‘ဘောလုံးရာသီ တစ်ခုရဲ့ အောင်မြင်မှုကို သုံးသပ်တဲ့အခါမှာ ပန်းဝင်ခရီးကို ဘယ်လိုပုံစံ၊ ဘယ်လိုနည်းနဲ့ ရောက်အောင်သွားခဲ့လဲဆိုတာ အရေးမကြီးပါဘူး..’ လို့ ကျွန်တော်တို့ မကြာခဏပြောလေ့ ရှိပါတယ်..။ ဥပမာ ပြရမယ်ဆိုရင် အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် ပွဲ (၃၀) အနိုင်ရရမယ်..၊ (၅) ပွဲသရေ၊ (၃) ပွဲရှုံးမယ်ပေါ့..။ အဲဒီရှုံးပွဲ (၃) ပွဲဟာ ရာသီစစချင်း သုံးပွဲဆက်တိုက် ရှုံးတာပဲဖြစ်ဖြစ်၊ ဆယ်ပွဲကန်ပြီးတိုင်း တစ်ပွဲရှုံးတာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး..၊ တကယ်အရေးကြီးတာက အနိုင်ပွဲ (၃၀) ကို ဘယ်လိုရရှိအောင် စွမ်းဆောင်ခဲ့သလဲ.. ဆိုတာပဲ ဖြစ်ပါတယ်..။
ဒါပေမယ့် တခါတလေမှာ ရာသီအစပိုင်း၊ တာထွက်ကာလဟာ တစ်ရာသီလုံးရဲ့ ရလဒ်ကို ဆုံးဖြတ်ပေးသွားတတ်ပါတယ်..။ ကိုယ့်အသင်းဟာ တာထွက်ကောင်းခဲ့မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အသင်းနဲ့ အဓိကပြိုင်ဘက်တွေကြားမှာ စိတ်ချရမယ့် အမှတ်ကွာခြားချက် ရှိလာမယ်..၊ ကျန်တဲ့အသင်းတွေက ကိုယ့်နောက်ကို လိုက်နေကြတယ် ဆိုတဲ့ ခံစားချက်ကို ရရှိပါတယ်..။ ကိုယ့်အသင်းက တစ်ပွဲတစ်ပွဲ အနိုင်ရရှိလိုက်တိုင်း နောက်ကလိုက်နေတဲ့ အသင်းတွေမှာ ဖိအားတွေ ပိုပြီးပိုပြီး များလာပါတယ်..။
ဒ့ါအပြင် တာထွက်ကောင်းမွန်ခြင်းဟာ ကိုယ့်အသင်းသားတွေ အချင်းချင်းကြားမှာ ယုံကြည်မှု ပိုမိုမြင့်မားလာစေသလို အသင်းသားတွေချင်းအပြင် အသင်းသားတွေနဲ့ ပရိသတ်တွေရဲ့ ကြားမှာပါ တည်ငြိမ်၊ အေးဆေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရရှိစေပါတယ်..။ နိုင်ပွဲတွေဟာ ‘အောင်ပွဲတွေ၊ အနိုင်ပွဲတွေ ဆာလောင်စိတ်’ ပိုပြီးပြင်းပြစေပါတယ်..။
ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ကစားနေစဉ်တုန်းက ကျွန်တော်တို့အသင်းဟာ ရာသီအစ တာထွက်ကောင်းတတ်ပါတယ်..။ ဘာဖြစ်လို့ အဲဒီလို တာထွက်ကောင်းရလဲဆိုရင် ကျွန်တော်တို့ဟာ ရာသီကြိုပြင်ဆင်မှုတွေ အကောင်းဆုံး ပြုလုပ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်..။ ရာသီကြို ပြင်ဆင်မှုတွေဟာ အောင်မြင်မှုတွေမှာ အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်ပါတယ်..။ ရာသီကြိုပြင်ဆင်မှုတွေအပေါ် အားရမိခဲ့တဲ့ရာသီတိုင်း အောင်မြင်မှု ရရှိလိမ့်မယ်လို့ ကြိုတင်ခံစားမိခဲ့သလို ရာသီကြို ပြင်ဆင်မှုတွေ အားမရမိခဲ့တဲ့ ရာသီတွေမှာ တာထွက်မကောင်းခဲ့သလို အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတတ်ပါတယ်..။
