အခန်း (၅) - ဖာနန်ဒို တောရက်စ် နဲ့ အင်ဒရေ ရှက်ဗ်ချန်ကို တို့ ဘာတွေမှားခဲ့လဲ..?
ခရစ်စ် မက်ခ်ဟာဒီ - JT ရေ.. ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့ နာမည်ကြီးထိပ်တန်း ကစားသမားတွေထဲမှာ ခင်ဗျားအတွက် စိတ်လှုပ်ရှားမှု အဖြစ်ခဲ့ရဆုံး ကစားသမား၊ မျှော်လင့်ချက် အကြီးမားဆုံး ထားရှိခဲ့ရတဲ့ ကစားသမားက ဘယ်သူဖြစ်မလဲ..?
ဂျွန် တယ်ရီ - ‘ဖာနန်ဒို တောရက်စ်’ ပါ..။ သူဟာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရစဉ်က ကျွန်တော့်ကို ဒုက္ခအပေးနိုင်ခဲ့ဆုံး တိုက်စစ်မှူး ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်သူရောက်လာတော့မယ် ဆိုတဲ့အခါ နောက်ဆိုရင် သူနဲ့ရင်မဆိုင်ရတော့ဘူးဆိုပြီး ဝမ်းသာမိပါတယ်..။ ဒါ့အပြင်သူ့ကိုခေါ်ယူခဲ့တဲ့အချိန်တုန်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၅၀) ဆိုတာ တကယ့်ကိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးပါ..။ ပြိုင်ဘက်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရစဉ်က သူဟာကျွန်တော်တို့ကို စိတ်အနှောင့်အယှက် အပေးနိုင်ဆုံး၊ အိပ်မက်ဆိုးတွေ အပေးနိုင်ခဲ့ဆုံး ကစားသမား တစ်ယောက် ဖြစ်ခဲ့ပေမယ့် ဒီကိုရောက်လာတဲ့အချိန် တောရက်စ် ဟာအရမ်းကို စိတ်လှုပ်ရှားနေခဲ့တဲ့ပုံ မြင်နေရပါတယ်..။
အဲ… လီဗာပူးလ်အသင်းကို သူစပြီးရောက်လာတဲ့အချိန် ကျွန်တော်တို့နဲ့ ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ‘အင်း.. နောက်ထပ်စပိန်ကောင်လေး တစ်ယောက် ရောက်လာပြန်ပြီ..’ ဆိုတဲ့ စိတ်ပဲ ကျွန်တော့်ဆီမှာ ရှိခဲ့ပါတယ်..။ ဒါ့ကြောင့်ပရီးမီးယားလိဂ်နဲ့ မိတ်ဆက်တဲ့အနေနဲ့ တံတောင်လေးတော့ လက်ဆောင်ကျွေးလိုက်မယ်.. ဆိုပြီး သူ့ရဲ့အနားကို ကပ်လိုက်ပါတယ်..။ သူက ‘ဘတ်ကနဲ’ ကျွန်တော့်ရှေ့ကနေ လှည့်ပြီးထွက်သွားတာ ဘယ်ပျောက်သွားမှန်း မသိလိုက်ဘူး..။ ဟား… အရမ်းမြန်တဲ့ကောင်ပဲဟ..၊ ပြိုင်ဘက်ကောင်း တစ်ယောက်တွေ့ပြီ ဆိုပြီး နည်းနည်းရှိန်သွားပါတယ်..။
အဲဒီကနေစပြီး သူနဲ့ရင်ဆိုင်လိုက်တိုင်း သူကလည်း ဉီးရင်တွယ်တယ်..၊ ကျွန်တော်တို့ကလည်း လစ်ရင်လစ်သလို တွယ်တာပါပဲ..။ တကယ့်ကို အနှောင့်အယှက်ပေးခဲ့တဲ့သူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့အသင်းက သူ့ကိုခေါ်ယူလိုက်ပြီ.. ဆိုတဲ့ သတင်းကြားကြားချင်းမှာ ‘ငါတို့တွေ နောက်ထပ်အနည်းဆုံး နှစ်နှစ်၊ သုံးနှစ်တော့ ပရီးမီးယားလိဂ်ကို ကြီးစိုးတော့မယ်..’ ဆိုတဲ့ အတွေးပဲ ရှိခဲ့ပါတယ်..။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီလို မဖြစ်လာခဲ့ပါဘူး..။
