feature-image

နည်းပြကောင်းတစ်ယောက်၊ အသင်းလိုက် စုစည်းမှုတွေနဲ့ ချယ်လ်ဆီးအသင်းရဲ့ အမြင့်ပျံခရီး

လက်ရှိ ချယ်လ်ဆီးအသင်းဟာ ဖရန့်လမ်းပတ်လက်ထက်က ကစားသမားအစုအဖွဲ့တွေနဲ့ အသင်းဖြစ်ပေမယ့် လမ်းပတ်လက်ထက်ကနဲ့ မတူအောင် ပြောင်းလဲသွားပြီဖြစ်ပါတယ်။ ကစားသမားတွေဟာ နတ်ရေကန်ထဲ ပစ်ချလိုက်သလား ထင်မှတ်မှားရလောက်အောင် တစ်ဦးချင်း ခြေစွမ်းပိုင်းရော၊ အသင်းလိုက် ကစားဟန်ပါ ထူးရှယ် ဖြစ်လာပါတယ်။ ဒါဟာ နည်းပြသစ် တူချယ်ရဲ့ အကျိုးသက်ရောက်မှုကြောင့်ဆိုရင်တော့ ဒီအချိန်မှာ ဘယ် ချယ်လ်ဆီးဖန်မှ ငြင်းမယ် မထင်ပါဘူး။

ပွင့်ပွင့်လင်းလင်း ပြောရရင် တူချယ်ဟာ ဘယ်လို နည်းပြမျိုးလဲဆိုတာ ကျွန်တော် သိပ်မသိပါဘူး။ မိန့်ဇ်မှာ သူ ဘယ်လို ကိုင်ခဲ့သလဲဆိုတာလည်း ကျွန်တော် မသိပါဘူး။ ဒေါ့မွန်ကို ဘယ်လို ပဲ့ကိုင်ခဲ့သလဲဆိုတာလည်း ကျွန်တော် စိတ်မဝင်စားခဲ့ပါဘူး။ PSG ကို ဘယ်လို ထိန်းကျောင်းခဲ့သလဲဆိုတာလည်း ကျွန်တော် ပြန်မလေ့လာခဲ့ပါဘူး။ ဒါတွေက သူ့တစ်ကိုယ်ရည် သမိုင်းကြောင်းပါပဲ။ ကျွန်တော်တို့ ချယ်လ်ဆီးအသင်းနဲ့ သူနဲ့ ပေါင်းစည်းမှု၊ ကျွန်တော်တို့အသင်းကို သူ့ရဲ့ နည်းစနစ်ကျစွာ ဆွဲတင်ပေးခဲ့တာတွေကိုတော့ ကျွန်တော် အတော် စိတ်ဝင်စားပါတယ်။

လမ်းပတ်လက်ထက် တစ်ဦးချင်း ခြေစွမ်းရော၊ အသင်းလိုက် စုစည်းမှုရော၊ အဝတ်လဲခန်းက စည်းလုံးမှုပါ ပြိုကွဲနေတဲ့ အသင်းကို တူချယ် စကိုင်ကိုင်ချင်း ကျွန်တော် သူ့ကို လုံး၀ အထင်မကြီးခဲ့ပါဘူး။ နေမာတို့ ဘာပေတို့နဲ့တောင် အသင်းကို လူလားမြောက်အောင် မလုပ်နိုင်ခဲ့တဲ့ နည်းပြက ငါတို့ အသင်းကို ဘာလုပ်ပေးနိုင်မှာမို့လဲလို့ စိတ်ထဲ လှောင်ခဲ့မိပါတယ်။( အခုတော့ အဲ့လို တွေးခဲ့မိတာအတွက် နည်းပြကြီးကို တကယ် နှစ်နှစ်ကာကာ တောင်းပန်နေမိပါတယ်။ ) "ကျွန်တော်က ချယ်လ်ဆီးအသင်းကို ဘယ်သူ့မှ မရင်ဆိုင်ချင်တဲ့ အသင်းဖြစ်အောင် တည်ဆောက်သွားမှာပါ။ " လို့ သူပြောတော့လည်း ပြုံးမိတယ်။ လွန်ခဲ့တဲ့ နှစ်က ချန်ပီယံလိဂ် ရှုံးထွက်မှာ ဘိုင်ယန်အသင်းက ကိုယ်တွေအသင်းကို နှစ်ကျော့စလုံး ကလေးကစားသလို ကစားသွားခဲ့တာကို ပြန်တွေးမိလိုက်တာကိုး။



