စနေနေ့ညက Brentford Community Stadium ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဘရန့်တ်ဖို့ဒ် အသင်းနှင့် ချယ်လ်ဆီး အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်..၊ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးဟောင်း မားကပ်စ် ဂေးလ် နှင့် ချယ်လ်ဆီးအမျိုးသမီးအသင်း ကွင်းလယ် ကစားသမားဟောင်း ကယ်ရင် ကာနေး တို့က Sky Sports ရုပ်သံဌာန၏ ‘Saturday Night Football’ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ကယ်လီ ကိတ် - ကယ်ရင် ရေ.. ဒီနေ့ပွဲဟာ ရှင်တို့ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကျားကုတ်ကျားခဲနဲ့ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ နည်းပြသောမတ်စ် တူခယ်လ် က ပွဲပြီးခါနီး မိနစ် (၂၀) လောက်မှာ သူတို့အသင်း ရုန်းကန်ခဲ့ရတဲ့အကြောင်း ဝန်ခံခဲ့သလို ကျွန်မတို့တွေလည်း တကယ့်ကို သည်းထိပ်ရင်ဖို အားပေးခဲ့ရတယ်လို့ပဲ ပြောရမှာရှင့်..။
ကယ်ရင် ကာနေး - ပွဲပြီးတဲ့အချိန်မှာ ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ ရဲ့ အောင်ပွဲခံခဲ့တဲ့ပုံကို ကြည့်မယ်ဆိုရင် ပွဲပြီးခါနီးမှာ တကယ့်ကိုသက်စွန့်စံဖျား ကာကွယ်ဖျက်ထုတ်ခဲ့ရတယ်ဆိုတာ သိသာထင်ရှားလှပါတယ်..။ ဒ့ါကြောင့်အခုလို အနိုင်ပွဲရဖို့ သူတို့တွေရဲ့ ခံယူချက်၊ စိတ်ဓါတ်အပြည့်နဲ့ clean sheet ရရှိသွားအောင် ရေကုန်ရေခမ်း ကြိုးစားအားထုတ်ခဲ့ကြတာကို ချီးကျူးရမှာပါပဲ..။ ဒါ့အပြင်ဂိုးသမား မန်ဒီ ရဲ့ အံ့မခန်းကာကွယ်မှုတွေကြောင့် ဘရန့်တ်ဖို့ဒ် အသင်း ဂိုးမရရှိခဲ့တာကို ရှင့်အနေနဲ့ မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်မလား.. မားကပ်စ် ရဲ့…
မားကပ်စ် ဂေးလ် - မှန်ပါတယ်…။ ကျွန်တော်တို့ ဘရန့်တ်ဖို့ဒ် အသင်းဘက်ကနေ ကြည့်မယ်ဆိုရင် ဒီနေ့အရှုံးပွဲဟာ စိတ်ပျက်စရာ ရလဒ်တစ်ခုလို့ ပြောရမှာပါ..။ ကျွန်တော်တို့အသင်းဟာ ဂိုးသွင်းခွင့်တွေ အများကြီး ရရှိခဲ့သလို တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူးမိုး ရဲ့ ကန်ချက်နှစ်ကြိမ် ဂိုးတိုင်ထိပြီး ထွက်ခဲ့တာကြောင့် ရသင့်တဲ့ သွင်းဂိုးတွေ မရရှိခဲ့တဲ့အပေါ် အမှန်တကယ် စိတ်ပျက်ခဲ့ရပါတယ်..။
ဂယ်ရီ နဗီးလ် - ချယ်လ်ဆီးအသင်းဟာ ပွဲချိန်မိနစ် (၆၀) လောက်အထိ ဘရန့်တ်ဖို့ဒ်အသင်းကို ကောင်းကောင်းထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဘရန့်တ်ဖို့ဒ် အသင်းရဲ့ စိတ်ဓါတ်ပိုင်းကောင်းမွန်မှုနဲ့ ကြိုးစားအားထုတ်မှုဟာ တကယ့်ကို ချီးကျူးဖို့ကောင်းတဲ့အပြင် သူတို့ပရိသတ်တွေရဲ့ အားပေးမှု၊ မန်နေဂျာရဲ့ ကစားကွက် အလှည့်အပြောင်း၊ လူစားလဲ ကစားခဲ့ပုံတွေအားလုံး မှန်ကန်ခဲ့ပါတယ်..။ ပွဲပြီးခါနီး (၁၅) မိနစ်လောက် အတွင်းမှာ သူတို့ဂိုးရသင့်ခဲ့ပေမယ့် ဂိုးဝင်အောင် မသွင်းနိုင်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိသလို အကောင်းဆုံး ပိတ်ဆို့ကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ကစားသမားတွေကိုလည်း ချီးကျူးသင့်ပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. တကယ့်ကို မာကျော၊ ကျစ်လျစ်တဲ့ ချယ်လ်ဆီးလို အသင်းကောင်းတစ်သင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့တဲ့ ဘရန့်တ်ဖို့ဒ် အသင်းရဲ့ကစားပုံနဲ့ ခြေစွမ်းကို ကျွန်တော်တို့တွေ အသိအမှတ်ပြု ချီးကျူးရမှာပါ..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ ဂယ်ရီ ရေ.. ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြစ်ခဲ့တဲ့ ဘင် ချီးဝဲလ် ရဲ့ သွင်းဂိုးအပေါ် ရှင့်ရဲ့အမြင်ကို ပြောပြပေးပါလား..
