ယခုတစ်ပါတ်၏ စနေနေ့အစောဆုံးပွဲစဉ်အဖြစ် စတန်းဖို့ဒ် ဘရစ်ခ်ျ ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် နောဝစ်ခ်ျအသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံနှင့် ပွဲစဉ်သုံးသပ်ချက်ကို ချယ်လ်ဆီးအသင်း တောင်ပံကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် နောဝစ်ခ်ျအသင်းနှင့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ခရစ်စ် ဆပ်တန် တို့က BT Sports ရုပ်သံဌာန၏ သုံးသပ်ချက်စကားဝိုင်း အစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဂျိတ်ခ် ဟမ်းဖရေး - ကျွန်တော်တို့ ဒီနေ့ရှုစားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းနဲ့ နောဝစ်ခ်ျ အသင်းတို့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းက လွယ်လွယ်ကူကူပဲ အနိုင်ရခဲ့ပြီး လုံးဝကိုဘက်မညီတဲ့ ကစားပွဲတစ်ပွဲလို့ ပြောရမှာပါပဲ..။ နောဝစ်ခ်ျပရိတ်တွေအနေနဲ့ ဒီနေ့ပွဲကို ရှုံးနိမ့်ခဲ့တာဟာ စိတ်ပျက်စရာ မဟုတ်ပေမယ့် အခုလိုပုံစံနဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ရတာကိုတော့ အဆင်ပြေကြလိမ့်မယ် မထင်မိပါဘူးဗျ.. ဟုတ်တယ်မလား.. ခရစ်စ် ရေ..
ခရစ်စ် ဆပ်တန် - မှန်တာပေ့ါဗျာ..။ ကျွန်တော်တို့အသင်းဟာ ရာသီအစပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပြီးခဲ့တဲ့နောက်ဆုံးနှစ်ပွဲမှာ နည်းနည်းတိုးတက်လာတဲ့ ခြေလှမ်းလေးတွေ မြင်တွေ့ခဲ့ရပါတယ်..။ အဲ.. ဒါပေမယ့် ဒီနေ့မှာအခုလိုပုံစံနဲ့ ရှုံးနိမ့်ခဲ့ရတာဟာ အရင်က ကြိုးစားခဲ့သမျှတွေအားလုံး ဒလိမ့်ခေါက်ကွေးနဲ့ နောက်ပြန်ပြုတ်ကြခဲ့တယ်လို့ ပြောရမှာပါပဲ..။ အခုလိုအရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းတွေအများကြီး ရှိတာပေ့ါ..။ အကြီးမားဆုံးက ကျွန်တော်တို့ ကစားသမား တစ်ချို့ဆီမှာ တွေ့မြင်လိုက်ရတဲ့ အကြောက်တရားပါ…။ ပွဲအစမှာပဲ လွယ်လွယ်ကူကူနဲ့ နှစ်ဂိုးလောက် ခွင့်ပြုလိုက်ရတဲ့အချိန်မှာ သူတို့တွေဟာ နဝတေိမ်တောင်နဲ့ ဘယ်သူကများ အသင်းကို ပြန်လည်ရုန်းထလာအောင် နှိုးဆွပေးမလဲ..၊ ဦးဆောင်ပေးနိုင်မလဲ.. ဆိုပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပါတယ်..။ ဒါပေမယ့် သူတို့အားလုံး အိပ်မက်တွေထဲက ပြန်လည်နှိုးထနိုင်ခြင်း မရှိခဲ့ဘူး..၊ ကွင်းထဲမှာ ဦးဆောင်မှု ပေးနိုင်တဲ့သူ မရှိခဲ့ပါဘူး..။
မန်နေဂျာ ဒယ်နီရယ် ဖာကီ နဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ သူ့ရဲ့ဒုတိယပိုင်း အခင်းအကျင်းဟာ လုံးဝကို မှားယွင်းခဲ့ပါတယ်..။ ပထမပိုင်းမှာ သူတို့ဟာ လက်ရှိဥရောပ ချန်ပီယံအသင်းကို သုံးဂိုးပြတ်နဲ့ ဂိုးပြတ်ခြေပြတ် ရှုံးနိမ့်ပြီးသားပါ..။ ဒါပေမယ့် သူဟာဒုတိယပိုင်း ၅- ၃- ၂ ကစားကွက်ကို ပြောင်းလဲပြီး ချယ်လ်ဆီးဘက်ကို တစ်ယောက်ချင်း man to man marking လူကပ်ကစားဖို့ ဆုံးဖြတ်လိုက်ရမှာ ပိုပြီးစုတ်ပြတ်သွားခဲ့ပါတယ်..။ ဒါ့အပြင်ဘင် ဂစ်ဘ်ဆင် က အထုတ်ခံရလိုက်ရတယ်ဆိုတော့ ပိုဆိုးသွားခဲ့တာပေ့ါဗျာ..။ မှန်ပါတယ်.. ဒီနေ့ပွဲဟာ တကယ့်ကို ဘက်မညီခဲ့တဲ့ ပွဲတစ်ပွဲပါ..၊ နောဝစ်ခ်ျ အသင်းအတွက် စိုးရိမ်စရာ ကာလတွေကို ထပ်မံဖြတ်သန်း ရဦးမှာပါ..။
ဂျိတ်ခ် ဟမ်းဖရေး - အဲဒီအကြောင်း ခဏနေ ဆက်ပြီးဆွေးနွေးကြတာပေ့ါဗျာ..။ ဂျိုး ရေ.. ကွင်းထဲကို ကြည့်လိုက်စမ်းပါဗျာ..။ ကစားသမားတွေဟာ အခုထိကို ကွင်းထဲက မထွက်သေးပဲ ဆက်လက်အောင်ပွဲခံနေကြသလို ပရိသတ်တွေကလည်း အိမ်ကိုပြန်ချင်ကြသေးတဲ့ပုံ မရှိဘူးဗျ..။ ဒီလိုနေ့ရက်မျိုးဟာ အသင်းတစ်သင်းအတွက် တကယ့်ကို မင်္ဂလာအပေါင်းနဲ့ ခညောင်းလှတဲ့ နေ့ရက်တစ်ရက်လို့ ပြောရမှာပေ့ါ..
