စနေနေ့က စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ဆောက်ပ်သမ်တန် အသင်းတို့၏ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ခြေစွမ်းအပေါ် တော့တင်ဟမ် အသင်းမန်နေဂျာဟောင်း တင်မ် ရှားဝုဒ် နှင့် ချယ်လ်ဆီးအမျိုးသမီအသင်း ကွင်းလယ်ကစားသမားဟောင်း ကယ်ရင် ကာနေး တို့က ‘Match Day Live Extra’ အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။
မာနစ်ရှ် ဘာစင် - ဒီနေ့ပွဲမှာတော့ ပြီးခဲ့တဲ့ မန်ချက်စတာ စီးတီး၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ အခက်တွေ့ခဲ့တဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့အတွက် လိုအပ်နေတဲ့ အရေးကြီးတဲ့ အနိုင်ပွဲကို ရရှိခဲ့တယ်လို့ ပြောရမှာပါ..။ ဒီနေ့ပွဲမှာဆိုရင် သူတို့ဟာ ဆောက်ပ်သမ်တန် အသင်းရဲ့ဂိုးပေါက်ထဲကို ဘောလုံးရောက်သွားအောင် နှစ်ကြိမ်တိုင်တိုင် ကန်သွင်းနိုင်ခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး..၊ ဒါပေမယ့်နောက်ဆုံးမှာတော့ နောက်ကျသွင်းဂိုးတွေနဲ့အတူ ၃ဂိုး- ၁ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိင်ရရှိခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့အသင်းဟာ ရာသီအစပိုင်းတုန်းက ယုံကြည်မှုနဲ့ အရှိန်အဟုန်မျိုး ပြန်လည်ရရှိနေပြီလို့ ပြောနိုင်ပြီလား.. တင်မ် ရေ…
တင်မ် ရှားဝုဒ် - မှန်ပါတယ်..။ ဒီနေ့ပွဲဟာ အိမ်ကွင်းပရိသတ်ရဲ့ရှေ့မှာ ရလဒ်ကောင်းတွေ ပြန်လည်ဆောင်ယူပေးနိုင်ဖို့ လိုအပ်နေတာကြောင့် သူတို့အသင်းအတွက် တကယ့်ကို အရေးကြီးတဲ့ပွဲလို့ ပြောရမှာပါ..။ အရင်တစ်ပါတ်တုန်းက မန်ချက်စတာ စီးတီးအသင်းက သူတို့ကိုသင်ခန်းစာ ပေးခဲ့သလို ဂျူဗင်တပ်စ် အသင်းကလည်း ခံစစ်အသေထိုင်းပြီး ထိရောက်တဲ့ တန်ပြန်တိုက်စစ်နဲ့ နည်းစနစ်ကျကျ အနိုင်ယူသွားခဲ့တာပေ့ါ..။ ဒါ့အပြင်ဒီပွဲဆိုရင် ဆောက်ပ်သမ်တန် အသင်းကလည်း သူတို့ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး အတော်လေးကို အခက်တွေ့စေခဲ့တာပါ..။ ဒ့ါကြောင့်ဒီနေ့ပွဲရလဒ်ဟာ သူတို့အသင်းအတွက် တကယ့်ကို အဖိုးတန်ခဲ့တဲ့ ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ အနိုင်ရလဒ်အတွက် လုံလောက်တဲ့ ဖန်တီးမှုတွေ၊ ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပါတယ်..။ နောက်ပြီးဒီနေ့ပွဲမှာ ဆောက်ပ်သမ်တန် အသင်းဘက်ကမှ ဝါ့ဒ် ပရော့စ် ရဲ့ မထင်မှတ်တဲ့ အလှည့်အပြောင်းကလည်း သူတို့အသင်းရဲ့ အနိုင်ပွဲရလဒ်မှာ အရေးပါတဲ့ အခိုက်အတန့်၊ အလှည့်အပြောင်း တစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်..။
မာနစ်ရှ် ဘာစင် - ဒါဆိုရင် ဆောက်ပ်သမ်တန် အသင်းဟာ ရှုံးပွဲနဲ့မထိုက်တန်ဘူးလို့ ဆိုလိုချင်တာလားဗျ..
