feature-image

‘တယ်ရီ နဲ့ မီခေးလ်’ တို့ရဲ့ အပြာရောင်ရွှေခေတ် ဇာတ်လမ်းစုံ (၃)

အခန်း (၃) - ကီဗင် ဒီ ဘရိုင်း နဲ့ မိုဟာမက် ဆာလာ

ခရစ်စ် မက်ခ်ဟာဒီ - ခင်ဗျားပြောသွားတဲ့အထဲမှာ ချယ်လ်ဆီးအသင်းကို လူငယ်ကစားသမားတွေအနေနဲ့ ရောက်လာခဲ့တဲ့ ကီဗင် ဒီ ဘရိုင်း နဲ့ မိုဟာမက် ဆာလာ တို့နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေလည်း ပါလာခဲ့ပါတယ်…။ အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား နှစ်ယောက် ဖြစ်နေပြီပေါ့ဗျာ..။ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပဲ ဖြေပေးပါ..။ အိုဘီ ရေ.. ခင်ဗျားတို့ပြောခဲ့တဲ့ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းက သတ်မှတ်ချက် အဆင့်အတန်းဟာ အရမ်းမြင့်မားနေတဲ့ အချိန်တုန်းကပေါ့ဗျာ.. သူတို့နှစ်ယောက်ရဲ့ အဲဒီအချိန်က ခြေစွမ်းကိုကြည့်ပြီး အခုအချိန်မှာ သူတို့ရရှိနေခဲ့တဲ့ အောင်မြင်မှုတွေ ရရှိခဲ့လိမ့်မယ်လို့ တွေးမိခဲ့ရဲ့လား..?

ဂျွန် တယ်ရီ - Absolutely not.. လုံးဝဥဿုံပါပဲ..။ ကျွန်တော့်ရဲ့ အသင်းခေါင်းဆောင်ဘဝမှာ သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး စဉ်းစားမိရင် နောင်တရမိခဲ့တာ ရှိပါတယ်..။ ကျွန်တော်ဟာ အသင်းခေါင်းဆောင်ဘဝနဲ့ နောက်ပိုင်းအချိန်တွေမှာ ကစားသမားတွေကို အရင်တုန်းကထက်ပိုပြီး ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံခဲ့ပါတယ်..။ ဒါပေမယ့် သူတို့နှစ်ယောက် ချယ်လ်ဆီးအသင်းမှာ ရှိနေတဲ့အချိန်တုန်းက ကျွန်တော်ဟာ အရမ်းကို မာကျောပြီး ကစားသမားတွေအပေါ် စည်းစနစ်ကြီးကြီး၊ ပြတ်ပြတ်သားသား ဆက်ဆံခဲ့ပါတယ်..။

သူတို့နှစ်ယောက် အသင်းကိုရောက်လာတဲ့အချိန်ဟာ ကစားသမားသစ်တွေကို ကျွန်တော်တို့ဘက်က နွေးနွေးထွေးထွေး၊ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ဆံသင့်တယ်.. ဆိုတဲ့ ပထမဆုံးလက္ခဏာ ဖြစ်နိုင်ပါတယ်..။ တကယ်လို့ သူတို့နှစ်ယောက်ကို သေသေချာချာ အချိန်ပေးပြီး ‘မင်းတို့တွေ အသင်းမှာ ပိုပြီးအထိုင်ကျလာအောင် ငါတို့ဘယ်လို ကူညီပေးဖို့လိုမလဲ..?’ ဆွေးနွေးကြည့်ခဲ့မယ်ဆိုရင် အခုထက်ပိုပြီး ကောင်းမွန်ခဲ့နိုင်မလား..? ပြန်တွေးမိပါတယ်..။

ဒါ့ကြောင့် ချယ်လ်ဆီးအသင်းက ထွက်သွားခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အဆင့် ကစားသမားတွေအဖြစ် သူတို့နှစ်ယောက် တိုးတက်သွားတာကို မြင်လိုက်ရတဲ့အခါ အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်မိပါတယ်..။ အဲဒီနှောင်းနောင်တကို ဘယ်လိုမှလည်း ပြန်ပြင်လို့မရတော့ပါဘူး..။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လက်ရှိအနေအထား၊ တိုးတက်သွားခဲ့မှုတွေကိုတော့ မုဒိတာ ပွားမိတာပေါ့ဗျာ..။ ဒါ့ကြောင့်ကျွန်တော့်အနေနဲ့ အဲဒီအချိန်ကစပြီး ပြောင်းလဲလာတဲ့ ကစားသမားတွေရဲ့ အခြေအနေတွေအပေါ် အခုထက်ပိုပြီး လိုက်လျောညီထွေ ရှိသင့်ခဲ့လား..? ဆိုတဲ့ အတွေး ရှိခဲ့ပါတယ်..။ ဒါပေမယ့် အိုဘီ ရေ.. မင်းလည်းသူတို့နှစ်ယောက်ကို အခုလိုကစားသမားမျိုး ဖြစ်လာမယ်လို့ လုံးဝမထင်ထားခဲ့ဘူးမလား..?



ဂျွန် အိုဘီ မီခေးလ် - No… လုံးဝပါပဲ..။ JT ရေ.. ခင်ဗျားတစ်ယောက်ထဲတင် အဲဒီလိုထင်ခဲ့တာ မဟုတ်ပါဘူး…။ အဲဒီအချိန်တုန်းက အကြောင်းတွေကို ပြန်ပြီးပြောရမယ်ဆိုရင် ‘ကီဗင် ဒီ ဘရိုင်း’.. သူဟာလေ့ကျင့်ကွင်းမှာ ဘာမှစွမ်းဆောင်ပြခဲ့တာ မရှိပါဘူး..။ အကောင်းဆုံးကစားပြလည်း အသင်းမှာ နေရာရမှာမဟုတ်ဘူးဆိုတာ သိနေတာကြောင့် ဖြစ်နိုင်ပါတယ်..။ သူဟာလေ့ကျင့်ကွင်းကိုလာရင် ခေါင်းကြီးကိုငုံ့၊ မျက်ခွက်ကြီးက ပုပ်ခွက်နေပြီး ဘယ်သူနဲ့မှ စကားမပြောဘူးဗျ..။ ဉပမာပေးရမယ်ဆိုရင် ပန်းခြံထဲမှာ ဘယ်သူနဲ့မှအဆင်မပြေတဲ့ ကလေးလေး တစ်ဘောက်လိုပါပဲ..။

