feature-image

‘မားကို့စ် အလွန်ဆို’ နှင့် ချယ်လ်ဆီးအသင်း၏ Left Wing Back နေရာတိုက်ပွဲ..

ယခုနှစ်ဘောလုံးရာသီ၊ ရာသီစတင်ချိန်တွင် ‘မားကို့စ် အလွန်ဆို’ မှာ ချယ်လ်ဆီးအသင်း၏ ဘယ်အစွန် နောက်ခံလူအဖြစ် ပွဲထွက်ကစားသမားနေရာ ပုံသေရရှိနေခဲ့သည်..။ တကယ်တော့ စပိန်ဘယ်နောက်ခံလူမှာ နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး အီတလီစီးရီးအေ အသင်းများနှင့် နီးစပ်ခဲ့သေးသည်..။ သို့သော် မားကို့စ် မှာ ထိုသို့သော အနေအထားမှ နည်းပြသောမတ်စ် တူခယ်လ် ၏ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်နေရာရလာအောင် ကြိုးစား၊ တိုက်ပွဲဝင်ခဲ့သည်..။

အင်္ဂလန်လက်ရွေးစင် ကစားသမား 'ဘင် ချီးဝဲလ်' မှာ မနှစ်ကဘောလုံးရာသီတွင် ဘယ်နောက်ခံလူ နေရာအတွက် ပထမဦးစားပေး ကစားသမား ဖြစ်ခဲ့သော်လည်း ၂၀၂၁/၂၂ ဘောလုံးရာသီတွင် ဇင်းနစ်အသင်းနှင့်ပွဲ၌ (၁၀) မိနစ်ခန့်သာ ကစားခွင့် ရရှိထားသေးသည်..။ ထို့ကြောင့်ချယ်လ်ဆီး အသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ရလဒ်ကောင်း၊ ပုံစံကောင်းများ ရရှိနေသော်လည်း အသင်း၏ ဘယ်နောက်ခံလူ left wing back ကစားခွင့်နေရာမှာ ပရိသတ်အများစု မျှော်လင့်ခဲ့သည့် အနေအထားမျိုး မဟုတ်ခဲ့ပေ..။

တကယ်တမ်းတော့ မားကို့စ် အလွန်ဆို မှာ ယခုနှစ်ဘောလုံးရာသီတွင် သူ၏အကောင်းဆုံးခြေစွမ်းကို ရရှိနေသလို wing back တစ်ယောက်အဖြစ် ခံစစ်ပိုင်းကိုတာဝန်ယူရသော်ငြား အသင်း၏ တိုက်စစ်ပိုင်းတွင် ထိရောက်စွာ ပံ့ပိုးပေးနိုင်သူ၊ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်သူတစ်ယောက် ဖြစ်ပါသည်..။ ဘင် ချီးဝဲလ် မှာ ခံစစ်ပိုင်း ကူညီမှုနှင့် ခံစစ်ပိုင်းနေရာယူမှုအပိုင်းတွင် ပိုမိုကောင်းမွန်သူ တစ်ယောက်ဖြစ်သော်လည်း wing back နေရာတွင် မားကို့စ် မှာ အင်္ဂလန်အသင်းဖော်ထက် အတွေ့အကြုံရော၊ ကစားရမည့် နေရာအပေါ် နားလည်နိုင်စွမ်းတွင်ပါ ပိုမိုသာလွန်ခဲ့ပါသည်..။



စွမ်းဆောင်ရည်ပိုင်း အချက်အလက်များအရ လေ့လာကြည့်လျှင် မားကို့စ် အလွန်ဆို မှာ ပရီးမီးယားလိဂ် (၄) ပွဲတွင် တစ်ဂိုးသွင်းယူထားပြီး ဖြစ်သလို တစ်ပွဲလျှင် ပျမ်းမျှ ဂိုးကန်သွင်းချက် (average shots) (၁.၃) ကြိမ်နှင့် ထိရောက်သည့် ပေးပို့မှု (key pass per game) (၂) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။ စပိန်နောက်ခံလူမှာ အသင်း၏ ဘယ်တောင်ပံခြမ်းမှ တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးနေသလို ညာတောင်ပံမှ ရိစ် ဂျိမ်းစ် မှာလည်း အလားတူ တိုက်စစ်ပိုင်း ပံ့ပိုးမှုမျိုးကို ပြုလုပ်ပေးလျှက်ရှိသည်..။ နည်းပြ သောမတ်စ် တူခယ်လ် မှာ သူ၏ကစားကွက်တွင် wing back နှစ်ယောက်ကို တောင်ပံတစ်လျှောက် အတက်အဆင်း ထိုးဖောက်မှု (width)၊ ဂိုးဖန်တီးမှု (creativity) နှင့် ဂိုးပေါက်ခြိမ်းခြောက်မှု (goal threat) များအထိ ပြုလုပ်ရန် တာဝန်ပေးထားခဲ့သည်..။