ကယ်ရင် ကာနေး - No..၊ ၃- ၁ ဆိုတဲ့ ပွဲရလဒ်ဟာ နှစ်သင်းစလုံးရဲ့ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ရလဒ်ဖြစ်ပါတယ်…။ လူထုတ်ခံလိုက်ရတာတော့ ဆောက်ပ်သမ်တန် အသင်းအတွက် ကံဆိုးသွားခဲ့တာပေ့ါ..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ပွဲချိန်တော်တော်များများကို စိုးမိုးထားနိုင်ပြီး ဆောက်ပ်သမ်တန် အသင်းဘက်ကို ဖိကစားနိုင်ခဲ့တယ်..၊ ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်ဒီနေ့ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်..။
ဆောက်ပ်သမ်တန် အသင်းကတော့ ကစားပုံကောင်းမွန်ပေမယ့် တိုက်စစ်ပိုင်းမှာ ဒယ်နီ အင့်ဂ် ရဲ့ နေရာကို အစားမထိုးနိုင်ခဲ့တာဟာ စိတ်ပူစရာပါပဲ..။ မန်နေဂျာ ဟတ်တယ်လ် ကတော့ အစွမ်းကုန် ကြိုးစားရှာပါတယ်..။ ဒါပေမယ့် ကစားသမားတွေဘက်ကလည်း သူ့ကိုကူညီပေးနိုင်ဖို့ လိုအပ်ပါတယ်…။ ကျွန်မတို့ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ ပွဲရလဒ်ကိုပဲ ဦးတည်ပြီး (result orientated) ကစားခဲ့တာပါ..။ အရေးကြီးတာက သုံးမှတ်အပြည့်ရရှိဖို့ပါပဲ..။
မာနစ်ရှ် ဘာစင် - ဒါပေမယ့်တစ်ဘက်တစ်ဂိုးစီ သရေကျနေတဲ့အချိန် ဝါ့ဒ် ပရော့က်စ် အထုတ်မခံရခင်အထိ ပွဲကတော့ အကြိတ်အနယ်ပဲဗျ..။ ဂျော်ဂင်ဟို ကို အသင်းခေါင်းဆောင် ဝါ့ဒ် ပရောက်စ် ရဲ့ နောက်ကနေ လျောထိုးဖျက်ထုတ်မှုဟာ အနီကတ်ဒ်နဲ့ ထိုက်တန်ရဲ့လားဗျ..? ခင်ဗျားတို့ဘယ်လိုမြင်ကြလဲ..?
တင်မ် ရှားဝုဒ် - အနီကတ်ဒ် ပြရမယ့် ဖျက်ထုတ်မှုပါပဲ..။ ဒါပေမယ့် ဂျိမ်းစ် ဝါ့ဒ် ပရောက်စ် ဟာ ဂိုးသမား မန်ဒီ ရဲ့ ပေးပို့မှုကို အရယူနိုင်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်..။ တကယ်လို့ အဲဒီဘောလုံးကို သူအရယူနိုင်ခဲ့ရင် ဂိုးထဲကို အသာလေး tap In ကန်သွင်းလိုက်ရုံပါပဲ..၊ ဒါ့ကြောင့်သူဟာ လျှောထိုးဖျက်ထုတ်ဖို့ ကြိုးစားရင်း စွန့်စားမှု ပြုလုပ်ခဲ့တာပါ..။ အရှိန်နဲ့လျှောထိုးလိုက်တာ ဖြစ်တဲ့အပြင် မိုးကလည်း ချောနေတော့ သူ့ရဲ့ခန္ဓာကိုယ်အရှိန်ကို မထိန်းနိုင်တော့ဘူးပေ့ါ..။ ဂျော်ဂင်ဟို ရဲ့ ပါးနပ်မှုကြောင့်လည်း ပါဝင်ပါတယ်..။ ဒိုင်လူကြီးက ကွင်းဘေးက မော်နီတာကို သွားပြီးကြည့်ပြီ ဆိုကတည်းက အနီကတ်ဒ် အပြခံရဖို့ ရာခိုင်နှုန်းများသွားပါပြီ..။
မာနစ်ရှ် ဘာစင် - ခင်ဗျားပြောသလိုဆိုရင် ကွင်းဘေးမော်နီတာ ထဲကနေ အနှေးပြကွက်နဲ့ အကြိမ်ကြိမ်အခါခါ ပြန်ကြည့်မယ်ဆိုရင် ပြစ်ဒဏ်တွေဟာ ပိုပြီးတော့ပဲ တိုးလာလိမ့်မယ်လို့ အဓိပ္ပါယ်ရတာပေ့ါ..။ စိတ်ဝင်စားစရာပဲဗျ… ကယ်ရင် ရေ.. အနှေးပြကွက်တွေဟာ တကယ်ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေကို ပိုပြီးကြီးထွားသွားစေနိုင်လား….