ဂယ်ရီ နဗီးလ် - ဂိုးရသွားတဲ့ ပထမပိုင်းပြီးခါနီး ချယ်လ်ဆီးအသင်းရဲ့ ခြေစွမ်းဟာ ဒီနေ့ပွဲတစ်ခုလုံးမှာ သူတို့ရဲ့ အကောင်းဆုံးခြေစွမ်း ရရှိခဲ့တဲ့ အခိုက်အတန့်လို့ ပြောရမှာပါ..။ အဲဒီဂိုးမတိုင်ခင် တီမို ဗာနာ နဲ့ ရိုမီလူ လူကာကူ တို့ သွင်းဂိုးတွေ ရရှိခဲ့သင့်ပါတယ်..။ ကျွန်တော်တောင်မှ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာဂိုးမရခဲ့ရင် မေဆန် မောင့်၊ ကိုင် ဟာဗာ့ဇ် တို့ကို လူစားသွင်းပြီး ကစားကွက်ပြောင်းမယ်..၊ တိုက်စစ်မြှင့်လာလိမ့်မယ်လို့ တွေးနေတုန်းမှာပဲ ဂိုးရသွားခဲ့ပါတယ်..။ အဲဒီဂိုးဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကိုအရေးပါတဲ့ အလှည့်အပြောင်း ဖြစ်ခဲ့သလို သူတို့အသင်းရဲ့ ပွဲအစီအမံအတိုင်း အတိအကျ ဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်..။
သူတို့ဟာ ဘရန့်တ်ဖို့ဒ် အသင်းက တည်ကန်ဘောတွေ (set pieces) ကနေ ဒုက္ခမပေးနိုင်အောင် ဂရုစိုက်ပြီး ထိန်းချုပ်ခဲ့သလို ဘောလုံးကို ခြေထဲမှာထိန်းထားနိုင်ခဲ့တယ်..၊ ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်..။ အဲဒီသွင်းဂိုးမှာ အန်ဂိုလို ကန်တေး နောက်ပြန်ချပေးတဲ့ ဘောလုံးကို အက်ဇ်ပီလီကွဲတား ရဲ့ ဖြတ်တင်ပေးပို့မှု ကောင်းမွန်ခဲ့ပါတယ်..။ လူကာကူ ဟာ အဲဒီဖြတ်တင်ဘောကို အသုံးမချနိုင်ခဲ့ပေမယ့် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဘင် ချီးဝဲလ် ရဲ့ မြေမကျပိတ်သွင်းမှုဟာ တကယ့်ကို သေသပ်၊ လှပခဲ့တယ်ဗျ..။
ကာရင် ကာနေး - ကျွန်မကတော့ အက်ဇ်ပီလီကွဲတား အသင့်ခုတ်တင်နိုင်အောင် ကန်တေး ရဲ့ နောက်ကိုပြန်ချိုးပြီး ချပေးလိုက်တဲ့ပေးပို့မှုကို သဘောကျမိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူကဖြတ်တင်ပေးပို့မယ့် ဟန်ပြလိုက်တာကြောင့် ဘရန့်တ်ဖို့ဒ် နောက်တန်းလူတွေအားလုံးဟာ လူကာကူ ဆီကိုပဲ အာရုံစိုက်ကုန်ပါတယ်..။ ဒ့ါကြောင့်ဘင် ချီးဝဲလ် ဟာ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းဖို့ အချိန်ရခဲ့တာပါ..။ ချီးဝဲလ် ဟာ အဲဒီလိုမြေမကျ ဖြတ်ကန်မှုတွေ ပြုလုပ်တဲ့နေရာမှာ အတော်လေးကို သပ်ရပ်၊ ကောင်းမွန်ခဲ့တာ တွေ့မိပါတယ်..။ ဒါပေမယ့် ကျွန်မကတော့ ကန်တေး ရဲ့ ကန်တင်မလို ဟန်ပြပြီး အက်ဇ်ပီ ဆီကို ပြန်ချိုးပေးလိုက်တဲ့ ပေးပို့မှုဟာ ဒီဂိုးရသွားဖို့ အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ထင်မိပါတယ်..။
ကယ်လီ ကိတ် - မားကပ်စ် ရေ.. ဘရန့်တ်ဖို့ဒ် အသင်းအနေနဲ့ ပထမပိုင်းပြီးတဲ့အချိန်ထိ ဂိုးမပေးခဲ့ရဘူးဆိုရင် သူတို့အတွက် ကျေနပ်ဖို့ကောင်းလိမ့်မယ်လို့ အဲဒီဂိုးမရခင် ငါးမိနစ်လောက်အလိုမှာ ရှင်ပြောခဲ့သေးတယ်နော်…။ ဒ့ါကြောင့်သူတို့ဟာ ပထမပိုင်းမှာ ဂိုးမပေးရဖို့ အဲဒီပြီးခါနီး ကာလပိုင်းမှာ ခံစစ်ထိုင်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ထင်မိလားရှင့်..
မားကပ်စ် ဂေးလ် - Yeah..! ဖြစ်နိုင်ပါတယ်..။ အက်ဇ်ပီလီကွဲတား ဖြတ်တင်လိုက်တဲ့အချိန်မှာ ချီးဝဲလ် ဟာ လူကာကူ ရဲ့ နောက်ကနေရာလွတ်ကို အေးအေးဆေးဆေး လမ်းလျှောက်ပြီး ဝင်လာခဲ့တာပါ..။ ဒါ့အပြင် ဘရန့်တ်ဖို့ဒ် နောက်တန်းက ဘယ်သူကမှ သူ့ကိုတားဆီးဖို့ အသင့်ရှိမနေခဲ့တာကြောင့် သူဟာပြန်လျှံထွက်လာတဲ့ ဘောလုံးကို စိတ်ကြိုက်ပြင်ဆင်ပြီး လှလှပပ ပတ်ကန်သွင်းခွင့် ရခဲ့ပါတယ်..။ တကယ့်ကို သေသပ်တဲ့ ကန်ချက်ပါ..။ ဘရန့်တ်ဖို့ဒ် ဘက်က ဘရိုင်ယန် အမ်ဘူးမိုး ကလည်း နှစ်ကြိမ်လောက် ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးမရှိခဲ့တာဟာ သူတို့နှစ်သင်းရဲ့ကြားက ခြားနားချက် ဖြစ်ခဲ့ပါတယ်...။
ကယ်လီ ကိတ် - ဟုတ်ပါ့ရှင့်..၊ ဘရိုင်ယန် အမ်ဘူးမိုး ဟာ ဒီနေ့ပွဲက ကန်ချက်နှစ်ကြိမ် အပါအဝင် အခုနှစ်ဘောလုံးရာသီမှာ တိုင်ထိခဲ့တဲ့ ဂိုးကန်သွင်းချက် ခြောက်ကြိမ်ရှိနေပြီ ဖြစ်တာကြောင့် လောလောဆယ် အချိန်ထိ ပရီးမီးယားလိဂ်ရဲ့ ကံအဆိုးဆုံး ကစားသမားလို့ ပြောလို့ရပါတယ်..။ တကယ်လို့ အဲဒီကန်ချက်တွေဟာ ဂိုးရခဲ့မယ်ဆိုရင် သူဟာပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ထိပ်တန်းဂိုးသွင်းသူတစ်ယောက် ဖြစ်နေလောက်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင်လည်း ပထမပိုင်း (၂၂) မိနစ်မှာတင် သူဟာခရစ်စ်တီယန် နော်ဂတ် ရဲ့ ခေါင်းတိုက်ပေးပို့မှုကနေ အနီးကတ်ကန်သွင်းခွင့် ရခဲ့တာ မဟုတ်လားရှင့်..