ဂျိုး ကိုးလ် - မှန်တာပေ့ါဗျာ..။ ဒီနေ့လိုပွဲမျိုးမှာ ချယ်လ်ဆီးအသင်းကိုရော၊ ကစားသမား တစ်ဦးချင်းစီကိုပါ မကောင်းတဲ့အမြင်နဲ့ ဝဖေန်စရာအကြောင်း ဘယ်လိုနည်းနဲ့မှ မရှိပါဘူး..။ ပြိုင်ဘက်အသင်းဟာ နောဝစ်ခ်ျ ဆိုပေမယ့် အသင်းရဲ့ကစားပုံ၊ ကစားသမား တစ်ယောက်ချင်းစီရဲ့ ခြေစွမ်းဟာ တကယ့်ကို ‘Champions of Europe’ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လည်း လိုက်ဖက်ညီလှ၊ လိုက်လျောညီထွေ ရှိလှတာပေ့ါ..။ ဒီပွဲမတိုင်ခင်မှာ အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ရိုမီလူ လူကာကူ၊ တီမို ဗာနာ တို့ရဲ့ ဒဏ်ရာအခြေအနေကြောင့် အထောင်တိုက်စစ်မှူး ‘No.9’ နေရာမှာ ဘယ်သူကစားမှာလဲ..? တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိလာမလား..? စိုးရိမ်ခဲ့ကြပါတယ်..။ ဒါပေမယ့် အသင်းသားတွေဟာ အဲဒီအခက်အခဲကို တကယ့်ကို မယုံကြည်နိုင်လောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ တုံ့ပြန်ပြသခဲ့ကြပါတယ်..။
မေဆန် မောင့် ဆိုရင် မနှစ်ကဘောလုံးရာသီ၊ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ပွဲနောက်ပိုင်း သွင်းဂိုးမရရှိပဲ ဖြစ်နေခဲ့ပါတယ်..။ ဒါပေမယ့်သူဟာ ဒီနေ့ပွဲမှာ ဂိုးရအောင် သွင်းယူနိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်အပြည့်နဲ့ ကစားခဲ့ပါတယ်..။ ကျွန်တော်ကတော့ ဖိအားတွေကို ရင်ဆိုင်လိုစိတ်၊ တာဝန်ယူချင်စိတ်နဲ့ အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ သူ့ရဲ့စိတ်ဓါတ်ကို ချီးကျူးပါတယ်..။ ဒီနေ့ပွဲမှာ သူဟာသွင်းဂိုးတွေတင် မကပါဘူး..၊ ခြေစွမ်းပိုင်းမှာပါ အထူးကောင်းမွန်ခဲ့သလို ရိစ် ဂျိမ်းစ်၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ ရူဘင် လော့ဖ်တပ်စ် ချိခ် တို့လို အကယ်ဒမီထွက် ကစားသမားတွေကလည်း အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ကြပါတယ်..။ တကယ်လို့ ရိုမန် အေဘရာမိုဗစ်ခ်ျ ကို အသင်းကိုဝယ်ယူခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဘာတွေကို ခင်ဗျားလိုချင်၊ တောင့်တမိခဲ့လို့လဲ..? လို့ မေးခဲ့ရင် အခုလိုမျိုး ပရိသတ်နဲ့အသင်းနဲ့ တစ်သားတည်း ဖြစ်နေတယ်..၊ အသင်းရဲ့အကယ်ဒမီထွက် ကစားသမားတွေဟာ အသင်းရဲ့အဓိကကျောရိုး ကစားသမားတွေအဖြစ် ပါဝင်နေတယ်ဆိုတဲ့ အခြေအနေပဲ ဖြစ်ပါလိမ့်မယ်..။ ဒီလိုအခြေအနေမျိုးကပဲ အသင်းတစ်သင်းရဲ့ အောင်မြင်မှုတွေကို ရေရှည်ဆက်လက် ထိန်းသိမ်းနိုင်မှာ ဖြစ်သလို အသင်းရဲ့ပရိသတ်တွေလည်း အထူးကျေနပ်၊ သဘောကျကြမှာ ဧကန်မုချပါပဲ..။ (ခရစ်စ် ဆပ်တန် - အေးပါ.. ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ ဝမ်းသာပီတိ ဖြစ်ရပါတယ်နော်..)
ဂျိတ်ခ် ဟမ်းဖရေး - ဒီနေ့ပွဲမှာ hattrick ရယူပြီး ခြေစွမ်းပြနိုင်ခဲ့သလို man of the match ဆုကိုပါ ဆွတ်ခူးခဲ့တဲ့ ‘မေဆန် မောင့်’ အကြောင်း အရင်ဆုံး ဆွေးနွေးကြရအောင်ခင်ဗျ..။ တကယ်တော့ သူဟာ ခြေစွမ်းနဲ့ထိုက်တန်တဲ့ ချီးကျူး၊ ဂုဏ်ပြုမှုမျိုးကို မရရှိခဲ့တဲ့ ကစားသမား တစ်ယောက်လို့ ပြောနိုင်ရဲ့လား.. ဂျိုး ရေ..
