၂၀၀၂ ခုနှစ်၊ အစောပိုင်း ကာလသို့ ရောက်လာချိန်တွင် သူ၏စိတ်အာရုံထဲသို့ စိတ်ကူးအသစ်၊ အတွေးသစ်၊ စိတ်ဝင်စားစရာ အသစ်တစ်ခု ရောက်ရှိလာခဲ့သည်ကို ရိုမန် အေဘရာမိုဗစ်ခ်ျ သတိထားမိခဲ့သည်..။ ဒီလိုနှင့်ရုရှနိုင်ငံမှ မီလျံနာ သူဌေးလက်သစ် တစ်ယောက်မှာ ဥရောပမြို့ကြီးများကို အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားရချိန်များတွင် ဘောလုံးပွဲစဉ်များကို ပိုပြီးကြည့်ဖြစ်လာခဲ့သည်..။ သူ၏အတွေးထဲတွင် ဘောလုံးပွဲများက တဖြည်းဖြည်း စိုးမိုးလာခဲ့သည့်အကြောင်းကို ယခုလိုပြောပြခဲ့ပါသည်..။
“ဘောလုံးပွဲတွေဟာ စိတ်လှုပ်ရှားဖို့ အရမ်းကောင်းသလို စွဲမက်ဖို့လည်း ကောင်းပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ဟာ အဲဒီဘောလုံးပွဲတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာချင်စိတ် ပိုပြီးပြင်းပြလာခဲ့ပါတယ်..။ ကျွန်တော့်အတွက် ဘောလုံးပွဲတွေကို စိတ်ဝင်စားရတဲ့ အဓိကအကြောင်းရင်းကတော့ ဘောလုံးပွဲတွေမှာ ပွဲတစ်ပွဲကို အနိုင်ရဖို့ ပုံသေနည်း မရှိခြင်းပါပဲ..။ နည်းပြနဲ့ သူ့ရဲ့ကစားသမားတွေဟာ ပွဲတစ်ပွဲကို ချဉ်းကပ်တော့မယ်ဆိုရင် ဖြစ်လာနိုင်ခြေ အများကြီးကို ထည့်သွင်းစဉ်းစားရပါတယ်..။ ဘောလုံးပွဲစဉ်တိုင်းဟာ စားမေးပွဲတွေ ဖြေနေရသလိုပါပဲ..။ ဒ့ါကြောင့်ဘောလုံးပွဲတွေကို ကျွန်တော်နှစ်ခြိုက်တယ်..၊ ဘောလုံးပွဲတွေရဲ့ ခန့်မှန်းလို့မရတဲ့ အနေအထားကို ကျွန်တော်အထူး နှစ်ခြိုက်နေရဆဲ ဖြစ်ပါတယ်..။”
ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ သူ၏စိတ်အာရုံကို တဖြည်းဖြည်းစိုးမိုးလာခဲ့သော ဘောလုံးပွဲများနှင့် ပတ်သက်ပြီး စီးပွားဖက်များနှင့် တိုင်ပင်ခဲ့သည်..။ အဆိုပါဆွေးနွေးတိုင်ပင်မှုများမှ ဘောလုံးအသင်းတစ်သင်းကို ပိုင်ဆိုင်ဖို့ လိုအပ်သည်၊ ကိုယ်ပိုင်ဘောလုံးအသင်း တစ်သင်းရှိမှ အိပ်မက်များကို စိတ်ကြိုက် အကောင်အထည် ဖော်နိင်လိမ့်မည်ဟူသော ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့သည်..။
ဒီလိုနှင့် ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ရုရှသူဌေးကြီးမှာ လန်ဒန်မြို့အခြေစိုက် ချယ်လ်ဆီးအသင်း၏ အသင်းပိုင်ရှင်အသစ် ဖြစ်လာခဲ့သည်..။ ထိုသို့ ချယ်လ်ဆီးအသင်းအား ရိုမန် အေဘရာမိုဗစ်ခ်ျ ဝယ်ယူခဲ့မှုတွင် ထူးခြားမှု (၃) ခုရှိခဲ့သည်..။ ပထမအချက်ကတော့ ချယ်လ်ဆီးအသင်းမှာ အင်္ဂလန်တွင် သမိုင်းအစဉ်အလာ ကြီးမားသည့် အသင်းတစ်သင်း ဖြစ်သလို အသင်း၏သမိုင်းတစ်လျှောက် အသင်းပိုင်ရှင် အပြောင်းအလဲ သိပ်မရှိခဲ့ပေ..၊ ထို့ကြောင့်ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကို ဝယ်ယူခဲ့သည့် သတင်းမှာ အင်္ဂလိပ်ဘောလုံးလောကကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်..။