ကယ်ရင် ကာနေး - ဘရန့်တ်ဖို့ဒ် အသင်းဟာ ဖြတ်တင်ဘော ကန်တင်ပြီဆိုရင် အဝေးတိုင်မှာ အသင့်စောင့်ပြီး လူအင်အားနဲ့ဖိတိုက်၊ အရယူတဲ့ (overloading the farpost) အစီအမံကို တောက်လျှောက်သုံးစွဲခဲ့သလို အလုပ်ဖြစ်ခဲ့တယ်လို့လည်း ပြောလို့ရပါတယ်..။ အမ်ဘူးမိုး တိုင်ထိသွားတဲ့ အဲဒီကန်သွင်းချက်မှာဆိုရင် ညာတောင်ပံက ဆာဂျီ ကားနို့စ် ကန်တင်လိုက်ချိန်မှာ ညာဘက်က ဆီဇာ အက်ဇ်ပီလီကွဲတား ကို သုံးယောက်၊ တစ်ယောက်.. လူအင်အား အသာစီးယူပြီး ခေါင်းရအောင် တိုက်ပါတယ်..။ သူတို့ဟာ first ball ကိုလည်း ရတယ်..၊ ဒုတိယတစ်ကြိမ် ခေါင်းတိုက်ချက်က လူထိပြီး အမ်ဘူးမိုး ရဲ့ရှေ့ကို ကျလာတာပေါ့..။ သူဟာကံမကောင်းခဲ့တာ မှန်ပေမယ့် ဂိုးသွင်းကောင်းတဲ့ ထိပ်တန်းတိုက်စစ်မှူး တစ်ယောက်ဖြစ်ဖို့ဆိုရင် သူဟာ အဲဒီလိုအခွင့်အရေးတွေကို ဂိုးရအောင် သွင်းယူပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။
ကယ်လီ ကိတ် - ဒါပေမယ့် ဘရန့်တ်ဖို့ဒ် အသင်းဟာ ဒုတိယပိုင်း ပြီးခါနီးမှာ ဂိုးသွင်းခွင့်တွေ အများကြီး ရရှိခဲ့ပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်း အနိုင်ရရှိခဲ့ပေမယ့် အဲဒီအခွင့်အရေးတွေအကြောင်း ကျွန်မတို့ တခုတ်တရ ဆွေးနွေးနေရသလို ချယ်လ်ဆီးပရိသတ်အတွက် တကယ့်ကို နှလုံးသွေးရပ်တန့်လောက်တဲ့ အခိုက်အတန့်တွေပဲလို့ ပြောရမှာပဲရှင့်.. ဟုတ်တယ်မလား.. ဂယ်ရီ ရေ..
ဂယ်ရီ နဗီးလ် - ဒ့ါကြောင့်လည်း ပွဲပြီးတဲ့အချိန်မှာ ဘရန့်တ်ဖို့ဒ် ပရိသတ်ဟာ ချေပဂိုးရခဲ့တဲ့အတိုင်း၊ အမှတ်ခွဲယူနိုင်ခဲ့တဲ့အတိုင်း အောင်ပွဲခံခဲ့ကြတာပါ..။ သူတို့တွေဟာ အသင်းရဲ့ခြေစွမ်းနဲ့ ကြိုးစား၊ အားထုတ်မှုတွေအပေါ် သူတို့တွေ အထူးကျေနပ်အားရ ခဲ့ကြပါလိမ့်မယ်ခင်ဗျ..။ အထူးသဖြင့် ချယ်လ်ဆီးလို ထိပ်တန်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာ ဂိုးမရခဲ့တောင်မှ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တာဟာ တကယ့်ကို ကျေနပ်စရာပါ..။ ဒါ့အပြင် သူတို့အသင်းဟာ ချယ်လ်ဆီးအသင်းကို ခံစစ်ဇုန်ထဲကနေ ရုန်းမထွက်နိုင်အောင် မနားတမ်း ဖိအားပေးနိုင်ခဲ့ပြီး တရစပ် တိုက်စစ်ဆင်ခဲ့ပါတယ်..။ လူစားလဲမှုတွေ၊ ကစားကွက် အပြောင်းအလဲတွေကို မှန်မှန်ကန်ကန် ပြုလုပ်နိုင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဘက်က အတော်လေးကို ပြာယာခပ်သွားတယ်လို့ ပြောရမှာပါ..။ ပွဲပြီးခါနီး မိနစ် (၂၀) လောက်အတွင်းမှာ သူတို့ဘက်က အမှားအယွင်းဆိုလို့ နော်ဂတ် ရဲ့ ဖျက်ထုတ်မှုကြောင့် ချယ်လ်ဆီးအသင်းဘက်ကို ပြစ်ဒဏ်ဘောပေးလိုက်ရတဲ့ တစ်ကြိမ်ပဲ ရှိပါလိမ့်မယ်..။ သူတို့ရဲ့ကစားပုံဟာ တကယ့်ကို ကောင်းမွန်ခဲ့ပြီး ဘရန့်တ်ဖို့ဒ် အသင်းဟာ အနည်းဆုံး တစ်ဂိုးလောက်ရဖို့ ထိုက်တန်ခဲ့တာ အမှန်ပါပဲ..။
ကယ်ရင် ကာနေး - ဂယ်ရီ ရေ.. ဘရန့်တ်ဖို့ဒ် အသင်းသားတွေအနေနဲ့ သူတို့ရဲ့ကစားကွက်ကို အခုထက် နည်းနည်းလောက်စောပြီး အပြောင်းအလဲလုပ်ခဲ့ရင် ကောင်းခဲ့မှာလည်းလို့ နောင်တရနေလောက်မလား..။ အထူးသဖြင့် နိုင်ငံတကာပွဲစဉ်တွေကြောင့် အဓိကကစားသမား တစ်ချို့မပါဝင်နိုင်ခဲ့သလို နိုင်ငံလက်ရွေးစင် ကစားသမား အများအပြားကြောင့် ပွဲပန်းနေတဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ရနိုင်ဖို့ဆိုတာ ဒီနေ့လိုပွဲဟာ တကယ့်ကို အခွင့်ကောင်းတစ်ရပ်ပဲ မဟုတ်ဘူးလားရှင့်..။ ဒ့ါကြောင့်သူတို့တွေ အခုထက်နည်းနည်းစောပြီး ကစားရှိန်တင်ခဲ့မယ်..၊ အပြောင်းအလဲ ပြုလုပ်ပြီး တိုက်စစ်ဖွင့်ကစားခဲ့မယ်ဆိုရင် ဂိုးရနိုင်လောက်မလားလို့ပါ..