တိုက်စစ်ပိုင်း အချက်အလက်များအရ မားကို့ အလွန်ဆို မှာ မနှစ်ကဘောလုံးရာသီတွင် တစ်ရာသီလုံး မိနစ် (၉၆၀) သာ ကစားခွင့်ရခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် (၄၄၆) မိနစ် ကစားခွင့် ရရှိထားပြီးဖြစ်ပါသည်..။ ထို့အပြင် စပိန်ဘယ်နောက်ခံလူမှာ မနှစ်က ဘောလုံးရာသီတွင် တစ်ပွဲလျှင် ပျမ်းမျှ ဂိုးကန်သွင်းချက် (average shots) (၁.၇) ကြိမ်နှင့် ထိရောက်သည့် ပေးပို့မှု (key pass per game) (၁.၂) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သွင်းဂိုး (၂) ဂိုး ရရှိခဲ့သည်..(ပရီးမီးယားလိဂ်ပြိုင်ပွဲ အချက်အလက်များသာ ဖြစ်သည်..)။

ဘင် ချီးဝဲလ် မှာ မနှစ်ကဘောလုံးရာသီတွင် (၃) ဂိုးသွင်း၊ (၅) ဂိုးဖန်တီးပေးနိုင်ခဲ့သော်လည်း အခြားတိုက်စစ်ပိုင်း စွမ်းဆောင်ရည် အချက်အလက်များအရ အင်္ဂလန်နောက်ခံလူမှာ တစ်ပွဲလျှင် ပျမ်းမျှ ဂိုးကန်သွင်းချက် (average shots) (၁) ကြိမ်နှင့် ထိရောက်သည့် ပေးပို့မှု (key pass per game) (၁.၁) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။ ဘင် ချီးဝဲလ် ၏ သွင်းဂိုးနှင့်ဂိုးဖန်တီးမှု စွမ်းဆောင်ရည်များမှာ full back တစ်ယောက်အတွက် ကျေနပ်ဖွယ် ဖြစ်သော်လည်း Chilly မှာ မားကို့စ် အလွန်ဆို လောက်တော့ တိုက်စစ်ပိုင်း ခြိမ်းခြောက်မှု ပြုလုပ်နိုင်သူ မဟုတ်ပေ..။



နောက်ခံလူတစ်ယောက်အတွက် အရေးကြီးသော ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပိုင်းတွင် ပရိသတ်များက ဘင် ချီးဝဲလ် ကို ပိုမိုနှစ်သက်ကြသော်လည်း ယခုနှစ်ဘောလုံးရာသီတွင် မားကို့စ် အလွန်ဆို ၏ ခံစစ်ကစားပုံ ပြောင်းလဲလာခဲ့သည်ကို တွေ့ရပါသည်..။ အထူးသဖြင့် ဘောလုံးဆုံးရှုံးချိန်များတွင် အတင်းလိုက် ပြေးလွှား ဖျက်ထုတ်ရန် ပြုလုပ်မှုများကို (aggressiveness) ယခင်ထက်ပိုမို ကြိုးစားအားထုတ်ခဲ့ပြီး ဒါကလည်း သောမတ်စ် တူခယ်လ် ၏ ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်ပါသည်..။