ဒ့ါကြောင့် ကောင်းမွန်တဲ့ ရာသီကြို ပြင်ဆင်မှုဟာ ဘာလဲ..? လို့ မေးခဲ့မယ်ဆိုရင် ‘ကစားသမားတွေအားလုံး ကြံ့ခိုင်မှုအပြည့်နဲ့ ရာသီတစ်ခုကို စတင်နိုင်ခြင်းကို ဆိုလိုပါတယ်’ လို့ ဖြေကြားလိုက်ပါတယ်..။
ခြွင်းချက်အနေနဲ့ လူးဝစ်စ် စကိုလာရီ တာဝန်ယူခဲ့တဲ့ ဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ ပွဲဦးထွက် ငါးပွဲမှာ လေးပွဲနိုင်ခဲ့ပြီး တာထွက်ကောင်းခဲ့ပါတယ်..။ ဒ့ါပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တဖြည်းဖြည်းနဲ့ မှိန်ဖျော့သွားခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ဘောလုံးရာသီကို အစကောင်းခဲ့ပေမယ့် အဲဒီရာသီအစက လူစာရင်းအတိုင်းပဲ တစ်ရာသီလုံးလိုလို ကစားနေတဲ့အခါ ကျန်တဲ့ကစားသမားတွေနဲ့ ဆက်တိုက်ပွဲကစားနေရတဲ့ ကစားသမားတွေရဲ့ကြားမှာ သိသိသာသာ ကွာခြားသွားပါတယ်..။
ဒါ့အပြင်ကြံ့ခိုင်မှုအတွက် ပြင်ဆင်တဲ့နေရာမှာ အခြေခံကောင်းဖို့လည်း လိုအပ်ပါတယ်..။ အခြေမခိုင်ပဲ ကြံ့ခိုင်မှုအားပြည့်တာ စောလွန်းခဲ့ရင် စောစောစီးစီး အားကုန်သွားတတ်ပါတယ်..။ လူးဝစ်စ် စကိုလာရီ တာဝန်ယူခဲ့တဲ့ ဘောလုံးရာသီမှာ နိုဝင်ဘာ၊ ဒီဇင်ဘာ ပွဲကျပ်ကာလကို ရောက်တဲ့အချိန် ခုနက ကျွန်တော်ပြောခဲ့တဲ့ အချက်နှစ်ချက် ပေါင်းဆုံသွားခဲ့တယ်လို့ ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဆီမှာ ပွဲစဉ် (၃၈) အထိ အရှိန်အဟုန်အပြည့် ကစားနိုင်မယ့် ကြံ့ခိုင်မှုမျိုး မရှိခဲ့ပါဘူး..။ ဒ့ါကြောင့် ဒီဇင်ဘာ ပွဲကျပ်ကာလကို ရောက်လာချိန်မှာ တစ်ခုခုမှားယွင်းနေခဲ့ပြီဆိုတာ ကျွန်တော်တို့ ခံစားမိခဲ့ပါတယ်..။
နောက်ပြီးချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ ၂၀၁၂ ဘောလုံးရာသီအပြီး နောက်တစ်ရာသီမှာလည်း ရာသီကြိုပြင်ဆင်မှုတွေ ကောင်းကောင်းမပြုလုပ်ခဲ့ရဘူး..။ ဒ့ါကြောင့်တစ်ချို့ပွဲတွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားနိုင်ခဲ့ပေမယ့် ပြိုင်ပွဲတွေ များလွန်းတဲ့အပြင် လေ့ကျင့်၊ ပြင်ဆင်ချိန် နည်းလွန်းခဲ့တာကြောင့် ကျွန်တော်တို့ ပေးဆပ်ခဲ့ရပါတယ်..။
