feature-image

‘တယ်ရီ နဲ့ မီခေးလ်’ တို့ရဲ့ အပြာရောင်ရွှေခေတ် ဇာတ်လမ်းစုံ (၅)

အခန်း (၇) - 'ချယ်လ်ဆီး' (သို့မဟုတ်) မန်နေဂျာများ ထွက်ချည်၊ ဝင်ချည် ခိုနားရာ…

ခရစ်စ် မက်ခ်ဟာဒီ - ခင်ဗျားတို့နှစ်ယောက်ဟာ အီဒင် ဟာဇက် ကို ‘စပယ်ရှယ် ကစားသမား’ တစ်ယောက်အဖြစ် လီယွန်နယ် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို တို့နဲ့အတူ တစ်တန်းတည်းထား သတ်မှတ်ကြတာ စိတ်ဝင်စားဖို့ ကောင်းသားဗျ..။ ကျွန်တော်ကတော့ ခင်ဗျားတို့တွေကို ‘စပယ်ရှယ် ကစားသမားတွေး အဖြစ် သတ်မှတ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းဆိုတာ ‘ဘောလုံးအသင်း မန်နေဂျာတွေရဲ့ ထိုင်ခုံပူ’ ကြီးလို တစ်ယောက်တက်လိုက်၊ တစ်ယောက်ဆင်းလိုက် ဖြစ်နေခဲ့တဲ့ အတက်အကျတွေထဲမှာ ခင်ဗျားတို့တွေဟာ ‘ချယ်လ်ဆီးအသင်းရဲ့ ရှိသင့်တဲ့ အဆင့်အတန်း’ ကို ကျဆင်းမသွားခဲ့အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက်ပါပဲ..။

ခင်ဗျားတို့ဟာ ဟိုဆေး နဲ့အတူ ရွှေရောင်ခေတ်ကို စတင်ခဲ့တယ်..၊ သူနဲ့နှစ်ကြိမ်ပေါ့..။ နောက်ပြီး အေဗရန် ဂရန့်.. ကြားထဲမှာ JT ရဲ့ အချစ်ဆုံးမိတ်ဆွေဖြစ်တဲ့ အင်ဒရေ ဗီလက်ရှ် ဘိုအက်ရှ်..၊ ရာဖာ ဘင်နီးတက်ဇ် တို့လည်း ပါခဲ့သေးတယ်…
ဂျွန် အိုဘီ မီခေးလ် - ဟုတ်တယ်.. ဟုတ်တယ်.. ရာဖာ နဲ့ JT က တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတာ.. ဟားဟား..
ဂျွန် တယ်ရီ - ဟားဟား.. အိုဘီ ရေ.. မင်းမှတ်မိသေးလား..? ငါတို့ မန်ချက်စတာ စီးတီးနဲ့ FA ဖလားပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ထင်တာပဲ..။ အဲဒီပွဲမှာ ရာဖာ က ကျွန်တော့်ကို ထည့်ပြီးမကစားခဲ့ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပွဲမတိုင်ခင် လေ့ကျင့်ကွင်းမှာ သူနဲ့ကျွန်တော် နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး အငြင်းအခုန် ဖြစ်ကြပါတယ်..။ အဲဒါနဲ့ပဲ သူကကျွန်တော့်ကို အသင်းရဲ့ အရန်လူစာရင်းမှာ မထည့်ခဲ့ပါဘူး..။ ကျွန်တော်ကတော့ မန်ချက်စတာကိုသွားတဲ့ အသင်းနဲ့တောင် လိုက်လာခဲ့ပါသေးတယ်..။

အဲဒီပွဲမှာ ကျွန်တော်တို့ ၂ဂိုး - ၁ဂိုးနဲ့ ရှုံးခဲ့တယ်လို့ ထင်တာပါပဲ..။ ပွဲပြီးလို့ အဝတ်လဲခန်းထဲမှာ အားလုံး ‘ဘူ’ နေတဲ့အချိန် ရာဖာ က ကစားသမားတွေကို မိန့်ခွန်းခြွေပါတယ်..။ ‘ကောင်လေးတွေ.. ဒီပွဲရှုံးသွားပေမယ့် အရေးမကြီးပါဘူး..။ နောက်တစ်ပါတ်မှာ တကယ့်ပွဲကြီးပွဲကောင်း တစ်ပွဲရှိနေသေးတယ်..။ ငါတို့တွေ အဲဒီပွဲအတွက် အာရုံစိုက်ကြမယ်..’ ဆိုပြီး ပြောပါတယ်..။ အဲဒီအချိန်တုန်းက မန်ချက်စတာ စီးတီးဟာ စပြီးတိုးတက်နေပါပြီ..။ နောင်တစ်ချိန်မှာ အသင်းကြီးတစ်သင်း ဖြစ်လာမယ့် အရိပ်လက္ခဏာတွေ စတင်၊ မြင်တွေ့နေရပါပြီ..။

ဒါ့ကြောင့်သူပြောနေတာတွေ နားထောင်ရင်းနဲ့.. ‘ဟ..! ဒီဘဲတော့ နည်းနည်းများနေပြီ..။ ကိုယ့်ကိုပခုံးချင်း ယှဉ်လာတော့မယ့် အသင်းကိုအရှုံးပေးလိုက်ရတာကို ငါတို့တွေက ဘယ်လိုနည်းနဲ့ လက်ခံပေးရမှာလဲ..? မန် စီးတီးကို အရှုံးပေးလိုက်ပြီး နောက်ထပ်တစ်ပွဲမှာ ခြေစွမ်းကောင်းဖို့ မျှော်လင့်နေသေးတယ်.. ဒီလူနဲ့တော့..’ ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ဟာ ‘ဝုန်းကနဲ’ ထရပ်၊ အဝတ်လဲခန်းတစ်လျှောက်ဖြတ်ပြီး သူ့ကိုမျက်နှာချင်းဆိုင် ‘ဘုကြည့်’ သွားကြည့်ပါတယ်..။ ကျန်တဲ့ကစားသမားတွေက ကျွန်တော့်ကို အတင်းဝိုင်းပြီး ဆွဲထိုင်ကြပါတယ်..။

