွန်တော်တို့ မျိုးဆက်.. ကစားသမားတွေအနေနဲ့ရော ချန်ပီယံလိဂ်ဖလား ရရှိဖို့ ထိုက်တန်ခဲ့တယ်.. လို့တော့ ကျွန်တော်ယုံကြည်ပါတယ်..။ ဒါ့အပြင် ကျွန်တော်ဟာ မော်စကိုတုန်းက အဆုံးအဖြတ်ပင်နယ်တီ လွဲချော်ခဲ့တဲ့သူဆိုတော့ မြူးနစ်ကွင်းက ချန်ပီယံလိဂ်ဖလားဟာ ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီး ရှိပါတယ်..။

တကယ်လို့ ကျွန်တော်တို့တွေသာ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်မှ မဆွတ်ခူးနိုင်ခဲ့ပဲ ကစားသမားဘဝတွေကနေ အနားယူခဲ့ရမယ်ဆိုရင် အရမ်းကိုနာကျင်၊ ခံစားခဲ့ကြရမှာပဲ..။ အထူးသဖြင့် ကျွန်တော်ပေါ့ဗျာ…။ မော်စကိုညနဲ့ ပင်နယ်တီလွဲချော်ခဲ့ရတဲ့ အိပ်မက်ဆိုးဟာ ညစဉ်ညတိုင်း ကျွန်တော့်ကို ခြောက်လှန့်နေခဲ့တာပါ…။ ဒါ့ကြောင့်မြူးနစ်မြို့မှာ ကန်နေခဲ့တဲ့ပွဲချိန်အတွင်း ကျွန်တော်ဟာ ဖိအားတွေအရမ်းများနေခဲ့ပြီး ဘောလုံးတိုင်းကို ကိုယ်တိုင်ဝင်ကန်၊ ကိုယ်တိုင်ဝင်ပြီး ခေါင်းတိုက်နေမိသလို ဖြစ်နေခဲ့တာပါ..။ တကယ့်ကို အမှတ်ရခဲ့တဲ့ ထူးရှယ်ညချမ်းလို့ ပြောရမှာပါပဲ..။

ခရစ်စ် မက်ခ်ဟာဒီ - အိုဘီ ရေ… အဲဒီမြူးနစ်မြို့က ချန်ပီယံလိဂ်ညချမ်းဟာ ခင်ဗျားအတွက်လည်း ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးညချမ်း ဖြစ်ခဲ့မှာပဲနော…

ဂျွန် အိုဘီ မီးခေးလ် - သိပ်သေချာတာပေါ့ဗျာ..။ ပွဲမစခင်မှာလည်း ခုနက JT ပြောသွားတဲ့အတွေးက ကျွန်တော်တို့ခေါင်းထဲမှာ ရှိခဲ့ပါတယ်..။ JT အပြင် ဖရန့် လမ်းပတ်၊ ဒီဒီယာ ဒရော့ဘာ တို့တစ်တွေကလည်း ကစားသမားဘဝ မီးစာကုန်၊ ဆီခန်းခါနီး အခြေအနေမှာ ရောက်နေပါပြီ..။ ဒါ့ကြောင့်ဒီပွဲကို ကျွန်တော်တို့နိုင်မှာဖြစ်မယ်.. ဆိုပြီး စဉ်းစားနေခဲ့မိပါတယ်..။ သူတို့အတွက် ဆုဖလားယူပေးတာ ဖြစ်နိုင်သလို ကျွန်တော်တို့အတွက်လည်း ပါတာပေါ့ဗျာ..။ ဒါပေမယ့် တကယ့်ကို ကြီးကျယ်ခမ်းနားခဲ့တဲ့ ညချမ်းဖြစ်ခဲ့ပါတယ်..။

ပွဲစတဲ့အချိန် ကျွန်တော်တို့စိတ်ထဲမှာ တင်းကျပ်နေခဲ့သလို ပွဲကလည်း ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ပါဘူး..။ သူတို့အသင်းရဲ့ကစားပုံ ပိုပြီးကောင်းမွန်ခဲ့ပါတယ်…။ ကျွန်တော်တို့ကတော့ ခံစစ်ကိုပဲ အာရုံစိုက် ကစားခဲ့ရပါတယ်..။ တန်ပြန်တိုက်စစ်ကနေ တစ်ကြိမ်၊ နှစ်ကြိမ်လောက် အခွင့်အရေးရခဲ့ပေမယ့် ကျွန်တော်တို့ဟာ တစ်ပွဲလုံးလိုလို ခံစစ်ပဲထိုင် ကစားခဲ့ရပါတယ်..။