အဲဒီဘောလုံးရာသီမှာ ယူရိုပါလိဂ် ဖလား ဗိုလ်စွဲခဲ့ပေမယ့် မန်နေဂျာ ရော်ဘတ်တို ဒီမက်တီယို ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်..။ ကျွန်တော်တို့ဘက်က ထိုက်သင့်တဲ့ ကြိုးစား၊ အားထုတ်မှုမျိုးနဲ့ မပေးဆပ်နိုင်ခဲ့တဲ့အပြင် ရာသီအစအတွက် အသင့်မဖြစ်ခဲ့ဘူးလို့လည်း ခံစားမိခဲ့ရပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ ကစားသမားတွေရဲ့ စိတ်ထဲမှာ ရာသီကြို ပြင်ဆင်မှုတွေအပေါ် အားရတယ်..၊ ကြံ့ခိုင်မှု ကောင်းမွန်တယ်လို့ ကိုယ့်ကိုယ်ကို အားရမိခဲ့ရင် ရာသီအစ ကောင်းတတ်တယ်..၊ ပြီးရင်ကြံ့ခိုင်မှု အရှိန်အဟုန်ကို အချိန်ကြာကြာ ပိုပြီးထိန်းထားနိုင်ပါတယ်..။ သဘောကတော့ ရာသီတစ်ခုလုံးအတွက် မောင်းနှင်နိုင်မယ့် လောင်စာဆီတွေကို ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲ ဘယ်လောက်များများ သိုလှောင်ထားနိုင်မလဲ..? အရေးကြီးပါတယ်..။ တစ်လစာ၊ နှစ်လစာလောက် သိုလှောင်ထားရုံနဲ့ တစ်ရာသီလုံး ခရီးဆက်လို့ မရပါဘူး..။
ကျွန်တော်အမှတ်အရဆုံး ရာသီအစပိုင်း တာထွက်ကာလကတော့ ချယ်လ်ဆီးကိုရောက်ပြီး ဒုတိယဘောလုံးရာသီမှာ (၂၀၀၅/၀၆) ရာသီအစပိုင်း ဖြစ်ပါတယ်..။ ကျွန်တော်တို့ဟာ ရာသီအစ ကိုးပွဲစလုံး အနိုင်ရရှိခဲ့ပါတယ်..။ ရာသီမစခင်မှာ ကျွန်တော်တို့ဟာ လက်ရှိချန်ပီယံ အသင်းလည်း ဖြစ်တာကြောင့် အသင်းတိုင်းက ကျွန်တော်တို့ကို အနိုင်ရချင်၊ ဦးချိုးချင်နေပါတယ်..။ ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် invincibles တွေကို ထူးခြားတဲ့ အောင်မြင်မှု ရယူနိုင်ခဲ့တာကြောင့် နောက်တစ်ရာသီမှာ အဲဒီလိုဆက်ပြီး လုပ်နိုင်ပါ့မလား..? အာလုံးက စိတ်ဝင်စားခဲ့ကြပါတယ်..။
ရာသီစတင်ချိန်မှာ ကျွန်တော်တို့ဟာ ရာသီအစ ခြောက်ပွဲဆက်တိုက် ပေးဂိုးမရှိခဲ့တာကြောင့် ကျွန်တော်တို့အသင်းကို ဘယ်ကစားသမားက ပထမဆုံး အဖွင့်ဂိုးသွင်းပေးနိုင်မလဲ..? ဆိုပြီး လောင်းကြေးအဖွင့်ခံခဲ့ရပါတယ်..။ အက်စ်တွန် ဗီလာအသင်းက လုခ် မိုး က ကျွန်တော်တို့ကို ပထမဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်..။ အဲဒီပွဲဟာ ကျွန်တော်တို့ရဲ့ ဘောလုံးရာသီ ခုနှစ်ပွဲမြောက်ပွဲ ဖြစ်ခဲ့ပါတယ်..။
ဒီလိုနဲ့ ကိုးပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့အခါမှာ အားလုံးက စောစောစီးစီး လက်မြှောက်သွားကြပါတယ်..။ ကျွန်တော်တို့ဟာ အမှတ်ပေးဇယားမှာ ကိုယ့်အသင်းရဲ့အောက်က အသင်းတွေကို အနိုင်ပွဲတွေနဲ့ ပြန်ပြီးဖိအား ပေးနိုင်ခဲ့ပါတယ်..။ ထိပ်ဆုံးကနေ အမှတ်ဖြတ်ထားနိုင်တဲ့အခါ တစ်ပန်းသာတာက ကျွန်တော်တို့ဟာ တစ်ပွဲတစ်လေ၊ အမှားအယွင်း ပြုလုပ်လို့ ရပေမယ့် ကိုယ့်အောက်က အသင်းတွေက အမှားအယွင်းလုံး၀ ပြုလုပ်လို့ မရနိုင်တော့တာကြောင့် သူတို့အတွက် ဖိအားပိုများပါတယ်..။
