feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း.. (ဂျော်ဂင်ဟို အား ပိတ်ဆို့ခြင်း)

မနေ့ညက Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော ‘Monday Night Football’ အစီအစဉ်တွင် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် အာဆင်နယ်အသင်း ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ တို့က ချယ်လ်ဆီးအသင်းနှင့် မန်ချက်စတာ စီးတီးအသင်းတို့၏ ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကွင်းလယ်ကစားသမား ဂျော်ဂင်ဟို အား ပိတ်ဆို့ခဲ့သည့် မန်ချက်စတာ စီးတီးအသင်း၏ pressing ကစားပုံနှင့် နည်းစနစ်ပိုင်းဆိုင်ရာ သုံးသပ်ချက်များကို အောက်ပါအတိုင်း တင်ဆက် ဆွေးနွေးသွားခဲ့ပါသည်..။

ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..။ ဒီတစ်ပါတ်ရဲ့ ကျွန်တော်တို့ရဲ့ တနင်္လာနေ့စကားဝိုင်းမှာ စနေနေ့အစောပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်နဲ့စတာပေ့ါဗျာ..။ သီယာရီ ရေ.. အဲဒီပွဲမှာပြသခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ခြေစွမ်းဟာ တစ်ဂိုး- ဂိုးမရှိဆိုတဲ့ ပွဲရဲ့ရလဒ်ထက် ပိုပြီးကောင်းမွန်ခဲ့တယ် မဟုတ်လားဗျ..

သီယာရီ အွန်နရီ - Yes.. သူတို့ဟာ with the ball မှာရော၊ without the ball မှာပါ ချယ်လ်ဆီးအသင်းကို လွှမ်းမိုးနိုင်ခဲ့ပါတယ်..။ အဲဒီပွဲမှာ သောမတ်စ် တူခယ်လ် ရဲ့ လူအခင်းအကျင်းက သိပ်မကောင်းခဲ့ပါဘူး…၊ ဒါပေမယ့် မန် စီးတီးအသင်းရဲ့ ကစားပုံဟာ အရမ်းကိုကောင်းလွန်းခဲ့သလို သူတို့ဟာ နည်းစနစ်ပိုင်း အသာစီး အရယူပြီး ချယ်လ်ဆီးအသင်းခြေထဲက ဘောလုံးခပ်များများကို ပြိုင်ဘက်အသင်း ကွင်းဘက်အခြမ်းမှာပဲ ပြန်ပြီးအရ ယူနိုင်ခဲ့ပါတယ်..။ ပက်ပ် ဂွာဒီယိုလာ ဟာ ‘အကောင်းဆုံး ခံစစ်ကစားနည်းဟာ ဘောလုံးကို ကိုယ့်အသင်းခြေထဲမှာ ထားရှိခြင်းဖြစ်တယ်..’ ဆိုတဲ့ ဂန္တဝင်နည်းပြကြီး ဂျိုဟန် ခရပ်ဖ် ရဲ့ ဘောလုံးဒဿနအတိုင်း တစ်ပွဲလုံး ပွဲစပွဲဆုံး သူတို့ရဲ့ခြေထဲမှာပဲ ဘောလုံးကို ထိန်းထားခဲ့ပြီး ချယ်လ်ဆီးအသင်းကို ဘာမှမလုပ်လို့မရအောင် ကစားသွားခဲ့ပါတယ်..။

ဒေးဗစ် ဂျုံးစ် - အင်းဗျ.. ဘောလုံးကို ခြေထဲမှာကိုင်ထားပြီး ခံစစ်ကစားပုံကို အပီအပြင် ကစားသွားနိုင်ခဲ့တဲ့ အဲဒီပွဲစဉ်က မန်ချက်စတာ စီးတီးအသင်းရဲ့ ကစားပုံအပေါ် အားလုံးကချီးကျူးခဲ့ကြပါတယ်…။ အချက်အလက်တွေအရ ကြည့်မင်ဆိုရင် အောက်ကပူးတွဲပုံမှာ ပြထားတဲ့အတိုင်း ချယ်လ်ဆီးအသင်းအတွက် တစ်ပွဲလုံးမှာ ဂိုးရနိုင်ခြေ (expected goal- xG) (ဝ.၂၂) ပဲ ရှိခဲ့ပြီး ၂၀၀၈/၀၉ ရာသီနောက်ပိုင်း အိမ်ကွင်းမှာဂိုးရနိုင်ခြေ အနည်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့သလို Opta အချက်အလက်တွေ စတင်ထုတ်ပြန်ခဲ့တဲ့ ၂၀၀၃/၀၄ ရာသီနောက်ပိုင်း ချယ်လ်ဆီးအသင်းအတွက် အိမ်ကွင်းမှာ ဂိုးကန်သွင်းချက် (shot on target) တစ်ကြိမ်မှ မရရှိခဲ့တဲ့ ပွဲတစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်..။ ဂျေမီ ရေ.. မန်ချက်စတာ စီးတီးအသင်းဟာ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားပုံ အသက်ကင်းမဲ့သွားအောင် ဘယ်လိုများ စွမ်းဆောင်ခဲ့လဲ..? ပြောပြပေးပါလား..