ဂျွန် တယ်ရီ - အချိန်ပိုကစားတဲ့အချိန် သူတို့ဘက်က အာဂျင် ရော်ဘင် ပင်နယ်တီကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးမဝင်ခဲ့တာကိုပါ ထည့်ပြောရမယ်ဗျ..။ အဲဒီဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲ ခရီးကြမ်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် နာပိုလီအသင်းကို အဝေးကွင်းမှာ ၃ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကနေ စပြောရမှာပဲ..။ ကျွန်တော်တို့ဟာ အဲဒီပွဲပြီးတော့ ပြန်လာနိုင်ဖို့ လမ်းမရှိလောက်တော့ဘူး.. ဆိုပြီး တွေးမိလိုက်ကြပါသေးတယ်..။ ဒါ့အပြင် အိမ်ကွင်းမှာယှဉ်ပြိုင်မယ့် ဒုတိယအကျော့ ပွဲစဉ်မတိုင်မီ ကျွန်တော်ဟာ ဒဏ်ရာရခဲ့သေးတယ်..။ ဒါပေမယ့် ကျွန်တော်၊ ဒီဒီယာ၊ ဖရန့် လမ်းပတ် နဲ့ အိုင်ဗန်နိုဗစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ကျွန်တော်တို့ဟာ ကွာတားဖိုင်နယ်အသင့်ကို အသက်ဆက်နိုင်ခဲ့ပါတယ်..။



မြူးနစ်ညချမ်းအကြောင်းပြောမယ်ဆိုရင် အိုဘီ ကိုလည်း သီးခြားထည့်ပြီး ချီးကျူးရပါလိမ့်မယ်..။ အဲဒီညက မင်းရဲ့ခြေစွမ်းဟာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးခြေစွမ်းလို့ ပြောလို့ရတယ်နော…။ အဲဒါနဲ့တစ်ဆက်ထဲ ပြောချင်တာက ထိပ်တန်းကစားသမားနဲ့ သာမာန်ကစားသမားတွေကြားက ကွာခြားချက်ဟာ အဲဒီအချက်ပဲဗျ..။ ထိပ်တန်းကစားသမားတွေဟာ အသင်းရဲ့အရေးအကြီးဆုံး အခိုက်အတန့်တွေ၊ အရေးအကြီးဆုံး ပွဲစဉ်တွေဆိုရင် သူတို့ရဲ့အကောင်းဆုံးခြေစွမ်းကို ထုတ်ပြနိုင်လေ့ ရှိပါတယ်..။ ကျွန်တော်ကတော့ အချိန်အားပြီဆိုရင် အဲဒီလိုပွဲတွေကို ပြန်ပြီးကြည့်လေ့၊ စမြုံ့ပြန်လေ့ ရှိပါတယ်..။ အိုဘီ ဆိုရင် သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ကျွန်တော့်ရဲ့ ရှေ့မှာရပ်ပြီး ကျွန်တော်မလုပ်ချင်တဲ့ ညစ်ပတ်တဲ့အလုပ်တွေ ဒိုင်ခံလုပ်ပေးခဲ့တာပဲ.. ဟားဟား..။

ကျွန်တော်ကတော့ နောက်ကနေရပ်ပြီး ‘အိုဘီ ရေ.. ဘယ်ဘက်ကကောင်ကို သွားပြီးကန်ပစ်လိုက်ပါဉီး..၊’’ညာဘက်က စွာနေတဲ့ကောင်လေးကို တစ်ချက်လောက်သွားပြီး တီးပေးလိုက်ပါဉီး..၊’ စသဖြင့် ညွှန်ကြားရတာပေါ့ဗျာ.. ဟားဟား…။ ဒါ့ကြောင့်တခါတလေ ပွဲဟောင်းတွေကို ပြန်ပြီးစမြုံ့ပြန်တယ်ဆိုတာက ‘ဪ.. ငါဟာဒီလောက်တောင် ခြေစွမ်းထက်လှတဲ့ ကစားသမားတွေနဲ့ တွဲပြီးကစားခဲ့တာပါလား..’ လို့ ဂုဏ်ယူ၊ ကြည်နူးကြည့်ချင်တာလည်း ပါပါတယ်..။