ဒ့ါကြောင့်ရာသီအစ တာထွက်ကောင်းတာဟာ ကောင်းပါတယ်..၊ ဒါပေမယ့် အဲဒါဟာ ‘အစကောင်းပါတယ်..’ ဆိုတာထက် မပိုသလို နောက်ဆုံးရာသီကုန်ချိန်မှာ ဘယ်နှစ်မှတ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မဟုတ်ပါဘူး..။ တာထွက်ဆိုးရွားပြီး အစောပိုင်းတွေ အကုန်ရှုံးခဲ့ရင်လည်း အခွင့်အရေး လုံးဝကုန်ဆုံးသွားတာ မဟုတ်ပါဘူး..။ ဒါပေမယ့် ပိုပြီးတော့ ခက်ခဲသွားတာပေ့ါ…။
ရာသီအစ တာထွက်ကောင်းဖို့.. ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် အမှတ်ပေးပြိုင်ပွဲ တစ်ခုမှာ အရေးအကြီးဆုံးက အမှတ်ရအောင် ဘယ်လိုယူမလဲ..? ဆိုတာနဲ့ အဆုံးသတ်အပိုင်းမှာ ကောင်းမွန်ဖို့ပါပဲ.။ တာထွက်ကောင်းဖို့ အရေးမကြီးဘူး.. လို့တော့ မဟုတ်ပါဘူး..။ ရာသီအစ တာထွက်ကာလ အနေအထားဟာ အသင်းရဲ့ အရှိန်အဝါကို ပိုမိုကြီးမားစေသလို အသင်းသားတွေအချင်းချင်းကြားမှာ ယုံကြည်မှုနဲ့ နိုင်လိုစိတ် ပိုမိုကြီးမားလာစေပါတယ်..။
မပြီးဆုံးသေးတဲ့ ဇာတ်လမ်းကို ဆက်ကဦးမယ့် ‘ရိုမီလူ လူကာကူ..’
ကျွန်တော်တို့ဟာ ဒီနှစ်ဘောလုံးရာသီရဲ့ ကြီးမားတဲ့ ခေါ်ယူမှုတစ်ခုဖြစ်တဲ့ ‘ရိုမီလူ လူကာကူ’ ရဲ့ အိမ်ပြန်ခရီးကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီးပါပြီ..။ လွန်ခဲ့တဲ့ဆယ်နှစ် အပြာရောင်အသင်းသား တစ်ယောက်အနေနဲ့ ပထမအကြိမ် ရောက်ရှိစဉ်က သူဟာကျွန်တော့်ရဲ့ အသင်းသား တစ်ယောက်ပါ..။ အဲဒီအချိန်က အကြောင်းတွေကို ပြန်ပြောရမယ်ဆိုရင် အသက် (၁၆) နှစ်နဲ့ ဘယ်လ်ဂျီယမ်လိဂ်လို ပြိုင်ပွဲအဆင့်မျိုးမှာ ဂိုးတွေတဒိုင်းဒိုင်း သွင်းပြီဆိုရင် အဲဒီလူငယ်တိုက်စစ်မှူးလေးဟာ ပင်ကိုယ်ပါရမီ ကောင်းမွန်ပြီး အလားအလာကောင်းတွေ ရှိတယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းကို သူရောက်လာတဲ့အချိန်မှာ ဒီဒီယာ ဒရော့ဘာ က အကောင်းဆုံးခြေစွမ်း ရနေတဲ့အချိန် ဖြစ်နေပါတယ်..။ ဒီဒီယာ ဟာ အသင်းအတွက် ဂိုးတွေသွင်းပေးနေသလို ကျွန်တော်တို့ကလည်း သူ့ကိုဘယ်လို အသုံးချရမလဲ.. ကောင်းကောင်းသိနေပါတယ်..။ ဒါ့အပြင် လူကာကူ ဟာ အန်ဒါလက်ခ်ျ အသင်းမှာ လျှင်မြန်မှုကိုပဲ အသားပေး ကစားခဲ့တာကြောင့် ကျွန်တော်တို့ဆီကို ရောက်လာတဲ့အချိန်တုန်းက သူ့ရဲ့ hold up play ကစားပုံနဲ့ ဘောလုံးအထိန်းအသိမ်းတွေဟာ အခုလိုမဟုတ်သေးပါဘူး..။