ဆယ်မြူရယ် အီတိုး ဆိုရင် လေ့ကျင့်ကွင်းမှာ သူနဲ့အကြီးအကျယ် စကားများပြီး ထိုးမလို၊ ကြိတ်မလိုအထိ ဖြစ်ခဲ့ဖူးပါတယ်..။ ဒီ ဘရိုင်း က လုံးဝအားထည့်ပြီး ကစားတာ မရှိတဲ့အပေါ် ဆယ်မြူရယ် အီတိုး က အားမရတာ.. အဲဒါနဲ့ တစ်ယောက်တစ်ခွန်း အခြေအတင်တွေ ဖြစ်ကုန်ကြတာပါပဲ..။ ဒါ့ကြောင့်အဲဒီအချိန်က သူတို့နှစ်ယောက်နဲ့ ပတ်သက်ရင် အခုလိုကစားသမားမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်လိုနည်းနဲ့မှ မထင်ခဲ့ပါဘူး..။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးဟာ ကိုယ့်ရဲ့တိုးတက်မှုအတွက် လမ်းကြောင်းကို ကိုယ်တိုင်ဖောက်ပြီး ရှာဖွေသွားနိုင်ခဲ့တဲ့အပေါ် ချီးကျူးမိပါတယ်..။ အခုဆိုရင် ကီဗင် ဒီ ဘရိုင်း ကစားတာ မြင်မိတိုင်း ‘ဒီကောင်လေးဟာ ငါတို့နဲ့အတူတူ ကစားခဲ့တဲ့ ကောင်လေး ဟုတ်မှဟုတ်ရဲ့လား..?’ ဆိုတဲ့ အတွေး ဖြစ်ခဲ့ပါတယ်..။

ဂျွန် တယ်ရီ - ဟုတ်ပါ့.. ဟုတ်ပါ့ဗျား..။ ကျွန်တော်လည်း အဲဒီလိုအတွေးဝင်ခဲ့ဖူးပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ အက်စ်တွန် ဗီလာအသင်းမှာ လက်ထောက်နည်းပြအဖြစ်နဲ့ တာဝန်ယူခဲ့ဖူးတော့မှ ကစားသမားတွေရဲ့ နံရံရဲ့အခြားတစ်ဘက်က အကြောင်းတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှန်း ပိုပြီးနားလည်လာခဲ့တာ ဖြစ်ပါတယ်..။ နောက်ပြီးကစားသမားတွေရဲ့ သူတို့ကစားနေတဲ့ နေရာနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်..။ သူတို့နှစ်ယောက်ဟာ တောင်ပံ ကစားသမားတွေ (wingers) ဖြစ်ကြပါတယ်..။

အိုဘီ ရေ.. မင်းနဲ့ငါက ခံစစ်ပိုင်းကို ဉီးစားပေးတဲ့သူတွေ..၊ ဒါ့ကြောင့်ကျွန်တော်တို့တွေဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ခွန်အားသုံး ကစားကြတယ်..၊ ကစားပုံကြမ်းတမ်းတယ်..၊ ခြေစွမ်းတသမှတ်ထဲရှိနေဖို့ လိုအပ်ပါတယ်..။ ဒါပေမယ့် တောင်ပံကစားသမားတွေ၊ တိုက်စစ်မှူးတွေကျတော့ ငါးပွဲ၊ ခြောက်ပွဲဆက်တိုက် ကစားခွင့်ရတယ်..၊ ဂိုးတွေလည်း ပုံမှန်သွင်းပေးနေနိုင်တယ်..၊ အဲဒါဆိုရင် ‘အိုကေ’ နေပေမယ့် ဂိုးပေါက်ပျောက်တာ နည်းနည်းကြာလာတာနဲ့ ယုံကြည်မှုတွေပါ တန်းပြီးကျသွားတော့တာပါပဲ..။

ဥပမာ- ဂျိုး ကိုးလ် ပေါ့ဗျာ…။ တစ်ပွဲမှာ ထူးရှယ်ခြေစွမ်းပြတယ်..၊ နောက်တစ်ပွဲကျ ပုံမှန်ပဲ..၊ နောက်ထပ်တစ်ပွဲလည်းကျရော မော်ရင်ဟို က သူ့ကိုမိနစ် (၂၀) လောက်ပဲ ထည့်ပြီးကစားတော့တယ်..။ ဒါ့ကြောင့် တောင်ပံကစားသမားတွေ၊ တိုက်စစ်မှူးတွေကျတော့ ခြေစွမ်းအတက်အကျ (up and down) အမြဲတမ်း ရှိနေပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့လို ဝါရင့်ကစားသမားတွေဘက်က သူတို့တွေကို အခုထက်ပိုပြီး ဂရုစိုက်ခဲ့သင့်တယ်..၊ အချိန်ပေးခဲ့သင့်တယ်.. လို့တော့ မြင်မိတာပါပဲ..။

ကျွန်တော်ဆိုရင် ကွင်းထဲမှာရော၊ လေ့ကျင့်ကွင်းမှာပါ တစ်ချိန်လုံးအော်ဟစ် ငေါက်ငန်းနေပါတယ်..။ အိုဘီ တို့ကတော့ ကျွန်တော့်ရဲ့ အော်သံကြီးကို ခံနိုင်ရည်ရှိပေမယ့် သူတို့လို လူငယ်ကစားသမားတွေကျတော့ အဲဒီအသံဆိုးကြီးတွေကို ဘယ်လိုလုပ်ပြီး နားခံနိုင်ပါ့မလဲ..? ဒါတောင်ကျွန်တော်ဟာ သိပ်ကိုမာကျောနေတဲ့ အချိန်တွေကတည်းကတောင် တောင်ပံကစားသမားတွေအပေါ် နည်းနည်းပျော့ပြောင်းပါတယ်..။ ဒါပေမယ့် သူတို့နှစ်ယောက်နဲ့ပတ်သက်လို့ကတော့ ခုနကပြောခဲ့သလိုပါပဲ… အခုထက်ပိုပြီး အချိန်ပေးခဲ့သင့်တယ်..၊ သူတို့ရဲ့ယုံကြည်မှုတွေ၊ ခြေစွမ်းတွေ ပြနိုင်လာအောင် နည်းပေးလမ်းပြ သေသေချာချာ လုပ်ပေးခဲ့သင့်တယ်လို့ မြင်မိပါတယ်..။



ဂျွန် အိုဘီ မီခေးလ် - မော်ရင်ဟို နဲ့ တွေ့သွားတာလည်း သူတို့ကံဆိုးတာပေါ့..။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုဆေး ရဲ့ ရာဇဝင်မှာ သူများကို ညှာတာ၊ ထောက်ထားတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး..။ စွမ်းဆောင်ရည် မကောင်းတော့ဘူးဆိုရင် ဘယ်သူဖြစ်ဖြစ်.. ‘လစ်’.. ဒါပါပဲ..။ ကျွန်တော်မှတ်မိတဲ့ ပွဲတစ်ပွဲမှာဆိုရင် သူဟာပထမပိုင်းအပြီးမှာ မိုဟာမက် ဆာလာ ကို ဆူဆဲပြီး ကျွေးတယ်.. ဆိုတာလေ… ဟိုကောင်လေးမှာ မျက်ရည်တွေ တတွင်တွင်ကျ..။ အိုကေ… ဒုတိယပိုင်းစရင် သူတော့ပြန်ပါလာဉီးမယ်လို့ ထင်မိလိုက်ပါသေးတယ်..။ ဒါပေမယ့် ဟိုဆေး က အဲဒီလို မဟုတ်ပါဘူး..။ ကောင်လေးကို စပယ်ရှယ် သမပြီး အခွင့်အရေး ပြန်ပေးမယ် ထင်နေလား..? တစ်ခါတည်း လူစားလဲပစ်လိုက်ပါတယ်..။