သူကလည်း ကျွန်တော့်ဆီကို လျှောက်လာတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ပါပဲ..။ ကျွန်တော်က ‘No.. No.. မန် စီးတီးကိုရှုံးတာ ဘယ်လိုနည်းနဲ့မှ ချယ်လ်ဆီးမှာ လက်ခံနိုင်စရာ မရှိဘူး..။ ခင်ဗျားတို့ လီဗာပူးလ်မှာဆိုရင် ဟုတ်ချင်ဟုတ်မှာပေါ့..၊ ခင်ဗျားအတွက်က ကွာတားဖိုင်နယ်မှာ ရှုံးတာကို အရမ်းကို ကြီးကျယ်တဲ့ အောင်မြင်မှု ဖြစ်ချင်ဖြစ်နေလိမ့်မယ်..။ ဒါပေမယ့် ခင်ဗျားသိထားရမှာက ‘အခုဒီမှာ ခင်ဗျားရောက်နေတာ ချယ်လ်ဆီး..၊ ချယ်လ်ဆီးမှာ ဒီလိုရလဒ်ကို လက်မခံပါဘူး..’ ပြောလိုက်ပါတယ်..။ အခုကျ တကယ့်ကို ရယ်စရာလိုပါပဲ.. ဟားဟား..   



ဂျွန် အိုဘီ မီခေးလ် - ရာဖာ က အတော်လေး ရယ်ရတဲ့သူပဲဗျ..။ သူ့နဲ့ပတ်သက်ပြီး ဘယ်လိုမှမှန်းဆလို့ မရပါဘူး..။ ဒီနေ့ပွဲမှာ ကိုယ့်ရဲ့ခြေစွမ်းကောင်းနေလို့ နောက်ပွဲကျ ထည့်ချင်မှ ထည့်ကစားတာ..၊ ဒါ့အပြင် ကိုယ့်ကိုဘာကြောင့် ချန်ထားခဲ့လဲ..? ဘယ်တော့မှ ရှင်းမပြပါဘူး..။ ကိုယ်ဟာဘာကြောင့် ပွဲထွက်လူစာရင်းမှာ မပါဝင်ရတာလဲ..? ကိုယ်ဟာဘာကြောင့် အသင်းရဲ့လူစာရင်းမှာတောင် မပါဝင်ရတာလဲ..? ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုအပ်ပါတယ်..။ ကစားသမားတွေအနေနဲ့ မန်နေဂျာတွေနဲ့ ဆက်ဆံရေး (communication) ကောင်းမွန်နေဖို့ အရေးကြီးပါတယ်..။ ဒါ့အပြင် ရိုးသားမှု (honesty) ပေါ့ဗျာ..။

မန်နေဂျာတစ်ယောက်ဟာ ခြေစွမ်းကောင်းတဲ့ ကစားသမားဖြစ်ဖြစ်၊ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားပဲဖြစ်ဖြစ်... သူတို့နဲ့အမြဲတမ်း စကားပြောနေရပါမယ်..။ ‘ဘယ်လိုနည်းနဲ့ အကူအညီ ပေးနိုင်မလဲ..? ကစားသမားဘက်က ဘာတွေလိုချင်လဲ..? ဒါမှမဟုတ် ဘာကြောင့်မို့ အသင်းရဲ့လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့လဲ..?’ စတဲ့အကြောင်းရင်းတွေကို ကစားသမားတွေဘက်က သိထားရပါမယ်..။ ရာဖာ နဲ့တော့ အဲဒီလိုစကားတွေ ကြားရမယ်လို့ မမျှော်လင့်ပါနဲ့..။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ တခါတလေကျ ကိုယ်ဟာကိုယ် ဘာမှန်းတောင် သေချာမသိတော့သလို ဖြစ်ခဲ့ပါတယ်..။

ခရစ်စ် မက်ခ်ဟာဒီ - စိတ်ဝင်စားဖို့ ကောင်းသားဗျ..။ ဟိုဆေး ဟာ ဘာကြောင့်မလို့ ‘Special One’ ဆိုတဲ့ အမည်နာမနဲ့ ထိုက်တန်ကြောင်းကို ခုနကခင်ဗျားတို့ ပြောခဲ့ကြပါတယ်..။ ခင်ဗျားတို့နဲ့ ဆုံခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ ထိုက်သင့်သလောက် ချီးမြှောက်မှုမခံခဲ့ရဘူး.. လို့ ကျွန်တော်ယူဆခဲ့တဲ့ နည်းပြတစ်ယောက်က ‘ကာလို အန်စလော့တီ’ ဖြစ်ပါတယ်..။

အီတလီနည်းပြကြီးဟာ ထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို နှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခဲ့ပြီး နည်းပြဘဝ သက်တမ်းတစ်လျှောက် သူနဲ့လက်တွဲခဲ့ဖူးတဲ့ ကစားသမားတွေကို ကြည့်မယ်ဆိုရင် ဂျူဗင်တပ်စ်အသင်းမှာ ဇီနီဒီ ဇီဒိန်း၊ အဲဒီကနေ ကာကာ၊ ရှက်ဗ်ချန်ကို တို့နဲ့အတူ ဥရောပတစ်ခွင် ကြီးစိုးနိုင်ခဲ့တဲ့ အေစီ မီလန်၊ ခင်ဗျားတို့နဲ့ ချယ်လ်ဆီးအသင်းမှာ ဆုံခဲ့တယ်..။ အဲဒီနောက်ပိုင်းမှာလည်း ပီအက်စ်ဂျီ၊ ဘိုင်ယန် မြူးနစ် အသင်းတွေမှာ အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့သလို ရီးရဲလ် မက်ဒရစ်အသင်းမှာ နှစ်ကြိမ်တိုင်တိုင် ဆုဖလားပေါင်းများစွာကို ရယူနေနိုင်ဆဲ ဖြစ်ပါတယ်..။ အီတလီနည်းပြကြီးဟာ အခုလိုအောင်မြင်မှုတွေကို နှစ်ပေါင်းများစွာ ဆွတ်ခူးရယူနိုင်ခဲ့ရတဲ့ အဓိကအကြောင်းရင်းက ဘာဖြစ်မလဲ..?