ဂျိုး ကိုးလ် - No. ကျွန်တော်တော့ အဲဒီလို မထင်ပါဘူး.။ သူဟာခြေစွမ်းနဲ့ထိုက်တန်တဲ့ ချီးကျူး၊ ဂုဏ်ပြုမှုတွေ ရရှိခဲ့ပါတယ်..။ ဒါပေမယ့် သူ့ကိုလုံးဝသဘောမကျတဲ့ ကစားသမားဟောင်း၊ နည်းပြတစ်ယောက်ကိုတော့ ကျွန်တော်တွေ့ဖူးပါတယ်..။ အဲဒီကစားသမားဟောင်းကြီးဟာ အခုအင်္ဂလန် ဘောလုံးလောကမှာ အရေးပါတဲ့ နေရာမှာ ရောက်ရှိနေပါတယ်..၊ သူဘယ်သူလဲ.. လို့ ကျွန်တော်မပြောတော့ပါဘူး..။ ချယ်လ်ဆီးအသင်းရဲ့ ပြိုင်ဘက်ပရိသတ်တစ်ချို့ကတော့ သူ့ကိုသိပ်ပြီး သဘောမကျကျပါဘူး..၊ အဲဒါလည်း ထူးဆန်းတဲ့အရာလို့ ပြောမရပါဘူး…။ ဒါပေမယ့် သူ့ရဲ့ကစားပုံကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး လေ့လာကြည့်မယ်ဆိုရင် မေဆန် မောင့် ရဲ့ ကစားပုံဟာ သူများနဲ့မတူသလို အသင်းကို ထိထိရောက်ရောက် အကျိုးပြုနိုင်တဲ့ ပါရမီရှင် ကစားသမား တစ်ယောက်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး..။
ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ..၊ ပြိုင်ဘက်အသင်း ကစားသမားတွေဆိုရင် အလွယ်တူကူနဲ့ လက်မခံတတ်တဲ့ ပရိသတ်တွေ ရှိကြပါတယ်..။ ဒါပေမယ့် အခုလက်ရှိ မေဆန် မောင့် တို့ လူငယ်တစ်သိုက်ဟာ အင်္ဂလန်ဘောလုံးလောကရဲ့ အနာဂတ်ရတနာလေးတွေ ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြု ချီးကျူး၊ ဂုဏ်ပြုသင့်တယ်လို့ မထင်မိဘူးလား..?
ခရစ်စ် ဆပ်တန် - တခြားအသင်းက ကစားသမားတွေကို မနာလိုတတ်တဲ့ ပရိသတ်အနည်းစုအတွက် အရေးတယူ ပြောဆိုနေစရာ မရှိပါဘူး..။ အထူးသဖြင့် မေဆန် မောင့် လို ကစားသမားမျိုးကို အသိအမှတ် မပြုနိုင်ဘူးဆိုရင် ဘာကြောင့်လဲ..? Why? လို့ မေးစရာ ရှိလာပါပြီ..။ သူဟာတကယ့်ကို နေရာစုံ ကစားနိုင်တဲ့ စွယ်စုံရ (versatile) ကစားသမား တစ်ယောက် ဖြစ်သလို အင်္ဂလန်အသင်းမှာဆိုရင်လည်း ဂါရတ် ဆောက်ဂိတ် ဟာ သူ့ကိုအရမ်း နှစ်သက်ပါတယ်..။ သောမတ်စ် တူခယ်လ် ဟာ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိလာချိန်တုန်းက ပထမဆုံး တစ်ပွဲ၊ နှစ်ပွဲလောက်မှာ သူ့ကိုချန်ထားခဲ့သေးတယ်လေ..။ ဒါပေမယ့် နောက်ပိုင်းမှာ သူဟာအသင်းအတွက် ဘယ်လောက်တောင်မှ အရေးပါတဲ့ ကစားသမား ဖြစ်တယ်ဆိုတာ သိလာတာပါပဲ..။ သူဟာတကယ့်ကို ခြေစွမ်းကောင်းမွန်တဲ့ ကစားသမား တစ်ယောက်ပါ…။ အဲဒါကိုသံသယရှိစရာ မလိုပါဘူး..။
ဂျိတ်ခ် ဟမ်းဖရေး - မေဆန် မောင့် အကြောင်း ပြောမယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့ လူငယ်အကယ်ဒမီ အကြောင်းကိုလည်း ချန်ထားခဲ့လို့ မဖြစ်ဘူးဗျ..။ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီ ဟာ တကယ့်ကို ထူးချွန်တဲ့ လူငယ်ကစားသမားပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်လောက်အထိ အသင်းကြီးကို တက်လှမ်းနိုင်ဖို့ လမ်းကြောင်းပျောက်နေခဲ့ပါတယ်..။ အသင်းမှာ နေရာမရနိုင် ဖြစ်နေခဲ့တာကြောင့် နေရာအနှံ့မှာ အဌားထွက်နေရတဲ့ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းအပေါ် ဝဖေန်မှုတွေ ရှိခဲ့ပေမယ့် ဒီနေ့ဆိုရင် အခြေအနေချင်းက တခြားစီ ဖြစ်သွားပါပြီ..