ကိုယ်တွေ အသင်းဟာ အသင်းကြီး မဆန်ခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဘယ်အသင်းကြီးနဲ့ တွေ့တွေ့ အောက် အသင်းအဖြစ် ကိုယ့်အသင်းကိုယ် ကြည့်ခဲ့ရတဲ့ ဖီလင်ကလည်း အတော်အောင့်သက်သက်နိုင်ပေမယ့် ဒီအသင်းကို ချစ်လေတော့ ကြိတ်မှိတ်ခံစားခဲ့ရတာပေါ့။ ချန်ပီယံလိဂ်မှာလည်း အသင်းကြီးနဲ့ တွေ့မှာကို ကြောက်နေရတဲ့အဖြစ်။ အသင်းလေးနဲ့ မဲကျပါစေ ဆုတောင်းနေရတာကိုက စိတ်ထဲ အတော်ကို မမိုက်တာ။ ပြောရရင် အသင်းရဲ့ Legend နည်းပြကြီး မော်ရင်ဟိုတို့၊ အန်ဆယ်လော့တီတို့၊ ကွန်တီတို့ လက်ထက်မှာတောင် အသင်းကြီးနဲ့ တွေ့တိုင်း ကစားကွက် အသာစီးရတာမျိုးက အတော်ရှားတာကိုး။ ဒါတောင် အဲ့အသင်းတွေမှာ တကယ့် Legend တွေချည်း ပါတာနော်။ ဒီလို အသင်းတွေနဲ့တောင် ကစားကွက် အသာစီး သိပ်မရခဲ့တဲ့ အနေအထားမှာ တပ်ပျက်နေတဲ့အသင်းကို ဘယ်သူမှ ရင်မဆိုင်ရဲအောင် သူလုပ်ပြမယ်ဆိုတော့လည်း စိတ်ထဲ လှောင်မိတာပေါ့ဗျာ။

ဒါပေမယ့် ကျွန်တော်အပါအဝင် သူ့ကို မယုံကြည်တဲ့သူတွေကို သူလုပ်ပြသွားတာတွေကတော့ မနှစ်က မြင်တဲ့ အတိုင်းပါပဲဗျာ။ UCL ရှုံးထွက်၊ ကွာတားတို့မှာ အက်သလက်၊ ပေါ်တိုတို့ကို ကျော်ဖြတ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ဒီဖလားကို ရအောင် ယူနိုင်တယ်ဆိုတဲ့ ခံစားချက် ဖြစ်လာခဲ့ကြပြီ။ အရင်တုန်းကဆို ဆီမီးမှာ ရီးရဲဆိုတာနဲ့ ဟာ သွားပြီပဲ တွေးမိကြ မှာ။ ဒီနှစ်တော့ အဲ့လို ခံစားချက် မဖြစ်ဘူးဗျ။ ရီးရဲလား၊ ငါတို့ ဖြုတ်ပစ်မယ်ဆိုတဲ့ စိတ်ပဲ ဖြစ်လာတယ်ဗျာ။ ဒီအသင်းပဲ၊ ဒီလူတွေပဲ။ ဒါပေမယ့် ခံစားချက်က တကယ့် အသင်းကြီးဆန်လာခဲ့ပြီဗျာ။ အဆုံးသတ်ကတော့ အားလုံး သိတဲ့အတိုင်းပါပဲ။ ဥရောပဘုရင် ချယ်လ်ဆီးပေါ့။ Super cup မှာလည်း နောက်ထပ် ဗိုလ်ဝင်ခံပြန်တော့ အချိုပေါ် သကာဆင့်ပေါ့။

ဒါတွေက အားလုံး သိပြီးသားတွေပါ။ အခုဆိုရင်လည်း ကျွန်တော်တို့အသင်းဟာ အသင်းကြီးတွေနဲ့ ပွဲကျပ်တွေကို ကျော်ဖြတ်ပြီး ဇယားထိပ် တည်တည်ခန့်ခန့်ကြီး ထိုင်နေပြီ မဟုတ်လား။ တူချယ်ပြောတဲ့ အသင်းတိုင်း ရင်မဆိုင်ချင်တဲ့ အသင်းတော့ ဖြစ်လာနေပြီလေ။ အဲ့လို အသင်းဖြစ်လာဖို့ တူချယ် တည်ဆောက်ခဲ့တဲ့ လမ်းကြောင်းက အတော်ကို စိတ်ဝင်စားဖွယ်ပါပဲ။