ဂျွန် အိုဘီ မီခေးလ် - မကြာသေးခင်ကပဲ အန်တိုနီယို ရူဒီဂါ ပြောခဲ့တဲ့ ‘ကစားသမားတွေကို တစ်ဉီးချင်း စီမံခန့်ခွဲ၊ အုပ်ချုပ်တဲ့နေရာမှာ (man management) အန်စလော့တီကို တစ်ယောက်မှ မမှီဘူး..’ ဆိုတဲ့ စကားတစ်ခွန်းကို ပြန်လည်မှီငြမ်းပါမယ်..။

ဂျွန် တယ်ရီ - မှန်ပါတယ်..။ ကျွန်တော်ကတော့ ရူဒီဂါ ပြောသွားတဲ့စကားကို သဘောတူပါတယ်..။ ကျွန်တော်နဲ့ လက်တွဲခဲ့ဖူးတဲ့ မန်နေဂျာတွေထဲမှာ ဟိုဆေး မော်ရင်ဟို ကို နံပါတ်တစ် အကောင်းဆုံး မန်နေဂျာလို့ သတ်မှတ်မယ်ဆိုရင် ကာလို ကတော့ ဒုတိယပဲဗျို့..။ ဒါပေမယ့် ကစားသမား တစ်ယောက်ချင်းကို အုပ်ချုပ်တဲ့ အပိုင်းမှာတော့ သူကတောင် ပိုပြီးသာလိမ့်ဉီးမယ်..။ အဲဒါကြောင့် အခုအချိန်ထိ ထိပ်ဆုံးအဆင့် အသင်းတွေမှာ နှစ်ပေါင်းများစွာ အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်..။

ဒါ့အပြင်သူဟာ ဒီနေ့ခေတ် ကစားသမားတွေရဲ့ ပြောင်းလဲသွားတဲ့ စံနှုန်းတွေ၊ သတ်မှတ်ချက်တွေကိုလည်း မှီအောင်လိုက်ပြီး စီမံ၊ ခန့်ခွဲနိုင်ခဲ့တာကို တွေ့ရပါလိမ့်မယ်..။ ကာလို ဟာ အီတလီကနေ ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့ ပထမဆုံးနေ့မှာ ရေးလ် ဝီလ်ကင် (လက်ထောက်နည်းပြ) နဲ့ အရင်ဆွေးနွေးတယ်..၊ နောက်တော့ ကျွန်တော်၊ ဖရန့် လမ်းပတ်၊ ပီတာ ချက် တို့နဲ့တွေ့ဆုံပြီး ရာသီကြိုပြင်ဆင်မှု လေ့ကျင့်ခန်း အစီအစဉ်တွေကို အတူတူ ပူးပေါင်း၊ ရေးဆွဲပါတယ်..။ သူက အီတလီမှာဆိုရင် တစ်ရက်ကိုနှစ်ကြိမ် လေ့ကျင့်ပြီး ညနေပိုင်းမှာ (၅) နာရီ၊ (၆) နာရီအထိ လေ့ကျင့်ကြတယ်လို့ ပြောပါတယ်..။



ကျွန်တော်တို့တွေက ‘ဟာ… အဲဒီအချိန်ထိ ကျွန်တော်တို့တွေ မလေ့ကျင့်နိုင်ပါဘူး..’ ဆိုပြီး ဝိုင်းပြောကြပါတယ်..။ ကာလို က ‘ဟေးဟေး.. နားထောင်ကြပါဉီး..။ အဲဒါကြောင့် ခင်ဗျားတို့နဲ့ ကျွန်တော်တိုင်ပင်ရတာပါ..။ တကယ်လို့ ခင်ဗျားတို့ သဘောမကျရင် အဲဒီလိုကျွန်တော်မလုပ်ခိုင်းပါဘူး..။ အဆင်ပြေပါတယ်..။ အဲ.. ဒါပေမယ့် ကွင်းထဲမှာ အနည်းဆုံး မိနစ် (၇၀) အထိတော့ ရှိနေပေးရမယ်..၊ ခင်ဗျားတို့ အဲဒီတစ်ချက်တော့ သဘောတူရမယ်..’ လို့ ပြောပါတယ်..။

နောက်တော့ ‘ပွဲပြီးရင် ခင်ဗျားတို့ဘာတွေလုပ်လေ့ရှိလဲ..?၊ အင်္ဂလန်က မိသားစုဘဝတွေရဲ့ အခြေအနေ..’ စသဖြင့် စနေ၊ တနင်္ဂနွေပွဲတွေပြီးလို့ မိသားစုတွေနဲ့ အနားယူတဲ့ အလေ့အထတွေကို သေသေချာချာမေးပါတယ်..။ သူက ‘အိုကေ…. တနင်္ဂနွေဆိုရင် မိသားစုဝင်တွေ၊ ကလေးတွေပါ ခေါ်လာခဲ့ပါလား..၊ ပျော်ရွှင်စရာ အစီအစဉ်တွေကို အခါအားလျှော်စွာ ပြုလုပ်ကြတာပေါ့..’ ဆိုပြီး ကစားသမားတွေအတွက် အခွင့်အရေးတွေ ဖန်တီးပေးပါတယ်..။ ဒါ့ကြောင့်ကာလို အန်စလော့တီ လက်ထက်မှာ ကျွန်တော်တို့ ကလေးတွေရဲ့ လေ့ကျင့်ကွင်းက ဓါတ်ပုံတွေ အများကြီးပါပဲ..။    