ဂျိုး ကိုးလ် - အဲဒီ၀ေဖန်မှုတွေဟာ အတိုင်းအတာ တစ်ခုထိတော့ မှန်ခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်တွေတုန်းက အသင်းကြီးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းရှိခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် နေရာမရခဲ့တဲ့ ကစားသမားတွေ ရှိနိုင်ခဲ့ပါတယ်..။ ဒါပေမယ့်သူတို့တွေ အခွင့်အရေးမရခဲ့ပါဘူး.။ အသင်းရဲ့အကယ်ဒမီကို ကြည့်မယ်ဆိုရင် တကယ့်ထိပ်တန်းအဆင့် နည်းပြတွေက ဦးဆောင်၊ မောင်းနှင်နေကြပါတယ်..။ နေရာတိုင်းမှာ လုံလောက်တဲ့ ဝန်ထမ်းကောင်းတွေ အပြည့်ရှိနေပါတယ်..။ လူငယ်ကစားသမားတွေအတွက် ဘောလုံးအပြင် ကဏ္ဍစုံမှာ အဆင့်မြင့်ပညာရေးတွေ သင်ကြားပေးနိုင်ပါတယ်..။ ဒ့ါကြောင့်လည်း ကစားသမားကောင်းတွေ အများကြီးထွက်ပေါ်လာတာပါ..။
ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ မေဆန် မောင့်၊ ရိစ် ဂျိမ်းစ် တို့ဟာ အသက် (၇) နှစ်အရွယ် ကတည်းက ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ကြသူတွေ ဖြစ်ကြပါတယ်..။ ဒ့ါကြောင့်သူတို့တွေဟာ အပြာရောင်သွေး၊ အပြာရောင်စိတ်ဓါတ်အပြည့်နဲ့ သင်ကြား၊ မောင်းနှင်ခံခဲ့ရတဲ့သူတွေ ဖြစ်ကြပါတယ်..။ သူတို့တွေဟာ အသက် (၁၆) နှစ်မှ အသင်းကို ရောက်လာတဲ့သူတွေနဲ့ ဘယ်လိုနည်းနဲ့မှ တူညီနိုင်မှာ မဟုတ်ပါဘူး..။ ဒ့ါအပြင် သူတို့ဟာ အခုဆိုရင် အသင်းရဲ့ အဓိကသော့ချက်၊ အသင်းရဲ့ဝင်ရိုးကို ထမ်းပိုး၊ မောင်းနှင်နေတဲ့ ကစားသမားတွေ ဖြစ်နေကြပါပြီ..။ ဘောလုံးသမိုင်းမှာ အောင်မြင်တဲ့ အသင်းတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အသင်းကိုအဓိက မောင်းနှင်ပေးမယ့် အခုလို ငယ်မွေးခြံပေါက် ကစားသမားတွေ ရှိနေဖို့လိုအပ်တယ်ဆိုတာ တွေ့နိုင်မှာပါ..။ ဒီနေ့ဆိုရင် ကာလန် ရဲ့ ခြေစွမ်းကို ကျွန်တော်သဘောကျမိပါတယ်..။ သူ့ဟာပင်ကိုယ်ပါရမီ ထူးချွန်တဲ့ ကစားသမားဖြစ်တာကြောင့် အခုလိုအခွင့်အရေးတွေ ရရှိနေဖို့ လိုအပ်ပါတယ်..။
ရိစ် ဂျိမ်းစ် ရဲ့ ခြေစွမ်းအကြောင်းကို အရင်တုန်းကလည်း အကြိမ်ကြိမ်အခါခါ မောင်းခတ်ပြီးသား ဖြစ်တဲ့အတွက် အထွေအထူး ချဲ့ကား ပြောမနေတော့ပါဘူး..။ သူ့ဆီကနေ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်းကို ကျွန်တော်တို့ နောက်ထပ်ကာလအကြာကြီး မြင်တွေ့ရဖို့ ရှိနေပါတယ်..။ သူဟာညာနောက်ခံလူ နေရာမှာတော့ ဘယ်အသင်းမှာမဆို အကောင်းဆုံးစိန်ခေါ်မှု ပေးနိုင်မယ့် ကစားသမားတစ်ယောက် ဖြစ်နေပါပြီ..။
ခရစ်စ် ဆပ်တန် - ရိုမန် အေဘရာမိုဗစ်ခ်ျ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ ပထမဦးစားပေး ရည်မှန်းချက်ဟာ ‘ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့’ ဖြစ်လာတာကြောင့် အသင်းကြီးမှာ နေရာရဖို့ဆိုတာ တကယ့်ကိုခြေစွမ်းထက်မှ ရပါလိမ့်မယ်..။ ဒ့ါကြောင့်လူငယ် ကစားသမားတွေအတွက်လည်း အခွင့်အရေးရနိုင်ဖို့ အတော်လေး ခက်ခဲခဲ့ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ မေဆန် မောင့်၊ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့လို လူငယ်ကစားသမားတွေဆိုတာ အင်္ဂလန်က ဘယ်အသင်းမဆို လိုချင်ကြမယ့် အရည်အသွေးမြင့် ကစားသမားတွေ ဖြစ်ကြပါတယ်..။