ဂျေမီ ကာရေဂါ - ပထမဆုံး ချီးကျူးရမှာက သူတို့အသင်းရဲ့ ဖိအားပေး ကစားပုံ (pressing) ပေါ့ဗျာ..။ ဘယ်အသင်းထက်မဆို အရမ်းကိုသာလွန် ကောင်းမွန်လွန်းခဲ့ပါတယ်...။ တကယ်တော့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ကိုပဲ ကြည့်မယ်ဆိုရင် အဲဒီနေ့ပွဲမှာ နှစ်သင်းစလုံးရဲ့ ခံစစ်ပိုင်းကစားပုံ သိပ်ကိုကောင်းခဲ့ပါတယ်..။ ‘ခံစစ်ကစားပုံ’.. ဆိုတာနဲ့ ကျွန်တော်တို့ဟာ ဟိုဆေး မော်ရင်ဟို ရဲ့ ခံစစ်ထိုင် ကစားတဲ့ပုံစံဖြစ်တဲ့ တစ်ဂိုးရအောင်သွင်းပြီး တစ်သင်းလုံး ဂိုးရှေ့မှာပိတ်ဆို့ခံတာကို ပြေးမြင်မိကြပါလိမ့်မယ်..။

အဲဒီပွဲဟာလည်း နှစ်သင်းစလုံးဟာ တစ်ဂိုးထဲ သွင်းနိုင်ခဲ့တာကြောင့် ခံစစ်ဦးစားပေးတဲ့ ‘one nil game’ ပါပဲ..။ ဒါပေမယ့် ဒီထက်ပို ဂိုးရသင့်တဲ့ အခွင့်အရေးတွေ ရရှိခဲ့သလို နည်းစနစ်ပိုင်းအရ အဆင့်မြင့်မားတဲ့ ပွဲစဉ်ဖြစ်တာကြောင့် ကျွန်တော်တော့ အဲဒီနေ့ကပွဲကို အရမ်းသဘောကျမိပါတယ်..။ ခံစစ်ကစားပုံနဲ့ ပတ်သက်ရင် နှစ်သင်းစလုံးဟာ ကိုယ်ပိုင်နိုင်တဲ့အတိုင်း ချယ်လ်ဆီးအသင်းကလည်း ဂိုးရှေ့ထိဆင်းပြီး deep defence ကစားပါတယ်..။ မန် စီးတီး အသင်းရဲ့ ကစားပုံကြောင့် သူတို့ဟာ အဲဒီလိုကစားခဲ့ရတာ ဖြစ်သလို ချယ်လ်ဆီးအသင်း ကိုယ်တိုင်ကလည်း deep defence ကစားတာကို အားသန်ပါတယ်..။ ပက်ပ် ဂွာဒီယိုလာ ရဲ့ အသင်းကတော့ သူတို့ရဲ့တိုက်စစ်ပိုင်းကနေပဲ ခံစစ်ကိုစတင်ပါတယ်..။ defend from front ဒါမှမဟုတ် high defence ပေ့ါဗျာ..။ အဲဒီလိုအနေအထားမှာ ချယ်လ်ဆီးအသင်းရဲ့ build-up play တွေကို မန် စီးတီးအသင်းက ဘယ်လိုပုံစံနဲ့ ပိတ်ဆို့ခဲ့လည်းဆိုတာ လေ့လာကြည့်ပါမယ်..။