ဂျွန် အိုဘီ မီခေးလ် - yeah!.. yeah..! မှန်ပါတယ်..။ ကာလို ဟာ သိပ်ကိုထူးချွန်တဲ့ နည်းပြကောင်းတစ်ယောက် ဖြစ်သလို သူ့ရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေဟာလည်း အရမ်းကိုကောင်းပါတယ်…။ သူ့ရဲ့လက်ထက်မှာ ကျွန်တော်တို့ဟာ တစ်ဘက်ကို (၁၁) ယောက်နဲ့ ကွင်းပြည့်လေ့ကျင့်ခန်း အစီအစဉ်တွေ၊ တစ်ဘက် (၇) ယောက် ဂိုးကျဉ်းကစားပွဲ လေ့ကျင့်ခန်းတွေ မကြာခဏ ပြုလုပ်ခဲ့ရပါတယ်..။

ဂျွန် တယ်ရီ - အား… ကာလို ရဲ့ လက်ထက်တုန်းက တစ်ဘက်ကို (၁၁) ယောက် ကွင်းပြည့်ကစားရတဲ့ လေ့ကျင့်ခန်းတွေဟာ ကစားသမားတွေအတွက် အိပ်မက်ဆိုးတွေပဲဗျို့… ဟားဟား..။ သူဟာကျွန်တော်တို့ကို (၁၀) မိနစ်၊ (၁၅) မိနစ်လောက် အစွမ်းကုန်တင်ပြီး ကစားခိုင်းတယ်..၊ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခိုင်းလိမ့်မယ်..၊ အဲဒါပြီးရင် ဂိုးသွင်းလေ့ကျင့်ခန်း ပြိုင်ပွဲလေးတွေ၊ ဒါမှမဟုတ် အခြားအပေါ့စား လေ့ကျင့်ခန်း တစ်ချို့တွေနဲ့ ကြားထဲညှပ်ပြီး လေ့ကျင့်စေပါတယ်..။ ပြီးရင် နောက်ထပ် (၁၅) မိနစ်လောက် အစွမ်းကုန်ပြန်ပြီး ကစားခိုင်းမယ်.. အဲဒီလိုတစ်လှည့်စီ လေ့ကျင့်ခိုင်းတာကြောင့် သူ့ရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေဟာ သိပ်ကိုကောင်းတယ်လို့ ပြောရမှာပါပဲ..။

ပွဲပြီးလို့ပြန်လာတဲ့အချိန်တွေဆိုရင် သူဟာ လက်ထောက်နည်းပြ ရေးလ် ဝီလ်ကင် နဲ့အတူ ဝိုင်တစ်လုံးဆွဲလာပြီး ကျွန်တော်တို့ ကစားသမားတွေနဲ့အတူတူ ခွက်တိုက်၊ ဆွေးနွေးလေ့ရှိပါတယ်..။ အထူးသဖြင့် အဝေးကွင်းပွဲတွေအပြီး အပြန်ခရီးတွေမှာ ကာလို နဲ့ ရေးလ် တို့ဟာ ကျွန်တော်တို့နဲ့အတူ ဝိုင်ဖြစ်ဖြစ်၊ ဘီယာဖြစ်ဖြစ် ဝိုင်းထိုင်လေ့ရှိပါတယ်..။ သူတို့နှစ်ယောက်ဟာ တစ်ခုံပြီးတစ်ခုံကူးသွားရင်း ‘မင်းက ထောင့်ကန်ဘောမှာ လူကပ်ဖို့ ပျက်ကွက်ခဲ့လို့ ဂိုးပေးလိုက်ရတယ်..’ စသဖြင့် ပြီးခဲ့တဲ့ပွဲ သုံးသပ်ချက်တွေကို တခါထဲ ပြောပါတယ်..။

သူ့ရဲ့နည်းလမ်းဟာ နည်းနည်းထူးဆန်းတယ်လို့ ပြောနိုင်သလို လိမ္မာပါးနပ်မှု အပြည့်ရှိတယ်လို့လည်း သတ်မှတ်နိုင်ပါတယ်..။ ဒါ့အပြင် သူဟာလက်ထောက်နည်းပြတွေဖြစ်တဲ့ ရေးလ် ဝီလ်ကင်၊ ပေါလ် ကလီးမန့် တို့ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးပြီး ကစားသမားတွေကို အုပ်ချုပ်စေပါတယ်..။ အဲဒီလိုအဆင့်ဆင့် တာဝန်ခွဲဝေပြီး အုပ်ချုပ်စေတဲ့ နည်းလမ်းဟာ သူ့ရဲ့နှစ်ရှည်လများ အောင်မြင်မှုတွေမှာ အရေးပါတဲ့နေရာကနေ ပါဝင်နေတယ်လို့ ယူဆမိတာပါပဲ..။

ခရစ်စ် မက်ခ်ဟာဒီ - အိုဘီ ရေ… ဟိုဆေး၊ ကာလို တို့လို ကောင်းမွန်တဲ့ နောက်ထပ်နည်းပြတစ်ယောက် ရှိပါဉီးမယ်….။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားဟာ ‘ဂုစ် ဟစ်ဒင့်ခ် ရဲ့ ဒုတိယသား’ လို့ ကြားလို့ ကြားဖူးတာပဲ.. ဟုတ်လားဗျ.. ဟားဟား..