ဒ့ါအပြင် သူတို့အသင်းရဲ့ အရန်ခုံက ကစားသမား အင်အားကို ကြည့်ဦးမလား..၊ ဒီလိုအဓိက ကစားသမားတွေအပြင် အရန်အင်အားပါ တောင့်တင်းတာကြောင့် သူတို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ့် အသင်းတစ်သင်းလို့ ကျွန်တော်ပြောရခြင်းပါပဲ..။ ဒီလိုတောင့်တင်းနေတဲ့ အသင်းမှာ ရိုမီလူ လူကာကူ လို တိုက်စစ်မှူးတစ်ယောက် ထပ်မံအားဖြည့် နိုင်လိုက်တာဟာ ‘အချိုပေါ် သကာဆင့်’ သလိုပါပဲ..။ ဒါပေမယ့် ဒီနေ့၊ ဒီအချိန်ဟာ သူတို့အသင်းရဲ့ လူငယ်အကယ်ဒမီ ကစားသမားတွေ အစွမ်းကုန် ပွင့်လန်းခွင့်ရနေတဲ့ အချိန်အခါကောင်းလို့ ပြောရမှာပါ..။
ဂျိုး ကိုးလ် - ရူဘင် လော့ဖ်တပ်စ် ချိခ် ကိုလည်း ချန်ထားလို့ မရဘူး.. ခရစ်စ် ရေ…။ သူဟာလည်း ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမား တစ်ယောက်ဖြစ်ပေမယ့် ပရီးမီးယားလိဂ် အသင်းတွေဆီကို အဌားကစားသမား တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေနဲ့ ကြွယ်ဝနေတဲ့ ထိပ်တန်းကစားသမား တစ်ယောက်ပါ..။ အခုလိုအသင်း အကယ်ဒမီထွက် လူငယ်ကစားသမားလေးတွေကို အချိန်ကိုက်၊ နေရာကိုက် မြေတောင်မြှောက်ပေးနိုင်ခဲ့တဲ့အပေါ် အသင်းနဲ့ပတ်သက်တဲ့ အားလုံးကို ကျွန်တော်အထူး ချီးကျူး ဂုဏ်ပြုလိုပါတယ်..။
သောမတ်စ် တူခယ်လ် ဟာ ဖရန့် လမ်းပတ် ဖောက်ထွင်းခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းရင်း ပိုမိုတောက်ပလာအောင် ပြုစု၊ ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူတို့တွေဟာ အခုအချိန်မှာ လူငယ်လေးတွေပါ.. အဲဒီကနေ တဖြည်းဖြည်း ရင့်ကျက်လာပြီး အတွေ့အကြုံတွေ ရလာတာနဲ့အမျှ တစ်ရာသီထက် တစ်ရာသီ ခြေစွမ်းတွေ ပိုမိုကောင်းမွန်လာမယ်ဆိုတာ ကျွန်တော်သေချာပေါက် ပြောရဲပါတယ်..။
ခရစ်စ် ဆပ်တန် - ဟေး… ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ကော်နာ ဂါလက်ချာ လေးကိုလည်း မေ့မထားနဲ့ဦးနော်.. ဂျိုး ရေ..။
ဂျိတ်ခ် ဟမ်းဖရေး - အားး.. ဟုတ်တာပေ့ါ.. အခုအချိန်မှာ ‘ချယ်လ်ဆီးအသင်း’ လို့ ပြောရင် ချယ်လ်ဆီးအသင်းကြီး တစ်ခုတည်းတင် ကြည့်လို့မရတော့ဘူးဗျ..။ သူတို့ရဲ့ လူငယ်အကယ်ဒမီ၊ အသင်းကို အုပ်ချုပ်နေတဲ့ ဘုတ်အဖွဲ့ အပါအဝင် အသင်းတစ်ခုလုံးဟာ တကယ့်ကို စုစုစည်းစည်းနဲ့ တစ်သားတည်းကို ဖြစ်နေတာပဲဗျ..။ အဲဒီလိုအစုအဖွဲ့ကောင်း တစ်ခုရရှိနေချိန်မှာ နည်းပြကောင်းတစ်ယောက်နဲ့ ’ခြင်္သေ့ကို အတောင်တပ်ပေးနေသလို’ ဖြစ်သွားတာကြောင့် ခရစ်စ် က ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်မယ်လို့ ပြောရတာပဲ..
ဂျိုး ကိုးလ် - ကျွန်တော်ဟာ pundit တစ်ယောက်အဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက ချယ်လ်ဆီးအသင်းရဲ့ ပွဲအတော်များများကို သုံးသပ်ခဲ့ရပါတယ်..။ အဲဒီအချိန်ကတည်းကစပြီး ကြည့်မယ်ဆိုရင် အသင်းရဲ့ကျောရိုးဟာ သိပ်အပြောင်းအလဲ မရှိခဲ့ပါဘူး..။ ခြေစွမ်းကတော့ အတက်အကျ ရှိတာပေ့ါ..၊ ဒါပေမယ့် သူတို့တွေရဲ့ ခံယူချက်နဲ့စိတ်ဓါတ်ပိုင်း ကောင်းမွန်မှုကို ကျွန်တော်သတိထားမိ ဖြစ်ခဲ့ပါတယ်..။ ဒါဟာဘောလုံးကစားတဲ့ နေရာမှာ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါတယ်..။ သူတို့တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်တွမှာတောင် တစ်ဦးချင်း၊ တစ်ယောက်ချင်း အပိုင်းမှာရော၊ အသင်းလိုက် အနေနဲ့ပါ တုံ့ပြန်မှုတွေ အထူးကောင်းမွန်ခဲ့ပါတယ်..။
‘ဘင် ချီးဝဲလ်’ ဆိုရင် အခက်အခဲတွေကို ရင်ဆိုင်၊ ကျော်ဖြတ်နိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်ရဲ့ အကောင်းဆုံး ဥပမာပေ့ါဗျာ..။ ခရစ်စ် ရေ.. သူဆိုရင် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ ပြီးကတည်းက တစ်မိနစ်မှ ကစားခွင့် မရခဲ့ပါဘူး..။ ယူရိုပြိုင်ပွဲကို အင်္ဂလန်အသင်းနဲ့ လိုက်ပါသွားခဲ့တာဟာ သူ့အတွက် ကံဆိုးမိုးမှောင် ကျခဲ့တာပါပဲ..။ ဒါပေမယ့် သူဟာအခုနောက်ဆုံး လေးပွဲမှာလေးဂိုးသွင်းပြီး အကောင်းဆုံး တုံ့ပြန်ပြခဲ့တယ်လေ.. ဘယ်လောက်တောင် စိတ်ဓါတ်ပိုင်း၊ ခိုင်မာကောင်းမွန်တဲ့ ကစားသမားလဲဗျာ…