ဂယ်ရီ နဗီးလ် - မှန်တာပေ့ါ..။ ဘရန့်တ်ဖို့ဒ် အသင်းဟာ (၆၇) မိနစ်မှာ မားကပ်စ် ဖော့စ် ကို လူစားသွင်းပြီး ရူဘင် လော့ဖ်တပ်စ် ချိခ် ကို ရှေ့တက်လာလို့ မရအောင် လူကပ်၊ ပိတ်ဆို့ကစားလိုက်တဲ့ အချိန်ကစပြီး ပွဲရဲ့ချိန်ခွင်လျှာ ပြောင်းလဲသွားပါတယ်..။ ပထမပိုင်းမှာ သူတို့ဟာ holding midfielder နှစ်ယောက်နဲ့ ခံစစ်ကို အဓိကဦးစားပေး ကစားခဲ့ပါတယ်..။ ဒုတိယပိုင်းကျမှ ကစားကွက် ပြောင်းလဲခဲ့တာဖြစ်သလို တိုက်စစ်မှူး အိုင်ဗန် တိုနေး ကိုလည်း တိုက်စစ်ကို ပိုပြီးလိုက်ပါခိုင်းခဲ့ပါတယ်..။
ဒ့ါအပြင် ချယ်လ်ဆီးဂိုးသမား အက်ဒ်ဒွပ် မန်ဒီ ရဲ့ မယုံကြည်နိုင်လောက်တဲ့ လက်စွမ်းပြမှုက ဒီနေ့ပွဲရဲ့ အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်..။ ဘယ်အသင်းမဆို ချန်ပီယံဆုအတွက် ရည်မှန်းပြီဆိုရင် အဲဒီလိုဂိုးသမားကောင်း တစ်ယောက်ရှိဖို့ လိုအပ်တာ အမှန်ပါပဲ..။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ပွဲတွေမှာ ကိုယ့်အသင်းက အနိုင်ရဖို့ မထိုက်တန်ခဲ့ဘူး..၊ သုံးမှတ်အပြည့်ရဖို့ မထိုက်တန်ခဲ့ဘူး ဆိုပေမယ့် ဂိုးသမားက တကယ့် wold class ကာကွယ်မှု နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးခဲ့ပြီး အသင်းကို ကယ်တင်ပေးခဲ့တဲ့ ပွဲတွေလည်း ရှိနိုင်ပါတယ်..။ ဂိုးသမား မန်ဒီ ရဲ့ ဒီနေ့ပွဲလက်စွမ်းဟာ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။
ကယ်လီ ကိတ် - ဂယ်ရီ ရေ.. ဒါဆိုရင် အက်ဒ်ဒွပ် မန်ဒီ ဟာ အီဒါဆန်၊ အဲလစ်ဆန် တို့လို အသင်းရဲ့ အခြေအနေကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ဂိုးသမားတစ်ယောက် ဖြစ်လာနိုင်ရဲ့လားရှင့်…
ဂယ်ရီ နဗီးလ် - အက်ဒ်ဒွပ် မန်ဒီ ဟာ အသင်းရဲ့အခြေအနေကို အပြောင်းအလဲဖြစ်စေတဲ့ ဂိုးသမား တစ်ယောက်အဖြစ် သက်သေပြပြီးသားပါ..။ ဖရန့် လမ်းပတ် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ အချိန်တုန်းက သူတို့အသင်းဟာ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ နဲ့အတူ တစ်ဖက်အသင်းရဲ့ သွင်းဂိုးတွေကို အလွယ်တကူ ခွင့်ပြုခဲ့ရပြီး ပြဿနာ အတော်ကြီးမားခဲ့ပါတယ်..။ တခါတလေ သူ့ရဲ့ဘေးနား ကပ်ပြီးလာတဲ့ ဘောလုံးတွေကိုတောင် ဒိုက်ထိုးကာကွယ်တာတွေ မပြုလုပ်ပဲ ရပ်ကြည့်နေခဲ့တာဗျ..။ အခုဆိုရင် သူတို့အသင်းကို ဂိုးသွင်းနိုင်ဖို့ အတော်လေးကို ခက်ခဲသွားပါပြီ..။ ဒါဟာ back five ပြောင်းလိုက်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး..။ ဂိုးသမားရဲ့ အခန်းကဏ္ဍကလ်း အများကြီးပါဝင်ပါတယ်..။
ကယ်လီ ကိတ် - ဟုတ်ပါတယ်ရှင့်..။ အခုအပေါ်ကပုံမှာ ပြထားတဲ့ ပွဲစဉ်အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အက်ဒ်ဒွပ် မန်ဒီ အနေနဲ့ သူ့ရဲ့အကောင်းဆုံးလက်စွမ်းမှာ ရှိနေဖို့ လိုအပ်နေခဲ့တာ အမှန်ပါပဲ..။ အထူးသဖြင့် ဒုတိယပိုင်း အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဘရန့်တ်ဖို့ဒ် အသင်းဟာ ဂိုးကန်သွင်းချက် (၁၅) ကြိမ် ရှိခဲ့ပြီး (၇) ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်..