ဂျွန် အိုဘီ မီခေးလ် - No.. ကျွန်တော်က ‘ဂုစ် ဟစ်ဒင့်ခ် ရဲ့ သားအကြီးဆုံး (first son)’ ဖြစ်ပါတယ်..။
ဂျွန် တယ်ရီ - ဟုတ်တယ်..၊ ဟုတ်တယ်ဗျ..။ ဂုစ် ဟာ ကျွန်တော်တို့ရဲ့ ခွေးရူးလိုက်တမ်း (rondos) လေ့ကျင့်ခန်းတွေမှာ သူကိုယ်တိုင် ပါလေ့ရှိပါတယ်..။ ဂုစ် က သူလိုက်ရတော့မယ့်အလှည့်ဆိုရင် အိုဘီ က ‘ဘော့စ် ရေ.. ခင်ဗျားရဲ့အစား ကျွန်တော်အလယ်ကနေ လိုက်လုပေးမယ်..’ ဆိုပြီး သူ့ရဲ့ကိုယ်စား ကစားပေးလေ့ ရှိပါတယ်..။ အဲဒီလို အဖားကောင်းလို့လည်း ဂုစ် ဟစ်ဒင့်ခ် ဟာ မင်းကိုအပါတ်တိုင်းထည့်ပြီး ကစားခဲ့တာ ဖြစ်လိမ့်မယ်.. ဟားဟား..။

ခရစ်စ် မက်ခ်ဟာဒီ - ဂုစ် ဟစ်ဒင့်ခ် ရဲ့ အစဉ်အလာ၊ ဥရောပအသင်းတွေနဲ့ စွမ်းဆောင်ခဲ့မှု၊ တောင်ကိုရီးယား အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲအဆင့် ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့မှုတွေအတွက် ကျွန်တော်သူ့ကို အရမ်းလေးစားမိပါတယ်..။ ဒါ့အပြင် ခင်ဗျားတို့နဲ့အတူ FA ဖလား ဆွတ်ခူးနိုင်ခဲ့သေးတယ်နော..။ အဲဒီပွဲပြီးတော့ ခင်ဗျားတို့အားလုံး သူ့ကိုသေသေချာချာ တန်းစီပြီး လက်ခုပ်လက်ဝါးတီး ဂုဏ်ပြုပေးခဲ့ကြပါသေးတယ်..။ ဘာဖြစ်လို့သူ့ကို အမြဲတမ်းနည်းပြအဖြစ် ဆက်ပြီးမခန့်အပ်ခဲ့တာလဲဗျ..?



ဂျွန် အိုဘီ မီခေးလ် - အဲဒီအချိန်တုန်းက ဂုစ် ဟစ်ဒင့်ခ် ဟာ ရုရှလက်ရွေးစင်အသင်းကို ကိုင်တွယ်နေတာ ဖြစ်တဲ့အတွက် သူနဲ့အသင်းပိုင်ရှင် မစ္စတာ ရိုမန် အေဘရာမိုဗစ်ချ် တို့ရဲ့ကြားက ဆက်ဆံရေး၊ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုသဘောတူညီမှုတွေ ရှိခဲ့လဲ..? ကျွန်တော်တို့ ကောင်းကောင်း နားမလည်ပါဘူး..။ ဒါပေမယ့် ကျွန်တော်တို့အသင်း အခြေအနေမကောင်းတိုင်း သူဟာအခြေအနေတွေကို တည်တည်ငြိမ်ငြိမ် ဖြစ်သွားအောင် လာရောက်ကူညီလေ့ ရှိခဲ့ပါတယ်..။

သူရောက်လာတဲ့အချိန်တိုင်းမှာလည်း ကျွန်တော်တို့ဟာ အမှတ်ပေးဇယားမှာ ဖြစ်သင့်တာထက် ပိုပြီးသာလွန်တဲ့ အဆင့်တစ်ခုနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်...။ အဲ.. ဒီလိုနဲ့ ရာသီလည်းကုန်သွားရော.. ကျွန်တော်တို့ဟာ နောက်ထပ် မန်နေဂျာအသစ် ထပ်ပြီးရတော့တာပါပဲ..။ ဘာကြောင့်မလို့ သူဟာကျွန်တော်တို့အသင်းကို ကာလတစ်ခုအထိ ရေရှည်ကိုင်တွယ်ဖို့ မဆုံးဖြတ်ခဲ့လဲ..? ဆိုတာ ကျွန်တော်နားမလည်ပါဘူး..။ ဒါပေမယ့် သူရောက်လာတဲ့အခါတိုင်း ကျွန်တော်တို့ဟာ မွေးစားအဖေ တစ်ယောက်ရရှိသလို နွေးထွေး၊ လုံခြုံတဲ့ခံစားမှုကို ရရှိခဲ့ပါတယ်..။

တကယ်တော့ ဂုစ် ဟာ အသင်းမှာရှိတဲ့သူ အားလုံးနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလေ့ ရှိသလို အချိန်ရရင် ရသလို အကြောပြင်ခန်းက ဝန်ထမ်းတွေ၊ ဆေးအဖွဲ့ဝင်တွေ၊ ဆရာဝန်တွေ၊ ကစားသမားတွေ..၊ အရိုးအကြောပညာရှင်တွေ.. စသဖြင့် လူတိုင်းကို အချိန်ပေးပြီး စကားပြောလေ့ရှိပါတယ်..။ ဒါ့ကြောင့်အသင်းထဲမှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ရရှိခဲ့သလို ကျွန်တော်တို့အားလုံးအတွက် အဆင်ပြေတဲ့ တည်ငြိမ်မှုတွေ အရယူပေးနိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။