ဒုတိယအချက်မှာ အသင်းဥက္ကဌ ကင် ဘိတ် ပေးဆပ်ရမည့် စတာလင်ပေါင် (၇၅) သန်းအကြွေး အပါအဝင် အသင်းကို ဝယ်ယူခဲ့သည့် စတာလင်ပေါင်သန်း (၁၄၀) တန်ကြေးမှာ ထိုအချိန်က အင်္ဂလိပ် ပရီးမီးယားလိဂ်တွင် အသင်းတစ်သင်းအား ဈေးအများဆုံးပေးပြီး ဝယ်ယူခဲ့ခြင်း ဖြစ်ခဲ့သည်..။ တတိယအချက်အနေဖြင့် ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ အင်္ဂလိပ် ဘောလုံးလောကသို့ ပြင်ပမှနိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ယူဆောင်လာသည့်အနေဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်..။
“ကျွန်တော်ပေးဆပ်လိုက်ရတဲ့ ထင်ပေါ်ကျော်ကြားမှုတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်တွေအတွက် အခုအချိန် ပြန်တွေးကြည့်ရင် ဘောလုံးအသင်းတစ်သင်း ဝယ်ယူဖို့ စဉ်းစားချင်မှ စဉ်းစားဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ဘောလုံးပွဲတွေရဲ့ နှစ်လိုဖွယ်ရာ ဆွဲငင်အားကြောင့် အဲဒီကစားပွဲတွေရဲ့ တစိတ်တပိုင်းအဖြစ် တစ်နည်းတစ်ဖုံ ပါဝင်ချင်တဲ့စိတ်တွေ အရမ်းများနေခဲ့ပါတယ်..” ဟု ရိုမန် အေဘရာမိုဗစ်ခ်ျ က သိမ်မွေ့သည့်အပြုံးနှင့် ခပ်တိုးတိုးလေး ပြောပြခဲ့ပါသည်..။
ဒီလိုများပြားလှသည့် ရင်းနှီးမြုပ်နှံမှုဖြင့် ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ရာတွင် ရိုမန် အေဘရာမိုဗစ်ခ်ျ အတွက် အဓိကရည်မှန်းချက်နှစ်ခုကတော့ “ကမ္ဘာ့အဆင့်ဝင် အသင်းတစ်သင်း တည်ဆောက်နိုင်ရန်နှင့် လူဘောင်၊ လူလောကအတွက် အပေါင်းလက္ခဏာဆောင်သော အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ရန်” ဖြစ်ပါသည်..။ ရိုမန် အေဘရာမိုဗစ်ခ်ျ က သူ၏ရည်မှန်းချက်များကို ပါးစပ်ဖျားမှ စကားလှရုံသက်သက် ပြောကြားခဲ့ခြင်းမဟုတ်ကြောင်း ယခုလိုပြောပြခဲ့သည်..။
“ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ပါးစပ်က စကားတစ်လုံး ထွက်ခဲ့ပြီဆိုရင် အဲဒီစကားရဲ့နောက်မှာ ဘာတွေပြီးစီးခဲ့ပြီလဲ..? ဘယ်လောက် အကောင်အထည် ဖော်နိုင်ခဲ့ပြီလဲ..? ထပ်ချပ်မကွာ ဆန်းစစ်နေဖို့ (follow through) လိုအပ်ပါတယ်..။ အထူးသဖြင့် ကျွန်တော်ဟာ စကားနည်းတဲ့သူ ဖြစ်တာကြောင့် နှုတ်ထွက်စကားတိုင်းဟာ အရေးပါတယ်လို့ ခံယူထားပါတယ်..။ နောက်ပြီးဘောလုံးဆိုတာ လူအဖွဲ့အစည်း တစ်ခုလုံးနဲ့ အပြန်အလှန် ဆက်စပ်နေပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ အသင်းဟာ လူအဖွဲ့အစည်းအတွက် ကောင်းကျိုးတွေကို ယူဆောင်ပေးတဲ့ အသင်း၊ ကောင်းကျိုးတွေကို စံနမူနာပြနိုင်တဲ့ အသင်းအဖြစ် ရပ်တည်နိုင်ရပါမယ်..။
ဒီအသင်းနဲ့ ပတ်သက်ပြီး ကျွန်တော်ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေဟာ အခုဆိုရင် အကောင်အထည် မြင်လာရပြီ..။ အခုလိုရလဒ်တွေဟာ အသင်းကိုဝယ်ယူခဲ့ပြီးနောက်ပိုင်း (၁၈) နှစ်တာ ကာလအတွင်း ကျွန်တော်တို့ အားထုတ်ခဲ့တဲ့ ကြိုးစားမှုတွေရဲ့ ရလဒ်တွေပဲလို့ ပြောရမှာပါ..။"
ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ ချယ်လ်ဆီးအသင်းအား ထိပ်တန်းအသင်းကြီး တစ်သင်းအဖြစ် ရပ်တည်နိုင်ရန်.. ဆိုသည့် ပထမ ရည်မှန်းချက်အတွက် ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်ရန် နည်းလမ်းများ အပါအဝင် ကဏ္ဍစုံမှ တကယ့်ထိပ်ထိပ်ကြဲ ထူးချွန်သည့်ပုဂ္ဂိုလ်များကို အသင်းတွင် ခန့်အပ်၊ တာဝန်ပေးနိုင်ရန် မဟာဗျူဟာတစ်ရပ် ချမှတ်၊ ဆောင်ရွက်ခဲ့သည်..။ ထိုသို့ရေရှည် အမျှော်အမြင်ဖြင့် စနစ်တကျ အကောင်အထည် ဖော်ခဲ့မှုကြောင့် ချယ်လ်ဆီးအသင်းကြီး၊ ချယ်လ်ဆီး အမျိုးသမီးအသင်းနှင့် ချယ်လ်ဆီးလူငယ် အကယ်ဒမီ အသင်းများမှာ ကမ္ဘာအရပ်ရပ် ပြိုင်ပွဲများမှ ဆုဖလားပေါင်း (၃၅) ခုတိတိ ဆွတ်ခူးနိုင်ခဲ့သည်..။ ရုရှသူဌေးကြီးမှာ ချယ်လ်ဆီးအသင်း ရရှိခဲ့သည့် ဆုဖလားတိုင်း၏တန်ဖိုးနှင့် သူမျှော်မှန်းထားသည့် အနာဂတ် ချယ်လ်ဆီးလူ့အဖွဲ့အစည်း..၊ Chelsea Community အကြောင်း အခုလို ပြောပြခဲ့ပါသည်..။
“ဆုဖလားတစ်ခုချင်းစီအလိုက် သီးခြားတန်ဖိုးတွေ ရှိကြပါတယ်..။ အခုလိုနှစ်ပေါင်းများစွာ အစဉ်တစိုက် ဆုဖလားပေါင်းများစွာ ဆွတ်ခူးနိုင်ခြင်းဟာ ကျွန်တော်တို့အသင်းအနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်နေတယ် ဆိုတဲ့ သက်သေတစ်ခု ဖြစ်ပါတယ်..။ ဒ့ါကြောင့်ရှေ့အနာဂတ်အတွက် ကျွန်တော့်ရဲ့ ရည်မှန်းချက်ကလည်း ဆုဖလားတွေကို ဆက်လက်ဆွတ်ခူးနိုင်ဖို့ပဲ ဖြစ်ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ သမိုင်းကြောင်း အစဉ်အလာ ကြီးမားတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ ကျွန်တော်ဟာ အင်မတန်မှ ကံကောင်းခဲ့လို့ အဲဒီသမိုင်းကြောင်းထဲမှာ တစိတ်တပိုင်း အနေနဲ့ ပါဝင်ခွင့်ရပါတယ်..။ ဒီအသင်းဟာ ကျွန်တော်မရှိခင်ကတည်းက ရှိနေခဲ့တာပါ..။ နောင်တစ်ချိန် ကျွန်တော်မရှိတော့တဲ့ အခါမှာလည်း အသင်းဟာ အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် ရပ်တည်နေရမယ်..။
ဒီအသင်းကို မျက်မှောက်ကာလမှာ အောင်မြင်မှုကို ဆထက်တစ်ပိုးတိုးပြီး ရရှိနေဖို့နဲ့ အနာဂတ်အတွက် အုတ်မြစ်ကောင်းတစ်ခု တည်ဆောက် ပေးသွားနိုင်ဖို့ဆိုတာ ကျွန်တော့်ရဲ့တာဝန် ဖြစ်ပါတယ်..။ ဒါ့ကြောင့် ကော့ဘ်ဟမ်မှာ ရှိနေတဲ့ ကျွန်တော်တို့ အသင်းရဲ့ လူငယ်အကယ်ဒမီရဲ့ အောင်မြင်မှုဟာ ကျွန်တော့်အတွက် သိပ်ကိုအရေးကြီးပါတယ်..။
ချယ်လ်ဆီးအသင်း ဆိုတာ အမျိုးသားအသင်းကြီး (First Team) တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး..။ ‘ချယ်လ်ဆီး’ ဆိုတာ သီးခြားလူ့အဖွဲ့အစည်း တစ်ခုဖြစ်တယ်.၊ အဲဒီလူ့အဖွဲ့အစည်းမှာ အမျိုးသမီးအသင်း၊ လူငယ်အသင်းနဲ့ အကယ်ဒမီအပြင် အသင်းရဲ့ ကစားသမားဟောင်းတွေကို ထောက်ပံ့ဖို့အထိ ပါဝင်ပါတယ်..။ ဒ့ါကြောင့် သူတို့နဲ့ ဆက်နွယ်နေတဲ့ ကလေးတွေ၊ သူတို့ရဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ သူတို့ရဲ့ ကစားသမားဟောင်းတွေ၊ လက်ရှိ ကစားသမားတွေ၊ အနာဂတ်ရဲ့ ကစားသမားလေးတွေ.. အားလုံး အဲဒီ ‘ချယ်လ်ဆီး’ လူ့အဖွဲ့အစည်း (community) ထဲမှာ ပါဝင်ရပါမယ်..။ အဲဒီလူ့အဖွဲ့အစည်းဟာ သူတို့အားလုံးအတွက် နွေးထွေးမှုရှိတဲ့ ပတ်ဝန်းကျင် တစ်ခုအဖြစ် တည်ဆောက်နိုင်ရပါမယ်..။”
ရိုမန် အေဘရာမိုဗစ်ခ်ျ က သူမျှော်မှန်းထားသည့် ချယ်လ်ဆီးအသင်း အနာဂတ်လူအဖွဲ့အစည်း မျှော်လင့်ချက်များကို ဥပမာများနှင့် ဆက်လက်ရှင်းပြခဲ့ပါသည်..။
