ယခင်အပါတ်က ဆောက်ပ်သမ်တန်အသင်းနှင့် မမျှော်လင့်ပဲ သရေကျပြီး အမှတ်ဆုံးရှုံးခဲ့ရသည့် မန်ချက်စတာ စီးတီးအသင်းမှာ စနေနေ့တွင် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ရတော့ပါမည်..။ ပက်ပ် ဂွာဒီယိုးလားအသင်းအတွက် စတန်းဖို့ဒ် ဘရစ်ခ်ျ ခရီးစဉ်ပြီးလျှင် ပီအက်စ်ဂျီ၊ လီဗာပူးလ် အသင်းများဆီသို့ ခရီးဆက်ရဦးမည် ဖြစ်သောကြောင့် သူတို့အတွက် အခက်ခဲဆုံး ရက်သတ္တပါတ်ဟုပင် ပြောလို့ရနိုင်ပါသည်..။
ပက်ပ် ဂွာဒီယိုလာ မှာ သောမတ်စ် တူခယ်လ် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းအား သုံးကြိမ်စလုံး ရှုံးနိမ့်ထားခဲ့သလို အဆိုပါသုံးပွဲစလုံးမှာ အရေးကြီးသော ပွဲစဉ်များ ဖြစ်ခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ FA ဖလားပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သလို မန်ချက်စတာ စီးတီးအသင်း၏ ပရီးမီးယားလိဂ် အောင်ပွဲကို နောက်ဆုတ်သွားအောင်လည်း စွမ်းဆောင်နိုင်ခဲ့သည်..။ နောက်ဆုံးရရှိခဲ့သည့် အနိုင်ပွဲကတော့ ပက်ပ် ဂွာဒီယိုလာ အတွက် ခံရအခက်ဆုံးဖြစ်မည့် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲစဉ်ပဲ ဖြစ်ခဲ့သည်..။
ပက်ပ် မှာ တူခယ်လ် အား မိန့်ဇ်အသင်းနှင့် ဘိုရုရှား ဒေါ့မွန်အသင်းများတွင် အနိုင်ရရှိခဲ့သော်လည်း ယခုအချိန်တွင် တူခယ်လ် မှာ စပိန်နည်းပြနှင့် ရင်ဆိုင်မှုများအတွင်း အပေါ်စီးရရှိသွားခဲ့ပြီဖြစ်သည်..။ ထို့ကြောင့်ယနေ့ယှဉ်ပြိုင်မည့် ပွဲစဉ်မှာ တူခယ်လ် ကပဲ ဆက်ပြီးအနိုင်ရရှိ သွားဦးမလား..? ဂွာဒီယိုလာ ကပဲ လောလောဆယ်မှာ ဆိုးရွားနေသည့် ချယ်လ်ဆီးအသင်းနှ်င့် ထိပ်တိုက်ရလဒ်များကို ချေဖျက်သွားနိုင်မလား..? စောင့်ကြည့်ရပေတော့မည်..။
ထို့ကြောင့်ယခုယှဉ်ပြိုင်နေသည့် ၂၀၂၁/၂၂ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ ချန်ပီယံလုပွဲတွင် အရေးပါသည့်ပွဲစဉ်တစ်ခု ဖြစ်လာနိုင်သည့် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြိုင်ဘက်နှစ်သင်း ထိပ်တိုက်ပြန်လည် တွေ့ဆုံခဲ့သည့်ပွဲစဉ်တွင် မြင်တွေ့နိုင်ရဖွယ်ရှိသော နည်းစနစ်ပိုင်း မျှော်မှန်းချက်များကို တွေးဆ၊ တင်ဆက်လိုက်ပါသည်..။
(၁) လူစားဝင် ကစားသမားများကပဲ ပွဲ၏အဖြေကို အဆုံးအဖြတ် ပေးသွားနိုင်မလား…?