ဟိုဆေး ဟာ အခုနောက်ပိုင်းမှာ အဲဒီလောက်ကြမ်းတမ်းတော့မှာ မဟုတ်ပါဘူး.။ ခေတ်တွေပြောင်းလာသလို သူလည်းပိုပြီး ရင့်ကျက်လာပါလိမ့်မယ်..၊ လူငယ်ကစားသမားတွေကို ဘယ်လိုပုံစံ ကိုင်တွယ်ရမယ်ဆိုတာ ပိုပြီးသိလာပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ သူဟာအဲဒီလို နည်းလမ်းနဲ့ ကျွန်တော်တို့..၊ JT တို့ဆီက အကောင်းဆုံးခြေစွမ်း ရရှိလာအောင် ညှစ်ထုတ်ခဲ့ပြီး အဲဒီလို မညှာမတာတဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့ကို လေ့ကျင့်ခဲ့တယ်..၊ မောင်းနှင်ခဲ့တယ်..၊ အောင်မြင်မှုတွေ အတူတကွ ရယူခဲ့ကြပါတယ်..။

ခရစ်စ် မက်ခ်ဟာဒီ - JT ရေ… ခုနက ခင်ဗျားတို့ပြောခဲ့ကြတဲ့ မိုဟာမက် ဆာလာ ရဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆက်မေးချင်ပါတယ်..။ ခင်ဗျားက အသင်းခေါင်းဆောင်ဗျာ.. ဟိုဆေး က လူငယ်ကစားသမားလေး တစ်ယောက်ကို ခုနကလို စပယ်ရှယ် ‘ဗျင်း’ ပြီး လူစားလဲပစ်လိုက်ပါတယ်..။ အဲဒီအချိန်က သူဟာအင်္ဂလန်ကို အခုမှရောက်လာခါစ၊ ပရီးမီးယားလိဂ်နဲ့လည်း အသားမကျသေးဘူးပေါ့ဗျာ..။

အဲဒီလို နောက်ခံအကြောင်းလည်း ရှိပြီးသားဆိုတော့ ခင်ဗျားအနေနဲ့ ‘ညီလေးရေ.. စိတ်ဓါတ်မကျနဲ့.. ဆက်ပြီးကြိုးစား..’ စသဖြင့် ထွေးပွေ့ပြီး အားပေးခဲ့မလား..? ဒါမှမဟုတ် ‘ကောင်လေး ရေ.. ဒါဟာချယ်လ်ဆီးပဲကွ..၊ ဒီအသင်းမှာ ကစားချင်ရင် ဒီလောက်အဆင့်တော့ အနည်းဆုံးရှိမှရမယ်..၊ မင်းဟာမင်း ချောင်ထဲမှာ ကြိတ်ပြီးငိုနေလို့လည်း ရတယ်..၊ စိတ်မကောင်းပါဘူး..၊ ဒီလိုငိုနေရုံနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး..’ ဆိုပြီးတော့ပဲ ပြတ်သားပြမလား..?

ဂျွန် တယ်ရီ - အသင်းကို ရောက်လာတဲ့ အင်္ဂလန်သားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသား ကစားသမားတွေပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ နွေးနွေးထွေးထွေးနဲ့ ကူညီကြတယ်..၊ တတ်နိုင်သမျှ အကူအညီ ပေးကြပါတယ်..။ ‘ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ်’၊ ‘ယူရီ ဇာကော့ဗ်’ တို့ဆိုရင် ဒီကိုရောက်လာတဲ့အချိန်က အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်ကြပါဘူး..။ ဒါ့ကြောင့်သူတို့အတွက် ‘စာလုံး (၂၀)’ လောက်ပါတဲ့ စာရွက်လေးတစ်ရွက်ကို စီစဉ်ပေးပါတယ်..။

ဘောလုံးနဲ့ပတ်သက်တဲ့ စာလုံးတွေပဲဗျာ.. ‘Man on…’ ဆို ဘာလဲ? ‘Let it Go’ ဆို ဘာလုပ်ရမလဲ..? ‘One two’ ဆို ဘာလဲ..? အဲဒီလို ရိုးရိုးရှင်းရှင်းလေးတွေပါပဲ..။ ဒါဆိုရင် သူတို့တွေ လေ့ကျင့်ကွင်းမှာ လေ့ကျင့်လို့ရပြီ..။ ဒါ့ကြောင့်အဲဒီလို ကွင်းပြင်ပနဲ့ ပတ်သက်တဲ့အခြမ်းမှာတော့ ကျွန်တော်တို့ဘက်က တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကူညီပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်..။ ဒါ့ကြောင့်သူတို့လေးတွေ အသင်းကိုရောက်လာတုန်းကလည်း ကျွန်တော့်ဘက်က တတ်နိုင်သမျှ ကူညီပေးခဲ့တယ်လို့ ယုံကြည်မိပါတယ်..။

ဒါပေမယ့် ကွင်းဘေးစည်းကိုဖြတ်ပြီး မြက်ခင်းစိမ်းပေါ် ရောက်သွားတဲ့အချိန်မှာတော့ ကျွန်တော့်ဘက်က သူတို့တွေအပေါ် နည်းနည်းများ ကြမ်းသွားမိသလားပေါ့..။ ကျွန်တော်လည်း အဲဒီအကြောင်းတွေကို နောက်ပိုင်းကာလ.. နည်းပြဘဝကို ရောက်သွားတော့မှ ပိုပြီးနားလည်လာခဲ့တာပါ..။



အခန်း (၄) - ကျွန်တော်တို့သိခဲ့တဲ့ ‘ဟိုဆေး မော်ရင်ဟို’

ခရစ်စ် မက်ခ်ဟာဒီ - အခုဆက်ပြီးသိချင်တာက ခင်ဗျားတို့နဲ့ ဟိုဆေး မော်ရင်ဟို နဲ့ကြားက ဆက်ဆံရေး အကြောင်း ဖြစ်ပါတယ်..။ အမည်မဖော်ပြချင်တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ယောက်က ပြောဖူးတာ ရှိပါတယ်..။ ဟိုဆေး ကို ဘယ်လိုနားလည်ရမှန်း မသိဘူးတဲ့.. ဒီနေ့မှာ ဆူလိုက်၊ ပူလိုက်၊ အော်ဟစ်လိုက် ဖြစ်နေပေမယ့် နောက်ရက်ကျရင် ‘ဟေး.. ကောင်းသောမနက်ခင်းပါ.. စသဖြင့်’ ပခုံးဖက်ပြီး နွေးနွေးထွေးထွေး‌ ပြောချင်ပြောနေတာပါ…။ သူနဲ့ပတ်သက်ရင် ‘တစ်နေ့ရွှေ၊ တစ်နေ့ငွေ..’ အစိုးမရတဲ့ သဘောပေါ့..။ ခင်ဗျားတို့ရော သူနဲ့ဆက်ဆံရေး ဘယ်လိုရှိလဲဗျ..?