“သာမန်အားဖြင့် အသင်းတစ်သင်းကို ဝယ်ယူတဲ့အခါမှာ အသင်းရဲ့ ကစားသမားဟောင်းတွေကို ထည့်ပြီးစဉ်းစားလေ့ မရှိပါဘူး..။ တစ်ချို့ကစားသမားတွေဆိုရင် အသင်းရဲ့ပွဲတွေကို လာကြည့်ဖို့တောင် အဖိတ်မခံခဲ့ရပါဘူး.။ ဒ့ါကြောင့်ကစားသမားဟောင်းတွေ၊ အသင်းအတွက် နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတဲ့ ဝန်ထမ်းဟောင်းတွေကို အထောက်အပံ့တွေ စီစဉ်ပေးဖို့၊ ဒါမှမဟုတ် အသင်းနဲ့အတူ ဆက်လက် လက်တွဲနိုင်ဖို့အတွက် တာဝန်တစ်ခုခု ပေးအပ်နိုင်ဖို့တွေကို ထည့်သွင်းစဉ်းစားရပါတယ်..။”
ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကိုဝယ်ယူပြီး ဒုတိယမြောက်နှစ်တွင် စတင်ဖွဲ့စည့်ခဲ့သည့် ချယ်လ်ဆီး အမျိုးသမီး အသင်းမှာ ယခုဆိုလျှင် အောင်မြင်မှုအရှိန်အဝါ ကြီးမားနေပြီး ဥရောပအဆင့်ထိပါ ထိုးဖောက်နိုင်ခဲ့သည့် အသင်းတစ်သင်းအဖြစ် ရပ်တည်နေနိုင်ခဲ့သည်..။ ချယ်လ်ဆီးအမျိုးသမီး အသင်းမှာ ချယ်လ်ဆီးအသင်း၏ အောင်မြင်မှုတွင် အရေးကြီးသည့် အစိတ်အပိုင်းမှ ပါဝင်၊ ကိုယ်စားပြုနေကြောင်း သူကယခုလို ပြောပြခဲ့ပါသည်..။
“အမျိုးသမီးအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို အသင်းကို မောင်းနှင်နေတဲ့သူတွေဟာ ဘယ်လိုလူစားမျိုးတွေ ဖြစ်တယ်ဆိုတာကိုလည်း မီးမောင်းထိုး၊ ပြသနေပါတယ်..။ ဒ့ါကြောင့် အသင်းတွေဟာ အမျိုးသမီး ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးမှာ တက်တက်ကြွကြွ ပါဝင်နေဖို့ လိုအပ်ပါတယ်..။ ကျွန်တော်တို့တွေဟာ သူတို့အတွက် အောင်မြင်မှုတွေ လှမ်းဆုတ်လို့ရနိုင်မယ့် အခွင့်အရေးတွေကို ဖန်တီးပေးနိုင်ရပါမယ်..။ ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်ရမယ်.. ဆိုတဲ့ မူဝါဒ (principle) ချမှတ်ထားပါတယ်..။
ဒါ့အပြင် ချယ်လ်ဆီးအမျိုးသမီးအသင်း အပါအဝင် အမျိုးသမီး ဘောလုံးလောကဟာ အလားအလာ အများကြီးရှိပါတယ်..။ ဒ့ါကြောင့်စီးပွားရေးအမြင်အရ ကြည့်မယ်ဆိုရင်လည်း သူတို့ကိုသာ အမျိုးသားတွေအတိုင်း ရင်းနှီးမြုပ်နှံမယ်..၊ လိုအပ်တဲ့ အထောက်အပံ့တွေ ပေးမယ်ဆိုရင် အမျိုးသား အသင်းတွေထက် မလျော့ကျတဲ့ အောင်မြင်မှုတွေ ရရှိပါလိမ့်မယ်..။
အမျိုးသမီးအသင်းနဲ့ ပတ်သက်ရင် ကျွန်တော်ရင်းနှီးမြုပ်နှံခဲ့တာနဲ့ ထိုက်တန်တဲ့ ရလဒ်တွေ ပြန်လည်ရရှိခဲ့ပါတယ်..။ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ မှန်ကန်တဲ့ ခေါင်းဆောင်မှုအောက်မှာ တည်ရှိနေသလို မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်နိုင်ခဲ့တယ်ဆိုတဲ့ သက်သေ၊ သာဓကတွေပါပဲ..။ မန်နေဂျာ အီမာ ဟေးယက်စ် ဆိုရင် သူမရဲ့အသင်းကို အထူးအောင်မြင်မှုရရှိအောင် လမ်းညွှန်၊ ပြသနိုင်ခဲ့ပါတယ်..။”
ချယ်လ်ဆီးအမျိုးသမီး အသင်းမှာ အမျိုးသမီး စူပါလိဂ် (Women’s Super League) ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သလို (၃၂) ပွဲဆက်တိုက် ရှုံးပွဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့ပြီး WSL သမိုင်းတစ်လျှောက် ရှုံးပွဲမရှိ ပွဲဆက်စံချိန် (unbeaten streak) တင်နိုင်ခဲ့သည်..။ ထို့အပြင် Continental ဖလားကိုလည်း နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်..။