ယခုလက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ စီးတီးအသင်းတို့မှာ အရန်ကစားသမား အင်အားအတောင့်ဆုံး အသင်းများဖြစ်သည်မှာ သံသယရှိစရာ မလိုပေ..။ နှစ်သင်းစလုံးမှာ ကမ္ဘာ့အဆင့် ကစားသမားများကို အရန်လူအဖြစ် ထားရှိနိုင်သည့် အသင်းများ ဖြစ်သောကြောင့် ပွဲချိန်အတွင်း တွေ့ရှိလာသည့် လိုအပ်ချက်များကို အရန်လူများဖြင့် လိုအပ်သလို နည်းစနစ် အပြောင်းအလဲ ပြုလုပ်နိုင်စွမ်း ရှိပါသည်..။ အထူးသဖြင့် နည်းပြသောမတ်စ် တူခယ်လ် မှာ တော့တင်ဟမ် အသင်းအား သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အန်ဂိုလို ကန်တေး အား ထည့်သွင်းပြီး ပွဲ၏ချိန်ခွာလျှာကို အပြောင်းအလဲဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်..။
သောမတ်စ် တူခယ်လ် မှာ အဆိုပါပွဲ ပထမပိုင်းတွင် ချယ်လ်ဆီးအသင်း၏ အားထည့်ကစားမှုနှင့် ဘောလုံးယှဉ်လုသည့် (duels) အပိုင်းများတွင် အားမရခဲ့ကြောင်း ပြောဆိုခဲ့သလို အချက်အလက်များကလည်း သူ၏တွေ့ရှိချက် မှန်ကန်ကြောင်း ပြသခဲ့သည်..။ အဆိုပါပွဲစဉ် ပထမပိုင်းအတွင်း တော့တင်ဟမ် အသင်း၏ စွမ်းဆောင်ရည် အချက်အလက်များမှာ ချယ်လ်ဆီးအသင်းထက် သာလွန်ခဲ့သလို တူခယ်လ် ထောက်ပြခဲ့သည့် ဘောလုံးယှဉ်လုနိုင်သည့် ရာခိုင်နှုန်းတွင်လည်း နှစ်ဆနီးပါး (၆၅.၄% ရာခိုင်နှုန်း vs ၃၄.၆% ရာခိုင်နှုန်း) သာလွန်ခဲ့သည်ကို တွေ့နိုင်ပါသည်..။
ထို့ကြောင့်တူခယ်လ် မှာ ဒုတိယပိုင်းစသည်နှင့် ပရီးမီးယားလိဂ်တွင် ဘောလုံးယှဉ်လုသည့်အပိုင်းနှင့် လုပ်အားနှုန်း အကောင်းဆုံး ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေး ထည့်သွင်းခဲ့သည်..။ ပြင်သစ် ကွင်းလယ် ကစားသမားကြောင့် ချယ်လ်ဆီးအသင်းမှာ ဘောလုံးဆုံးရှုံးချိန်များတွင် ကွင်းလယ်၌ပင် ဘောလုံးပြန်လည် အရယူနိုင်ခဲ့ပြီး ကစားကွက် အသာစီး ပြန်လည်ရယူနိုင်ခဲ့သည်..။ အရေးအကြီးဆုံး အပြောင်းအလဲကတော့ ကန်တေး ဆီမှ ရရှိလာသည့် ‘လုပ်အားနှုန်းပဲဖြစ်သည်..။
အချက်အလက်များအရ အန်ဂိုလို ကန်တေး မှာ ချယ်လ်ဆီးကစားသမားများအနက် ပြေးနှုန်းအမြန်ဆုံး ကစားသမား ဖြစ်ခဲ့ပြီး အဆိုပါပွဲအတွင်း သူ၏အမြန်ဆုံးပြေးနှုန်းမှာ တစ်နာရီလျှင် (၇) ကီလိုမီတာနှုန်း ရှိခဲ့သည်..။ ဒုတိယပိုင်းမှ ဝင်ရောက်လာခြင်းကြောင့်သာ ယခုလိုလုပ်အားနှုန်း၊ အမြန်နှုန်းဖြင့် တစ်ကွင်းလုံးဖြန့်ကျက်နိုင်ခြင်းဖြစ်သည်ဟု ငြင်းချက်ထုတ်နိုင်သော်လည်း ‘အန်ဂိုလို ကန်တေး’ မှာ တစ်ရက်ထဲ နှစ်ပွဲကစားခဲ့လျှင်တောင် တော်ရုံကစားသမားထက် သာလွန်အောင် ကစားပြနိုင်သူ ဖြစ်ပါသည်..။
