အခန်း (၂) - ချယ်လ်ဆီးအသင်းရဲ့ အဆင့်အတန်းဆိုတာ....
ခရစ်စ် မက်ခ်ဟာဒီ - ခုနကပြောသွားတဲ့အထဲမှာ ခင်ဗျားတို့အသင်းက ကစားသမားတွေဟာ လိုအပ်လာတဲ့အချိန်မှာ အသင်းအတွက် အစွမ်းကုန်ပေးဆပ်၊ ကိုယ်တိုက်ကလည်း ကျလာတဲ့တာဝန်ကို ယူရဲတဲ့သတ္တိရှိတယ်..၊ ထိပ်တန်းကစားသမားတွေပီပီ တကယ့်အရေးကြီးတဲ့ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းတွေ ထုတ်ပြနိုင်လေ့ရှိပါတယ် ဆိုတဲ့အချက်ဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်..။ JT ရေ.. ခင်ဗျားဟာ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ကစားသမားတွေရဲ့ အဲဒီအရည်အသွေးကို လေးစားမှု ရှိခဲ့ရဲ့လား..?
ဂျွန် တယ်ရီ - ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကစားသမား တစ်ယောက်အနေနဲ့ ‘လေးစားမှုရဖို့ဆိုရင် ကိုယ်တိုင်တည်ဆောက်ယူမှ ရရှိတာပါ..။’ အိုဘီ ဆိုရင် အသင်းကိုစပြီး ရောက်လာတုန်းက အရမ်းကိုငြိမ်တဲ့ ချာတိတ်လေး တစ်ယောက်ပါ..။ စကားလည်း သိပ်မပြောဘူး..။ အသင်းမှာ နေရာတစ်ခုရလာအောင် သူ့ဖာသာ တည်ဆောက် ရယူခဲ့ရတာ ဖြစ်ပါတယ်..။ သူ့ရဲ့ဘေးနားက ကစားသမားတွေကို အတုယူတယ်..၊ သူတို့တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အရည်အချင်းတွေ ရရှိလာအောင်၊ ပရီးမီးယားလိဂ်နဲ့ ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်စွမ်းရှိတဲ့ ကစားသမား ဖြစ်လာအောင် သူကိုယ်တိုင်ပဲ ပြုစု၊ ပျိုးထောင်ယူရတာ ဖြစ်ပါတယ်..။
အဲဒီလိုဆုဖလားတွေ ဆွတ်ခူးနိုင်စွမ်းရှိတဲ့သူတွေအဖြစ် သက်သေပြနိုင်ခဲ့ပြီးဖြစ်တဲ့ ကစားသမားတွေနဲ့ ပတ်သက်တဲ့ ပြဿနာကတော့ သူတို့တွေဆီကနေ မျှော်မှန်းထားသလောက် လုပ်အားနှုန်း၊ ပေးဆပ်မှုတွေ မရရှိတဲ့အချိန် သူတို့တွေကို ကျွန်တော်က တွန်းအားပေး၊ ဖိအားပေးတယ်..၊ အဲဒီအချိန်မှာ ကြုံရတတ်တဲ့ တုံ့ပြန်မှုတွေ (retaliate) ဖြစ်ပါတယ်..။ ဒါပေမယ့် ကံကောင်းတာက ကျွန်တော်တို့အသင်းဟာ အင်မတန်မှကို ကျစ်လျစ်တဲ့အစုအဖွဲ့တစ်ခု ဖြစ်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလည်း အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ ဟုတ်တယ်မလား..? အိုဘီ ရေ..။