သူ့ရဲ့အပေါ်မှာ အားလုံးရဲ့မျှော်လင့်ချက်တွေ ကြီးမားလွန်းခဲ့တာက သူ့အတွက်ဖိအားတွေ အရမ်းများသွားစေခဲ့တာလား..? ဆိုပြီး စဉ်းစားမိပါတယ်..။ လီဗာပူးလ်အသင်းပရိသတ်တွေနဲ့ စကားပြောဖြစ်တဲ့အခါ တောရက်စ် ဟာ သူတို့အသင်းမှာတုန်းက ကစားသမားမျိုး ပြန်ပြီးမဖြစ်လာတဲ့အပေါ် ကြိတ်ပြီးကျေနပ်မိတယ်.. လို့ ပြောပါတယ်..။ လီဗာပူးလ်အသင်းမှာတုန်းက သူဟာသိပ်ကိုလျှင်မြန်တယ်..၊ အမြန်ထိုးဖောက်ရာမှာ သိပ်ကိုထူးချွန်ပြီး တကယ့်ကို လှပတဲ့သွင်းဂိုးများစွာ သွင်းယူပေးခဲ့တဲ့ စူပါစတား ကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်..။
ကျွန်တော်တို့ဆီကို ရောက်လာတဲ့အချိန်မှာ သူဟာအဲဒီလို ကစားသမားမျိုး ပြန်ပြီးမဖြစ်လာတော့ပေမယ့် ဖာနန်ဒို ဟာ ကွင်းပြင်ပမှာလည်း ခင်မင်ရင်းနှီးဖို့ ကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ ပရိသတ်တွေကလည်း သူ့ကိုအရမ်းမျှော်လင့်ခဲ့ကြပါတယ်..။ ဒါပေမယ့်ချယ်လ်ဆီးအသင်းရဲ့ နောက်ပိုင်းကာလတွေမှာ အထောင်တိုက်စစ်မှူးနေရာမှာ ‘ဒီဒီယာ ဒရော့ဘာ’ နောက်ပိုင်း ဘယ်သူမှ မဖြစ်ထွန်းခဲ့သလိုပါပဲ.။
ဂျွန် အိုဘီ မီခေးလ် - အာဖရိကတိုက်မှာတော့ ကျောနံပါတ် (၉)၊ ဒါမှမဟုတ် အထောင်တိုက်စစ်မှူးနေရာဟာ ဒီဒီယာ ဒရော့ဘာ ကြောင့် ကျိန်စာမိနေခဲ့တာလို့ ပြောနေကြပါတယ်..။ ပြိုင်ဘက်တွေက သူ့ကိုမုန်းလွန်းလို့ ကျိန်စာတိုက်ရင်းကနေ ကျန်တဲ့သူတွေကို သွားပြီးသက်ရောက်နေတာတဲ့ဗျ.. ဟားဟားးး..
ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ချင်ဟုတ်မှာပေါ့..၊ ဒါပေမယ့် ‘ဒီယေဂို ကော်စတာ’ ကတော့ ခင်ဗျားတို့အသင်းမှာ အဆင်ပြေခဲ့သားပဲဗျ..။
ဂျွန် အိုဘီ မီခေးလ် - ကျိန်စာတိုက်တယ်ဆိုတာ မဟုတ်ပါဘူး..။ ဒါ့အပြင် ဒီယေဂို ကော်စတာ ကလည်း ကျွန်တော်တို့အသင်းနဲ့ အံဝင်ခဲ့ပါတယ်..။ ဒါပေမယ့် တောရက်စ် နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မယ်..။ ချယ်လ်ဆီးကို မပြောင်းလာခင်က သူဟာပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် အချိန်အကြာကြီး အနားယူခဲ့ရပါသေးတယ်..။ အဲဒီအကြောင်းကလည်း သက်ရောက်မှု ကြီးမားပါလိမ့်မယ်..။ အဲဒီဒဏ်ရာကြောင့် သူဟာလီဗာပူးလ်အသင်းမှာတုန်းကလိုမျိုး မစွမ်းဆောင်ပြနိုင်တော့တာလား..?