။ ဒါ့အပြင် အဲဒီဂိုးကန်ချက် (၁၅) ကြိမ်ထဲက (၁၂) ကြိမ်ဟာ ပွဲချိန်မိနစ် (၈၀) နောက်ပိုင်းမှာ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းဘက်တော့ ဒုတိယပိုင်းမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရရှိခဲ့ပါဘူးရှင့်..။ ဘရန့်တ်ဖို့ဒ်အသင်းရဲ့ မိနစ် (၈၀) နောက်ပိုင်း ဂိုးကန်သွင်းချက် (၁၂) ကြိမ်ထဲမှာ ကွင်းလယ်အဖျက် ကစားသမား (holding midfielder) နေရာက ကစားတဲ့ ခရစ်စ်တီယန် နော်ဂတ် တစ်ယောက်တည်း ဂိုးကန်သွင်းချက် (၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်..။ မားကပ်စ် ရေ.. ကျွန်မတို့က အမ်ဘူးမိုး ရဲ့ ဂိုးတိုင်ထိသွားတဲ့ ကန်သွင်းချက်နှစ်ကြိမ်ကိုပဲ ပြောနေခဲ့ကြပေမယ့် နော်ဂတ် တစ်ယောက်တည်းတင် ဂိုးရနိုင်မယ့် အခွင့်အရေး (၆) ကြိမ် ရရှိခဲ့တာနော…
မားကပ်စ် ဂေးလ် - ဒါဟာဘရန့်တ်ဖို့ဒ်အသင်းရဲ့ ရဲရဲရင့်ရင့် တိုက်စစ်ဖွင့် ကစားရဲခဲ့တဲ့ စိတ်ဓါတ်ကို ပြသနေခဲ့တာ ဖြစ်ပါတယ်..။ သူတို့အနေနဲ့ချေပဂိုး ပြန်ရဖို့ဆိုရင် တိုက်စစ်မှာလူကုန်လိုက်ပါပြီး အစွမ်းကုန် ဖွင့်တိုက်မှ ရမယ့်သဘော ဖြစ်နေခဲ့ပါတယ်..။ ခရစ်စ်တီယန် နော်ဂတ် ဟာ ကွင်းလယ်အဖျက် ကစားသမားဆိုပေမယ့် တကယ့် အထောင်တိုက်စစ်မှူးနေရာအထိ ရဲရဲရင့်ရင့် ရှေ့တက်ကစားခဲ့ပါတယ်..။ ပွဲချိန်နောက်ဆုံးမိနစ်မှာ သူ့ရဲ့နောက်ပြန် ကန်သွင်းချက်ဆိုရင် အတော်လေးကို ကံဆိုးခဲ့လို့သာ ဂိုးမရရှိခဲ့တာပါ..။ မန်ဒီ ကလည်း လျှင်လျှင်မြန်မြန် ပုတ်ထုတ်နိုင်ခဲ့တာကိုး..။ ဒ့ါအပြင် နည်းပြသောမတ်စ် ဖရန့် ဟာ သူ့ရဲ့ကစားကွက် အခင်းအကျင်းမှာ ခရစ်စ်တီယန် နော်ဂတ် ကို လွတ်လွတ်လပ်လပ် လှုပ်ရှားကစားခွင့် ပေးထားပါတယ်..။ ဒ့ါကြောင့်လည်း သူဟာတိုက်စစ်မှာ စိတ်ကြိုက်လိုက်ပါ နိုင်ခဲ့တာပေ့ါဗျာ..
ကယ်လီ ကိတ် - ပွဲပြီးတဲ့အချိန်မှာ နည်းပြသောမတ်စ် တူခယ်လ် က ဒီနေ့ပွဲမှာ သူတို့အသင်း သုံးမှတ်အပြည့် ရခဲ့တဲအတွက် အထူးပျော်ရွှင်မိတဲ့အကြောင်း ပြောခဲ့ပါတယ်ရှင့်..။ ဒါ့အပြင်ပွဲပြီးခါနီးမှာ စိတ်လှုပ်ရှားခဲ့ရသလို စိုးရိမ်စိတ်လည်း ဝင်ခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့အနေနဲ့ ဒီနေ့ပွဲမှာ သုံးမှတ်အပြည့် ရခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်နိုင်ခဲ့ပါ့မလားရှင့်..
ကယ်ရင် ကာနေး - သောမတ်စ် တူခယ်လ် အနေနဲ့ ဒီနေ့ပွဲရလဒ်အပေါ် အမှန်တကယ် ကျေနပ်ခဲ့မှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီပွဲမတိုင်ခင်မှာ နိုင်ငံတကာ ပွဲစဉ်တွေအတွက် ကစားသမား အများအပြား စေလွှတ်ခဲ့ရသလို ကစားသမားတွေ ပြန်လာရတဲ့အချိန်တွေ မတူညီ..၊ ဒါ့အပြင် အဓိကကစားသမားတစ်ချို့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ အရေးပေါ် နောက်တန်းခံစစ်ကြောင်းနဲ့ ဒီနေ့ပွဲအတွက် ပြင်ဆင်ခဲ့ရပါတယ်..။ နောက်ပြီးပြိုင်ဘက်အသင်းက ပုံစံကောင်းတွေ ရနေတဲ့ လန်ဒန်မြို့ခံပြိုင်ဘက်အသင်းလည်း ဖြစ်တာကြောင့် ဘရန့်တ်ဖို့ဒ် အသင်းနဲ့ပရိသတ်ဟာ ယုံကြည်ချက်နဲ့ စိတ်ဓါတ်ပိုင်း မြင့်မားနေခဲ့ပါတယ်…။ ဒီလိုအခြေအနေမျိုးမှာ အရေးပေါ် ပြင်ဆင်ခဲ့တဲ့ နောက်တန်းနဲ့ clean sheet ရရှိခဲ့တာ ကျေနပ်စရာပါပဲ..။ ဒါ့အပြင် သုံးမှတ်အပြည့် ရရှိခဲ့တာကြောင့် အခုဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိသွားခဲ့ပြီပေ့ါရှင့်..