အန်ဂိုလို ကန်တေး ကြောင့် မက်တီယို ကိုဗာဆစ် မှာ ဒုတိယပိုင်းတွင် ပိုမိုလှုပ်ရှားကစား နိုင်လာခဲ့သလို ခရိုအေးရှား ကစားသမားမှာ အသင်း၏ ကစားကွက် အတင်အချကိုပါ ထိန်းချုပ်နိုင်ခဲ့သည်..။ ပြင်သစ်ကွင်းလယ်လူကြောင့် ချယ်လ်ဆီးအသင်း၏ ခွန်အားစိုက်ထုတ် ကစားမှု၊ ဘောလုံးယှဉ်လုနိုင်မှု အပိုင်းများတွင် သိသိသာသာ ကောင်းမွန်လာခဲ့ပြီး ဘောလုံးယှဉ်လုနိုင်သည့် ရာခိုင်နှုန်းတွင် (၃၄.၆%) မှ (၅၇.၄%) ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါသည်..။
ထို့အပြင် အန်ဂိုလို ကန်တေး မှာ ပူးတွဲပုံတွင် ပြသထားသည့်အတိုင်း သူ့အားလူကပ်ထားသည့် ဒယ်လီ အားလီ အလစ်တွင် အသာလေး ပြေးထွက်ပြီး ကွင်းလယ်မှ ဂျော်ဂင်ဟို ပေးပို့လိုက်သည့် ဘောလုံးမှ တန်ပြန်တိုက်စစ်ကို စတင်ခဲ့သည်..။ သူ၏လျှင်မြန်သည့် ထိုးဖောက်မှုမှ ရရှိခဲ့သည့် ထောင့်ကန်ဘောမှတဆင့် သီယာဂို ဆေးလ်ဗား က ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါသည်..။
အထက်ပါ ဥပမာအတိုင်း မန်နေဂျာ နှစ်ယောက်စလုံးအတွက် အရန်ခုံတွင် ပွဲအဖြေ ပြောင်းလဲပေးနိုင်သည့် ကစားသမား အများအပြား ရှိနေသောကြောင့် ယနေ့ပွဲစဉ်၏ ချိန်ခွင်လျှာနှင့် ပွဲအဖြေ အပြောင်းအလဲမှာ အရန်ခုံက ကစားသမားများကြောင့် ဖြစ်ပေါ်လာခဲ့လျှင်လည်း အံ့သြစရာရှိမည် မဟုတ်ပေ..။
(၂) စီးတီးအသင်း၏ man to man press နှင့် ချယ်လ်ဆီးအသင်း၏ back three တိုက်ပွဲ..
တော့တင်ဟမ်အသင်းနှင့်ပွဲ ပထမပိုင်းတွင် ချယ်လ်ဆီးအသင်း နောက်ကောက်ကျခဲ့ရခြင်း၏ အဓိကအကြောင်းရင်းတွင် မြောက်လန်ဒန်အသင်း၏ without the ball လှုပ်ရှားမှုများတွင် ကောင်းမွန်ခဲ့ခြင်းကြောင့်လည်း ပါဝင်ခဲ့သည်..။ စပါးအသင်းမှာ ချယ်လ်ဆီးအသင်းအား ခံစစ်ကြောင်းအထိ အစွမ်းကုန်လိုက်ပါ ဖိအားပေး (high press) ကစားခဲ့ပြီး ချယ်လ်ဆီးအသင်း ကွင်းဘက်အခြမ်းမှာပင် ဘောလုံးအရယူနိုင်ခဲ့သည်..။
အောက်ပါပုံတွင် (ပုံ- ၁) တော့တင်ဟမ်အသင်း ရှေ့တန်းကစားသမားများမှာ ချယ်လ်ဆီးအသင်း back three ကို တစ်ဦးချင်း ရင်ဆိုင်ထားသည်ကို တွေ့နိုင်ပါသည်..။ သီယာဂို ဆေးလ်ဗား မှ ရူဒီဂါ ဆီသို့ ဘောလုံးပေးလိုက်သည်..။
လို ဆယ်လ်ဆို မှာ ရူဒီဂါ အား အတင်းလိုက်ပါ ဖိအားပေးခဲ့သည့်အပြင် ဂျော်ဂင်ဟို ထံ ပေးပို့မည့် လမ်းကြောင်းကိုပါ ပိတ်ဆို့ထားခဲ့ခြင်းကြောင့် ဂျာမန်နောက်ခံလူအတွက် ဘောလုံးပေးပို့စရာ လမ်းကြောင်းမှာ ကိုဗာဆစ် ထံသို့သာ ရှိခဲ့သည်..(ပုံ- ၂)။
တွန်ဂေး အန်ဒွန်ဘယ်လီ က ဘောလုံးလက်ခံရရှိခဲ့သည့် ကိုဗာဆစ် ထံသို့ ဆက်တိုက်လိုက်ပါ ဖိအားပေးခဲ့သည်..။ ထို့ကြောင့်ခရိုအေးရှား ကွင်းလယ် ကစားသမားမှာ ရူဒီဂါ ထံမှ ရရှိလာသည့် ဘောလုံးအား ကက်ပါ ထံသို့ နောက်ပြန်ပြန်ပေးခဲ့ရပါသည်..(ပုံ- ၃)။