အခုပူးတွဲပုံ (ပုံ- ၁) မှာဆိုရင် ချယ်လ်ဆီးအသင်းဘက်က တည်ကန်ဘော (goal kick) စကန်ပါတတယ်..၊ သူတို့ဟာ build-up play ကို နောက်တန်းကနေ စပြီးတည်ဖို့ (play from the back) ကြိုးစားပါတယ်..။ အဲဒီနေရာမှာ မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံနှစ်ယောက်ဖြစ်တဲ့ ဂါဘရီယယ်လ် ဂျေဇူး နဲ့ ဂျက်ခ် ဂရေးလစ်ရှ် တို့ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတယ်..။ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားကွက်တည်ဖို့ အရေးအကြီးဆုံးဖြစ်တဲ့ ကွင်းလယ်က ဂျော်ဂင်ဟို ကို ဘယ်လိုပိတ်ဆို့ခဲ့လဲ..? သိပ်ကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်..။

မန်ချက်စတာ စီးတီအသင်းဟာ ခံစစ်ထိုင်တဲ့နေရာမှာ ၄- ၂- ၃- ၁ ပုံစံထိုင်ထားပြီး ကီဗင် ဒီ ဘရိုင်း က ဂျော်ဂင်ဟို ကို man to man လူကပ်ပါမယ်..(ပုံ- ၁)။ ချယ်လ်ဆီးဘက်က ဘောလုံးကိုစတည်ပြီး ညာဘက်ခြမ်းက ရိစ် ဂျိမ်းစ် ဆီကို ပေးပါတယ်..။ ရိစ် ဂျိမ်းစ် ကနေ ဂျော်ဂင်ဟို ကို ပေးလိုက်တာနဲ့ အခုအောက်ကပုံ (ပုံ- ၂) မှာ ပြထားတဲ့အတိုင်း ညာဘက်က ဂျေဇူး ကပါ အတင်းပြေးလိုက်ပြီး ဂျော်ဂင်ဟို ဘောလုံးကိုင်မရအောင် ကီဗင် ဒီ ဘရိုင်းနဲ့အတူ ပူးပေါင်း ပိတ်ဆို့လိုက်ပါတယ်..။



အဲဒီပုံမှာဆိုရင် ချယ်လ်ဆီးအသင်း ညာအခြမ်းမှာ ဂျော်ဂင်ဟို နဲ့ ကန်တေး တို့ ဘောလုံးဖြန့်လို့မရအောင် မန် စီးတီးကစားသမား ဘယ်နှစ်ယောက်တောင် ပိတ်ဆို့ထားခဲ့လဲ..၊ တွေ့နိုင်ပါတယ်..။ ချယ်လ်ဆီးရဲ့ ဘယ်ခြမ်းက ရူဒီဂါ၊ အလွန်ဆို တို့ နေရာလွတ်တွေ အများကြီးရနေခဲ့ပေမယ့် ဂျော်ဂင်ဟို၊ ရိစ် ဂျိမ်းစ် တို့ဟာ ညာဘက်ခြမ်းကို တစ်သင်းလုံးနီးနီး ပိတ်ဆို့ခဲ့တဲ့ မန် စီးတီးအသင်းရဲ့ high press ထဲကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး..။



အခုအပေါ်ကပုံ (ပုံ - ၃) မှာဆိုရင် ချယ်လ်ဆီးအသင်း build-up play စတဲ့အချိန် ဂျော်ဂင်ဟို က ရူဒီဂါ ဆီကနေ ဘောလုံးတောင်းပါတယ်..။ ဂျော်ဂင်ဟို ဟာ အခက်အခဲတွေနဲ့ ကြုံခဲ့ပေမယ့် မန် စီးတီး တစ်သင်းလုံးက သူ့ကိုအာရုံစိုက်မှန်း သိပေမယ့် သူဟာဘောလုံးလက်ခံရမှာ ဝန်မလေးသလို ဆုံးဖြတ်ချက်တွေ ရဲရဲဝံ့ဝံ့ချမှတ်ရဲတဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ပါတယ်..။ အဲဒီပုံမှာ ဘယ်ဘက်အခြမ်းက ဂျက်ခ် ဂရေးလစ်ခ်ျ ရှိနေပါတယ်..။