ကယ်လီ ကိတ် - ဒါဆိုရင် အခုလိုခြေစွမ်းအရ ကျေနပ်စရာ မဟုတ်ခဲ့ရင်တောင် လိုအပ်တဲ့အနိုင်ရလဒ်ကို ရရှိအောင် ဆောင်ယူနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးဟာ ချန်ပီယံဆုဖလားကို ရည်မှန်းနိုင်တဲ့အသင်းလို့ ပြောနိုင်ပါ့မလားရှင့်…
ဂယ်ရီ နဗီးလ် - ချယ်လ်ဆီးအသင်းဟာ ချန်ပီယံဆုဖလားကို ရရှိနိုင်ပါတယ်..။ လူတိုင်းကတော့ မန်ချက်စတာ စီးတီး၊ လီဗာပူးလ်အသင်းတွေပဲ ဖလားရလိမ့်မယ်လို့ ပြောကြပါလိမ့်မယ်…။ အဲဒီနှစ်သင်းရဲ့ လွန်ခဲ့တဲ့သုံးနှစ်၊ လေးနှစ်က ခြေစွမ်းအရ သူတို့ပြောတာကို သဘောမတူနိုင်စရာ မရှိပါဘူး..။ နောက်ပြီးလွန်ခဲ့တဲ့ သုံးပါတ်လောက်က ချယ်လ်ဆီးနဲ့ပွဲမှာ မန် စီးတီးအသင်းရဲ့ ခြေစွမ်းကလည်း တကယ့်ကို ကောင်းမွန်ခဲ့တာပဲဗျ..။ ဒါပေမယ့် လက်ရှိချယ်လ်ဆီးအသင်းဟာ မာကျော၊ ကျစ်လျစ်ပြီး သူတို့ကို အနိုင်ရဖို့ ခက်ခဲပါတယ်..။ ဒ့ါကြောင့် အခုအချိန်မှာ ဘယ်အသင်းကမှ သူတို့နဲ့ရင်ဆိုင်ချင်မှာ မဟုတ်ပါဘူး..။
ဒီနေ့ပွဲမှာဆိုရင် ဘရန့်တ်ဖို့ဒ် အသင်းဟာ ပွဲပြီးခါနီး (၁၀) မိနစ်၊ (၁၅) မိနစ်လောက်မှာ အသာစီးရခဲ့ပေမယ့် ကျန်တဲ့ပွဲချိန် မိနစ် (၇၀) လောက်က ဘာမှလုပ်လို့မရခဲ့ပါဘူး..။ သူတို့ဟာ ချယ်လ်ဆီးအသင်းကို ဘယ်လိုမှ ထိုးဖောက်လို့ မရခဲ့တာကြောင့် အပြောင်းအလဲ ပြုလုပ်ခဲ့ရပါတယ်..။ ဒါ့အပြင် ခုနကကယ်ရင် ပြောခဲ့သလို ဒီနေ့ပွဲမှာ ချယ်လ်ဆီးဘက်က အဓိကကစားသမား တစ်ချို့မပါဝင်ခဲ့ပါဘူး..။ ဒ့ါကြောင့်သူတို့ဆီက ဒီထက်ကောင်းမွန်တဲ့ ခြေစွမ်းတွေ ရရှိနိုင်ပါတယ်..။ နောက်ပြီးကစားသမား အင်အားတောင့်တင်းတာကြောင့် အရန်ခုံကနေ ပွဲအဖြေကို အပြောင်းအလဲ ပြုလုပ်ပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိနေပါတယ်…။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကောင်းကောင်းစိန်ခေါ်နိုင်တဲ့ အသင်းဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။
ကယ်လီ ကိတ် - မားကပ်စ် ရေ.. ဘရန့်တ်ဖို့ဒ် အသင်းဟာ ဒီကွင်းထဲမှာ လီဗာပူးလ်အသင်းနဲ့ သရေကျခဲ့သလို ဒီနေ့ပွဲမှာလည်း ချယ်လ်ဆီးအသင်းကို သရေကျလုနီးနီး ကစားနိုင်ခဲ့ပြီး အခက်တွေ့စေခဲ့ပါတယ်..။ အဲဒီနှစ်ပွဲထဲမှာ ရှင်တို့အသင်းအတွက် အခက်ခဲဆုံးပွဲက ဘယ်ပွဲဖြစ်မယ်ထင်လဲရှင့်…
မားကပ်စ် ဂေးလ် - ဒီနေ့ပွဲဟာ ကျွန်တော်တို့အသင်းအတွက် အခုအချိန်ထိ ရင်ဆိုင်ခဲ့သမျှထဲက အခက်ခဲဆုံးပွဲလို့ ကျွန်တောင်ထင်ပါတယ်..။ အထူးသဖြင့် ပထမပိုင်းမှာ အတော်လေးကို ရုန်းကန်ခဲ့ရသလို ဘောလုံးရဖို့ကို အသည်းအသန် ကြိုးစားခဲ့ရတာပါ..။ နောက်ပြီးကိုယ့်ရဲ့ခြေထဲ ဘောလုံးရပြီဆိုရင်လည်း ပြန်မပါအောင် ထိန်းထားနိုင်ဖို့ အတော်လေးကို ခက်ခဲခဲ့ပြန်ပါတယ်…။ ဒါ့အပြင်ဂိုးသမား ဒေးဗစ် ရာယာ ဟာ ဘရန့်တ်ဖို့ဒ်အသင်းရဲ့ ဘောလုံးဖြန့်ဝမှေုမှာ အတော့်ကို အရေးပါပါတယ်..။ သူဆီကနေ တိုက်စစ်မှူး အိုင်ဗန် တိုနေး၊ အမ်ဘူးမိုး တို့ဆီကို တိုက်ရိုက်ပေးပို့ခဲ့တဲ့ အဝေးဘောတွေဟာ သူတို့အသင်းရဲ့ အရေးပါတဲ့ တိုက်စစ်လမ်းကြောင်းအဖြစ် ရှိနေခဲ့ပါတယ်..။ ဒီနေ့ပွဲမှာတော့ အကြောင်းကြောင်းနဲ့ အဲဒီတိုက်စစ်လမ်းကြောင်း အဆက်အစပ်ဟာ သိပ်ပြီးအလုပ်မဖြစ်ခဲ့ဘူးလို့ ပြောရမှာပါပဲ..။