ဂျွန် တယ်ရီ - တိုက်စစ်မှူးတွေအတွက် အသင်းသစ်မှာ ရောက်ရောက်ချင်း အထိုင်ကျပြီး ခြေစွမ်းတွေပြ၊ သွင်းဂိုးတွေ ရရှိနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင်သူဟာ ချယ်လ်ဆီးအသင်းကို ရောက်လာခါစတုန်းက ကြံ့ခိုင်မှု (၁၀၀ %) ရာခိုင်နှုန်းပြည့် မရှိနေတာ သေချာပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးကို ရောက်လာတဲ့အချိန်မှာ သူဟာကိုယ်ပိုင် အကြောပြင်ပညာရှင် တစ်ယောက်နဲ့ပါ အိမ်မှာဆက်ပြီး လေ့ကျင့်နေခဲ့ရပါသေးတယ်..။ ဒါ့ကြောင့်သူဟာ ဒဏ်ရာကနေ အရှင်းပျောက်အောင် အစွမ်းကုန်ကြိုးစားခဲ့ရပါတယ်..။
သူဟာအဲဒီလိုဒဏ်ရာပြဿနာ အရှင်းမပျောက်သေးသလို အသင်းသစ်နဲ့ အံဝင်အောင် အရမ်းကြိုးစားရင်းနဲ့ ပထမခြောက်လလောက် ရုန်းကန်ခဲ့ရပါတယ်..။ ဒါပေမယ့် မျှော်မှန်းသလောက် တိုးတက်မှု မရခဲ့တာကြောင့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးကုန်ပါတယ်..။ သူနဲ့ပတ်သက်ပြီး သတိထားမိတာတစ်ခု ပြောပြပါမယ်..။ တိုက်စစ်မှူးအများစုဟာ အဝေးကွင်းပွဲတွေကျရင် ပွဲမစခင် သွေးပူလေ့ကျင့်ခန်းတွေ ပြုလုပ်စဉ်မှာ ပြိုင်ဘက်ကွင်းရဲ့ အဝေးဂိုးပေါက်ထဲကို ရင်းနှီးမှုရအောင် ဂိုးကန်သွင်းတဲ့ လေ့ကျင့်ခန်း ပြုလုပ်လေ့ရှိပါတယ်..။
ဒါပေမယ့် တော့ရက်စ် ကတော့ သူများတွေအဲဒီလို ဂိုးသွင်းလေ့ကျင့်ခန်း ပြုလုပ်ပြီဆိုရင် သူကအဝေးကို ရှောင်ထွက်သွားလေ့ရှိပါတယ်..။ ကျွန်တော့်အတွက်တော့ ဒါဟာယုံကြည်မှု ကျဆင်းတဲ့ လက္ခဏာလို့ပဲ မြင်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့ သူ့ရဲ့ဂိုးကန်ချက် ဂိုးပေါက်လွဲသွားရင် ပရိသတ်တွေက ဝိုင်းပြီးလှောင်ကြမှာကို မခံစားချင်လို့လည်း ဖြစ်နိုင်ပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - ဒါဆိုရင် အင်ဒရေ ရှက်ဗ်ချန်ကို ကျတော့ရော..? ဘယ်လိုဖြစ်သွားတာလဲ..? သူဟာ ဒိုင်နမို ကိဗက်ဗ်၊ အေစီ မီလန်အသင်းတွေမှာ တောရက်စ် လို ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့တာပါပဲ..။ ချယ်လ်ဆီးအသင်းက သူ့ကိုခေါ်ယူလိုက်ပါတယ်..။ ဒါပေမယ့် သူဟာအီတလီမှာတုန်းက ပြိုင်ဘက်အသင်း နောက်ခံလူတွေကို ဒုက္ခပေးခဲ့တဲ့ တိုက်စစ်မှူးတစ်ယောက် မဟုတ်တော့သလိုပါပဲ..။
ဂျွန် အိုဘီ မီခေးလ် - အင်ဒရေ ရှက်ဗ်ချန်ကို ကတော့ အရမ်းကိုအေးဆေးပြီး အနေအထိုင် ရိုးသားတဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ စကားလည်း သိပ်မပြောပါဘူး.။ ကွင်းပြင်ပမှာ ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီး မဆက်ဆံတတ်သလို သူဟာသူ တစ်ယောက်ထဲပဲ သီးခြားနေထိုင်လေ့ ရှိပါတယ်..။ ဒါပေမယ့် ခံယူချက်နဲ့ စိတ်ဓါတ် အရမ်းကိုကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ ချယ်လ်ဆီးကို ရောက်လာတဲ့အချိန်က သူဟာအသက် (၃၀)၊ (၃၁) နှစ်လောက် ရှိနေပါပြီ..။ ဒါ့ကြောင့်ကစားသမားဘဝ ကုန်ဆုံးခါနီး ကစားသမား တစ်ယောက်ပုံစံ ဖြစ်နေပြီး အရင်တုန်းကလို သွက်လက်၊ ထက်မြက်မှုတွေ ပျောက်ဆုံးကုန်ပါတယ်..။
ခရစ်စ် မက်ခ်ဟာဒီ - ခင်ဗျားတို့အသင်းဟာ လေ့ကျင့်ခန်းမှာကတည်းက အနိုင်ရနေပြီ.. ဆိုပြီး ခုနကပဲ ခင်ဗျားတို့ ပြောခဲ့ကြပါတယ်..။ အဲဒါဆိုရင် သူ့ရဲ့ခြေစွမ်းကျဆင်းသွားတာကို လေ့ကျင့်ခန်းမှာကတည်းက မသိခဲ့ကြဘူးလား..?