ကယ်ရင် ကာနေး - အရင်ကဖြစ်ဖူးခဲ့တဲ့ ဖြစ်ရပ်တွေအရရော ယေဘူယျခြုံပြီး ပြောရမယ်ဆိုရင် အနှေးပြကွက်တွေ အကြိမ်ကြိမ်ပြန်ကြည့်တာဟာ ပြစ်ဒဏ်တွေကို ပိုပြီးဆိုးရွားစေပါတယ်..။ ဒါပေမယ့် ဒီဖြစ်ရပ်မှာတော့ ဂိုးသမားကနေ ဂျော်ဂင်ဟို ဆီကို ပေးပို့တဲ့ ဘောလုံးက မပြတ်သားခဲ့တာကြောင့် ဂျိမ်းစ် ဝါ့ဒ် ပရော့က်စ် ဟာ ဘောလုံးရဖို့ကို ဦးတည်ခဲ့တာပါ..။ ဒါပေမယ့် မိုးသည်းပြီးကွင်းကချောနေတာကြောင့် သူ့ရဲ့ဖျက်ထုတ်မှုဟာ အန္တရာယ်ရှိနိုင်တာ အမှန်ပါပဲ..။ ဒါ့ကြောင့်အနီကတ်ဒ် ပြသင့်တဲ့ ဖျက်ထုတ်မှုပါ..။ ဒီဖြစ်ရပ်မှာတော့ အနှေးပြကွက် အကြိမ်ကြိမ် ပြန်ကြည့်တာဟာ ပြစ်ဒဏ်ကို ပိုပြီးမဆိုးရွားစေဘူးလို့ ကျွန်မထင်ပါတယ်..။ ဒီဖျက်ထုတ်မှုဟာ ဂျော်ဂင်ဟို ကို ဒဏ်ရာရသွားစေနိုင်တာကြောင့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်..။
မာနစ်ရှ် ဘာစင် - ဒီပွဲရဲ့အရေးကြီးတဲ့ ဒုတိယအနိုင်ဂိုးကို တီမို ဗာနာ သွင်းယူပေးနိုင်တဲ့အပေါ် ခင်ဗျားတို့ ချယ်လ်ဆီးအသင်း ပရိသတ်တွေ ကျေနပ်ခဲ့ကြမှာပဲ ကယ်ရင် ရေ..။ ဒီတစ်ကြိမ်မှာ သူ့ရဲ့သွင်းဂိုးကို ဒိုင်လူကြီးက အမှန်တကယ် ခွင့်ပြုလိုက်ချိန်မှာ စတန်းဖို့ဒ် ဘရစ်ခ်ျ ပရိသတ်တွေရဲ့ စိတ်သက်သာရာ ရသွားကြတဲ့ အသံတွေဟာ ကွင်းကြီးရဲ့အမိုးလေးဘက်စလုံးတောင် ပွင့်ထွက်သွားမလဲဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ ပထမပိုင်းမှာ သူရသင့်တဲ့ဂိုးကို VAR နဲ့ ပယ်ချခံခဲ့ရတာကိုး..။ အဲဒီသွင်းဂိုးဟာ ဒီနှစ်ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူ့ရဲ့ပထမဆုံး သွင်းဂိုးလည်း ဖြစ်တာကြောင့် သူ့အတွက် ယုံကြည်မှုတွေ ပိုပြီးတိုးပွားစေခဲ့မှာ အမှန်ပါပဲ..