တူချယ်ကို နည်းစနစ်နဲ့ ပတ်သက်ရင် ဘုရင်သဖွယ် ပြောဆိုလာကြပေမယ့် ကျွန်တော်ကတော့ သူ့ကို နည်းစ နစ် ဘုရင်ထက် စိတ်ဓာတ်မြှင့်တင်တဲ့နေရာမှာ ဆရာကျတဲ့သူလို့ ပိုပြောချင်တယ်။ အခြားမကြည့်နဲ့။ လမ်းပတ် လက်ထက်က သုံးစားမရဘူးလို့ တွေးထားဖူးတဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် တစ်သွေးတစ်မွေး ဖြစ်လာကြတာပဲကြည့်လေ။


တူချယ့်ကို သဘောကျတာက သူ့မှာ ကစားသမား အစွဲမရှိဘူး။ နတ်နေကိုင်း မထားဘူး။ လေ့ကျင့်ရေးကွင်းမှာ ဘယ်လောက် ကြိုးစားလဲ ကြည့်တယ်။ တကယ့် ပွဲမှာ ဘယ်လောက် အားထုတ်လည်း လေ့လာတယ်။ အားထုတ်မှုကိုလည်း မိနစ်တိုင်း လေ့လာတာနော်။ အခြေအနေ မဟန်တာနဲ့ ဘယ်လောက် ဆရာကျတယ်ပြောတဲ့ ကစားသမားပြောပြော လူစားလဲပြီးသားပဲ။ သူ့အသင်းမှာ ပွဲထွက် အာမခံနိုင်တဲ့ ကစား သမား ဘယ်သူမှ မရှိဘူး။ ပွဲထွက်ချင်လား... ကြိုးစား။ မင်း မကြိုးစားရင် ကြိုးစားတဲ့ နောက်တစ်ယောက်ကို နေရာပေးမှာပဲ။ သူ ခြေစွမ်း မပျောက်သရွေ့ မင်း အရန်ခုံထိုင်ပြီး အခွင့်အရေး စောင့်ပေတော့ပဲ။ အဲ့ဒါကိုက အသင်းသားတွေထဲမှာ ငါတို့တော့ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ရမှာပါလား၊ ငါတို့ ဘယ်လောက် နာမည်ကြီးကြီး အားထုတ်မှု လျော့တာနဲ့ အရန်ခုံထိုင်ရမှာပါလားဆိုတဲ့ စိတ်တွေ ဖြစ်ကုန်ကြပါရော။



တူချယ်က အသင်းသားတွေအပေါ် ကျောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်တဲ့နေရာမှာ အခြားနည်းပြတွေ ထက်ပိုသာတယ်ထင်မိတယ်။ နည်းပြတော်တော်များများမှာ ကစားသမားစွဲရှိတတ်ကြတယ်။ အချို့နည်းပြတွေ ဆို သူကြိုက်တဲ့သူထက် ပိုသာတဲ့သူ၊ ရလဒ်ကိုလည်း ပြောင်းပေးနိုင်မယ့်သူ အဆင်သင့်ရှိတာတောင် သူ့အကြိုက်ကစားသမားကိုပဲ ကစားပွဲထဲ အမြဲထည့်လေ့ရှိတယ်။ အဲ့လိုမျိုး တူချယ်မှာ မတွေ့ရတတ်ဘူး။
ဘန်ချီဝဲဆိုတာ အင်္ဂလန်သား။ ခြေစွမ်းကလည်း ထူးရှယ်။ ဒါပေမယ့် ရာသီသစ်မှာ သူ့နေရာက အလွန်ဆို ခြေစွမ်းပြနေတော့ ဘေးထိုင်နေရတာပဲ။ ကိုယ်တွေကသာ သူတအား အားငယ်နေမှာပဲ တွေးမိတာ။ သူနဲ့ သူ့ဆရာကတော့ အေးဆေးပဲဗျို့။ လေ့ကျင့်ကွင်းမှာလည်း ပျော်ပျော်ရွှင်ရွှင် ပါပဲ။ အခွင့်အရေးလည်း ပေးရော သူ့ခြေစွမ်းကို ရအောင် ပြတော့တာပဲ။ ခြေစွမ်းပြမှ အခွင့်အရေးရမယ်ဆိုတာ သူနားလည်တယ်။ အဲ့လို နားလည်အောင်လည်း နည်းပြကြီးက ပြထားတယ်။