ဂျွန် အိုဘီ မီခေးလ် - မှန်ပါတယ်..။ မော်ရင်ဟို ပါဆိုမှ ဒီအတိုင်းဘယ်နေပါ့မလဲ..? ရှက်ဗ်ချန်ကို ရဲ့ လေ့ကျင့်ကွင်း ကစားပုံဟာ လိုချင်တဲ့အမြန်နှုန်း၊ လိုချင်တဲ့ ထက်မြက်မှုမျိုး မမြင်ရသေးဘူးဆိုတာ ပြောခဲ့ပါတယ်..။ ကျွန်တော်တို့အားလုံးကလည်း သူ့ရဲ့အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိလာအောင် အစွမ်းကုန် ကူညီပေးခဲ့ကြပါတယ်...။ ဒါပေမယ့် အချိန်တစ်ခု ရောက်သွားတဲ့အခါကျတော့ လူတိုင်းဟာ သူ့ရဲ့ဆန့်ကျင်ဘက်မှာ ရှိနေတယ်လို့ အင်ဒရေ ကိုယ်တိုင်က ထင်မြင်သွားခဲ့ပုံ ရပါတယ်..။ တစ်သင်းလုံးက သူ့ကိုခြေစွမ်းမပြနိုင်အောင် ဝိုင်းပြီးညစ်နေကြတယ်..၊ သူခြေစွမ်းပြမှာကို ဘယ်သူကမှ မလိုချင်ကြဘူး.. အဲဒီလိုတွေ ထင်သွားခဲ့လား မပြောတတ်ပါဘူး..။
ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အားလုံးက ဒီဒီယာ ဒရော့ဘာ ရဲ့ နောက်မှာပဲ ရှိနေကြတဲ့ပုံ ဖြစ်နေကြတာကိုးဗျ..။ ဒါ့ကြောင့်သူ့ရဲ့စိတ်ထဲမှာ တစ်ခုခုတော့ ဖြစ်ခဲ့တာ အသေအချာပါပဲ..။ ကစားသမား တစ်ယောက်အနေနဲ့ သူ့ရဲ့စိတ်ထဲမှာ ‘တစ်သင်းလုံးနဲ့တစ်ယောက်’.. ဆိုတဲ့ ခံစားမှုမျိုး ဝင်သွားခဲ့ရင် ယုံကြည်မှုတွေ ပြန်ပြီးရရှိလာဖို့ အတော်ခက်ခဲသွားပါလိမ့်မယ်..။ အဲဒီလိုနဲ့ လေ့ကျင့်ကွင်းမှာလည်း မပေးဆပ်တော့ဘူး..။ အင်အားထည့်ပြီး မကစားတော့ဘူး..။ အဲဒီလို ဖြစ်သွားပါလိမ့်မယ်..။
ဂျွန် တယ်ရီ - မင်းပြောသွားခဲ့တဲ့ အထဲမှာ အရေးကြီးတဲ့အချက်တစ်ချက် ပါခဲ့ပါတယ်..။ ကစားသမား အသစ်တွေ၊ မန်နေဂျာ အသစ်တွေ အသင်းကိုရောက်လာကြပြီဆိုရင် သူတို့တွေရဲ့ ပထမဆုံးနေ့မှာ ကစားသမားဟောင်းတွေက ‘Ok… ဒီဘဲတွေ ဘယ်လောက်အစွမ်းအစရှိလဲ..? ကြည့်ကြသေးတာပေါ့..’ ဆိုတဲ့ စိတ်ရှိကြပါတယ်..။ ဒါ့ကြောင့်ကစားသမား တစ်ယောက်ဟာ သူ့ရဲ့ခြေစွမ်း၊ ပေးဆပ်မှုတွေကို လွယ်လွယ်ကူကူနဲ့ အကဲဖြတ်ခံလိုက်ရရင် (judged)၊ အထူးသဖြင့် ပထမဆုံး လေ့ကျင့်ခန်းမှာတင် အများကအထင်ကြီးအောင် လုပ်မပြနိုင်ခဲ့ဘူးဆိုရင် အများရဲ့အထင်ကြီး၊ လေးစားမှုကို ပြန်လည်ရရှိဖို့ အတော်လေးကို ခက်သွားပါလိမ့်မယ်..။
ကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ‘မင်းကဘာကောင်၊ ငါကဘာကောင်..’ စသဖြင့် တံဆိပ်ကပ်တဲ့နေရာမှာ သိပ်ကိုမြန်ဆန်လွန်းတာကြောင့် လူအသစ် တစ်ယောက်ဟာ အသင်းသစ်တစ်သင်းကို ရောက်သွားရင် အများကအထင်ကြီး၊ လေးစားရတဲ့ ကစားသမားအဖြစ် သက်သေပြနိုင်ဖို့ အချိန်သိပ်ပြီးမရပါဘူး..။ ဒါ့အပြင် အဲဒီအချိန်တုန်းက အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဒီဒီယာ ဒရော့ဘာ ရဲ့ လောင်းရိပ်မိသွားတာလည်း ဖြစ်နိုင်ပါတယ်..။ ရှက်ဗီ.. (ရှက်ဗ်ချန်ကို) ဟာ ခုနက အိုဘီ ပြောခဲ့သလို အရမ်းကိုခင်မင်ဖို့ကောင်းတဲ့သူ၊ အနေအထိုင် ရိုးသား.. အေးဆေးတဲ့သူ ဖြစ်ပါတယ်..။