ဂျွန် အိုဘီ မီခေးလ် - တကယ်တော့ ဟိုဆေး ဟာ ဘယ်လိုလူမျိုးလဲ.? ဆိုတာ အားလုံးသိကြပြီးသားပါပဲ..။ ကိုယ်တွေနိုင်ပွဲတွေ ဆက်နေသရွှေ့ကတော့ သူနဲ့ဆက်ဆံရတာ အစစအရာရာ အဆင်ပြေပါတယ်..။ ကိုယ့်ရဲ့ခြေစွမ်း ကောင်းနေတယ်ဆိုရင် သူကနွေးနွေးထွေးထွေးနဲ့ တကယ့်မိတ်ဆွေ အရင်းအချာတစ်ယောက်လို ဆက်ဆံပါလိမ့်မယ်..။ ဒါပေမယ့် ရှုံးပြီဆိုလို့ကတော့.. အထူးသဖြင့် တကယ့်အရေးကြီးတဲ့ပွဲတစ်ပွဲကို ရှုံးပြီဆိုလို့ကတော့ မလွယ်ဘူးဗျ..။

တစ်ခါဆိုမှတ်မိသေးတယ်..။ ရှုံးပွဲတစ်ပွဲအပြီးမှာ သူဟာလေ့ကျင့်ကွင်းကိုလာတယ်..၊ ဘယ်သူနဲ့မှ စကားမပြောပဲ အပေါ်ထပ်က သူ့ရဲ့ရုံးခန်းမှာ တစ်နေကုန်ထိုင်ပြီး ‘တေမိဇာတ်’ ခင်းနေတော့တာပါပဲ..။ အဲ.. လေ့ကျင့်ခန်းအချိန်ရောက်လာရင် ကွင်းထဲဆင်းလာတယ်..၊ ဘယ်သူနဲ့မှ စကားမပြောပါဘူး..။ ခင်ဗျားကသွားပြီး ‘Good morning..!’ လို့ အရင်နှုတ်ဆက်လည်း သူကခင်ဗျားကို အရေးလုပ်ပြီး လှည့်တောင်ကြည့်မှာ မဟုတ်ပါဘူး.။ ယုတ်စွအဆုံး မနက်စာစားဖို့ စားသောက်ခန်းထဲကိုတောင် ဆင်းမလာပါဘူး..။

တစ်ရက်၊ နှစ်ရက်လောက် အားလုံးနဲ့ အဆက်အသွယ်ဖြတ်ထားပြီး ကျွန်တော်တို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စိတ်တိုင်းကျတဲ့အချိန်၊ နိုင်ပွဲတွေ ပြန်ပြီးရတဲ့အချိန်ကျမှ အရင်လိုပုံမှန်ပြန်ပြီး ဆက်ဆံပါတယ်..။ ဒါဟာသူ့ရဲ့နိုင်လိုစိတ်ပြင်းပြမှုနဲ့ ချယ်လ်ဆီးအသင်းရဲ့ အဆင့်အတန်းကို လုံးဝအထိမခံနိုင်ဘူး.. ဆိုတာ ပြသခဲ့တာပဲ ဖြစ်ပါတယ်..။သူဟာကျွန်တော်တို့တွေဆီက အကောင်းဆုံး စွမ်းဆောင်ရည်ကိုပဲ အမြဲတမ်း လိုချင်ခဲ့ပါတယ်..။ လေ့ကျင့်ကွင်းမှာလည်း အကောင်းဆုံးခြေစွမ်းပြနိုင်ရမယ်..၊ ကွင်းထဲမှာလည်း အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ယူနိုင်ရပါမယ်..။ တခါတလေကျ သူ့ရဲ့တောင်းဆိုချက်ဟာ များပြားလွန်းတယ်လို့ ထင်မှတ်လာမိတာတောင် ရှိပါတယ်..။ ဒါ့ကြောင့်သူ့ကိုပြန်ပြီး စောဒကတက်ဖူးခဲ့တာတွေ ရှိခဲ့ပေမယ့် ရှားရှားပါးပါးပါ..။ ကျွန်တော်တို့အားလုံး သူနဲ့အဆင်ပြေပြေ ဆက်ဆံနိုင်ခဲ့ပြီး အခက်အခဲတွေကို အတူတကွ ကျော်လွှားနိုင်ခဲ့ပါတယ်..။

ဂျွန် တယ်ရီ - ဟိုဆေး ဟာ ကျွန်တော်ကြုံတွေ့ခဲ့သမျှထဲမှာ အကောင်းဆုံး မန်နေဂျာ ဖြစ်ပါတယ်..။ သူ့ရဲ့မောင်းနှင်မှုသာ မပါဝင်ခဲ့ဘူးဆိုရင် ကျွန်တော်ရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ ခြေစွမ်းတွေကို ရရှိလိမ့်မယ်ဆိုတာ သိပ်ပြီးမသေချာလှပါဘူး..။ ကျွန်တော့်ကို ဘယ်လို ခလုပ်နှိပ်ရမလဲ..? သူကောင်းကောင်း နားလည်ထားပါတယ်..။ သူနဲ့ဆက်ဆံရေးကတော့ ခုနက တခြားကစားသမားတွေ ပြောသလို ‘တစ်နေ့ရွှေ၊ တစ်နေ့ငွေ’ ပါပဲ..။ တခါတလေဆိုရင် အိမ်မှာရှိနေတုန်း text message တွေပို့ပြီး မိသားစုအကြောင်း၊ သာကြောင်း၊ မာကြောင်းတွေ ပြောတာတွေ ရှိပါတယ်..။ တကယ်တော့ သူဟာအကြောင်းမရှိပဲနဲ့ လုပ်နေတာ မဟုတ်ဘူးဗျ..။ ကျွန်တော့်ကိုဆိုလည်း နည်းမျိုးစုံနဲ့ ခလုပ်တွေ နှိပ်နေတာပါပဲ..။ ဟိုဆေး ဟာ လူတိုင်းဆီက နောက်ဆုံးချွေးတစ်စက်၊ သွေးတစ်စက် ကျန်တဲ့အထိ ညှစ်ထုတ်နိုင်တဲ့ မန်နေဂျာတစ်ယောက် ဖြစ်ပါတယ်..။ သူနဲ့ဆုံဆည်းခွင့်ရခဲ့တာ သိပ်ကိုကံကောင်းခဲ့သလို အခုအချိန်ထိ သူ့ကိုကျေးဇူးအထူး တင်မိပါတယ်..။



ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ကဲ့ပါ..။ ကျွန်တော်သိချင်တာက ခင်ဗျားနဲ့သူနဲ့ကြားက ဆက်ဆံရေး ဖြစ်ပါတယ်…။ သူနဲ့အဆင်မပြေ အတိုက်အခံတွေ ဖြစ်ခဲ့ဖူးတာများ ရှိခဲ့သေးလား..? ခင်ဗျားက မန်နေဂျာကို စိတ်ဆိုးပြီး တစ်ရက်၊ နှစ်ရက်လောက် စကားမပြောပဲ နေလိုက်တာတို့.. စသဖြင့်ပေါ့ဗျာ..