ကက်ပါ က ညာဘက်တွင် နေရာယူထားသော ခရစ်စ်တီယန်ဆန် ထံ ပြန်တွဲပါသည်..။ ဘောလုံးလက်ခံရသည်နှင့် ဟာရီ ကိန်း က ချက်ချင်းပြေးဝင် ပိတ်ဆို့ခဲ့သည်..။ ထို့ကြောင့်အတွင်းဘက်တွင် ရှိနေသည့် ဆေးလ်ဗား ထံ ပြန်လည်ပေးပို့ခဲ့သည်…။ ထို့အချိန်တွင် ချယ်လ်ဆီး ဗဟိုနောက်ခံလူ (၃) ယောက်စလုံးအား စပါးတိုက်စစ်မှူး သုံးယောက်ဖြင့် man to man လူကပ်ထားသည်ကို တွေ့နိုင်ပါသည်.. (ပုံ- ၄)
ဘောလုံးရရှိလာခဲ့သည့် ဆေးလ်ဗား မှာ ဆွန် ၏ ဖိအားပေးမှုကြောင့် ကွင်းလယ်သို့ ရှင်းထုတ်ခဲ့ရပြီး အဆိုပါ second ball မှတဆင့် တော့တင်ဟမ်အသင်းက နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်စစ်ဆင်လာခဲ့ပြန်သည်..(ပုံ- ၅)။
အထူးသဖြင့် ပွဲအစပိုင်းတွင် ချယ်လ်ဆီးအသင်းမှ ဗဟိုနောက်ခံလူ သုံးယောက်မှာ တော့တင်ဟမ် တိုက်စစ်မှူး သုံးယောက်၏ man to man လူကပ်ပြီး high press ဖိအားပေး ကစားပုံကြောင့် ရုန်းကန်ခဲ့ရပြီး ပွဲချိန် (၈) မိနစ်တွင်လည်း အဆိုပါ ဖိအားပေးမှုများမှတဆင့် ရူဒီဂါ မှာ ဘေးထွက်ဘော လုပ်ခဲ့ရပါသည်..။
ပထမပိုင်းတွင် စပါးအသင်း၏ ဖိအားပေး ကစားပုံကို sequences data အချက်အလက်ကို အသုံးပြုပြီး စပါးအသင်း၏ ဖိအားပေးမှု လုပ်ဆောင်ပုံ (သို့မဟုတ်) press per defensive action (PPDA) များကို ပေါင်းစပ်တွက်ချက်ကြည့်ရာ နူနို ဆန်းတို့စ် ၏ အသင်းသားများမှာ ဖိအားပေးမှု (press) အနည်းဆုံး (၂၄) ကြိမ် ပြုလုပ်ခဲ့ပြီး press တစ်ကြိမ်လျှင် ပျမ်းမျှ (၇.၈) စက္ကန့် ကြာမြင့်ခဲ့ပြီး press တစ်ကြိမ်ကို ကစားသမား ပျမ်းမျှ (၂.၈) ယောက် ပါဝင်ခဲ့သည်..။
စီးတီးအသင်း၏ ပြိုင်ဘက်အသင်း၏ ပေးပို့မှု (pass) တစ်ကြိမ်အတွက် PPDA အချက်လက်များအရ ပက်ပ် ဂွာဒီယိုလာ ၏ အသင်းသားများမှာ ဖိအားပေးမှု (press) တစ်ကြိမ်လျှင် ပျမ်းမျှ (၁၀) စက္ကန့် ကြာမြင့်ခဲ့ပြီး press တစ်ကြိမ်ကို ကစားသမား ပျမ်းမျှ (၂.၆) ယောက် ပါဝင်ခဲ့သည်..။ ထို့ကြောင့် မန်ချက်စတာ စီးတီးအသင်းမှာ press ကစားရာတွင် ကစားသမားများကို ပိုမိုအသုံးပြုပြီး လုပ်အားနှုန်းလည်း ပိုမိုကောင်းမွန်ခဲ့သည်ကို တွေ့ရပါသည်..။
ထို့ကြောင့် high press ကစားရာတွင် ပရီးမီးယားလိဂ်၏ အကောင်းဆုံး အသင်းတစ်သင်းဖြစ်သော မန်ချက်စတာ စီးတီးအသင်း၏ ဖိအားပေးမှုကို ချယ်လ်ဆီးခံစစ်ကြောင်းမှ မည်ကဲ့သို့ ရင်ဆိုင်မလဲ.. ဆိုသည်ကို စောင့်ကြည့်ရပေဦးမည်..။
(၃) ဖိအားပေးမှုများအောက်တွင် အကောင်းဆုံး ကစားပြနိုင်ခဲ့သော ချယ်လ်ဆီးကွင်းလယ် ကစားသမားများ..