ဂယ်ရီ နဗီးလ် - အိုင်ဗန် တိုနေး က ထရေဗာ ချာလိုဘာ ဘက်ကိုဖိပြီး တိုက်လာခဲ့တဲ့အချိန်မှာ ပွဲအခြေအနေဟာ သူတို့ဘက် နည်းနည်းပါလာပေမယ့် မားကပ်စ် ဖော့စ် ကို လူစားသွင်းခဲ့တာဟာ အရေးပါခဲ့တဲ့ နည်းစနစ် အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ်..။ အိုင်ဗန် တိုနေး နဲ့ ဘရိုင်ယန် အမ်ဘူးမိုး တို့ဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်း တစ်ဝက်လောက်အထိ ချယ်လ်ဆီးအသင်းက ခံစစ်မှူးတွေဖြစ်တဲ့ ချာလိုဘာ၊ မာလန် ဆားရ် တို့ကို ထိထိရောက်ရောက် ဖိအားမပေးနိုင်ခဲ့ပါဘူး..။ ဒုတိယပိုင်း ပြီးခါနီးအချိန်ကျတော့မှ သူတို့တွေဟာ ချယ်လ်ဆီးခံစစ်မှူးတွေကို အဝေးဘောတွေနဲ့ ဒုက္ခပေးနိုင်ခဲ့တာပါ..။ ဒ့ါကြောင့်ဘရန့်တ်ဖို့ဒ်ဘက်က နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်တာ နောက်ကျခဲ့တယ်လို့ ထင်မိပါတယ်..။
ကယ်လီ ကိတ် - တကယ်လို့ တိုနီ ရူဒီဂါ နဲ့ သီယာဂို ဆေးလ်ဗား တို့သာ ကစားနိုင်ခဲ့မယ်ဆိုရင် မာလန် ဆား နဲ့ ထရေဗာ ချာလိုဘာ တို့ ဒီပွဲမှာ ကစားခွင့်ရဖို့ အခြေအနေမရှိဘူးလို့ နည်းပြသောမတ်စ် တူခယ်လ် က ပြောခဲ့ပါတယ်..။ အခုဒီနေ့ပွဲမှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရခဲ့တဲ့ မာလန် ဆား ရဲ့ ခြေစွမ်းကိုရော ဘယ်လိုမြင်မိလဲ.. ဂယ်ရီ ရေ..
ဂယ်ရီ နဗီးလ် - မာလန် ဆား ရော၊ ထရေဗာ ချာလိုဘာ တို့နှစ်ယောက်စလုံးဟာ ပွဲပြီးခါနီး ဆယ်မိနစ်လောက်မှာ ရုန်းကန်ခဲ့ပေမယ့် ဒီနေ့ပွဲမှာ ခြေစွမ်းအရ ကျေနပ်ဖို့ကောင်းခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ အိုင်ဗန် တိုနေး နဲ့ အမ်ဘူးမိုး တို့နှစ်ယောက်ကို အတော်လေး ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်..။ ဒီနေ့လိုပွဲဟာ ဗဟိုခံစစ်မှူးတွေအတွက်တော့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ရာသီအဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းက ဗဟိုခံစစ်မှူးတွေဆိုရင် သူတို့နှစ်ယောက်ရဲ့ ကြံ့ခိုင်မှုနဲ့တိုးအားကို မထိန်းနိုင်ခဲ့ပါဘူး..။
ဒ့ါကြောင့် မာလန် ဆား အနေနဲ့ သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်မှာပဲ အင်္ဂလိပ်အသင်း တိုက်စစ်မှူးတွေဆီက ရရှိနိုင်မယ့် အကြမ်းတမ်းဆုံး တိုးအားမျိုးကို ရင်ဆိုင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်…။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကဆိုရင် အခုလိုပုံစံ လက်ပစ်ဘောတွေ၊ set pieces တွေကနေ အမြင့်ဘောတွေနဲ့ ထိုးဖောက်တာမျိုးကို တစ်ချိန်လုံးနီးပါး ရင်ဆိုင်ခဲ့ကြရပါလိမ့်မယ်..။ ဒ့ါကြောင့်အင်္ဂလန်မှာ ကစားပြီဆိုရင် အခုလိုပုံစံ ထိုးဖောက်မှုတွေကို တစ်ချိန်ချိန်မှာတော့ ရင်ဆိုင်ရမှာပါပဲ..။ အခုဆိုရင် သူတို့ဟာ အဲဒီလိုအင်္ဂလိပ်ရိုးရာ အမြင့်ဘောတွေ၊ တည်ကန်ဘောတွေ၊ လက်ပစ်ဘောတွေကနေ ထိုးဖောက်ခဲ့တဲ့ ပုံစံတွေကို ရင်ဆိုင်၊ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ပြောရမှာပါပဲ..။
ကယ်ရင် ကာနေး - ဟုတ်ပါတယ်..၊ ဘရန့်တ်ဖို့ဒ် အသင်းဟာ မာလန် ဆား နဲ့ ထရေဗာ ချာလိုဘာ တို့နှစ်ယောက်ဘက်ကို အဓိကထားပြီး ထိုးဖောက်ခဲ့ကြပါတယ်..။ ဂိုးလွန်ဘောတွေကို ကန်တင်ပြီဆိုရင် သူတို့ဘက်မှာ ကစားသမား လေးယောက်ဆီလောက်စီ စုပြုံဝင်လာပြီး overload လုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်..။ ဒါပေမယ့် သူတို့ဟာ အရင်ပွဲတွေတုန်းကလို ချယ်လ်ဆီးအသင်းနောက်ခံလူတွေအပေါ် အမြင့်ဘောတွေကနေ အရမ်းကြီးသိသိသာသာ အသာစီးမရခဲ့ပါဘူး..။ ဖိအားပေးနိုင်ခဲ့တာ မှန်ပေမယ့် ပွဲပြီးခါနီး (၁၀) မိနစ်လောက်မှာ တင်ကစားခဲ့တဲ့ အရှိန်အဟုန်မျိုးကို တစ်ပွဲလုံးအနေနဲ့ မရခဲ့ပါဘူး..။ ချယ်လ်ဆီးအသင်းဘက်ကတော့ လူငယ်နောက်ခံလူတွေကို ရဲရဲဝံ့ဝံ့ ပွဲထုတ်ခဲ့ပေမယ့် clean sheet ရအောင် ကျားကုတ်ကျားခဲ တိုက်ယူနိုင်ခဲ့တာဟာ ကျေနပ်စရာပါပဲ..။ မာလန် ဆား ဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်မှာ စွန့်စားမှုတွေ မလုပ်ခဲ့ဘူး..၊ အမှားအယွင်းတွေ မလုပ်ခဲ့ပါဘူး..။