ဂျွန် တယ်ရီ - Oh.. My God..! အခုအချိန်ထိ ဟိုဆေး နဲ့တွေ့လိုက်တိုင်း ကျွန်တော်ဟာ အကြောထဲထိစိမ့်ပြီး ကြောက်ရွံ့နေတုန်း (petrified) ပါပဲ.. ဟားဟား..။
ဂျွန် အိုဘီ မီခေးလ် - မှန်တယ်.. မှန်တယ်.. အဲဒီအတိုင်းပဲဗျ.. ဟားဟား..
ဂျွန် တယ်ရီ - မှတ်မိတဲ့ အဖြစ်အပျက်တစ်ခု ပြောပြပါမယ်..။ ဟိုဆေး ဟာ ဖိနပ်ကုမ္ပဏီတစ်ခုနဲ့ စပွန်ဆာစာချုပ် ချုပ်ခဲ့ပါတယ်..။ အဲဒီကုမ္ပဏီက ဖိနပ်ဟာအရမ်းစီးလို့ကောင်းတယ်လို့ သူကပြောပါတယ်..။ ကျွန်တော်လည်း လိုက်ပြီးစုံစမ်းတော့ ဘယ်နေရာမှာမှ ရှာလို့မရပါဘူး.။ ဒါနဲ့ ဟိုဆေး ဆီကို မက်ဆေ့ချ်ပို့ပြီး ‘ဘော့စ်… စိတ်တော့မရှိပါနဲ့.. ကျွန်တော့်ကို ခင်ဗျားကြော်ငြာခဲ့တဲ့ ဖိနပ်တစ်ရံလေးများ စွန့်ကြဲပေးနိုင်မလား..? ဘယ်နေရာမှာမှ ကျွန်တော်ရှာလို့မရလို့ပါ..’ လို့ ပြောလိုက်ပါတယ်..။

ဟိုဆေး က ဘာမှပြဿနာ မရှိပါဘူး.။ ‘Ok.. ပို့ရမယ့်လိပ်စာသာ ငါ့ဆီပို့ပေးလိုက်..၊ နှစ်ရံပေးမယ်..’ ဆိုပြီး ပြန်ပြောပါတယ်..။ နောက်ထပ်နှစ်ရက်နေတော့ ကျွန်တော့်အိမ်ရှေ့ကို ဖိနပ်နှစ်ရံ ရောက်လာပါတယ်..။ သူဟာအဲဒီလို အသေးအမွှားလေးတွေကိုလည်း အရမ်းဂရုစိုက်တဲ့သူ ဖြစ်ပါတယ်..။ ဒါကဉပမာတစ်ခု..

နောက်တစ်ခါကျတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ် ဖလားရခဲ့ပြီး နောက်နှစ်ရာသီကြို ပြင်ဆင်မှုတွေအတွက် ပြန်လာတဲ့အချိန် ဖြစ်ပါတယ်..။ ကျွန်တော်တို့အသင်းက နောက်ထပ်ထိပ်တန်း ကစားသမားကြီးတွေ ထပ်ပြီးအားဖြည့်ထားပါတယ်..။ အဲဒီနေ့လေ့ကျင့်ခန်းမှာ ဒီနေ့မှရောက်လာတဲ့ ကျွန်တော်နဲ့ ဂယ်ရီ ကာဟေးလ် တို့နှစ်ယောက် အပါအဝင် ကစားသမားတွေဟာ ဂိုးကျဉ်းပွဲ ကစားကြရပါတယ်..။ ကျွန်တော်နဲ့ ဂယ်ရီ တို့က နောက်တန်းကနေ ကွင်းလယ်ကို ဘောလုံးတွေ ပို့ပေးဖို့ ဖြစ်ပါတယ်..။ ဒါပေမယ့် ကွင်းလယ်ကို ဘယ်လိုမှပေးလို့ မရဘူး၊ နေရာလွတ်ကို ရှာလို့မရဘူး.. ဖြစ်နေပါတယ်..။

ဒါပေမယ့် တိုက်စစ်ဇုန်အထိ ဘောလုံးရောက်ဖို့ဆိုရင် ကွင်းလယ်ကိုကျော်ဖြတ်နိုင်မှ ဖြစ်ပါမယ်..။ ကျွန်တော်နဲ့ ဂယ်ရီ တို့ဟာ တစ်ဘက်ကွင်းလယ်ကို ဘယ်လိုမှမကျော်နိုင်တာကြောင့် ဘောလုံးတွေ ပြန်ပါသွားပြီး ဂိုးတွေပေးလိုက်ရပါတယ်..။ တစ်ဂိုး..၊ နှစ်ဂိုးလည်းရောက်ရော.. သူက လေ့ကျင့်ခန်းကို ရပ်လိုက်ပါတယ်..။ ‘ဟေး… မင်းတို့နှစ်ကောင် ဘယ်လိုတွေ ကစားနေတာလဲ..? စတာလင်ပေါင်သန်း (၁၀၀) လောက်သုံးပြီး ရာဖယ်လ် ဗာရန်းန် နဲ့ နောက်ထပ် နောက်ခံလူ တစ်ယေက် ထပ်ခေါ်လိုက်တော့မယ်..။ မင်းတို့နှစ်ကောင် အရန်ခုံပေါ်မှာသာ အရိုးဆွေးအောင် ထိုင်ပေတော့..’ ဆိုပြီး ငေါက်ငန်းပါတော့တယ်..။