ခရစ်စ် ဆပ်တန် - ဒါပေါ့.. မားကို့စ် အလွန်ဆို က အခွင့်အရေးရတဲ့အချိန် သူ့ရဲ့ရှေ့ကနေ အကောင်းဆုံး ခြေစွမ်းပြနေခဲ့တာကိုးဗျ..။ ဒါပေမယ့် ချီးဝဲလ် ဟာ အရှုံးမပေးခဲ့ပါဘူး..။ ဒ့ါကြောင့်လည်း ဒီနေ့မှာ အခွင့်အရေး ထပ်ပြီးရခဲ့သလို ရတဲ့အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်ခဲ့ပါတယ်..။ သူဟာအရည်အသွေး ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်..။ ဒါပေမယ့် ဘောလုံးကစားရာမှာ ခံယူချက်နဲ့စိတ်ဓါတ်ပိုင်း ကောင်းမွန်ဖို့ကလည်း လိုအပ်ပါသေးတယ်..။
ဒီနေ့ပွဲမှာ သူသွင်းယူသွားတဲ့ ထောင့်ဖြတ်ကန်ချက်ကို ကျွန်တော်သဘောကျမိတယ်ဗျ..။ သူ့ရဲ့ကန်သွင်းချက်ကို ကြည့်ရတာ လွယ်ကူတယ် ထင်ရပေမယ့် လိုချင်တဲ့နေရာကို အတိအကျရောက်ရှိအောင် နောဝစ်ခ်ျအသင်း နောက်ခံလူကို ကာပြီးကန်သွားတာ အတော်လေးကို ပါးနပ်သလို ခက်ခဲတဲ့ကန်ချက်ပါ..။ သူဟာအဲဒီသွင်းဂိုးနဲ့ တိုက်စစ်ပိုင်း လိုက်ပါမှု ကောင်းမွန်တဲ့ ကစားသမားဖြစ်ကြောင်း ထပ်မံသက်သေပြလိုက်သလို အသင်းရဲ့ ကစားသမား အင်အား တောင့်တင်းမှုကိုပါ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်..။ ချယ်လ်ဆီးအသင်းဟာ တစ်နေရာ အနည်းဆုံး ကစားသမားနှစ်ယောက်လောက် ရှိနေတာကိုးဗျ..။
ဂျိတ်ခ် ဟမ်းဖရေး - သောမတ် တူခယ်လ် ကတော့ ဒီနေ့ပွဲမှာ သူတို့အသင်းဟာ သိပ်ပြီးမပင်ပန်းခဲ့ဘူးလို့ ပြောသွားခဲ့သလို အားလုံးကိုကြည့်ရတာလည်း လန်းလန်းဆန်းဆန်းပါပဲ..။ ခရစ်စ် ရေ.. ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းကို အခုလက်ရှိခြေစွမ်းထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးနဲ့ မြင်တွေ့ရဖို့ ရှိနေနိုင်သေးလား..?
ခရစ်စ် ဆပ်တန် - သူတို့အသင်းရဲ့ ဒီနေ့ပွဲက ခြေစွမ်းဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ ခြေစွမ်းမျိုး ဖြစ်ပါတယ်..။ ဒါပေမယ့် အရင်လလောက်က သူတို့ရဲ့စွမ်းဆောင်ရည်ဟာ သိပ်အကောင်းကြီး မဟုတ်ခဲ့ပါဘူး..။ ဥပမာ- ဆောက်ပ်သမ်တန် အသင်းနဲ့ပွဲမှာဆိုရင် ဝက်ဒ် ပရော့စ် အထုတ်ခံခဲ့ရလို့ သူတို့တွေ ကံကောင်းခဲ့ပါတယ်..။ ဒါပေမယ့် လိုအပ်တဲ့ရလဒ်ကို ရအောင် ကစားနိုင်ခဲ့တဲ့ စိတ်ဓါတ်ပိုင်း မာကျောမှုနဲ့ စုစည်းမှု ကောင်းမွန်မှုတွေကိုတော့ ချီးကျူးရမှာပါ..။ ဒါ့အပြင် သူတို့အသင်းဟာ ပြိုင်ပွဲစုံကို အကောင်းဆုံးယှဉ်ပြိုင်နိုင်တဲ့ ကစားသမား အင်အားရှိနေပါတယ်..။ အပြောင်းအလဲတွေ ဘယ်လိုပဲလုပ်လုပ် ဝင်ကစားခွင့်ရတဲ့ ကစားသမားတွေဟာ အကောင်းဆုံးခြေစွမ်းကို ပြသနေတာပါပဲ..။ ဒ့ါကြောင့်သူတို့ဟာ အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြမယ့်အချိန်ကို အခုမှစပြီး ရောက်ရှိတာပါ..၊ တကယ့်အမြင့်ဆုံးအချိန်ကို မရောက်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ကျွန်တော်တို့ နောဝစ်ခ်ျအသင်းအကြောင်း ပြောရင်ကောင်းမလားလို့…
ဂျိုး ကိုးလ် - ခင်ဗျားဆန္ဒရှိရင်ပေါ့.. ဟားဟား..
ဂျိတ်ခ် ဟမ်းဖရေး - တကယ်တော့ ကျွန်တော်တို့ရဲ့ စကားဝိုင်းကို အခုလိုချယ်လ်ဆီးအသင်းအကြောင်း ကြည်နူးစရာ မုဒိတာ စကားလေးတွေနဲ့ပဲ အဆုံးသတ်လိုက်နိုင်ရင် ကောင်းတာပေ့ါဗျာ… ဟားဟား..