ညာဘက်အခြမ်းမှာတုန်းက ဂျေဇူး ဟာ ကွင်းဘယ်ဘက်အခြမ်းထိ လိုက်ပါ၊ ပိတ်ဆို့ခဲ့တဲ့ ပုံစံအတိုင်း ဂျက်ခ် ဂရေးလစ်ရှ် ကလည်း ဂျော်ဂင်ဟို နဲ့ ထပ်ချက်လိုက်ပါပြီး အီတလီကွင်းလယ် ဖန်တီးရှင် ဘောလုံးရရှိတဲ့အချိန် အတင်းလိုက်ပါ ဖျက်ထုတ်ခဲ့ပါတယ်..။ အခုပြထားတဲ့ပုံ (ပုံ- ၄) မှာဆိုရင် ဂျက်ခ် ဂရေးလစ်ရှ် ဟာ ဘယ်တောင်ပံ ကစားသမား (left winger) ဆိုပေမယ့် ညာဘက်အခြမ်း ကွင်းလယ်ကစားသမား (right midfielder) နေရာအထိ လိုက်ပါဖိအားပေး ကစားခဲ့ပါတယ်..။



မန်ချက်စတာ စီးတီးအသင်းက ဘယ်၊ ညာအစွန်က ဂျက်ခ် ဂရေးလစ်ရှ် နဲ့ ဂါဘရီယယ်လ် ဂျေဇူး တို့ဟာ ကီဗင် ဒီ ဘရိုင်း နဲ့အတူ ဂျော်ဂင်ဟို ကို ပိတ်ဆို့ခဲ့တာကြောင့် အီတလီ ကွင်းလယ်ဖန်တီးရှင်ဟာ ကိုယ့်ရဲ့ကွင်းဘက်ကနေ ရှေ့ကိုမတက်နိုင်ခဲ့ပါဘူး..။ ဒ့ါကြောင့်အဲဒီပွဲမှာ ဂျော်ဂင်ဟို ဟာ ခြေမပေါ်ခဲ့ပဲ ပွဲချိန် (၇၆) မိနစ်မှာ လူစားလဲခဲ့ရပါတယ်..။ တကယ်တော့ အဲဒီလိုခြေမပေါ်ခဲ့တာစာ စီးတီးအသင်းဘက်က နည်းဗျူဟာကျကျ ထိန်းချုပ်ကစားခဲ့လို့ ဖြစ်ပါတယ်..။ အခုပြထားတဲ့ပုံ (ပုံ- ၅) မှာ မန် စီးတီးအသင်းနဲ့ပွဲက ဂျော်ဂင်ဟို ရဲ့ စွမ်းဆောင်ရည်ကို တခြားပွဲတွေက ပုံမှန်စွမ်းဆောင်ရည်တွေနဲ့ နှိုင်းယှဉ်ပြသထားပါတယ်..။

အီတလီ ကွင်းလယ်ကစားသမားဟာ ပုံမှန်ဆိုရင် တစ်ပွဲကိုပျမ်းမျှ (၈၄) ကြိမ်ဝန်းကျင် ဘောလုံးပေးပို့ (passes) နိုင်ခဲ့ပေမယ့် မန် စီးတီးနဲ့ပွဲမှာ (၃၄) ကြိမ်ပဲ ပေးပို့နိုင်ခဲ့ပါတယ်..။ ဒီပွဲမှာသူဟာ (၇၆) မိနစ်လောက်ထိပဲ ကစားခွင့်ရတာကြောင့် အရင်ပွဲတွေလို ဘောလုံးမပေးနိုင်ခဲ့တာပါ.. ဆိုပြီး ငြင်းချက်ထုတ်နိုင်ပေမယ့် ပွဲချိန်ပြည့် ကစာရမယ်ဆိုရင်တောင် passes အကြိမ် (၄၀) လောက်ပဲ အများဆုံးပေးပို့နိုင်ခဲ့ပါလိမ့်မယ်..။ နောက်ပြီး တခြားပွဲတွေမှာဆိုရင် သူဟာပြိုင်ဘက် ကွင်းအခြမ်းမှာပေးပို့မှု (passes in opp. Half) တစ်ပွဲကို (၄၇) ကြိမ်လောက် ပြုလုပ်နိုင်ခဲ့ပေမယ့် မန် စီးတီးနဲ့ပွဲ၊ စီးတီးအသင်းရဲ့ ကွင်းဘက်ခြမ်းမှာ (၇) ကြိမ်ပဲ ဘောလုံးပေးနိုင်ခဲ့ပါတယ်..။ အဲဒီအချက်အလက်ဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အသင်းလိုက် ဖိအားပေး pressing ကစားပုံကြောင့် ချယ်လ်ဆီးအသင်းအတွက် ဘယ်လောက်အခက်တွေ့ခဲ့တယ်..၊ ကိုယ့်ကွင်းဘက်ခြမ်းကနေ ရုန်းမထွက်နိုင်အောင် ဖြစ်ခဲ့ရလဲဆိုတာ တွေ့ရမှာပါ..။ အဲ့ဒါကြောင့်လည်း ဂျော်ဂင်ဟို ဟာ သူ့ရဲ့ပေးပို့မှုစုစုပေါင်းရဲ့ (၇၉%) ရာခိုင်နှုန်းကို ကိုယ့်ရဲ့ကွင်းဘက်ခြမ်းထဲမှာပဲ ပြုလုပ်ခဲ့ရပါတယ်..။



အခုလိုပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်ဖြစ်တဲ့ ဂျော်ဂင်ဟို ကို တစ်ပွဲလုံးလှုပ်မရအောင် ပိတ်ဆို့ခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းစနစ်ပိုင်း အခင်းအကျင်းဟာ အရမ်းကိုကောင်းမွန်ခဲ့သလို ချယ်လ်ဆီးအသင်းနဲ့တွေ့ရင် ဒီလိုကစားလို့ရတယ်ဆိုတာ ပြသလိုက်တာလည်း ဖြစ်ပါတယ်..။ ဒ့ါအပြင်သူတို့ကို လက်ရှိချန်ပီယံအဖြစ်ကနေ အလွယ်တကူနဲ့ လှဲချလို့ရမှာ မဟုတ်ဘူးဆိုတာ ပရီးမီးယားလိဂ်တစ်ခွင်ကို မောင်းခတ်၊ ကြေငြာလိုက်ခြင်းလည်း ဖြစ်ပါတယ်..။

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို လူအများစိတ်ဝင်စားကြသလို သူတို့ကို ပရီးမီးယားလိဂ် ချန်ပီယံအနေနဲ့ တစ်ပေးခဲ့ကြတဲ့သူတွေလည်း အတော်များခဲ့တယ်ဗျ..။ သူတို့ဟာ မန် စီးတီးအသင်းကို မနှစ်က အကြိမ်အတော်များများ အနိုင်ရခဲ့တယ်..၊ ချန်ပီယံလိဂ်ဖလားမှာလည်း ဗိုလ်စွဲခဲ့တယ်..၊ အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်အတွက် ရိုမီလူ လူကာကူ ကို ခေါ်ယူ၊ အားဖြည့်ခဲ့ပါတယ်..။ ဒါပေမယ့် စီးတီးအသင်းဟာ သူတို့ကို မေ့ထားလို့ မရဘူးဆိုတဲ့အကြောင်း အားလုံးကိုထပ်မံ သတိပေးလိုက်တာလည်း ဖြစ်ပါတယ်..။

ဒေးဗစ် ဂျုံးစ် - မှန်ပါတယ်..။ ဒီနှစ်ဘောလုံးရာသီမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့လိုချင်တဲ့ အထောင်တိုက်စစ်မှူး မရရှိခဲ့ပေမယ့် ချန်ပီယံဆုဖလားကို ထိန်းသိမ်းနိုင်မယ့် အသင်းကောင်း တစ်သင်းဖြစ်ကြောင်း တခြားနည်းလမ်းနဲ့ ဆက်လက်ပြသနေခဲ့တာပေ့ါဗျာ..။ အထူးသဖြင့် အခုနှစ်ဘောလုံးရာသီမှာ သူတို့အသင်းဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည် အထူးကောင်းမွန်နေခဲ့ပြီး အဓိကခံစစ်မှူး ရူဘင် ဒီးယက်စ် နဲ့အတူ အိုင်းမရစ်ခ် လာပေါ်တေး တို့ကလည်း ခြေစွမ်းကောင်းတွေ ပြသနေခဲ့ပါတယ်..။

