feature-image

‘ရိုမီလူ လူကာကူ’ ရဲ့ ပြောဆိုချက်အပေါ် ချက်ချင်းတုံ့ပြန်ခဲ့တဲ့ ဘောလုံးအဖွဲ့ချုပ် (FA)

ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမီလူ လူကာကူ မှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအတွက် လက်ရှိဆောင်ရွက်နေသော လှုပ်ရှားမှုများ၏ ထိရောက်မှုကို မေးခွန်းထုတ်ခဲ့ပြီး အသင်းဖော် မားကို့စ် အလွန်ဆို ၏ ‘ပွဲမစမီ ဒူးထောက်ပြီး လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ပြသနေမှု’ မှာ အကျိုးဖြစ်ထွန်းမှုမရှိကြောင်း ပြောကြားမှုကို ထောက်ခံခဲ့သည်..။

လူကာကူ က ‘ပွဲမစခင် ကျွန်တော်တို့ ကွင်းထဲမှာ ဒူးထောက်ပြနေတဲ့အချိန်မှာ လူတိုင်းက လက်ခုတ်တီးခဲ့ကြပေမယ့် ပွဲလည်းပြီးရော နောက်ထပ်စော်ကားမှုတွေ ထပ်ပြီးထွက်လာတာပဲ..’ ဟု ပြောကြားခဲ့ပြီး ကွင်းအတွင်းမှ လှုပ်ရှားမှုများအပြင် သြဇာကတ္တိကမ္မ ကြီးမားသော ပုဂ္ဂိုလ်များထံမှ ထိရောက်သည့် ပံ့ပိုးမှုများ ထပ်မံရရှိရန် လိုအပ်ကြောင်း CNN သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံခန်းတွင် ယခုလို ပြောကြားခဲ့သည်..။

“လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ ပတ်သက်ပြီး အခုထက်ပို ထိရောက်တဲ့ လှုပ်ရှားမှုတွေ လိုအပ်လာပြီလို့ ကျွန်တော်ထင်ပါတယ်..။ ပွဲမစခင် ကျွန်တော်တို့ ကွင်းထဲမှာ ဒူးထောက်ပြနေတဲ့အချိန် လူတိုင်းက လက်ခုတ်တီးခဲ့ကြပေမယ့် ပွဲလည်းပြီးရော နောက်ထပ်စော်ကားမှုတွေ ထပ်ပြီးထွက်လာတာပါပဲ..။ ဒ့ါကြောင့်တကယ့်ကို ထိရောက်တဲ့ ရလဒ်ကိုလိုချင်ရင် ထိရောက်အောင် ပြုလုပ်နိုင်မှ ရပါလိမ့်မယ်..။ ကျွန်တော်တို့လို ကစားသမားတွေက ဆိုရှယ် မီဒီယာတွေ မသုံးဘူး.. ဆိုပြီး ဘွိုင်းကောက် လုပ်တယ်..၊ social punishment တွေ လုပ်လို့ ရပါတယ်..။

ဒါပေမယ့် အဲဒီ social media ကုမ္ပဏီတွေ ကိုယ်တိုင်က အသင်းကတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေ..၊ ဒါမှမဟုတ် လူမျိုးရေး ခွဲခြားခံခဲ့ရတဲ့ ကစားသမားတွေကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ပြီး ထိရောက်တဲ့ နည်းလမ်းတွေ ပေါ်ထွက်လာအောင် ဘယ်လိုလုပ်မလဲ.. ဆွေးနွေးမှုတွေ ပြုလုပ်သင့်ပါပြီ..။ အဲဒီလိုနည်းလမ်းဟာ ထိရောက်မှု ရှိလိမ်မယ်လို့ ကျွန်တော်ထင်ပါတယ်..။”

အဆိုပါပြောကြားချက်အပေါ် ဘောလုံးအဖွဲ့ချုပ် (FA) ၏ ပြောရေးဆိုခွင့်ရှိသူက CNN သတင်းဌာနထံ ဆက်သွယ်ပြီး ရိုမီလူ လူကာကူ နှင့် ဆွေးနွေးရန် အကြောင်းကြားပြီး ဖြစ်သည်ဟု အောက်ပါအတိုင်း ပြောကြားခဲ့သည်..။ “လူမျိုးရေး ခွဲခြားဆက်ဆံမှုလို အရေးကြီးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးအကြံပေးချက် အားလုံးကို ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်..။”



အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူးမှာ ‘ခွဲခြားဆက်ဆံမှုမျိုးစုံနှင့် ပတ်သက်သည့် တိုက်ဖျက်ရေး လုပ်ငန်းများ’ တွင် တက်တက်ကြွကြွ ပါဝင်သွားမည်ဖြစ်ပြီး social media ကုမ္ပဏီကြီးများ၊ အားကစားနှင့် နိုင်ငံရေးနယ်ပယ်များမှ အရေးပါသည့်ပုဂ္ဂိုလ်များကို သူတို့နှင့်အတူ ပူးပေါင်းရန် ရှာဖွေနေကြောင်း ယခုလိုပြောကြားခဲ့သည်..။

“အသင်းတိုင်းက အသင်းခေါင်းဆောင်တွေဟာ အသင်းမှာ အရှိန်အဝါကြီးမားတဲ့ ကစားသမား လေးယောက်၊ ငါးယောက်လောက်နဲ့ ပူးပေါင်းပြီး Instagram တို့လို ကုမ္ပဏီတွေက CEO တွေ၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ FA.. ကစားသမား အဖွဲ့အစည်း (PFA) တို့နဲ့ တစားပွဲထဲထိုင်ပြီး အစည်းအဝေးကြီးတွေ ပြုလုပ်သင့်ပါပြီ..။ ကျွန်တော်တို့ဟာ လူမျိုးရေး၊ အသားအရောင် ခွဲခြားဆက်ဆံမှု အပါအဝင် ဒီလိုခွဲခြားမှုမျိုးစုံကို ထိထိရောက်ရောက် ဘယ်လိုတိုက်ဖျက်နိုင်မလဲ အမြန်ဆုံးအဖြေရှာရပါမယ်..။ ကျွန်တော်တို့အားလုံးအတူတူ ပူးပေါင်းပြီး အစည်းအဝေး ပြုလုပ်မယ်..၊ အဲဒီကနေ ညီလာခံ.. အဲဒီကနေမှတဆင့် ကစားသမားတွေကို အကာအကွယ်ပေးဖို့ ဘယ်လိုလိုအပ်နေလဲ ဆိုတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးရပါမယ်..။ တကယ်တော့ ကျွန်တော်တို့ ကစားသမားတွေအပြင် ပရိသတ်တွေ လူငယ်ကစားသမားလေးတွေ အတွက်ပါ ပြည့်စုံလုံလောက်တဲ့ အကာအကွယ် ရှိနေရပါမယ်..။

ဒီတိုက်ပွဲကို ကျွန်တော်တိုက်ရပါမယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ ဒါတွေကိုကျွန်တော်ဟာ ကိုယ့်တစ်ယောက်တည်းအတွက် တိုက်ယူနေတာ မဟုတ်ပါဘူး..။ ကျွန်တော့်ရဲ့သား..၊ အနာဂတ် ကလေးငယ်တွေ၊ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေ၊ ညီအစ်မတွေ၊ ကျန်တဲ့ကစားသမားတွေနဲ့ နောင်တစ်ချိန်မှာ တောက်ပလာမယ့် ကစားသမားတွေ… နောက်ဆုံး လူတိုင်းအတွက်.. တိုက်ပွဲဝင်သွားပါမယ်..။

တကယ်တော့ နောက်ဆုံးတစ်နေ့မှာ ဘောလုံးဟာ ပျော်ရွှင်စရာ ကစားနည်းတစ်ခု ဖြစ်လာရပါမယ်..။ အဲဒီချစ်စရာကောင်းတဲ့ ကစားနည်းကို ခွဲခြားဆက်ဆံမှုကြောင့် မပျက်စီးသွားစေချင်ပါဘူး..။ ဖြစ်လည်းမဖြစ်စေရပါဘူး..။ ဘောလုံးကစားနည်းဟာ ပျော်ရွှင်စရာပဲ ဖြစ်ရပါမယ်..။ ဘောလုံးဟာ အဆင့်အတန်း မရှိတဲ့လူတစ်ချို့ကြောင့် လုံခြုံမှုမရှိတဲ့ နေရာတစ်ခု မဖြစ်စေရအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားပါမယ်..။"