သို့သော် မန်ချက်စတာ စီးတီးအသင်းအတွက် အဓိကပြဿနာမှာ ချယ်လ်ဆီးအသင်းသည် တစ်ဘက်အသင်း၏ ဖိအားပေးမှု (press) များကို အကောင်းဆုံး ရင်ဆိုင်၊ တုံ့ပြန်နိုင်သော အသင်းဖြစ်နေခြင်းပဲဖြစ်သည်..။ ကွင်းလယ်မှ ဂျော်ဂင်ဟို နှင့် ကိုဗာဆစ် တို့မှာ လက်ခံရရှိလာသော ဘောလုံးများကို တစ်ဖက်အသင်း၏ ဖိအားပေးမှုများကြားမှ အကောင်းဆုံး ဖြန့်ဝမှေု၊ ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်မှုတို့ကို ပြုလုပ်နိုင်သူများ ဖြစ်ကြောင်း အချက်အလက်များအရ တွေ့နိုင်ပါသည်..။ မက်တီယို ကိုဗာဆစ် မှာ ဘောလုံးပေးပို့မှု စုစုပေါင်း၏ (၉၁%) ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ဂျော်ဂင်ဟို မှာ လက်ခံရရှိသော ဘောလုံးများ၏ (၈၉%) ရာခိုင်နှုန်းကို မိမိအသင်းဖော်များထံ အောင်မြင်စွာ ပေးပို့နိုင်သူများ ဖြစ်ကြပြီး အချက်အလက်များအရ လက်ရှိပရီးမီးယားလိဂ်တွင် ဘောလုံးဖြန့်ဝမှေု အကောင်းဆုံး ထိပ်တန်း ကစား (၁၀) ယောက်ထဲတွင် ပါဝင်နေသူများ ဖြစ်ကြသည်..။
ထို့အပြင် pressing များအောက်တွင် ဘောလုံးပို့မှု အချက်အလက်များကို တွက်ချက်ရာတွင်လည်း ဂျော်ဂင်ဟို မှာ တစ်ပွဲလျှင်ပျမ်းမျှ (၉.၄) ကြိမ်သာ မှားယွင်းခဲ့ပြီး ကိုဗာဆစ် မှာ (၉.၈) ကြိမ်သာ မှားယွင်းခဲ့ပါသည်..။ သူတို့နှစ်ဦးစလုံးမှာ အကျဉ်းအကျပ်ထဲတွင် ဘောလုံးကို အရထိန်းသိမ်းနိုင်ပြီး ဖိအားပေးမှုများကြားမှ ဘောလုံးကို အကောင်းဆုံး ကိုင်ထားနိုင်သူများလည်း ဖြစ်ကြပါသည်..။
ထို့ကြောင့်ဂျော်ဂင်ဟို နှင့် ကိုဗာဆစ် (သို့မဟုတ်) အန်ဂိုလို ကန်တေး တို့၏ ကွင်းလယ်မှာ ချယ်လ်ဆီးအသင်း၏ ခံစစ်မှတိုက်စစ်ကို ပြောင်းလဲသည့် transition များကို ဗဟိုချက်အနေဖြင့် ဆောင်ရွက်သွားမည့် အခြေအနေ ရှိနေသောကြောင့် ဂွာဒီယိုလာ ၏ ချယ်လ်ဆီးအသင်း ကွင်းလယ်ကို ထိန်းချုပ်နိုင် စီမံလာမည့် အခင်းအကျင်းမှာလည်း စိတ်ဝင်စားဖို့ ကောင်းလှပေလိမ့်မည်..။
(၄) မန်ချက်စတာ စီးတီးအသင်း၏ ကွင်းလယ်အဖျက် ကစားသမားကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားမှာလား..?