သူ့ရဲ့ပြေးလမ်းထဲကို ထိုးပေးလိုက်မယ်ဆိုရင် သူ့ရဲ့ခွန်အား၊ အမြန်နှုန်းနဲ့ နောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဂိုးသွင်းအဆုံးသတ် ကောင်းမွန်ပေမယ့် အဲဒီအချိန်က ချယ်လ်ဆီးအသင်းမှာ အထောင်တိုက်စစ်မှူး’No.9’ တွေကို အသုံးချတဲ့ ပုံစံဟာ သူကစားတတ်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး.။ နောက်ပြီးပရီးမီးယားလိဂ်ဟာ ဘယ်လ်ဂျီယမ်လိဂ်ထက် ပိုပြီးစိန်ခေါ်မှု ကြီးမားပါတယ်..။ ဒ့ါကြောင့်သူဟာ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ အချိန်ယူခဲ့ရသလို သူ့ရဲ့ဘဝလမ်းကြောင်းဟာ တခြားဘက်စီ ချော်ထွက်သွားခဲ့ပါတယ်..။
ဒါပေမယ့် သူဟာရောက်လေရာ အသင်းတွေမှာ အောင်မြင်ခဲ့သလို တစ်နှစ်ထက်တစ်နှစ် ပိုပြီးတိုးတက်လာပါတယ်..။ သူ့ရဲ့ပြောစကားတွေကို နားထောင်ကြည့်မယ်ဆိုရင်လည်း သူဟာတိုးတက်ဖို့ လိုအပ်နေသေးတဲ့အကြောင်း အမြဲတမ်းပြောလေ့ရှိသလို ကိုယ့်ကိုယ်ကို တင်းတိမ်၊ ကျေနပ်အားရနေတဲ့သူ မဟုတ်တာကို တွေ့နိုင်ပါတယ်..။ အခုဆိုရင် သူဟာပိုပြီး ပြည့်စုံတဲ့ ကစားသမား တစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တဲ့အပြင် သူ့ကိုအရခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ အထူးကျေနပ်ခဲ့ရပါတယ်..။
သူဟာချယ်လ်ဆီးအသင်း အပြန်ခရီးမှာ ဘာတွေစွမ်းဆောင်ပေးရမယ်.. ဆိုတာ ကောင်းကောင်းသိထားသလို မပြီးသေးတဲ့ဇာတ်လမ်းတွေ ဆက်ပြီးကဖို့ ရှိနေသေးတယ်.. ဆိုတဲ့ ခံစားချက် သူ့ဆီမှာ ရှိနေပါတယ်…။ ဒ့ါကြောင့်အစစအရာရာဟာ ချောချောမွေ့မွေ့နဲ့ သူလိုချင်တဲ့အတိုင်း အံဝင်ဂွင်ကျ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီမပြီးဆုံးသေးတဲ့ သက်သေပြစရာတွေဟာ အေးအေးဆေးဆေးနဲ့ ပြီးဆုံးသွားပါလိမ့်မယ်..။
ဒ့ါကြောင့်လူတိုင်းလူတိုင်းမှာ ခြားနားတဲ့ လမ်းကြောင်းတွေ ရှိကြသလို အစမကောင်းသော်ငြား အနှောင်းသေချာသွားတဲ့သူတွေ အများကြီးရှိပါတယ်..။ ဒ့ါကြောင့်အခွင့်အလမ်းတွေ၊ တခြားသော ခြားနားတဲ့ လမ်းကြောင်းတွေ၊ ဖောက်ထွက်မှုတွေကို ပစ်ပယ်ထားလို့ မရတဲ့အကြောင်း ယခုတစ်ပါတ်အတွက် ကျွန်တော့်ရဲ့ ‘Petr Cech Column’ ကဏ္ဍကနေ တင်ဆက်လိုက်ပါတယ်..။
(Chelsea Official Website မှ ဆောင်းပါးရှင် Petr Cech ၏ ‘Petr Cech column: Setting the tone and Romelu's return’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)