ကျွန်တော်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် တောင်းဆိုမှုတွေ၊ တွန်းအားပေးမှုတွေလည်း အရမ်းကိုများပြားခဲ့ပါတယ်..။ အထူးသဖြင့် ကျွန်တော်တို့တွေရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေဟာ အရမ်းကိုပြိုင်ဆိုင်မှု ပြင်းထန်တယ်..၊ ခွန်အားသုံးစွဲမှုတွေ အရမ်းကိုများပြားလွန်းတာကြောင့် စနေနေ့တကယ်ပွဲကန်ရင် ဘာမှတောင် မဟုတ်သလိုပါပဲ..။ တခြားအသင်းတွေကို မလေးမစားတဲ့သဘော ပြောတာတော့ မဟုတ်ပါဘူး..။
ဉပမာ- ဆောက်ပ်သမ်တန်၊ ဘော်လ်တန်တွေနဲ့ အိမ်ကွင်းမှာကန်ရတဲ့ ပွဲတွေဆိုရင် အရမ်းကိုလွယ်ကူလွန်းနေခဲ့ပါတယ်..။ ဒါဟာကျွန်တော်တို့တွေရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ သိပ်ကိုပြင်းထန်ခဲ့လို့ ဖြစ်ပါတယ်..။ ဒါ့ကြောင့်တစ်ချို့ပွဲတွေဆိုရင် ပွဲအစဆိုပေမယ့် ဂိုးပြတ်နိုင်နေလို့ ထိန်းကစားနေရတဲ့ ခံစားမှုမျိုး ဖြစ်နေပါတယ်..။ အဲဒီအခါပထမပိုင်းမှာ ပေါ့တီးပေါ့ဆ ဖြစ်နေလို့ အားလပ်ချိန်ကျ အသင်းကိုပြန်ပြီး မောင်းနှင်ရတယ်..၊ ပြန်လည်စုစည်းရတာပေါ့..။
ဂျွန် အိုဘီ မီခေးလ် - မှန်ပါတယ်..။ ကျွန်တော်တို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဟာ အရမ်းကိုအဆင့်အတန်း မြင့်မားခဲ့ပါတယ်..။ တစ်ဘက်ကို (၆) ယောက်.. (၇) ယောက် ဂိုးကျဉ်းခွဲကစားချိန်မှာတောင် ရှုံးပြီဆိုရင် အဝတ်လဲခန်းထဲ၊ အကြောပြင်ခန်းတွေထဲမှာ အရမ်းကိုစိတ်ပျက်၊ ပေါက်ကွဲကြပါတယ်..။ ဘောကန်ဖိနပ်တွေ ပစ်ပေါက်တာတို့..၊ ရေဗူးတွေ ပစ်ပေါက်တာတို့.. စသဖြင့်ပေါ့ဗျာ..။ JT.. ခင်ဗျားဆိုရင် လေ့ကျင့်ကွင်းမှာ ရှုံးပြီဆိုရင် မျက်နှာကြီးစူပုတ်ပြီး ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး..။
အဲဒီလိုတုံ့ပြန်မှုတွေဟာ ကျွန်တော်တို့အချင်းချင်းကြားက ပြိုင်ဆိုင်မှုပြင်းထန်ခြင်းကို ပြသနေတာ ဖြစ်ပါတယ်..။ JT က အဲဒီလိုစကားမပြောတော့ဘူး..၊ စိတ်ဆိုးပြနေပြီ.. ဆိုရင် စနေ၊ တနင်္ဂနွေ ပွဲတွေရောက်လာတဲ့အခါ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစား၊ ကစားပြရတော့တာပေါ့..။ JT ဟာ အဲဒီလိုနည်းနဲ့ ကျွန်တော်တို့တွေရဲ့ အကောင်းဆုံးခြေစွမ်းကို တသမှတ်တည်းရရှိအောင် တောင်းဆိုခဲ့ပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ကဲ့ပါ… အိုဘီ အနေနဲ့ အသင်းခေါင်းဆောင် အပါအဝင် ဒီဒီယာ၊ ဖရန့် တို့ဆီက လေးစားမှုရရှိအောင် ကိုယ်တိုင်လုပ်ယူခဲ့ရတယ်လို့ ခုနက JT ကတော့ ပြောသွားခဲ့တယ်ပေါ့ဗျာ..။ ခင်ဗျားအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ တကယ့်အမာခံအုပ်စုထဲ (inner circle) ရောက်သွားအောင် အချိန်ဘယ်လောက်ယူခဲ့ရသေးလဲ..?