ကျွန်တော်တို့ဟာ မနှစ်ကမှ ပရီးမီးယားလိဂ်ဖလားကို ပူပူနွေးနွေးရရှိထားပြီး ကျွန်တော်က အသင်းခေါင်းဆောင်၊ ဂယ်ရီ  ကာဟေးလ် က ဒုတိယ အသင်းခေါင်းဆောင်ပါ..။ ရိုးရိုးသားသား ဝန်ခံရရင် အဲဒီအခိုက်အတန့်မှာ ကျွန်တော်တို့နှစ်ယောက်စလုံး ကြောင်တောင်တောင် ဖြစ်သွားတာပေါ့..။ ဟေး.. ငါတို့မနှစ်ကမှ ပရီးမီးယားလိဂ် ရထားတာလေ…၊ မယုံနိုင်အောင်လည်း ဖြစ်သွားရပါတယ်..။ ကျွန်တော်နဲ့ ဂယ်ရီ.. တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ‘အိုကေ.. ဘော့စ်.. ပြန်စကြရအောင်..’ လို့ စိန်ခေါ်လိုက်ပါတယ်..။ အဲ.. ပွဲလည်းပြန်စရော ကျွန်တော်တို့နှစ်ယောက် အစွမ်းကုန် ကြိုးစားပြကြတာပေါ့ဗျာ..။

အဲဒီအချိန်မှာ လေ့ကျင့်ခန်းအစီအစဉ်ရဲ့ အားသွန်ခွန်စိုက်ရှိမှု၊ အဆင့်အတန်းဟာ ‘ဝုန်းကနဲ’ ခုန်တက်သွားပါတယ်..။ အသင်းကိုရောက်လာတဲ့ ကစားသမားသစ်တွေကလည်း နည်းပြကြီးဟာ အသင်းခေါင်းဆောင်နဲ့ လက်ထောက် အသင်းခေါင်းဆောင်ကိုတောင် လူရှေ့မရှောင်၊ သူရှေ့မရှောင် အသားကုန် ‘ကျွေး’ တတ်တယ်..။ ဒီအသင်းရဲ့ ခေါင်သူကြီးဟာ ‘ဟိုဆေး’ ပါလား ဆိုတာ တခါထဲ သက်သေပြပြီး ဖြစ်သွားပါတယ်..။ လေ့ကျင့်ခန်းလည်း ပြီးသွားရော.. ကျွန်တော်တို့ရဲ့ ကြိုးစား၊ အားထုတ်မှုကို ကျေနပ်သွားတာကြောင့် ပခုံးတွေလာဖက်ပြီး နှစ်သိမ့်ပြန်ပါတယ်..။

အဲဒီအချိန်တုန်းကတော့ ဟိုဆေး ဟာ ဘယ်လိုအဓိပ္ပါယ်နဲ့ အဲဒီလိုလုပ်ခဲ့မှန်း မသိခဲ့ဖူးပေါ့ဗျာ..။ ဒါပေမယ့် သူ့ရဲ့လုပ်ရပ်ဟာ ကစားသမားတွေအားလုံးကို အရှိန်အဟုန်ကြီးကြီးနဲ့ ရိုက်ခတ်ခဲ့ပါတယ်..။ နောက်ပိုင်းမှာတော့ ဟိုဆေး ကို အဲဒီအချိန်တုန်းက ဘာဖြစ်လို့ အဲဒီလိုလုပ်လိုက်တာလဲ..? ဆိုပြီး ပြန်မေးဖြစ်ခဲ့ပါတယ်..။ ကျွန်တော်တို့ဆီက အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ကြိုးစားမှုတွေ ရရှိလာဖို့ အဲဒီလိုလုပ်ခဲ့တာ ဖြစ်ပါတယ်..။ ဟိုဆေး ရဲ့ လုပ်နည်းလုပ်ဟန်တွေပေါ့ဗျာ..။



ဂျွန် အိုဘီ မီခေးလ် - ခင်ဗျားနဲ့ ဟိုဆေး ကြားက ဆက်ဆံရေးဟာ တခါတလေမှာ အဖုအထစ်လေးတွေ ရှိခဲ့ပေမယ့် စင်းလုံးချောနီးပါး ကောင်းမွန်တယ်လို့ ယေဘူယျပြောလို့ရပါတယ်..။ အထူးသဖြင့် ဖရန့် (လမ်းပတ်) နဲ့ ခင်ဗျားတို့ဟာ သူ့ရဲ့မွေးစားသားတွေပဲလေ.. ဟားဟား..
ခရစ်စ် မက်ခ်ဟာဒီ - ‘ဖရန့် ဘယ်တော့မှ မမှားဘူး..’ ဆိုတဲ့ စကားပုံတောင် ရှိခဲ့သေးတယ်ဆို… ဟားဟား…
ဂျွန် အိုဘီ မီခေးလ် - Yeah.! မှန်ပါ့… ဟိုဆေး နဲ့ ပတ်သက်ရင် ဖရန့် ဟာ ဘယ်တော့မှ မမှားဘူး.. ဟားဟား..။ ဖရန့် က သူ့ရဲ့သားကြီးဩရဿ (first son)..။ ဒါပေမယ့် ဟိုဆေး ဟာ ကစားသမားတွေဆီက အကောင်းဆုံး စွမ်းရည်ရရှိအောင် ဘယ်လိုပြုလုပ်ရမလဲ..? ကောင်းကောင်းနားလည်ထားပါတယ်..။

ချယ်လ်ဆီးကို ကျွန်တော်ရောက်စအချိန်ကပေါ့ဗျာ..။ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ မတိုင်ခင် ဖြစ်ပါတယ်..။ ပွဲကြိုပြင်ဆင်မှုတွေ စတင်မယ့်လေ့ကျင့်ခန်းအတွက် ကျွန်တော်ဟာ အချိန်နောက်ကျပြီးမှ ရောက်လာခဲ့ပါတယ်..။ နောက်ကျတယ်ဆိုတာ အတော်လေးကို နောက်ကျခဲ့တာပါ..။ ရောက်ရှိ..၊ သတင်းပို့ရမယ့် နောက်ဆုံးအချိန်က (၅း၃၀) နာရီ လို့ ကျွန်တော်သိထားပါတယ်..။ ကျွန်တော်က အိမ်မှာအေးဆေး နှပ်နေတာပေါ့..။ တကယ်တမ်း အဲဒီနေ့က စတန်းဖို့ဒ် ဘရစ်ချ်မှာ လေ့ကျင့်ရမှာ ဖြစ်တာကြောင့် (၄း၀၀) နာရီ၊ (၄း၃၀) နာရီလောက် နောက်ဆုံးထားပြီး အရောက်လာကြဖို့ ပြောထားပြီးသားပါ…။ ဒါပေမယ့် ကျွန်တော်လုံးဝကို မေ့နေပါတယ်..။