ထို့အပြင်ချယ်လ်ဆီးအသင်းမှာ ကွင်းပြင်ပ ဆောင်ရွက်မှုများ၊ လူမှုရေး လှုပ်ရှားမှုများကို အရေးပါသော လုပ်ငန်းများအဖြစ် ဦးစားပေး၊ ဆောင်ရွက်ခဲ့သည်..။ အသင်းမှာ အဆိုပါလူမှုရေးလုပ်ငန်းများကို Chelsea Foundation အနေဖြင့် ဆောင်ရွက်ခဲ့ပြီး ဖောင်ဒေးရှင်းအား နိုင်ငံ (၂၀) ကျော်၊ လူဦးရေ (၁) သန်းကျော်ဖြင့် ဖြန့်ကျက်၊ လှုပ်ရှားနေခြင်းဖြစ်သည်..။ ချယ်လ်ဆီး ဖောင်ဒေးရှင်းတွင် လှုမှုရေး လုပ်ငန်းများ၊ ထောက်ပံ့ရေး လုပ်ငန်းများ၊ ပညာရေး လှုပ်ရှားမှုများ အပါအဝင် ကဏ္ဍစုံ ဆောင်ရွက်လျှက်ရှိပြီး Programs ပေါင်း (၅၀၀) ကျော် ပါဝင်ခဲ့ပါသည်..။
“တကယ်တော့ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းကြောင့် လူမှုရေးလုပ်ရှားမှုတွေမှာ အခုလို ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပါဝင်နိုင်ဖို့ အခွင့်အရေး ရခဲ့တာ ဖြစ်ပါတယ်..။ အခုဆိုရင် ကျွန်တော်တို့ရဲ့ Chelsea Foundation ဟာ ဗြိတိန်နိုင်ငံ ဘောလုံးလောကရဲ့ အကြီးမားဆုံး ဖောင်ဒေးရှင်းတစ်ခု ဖြစ်လာပါပြီ..။ ဒ့ါကြောင့်အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ လူမှုရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်နေတဲ့ အသင်းဆိုတာ ပရိသတ်တွေအနေနဲ့ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရနေပါပြီ..။”
ချယ်လ်ဆီးအသင်းမှာ ယမန်နှစ်ကစတင်ပြီး ကမ္ဘာအနှံ့အပြား ကူးစက်ပျံ့နှံ့ခဲ့သည့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာလတွင် အသင်းဝန်ထမ်းများအား အလုပ်ရပ်နား စေခဲ့ခြင်းမရှိပဲ မူလအတိုင်း လစာဆက်ပေးခဲ့သည်..။ ထို့အပြင်အသင်းပိုင်ဟိုတယ်နေရာများအား ကျန်းမာရေးဌာန (National Health Services) မှ ဝန်ထမ်များကို အသုံးပြုခွင့်ပေးခဲ့သလို COVID-19 ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအား ကာကွယ်ဆေးထိုး စုရပ်တစ်ခုအဖြစ် အသုံးပြုခွင့် ပေးခဲ့ပါသည်..။ ထို့အပြင် ကိုဗစ်ကာလအတွင်း တိုးပွားလာသော အိမ်တွင်းအကြမ်းဖက်မှုများ လျော့ချ၊ တားဆီးနိုင်ရန် ရည်ရွယ်၍ The Refuge အဖွဲ့နှင့် ပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်..။ ထိုသို့မတည်မငြိမ် ဖြစ်နေခဲ့ရသည့် ကာလအတွင်း အသင်း၏ ဆောင်ရွက်မှုများအပေါ် ရိုမန် က အခုလိုရှင်းပြခဲ့ပါသည်..။
“ဘယ်လိုအနေအထားမှာ လိုအပ်ချက်တွေရှိလာပါစေ.. ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ကူညီသွားမှာပါ..။ ချယ်လ်ဆီးအသင်းဆိုတာ လူအဖွဲ့အစည်းမှာ အစိတ်အပိုင်း တစ်ခုသာ ဖြစ်တာကြောင့် လိုအပ်လာတဲ့ အခန်းကဏ္ဍတွေမှာ ကျွန်တော်တို့ဘက်က တတ်စွမ်းသမျှ ကူညီပေးသွားနိုင်ရမှာ ဖြစ်ပါတယ်..။ ဒါ့အပြင် အသင်းကဦးစီးပြီး ဆောင်ရွက်နေတဲ့ စီမံချက်တွေ (projects) ဟာ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာ ထိထိမိမိ ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော့်အနေနဲ့ အခုလိုကမ္ဘာ့ကပ်ရောဂါ ကာလအတွင်းမှာ အသင်းက ဆောင်ရွက်ခဲ့တဲ့ လှုပ်ရှားမှုတိုင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့၊ ထောက်ခံအားပေးခဲ့ကြတဲ့ ပရိသတ် အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်လို့ ဒီနေရာကနေ ထပ်မံပြောကြားလိုက်ရပါတယ်..။”