ဂျွန် အိုဘီ မီခေးလ် - ခုနက JT ပြောသွားသလို အသင်းကိုရောက်ရောက်ချင်းမှာ ဘယ်သူ့ဆီက လေးစားမှုတွေမှ မရခဲ့ပါဘူး…။ ကိုယ့်ရဲ့အစွမ်းကို ကိုယ်တိုင်သက်သေပြရတာပါပဲ..။ ကိုယ့်ရဲ့ခြေစွမ်းဟာ ပွဲထွက်လူစာရင်းနဲ့ ထိုက်တန်တယ်ဆိုတာ ပြသနိုင်ဖို့ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားရပါတယ်…။ ကျွန်တော်ဟာ ပိုက်ဆံရဖို့ တစ်ခုတည်းအတွက် ဒီအသင်းကို လာခဲ့တာမဟုတ်ဘူး..၊ အသင်းကို အမှန်တကယ် ချစ်မြတ်နိုးပါတယ်.. ဆိုတာကို အလုပ်နဲ့ပဲ သက်သေပြခဲ့ရပါတယ်..။ JT… သူကတော့ ကျွန်တော်တို့ရဲ့ သက်သေပြချက်တွေကို အကဲဖြတ်ပေးမယ့် မှတ်ကျောက်ကြီးပေါ့ဗျာ..။
ကျွန်တော်တို့တွေလည်း သူ့လိုဖြစ်ချင်တယ်..။ သူ့လိုပဲ ချယ်လ်ဆီးအသင်းကို ချစ်မြတ်နိုးချင်ပါတယ်..။ ဂျွန် တယ်ရီ.. ဆိုတာနဲ့ ‘Mr. Chelsea’ ဆိုပြီး တန်းပြီးမြင်ကြတာလေ..။ ဒါ့ကြောင့်သူ့ဆီကနေ လေးစားမှု မရခဲ့ဘူးဆိုရင် ဘယ်သူကမှ လေးစားမှာမဟုတ်ပါဘူး..။ ကျွန်တော်လည်း ချယ်လ်ဆီးမှာ အသားကျပြီး ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့အချိန်အထိ နှစ်အနည်းငယ်တော့ အချိန်ယူခဲ့ရပါတယ်..။ တကယ်တော့ ကျွန်တော့်ကို အခုလိုအဆင့်အတန်း ရောက်လာအောင် ပျိုးထောင်၊ မောင်းနှင်ပေးခဲ့တဲ့အတွက် JT ကိုလည်း အထူးကျေးဇူးတင်ပါတယ်..။
တကယ့်ကွင်းထဲကို ရောက်တဲ့အချိန်ကျရင် ခုနကသူပြောခဲ့သလို ကျွန်တော်တို့ကို တစ်ချိန်လုံးအော်ဟစ်၊ ဆူပူနေတာပါပဲ..။ အထူးသဖြင့် JT ရဲ့ရှေ့မှာ ကစားနေရသရွှေ့ကတော့ မချောင်ဘူးဗျို့..။ သူကလည်း ကျွန်တော်တို့ကို တစ်ချိန်လုံးတောင်းဆိုနေတယ်..၊ ကိုယ့်တာဝန်ကိုလည်း ကျေပွန်နေရပါမယ်..။ တခါတလေကျရင် ‘Go.. အိုဘီ.. Go.. အိုဘီ.. ဆိုတော့ ဒီဘဲကြီး ဘာတွေလာပွားနေတာလဲ မသိဘူး..’ ဆိုပြီး စိတ်တွေရှုပ်လာတဲ့အထိပါပဲ..။ ကျွန်တော်တို့အချင်းချင်း အဲဒီလိုတွေ တိုက်ပွဲဝင်ခဲ့ကြရသလို ကွင်းပြင်ပရောက်တဲ့အချိန်ကျ သိပ်ကိုရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာ အခုအချိန်ထိပါပဲ..။
ဂျွန် တယ်ရီ - ဟားဟား.. ရင်းနှီးတဲ့ မိတ်ဆွေတွေလို့သာ ပြောတာပါ..။ ကျွန်တော့်ကို သူ့အိမ်ကို တစ်ခါမှမခေါ်ခဲ့ဖူးပါဘူး..။ သူနဲ့ကျွန်တော် အိမ်နီးချင်းအဖြစ် လေးနှစ်၊ ငါးနှစ် နေခဲ့ဖူးသေးတယ်လေ… ဟားဟား…။
ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ပါပြီဗျာ.. ဟားဟား..။ ဒါနဲ့အရင်တုန်းက ချယ်လ်ဆီးနဲ့ပတ်သက်ပြီး ခင်ဗျားပြောဖူးတဲ့ ဇာတ်လမ်းတစ်ခု ပြန်ပြီးသတိရမိလို့ပါ..။ ‘JT ရေ.. ဘာမှမဟုတ်တဲ့ လက်ဘက်ရည်တစ်ခွက်ကို အချိန်ကုန်ခံပြီး ကိုယ်တိုင်ဖျော်နေသေးတယ်..။ စက်ထဲက ထွက်လာတာ သောက်လိုက်ရင်ပြီးနေတာပဲကို..’ ဆိုပြီး တခြားလူငယ် ကစားသမားတွေကပြောပါတယ်..။ ခင်ဗျားက ‘No.. ချယ်လ်ဆီးအသင်းအနေနဲ့ အရာရာမှာ အကောင်းဆုံး ဖြစ်နေရမယ်..၊ ယုတ်စွအဆုံး လက်ဘက်ရည်ဖျော်တဲ့ နေရာမှာကအစ အကောင်းဆုံး လက်ဘက်ရည်ခွက်တွေ ဖြစ်နေရမယ်.. ’ ဆိုပြီး ပြန်ချေပလိုက်ပါတယ်..။
ခင်ဗျားပြောတဲ့ ချယ်လ်ဆီးအသင်းရဲ့ ‘ ရှိသင့်တဲ့ အဆင့်အတန်း’ ဆိုတာ အဲဒီအဆင့်တစ်ခုကို သတ်မှတ်နိုင်ဖို့ စံနှုန်းတစ်ခုရှိရမှာပေါ့..။ ခင်ဗျားကိုယ်တိုင်က ချယ်လ်ဆီးအသင်း ရှိသင့်တဲ့အဆင့်အတန်းတစ်ခုကို စံနမူနာပြသနေတဲ့ ပုဂ္ဂိုလ်ဖြစ်နေပါတယ်..။ အထူးသဖြင့် ဟိုဆေး မော်ရင်ဟို ရောက်လာပြီးနောက်ပိုင်း ခင်ဗျားတို့အသင်းဟာ အရမ်းကိုပြောင်းလဲသွားခဲ့ပါတယ်..။ ခင်ဗျားရောက်လာခါစက အသင်းခေါင်းဆောင် ဒင်းနစ် ဝိုက်စ် ကို ခင်ဗျားအရမ်း လေးစားခဲ့ရတယ်..။ အဲဒီပုဂ္ဂိုလ်တွေထဲမှာ ချယ်လ်ဆီးအသင်း အထူးအောင်မြင်မှု ရရှိခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ် ကာလအတွင်းမှာ ခင်ဗျားတို့ရောက်ရှိခဲ့တဲ့ အဆင့်အတန်းတစ်ခုအပေါ် သက်ရောက်မှု အကြီးမားဆုံး ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်က ဘယ်သူဖြစ်မယ်လို့ ခင်ဗျားယူဆမိလဲ..?
ဂျွန် တယ်ရီ - ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ရွှေရောင်လွှမ်းခဲ့တဲ့ နှစ်နှစ်ဆယ်ကာလမှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်..။ ဟိုဆေး မော်ရင်ဟို ကျွန်တော်တို့အသင်းကို ရောက်လာတဲ့အချိန်တုန်းက အသင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို သူပဲတာဝန်ယူရတာ တစ်ခုကောင်းခဲ့ပါတယ်..။ လေ့ကျင့်ကွင်းကနေစပြီး ကစားသမား အပြောင်းအရွှေ့တွေအထိ အားလုံးပါတာပေါ့..။ အခုခေတ်မန်နေဂျာတွေမှာ အဲဒီလို အခွင့်အရေး မရတော့ပါဘူး..။ ကစားသမားတွေ ခေါ်ယူရာမှာလည်း သူ့ရဲ့စိတ်တိုင်းကျ ခေါ်ယူတယ်..၊ အသင်းဝန်ထမ်းတွေကအစ သူမကြိုက်ဘူး..၊ ဒါမှမဟုတ် လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိဘူး.. လို့ သူကယူဆမိရင် အလုပ်ပြုတ်တာပါပဲ..။