ဂျွန် တယ်ရီ - မန်နေဂျာတစ်ယောက် အသင်းကနေ ထုတ်ပယ်ခံရပြီဆိုတိုင်း အသင်းဟာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတာပါပဲ..။ အဲဒီလိုအခြေအနေမျိုးမှာ ဂုစ် ဟာ အခြေအနေတွေကို ဘယ်လိုနည်းနဲ့ တည်ငြိမ်အောင် ထိန်းသိမ်းရမယ်..၊ ကစားသမားတွေ၊ အသင်းရဲ့ဝန်ထမ်းတွေကြားမှာ နွေးထွေးလုံခြုံတဲ့ ခံစားမှုတွေ ပြန်လည်ရရှိအောင် ဘယ်လိုစွမ်းဆောင်ရမယ်ဆိုတာ ကောင်းကောင်းနားလည်ထားပါတယ်..။ သူဟာ ကစားသမားတွေကို ညွှန်ကြားချက်ပေးတဲ့နေရာမှာ အင်မတန်မှ ရိုးရှင်းပါတယ်..။ နားလည်လွယ်တယ်..၊ ဘာမှလျှို့ဝှက်ထားတာ မရှိဘူး..၊ ကွေ့ကောက်နေတာ မရှိပါဘူး..။

ဒါ့အပြင်သူဟာ နည်းစနစ်ပိုင်းတို့လို ရှုပ်ထွေးတဲ့အပိုင်းတွေမှာ အချိန်ကုန်သိပ်မခံပါဘူး..။ ကစားသမားတွေကြားမှာ ပျော်ရွှင်တဲ့ခံစားချက်ရရှိဖို့၊ အသင်းအတွက် အစွမ်းကုန် ပေးဆပ်နိုင်မယ့် အဆင့်တစ်ခု ရရှိလာဖို့ကိုပဲ အာရုံစိုက်လေ့ ရှိပါတယ်..။ သူဟာကျွန်တော်တို့ ကစားသမားတွေကို တကယ့်အခြေခံ အချက်လေးတွေကိုပဲ လိုက်နာဖို့ မှာကြားလေ့ရှိပါတယ်..။ ‘လေ့ကျင့်ကွင်းကိုလာတာ နောက်မကျနဲ့..၊’ ‘အသင်းနဲ့ ခရီးထွက်ရင် အချိန်မှီရောက်အောင် လာခဲ့ပါ..၊’ စသဖြင့် အဲဒီလောက်ပါပဲ..။

တကယ်လို့ တစုံတယောက်က သူ့ရဲ့ရိုးရှင်းလှတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘူး..၊ ဒါမှမဟုတ် ကွင်းထဲမှာ ဆိုးဆိုးရွားရွား ကစားခဲ့ပြီဆိုရင် သူဟာတစ်ယောက်ချင်းခေါ်ပြီး ဒဲ့ပဲပြောပါတယ်..။ ကစားသမားတွေနဲ့ သူ့ရဲ့ကြားက ဆက်ဆံရေးဟာ လုံးဝအဖြူနဲ့အမည်း (black and white) နှစ်မျိုးထဲပဲ ရှိပါတယ်..။



အခန်း (၈) - ချယ်လ်ဆီးအတွက် နှစ်ယောက်မရှိတဲ့ မစ္စတာ ရိုမန် အေဘရာမိုဗစ်ချ်

ခရစ်စ် မက်ခ်ဟာဒီ - ဟုတ်ကဲ့ပါ…။ အခုထိ ကျွန်တော်တို့တွေ ပြောခဲ့ကြတာက ချယ်လ်ဆီးအသင်းရဲ့ အဆင့်အတန်း၊ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ထုဆစ်ခဲ့ကြတဲ့နေရာမှာ အရေးပါခဲ့တဲ့သူတွေအကြောင်း ဖြစ်ပါတယ်..။ ခင်ဗျားတို့ရဲ့ ချယ်လ်ဆီးအသင်းအကြောင်းကို ပြောမယ်ဆိုရင် ဘယ်လိုမှ ချန်ထားခဲ့လို့ မရတဲ့ နောက်ထပ်ပုဂ္ဂိုလ် တစ်ဉီးကတော့ ‘မစ္စတာ ရိုမန် အေဘရာမိုဗစ်ချ်’ ပါပဲ..။ သူနဲ့ခင်ဗျားတို့ ကစားသမားတွေနဲ့ကြားက ဆက်ဆံရေးအကြောင်းကို ရှင်းပြပေးပါဉီး..။ သူဟာခင်ဗျားတို့ ချယ်လ်ဆီးအသင်းကို မိုးပေါ်က ကျလာတဲ့အလား.. ‘ဗြုန်းကနဲ’ ရောက်လာခဲ့တယ်..၊ ကျန်တာကတော့ ခင်ဗျားတို့တွေ အတူတကွ ရေးထိုးခဲ့ကြတဲ့ ရွှေရောင်သမိုင်းကြောင်းပဲပေါ့ဗျာ…

ဂျွန် တယ်ရီ - ဟုတ်တာပေါ့..။ သူဟာကျွန်တော်တို့ ချယ်လ်ဆီးအသင်း ကစားသမားတွေ၊ ပရိသတ်တွေအတွက် သာမက ကျွန်တော်တို့မျိုးဆက် ပရီးမီးယားလိဂ်ခေတ်၊ အခုနှစ်ပေါင်း (၂၀) အတွင်း အကောင်းဆုံး အသင်းပိုင်ရှင်လို့ ပြောချင်ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းကိုသာမက ပရီးမီးယားလိဂ်ရဲ့ ရေစီးကြောင်းကိုပါ ပြောင်းလဲစေခဲ့ပါတယ်..။