ချယ်လ်ဆီးအသင်းမှာ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ပံ့ပိုးမှုများသာမက လူမျိုးရေးခွဲခြား နှိမ်ချဆက်ဆံမှုများ၊ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် အမုန်းတရား တိုက်ခိုက်မှုများပေါင်းစုံ ပပျောက်ရေး လုပ်ငန်းများ၊ မြက်ခင်းစိမ်းပေါ်တွင် ခွဲခြားမှုပေါင်းစုံ ကင်းစင်သင့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာရေး လှုပ်ရှားမှုများအပါအဝင် အခြားလူမှုရေး လုပ်ငန်းများတွင်လည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ပါသည်..။
“လူမျိုးရေး ခွဲခြားမှုတွေ၊ အသားအရောင် ခွဲခြားမှုတွေဆိုတာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ တွယ်ကပ်နေတဲ့ မိစ္ဆာဆိုးတွေပါပဲ..။ ဒ့ါကြောင့်ဒီနေ့၊ ဒီအချိန်ကစပြီး အဲဒီလို မိစ္ဆာဆိုးတွေ နေစရာလုံး၀ မရှိအောင် တိုက်ဖျက်ရပါမယ်…။ ကျွန်တော့်ရဲ့ကစားသမား တစ်ယောက် လူမျိုးရေးခွဲခြား တိုက်ခိုက်ခံရပြီ.. ဆိုတဲ့သတင်းကိုကြားတိုင်း ကျွန်တော်ဟာ အရမ်းကိုအံ့အားသင့်၊ ဝမ်းနည်းတုန်လှုပ်ရပါတယ်..။ တကယ်တော့ ဒီလိုခွဲခြားတိုက်ခိုက်ခံရတယ်ဆိုတာ ကျွန်တော့်ကစားသမား ရယ်မှမဟုတ်ပါဘူး..၊ ဘယ်သူ့ကိုမဆို ကျူးလွန်ခဲ့သူတိုင်းဟာ အင်မတန်မှ စက်ဆုတ်ရွံရှာဖို့ ကောင်းတဲ့သူတွေလို့ ပြောရမှာပါပဲ..။
ဒ့ါကြောင့်ကျွန်တော်တို့အသင်းဟာ အဲဒီလိုခွဲခြားဆက်ဆံမှုပေါင်းစုံကို တိုက်ဖျက်တဲ့နေရာမှာ ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်နေတယ်.. ဆိုတဲ့ အသိကို မြှင့်တင်ပေးနိုင်မယ်ဆိုရင် တိုးတက်မှုတွေ မြင်တွေ့ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ ဒ့ါကြောင့်လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ အသားအရောင် ခွဲခြားဆက်ဆံမှု အပါအဝင် ခွဲခြားဆက်ဆံမှုပေါင်းစုံကို တိုက်ဖျက်တဲ့နေရာမှာ ကျွန်တော်ဟာ ကျရာနေရာကနေ အစွမ်းကုန်ပါဝင်သွားမှာ ဖြစ်ပါတယ်..။”
မစ္စတာ ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ တွေ့ဆုံခန်းများ၊ သတင်းစာရှင်းလင်းပွဲများကို ပြုလုပ်လေ့ မရှိသော်လည်း သူ၏ပြောကြားချက်များကို ကိုယ်တိုင်ရေးသား ပေးပို့ခဲ့သော သတင်းစကားများမှတဆင့် ပရိသတ်များ မကြာခဏ မြင်တွေ့ခွင့်ရခဲ့သည်..။ ရုရှသူဌေးကြီးမှာ လူမျိုးရေး ခွဲခြားတိုက်ဖျက်မှုနှင့် ပတ်သက်သော သူ၏သတင်းစကားများကို ချယ်လ်ဆီးအသင်း၏ Matchday Programme များတွင် မကြာခဏ ဖော်ပြခဲ့သလို အသင်းမန်နေဂျာ ဖရန့် လမ်းပတ် အား ထုတ်ပယ်ခဲ့စဉ်က သူ၏ပြောစကားကို အသင်း၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်..။ ထို့အပြင် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား ရိစ် ဂျိမ်းစ် အား online မှ လူမျိုးရေးခွဲခြား တိုက်ခိုက်ခံရစဉ်ကလည်း လူငယ်နောက်ခံလူထံသို့ သီးခြားစာတစ်စောင် ပေးပို့၊ အားပေးခဲ့သေးသည်..။