အဲဒီလို ကောင်းမွန်တဲ့ခံစစ်စွမ်းဆောင်ရည် ရရှိနိုင်ဖို့ဆိုတာ ခံစစ်ကစားသမားတွေပဲ ကောင်းနေရုံနဲ့ မရနိုင်ပါဘူး..။ အစောပိုင်းမှာ ဂျေမီ သုံးသပ်ခဲ့သလို ယေဇူး၊ ဂရေးလစ်ရှ် တို့လို တိုက်စစ်ကစားသမားတွေ အပါအဝင် အသင်းရဲ့ တိုင်းက ခံစစ်ပိုင်းမှာဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့လို့ပါပဲ..။ ဟုတ်တယ်မလား. သီယာရီ ရေ..

သီယာရီ အွန်နရီ - Yes.. မှန်တာပေ့ါဗျာ..။ ကျွန်တော်ကိုယ်တိုင်လည်း ပက်ပ် ရဲ့ လက်အောက်မှာ ကစားခဲ့ဖူးတာဆိုတော့ သူ့ရဲ့အသင်းမှာ တိုက်စစ်ကစားသမားတွေကို ခံစစ်ပိုင်းမှာ ဘယ်လိုပူးပေါင်းစေတတ်လဲ.. ကျွန်တော် ကောင်းကောင်းသိပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲမှာတော့ ဘင်နာဒို ဆေးလ်ဗား ရဲ့ ကစားပုံ အထူးကောင်းမွန်ခဲ့တယ်လို့ ကျွန်တော်ပြောချင်ပါတယ်..။ သူဟာခံစစ်ကို ကူညီတဲ့နေရမှာ ခံစစ်ကြောင်းရဲ့ အဆုံးထိ လိုက်ပါကစားနိုင်ခဲ့သလို ဗဟိုခံစစ်မှူးနှစ်ယောက်ကြားကနေ ဘောလုံးရှင်းထုတ် လိုက်ပြီဆိုရင် သူပဲဖြစ်နေခဲ့ပါတယ်..။ ဒ့ါအပြင်သူဟာရှင်းထုတ်လိုက်တဲ့ ဘောလုံးတိုင်းကနေ တန်ပြန်တိုက်စစ် အမြန်ဆုံး စတင်နိုင်ဖို့ကိုလည်း ဦးဆောင်နိုင်ခဲ့ပါတယ်..။ သူဘာကြောင့် ဒီလိုကစားနိုင်ခဲ့တာလဲ..? ပက်ပ် ဂွာဒီယိုလာ ကြောင့်ပေ့ါ..၊ အဲဒီလိုမှမဟုတ်ရင် သူကစားခွင့်ရမှာ မဟုတ်ပါဘူး..၊ ရှင်းရှင်းလေးပါပဲ..



အခုပြထားပုံတွေ (ပုံ- ၆ နှင့် ပုံ- ၇) မှာဆိုရင် သူဟာဗဟိုခံစစ်မှူးတွေရဲ့ ကြားကနေ ချယ်လ်ဆီးအသင်းရဲ့ ဖြတ်တင်ဘောတွေကို ရှင်းထုတ်နိုင်ခဲ့တာ တွေ့ရမှာပါ..။ အထူးသဖြင့် (ပုံ- ၇) မှာဆိုရင် သူဟာ ညာတောင်ပံက အက်ဇ်ပီလီကွဲတား ရဲ့ ဖြတ်တင်ဘောဟာ တီမို ဗာနာ ဆီမရောက်ခင် ဦးအောင်ရှင်းထုတ်နိုင်ခဲ့ပါတယ်..။ သူသာအဲဒီလို ဂိုးဧရိယာ ခံစစ်ဇုန်ထဲအထိ လိုက်မဆင်းခဲ့ရင် တီမို က အနီးကတ်အသာလေး ပိတ်သွင်းသွားရုံပါပဲ..။ ဒါ့အပြင် ပြန်လျှံလာတဲ့ second ball တွေကနေ တန်ပြန်တိုက်စစ် ပြန်စပြီရင်လည်း သူ့ဆီကပါပဲ..။