ကယ်ရင် ကာနေး - မှန်တာပေ့ါ..။ သူ့အတွက် ယုံကြည်မှုပြန်လည် တည်ဆောက်နိုင်ဖို့ အခုလိုအရေးကြီးတဲ့ သွင်းဂိုးမျိုးရရှိဖို့ အထူးလိုအပ်နေခဲ့ပါတယ်..။ တကယ်တော့ ပထမပိုင်းမှာ သူသွင်းခဲ့တဲ့ဂိုးကို VAR နဲ့ ပယ်ချခံခဲ့ရကတည်းက လူတိုင်းက သူ့ကိုထပ်ပြီး ဂိုးရစေချင်ခဲ့တာပါ..။ ဒါ့အပြင်အဲဒီသွင်းဂိုးမှာဆိုရင် ရော့စ် ဘာကလေ ရဲ့ ကန့်လန့်ဖြတ် ပေးပို့ခဲ့မှု အထူးကောင်းမွန်ခဲ့သလို အက်ဇ်ပီလီကွဲတား က ဂိုးရှေ့ကိုပြန်ချပေးလိုက်တာည်း တကယ့်ကို အတိအကျ၊ ချိန်သားကိုက်ပါပဲ..။ ဒီတစ်ကြိမ်မှာတော့ ဗာနာ ဟာ ခြောက်ကိုက်စည်း အတွင်းထဲကနေ ဘယ်လိုမှမလွဲနိုင်တော့ပါဘူး...။ သူဟာဒီနေ့ပွဲသွင်းဂိုးကနေ ရရှိခဲ့တဲ့ ယုံကြည်မှု၊ အရှိန်အဟုန်ကို ဆက်လက်သယ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တာပဲရှင့်..။ ရှင်ပြောသလို ကျွန်မတို့ စတန်းဖို့ဒ် ဘရစ်ခ်ျ ပရိသတ်အတွက်တော့ တကယ့်ကို ကျေနပ်စရာပါပဲ..။
တင်မ် ရှားဝုဒ် - ကယ်ရင် ကသာ အဲဒီလို ခြောက်ကိုက်စည်းအတွင်းထဲကနေ ဘယ်လိုမှမလွဲနိုင်ဘူးလို့ ပြောပေမယ့် သူဟာအဲဒီလို အနီးကပ်သွင်းဂိုးတွေ လွဲခဲ့ဖူးတယ်နော.. ဟားဟား..
ကယ်ရင် ကာနေး - ရှေ့ဆက်ပြီး အဲဒီလိုလွဲတော့မှာ မဟုတ်ပါဘူးနော်.. ဟားဟား..
တင်မ် ရှားဝုဒ် - မှန်ပါတယ်.. ဒီလိုအရေးကြီး သွင်းဂိုးဟာ သူ့ရဲ့ယုံကြည်မှုအတွက် သိပ်ကိုကောင်းသလို ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုကိုလည်း ရရှိစေပါတယ်..။ ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ ရော့စ် ဘာကလေ ကို ချီးကျူးပါတယ်..။ ဒီနေ့ပွဲဟာ သူ့အတွက် ဒီနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပထမဆုံး ကစားခွင့်ရခဲ့တဲ့ပွဲ ဖြစ်ပါတယ်..။ လူစားဝင်လာတယ်..၊ သူဟာဘောလုံးကို ရနိုင်သမျှ ကြိုးစားပြီး လက်ခံရယူတယ်..၊ ဖြန့်ဝမှေုတွေကို အကောင်းဆုံး ပြုလုပ်ပေးခဲ့သလို အက်ဇ်ပီလီကွဲတား ရှိနေတဲ့ ညာတောင်ပံကို ထောင့်ဖြတ်ပေးပို့လိုက်တဲ့ ဘောလုံးဟာ တကယ့်ကို ကောင်းတာဗျ..။ အဲဒီဘောလုံးကြောင့်မလို့လည်း တီမို ဗာနာ ဟာ ‘ပန်းကန်နဲ့ဇွန်းနဲ့ အသင့်ခွံ့ကျွေးခဲ့သလို’ သွင်းဂိုးမျိုး ရရှိခဲ့တာပါ..။
ဒါ့အပြင်ဒီနေ့ပွဲမှာ လူကာကူ လည်းပဲ အဲဒီလိုအနီးကပ် ပန်ကန်းတပ်၊ ဇွန်းတပ် အခွင့်အရေးမျိုး ထပ်ပြီးရရှိခဲ့ပါသေးတယ်..။ အဲဒီအကြောင်းကို ခဏနေဆက်ပြီး ဆွေးနွေးတာပေ့ါ..။ ဒီမှာပြောချင်တာက ရိုမီလူ လူကာကူ ဟာ တကယ့်ကို အသင်းလိုက် ဦးစားပေးတဲ့ team player အဖြစ် ကစားသွားခဲ့တာကိုပါ.။ သူဟာဒီနေ့ပွဲ အပါအဝင် ဂိုးမသွင်းနိုင်ခဲ့တာ ငါးပွဲရှိသွားပါပြီ..