ဒါ့အပြင်သူဟာ ကျွန်တော်တို့တွေနဲ့ သိပ်ပြီးရောရောထွေးထွေး၊ ရင်းရင်းနှီးနှီးနေလေ့ မရှိပါဘူး..။ အသင်းမှာ အဆင်မပြေတဲ့ ကစားသမားတွေအကြောင်း ပြောတဲ့အခါ သူတို့တွေရဲ့ ကွင်းပြင်ပ အနေအထိုင်၊ ကျန်တဲ့အမာခံ ကစားသမားတွေနဲ့ ဘယ်လောက်အထိ ရောထွေးယှက်တင် နေထိုင်နိုင်ခဲ့လဲ..? ဆိုတဲ့အချက်ကလည်း အရေးကြီးလိမ့်မယ်လို့ တခါတလေ တွေးမိပါတယ်..။ ဥပမာဆိုရင် ဖာနန်ဒို ဟာ သိပ်ပြီးမသောက်နိုင်သလို ကျွန်တော်တို့ရဲ့ ဝိုင်းတွေမှာလည်း ပါလေ့မရှိပါဘူး..။ အရေးကြီးတဲ့ပွဲတွေ အနိုင်ရပြီးရင် ကျွန်တော်တို့အသင်းသားတွေ စုပြီးဝိုင်းဖွဲ့လေ့ ရှိကြပါတယ်..။
အဲ.. မနက် (၃) နာရီကျော်.. အာရုဏ်တက်ခါနီးလို့ အိမ်ပြန်ကြစို့.. ဆိုရင် ကလပ်ထဲမှာ ကိုယ့်ရဲ့အမာခံလူတွေပဲ ကျန်တော့တာ… ဟားဟား..။ အထူးသဖြင့် ကျွန်တော်နဲ့ ပွဲတိုင်းကျော် လမ်းပတ် တို့ကတော့ ‘ပုလင်းမလဲ၊ လူမလဲ’ ပဲဗျို့.. ဟားဟား..။ ဒါပေမယ့် အဲဒီနည်းလမ်းဟာ အမြဲတမ်းမှန်တယ်လို့ ပြောတာမဟုတ်ဘူးနော်..။ ဒါပေမယ့် မက်ခလီလီ တို့၊ အန်ဂိုလို ကန်တေး တို့ရင် မသောက်မစားနဲ့ ကျွန်တော်တို့နဲလိုက်ပြီး မနက် (၃) နာရီအထိ ကလပ်ထဲမှာ ငုတ်တုတ်လေး နေပေးကြတာပါပဲ..။ ဆိုလိုချင်တာက ကစားသမားတွေအကြောင်း သုံးသပ်၊ ပြောဆိုတဲ့အခါမှာ သူတို့တွေ တခြားတစ်ဘက်က အကြောင်းတွေ၊ လူမှုရေး.. ပတ်ဝန်းကျင်နဲ့ ကွင်းပြင်ပက အကြောင်းတွေကိုလည်း စဉ်းစားဖို့ လိုအပ်နိုင်ပါတယ်...။
တကယ်လို့ ကစားသမားတစ်ယောက်ဟာ အသင်းသစ်တစ်သင်းမှာ အံမဝင်ဘူး..၊ အသင်းနဲ့တစ်သားတည်း ဖြစ်မနေဘူး..၊ အသားမကျသလို ခံစားနေရတယ်ဆိုရင် အဲဒီအသင်းက အသင်းသားတွေနဲ့ ပြင်ပမှာပါ တစ်သားထဲဖြစ်အောင် ဘယ်လိုနည်းလမ်းနဲ့ ကြိုးစားမလဲ..? ဆိုတဲ့အချက်တွေကိုပါ ထည့်သွင်း၊ စဉ်းစားသင့်ပါတယ်..။ ဖာနန်ဒို ရော၊ ရှက်ဗီ ရော.. သူတို့နှစ်ယောက်နဲ့ ပတ်သက်ရင်တော့ ‘ဒီဒီယာ’ ရဲ့ လောင်းရိပ်မိသွားခဲ့တဲ့ တစ်ချက်ကလည်း အရေးပါခဲ့ပါတယ်..။
အခန်း (၆) - စတန်းဖို့ဒ် ဘရစ်ချ်ရဲ့ မင်းသား ‘အီဒင် ဟာဇက်’