ခရစ်စ် ရေ.. ရိုမန် မရောက်လာခင်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခင်ဗျားတို့ မန်ချက်စတာ ယူနိုက်တက် အသင်းကပဲ တစ်ဘက်သတ်လွမ်းမိုးပြီး ဉီးဆောင်နေခဲ့တာလေ..။ ရိုမန် အေဘရာမိုဗစ်ချ် ရောက်လာပြီးတဲ့နောက်ပိုင်း သူဟာမန်ချက်စတာ ယူနိုက်တက်အသင်းကို ပလ္လင်ပေါ်ကနေ ဆွဲချနိုင်ခဲ့ပါတယ်..။ ဒါ့အပြင်ချယ်လ်ဆီးအသင်းနဲ့အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ကျွန်တော်တို့တွေတင်သာမက ပရီးမီးယားလိဂ်ရဲ့ အခြားအသင်းတွေကိုပါ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သူတင်ကိုယ်တင် ရင်ဆိုင်နိုင်စွမ်း ရှိနိုင်တယ်.. ဆိုတဲ့ ယုံကြည်မှုကိုပါ ရရှိစေခဲ့ပါတယ်…။

ရိုမန် အေဘရာမိုဗစ်ချ် ဟာ ကျွန်တော်တို့တတွေ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးတွေကို ဖန်တီးပေးခဲ့တဲ့သူလို့လည်း ပြောနိုင်ပါတယ်..။ ဒါ့ကြောင့်မစ္စတာ ရိုမန် နဲ့ ပတ်သက်ရင် ကျွန်တော်တို့ ချယ်လ်ဆီးအသင်း ပရိသတ်သာမက ပရီးမီးယားလိဂ် ပရိသတ်တွေကပါ ကျေးဇူးတင်၊ ဂုဏ်ပြုသင့်တယ်လို့ ယူဆမိပါတယ်..။ လူပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ဆိုရင် သူဟာအရမ်းကို ရှက်တတ်တဲ့သူပါ..။ ဒါပေမယ့် ကစားသမားတွေရဲ့ အကောင်းဆုံးအခြေအနေ ရရှိနိုင်ဖို့၊ အကောင်းဆုံးခြေစွမ်း ပြနိုင်ဖို့ဆိုရင် ဘာမဆို လုပ်ပေးဖို့၊ ဖြည့်ဆည်းပေးဖို့ ဝန်မလေးတဲ့သူလည်း ဖြစ်ပါတယ်.။

မစ္စတာ ရိုမန် ဟာ ချယ်လ်ဆီးကို ရောက်လာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့လေ့ကျင့်ကွင်း၊ ကစားကွင်း အခြေခံအဆောက်အဉီးတွေ၊ စတန်းဖို့ဒ် ဘရစ်ချ် မြက်ခင်းကအစ၊ ရေကူးကန်၊ အစားအသောက်..၊ အခြားထောက်ကူ ကိရိယာတွေကို အဆင့်အမြင့်ဆုံး၊ အကောင်းဆုံးတွေနဲ့ ဖြည့်ဆည်းပေးခဲ့ပါတယ်..။ ကျွန်တော်တို့တွေဘက်က တောင်းဆိုရင် ဘယ်တော့မှ ငြင်းပယ်ခဲ့တာ..၊ စောဒကတက်တာ..၊ ဈေးဆစ်ခဲ့တာတွေ မရှိပါဘူး..။

ဒါ့အပြင် ကျွန်တော်တို့နဲ့လာပြီးတွေ့တဲ့အချိန်တိုင်း သူသိချင်တာကို ရိုးရိုးသားသား၊ တိုတိုနဲ့လိုရင်းပဲ မေးပါတယ်..။ မန်နေဂျာတွေကို အပြောင်းအလဲလုပ်တော့မယ်ဆိုရင် သူ့ရဲ့မေးခွန်းတွေဟာ ရှင်းလင်းတယ်..၊ အင်အားလေ့ ရှိပါတယ်..။ ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့အသင်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့အချိန် ရိုမန် ဟာ ကစားသမားတွေအားလုံးကို စုခိုင်းပြီး နှစ်ခါလောက် စကားပြောဖူးပါတယ်..။ ကျွန်တော်ကတော့ ကြားထဲက ဓါးစာခံ ဖြစ်တောပေါ့ဗျာ..။ သူမေးတာ ရှင်းရှင်းလေးပါ.. ‘အခုလက်ရှိ စွမ်းဆောင်ရည်တွေဟာ လက်ခံနိုင်တဲ့အဆင့် မရှိပါဘူး.။ ဘာကြောင့်အဲဒီလိုဖြစ်နေရလဲ..? သိချင်တယ်..။’ ဒါပါပဲ..။

အဲဒီအချိန်မှာ ကျွန်တော်တို့တွေကလည်း ကိုယ်မြင်တဲ့အတိုင်း ရိုးရိုးသားသားပဲ ပြန်ဖြေရတာပေါ့..။ အထူးသဖြင့် အသင်းပိုင်ရှင်ကြီးရဲ့ရှေ့မှောက်မှာ တစ်ယောက်နဲ့တစ်ယောက် ဝေဖန်၊ တူးဆွရတာ သိပ်ကိုခက်ခဲပါတယ်..။ ဒါပေမယ့် ရိုမန် ဟာ ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးအဆင့်အတန်းကို လိုချင်တဲ့အတွက် အဲဒီလိုလုပ်ရတာ ဖြစ်ပါတယ်..။ သူဟာဘယ်သူနဲ့မှမတူတဲ့၊ နှိုင်းလို့မရတဲ့ အသင်းပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်..။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကြောင့် ချယ်လ်ဆီးအသင်းဟာ ရိုမန် နဲ့ လမ်းခွဲလိုက်ရတာ အင်မတန်မှ ဝမ်းနည်းဖို့ ကောင်းပါတယ်..။