ကစားသမား တစ်ယောက်ယောက်က လုံလောက်တဲ့ စွမ်းဆောင်ရည် မပြသနိုင်ခဲ့ရင် တန်းပြီးစာချူပ်ဖျက်သိမ်း လိုက်တာပါပဲ..။ ကစားကွင်း မြက်ခင်းအနေအထား၊ ကွင်းထဲကိုဝင်တဲ့ ဉမင်လိုဏ်ခေါင်း၊ အဝတ်လဲခန်းတွေကအစ ဟိုဆေး ဟာ အားလုံးကို ပြောင်းလဲလိုက်ပါတယ်..။ အသင်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တိုင်း၊ အရာရာတိုင်းဟာ သူ့ရဲ့ခြေ၊ သူ့ရဲ့လက်ပါပဲ..။ ကစားသမားတွေအနေနဲ့ ကိုယ့်ရဲ့ရှေ့မှာ အဲဒီလို ဂေါ်ဇီလာ လို ပုဂ္ဂိုလ်မျိုး ရှိနေဖို့ လိုအပ်ပါတယ်..။
အခုခေတ်မှာ အဲဒီလိုမျိုးတွေ မြင်ရဖို့မရှိတော့ပါဘူး..။ အသင်းပိုင်ရှင်တွေဟာ မန်နေဂျာတွေကို ကစားသမားနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ၊ လေ့ကျင့်ကွင်းက ကိစ္စရပ်တွေကိုပဲ တာဝန်ယူစေပါတော့တယ်..။ မော်ရင်ဟို ရောက်လာပြီး ပထမဆုံးနှစ်မှာပဲ အသင်းနဲ့ပတ်သက်တဲ့ အရာရာတိုင်းဟာ သူပဲတာဝန်ယူ ဆုံးဖြတ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ရပါတယ်..။ ဒါ့ကြောင့်သူ့လိုအသင်းမှာ အရှိန်အဝါ အရမ်းကြီးမားနေတဲ့ သူတစ်ယောက်ဆီကနေ တစ်ဆင့်ခံပြီး အသင်းသားတွေကို အုပ်ချုပ်ခွင့်ရဖို့ဆိုတာ သိပ်ကိုဂုဏ်ယူဖို့ကောင်းသလို လွယ်ကူလှတဲ့ကိစ္စ မဟုတ်ပါဘူး..။ ကျွန်တော်တို့တတွေဟာ လေ့ကျင့်ကွင်းမှာရှိတဲ့ အရာတွေကစတင်လို့ ကွင်းပြင်ပကိစ္စတွေမှာရော၊ အဝတ်လဲခန်း၊ အကြောပြင်ခန်း၊ စားသောက်ခန်း.. စတဲ့နေရာတွေမှာ ဘယ်လိုအရာတွေ ရှိနေရမယ်.. ဆိုတဲ့ သတ်မှတ်ချက်ကို တသွေမတိမ်း လိုက်နာရပါတယ်..။
မော်ရင်ဟို နဲ့ ပတ်သက်ပြီး တစ်ခုပြောပြဉီးမယ်..။ သူကမနက်စာ ဆန်ပြုတ် (porridge) ကို ပျစ်ပျစ်လေး စားရတာ နှစ်သက်ပါတယ်..။ ကျွန်တော်က ဆန်ပြုတ်ကို ရေကျဲကြိုက်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်က စားဖိုဆောင်ကို ဆန်ပြုတ်ကျဲကျဲပြုတ်ဖို့ မှာထားပါတယ်..။ တစ်ရက်ကျတော့ မော်ရင်ဟို ရောက်လာပြီး ဆန်ပြုတ်အိုးကို လှန်ကြည့်တယ်..၊ ‘ဟေး… ဆန်ပြုတ်ကြီးက ကျဲတောက်နေတာပဲ..၊ ဒါဟာချယ်လ်ဆီးအနေနဲ့ ကျက်သရေယုတ်တယ်..’ ဆိုပြီး စားဖိုဆောင်ကို သွားဆူပါတယ်..။
စားဖိုမှူးတွေက တုန်နေအောင် ကြောက်ပြီပေါ့..။ ဒါနဲ့သူက ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် ဆန်ပြုတ်ကို အပျစ်ရော၊ အကျဲရော နှစ်မျိုးပြုတ်ပေးရမယ်..၊ မနက်တိုင်းမှာ ကစားသမားတွေ၊ ဝန်ထမ်းတွေအတွက် ရွေးချယ်စရာ အလုံအလောက်ရှိအောင် လုပ်ပေးပါဆိုပြီး အကြံပေး (အမိန့်ပေး) ပါတယ်..။ ဒါဟာကိစ္စသေးသေးလေး ဆိုပေမယ့် အစားအသောက်တွေဆိုတာ ကျွန်တော်တို့ လေ့ကျင့်ကွင်းမှာ အကောင်းဆုံး ကြိုးစားနိုင်ဖို့ လောင်စာဆီတွေပဲလေ..။ မော်ရင်ဟို ဟာ အဲဒီလိုအသေးစိတ်တွေကအစ စေ့စေ့စပ်စပ် ကြည့်ရှုလေ့ရှိပြီး ကစားသမားတွေ၊ ဝန်ထမ်းတွေကို ကိုယ်နဲ့ထိုက်တန်တဲ့ အကောင်းဆုံးအရာတွေ ရရှိစေဖို့ အမြဲတမ်းစွမ်းဆောင်ပေးပါတယ်..။
ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ အချိန်အတွင်းမှာ ကစားသမားတွေအများကြီးနဲ့ ကြုံခဲ့ဖူးပါတယ်…။ ကမ္ဘာ့အဆင့် ကစားသမားတွေ ဒီအသင်းကိုရောက်လာခဲ့ဖူးသလို ကီဗင် ဒီ ဘရိုင်း၊ မိုဟာမက် ဆာလာ တို့လို နောင်တစ်ခေတ်ရဲ့ ကမ္ဘာ့အဆင့် ကြယ်ပွင့်တွေဟာလည်း ဒီအသင်းမှာ ဖြတ်သန်းခဲ့ပါတယ်..။ ဒါပေမယ့် ဒီဘရိုင်း နဲ့ မို ဆာလာ တို့ဟာ အဲဒီအချိန်တုန်းက ကျွန်တော်တို့အသင်းမှာ ပွဲထွက်ကစားသမား ဖြစ်လောက်တဲ့ အဆင့်အတန်းကို ရောက်မလာခဲ့ပါဘူး..။ ကျွန်တော်တို့နဲ့ တန်းတူရည်တူ.. လိုချင်တဲ့ အဆင့်အတန်း ရရှိအောင် မလေ့ကျင့်နိုင်ခဲ့ပါဘူး..။
အဲဒါနဲ့ပဲသူတို့ဟာ တခြားအသင်းတွေကို ထွက်ခွာပြီး အတွေ့အကြုံ ပြန်လည်ရှာမှီးတယ်..၊ သင်ယူရင်း..၊ ကြိုးစားရင်းနဲ့ အခုလက်ရှိ ရောက်ရှိနေတဲ့ အဆင့်အတန်းမျိုးကို ရရှိသွားခဲ့တာပါပဲ..။ ဒါ့ကြောင့်ကျွန်တော်တို့ ချယ်လ်ဆီးမှာ ရှိနေတဲ့ အချိန်တုန်းက ချမှတ်ထားခဲ့တဲ့ ရှိသင့်တဲ့အဆင့်အတန်းဟာ အရမ်းကိုမြင့်မားခဲ့သလို အဲဒီအရာတွေအပေါ် ဟိုဆေး မော်ရင်ဟို ရဲ့ သက်ရောက်မှု ကြီးမားပါတယ်..။ ဒင်းနစ် ဝိုက်စ် ကတော့ ကျွန်တော့်ကို နည်းပေး၊ လမ်းပြခဲ့တဲ့ ဆရာတစ်ဉီးပေါ့..။
ဒါ့ကြောင့် အိုဘီ တို့လို လူသစ်တွေ အသင်းကိုရောက်လာတဲ့အချိန်မှာ ကျွန်တော်ကလည်း သူတို့ကို အဲဒီပုံစံအတိုင်း တိတိကျကျ မောင်းနှင်ပါတယ်..။ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တယ်..၊ သရေကျခဲ့တယ်.. ဆိုရင်တောင် တနင်္လာနေ့ လေ့ကျင့်ကွင်းမှာ ဟီးဟီးဟားဟား.. လာပြီးလုပ်နေရင် လုံးဝလက်မခံပါဘူး..။ အရှုံးရလဒ်၊ သရေရလဒ်တွေရဲ့ နာကျင်မှုတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ခံစားရသလို တခြားဝန်ထမ်းတွေ၊ ဆေးအဖွဲ့တွေကလည်း ကျွန်တော်တို့ ခံစားရသလို လေးလေးနက်နက် ခံယူရပါတယ်..။ ရှုံးပြီဆိုရင် လေ့ကျင့်ကွင်းတစ်ခုလုံး တိတ်ဆိတ်နေပေမယ့် စနေ၊ တနင်္ဂနွေတွေမှာ အနိုင်ရခဲ့လို့ကတော့ လေ့ကျင့်ခန်းတွေ ပြန်စတဲ့အချိန်ကျရင် တကယ့်ကို ပျော်စရာကောင်းတဲ့ နေရာကြီးပေါ့ဗျာ..။