“ဒီနေ့ပွဲမှာ ကျွန်တော်တို့ အနိုင်မရခဲ့တာဟာ အထောင်တိုက်စစ်မှူး (center forward) မရှိခဲ့လို့ မဟုတ်ပါဘူး..။ ကျွန်တော်တို့ရဲ့ တိုက်စစ်တည်ဆောက်ပုံ build-up play တွေ မကောင်းခဲ့သလို တိုက်စစ်ကစားသမားတွေဆီ ဘောလုံးပေးပို့မှုတွေ မကောင်းခဲ့လို့ အနိုင်မရခဲ့တာပါ..” ဟူ၍ နည်းပြကြီး ဂွာဒီယိုလာ က ဆောက်ပ်သမ်တန် အသင်းနှင့်ပွဲအပြီးတွင် ပြောကြားခဲ့ပါသည်..။
အချက်အလက်များအရ ထိုပွဲတွင် မန်ချက်စတာ စီးတီးအသင်းမှာ ယခင်ပွဲစဉ်များကဲ့သို့ ပွဲကိုထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပဲ တစ်ပွဲလုံးအတွင်း ပေးပို့မှု ဆယ်ကြိမ်အထက် sequences အလိုက် ပြုလုပ်နိုင်ခဲ့သည့် အကြိမ်ရေပေါင်း (sequences that combined 10+ passes) (၁၁) ကြိမ်သာ ပြုလုပ်နိုင်ပြီး သူတို့အသင်းအတွက် sequences အလိုက် တွဲလုံးများ ဖန်တီးမှုအနည်းဆုံးပွဲစဉ် ဖြစ်ခဲ့သည်..။ ထို့အပြင် အဆိုပါတွဲလုံး (၁၁) ကြိမ်ထဲမှ ပြိုင်ဘက်အသင်း၏ ဂိုးဧရိယာထဲသို့ တစ်ကြိမ်သာ ရောက်ရှိခဲ့သည်..။
ဆောက်ပ်သမ်တန်နည်းပြကြီး ရာ့ဖ် ဟာဆန်ဟတ်တယ်လ် ကျစ်လျစ်သော ၄- ၂- ၂- ၂ ကစားကွက်ဖြင့် စီးတီးအသင်း၏ ကွင်းလယ်ကို ထိန်းချုပ်ခဲ့ပြီး မန် စီးတီးအသင်းသားများအား ကွင်းလယ်မှ ဘောလုံးဖြန့်ခွင့် လုံးဝမရရှိအောင် ပိတ်ဆို့ခဲ့သည်..။ အထူးသဖြင့် ကွင်းလယ်ဗဟိုချက်မှ ဖာနန်ဒင်ဟို ကို လှုပ်မရအောင် ထိန်းချုပ်ခဲ့ခြင်းဖြစ်ပါသည်..။
မန် စီးတီးအသင်းခေါင်းဆောင် ဘရာဇီးလ် ကွင်းလယ်လူ ဘောလုံးရလာတိုင်း ဆောက်ပ်သမ်တန် အသင်းမှ ကစားသမားအနည်းဆုံး လေးယောက်လောက်က စုပြုံလာခဲ့ပြီး သူ့ထံမှ ထွက်လာမည့် ဘောလုံးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ရန် အဆင့်ဆင့် ပိတ်ဆို့ခဲ့သည်..။
အထက်ပါပုံတွင် ဖာနန်ဒင်ဟို မှာ ဂွမ်ဒိုဂန် ထံသို့ ဘောလုံးပေးပို့နိုင်ရန် ကြိုးစားခဲ့သော်လည်း ဖြတ်တောက်ခံခဲ့ရသည်..။ ဆောက်ပ်သမ်တန်အသင်း၏ အသင်းလိုက် ဖိအားပေးမှုဖြင့် ထိန်းချုပ်ကစားခဲ့ပုံကြောင့် ဖာနန်ဒင်ဟို မှာ ရုန်းကန်ခဲ့ရပြီး ဘောလုံးပေးပို့မှု စုစုပေါင်း၏ (၆၅%) ရာခိုင်နှုန်းသာ အောင်မြင်ခဲ့သည်..။ ထိုသို့ဆောက်ပ်သမ်တန် အသင်း၏ ကွင်းလယ်ကို ဖြတ်တောက်နိုင်ခဲ့သည့် အကျိုးဆက်ကြောင့် ထိုနေ့ကပွဲတွင် မန်ချက်စတာ စီးတီးအသင်းမှာ ဂိုးကန်သွင်းချက် (၁၆) ကြိမ် ကြိုးစားခဲ့ရာ (၁) ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တိုက်စစ်ပိုင်း၌ပါ ရုန်းကန်ခဲ့ရသည်..။