ပက်ပ် ဂွာဒီယိုလာ ဟာ အဲဒီလိုနည်းနဲ့ ကစားသမားဆီက အကောင်းဆုံးပေးဆပ်မှု၊ လုပ်အားနှုန်းတွေကို ရအောင်ညှစ်ထုတ်ခဲ့သလို ကစားသမားတွေကို လူတွေမမျှော်လင့်ထားတဲ့ နေရာတွေမှာ အံဝင်ထားရှိ ကစားပြီး ဆုဖလားတွေကို အကြိမ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ သူနဲ့ပတ်သက်ရင် အများစုက သူ့ကစားကွက်၊ သူ့ရဲ့အခင်းအကျင်း၊ နည်းစနစ်ပိုင်းကိုသာ အလေးပေး ပြောဆိုခဲ့ပေမယ့် သူဟာကစားသမားတွေကို ဘယ်လိုမောင်းနှင်ခဲ့လဲ..? ဘယ်လိုလုပ်အားနှုန်းတွေနဲ့ ပေးဆပ်ဖို့ တောင်းဆိုခဲ့လဲ..? ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး..။ ကျွန်တော်လည်း သူ့အသင်းမှာ ကစားခဲ့ဖူးတာကြောင့် သူ့ရဲ့အသင်းအကြောင်း ကောင်းကောင်းသိပါတယ်..။ သူလိုချင်တဲ့အတိုင်း လိုက်ပြီးမကစားနိုင်ဘူးဆိုရင် ခင်ဗျားဟာ အရန်ခုံမှာ..၊ ဒါမှမဟုတ် ပွဲကြည့်စင်မှာပဲ ရှိနေပါလိမ့်မယ်..။

အထူးသဖြင့် ဒီပွဲမှာဆိုရင် သူဟာ အရင်ပွဲတွေမှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့ တူခယ်လ် ရဲ့ ချယ်လ်ဆီးအသင်းကို ဘယ်လိုရင်ဆိုင်မလဲ.. ဆိုတဲ့ နည်းလမ်းကို ရအောင်ရှာဖွေနိုင်ခဲ့ပါတယ်..။ အဲဒီလိုတူခယ်လ် ရဲ့ ချယ်လ်ဆီးကို ကျော်လွှားနိုင်ဖို့ ‘ဘာနာဒို ဆေးလ်ဗား’ ဟာ သော့ချက်ကစားသမား တစ်ယောက်အနေနဲ့ ပါဝင်ခဲ့လိမ့်မယ်လို့ ကျွန်တော်တို့လည်း တွေးမထားခဲ့မိပါဘူး..။



အခုပြထားတဲ့ပုံမှာဆိုရင် ဘာနာဒို ဆေးလ်ဗား ဟာ အရင်ပွဲတွေမှာ တစ်ပွဲကိုပျမ်းမျှ (၂.၃) ကြိမ် ဘောလုံးလမ်းကြောင်း ဖြတ်တောက်တာ၊ ဘောလုံးလုယူတာ (tackles and interceptions) ပြုလုပ်နိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ (၄) ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့အပြင် အခြားခံစစ်စွမ်းဆောင်ရည်တွေဖြစ်တဲ့ ဘောလုံးယှဉ်လုတဲ့ duels တွေမှာ၊ ဘောလုံးအရယူနိုင်တာ (possessions won)၊ ဘောလုံးရှင်းထုတ်တဲ့ နေရာ (clearances) တွေမှာပါ ခါတိုင်းပွဲတွေထက် နှစ်ဆနီးပါး သာလွန် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်..။

ဒါ့အပြင်အဲဒီပွဲမှာ သူ့ရဲ့ဘောလုံးပေးပို့မှုတွေရဲ့ (၄၁%) ရာခိုင်နှုန်းကို ကိုယ့်ရဲ့ကွင်းဘယ်ခြမ်းမှာပဲ ပြုလုပ်ခဲ့တယ်ဆိုတော့ ကွင်းလယ်အဖျက် ကစားသမားစစ်စစ် ပုံစံမျိုးတောင် ကစားသွားခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ ဒါဟာပက်ပ် ဂွာဒီယိုလာ ရဲ့ ပြောင်မြောက်တဲ့ နည်းစနစ် အပြောင်းအလဲလို့ ပြောရမှာ ဖြစ်သလို ဘာနာဒို ဆေးလ်ဗား ဟာ အဲဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည် ပြသသွားနိုင်ခဲ့ပါတယ်..။