ဂျိုး ကိုးလ် - အင်းပေ့ါ… ကောင်းတဲ့အကြောင်းတွေ ပြောပြီးတဲ့နောက်မှာ စကားဝိုင်းတစ်ခုရဲ့ အင်္ဂါရပ်နဲ့ညီအောင် ဝဖေန်စရာတွေကိုလည်း ပြောရဦးမှာပေါ့ဗျာ..။ နောဝစ်ခ်ျအသင်းရဲ့ ဒီနေ့ပွဲကစားပုံဟာ အတော်ကို ဆိုးရွားပါတယ်..။ အထူးသဖြင့် ဘင် ချီးဝဲလ် သွင်းယူခဲ့တဲ့ စတုတ္ထဂိုးတစ်ဂိုးထဲနဲ့ သူတို့အသင်း တစ်ပွဲလုံးကစားသွားတဲ့ ခြေစွမ်းကို သုံးသပ်ပေးလို့ရပါတယ်..။ အစောပိုင်းမှာ ကျွန်တော်တို့ဟာ ချယ်လ်ဆီးကစားသမားတွေရဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ ကြိုးစားအားထုတ်မှု ကောင်းမွန်ပုံတွေကို ပြောကြားသွားခဲ့ပါတယ်..။ နောဝစ်ခ်ျအသင်းဟာ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းကို ယှဉ်နိုင်ဖို့ ၅- ၃- ၂ ကစားကွက်ပုံစံ ပြောင်းလဲခဲ့တယ်လို့ ခရစ်စ် အစောပိုင်းက ပြောသွားပါတယ်..။ အဲဒါဟာ တကယ့်ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲဗျ..။ အခုအဲဒီဂိုး မပေးရခင် နောဝစ်ခ်ျအသင်းရဲ့ ဘယ်တောင်ပံက ဘရန်ဒန် ဝီလီယံ ဘောလုံးရသွားတဲ့အချိန် အခင်းအကျင်းကို အခုအောက်ကပုံ (ပုံ- ၁) မှာ ပြထားပါတယ်..။
ရိစ် ဂျိမ်းစ် ရဲ့ ဖျက်ထုတ်မှုဟာ နည်းနည်းကြမ်းသွားနိုင်ပေမယ့် ဘရန်ဒန် ဝီလီယံ ဟာ သူ့ဆီကပါသွားတဲ့ ဘောလုံးကို အတင်းလိုက်ရယူဖို့ မကြိုးစားပဲ ပြစ်ဒဏ်ဘောရမလား.. စောင့်ကြည့်ရင်း ခုန်ဆွ၊ ခုန်ဆွနဲ့ ကျန်ရစ်နေခဲ့ပါတယ်..။ ရိစ် ဂျိမ်းစ် က ညာတောင်ပံတစ်လျှောက် အေးအေးဆေးဆေး ဆွဲတက်လာပါတယ်.။ အဲဒီအချိန်မှာ နောဝစ်ခ်ျအသင်းက ချယ်လ်ဆီးရဲ့ တန်ပြန်တိုက်စစ်ကို တားဆီးရပါတော့မယ်..။ ဒုတိယပိုင်းမှာ သူတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်မှူးသုံးယောက်ကို တိုက်စစ်မှူးသုံးဦးနဲ့ ဆိုင်ထားပါတယ်..။ သူတို့နောက်မှာ ကွင်းလယ်ကစားသမား နှစ်ယောက်ရှိပါတယ်..။ အခုလိုအနေအထားမှာ သူတို့အတွက် အရေးအကြီးဆုံးက အန္တရာယ်ရှိတဲ့ ဇုန်ထဲကို ကစားသမားတွေ အမြန်ဆုံးပြန်ဆင်းဖို့ပဲ ဖြစ်ပါတယ်..။ (ပူးတွဲပုံ- ၂)
သူတို့အသင်းဟာ သုံးဂိုးရှုံးနေပါတယ်..၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပွဲကို ပိုက်ဆံအကုန်ခံပြီး လာကြည့်ကြတဲ့ ကိုယ့်အသင်းပရိသတ်ကို ငဲ့ညာသောအားဖြင့် ပွဲနဲ့တူအောင် တွန်းတွန်းတိုက်တိုက် ကြိုးစားကစားဖို့ လိုပါတယ်..။ သူတို့အဲဒီလို မပြုလုပ်ခဲ့ပါဘူး..။ ဒါ့အပြင် ညာတောင်ပံက ရိစ် ဂျိမ်းစ် ကိုလည်း ဘယ်သူကမှ အားကြိုးမာန်တက် ဖျက်ထုတ်ဖို့ မကြိုးစားပဲ ရပ်ကြည့်နေခဲ့ကြပါတယ်..။ ရိစ် ဂျိမ်းစ် က ကွင်းလယ်က ဂျော်ဂင်ဟို ကို ပြန်တွဲပါတယ်..။ အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်း ရရှိသွားတဲ့ နေရာလွတ်ကို အခုအောက်ကပုံ (ပုံ- ၃) မှာ ပြသထားပါတယ်..။ ချယ်လ်ဆီးလို အသင်းနဲ့ ကစားတဲ့အချိန်မှာ ကိုယ်ရှိနေရမယ့် နေရာတွေကို အချိန်မှီပြန်မဆင်းနိုင်ရင် ဟိုကအရိုးပါမကျန်ရအောင် တဂျွတ်ဂျွတ်နဲ့ ဝါးစားသွားမှာပါ..။ ကွင်းလယ်က ဂျော်ဂင်ဟို နဲ့ ကိုဗာဆစ် တို့ ဘာကြောင့်အဲဒီလို နေရာလွတ်တွေ ရခဲ့လဲဆိုရင် ခုနကပြောခဲ့သလို တိုက်စစ်မှူးတွေ အချိန်မှီပြန်မဆင်းနိုင်လို့ပါပဲ..။