ခရစ်စ် မက်ခ်ဟာဒီ - ပြီးခဲ့တဲ့ရက်တွေက အိုဘီ ကနေ အီဒင် ဟာဇက် ကိုပေးခဲ့ဖူးတဲ့ ခရစ္စမတ် လက်ဆောင်ကတ်ဒ်လေးဟာ အတော်လေးပျံ့နှံ့နေပါတယ်..။ အဲဒီကတ်ဒ်ထဲမှာ ‘ခင်ဗျားတွေ့ခဲ့ဖူးသမျှထဲမှာ အီဒင် က အပျင်းရိဆုံး ကစားသမား’ လို့ ပြောထားတာကိုး.. ဟားဟား..။ ဒါပေမယ့် သူဟာ ခင်ဗျားတွေ့ဖူးသမျှထဲမှာ ‘အကောင်းဆုံး ကစားသမား’ ဖြစ်တယ်လို့ ပြန်တော့ ရေးထားပေးပါတယ်နော်.. ဟားဟား..။ မကြာသေးခင်ကပဲ အသက် (၃၂) နှစ်နဲ့ ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ ‘အီဒင် ဟာဇက်’ ရဲ့ အမှတ်တရတွေပေါ့ဗျာ..။
ခင်ဗျားတို့အသင်းမှာ အီဒင် ဟာဇက် စွမ်းဆောင်ပေးခဲ့တဲ့ အချက်အလက်တွေကို ပြန်ပြီးကြည့်မယ်ဆိုရင် သွင်းဂိုး (၁၀) ဂိုးအထက်၊ ဂိုးဖန်တီးမှု (၁၀) အထက် ရရှိခဲ့တဲ့ ဘောလုံးရာသီ (၆) ရာသီရှိခဲ့ပါတယ်..။ အဲဒီလို စွမ်းဆောင်မှုမျိုးဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ် မက်ဆီ တို့ကလွဲရင် တခြားသူတွေ လုပ်ပြနိုင်ဖို့ မလွယ်လောက်ပါဘူး..။ ဒါပေမယ့် ကျွန်တော်အပါအဝင် ဘောလုံးဝေဖန်သူတွေဟာ သူ့အပေါ် ထိုက်တန်တဲ့ ချီးမြှောက်မှုတွေ မပြုလုပ်ခဲ့ဘူးလို ပြောရမှာပါပဲ..။
အဲဒီအတွက် ကျွန်တော့်ဘက်က ပြန်ပြီးတောင်းပန်ရင်းနဲ့ JT ရေ.. ကျွန်တော်မေးချင်တာက အီဒင် ဟာ ခင်ဗျားကြုံခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ တစ်ဉီးချင်းစွမ်းရည် အကောင်းဆုံး ကစားသမားလို့ ပြောလို့ရခဲ့ရဲ့လား..?
ဂျွန် တယ်ရီ - (၁၀၀ %) ရာခိုင်နှုန်းပြည့် သေချာတာပေါ့..။ ကျွန်တော်နဲ့ ကစားခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အီဒင် ဟာဇက် နဲ့ ဂီယန်ဖရန်ကို ဇိုလာ တို့နှစ်ယောက်ဟာ ပင်ကိုယ်ပါရမီ အကောင်းဆုံးနဲ့ တစ်ဉီးချင်းစွမ်းရည် အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားကို ပြောပါဆိုရင်တော့ ကျွန်တော်ဟာ ‘ဖရန့် လမ်းပတ်’ ကို ရွေးပါမယ်..။ ဒါကလည်း သူ့ရဲ့နှစ်ပေါင်းများစွာ တသတ်မှတ်ထဲ ရှိနေခဲ့တဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆွတ်ခူးပေးခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ဖြစ်ပါတယ်...။
ဒါပေမယ့် တစ်ဉီးချင်းစွမ်းရည်ချင်း ယှဉ်မယ်ဆိုရင် ဟာဇက် ဟာ ထိပ်ဆုံးမှာရှိနေပါလိမ့်မယ်..။ ကိုယ့်ရဲ့အသင်းမှာ သူရှိနေပြီဆိုရင် ထင်မှတ်မထားတဲ့အချိန်မှာ ပွဲရဲ့အဖြေကို ပြောင်းလဲပေးနိုင်မယ့် အခိုက်အတန့်၊ အလှည့်အပြောင်းတွေကို မြင်ရလိမ့်မယ်.. ဆိုတဲ့ ခံစားချက်ကို ရပါတယ်..။ အဲဒီလိုကစားသမားမျိုးဟာ ကျွန်တော့်ရဲ့ ကစားသမား ဘဝတစ်လျှောက်၊ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် များများစားစား မရှိခဲ့ပါဘူး..။