“ကျွန်တော်ဟာ ‘Say No To Antisemitism’ လှုပ်ရှားမှုများနဲ့ ပတ်သက်ရင် ကိုယ်တိုင်ရေးသားခဲ့တဲ့ ကြေငြာချက်တွေ ထုတ်ပြန်ခဲ့သလို နည်းပြဖရန့် လမ်းပတ်၊ ရိစ် ဂျိမ်းစ် တို့လို ထူးခြားဖြစ်စဉ် ကိစ္စရပ်တွေမှာလည်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်..။ အဲဒီအကြောင်းအရာတွေဟာ အရမ်း..၊ အရမ်းကို ကြီးကျယ်တဲ့ အရာတွေ၊ အထူးအရေးကြီးတဲ့ အရာတွေဖြစ်တာကြောင့် ကျွန်တော်ကိုယ်တိုင် ထွက်ပြဖို့၊ ကျွန်တော့်ရဲ့ ရပ်တည်မှုကို ပြသဖို့ လိုအပ်ပါတယ်..။ ဒီလိုဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ကျွန်တော်ရှိနေတယ်..၊ ကျွန်တော်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတယ်ဆိုတာ ပြသနိုင်ဖို့ လိုအပ်ပါတယ်..” ဟု အေဘရာမိုဗစ်ခ်ျ က ပြောပြခဲ့သည်..။
ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ အခြားနာမည်ကျော် ပုဂ္ဂိုလ်များကဲ့သို့ အပျော်အပါးများ၊ ဂုဏ်ပကာသနများအပေါ် အထူးခုံမင်နေခြင်းမရှိပဲ ချယ်လ်ဆီးအသင်း တိုးတက်ဖို့၊ ချယ်လ်ဆီးအသင်းကို အဖက်ဖက်က တန်ဖိုးမြှင့်တင်ဖို့.. ကိုသာ သူ၏စိတ်အပန်းဖြေရာ ထွက်ပေါက်တစ်ခုအဖြစ် တစိုက်မတ်မတ် အာရုံစိုက်နေခဲ့သည်..။ “ကျွန်တော်ဟာ နာမည်ကျော်ကြားတဲ့သူ၊ လူသိများတဲ့သူတစ်ယောက် ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ပါဘူး..။ အသင်း၊ မန်နေဂျာနဲ့ ဘုတ်အဖွဲ့တွေဟာ လွတ်လွတ်လပ်လပ်နဲ့ တသီးတခြား စွမ်းဆောင်နိုင်၊ ရပ်တည်နိုင်တာမျိုး ဖြစ်သင့်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော့်အနေနဲ့ အကြောင်းအရာတစ်ခုခုကို ထပ်မံဖြည့်စွက်ပြီး လေးနက်အောင် ပြောဆိုနေရတာတွေဟာ အမြဲတမ်းမှာ အဆင်မပြေနိုင်ပါဘူး..။” ဟူ၍ အသင်းနှင့်ပတ်သက်ပြီး သူ၏ရပ်တည်မှုအပေါ် ထပ်မံပြောဆိုခဲ့သည်..။
သို့သော် ချယ်လ်ဆီးအသင်း ပရိသတ်အပါအဝင် ဘောလုံးပရိသတ်များ၊ မီဒီယာများကတော့ ချယ်လ်ဆီးအသင်း၏ အပြောင်းအလဲများလှသော အသင်းမန်နေဂျာများ၏ အရေးကိစ္စနှင့် ပတ်သက်ပြီး ရိုမန် အေဘရာမိုဗစ်ခ်ျ ၏ မှတ်ချက်ကို သိလိုကြမှာ အသေချာပင်ဖြစ်ပါသည်..။ ရုရုသူဌေးကြီးမှာ အသင်းကိုဝယ်ယူခဲ့သည့် (၁၈) နှစ်အတွင်း မန်နေဂျာ (၁၅) ယောက်ထက်မနည်း အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းမှာ သူ၏ရေရှည်အမြင် ကင်းမဲ့ခြင်းနှင့် ဆင်ခြင်တုံတရား နည်းပါးခြင်း၊ သည်းခံစိတ် နည်းပါးခြင်းတို့ကြောင့် ဖြစ်လိမ့်မည်ဟု ထင်မြင်စရာ ရှိပါသည်..။ သို့သော် ရိုမန် အေဘရာမိုဗစ်ခ်ျ က ‘စွမ်းဆောင်ရည် ကောင်းမွန်မှု (performance)’ တစ်ခုတည်းကို အာရုံစိုက်ခဲ့သည့် ချယ်လ်ဆီးအသင်း၏ ယဉ်ကျေးမှုအကြောင်းကို ယခုလိုရှင်းပြခဲ့ပါသည်..။