မားကို့စ် မှာ မနှစ်ကဘောလုံးရာသီတွင် တစ်ပွဲလျှင် ပျမ်းမျှ ဖျက်ထုတ်မှု (average tackle) (၁) ကြိမ်နှင့် ဘောလုံးလမ်းကြောင်း ဖျက်တောက်မှု (interception per game) (ဝ.၉) ကြိမ် ပြုလုပ်နိုင်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် တစ်ပွဲလျှင် ပျမ်းမျှ ဖျက်ထုတ်မှု (average tackle) (၂,၅) ကြိမ်နှင့် ဘောလုံးလမ်းကြောင်း ဖျက်တောက်မှု (interception per game) (၁.၈) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။ သူ၏ခံစစ်ပိုင်း စွမ်းဆောင်ရည် အချက်အလက်များမှာ မနှစ်ကထက် နှစ်ဆကျော် တိုးတက်လာသော်လည်း ယခုအချိန်မှာ ရာသီအစပိုင်း ကာလသာ ဖြစ်သောကြောင့် နှိုင်းယှဉ်ကောက်ချက်ချနိုင်ရန် စောလွန်းနေပါသေးသည်..။

ဘင် ချီးဝဲလ် မှာ မနှစ်ကဘောလုံးရာသီတွင် တစ်ပွဲလျှင် ပျမ်းမျှ ဖျက်ထုတ်မှု (average tackle) (၁.၆) ကြိမ်နှင့် ဘောလုံးလမ်းကြောင်း ဖျက်တောက်မှု (interception per game) (ဝ.၉) ကြိမ် ပြုလုပ်နိုင်ခဲ့သည်..။ ခံစစ်ပိုင်းစွမ်းဆောင်ရည်မှု အပိုင်းတွင် ဘင် ချီးဝဲလ် မှာ နေရာယူမှု (positioning)၊ ဘောလုံးဖျက်ထုတ်မှု နှင့် အခြားခံစစ်ကစားသမားများနှင့် နားလည်မှုအပိုင်းတွင် ပိုမိုသာလွန်ပါသည်..။ ထို့အပြင် မားကို့စ် အလွန်ဆို မှာ ခံစစ်ပိုင်းတွင် ကြီးမားသည့် အမှားအယွင်းများ ကျူးလွန်တတ်သည့် အစဉ်အလာရှိခဲ့ပြီး ရာသီအချိန်ကြာလာသည်နှင့် ခံစစ်ပိုင်းအမှားများ ပိုမိုပြုလုပ်တတ်သည့် ယခင်ကစွမ်းဆောင်ရည် သမိုင်းကြောင်းအပေါ် ပရိသတ်များက စိုးရိမ်နေကြခြင်းဖြစ်သည်..။

ထို့ကြောင့် မားကို့စ် အလွန်ဆို မှာ တိုက်စစ်ပံ့ပိုးမှုအပိုင်းတွင် ပိုမိုကောင်းမွန်သော်လည်း ဘင် ချီးဝဲလ် မှာ တိုက်စစ်၊ ခံစစ်မျှတပြီး ပိုမိုစိတ်ချရသည့် ကစားသမားဖြစ်ပါသည်..။ ထို့အပြင် ချီးဝဲလ် မှာ အသက်အရွယ်အရ ယခုထက်ပိုပြီး တိုးတက်ဦးမည့် အလားအလာ ရှိနေသောကြောင့် မကြာခင်အချိန်တစ်ခုခုအရောက်တွင် သောမတ်စ် တူခယ်လ် ၏ ပွဲထွက်လူစာရင်းတွင် ပြန်လည်နေရာရလာပါလိမ့်မည်..။ စပိန်ဘယ်နောက်ခံလူမှာ wing back တစ်ယောက်အဖြစ် နည်းပြအဆက်ဆက် အကောင်းဆုံး စွမ်းဆောင်ရည် ပြသခဲ့သလို ယခုလက်ရှိ ပြသနေသည့် ခြေစွမ်းအရ ပွဲထွက်လူစာရင်းမှ ချန်ထားခံရမည့် အလားအလာ မရှိသေးပေ..။ ထို့ကြောင့်မနှစ်က ရာသီကုန်ခါနီးတွင် ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ဘင် ချီးဝဲလ် အနေဖြင့် ပထမဦးစားပေး ကစားသမားအဖြစ် ပွဲထွက်ခွင့်နေရာ ပြန်လည်ရရှိနိုင်ရန်အတွက် ရသည့်အခွင့်အရေးကို အကောင်းဆုံး အသုံးချပြီး သူကိုယ်တိုင် အစွမ်းကုန် တိုက်ပွဲဝင်ရန်သာ ရှိနေပါကြောင်း တင်ဆက်လိုက်ရသည်..။

(EPL Index မှ ဆောင်းပါးရှင် Jake Jackman ၏ ‘Does Marcos Alonso deserve to be Chelsea's starting left wing-back?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)