အဲဒီလိုခံစားချက်၊ ယုံကြည်မှုမျိုးကို ပေးစွမ်းနိုင်တဲ့ ကစားသမားတွေထဲမှာ ရော်နယ်လ်ဒို၊ မက်ဆီ အပြင် အီဒင် ဟာဇက် လည်း ပါဝင်ပါလိမ့်မယ်..။ တကယ်လို့ သူ့ရဲ့စိတ်ထဲမှာ ဂိုးသွင်းယူပေးချင်တဲ့ဆန္ဒ အရမ်းပြင်းပြနေပြီဆိုရင် သေချာပေါက်ကို ဂိုးရအောင် သွင်းပေးနိုင်ပါလိမ့်မယ်..။ သူနဲ့တွဲကစားနေရတဲ့အချိန်မှာ ပွဲချိန်မိနစ် (၆၀) အထိ စိတ်ပျက်ဖို့ကောင်းအောင် ကစားပြချင်ပြနေလိမ့်မယ်..။ ဒါပေမယ့် သူ့ဆီကနေ မထင်မှတ်ထားတဲ့ စွမ်းဆောင်ချက်တစ်ခုဟာ ဘယ်သူကမှ မျှော်လင့်မထားတဲ့အချိန်ကျမှ ပေါ်ထွက်လာတတ်ပါတယ်..။ ဒါ့ကြောင့် အိုဘီ ပြောသလိုပါပဲ..၊ လေ့ကျင့်ကွင်းမှာဆိုရင် အီဒင် ဟာ ဘာမှကြိုးစား အားထုတ်ပြတာလည်း မရှိဘူး..၊ သူမပါတဲ့အတိုင်းပဲ လေ့ကျင့်နေရတာပါ.. ဟားဟား..။
နည်းစနစ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ၊ လေ့ကျင့်ခန်းတွေဆိုရင် သူအရမ်းပျင်းပါတယ်..။ အဲဒါနဲ့ပတ်သက်ပြီး အရင်ကလည်း တစ်ခါပြောဖူးတယ် ထင်ပါတယ်..။ ကျွန်တော်တို့ ဝက်စ်ဟမ်းအသင်းနဲ့ မကန်ခင်တစ်ရက်မှာ သူတို့အသင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်..။ ဟာဇက် က ‘ခင်ဗျားတို့ ဘာတွေလုပ်နေကြတာလဲ..? ဝက်စ်ဟမ်း..? အဲဒီအသင်းမှာ ဘယ်သူတွေကစားနေတာလဲဗျ..? တစ်ယောက်မှ မသိသလိုပဲ..။ ကျွန်တော့်ဆီသာ ဘောလုံးရောက်အောင်ပို့ပေး..၊ နှစ်ဂိုးသွင်းပြီး နိုင်အောင်ကန်ပေးမယ်..’ လို့ ပြောပါတယ်..။ အဲဒါ သူ့ရဲ့ခံယူချက်နဲ့ စိတ်ဓါတ်ပါပဲ..။
အီဒင် ဟာ ဝက်စ်ဟမ်းအသင်းက ကစားသမား တစ်ယောက်မှ မသိသလို နည်းစနစ်ပိုင်းတွေ၊ သူတို့ဘယ်လို ကစားတယ်.. ဆိုတာတွေလည်း ဂရုစိုက်တာ မဟုတ်ပါဘူး.။ သူ့ဆီကို ဘောလုံးရောက်လာရင် ဂိုးရအောင် ကြိုးစားပေးမယ်..၊ အဲဒီစိတ်ပဲ ရှိပါတယ်..။ အဲဒီလိုစိတ်ရှင်းနေလို့လည်း ဖြစ်ပါလိမ့်မယ်..။ သူ့ကိုကြည့်ရတာ အမြဲတမ်း လန်းလန်းဆန်းဆန်းပဲဗျ..။ ပွဲကန်မယ့်နေ့ဆိုရင် ကျွန်တော်တို့တွေက နာရီဝက်လောက်ကြိုပြီး အဝတ်အစားလဲ၊ ဘောလုံးကန်ဖိနပ်တွေစီးပြီး အပြည့်အစုံ ဖြစ်နေပြီ..၊ ကွင်းထဲကိုဝင်ဖို့ အရမ်းကိုစိတ်ပြင်းပြနေကြပါပြီ..။
အီဒင် ကတော့ ဖုန်းလေးတကိုင်ကိုင်နဲ့ သူ့ရဲ့ကလေးတွေနဲ့ FaceTime ပြောနေလို့ မပြီးသေးဘူး..။ ကွင်းထဲဝင်ဖို့ ငါးမိနစ်လောက်ထိ ဘာမှမလုပ်ရသေးဘူး..။ ‘အီဒင်.. ငါးမိနစ်ပဲ လိုတော့တယ်..။’.. မလှုပ်သေးဘူး..၊ ‘ဟေ့ကောင်.. နှစ်မိနစ်ပဲ လိုတော့တယ်..။’ အဲ့တော့ကျမှ အဝတ်အစားလဲတယ်..၊ ပြီးရင် ကလေးတွေနဲ့ပြန်ပြီး FaceTime ပြောနေပြန်ရော.. အဲဒီလို လူစားပါဆို..