“ကျွန်တော်တို့ဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ်ကိုပဲ အခြေခံပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အသေအချာ ပြောလိုပါတယ်..။ ကျွန်တော်တို့ဟာ တစ်ဘက်မှာ အချင်းချင်း စည်းလုံးမှုရှိတဲ့၊ တစ်ဦးနဲ့တစ်ဦး အမှီသဟဲပြုတဲ့၊ မတူကွဲပြားတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နေသလို အခြားတစ်ဘက်မှာတော့ အသင်းက ပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက်ချင်းစီဟာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနေနိုင်ဖို့ လိုအပ်ပါတယ်..။ ကျွန်တော်တို့အသင်းရဲ့ အောင်မြင်မှုမှာ အဲဒီအခန်းကဏ္ဍ နှစ်ရပ်စလုံး ဟန်ချက်ညီနေဖို့ အင်မတန်မှ အရေးကြီးပါတယ်..။
ဒ့ါကြောင့်ကျွန်တော်တို့ဟာ ရွေးချယ်မှုတိုင်းကို လက်တွေ့ကျကျ ရှုမြင်၊ သုံးသပ်ပြီး (pragmatic) ပြုလုပ်ပါတယ်..။ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ အပြောင်းအလဲတွေကို မှန်ကန်တဲ့အချိန်မှာ ပြုလုပ်နိုင်ဖို့ လိုအပ်ပြီး အပြောင်းအလဲတိုင်းဟာ ကျွန်တော်တို့ရဲ့ ရေရှည်မဟာဗျူဟာနဲ့ လိုက်လျောညီထွေ ရှိရပါမယ်..။ အခုကျွန်တော့်ရဲ့ ပြောပြချက်တွေဟာ အသင်းမှာထားရှိနေတဲ့ ရေရှည်အမြင်တွေကို ပိုမိုနားလည် လာစေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့အသင်းကို ရောက်လာတဲ့ သူတိုင်းကလည်း အသင်းမှာထားရှိနေတဲ့ ကွင်းတွင်း၊ ကွင်းပြင် ရည်မှန်းချက်တွေကို ထင်ဟပ်နေဖို့ လိုအပ်သလို ပိုမိုကျယ်ပြန့်တဲ့ လူအဖွဲ့အစည်းမှာ ချယ်လ်ဆီးအသင်းရဲ့ ပုံရိပ်ကောင်းတွေကို ကိုယ်စားပြုနိုင် ရပါလိမ့်မယ်..။”
ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ နှစ်ပေါင်းနှစ်ဆယ်မှာ နှစ်ပေါင်းနှစ်ဆယ် ဆိုသည့်ကာလအတွင်း သာမာန်ဘောလုံးပရိသတ် တစ်ဦးအဖြစ်မှ လန်ဒန်မြို့၏ အထင်ကရ အသင်းတစ်သင်းဖြစ်သော ချယ်လ်ဆီးအသင်း၏ အသင်းပိုင်ရှင် တစ်ယောက်အဖြစ်သို့ ရောက်ရှိလာခဲ့သည်..။ ထိုအချိန်မှစတင်၍ ချယ်လ်ဆီးအသင်းမှာ သူ့အတွက် ‘ချစ်ခြင်းတရား’ များဖြင့် ရေးဖွဲ့၊ ထုံမွန်းနေသည့် နေရာတစ်ခု ဖြစ်ခဲ့သည်..။ ထို့အပြင် ချယ်လ်ဆီးအသင်းမှာ ‘အောင်မြင်မှုများ၊ ကျရှုံးမှုများ၊ အတက်အကျများ’ ကို ဖြတ်ကျော်ရာတွင် ရိုမန် အေဘရာမိုဗစ်ခ်ျ ၏ လမ်းညွှန်မှုများမှာ ရင်းနှီးမြုပ်နှံမှုတစ်ခုတည်း သာမကပဲ ဆန်းသစ်မှုများ၊ တီထွင်ဖန်တီးမှုများနှင့် ရှေ့တင်ကြို အကွက်မြင်မှုများပါ ပါဝင်ခဲ့သည်..။
ချယ်လ်ဆီးအသင်းမှာ ရိုမန် အေဘရာမိုဗစ်ခ်ျ ၏ ဦးဆောင်၊ လမ်းညွှန်မှုကြောင့် အားကစားကဏ္ဍတွင်သာမက စီးပွားရေး၊ လူမှုရေး အခန်းကဏ္ဍများတွင်ပါ ‘နတ်ရေကန်ထဲ ချလိုက်သည့်အလား’ ရုတ်ချည်း တိုးတက်ပြောင်းလဲသွားခဲ့သလို ရုရှသူဌေးကြီးမှာ အခက်အခဲများကို နောက်မတွန့်၊ မကြောက်မရွံ့ပဲ သူ၏အပြာရောင် အိပ်မက်များကို ချယ်လ်ဆီးအသင်းနှင့်အတူ နောက်ထပ်တစ်ဆင့် ဆက်လက်တိုးမြှင့်၊ အကောင်အထည်ဖော်၊ ရည်တည်သွားနေမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါသည်..။
(The Forbes မှ ဆောင်းပါးရှင် Lee Igel ၏ ‘Chelsea Owner And Billionaire Roman Abramovich On The Past, Present And Future Of The Club’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)