။ ဒါပေမယ့် သူ့ရဲ့ပုံစံကို ကြည့်ရတာ အဲဒီအတွက် စိတ်ပူနေပုံမရှိပါဘူး.။ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့က အဓိကလို့ ခံယူထားပြီး ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူးချင်တဲ့ဆန္ဒ အရမ်းပြင်းပြနေပုံ ရနေပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အသင်းဖော်တွေ ဂိုးသွင်းအပြီး စိတ်ရော၊ ကိုယ်ပါ လှိုက်လှိုက်လှဲလှဲ အောင်ပွဲခံခဲ့တဲ့ သူ့ရဲ့ပုံစံတွေကိုကြည့်ပြီး ကျွန်တော်ပြောရခြင်း ဖြစ်ပါတယ်..။
မာနစ်ရှ် ဘာစင် - ဟုတ်ပါတယ်..။ ချယ်လ်ဆီးက ရသွားတဲ့ တတိယဂိုးကို ကျွန်တော်တို့အတူတူ ကြည့်ခဲ့ကြတာကိုး..။ ချယ်လ်ဆီးရဲ့ တတိယဂိုးဟာ ဘာနဲ့တူလဲဆိုတော့ ကိတ်မုန့်တစ်လုံးကို သုံးယောက်ဝိုင်းပြီး ကိုက်နေကြတဲ့ ပုံစံပါပဲ.. ဟားဟား..။ ထောင့်အကျဉ်းဆုံးကနေ ဘယ်ခြေနဲ့ မြေမကျကန်ခဲ့တဲ့ ဘင် ချီးဝဲလ် ကျမှ ဂိုးရခဲ့ပါတော့တယ်..။ တင်မ် ရေ.. လူကာကူ ရဲ့ အနီးကပ်ပိတ်သွင်းချက် တိုင်ထိပြီး ထွက်ခဲ့တော့ ခင်ဗျားတောင်မှ ပါးစပ်အဟောင်းသားနဲ့ ‘အိုးမိုင်ဂေါ့.. ဒီလိုပိတ်သွင်းချက်မျိုးကို လူကာကူ ဘယ်လိုများ လွဲခဲ့ရလဲ..’ လို့ ပြောမိခဲ့သေးတယ်လေ..။ ခင်ဗျားကတော့ ဘင် ချီးဝဲလ် နဲ့အတူ အားနဲ့မာန်နဲ့ အောင်ပွဲခံခဲ့တဲ့ ရိုမီလူ လူကာကူ ရဲ့ ဟန်ပန်ကို မန်နေဂျာ တစ်ယောက်ရဲ့ ရှုထောင့်ကနေကြည့်ပြီး သုံးသပ်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။
တင်မ် ရှားဝုဒ် - သူ့ရဲ့အနီးကပ် ပိတ်သွင်းချက် ဂိုးမရခဲ့တဲ့အပေါ် စိတ်ပျက်နေခဲ့သင့်တာပေ့ါ.. မဟုတ်ဘူးလား..၊ အက်ဇ်ပီလီကွဲတား လည်း အဲဒီလိုပါပဲ..။ ဒါပေမယ့် ဘင် ချီးဝဲလ် ရဲ့ကန်ချက်ကို ဂိုးပေးလိုက်ခဲ့ပြီး သူတို့တွေ အောင်ပွဲခံခဲ့တဲ့ ပုံစံတွေကို ခင်ဗျားတို့ သေသေချာချာ ကြည့်ပါလားဗျ..။ တကယ့်ကို သဘောကျဖို့ ကောင်းပါတယ်..။ ချယ်လ်ဆီးတစ်သင်းလုံးဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေတဲ့ ဘင် ချီးဝဲလ် ကို လှိုက်လှိုက်လှဲလှဲကို အားပေး၊ ဂုဏ်ပြုခဲ့ကြတာပါ..။ သူတို့ဟာ ချီးဝဲလ် ရဲ့သွင်းဂိုးကြောင့် အနိုင်ပွဲသေချာ သွားပြီဆိုတာ သိလိုက်ကြပြီလေ..။ တကယ်တော့ ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးချင်တယ်ဆိုရင် ဒီလိုပွဲမျိုးကို အနိုင်ရအောင် ကန်နိုင်ရအောင် စွမ်းဆောင်နိုင်ရမှာပါ..။
မာနစ်ရှ် ဘာစင် - ရိုမီလူ လူကာကူ ဟာ ဂိုးမသွင်းနိုင်တာ ငါးပွဲရှိသွားပါပြီ..။ သူ့ရဲ့ခြေစွမ်း၊ အဆင့်အတန်းနဲ့ဆိုရင် နောက်ပိုင်းပွဲတွေမှာ သိပ်ပြီးခြေစွမ်းမပြနိုင်သလိုပါပဲ..။ ဘာကြောင့်မို့အဲဒီလို ဖြစ်ရတယ်လို့ ထင်မိလဲဗျ..