Ok.. ဘောလုံးလောကဆိုတာ ဒီလိုပါပဲဗျာ..။ အချိန်နဲ့အမျှ တစ်ယောက်တက်၊ တစ်ယောက်ဆင်း ခရီးဆက်နေရတာပါပဲ..။ ဒါပေမယ့် ရိုမန် အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းကြောင်းမှာ အရှိန်အဝါကြီးကြီးနဲ့ ဆက်လက်ပြီး အဓွန့်ရှည်ကျန်ရစ်နေမှာပါ..။



ခရစ်စ် မက်ခ်ဟာဒီ - JT ရေ.. ဘောလုံးလောကရဲ့အကြောင်းနဲ့ ပတ်သက်ရင် ရိုမန် ဟာ ခရေတွင်းကျ အတော်လေးကို နှံ့နှံ့စပ်စပ် သိထားတယ်.. လို့ အရင်တုန်းက ခင်ဗျားတစ်ခါ ပြောဖူးတယ်ထင်တယ်..။ ဒါ့ကြောင့်သူဟာ Football Manager ဂိမ်းကို တစ်ချိန်လုံးစွဲစွဲလန်းလန်း ကစားနေတဲ့ သူတစ်ယောက်နဲ့များ တူနေမလား..?

ဂျွန် တယ်ရီ - ဟုတ်ကဲ့… ဘော့စ် ရဲ့ အထူးအခွင့်အရေး ပေးသနားမှုနဲ့အတူ ကျွန်တော်ဟာ သူ့ရဲနာမည်ကျော် ဇိမ်ခံရွက်လှေကြီးပေါ်ကို တစ်ခါရောက်ခဲ့ပါတယ်..။ နွေရာသီအားလပ်ရက်မှာ သူ့ရဲ့အထူးဖိတ်ကြားမှုနဲ့အတူ ညစာစားသုံးခွင့်ရခဲ့ပါတယ်..။ ပြင်သစ်တောင်ပိုင်းမှာ အပန်းဖြေနေရင်း ညဉ့်သန်းခေါင်ကျော်အချိန် ကျွန်တော်တို့နဲ့အတူ TV ကနေ လာနေတဲ့ ဘရာဇီးလ်လိဂ် ဘောလုံးပွဲတစ်ပွဲ ကြည့်ပါတယ်..။ သူဌေးက ဘရာဇီးလ် ကစားသမားတစ်ယောက်ကို လက်ညှိုးထို့းပြပြီး ‘အဲ့ကောင်လေး ကို ကျွန်တော်ကြိုက်တယ်ဗျာ..။ ခင်ဗျားတို့ သေသေချာချာ ကြည့်ပါဉီး…။ အဲ့ကောင်လေးက အခုမှအသက် (၁၇) နှစ်ပဲ ရှိသေးတာ..’ လို့ ပြောပါတယ်..။ သူပြောတဲ့ကောင်လေးကို ကျွန်တော်တို့ တခါမှ မကြားဖူး၊ သူကန်နေတဲ့ အသင်းကိုလည်း မသိခဲ့ပါဘူး…။

ဘော့စ် ကတော့ သူစိတ်ဝင်စားတဲ့ လိဂ်ပြိုင်ပွဲတွေ၊ ကစားသမားတွေအကြောင်း အသေးစိတ်တွေကအစ သိထားပါတယ်..။ သူဟာကမ္ဘာတစ်ဝန်းက လိဂ်ပြိုင်ပွဲတွေ၊ ကစားသမားတွေရဲ့ အကြောင်းတွေကို လေ့လာနေခဲ့ပြီး ကျွန်တော်တို့အသင်းအတွက်၊ အသင်းမန်နေဂျာတွေအတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ဖြည့်ဆည်းမှုတွေ ပြုလုပ်ပေးနိုင်ဖို့ စိတ်အားထက်သန်ခဲ့တာပါ..။ ကျွန်တော့်ရဲ့စိတ်အထင် ကျွန်တော်တို့ ချယ်လ်ဆီးအသင်းမှာ ခြေစွမ်းအကောင်းဆုံးအချိန်တုန်းက ရိုမန် ဟာ အသင်းနဲ့ ပတ်သက်တဲ့ အရာရာအားလုံးကို ထိန်းချုပ်ထားတယ်လို့ ထင်တာပဲ..။

ဂျွန် အိုဘီ မီခေးလ် - Yeah..! မှန်တာပေါ့..။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ရှုံးပြီဆိုရင် လေ့ကျင့်ကွင်းထဲကို သူ့ရဲ့ဟယ်လီကော့ပတာကြီး ရောက်လာတာပါပဲ.. ဟားဟား..။ အဲဒီနောက်ပိုင်း ဘာတွေဖြစ်လာသလဲ..? ခင်ဗျားတို့ သိကြတဲ့အတိုင်းပေါ့ဗျာ.. ဟားဟား..၊ တစ်ယောက်ယောက်ကတော့ ‘လစ်’ သွားရတာပဲဗျ..။ ကိုယ့်အလှည့် မရောက်လာဖို့ကိုပဲ ဆုတောင်းရတာပေါ့… ဟားဟား..။

ဒါပေမယ့် ရိုမန် ဟာ အရမ်းကိုခင်မင်၊ ရင်းနှီးဖို့ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ တကယ်လို့ ကျွန်တော်တို့ အခုလက်ရှိ ချယ်လ်ဆီးအသင်းဆိုတာ ဒီလိုအဆင့်မျိုးရောက်လာအောင် မောင်းနှင်၊ တွန်းတင်ပေးခဲ့တဲ့သူဟာ ‘မစ္စတာ ရိုမန်’ ပါပဲ..။ ဒါ့ကြောင့်ကျွန်တော်ကတော့ သူ့ကိုအထူးလေးစား၊ အားကျမိပါတယ်..။ သူနဲ့ပတ်သက်ပြီး ဖြစ်ပျက်သွားရတဲ့ ကိစ္စတွေဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ..။

အပိုင်း (၆) ဆက်လက်တင်ဆက်ပါမည်..။