ဂျွန် အိုဘီ မီခေးလ် - Yeah..! အခုခေတ်မှာဆိုရင် ကစားသမားတွေဟာ စနေ၊ တနင်္ဂနွေမှာ ရှုံးနိမ့်ခဲ့တယ်..၊ ဒါပေမယ့် တနင်္လာ..၊ အင်္ဂါနေ့ကျ လေ့ကျင့်ခန်းလာရင် ကျော့ကျော့မော့မော့နဲ့ ဗွီဒီယိုရိုက်ပြီး Instagram တင်လိုက်၊ ဓါတ်ပုံတွေရိုက်ပြီး တင်လိုက်နဲ့.. ဗျ..။ အဲဒါက တော်သေးတယ်..။ ကစားသမားတွေဟာ ဒီနေ့ရှုံးပြီး နောက်ရက်ကျလည်း လေ့ကျင့်ကွင်းမှာ ရယ်ရယ်မောမောနဲ့ ဟာသတွေ လုပ်နေနိုင်သေးတယ်..။ ကျွန်တော်တို့ခေတ်တုန်းက ဒါမျိုးတွေ မရှိခဲ့ပါဘူး..။ ဟုတ်တယ်မလား..? JT ရေ…
ကစားသမားတွေအနေနဲ့ အရှုံးရလဒ်ကို အလွယ်တကူ လက်ခံတတ်တဲ့အကျင့်ကို အမြန်ဆုံးပြုပြင်သင့်တယ်လို့ ခင်ဗျားမထင်မိဘူးလား..? Ok.. သူတို့တွေဟာ ကစားသမားတွေအတွက် နေချင့်စဖွယ် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာအောင် တည်ဆောက်ကြမယ်လို့ ပြောပါတယ်..။ အဲဒါကတော့ အသင်းဘက်က ပြုလုပ်ချင်တဲ့ အပြောင်းအလဲ ဖြစ်မှာပေါ့..။ ဒါမှမဟုတ် အသင်းကြောင့်မဟုတ်ပဲ ကစားသမားတွေ ကိုယ်တိုင်က ခံယူချက်၊ စိတ်ဓါတ်တွေမှာ ကျွန်တော်တို့ခေတ်တုန်းကနဲ့ မတူတော့တာလား..?
ဂျွန် တယ်ရီ - အိုဘီ ရေ.. ကျွန်တော်တို့လို ကစားသမားဟောင်းတွေအနေနဲ့ အဲဒီအကြောင်းတွေ ပြောတဲ့အခါ အထူးဂရုစိုက်ဖို့ လိုပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တွေကို ရှေးရိုးစွဲ.. ကျောက်ခေတ်က ဒိုင်နိုဆောကြီးတွေလို့ မထင်စေချင်ဘူးလေ.. ဟားဟား..။ ဒါပေမယ့် တစ်ဆက်ထဲမှာပဲ မင်းပြောတဲ့အချက်ကို သဘောတူပါတယ်..။ အခုအချိန်မှာ ချယ်လ်ဆီးအသင်းဟာ ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုတာ နားလည်ပါတယ်..။ ဒါ့ကြောင့်သူတို့တွေဟာ ကောင်းတဲ့နေ့တွေထက်စာရင် ဆိုးတဲ့နေ့တွေကိုပဲ ပိုပြီးကြုံနေရမှာပေါ့..။
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ရက်သတ္တပါတ် သုံးပါတ်တိုင်းမှာ တစ်ပွဲလောက် ပုံမှန်ရှုံးနေတယ်.. ဆိုပါတော့.. အဲဒီလိုအသင်းရဲ့ မန်နေဂျာ၊ အသင်းခေါင်းဆောင်အနေနဲ့ စိတ်ဓါတ်တွေ မြှင့်တင်ပေးနိုင်ဖို့ ခက်ခဲမှာ အမှန်ပါပဲ..။ ဒီလိုအခြေအနေတွေမှာ ငါဆိုရင် ဘယ်လိုလုပ်မလဲ..? ဆိုပြီး မကြာမကြာ စဉ်းစားမိပါတယ်..။ အသင်းလိုက် စုစည်းမှုကောင်းမွန်စေမယ့် လှုပ်ရှားမှုတွေ ပြုလုပ်မလား..? အသင်းသားတွေအားလုံး အတူတကွ night out ထွက်ကြမလား..? စသဖြင့် ပုံမှန်ကနေ ခွဲထွက်နေတဲ့ လှုပ်ရှားမှုတွေကို စဉ်းစားကြည့်ရမှာပေါ့..။