ဂျွန် အိုဘီ မီခေးလ် - ခုနက JT ပြောတာကို နားထောင်လိုက်တာနဲ့ သူ့ရဲ့ပင်ကိုယ်ပါရမီ အရည်အသွေး ဘယ်လောက်ကောင်းသလဲ တွေ့နိုင်တာပါပဲ..။ သူဟာလေ့ကျင့်ခန်းကိုလာရင် ဘယ်တော့မှ ဖိနပ်ကြိုးသေသေချာချာ မစည်းဘူး..၊ ကွင်းထဲမှာခါးထောက်ပြီး လမ်းပဲပတ်လျှောက်နေတာပါ.. ဟားဟား..။ ကြိုးစားပမ်းစား လေ့ကျင့်တာလည်း ဘာမှမရှိပါဘူး.။ ဒါပေမယ့် စနေနေ့ပွဲကန်ပြီဆိုရင် သူ့ရဲ့အံ့မခန်း အရည်အသွေးတွေ မြင်ရတော့တာပါပဲ..။ ခင်ဗျားသူ့ကို ဘာသွားပြောမလဲ..? ဘာမှပြောနေစရာ မလိုဘူးလေဗျာ..။
ပွဲလည်းပြီးရော သူက Man of the Match ဆုရတယ်..၊ အသင်းလည်းနိုင်တယ်..။ ဒါ့ကြောင့်သူလည်း ပျော်ရတယ်..၊ ကျန်တဲ့သူတွေလည်း ပျော်ရတယ်ပေါ့ဗျာ..။ ကျွန်တော့်အတွက်တော့ အီဒင် ဟာ ပင်ကိုယ် အရည်အသွေး အကောင်းဆုံး ကစားသမားပါ..။
ဂျွန် တယ်ရီ - တကယ်လို့ ကိုယ့်ရဲ့အသင်းမှာ ဟာဇက် တို့လို ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ပါခဲ့တယ်ဆိုရင် သူတို့တွေဟာ ခံစစ်ကိုဆင်းကူတာတို့၊ နောက်ကိုဆင်းပြီး အားဖြည့်ကစားပေးတာတို့ ပြုလုပ်လိမ့်မှာ မဟုတ်ပါဘူး..။ ရော်နယ်လ်ဒို၊ မက်ဆီ တို့ ဆိုရင် အဲဒီလို ကစားသမားတွေထဲမှာ ပါလိမ့်မယ်.။ ဒါ့ကြောင့်ကျွန်တော်တို့လို ကျန်တဲ့ကစားသမား (၁၀) ယောက်က သူတို့အတွက် ပိုပြီးအလုပ်လုပ်ပေး ရပါလိမ့်မယ်..။ ဒါပေမယ့် သူ့ဆီကိုဘောလုံးရောက်သွားပြီဆိုရင် အသင်းအတွက် ပြန်ပြီးရရှိမယ့် အကျိုးအမြတ်ကလည်း အများကြီးရှိပါတယ်..။ ဒါ့ကြောင့်ကျွန်တော်တို့တွေကလည်း သူ့ရဲ့ကိုယ်စား ဝန်ကိုမျှပြီး ထမ်းပေးရတာပေါ့ဗျာ..။
တကယ်လို့ အသင်းတစ်သင်းမှာ ဟာဇက်၊ မက်ဆီ၊ ရော်နယ်လ်ဒို တို့လို သူများထက်ပိုပြီးထူးကဲ၊ ချွန်ထွက်နေတဲ့ ကစားသမား တစ်ယောက်ပါလာတယ်ဆိုရင် သူ့ရဲ့ကိုယ်စား ကျန်တဲ့ကစားသမားတွေဆီမှာ တောင်းဆိုမှုပိုပြီး များပြားလာနိုင်တာကို လက်ခံပေးနိုင်ရမှာပါ..။ အီဒင် ဟာဇက် ရဲ့ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့တဲ့ကာလဟာ ရော်နယ်လ်ဒို၊ မက်ဆီ တို့လောက် မကြာရှည်ခဲ့ပေမယ့် ကျွန်တော်ကတော့ သူ့ကို ‘စပယ်ရှယ် ကစားသမား’ တစ်ယောက်အနေနဲ့ သီးခြား၊ သတ်မှတ်ပေးထားပါတယ်..။ ဒါ့ကြောင့်သူဟာ ကြားရက်တွေမှာ လေ့ကျင့်မှုကောင်းကောင်း မလုပ်ခဲ့ပေမယ့် စနေ၊ တနင်္ဂနွေပွဲနေ့တွေမှာ သူများတွေထက် ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြနေသရွေ့ ခွင့်လွှတ်ပေးထားရတာပါပဲ.. ဟားဟား..
အပိုင်း (၅) ဆက်လက်ဖော်ပြပါမည်..။