ဒီလိုနဲ့ မကြာခင်မှာပဲ Gaz (ဂယ်ရီ ကာဟေးလ်) က ‘ဟေ့ကောင်… မင်းဘယ်ရောက်နေတာလဲဟ..?’ ဆိုပြီး ဖုန်းခေါ်လာပါတယ်..။ ကျွန်တော်က ‘အိမ်မှာလေဗျာ…။’ ဆိုပြီး ဖြေလိုက်တယ်..။ ‘အိမ်မှာ..? ဟုတ်လား..? အေး… ဒီမှာလူစုံနေပြီ.. အကုန်လုံးမင်းကိုစောင့်နေကြတယ်..၊ ဘော့စ် ကတော့ အကြီးအကျယ် လောင်နေပြီ..။’ လို့ ပြောပါတယ်..။ ကျွန်တော်လည်း ကြောင်စီစီနဲ့ ‘ငါးနာရီခွဲမှ မဟုတ်ဘူးလား..?’ ဆိုပြီး ပြန်မေးတာပေါ့..။ ‘အေး… ငါးနာရီခွဲကိစ္စ နောက်ထားပြီး အခုချက်ချင်း အမြန်ဆုံးနည်းနဲ့သာ အရောက်လာခဲ့တော့..’ လို့ ကြိမ်နဲ့လှမ်းတို့ပါတော့တယ်..။ စတန်းဖို့ဒ် ဘရစ်ချ်ကွင်းကို ကျွန်တော်ရောက်သွားတော့ ဟိုဆေး က စကားတစ်ခွန်းမှ မပြောပါဘူး..။ ဒါပေမယ့် ကျွန်တော့်ကိုအသင်းမှာ ထည့်ပြီးမကစားခဲ့တာ တစ်လလောက်တော့ ကြာလိမ့်မယ်ထင်တယ်.. ဟားဟား..။

ဂျွန် တယ်ရီ - ‘ဒီကောင့်ကို နှစ်လလောက် အသင်းကနေ ထုတ်ထားလိုက်’ လို့ ဟိုဆေး ကို ငါ အချွန်နဲ့ ‘မ’ ခဲ့တယ်နော… ဟားဟား..
ဂျွန် အိုဘီ မီခေးလ် - အင်းပါ.. အင်းပါ… ရှိပါစေတော့…။ ချယ်လ်ဆီးအသင်းကို ကျွန်တော်စပြီး ရောက်လာတုန်းက အသက် (၁၈) နှစ် အရွယ်ပဲ ရှိပါသေးတယ်..။ အဝတ်လဲခန်းထဲကို ရောက်လာတာနဲ့ ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်တွေဖြစ်တဲ့ ဂျွန် တယ်ရီ၊ ဖရန့် လမ်းပတ်၊ ဒီဒီယာ ဒရော့ဘာ တို့နဲ့ တွေ့တဲ့အချိန် ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားခဲ့ရတာပေါ့..။ အခုအချိန် ပြန်ပြီးစဉ်းစားကြည့်တော့လည်း အသင်းကိုရောက်စ အစောပိုင်းလတွေကို ဘယ်လိုလုပ်ပြီး ကျော်လွန်၊ ဖြတ်သန်းနိုင်ခဲ့လဲ..? မမှတ်မိတော့ပါဘူး..။

အရမ်းကိုခက်ခဲ၊ ကြမ်းတမ်းခဲ့တာတော့ သေချာပါတယ်..။ အထူးသဖြင့်ကော့ဘ်ဟမ် လေ့ကျင့်ကွင်းက လိပ်ခုံး (the dome) ဟင်းလင်းပြင်မှာ လေ့ကျင့်ခဲ့ရတုန်းကဆို အရမ်းကိုချမ်းလွန်းတာကြောင့် အေးခဲသွားမတတ်ပါပဲ..။ ကျွန်တော်ဟာ အင်မတန်မှ ပူပြင်းလှတဲ့ အာဖရိကတိုက်ကနေ လန်ဒန်မြို့ကို ချက်ချင်းရောက်လာခဲ့ရတာ ဖြစ်သလို ကျွန်တော့်ကို ရေရေလည်လည် သမကြတဲ့ ဂျွန် တယ်ရီ တို့လို ပုဂ္ဂိုလ်တွေနဲ့ တန်းပြီးရင်ဆိုင်ရတာကို ဘယ်လိုမှ မခံစားနိုင်ခဲ့ပါဘူး..။ အရမ်းကိုခက်ခဲခဲ့ပါတယ်..။



ဂျွန် တယ်ရီ - ဒီဒီယာ ကိုလည်း ထည့်ပြီး ပြောဖို့လိုအပ်ပါမယ်..။ အထူးသဖြင့် သူဟာ မင်းကို အများကြီး အကူအညီ ပေးခဲ့သလို အသင်းကိုရောက်လာတဲ့ အာဖရိကတိုက်သားတွေအတွက်ကတော့ သူဟာ ‘အာဖရိကသားတွေရဲ့ ခြင်္သေ့ဘုရင်’ ပဲဗျ..။     သူအပါအဝင်ပေါ့ဗျာ.. ကျွန်တော်တို့အသင်းမှာ ပီတာ ချက်၊ ကျွန်တော်၊ ဖရန့် လမ်းပတ် နဲ့ ဒီဒီယာ ဒရော့ဘာ တို့လို အရှိန်အဝါ အရမ်းကြီးမားခဲ့တဲ့ ကစားသမားတွေဟာ အသင်းရဲ့ ကျောရိုး၊ ဒေါက်တိုင်ကြီးအဖြစ် ရှိနေခဲ့ပါတယ်..။

ဒါ့ကြောင့်ချယ်လ်ဆီးအသင်းဟာ အိုဘီ၊ ကာလူး.. စသဖြင့် အာဖရိကသား ကစားသမားတွေကို ခေါ်ယူတဲ့အခါမှာ သူတို့တွေကလည်း ဒီဒီယာ ကို အားကျ၊ အတုယူခဲ့ရတာပါပဲ..။ သူကလည်း မင်းတို့ကို ကြိမ်နဲ့တို့ပြီး အသေ ‘မောင်း’ ခဲ့တာပါ..။ သူဟာအဝတ်လဲခန်းထဲမှာလည်း ဩဇာကြီးမားတဲ့ ကစားသမား တစ်ယောက်ဖြစ်ခဲ့ပါတယ်..။ အဲဒီအချိန်က အကြောင်းတွေကို ပြန်ပြီးစဉ်းစားလိုက်ရင် ချယ်လ်ဆီးကိုရောက်လာခဲ့တဲ့ လူငယ်ကစားသမားတိုင်းဟာ အသင်းမှာရှိနေတဲ့ ဝါရင့်ကစားသမားကြီးတွေဆီကနေ သင်ယူစရာတွေ အများကြီးရရှိခဲ့ပါတယ်..။

ကျွန်တော်မှတ်မိသလောက်ဆိုရင် ကိုယ့်ရဲ့နိုင်ငံလက်ရွေးစင် အသင်းခေါင်းဆောင်တွေကြီးပဲကိုက (၇) ယောက်၊ (၈) ယောက်လောက် ရှိနေပါတယ်..။ အဲဒါဆိုရင် ကျွန်တော်တို့ အဝတ်လဲခန်းရဲ့ အရှိန်အဝါ ဘယ်လောက်တောင် ကြီးမားခဲ့သလဲ..? စဉ်းစားကြည့်လို့ ရပါတယ်..။ ဒါ့အပြင်ကျွန်တော်တို့အသင်းရဲ့ ကစားသမား အများစုဟာ နိုင်ငံလက်ရွေးစင် အသင်းတွေမှာ အသင်းခေါင်းဆောင်တွေ ဖြစ်ကြတယ်.. ဆိုတဲ့အချက်ဟာလည်း အသင်းရဲ့အဆင့်အတန်းကို ပြသနေခဲ့တဲ့ စံနှုန်း၊ သတ်မှတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်..။