တူချယ်လက်ထက်မှာ အရင်က ပစ်ရပါပြီ တွေးထားတဲ့သူတွေတောင် ခြေစွမ်းတွေ ပြန်ပြလာကြတာ တွေ့ရတယ်။ တူချယ်ရဲ့ အကောင်းဆုံး motivation ကတော့ မေတ္တာဖြစ်ဟန်တူပါတယ်။ ဘယ်ကစား သမား မဆို ပစ်ရတဲ့အထိ မဖြစ်စေချင်တာ သူ့စေတနာပဲ။ ရအောင် အခွင့်အရေးပေးတယ်။ စိတ်ဓာတ်ခွန်အား ပြန်ရ စေတယ်။ ယုံကြည်မှုလည်း ပေးတယ်။ ယုံကြည်မှု ပေးလွန်းလို့ကို မနှစ်က FA ဖိုင်နယ်မှာ ကီပါကို ဂိုးဖမ်းခိုင်း လိုက်တော့ ဖလားလွတ်သွားတာ သက်သေပဲလေ။ အဲ... ဒီနှစ်တော့ ကိုယ့်ဆရာက အရင် လက်စွမ်းမျိုး ပြန်ရနေပြီလေ။ Super cup ဆိုတာ သူ့လက်စလက်န ကင်းလို့လား။ တူချယ်ဟာ စိတ်ဓာတ် အဆုံးထိကျနေ တဲ့ ကစားသမားတွေအတွက် တကယ့် ဆရာကောင်းတစ်ယောက်ပါပဲ။



သူ့လက်ထက်မှာ တွေ့လာရတဲ့ ချစ်ဖို့ ကောင်းတဲ့အချက်လေးတစ်ခုကို သတိထားမိကြလားမသိဘူး။ အသင်း သားအချင်းချင်း ပြဿနာဖြစ်တာ နည်းလာတာပဲ။ အချင်းချင်း ချစ်လွန်းလို့ကို social media တွေမှာတောင် အသင်းဖန်တွေက ကစားသမားအချင်းချင်း ပေးစားပြီး စကြတဲ့အထိပဲ။ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားလည်း အတော်နည်းသွားတယ်။ တစ်ကိုယ်ကောင်းဆန်တာနည်းလွန်းပြီး အခြားသူကိုပဲ ဖန်ပေးနေလို့ကို လူကာကူကြီး ဂိုးရနည်းနေတာပဲကြည့်ပေါ့။
ပြောရရင်တော့ တူချယ်ဟာ အသင်းဖန်တွေရော၊ အသင်းသားတွေပါ ချစ်ကြတဲ့ နည်းပြကောင်းတစ်ဦးပါပဲ။ သူ့လက်ထက်မှာ အရင်က မတွေ့ရဖူးတဲ့ အသင်းလိုက် စုစည်းမှုတွေ၊ အသာစီးရတဲ့ ကစားပုံတွေ၊ စိတ်ထဲ အမြဲ အပေါ်အသင်းလို့ ခံစားလာရစေတာတွေ ပြောမကုန်ပါပဲ။ အခြားအသင်းတွေကိုလည်း respect ထားပေးလွန်းလို့ ချယ်လ်ဆီးနည်းပြဆိုရင် အခြားအသင်းတွေရဲ့ နည်းပြတွေနဲ့ ပြသနာတက်လွန်းတာတွေ လည်း သူနဲ့ကျမှ ပြောင်းပြန်ဖြစ်ရပေါ့။

တူချယ်ကို အသင်းနဲ့ ကာလကြာရှည် မြဲစေချင်ပါတယ်။ သုံးနှစ်ပြည့်ရင် အထုတ်ခံရတဲ့ အသင်းရဲ့ ကျိန်စာလည်း တူချယ်နဲ့ လွတ်သွားစေချင်ပါတယ်။ သူ့လက်ထက်မှာ အသင်းက ကစားသမားအကုန် စုစုစည်း စည်းနဲ့ ဒီထက် ပိုတဲ့ ခြေစွမ်းတွေ မြင်ချင်မိပါတယ်။ ကျွန်တော်တို့ အသင်းဟာ right time မှာ right person တော့ ရခဲ့ပါပြီ။ အဲ့ဒီ အချိန်တွေကို ဒီထက်ပို ရှည်ချင်မိပါတယ်၊ ဒီထက်ပိုတဲ့ အောင်မြင်မှုတွေကိုလည်း နည်းပြကြီးနဲ့အတူ ရချင်ပါသေးတယ်လို့ ပြောရင်း...

ကိုရူပ (ပဲခူး)