ယနေ့ယှဉ်ပြိုင်မည့်ပွဲတွင် တူခယ်လ် မှာ ၃-၄-၃ (သို့မဟုတ်) ၃- ၅- ၂ ကစားကွက်ကို ပြောင်းလဲမည် မဟုတ်သော်လည်း ပက်ပ် ဂွာဒီယိုလာ မှာ သူ၏ကွင်းလယ်ဗဟိုချက် (holding midfielder) နေရာတွင် မည်သည့်ကစားဖြင့် ပွဲထွက်လာမလဲ.. ဆိုသည့်အချက်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်..။ တကယ်တော့ ဂျာမန်နည်းပြကြီး ရာ့ဖ် ဟာဆန်ဟတ်တယ်လ် မှာ RB လိုက်ပ်ဇစ်အသင်းနှင့် မန်ချက်စတာ စီးတီးအသင်း၏ ချန်ပီယံလိဂ်ပွဲစဉ်မှ ဂျာမန်အသင်း၏ ပွဲချဉ်းကပ်ပုံ အခင်းအကျင်းကို လေ့လာခဲ့ပြီး သူ၏အသင်းနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ကျင့်သုံးခဲ့ခြင်းဖြစ်သလို သောမတ်စ် တူခယ်လ် မှာလည်း ဆောက်ပ်သမ်တန်အသင်း၏ ကစားပုံကို ပြန်လည်လေ့လာသုံးသပ်ခဲ့မှာတော့ အသေအချာပဲ ဖြစ်ပေလိမ့်မည်..။
(၅) မန် စီးတီးအသင်းဟာ three at back နဲ့ ပွဲထွက်လာမလား..?
ပြီးခဲ့သည့်နောက်ဆုံးထိပ်တိုက် တွေ့ဆုံမှု သုံးကြိမ်စလုံးတွင် ရှုံးနိမ့်ခဲ့ရသည့် ပက်ပ် ဂွာဒီယိုလာ မှာ ချယ်လ်ဆီးအသင်း၏ ၃- ၅- ၂ အထိုင် အခင်းအကျင်းကို three at back ပုံစံဖြင့် တန်ပြန်လာနိုင်မလား..? ဆိုသည့်အချက်မှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည်..။ မနှစ်ကဘောလုံးရာသီ၊ မေလက တွေ့ဆုံခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဆာဂျီယို အဂွဲရိုး ၏ Panenka ပင်နယ်တီကန်ချက် လွဲချော်သွားခဲ့သည့် အချိန်ထိ ပက်ပ် ဂွာဒီယိုလာ မှာ three at back ပုံစံအထိုင်ဖြင့် ကစားကွက် အသာစီး ရယူနိုင်ခဲ့သလို နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်မည့် အခွင့်အရေးပင် ရရှိခဲ့သည်..။
ထို့ကြောင့်ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် three at back ဖြင့်သာ ပွဲထွက်လာမလား မျှော်လင့်ခဲ့သော်လည်း နည်းစနစ် အပြောင်းအလဲများကို ခုံမင်လွန်းလှသည့် ပက်ပ် ၏ အကျင့်စရိုက်ကြောင့် သူ၏ three at the back အခင်းအကျင်းမှာ ထိုနေ့ကပွဲအပြီးထိပင် မခံခဲ့ပေ..။ တကယ်တော့ အဂွဲရိုး ၏ ပင်နယ်တီကန်ချက်သာ ဂိုးဝင်ခဲ့ပါက ထိုနေ့ကပွဲတွင် စီးတီးအသင်းမှာ အနိုင်ရသွားပေလိမ့်မည်..။ ဒါဆိုလျှင် နည်းပြပက်ပ် မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အဆိုပါပွဲ အခင်းအကျင်းအတိုင်း ပွဲထွက်လာမလား.. တွေးဆကြည့်ပေမယ့် လေထဲက အိပ်မက်တစ်ခုတော့ ဖြစ်ခဲ့ရသည်..။