ခရစ်စ် မက်ခ်ဟာဒီ - ကျွန်တော်ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေထဲမှာ အဲဒီတစ်ချက်လည်း ပါတယ်ဗျ..။ ခင်ဗျားတို့ရှိနေတဲ့ အချိန်တုန်းက ချယ်လ်ဆီးအသင်းဟာ တကယ့်ကို အရှိန်အဝါကြီးမားတဲ့ ထိပ်တန်းအဆင့် ကစားသမား အများအပြားကို ခေါ်ယူခဲ့ပါတယ်..။ ဒါပေမယ့် တစ်ချို့ကစားသမားတွေဟာ ပရိသတ်တွေ မျှော်မှန်းထားတဲ့ အဆင့်အတန်းမျိုးကို မပြသနိုင်ခဲ့ပါဘူး..။ အဲဒီထဲမှာ ဖာနန်ဒို တောရက်စ်၊ အင်ဒရေ ရှက်ဗ်ချန်ကို တို့အပြင် ဟိုဆေး မော်ရင်ဟို မရောက်လာခင်က ခေါ်ယူခဲ့တဲ့ ဟာနန် ခရက်စ်ပို တို့လည်း ပါဝင်ခဲ့ပါတယ်..။ ဟေး.. အိုဘီ.. မိုက်ကယ် ဘောလက် အကြောင်းလည်း နည်းနည်းပါးပါး ထည့်ပြီးပြောပေးပါဉီး..    

ဂျွန် အိုဘီ မီခေးလ် - ဟားဟား.. သူနဲ့ပတ်သက်ပြီး ရယ်စရာတစ်ခု ပြောပြပါမယ်..။ မိုက်ကယ် ဟာ အဝတ်လဲခန်းထဲရောက်ရင် အင်္ကျီ၊ ဘောင်းဘီ… အဝတ်အစားတွေ အကုန်လုံးလဲတတ်တဲ့ အကျင့်ရှိပါတယ်..ဟားဟား..။
ဂျွန် တယ်ရီ - ငါမပြောဘူးနော်… ဟားဟား..
ခရစ်စ် မက်ခ်ဟာဒီ - လုပ်ပါဉီး… ဘာလဲဗျ… သိချင်လာပြီ..။ သူကဘာလုပ်တတ်တာလဲ..?



ဂျွန် အိုဘီ မီခေးလ် - သူဟာအင်မတန်မှ ထူးခြားတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်..။ အဝတ်လဲခန်းထဲကို ဝင်လာပြီဆိုတာနဲ့ အရပ်ကရှည်ရှည်၊ ခန္ဓာကိုယ် ထွားထွားကြိုင်းကြိုင်းနဲ့ အလုံးအထည်ရော၊ အဟန့်ရော အရမ်းကောင်းသလို ဂျာမနီအသင်းခေါင်းဆောင်.. ဆိုတဲ့ အရှိန်အဝါကလည်း နည်းနည်းနောနောလားဗျ..။ မိုက်ကယ် ဟာလည်း JT..၊ ဖရန့်၊ ဒီဒီယာ တို့လို ကစားသမားမျိုးပါပဲ..။ မိုက်ကယ် ဘောလက် ဟာ စကားပြောရင် အမြဲတမ်း ဒဲ့ဒိုး၊ ဒုတ်ထိုးအိုးပေါက် ပြောတတ်ပါတယ်..။ တခါတလေကျရင် ‘hello.. ဘာ.. ညာ..’ စသဖြင့် စိတ်လိုလက်ရ နှုတ်ဆက်တတ်ပေမယ့် တခါတလေကျတော့လည်း သူ့ဟာသူ ဘာမှမပြောပဲ လုပ်ချင်တာလုပ်သွားတာပဲ..။

ခုနကပြောတဲ့ သူ့ရဲ့အကျင့်ပေါ့ဗျ..။ သူကအဝတ်လဲခန်းထဲမှာ အမြဲတမ်း အဝတ်လဲပါတယ်..။ အဝတ်လဲတဲ့အခါတိုင်း သူ့ရဲ့အတွင်းခံဘောင်းဘီတို ကို ဘယ်တော့မှ သိမ်းမသွားဘူး.. ဟားဟား..။ ဒါ့ကြောင့်အဝတ်လဲခန်းဘီရို (locker) ရှေ့မှာ ဘောင်းဘီတိုလေး ပုံရက်သားဆိုရင် မေးမနေနဲ့… ‘မိုက်ကယ် ဘောလက်’ ပဲ.. ဟားဟား..။ သူ့ရဲ့အင်္ကျီတွေ၊ ဘောင်းဘီတွေကို အင်္ကျီချိတ်တွေနဲ့ သေသေချာချာ ချိတ်ပြီးသိမ်းပါတယ်..။ ဒါပေမယ့် ဘောင်းဘီတိုလေးကတော့ အမြဲတမ်းပုံရပ်သားပါပဲ..။

ကျွန်တော့်ရဲ့ဘီရိုက အမြဲတမ်းသူနဲ့ကပ်ရပ်ဆိုတော့ သူ့ရဲ့ဘောင်းဘီတိုကို အမြဲတမ်းကောက်ပြီး သိမ်းပေးရပါတယ်.. ဟားဟား..။ JT.. က လျှာသာရှည်တာ..၊ မိုက်ကယ် ဘောလက် ရဲ့ အဲဒီသောက်ကျင့်ကို လုံးဝမမြင်ခဲ့တာ မယုံနိုင်စရာပါပဲ..ဟားဟား..။

ဂျွန် တယ်ရီ - မိုက်ကယ် ဘောလက် ရဲ့ အကြောင်းဆိုတော့.. ငါကတခြားဟာပြောမယ်လို့ ထင်နေတာ… ဟားဟား..။ သူ့ရဲ့အကျင့်နဲ့ပတ်သက်ပြီး ငါ့ဘက်က တစ်ခါမှမပြောခဲ့ဘူးဆိုတာ မယုံနိုင်စရာပါပဲ..။ ကျွန်တော်တို့ဟာ အဝတ်လဲခန်းထဲမှာလည်း အသင်းရဲ့အဆင့်အတန်းကို အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပါတယ်..။ အိုဘီ ရေ.. တကယ်တမ်းဆိုရင် မင်းဟာ အဲဒီဘောင်းဘီတိုတွေကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ရမှာ… ဟားဟား..

အပိုင်း (၄) ဆက်လက်ဖော်ပြပါမည်..။