လက်ရှိကြုံတွေ့နေတဲ့ အခြေအနေတွေဟာ သူတို့အတွက် ခက်ခဲမှာမှန်ပေမယ့် အသင်းအတွင်းမှာတင်မက အသင်းရဲ့ ဆိုရှယ်မီဒီယာ၊ ကစားသမား တစ်ယောက်ချင်းစီရဲ့ ဆိုရှယ်မီဒီယာ တုံ့ပြန်မှုတွေကို ကြည့်မယ်ဆိုရင် အားလုံးဟာ အရှုံးရလဒ်တွေကို လက်ခံလိုက်တယ်.. ဆိုတဲ့ ခံစားချက်မျိုး ပျံ့နှံ့နေတာဟာ ကျွန်တော်တို့လို ချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက် သိပ်ပြီးကျေနပ်စရာ မကောင်းလှပါဘူး..။
ဒီထက်ပိုပြီး ဆိုးတာက ကစားသမားတွေရဲ့ ဒဏ်ရာရရှိမှုနှုန်းဟာ အရမ်းကိုများပြားနေတာပါပဲ..။ အဲဒါနဲ့ တစ်ဆက်ထဲတွေးမိတာက အဲဒါဆိုရင် လက်ရှိသူတို့လေ့ကျင့်နေတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေရဲ့ အဆင့်အတန်းဟာ ကျွန်တော်တို့တုန်းကနဲ့ နှိုင်းယှဉ်ရင် အရမ်းကိုကွာဟနေမှာပေါ့..။ ခုနကပြောခဲ့ပါတယ်..။ ကျွန်တော်တို့ခေတ်က လေ့ကျင့်ခန်းတွေဟာ အရမ်းကိုခက်ခဲပြီး အဆင့်မြင့်လွန်းတာကြောင့် တကယ့်ပွဲ ကစားတဲ့အချိန်မှာ အရမ်းကို လွယ်ကူနေခဲ့ပါတယ်..။
ဥပမာဗျာ.. ကျွန်တော်ဆိုရင် တနင်္လာကနေ သောကြာနေ့အထိ ဒီဒီယာ ဒရော့ဘာ နဲ့ တွန်းလိုက်၊ ဆွဲလိုက်၊ တံတောင်နဲ့တွက်လိုက်၊ နောက်ကနေ ပတ်ပြီးပြေးသွားလိုက်နဲ့ လေ့ကျင့်ကွင်းမှာ အစွမ်းကုန် လေ့ကျင့်ခဲ့ကြတာပါ..။ အဲ.. စနေ၊ တနင်္ဂနွေကျရင် ကျွန်တော်နဲ့ ရင်ဆိုင်ရတဲ့ တိုက်စစ်မှူးဟာ ဒီဒီယာ ဒရော့ဘာ လောက်မှ မကောင်းတာ..။ အခုခေတ် ကစားသမားတွေရဲ့ စိတ်ထဲမှာ ဒဏ်ရာရသွားမှာစိုးနေပြီး အစွမ်းကုန်မပြေးရဲဘူး..၊ အစွမ်းကုန် အားမထုတ်ရဲဘူး ဖြစ်နေမလား..? အဲဒါနဲ့ စနေ၊ တနင်္ဂနွေရောက်လို့ တကယ့်ပွဲကျမှ အစွမ်းကုန် ထုတ်ကစားဖို့ ကြိုးစားတော့ သူတို့ရဲ့ ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူး.. ဆိုတာများ ဖြစ်နေမလားပေါ့ဗျာ..။
ကျွန်တော့်ရဲ့ စိတ်ထဲမှာ စဉ်းစားမိတာတွေတော့ ရှိပါတယ်..။ ဒါပေမယ့် စိတ်ထဲရှိသမျှ စွတ်ပြီးပြောလိုက်မယ်ဆိုရင် ကျွန်တော်တို့တွေကို ကမ္ဘာဉီးခေတ်က ဒိုင်နိုဆော ဘိုးအေကြီးတွေ.. လို့ ထင်သွားမှာလည်း စိုးရိမ်မိပါတယ်..။ အခုခေတ်မှာဆိုရင် ကစားသမားတွေရဲ့ ခံယူချက်၊ ချဉ်းကပ်ပုံ၊ အမူအကျင့်တွေဟာ အများကြီးပြောင်းလဲသွားပါပြီ..။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးပေးလာတာမျိုး ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်..။ ဒါတွေအပြင်အခုခေတ်မှာ မန်နေဂျာတွေဟာ ကျွန်တော်တို့တုန်းကလို အသင်းအပေါ် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံနိုင်တာမျိုး ရှိရဲ့သေးလား..? ဆိုတာလည်း သိပ်ပြီးမသေချာလှပါဘူး..။
အပိုင်း (၃) ဆက်လက် တင်ဆက်ပါမည်..။