၃- ၅- ၂ ကစားကွက် (သို့မဟုတ်) three at back ကစားကွက်၏ အားသာချက်မှာ အသင်း၏ ကစားကွက် စတင်တည်ဆောက်ချိန် (first phase of play) တွင် လူအင်အား အသာစီး ရနိုင်သလို ရူဘင် ဒီးယက်စ်၊ လာပေါ်တေး တို့လို ဘောလုံးနှင့်အတူ ဆွဲထွက်ရာတွင်၊ ဘောလုံးဖြန့်ဝရောတွင် ကောင်းမွန်သော နောက်ခံလူများအနေဖြင့် ဘောလုံးနှင့်အတူ ကွင်းလယ်ကို ဆွဲတက်ပြီး တိုက်စစ်ကို အမြန်ဆုံး စတင်နိုင်ပေမည်..။ ထိုသို့နောက်ခံလူများက ကွင်းလယ်အထိ တက်ရောက်လာခဲ့သောကြောင့် ချယ်လ်ဆီး ကွင်းလယ် ကစားသမားများမှာ သူတို့ကို ပိတ်ဆို့ရတော့မည်ဖြစ်ပြီး စီးတီးကွင်းလယ် ကစားသမားများအတွက် နေရာလွတ်များ ရလာစေနိုင်ပါသည်..။
ယခုပူးတွဲပုံတွင် ရူဒီဂါ မှာ ဘောလုံးနှင့်အတူ ဆွဲတက်လာသည့် ဂျွန် စတုံး ကြောင့် စီးတီးအသင်း ကွင်းလယ် ကစားသမားကို ပိတ်ဆို့ရန် ပြေးတက်လာခဲ့ရပြီး သူ၏နောက်မှ နေရာလွတ်ကို တိုက်စစ်မှူး ယေဇူး က အသုံးချနိုင်ခဲ့သည်..။ ဘရာဇီးလ် တိုက်စစ်မှူးမှာ အဆိုပါဘောလုံးကို ညာတောင်ပံတစ်လျှောက် ဆွဲထွက်ပြီး ဂိုးရှေ့သို့ ဖြတ်တင်ဖန်တီးပေးမှုနှင့်တဆင့် ရာဟင်း စတာလင်း က အနီးကပ် ပိတ်သွင်းနိုင်ခဲ့သည်..။ အကယ်၍ ရူဒီဂါ က ရှေ့တက်မဖျက်ထုတ်ပါကလည်း စီးတီး ကွင်းလယ် ကစားသမားများအတွက် နောက်တန်းနှင့် ကွင်းလယ်ကြားတွင် နေရာလွတ်များ ဖန်တီးသွားနိုင်ပေလိမ့်မည်..။
တကယ်တော့ ဂွာဒီယိုလာ လို နည်းပြကြီးကို မည်ကဲ့သို့ ကစားသင့်ကြောင်း ဆရာလုပ်ခြင်းမှာ ‘နွားရှေ့တွင် ထွန်ကျူးပြ’ သလို ဖြစ်နေပေလိမ့်မည်..။ သို့သော် လောလောဆယ် ဆိုးရွားသည့် ထိပ်တိုက်ရလဒ်များကို တန်ပြန်နိုင်ဖို့ ပညာခန်းအကုန် ထုတ်လာမည့် စပိန်နည်းပြကြီး၏ အခင်အးအကျင်းက စိတ်ဝင်စားဖို့ အမှန်တကယ် ကောင်းပေလိမ့်မည်..။
အဆိုပါတွေးဆချက်၊ ဆပွားချက်များကြောင့် ဒီနေ့ညနေအစောပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ နည်းစနစ်ပိုင်းအရ စိတ်ဝင်စားဖွယ်ကောင်းမှာ ဧကန်အမှန်ပဲ ဖြစ်ပေလိမ့်မည်..။ အိမ်ရှင်အသင်းသာ အနိုင်ရခဲ့ပါက တူခယ်လ် ၏ အသင်းမှာ စီးတီးအသင်းထက် (၆) မှတ်အသာ ရသွားမည် ဖြစ်သလို ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ် ဆုဖလားစိန်ခေါ်မှုအတွက် ယုံကြည်မှုအင်မတန် ကောင်းမွန်သွားပေလိမ့်မည် ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါသည်..။
(The Analyst မှ ဆောင်းပါးရှင် Oliver Hopkins ၏ ‘The Blueprint: Five Tactical Trends to Spot in Chelsea vs. Manchester City’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)