ကယ်လီ ကိတ် - ဟုတ်ပါရှင့်..။ သောမတ်စ် တူခယ်လ် အတွက်လည်း ဒဏ်ရာပြဿနာကြောင့် ဒီနေ့ပွဲမှာ သူ့ရဲ့ခံစစ်ကြောင်းမှာ အပြောင်းအလဲလုပ်ဖို့ အခွင့်အရေး များများစားစား မရှိခဲ့ပါဘူး..။ ဒါပေမယ့် သူဟာလူငယ် နောက်ခံလူတွေကို ဒီနေ့လိုပွဲမှာ အားကိုးလို့ရတယ်လို့ သိထားခဲ့တယ်..၊ လူငယ်တွေကို အားကိုးဖို့ကိုလည်း ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့ပါတယ်..။ အဲဒီလိုရဲရင့်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ရှင့်ရဲ့အမြင်ကို ပြောပြပေးနိုင်မလား.. ဂယ်ရီ ရေ..
ဂယ်ရီ နဗီးလ် - နည်းပြသောမတ်စ် တူခယ်လ် ဟာ လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့ အားကိုးလို့ ရတဲ့အကြောင်းကို ပွဲမစခင်ကတည်းက ကြိုတင်ပြောထားခဲ့ပါတယ်..။ တကယ်တော့ သူဟာအက်ဇ်ပီလီကွဲတား ကို Left Centerback အနေနဲ့ ကစားခိုင်းမယ်..၊ ရိစ် ဂျိမ်းစ် ကို Right Centerback ဖြစ်ဖြစ်၊ Right Wing Back ဖြစ်ဖြစ် ကစားခိုင်းမယ် ဆိုရင်လည်း ရတာပါပဲ..။ အတွေ့အကြုံရှိပြီးတဲ့ ကစားသမားတွေကို အလှည့်အပြောင်း နည်းနည်းပြုလုပ်ပြီး ပွဲထွက်ခိုင်းမယ်ဆိုရင် ရနိုင်ပါတယ်..။ ဒ့ါကြောင့်လူငယ်တွေကို ဦးစားပေးပြီး ပွဲထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြသောမတ်စ် တူခယ်လ် ရဲ့ ပွဲထွက်အခင်းအကျင်းဟာ နည်းနည်းတော့ စွန့်စားခဲ့တဲ့ သဘောဆန်ပါတယ်..။ ဒါပေမယ့် သူဟာ လူငယ်တွေကို ယုံကြည်မှုပေးခဲ့တဲ့အကြောင်းကို ပြောခဲ့တဲ့စကားအတိုင်း ပြသခဲ့ချင်လို့ အခုလိုစွန့်စားခဲ့တာလည်း ဖြစ်နိုင်တာပေ့ါ..။ အဲဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ သူ့ရဲ့အဲဒီလို စွန့်စားမှု ရယူခဲ့တဲ့ ဆုံးဖြတ်ချက်ကို နှစ်သက်မိပါတယ်…။
ဒါ့အပြင်အခုလို လူငယ်တွေကို စောစောစီးစီး ယုံကြည်မှုပေးခဲ့တာကြောင့် ရာသီနောက်ပိုင်း ပွဲကျပ်တွေ ကြုံလာတဲ့အခါကျရင် သူ့အတွက် ရွေးချယ်စရာ ပိုမိုများပြားလာနိုင်တာပေါ့ဗျာ…။ အခုဆိုရင် ကစားသမားတွေဟာ တကယ်သာ ကြိုးစားပြရင် အခွင့်အရေးရနိုင်တယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ ခံစားမိခဲ့ကြပါလိမ့်မယ်..။ ရူဘင် လော့ဖ်တပ်စ် ချိခ် ဆိုရင် holding midfielder အနေနဲ့ ကွင်းလယ်မှာ အခိုင်အမာ နေရာပြန်ရပါတယ်..။ ဒါတွေဟာ အသင်းကတခြား ကစားသမားတွေအတွက် စိတ်ဓါတ်ခွန်အား ပိုမိုရရှိစေပါလိမ့်မယ်..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်.. ကဲ... အချိန်လဲလင့်နေပြီဆိုတော့ ကျွန်တော်တို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ကြဖို့ ခွင့်ပန်လိုက်ပါတယ်..။ ကျွန်မတို့ရဲ့ ဆွေးနွေးပွဲ စကားဝိုင်းမှာ အခုလို တက်တက်ကြွကြွ ဆွေးနွေးပေးခဲ့တဲ့အတွက် Sky Sports အဖွဲ့သားများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နောက်တစ်ပါတ်မှာ ပြန်လည်ဆုံတွေ့ကြတာပေါ့..