ကယ်ရင် ကာနေး - သူ့ဆီကို ပေးပို့လာတဲ့ ဘောလုံးတွေဟာ နှေးကွေးနေခဲ့ပါတယ်..။ ချယ်လ်ဆီးကို ရောက်စမှာတုန်းက ပြိုင်ဘက်အသင်းတွေဟာ သူ့ရဲ့အကြောင်း သိပ်ပြီးမသိကြသေးတာလည်း ပါမှာပေါ့..။ အခုနောက်ပိုင်းမှာ ပြိုင်ဘက်နောက်တန်း ကစားသမားတွေဟာ သူ့ကိုအာရုံစိုက်ပြီး ပိတ်ဆို့လာကြပါတယ်..။ ဒါပေမယ့် ကျန်တဲ့အသင်းဖော်တွေက သူ့ဆီကို ပေးပို့ရာမှာ နှေးနေပါတယ်..။ ခံစစ်ကနေ တိုက်စစ်ကိုပြောင်းတဲ့ transition တွေမှာ ဒီထက်ပိုပြီး မြန်ဆန်သင့်တယ်လို့ ကျွန်မထင်ပါတယ်..။
ဒါပေမယ့် အစောက တင်မ် ပြောသွားသလိုပါပဲ.. လူကာကူ ဟာ ချယ်လ်ဆီးအသင်းကို ချစ်ပါတယ်..။ ဒါ့အပြင်ဒီနေ့မှာ သူတို့ဟာအနိုင်ပွဲရလဒ်ကိုပဲ ဦးတည်ကစားသွားခဲ့တာပါ..။ အနိုင်ရဖို့ရယ်..၊ ခဏတာ ပျောက်ဆုံးနေတဲ့ အသင်းရဲ့ ယုံကြည်ချက်နဲ့ အရှိန်အဟုန်တွေ ပြန်လည်ရရှိဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်..။ သူလည်းဒါကိုသိရှိသလို လူကာကူ ဟာ အသင်းရဲ့ရလဒ်ကိုပဲ အာရုံစိုက်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်..။ ဒါ့ကြောင့်လည်း ချယ်လ်ဆီးပရိသတ်တွေက သူ့ကိုသဘောကျ၊ နှစ်သက်ကြပါတယ်..။ ကျွန်မကတော့ သူ့ဆီကို ဘောလုံးတွေများများ ပေးပို့ရမယ်..၊ အခုထက်ပိုပြီး မြန်မြန်ဆန်ဆန် ပေးပို့စေချင်ပါတယ်..။
တင်မ် ရှားဝုဒ် - ကျန်တဲ့တခြား ကစားသမားတွေကလည်း အရေးကြီးတဲ့အချိန်တွေမှာ ခြေစွမ်းပြနိုင်ဖို့ လိုအပ်ပါတယ်..။ တီမို ဗာနာ ဟာ ဒီနေ့ပွဲမှာ ဂိုးရရှိခဲ့တာကြောင့် ယုံကြည်မှုတွေ အများကြီးရရှိလာပါလိမ့်မယ်..။ နောက်ပြီး မေဆန် မောင့် ဟာ ချယ်လ်ဆီးအသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ..။ သူဝင်လာပြီးနောက်ပိုင်း အသင်းရဲ့ ကစားပုံ လုံးဝပြောင်းလဲသွားသလို တိုက်စစ်မှာ ကစားနေတဲ့ ကစားသမားဆီကို ဘောလုံးတွေ ပိုပြီးရောက်လာခဲ့ပါတယ်..။ နောက်ပြီးသူဟာ လူကာကူ နဲ့ နားလည်မှုကောင်းမွန်တယ်..၊ လူကာကူ လိုချင်တဲ့ ဘောလုံးတွေကို ပေးပို့နိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒ့ါကြောင့် မေဆန် မောင့် ဒဏ်ရာမရသေးတဲ့ အစောပိုင်းပွဲစဉ်တွေမှာ လူကာကူ ဟာ ဂိုးတွေတောက်လျှောက် သွင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်..။ မေဆန် မောင့် အပြင်၊ ခရစ်စ်တီယန် ပူလီဆစ်၊ ကိုင် ဟာဗာ့ဇ် နဲ့ ဟာကင် ဇီးယက်ခ်ျ တို့ဟာလည်း သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်ရရှိနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။