အထူးသဖြင့် ခုနကပြောခဲ့သလို.. မြူးနစ်ညချမ်းဟာ အပြာရောင်အင်္ကျီဝတ်ဆင်ရင်း ကစားခဲ့တဲ့ မင်းရဲ့အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ပွဲစဉ်တစ်ပွဲ.. လို့ ပြောရတာမျိုးအပေါ် သိပ်ကိုကြည်နူးရသလို ဝမ်းမြောက် ဂုဏ်ယူခဲ့ရတာပေါ့..။  

ခရစ်စ် မက်ခ်ဟာဒီ - JT ရေ… ဒီတစ်ခါတော့ အိုဘီ ဘက်ကို ပြန်ပြီးလှည့်တာပေါ့..။ သူနဲ့ပတ်သက်ပြီး ခင်ဗျားဘက်က အမှတ်တရအရှိဆုံး အခိုက်အတန့်တစ်ခုကို ပြောပြပေးနိုင်မလား..?

ဂျွန် တယ်ရီ - ချယ်လ်ဆီးအသင်းကို သူရောက်ရှိလာခဲ့ပြီး ပထမဆုံးနေ့ကတည်းက သူနဲ့ကျွန်တော်နဲ့ အဆင်ပြေခဲ့တာပဲ..။ ဒီအသင်းကိုစပြီးရောက်တဲ့အချိန်က မင်းဟာ အသက် (၁၈) နှစ်ပဲ ရှိသေးတယ်..၊ ဟုတ်တယ်နော်..? သူကတော့ ကျွန်တော့်ရဲ့ရှေ့ကနေ ခံစစ်ကြောင်းကို ကူညီပေးခဲ့တာများပါတယ်..။ ဒါ့ကြောင့်သူနဲ့ ပတ်သက်ရင် ကောင်းတဲ့အကြောင်းတွေကိုပဲ ပိုပြီးစဉ်းစားမိပါလိမ့်မယ်..။ မီခေးလ် မရောက်လာခင်က သူ့ရဲ့နေရာမှာ ပြင်သစ်ကျောက်ဆောင်ကြီး မက်ခလီလီ အထိုင်ချခဲ့တာပါ..။ ဒါ့ကြောင့်သူရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ နောက်ခံလူတွေနဲ့ ကွင်းတွင်း၊ ကွင်းပြင်ပ အဆင်ပြေနေဖို့က အရေးကြီးခဲ့ပါတယ်..။

ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့မျိုးဆက် ကစားသမားတွေရဲ့ ကောင်းတဲ့အချက်တစ်ခုကို ပြောရမယ်ဆိုရင် ဘောလုံးပွဲပြီးလို့ မြက်ခင်းစိမ်းပေါ်ကနေ ပြန်ထွက်လာခဲ့ပြီ ဆိုတာနဲ့ ကွင်းထဲက ကိစ္စရပ်တွေအားလုံးကို ကွင်းထဲမှာပဲ ထားခဲ့ပါတယ်..။ ကျွန်တော်တို့အချင်းချင်း ငြင်းကြ၊ ခုန်ကြတာရှိမယ်..၊ တောင်းဆိုကြတာရှိပါမယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အလုပ်ကိုပဲ အကောင်းဆုံး လုပ်နေကြတာ ဖြစ်ပါတယ်..။ တခါတလေ ကျွန်တော်က သူ့ကိုဟောက်ရင် သူလည်းပြန်အော်တာပါပဲ..။ အခုပြန်ပြီး စဉ်းစားကြည့်မိတဲ့အခါ ဒီလောက်နှစ်ပေါင်းအများကြီး ကြာခဲ့ပြီးပေမယ့် ကျွန်တော်တို့အချင်းချင်း အရင်းနှီးဆုံး မိတ်ဆွေ၊ သူငယ်ချင်းတွေအဖြစ် ဆက်လက်တည်ရှိနေတာကိုက ဝမ်းသာ၊ ဂုဏ်ယူစရာတစ်ခုလို့ ပြောရမှာပါ..။

အပိုင်း (၂) ဆက်လက် တင်ဆက်ပေးပါမည်..