သူတို့ဟာ အန္တရာယ်ကို ကြိုမမြင်ကြသလို ဘယ်သူကမှ သူတို့ကို အမြန်ဆုံးနောက်ကိုပြန်ဆင်းကြဖို့ သတိမပေးခဲ့ကြပါဘူး..။ ဒ့ါကြောင့်အခုအောက်ကပုံ (ပုံ- ၄) မှာဆိုရင် ချယ်လ်ဆီးဘက်က (7 vs 6) လူအင်အား အသာစီးရနေတာမို့ တွဲလုံးလေးတွေနဲ့ အေးအေးဆေးဆေး ကျော်ဖြတ်သွားရုံပါပဲ..။ ဂျော်ဂင်ဟို က ကိုဗာဆစ် ကို ပေးလိုက်တဲ့အချိန် နောဝစ်ခ်ျ အသင်းမှာ နေရာယူမှန်မှန်ကန်ကန်နဲ့ ကစားခဲ့တဲ့သူဆိုလို့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကို လူကပ်ထားတဲ့ မက်စ် အေရွန်စ် ပဲ ရှိပါတယ်..။ တကယ်တော့ သူတို့ဟာ ညာတောင်ပံက ဂျော်ရွှာ ဆားဂျန့် ကို ဘယ်တောင်ပံက ပြေးတက်လာတဲ့ ဘင် ချီးဝဲလ် ဆီ လူကပ်ကစားဖို့ သတိပေးရမှာပါ..။
တကယ်တော့ အဲဒီအချက်လေးတွေဟာ သတိထားရမယ့်၊ ကစားပွဲတွေမှာ လိုက်နာရမယ့် အသေးစိတ် အခြေခံအချက်တွေပဲ ဖြစ်ပါတယ်..။ ဘင် ချီးဝဲလ် ရဲ့ စတုတ္ထဂိုးဟာ နောဝစ်ခ်ျအသင်းအတွက် နှလုံးသားတည့်တည့်ကို ထိုးစိုက်လိုက်တဲ့ ဓါးချက်ပါပဲ..။ အဲဒီသွင်းဂိုး ဘာကြောင့်ပေးလိုက်ရတာလဲ..? သူတို့တွေဟာ အာရုံစူးစိုက်မှုမရှိဘူး..၊ အန္တရာယ်ကို မမြင်နိုင်ဘူး..၊ စိတ်ဓါတ်နဲ့ ခံယူချက်ပိုင်း၊ ကြိုးစားအားထုတ်မှုပိုင်းတွေ အားနည်းခဲ့တဲ့အပြင် ကိုယ့်အသင်းဖော်တွေကို ကူညီချင်စိတ် ကင်းမဲ့ခဲ့တာကြောင့် ဖြစ်ပါတယ်..။ သူတို့ဟာ ဒီနေ့ပွဲမှာ အမှားအယွင်းတွေ သိပ်ကိုများလွန်းခဲ့ပါတယ်..။ အဲဒီအတွက် မန်နေဂျာမှာလည်း တာဝန်ရှိတာပါပဲ..။ ဒါ့အပြင် ကစားသမားတွေဟာ မန်နေဂျာအတွက် ကစားပေးနေကြတဲ့ ပုံစံလည်း မတွေ့ခဲ့ရပါဘူး..။
ဂျိတ်ခ် ဟမ်းဖရေး - ခင်ဗျားရဲ့သုံးသပ်ချက် သိပ်ကိုကောင်းပါတယ်…။ အခုအဲဒီပြဿနာတွေဟာ နည်းပြရဲ့ လိုအပ်ချက်ကြောင့်လား..? ကစားသမားတွေဆီမှာ လိုအပ်တဲ့ အရည်အသွေးတွေ ရှိမနေတာကြောင့်လား..? ဘယ်လိုထင်မိလဲဗျ..?
ဂျိုး ကိုးလ် - ကျွန်တော်ကတော့ နှစ်ခုစလုံးကြောင့်လို့ ထင်ပါတယ်..။ ခရစ်စ်.. ခင်ဗျားရော ဘယ်လိုထင်လဲဗျ..?
ခရစ်စ် ဆပ်တန် - သူတို့အသင်းရဲ့ ဒုတိယပိုင်း ပွဲကိုချဉ်းကပ်ပုံနဲ့ ကစားကွက် အပြောင်းအလဲဟာ အတော့်ကို မှားယွင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်..။ ပထမပိုင်းမှာ သုံးဂိုးရှုံးထားတဲ့အသင်းကို ဒုတိယပိုင်းမှာ တိုက်စစ်ကို လူထပ်ပြီး သုံးယောက်တင် ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြရဲ့အကြံအစည်ကို ဘယ်လိုမှနားမလည်မိပါဘူး..။ တကယ်လို့ ပြိုင်ဘက်က သူမသာ၊ ကိုယ်မသာ အသင်းဆိုရင်တော့ သူ့ရဲ့စွန့်စားမှုနဲ့ ဒုတိယပိုင်းမှာ သုံးဂိုးပြန်ရခဲ့ရင် နည်းပြအရမ်း တော်တယ်ပေ့ါဗျာ..။ ဒါပေမယ့် အခုလို ခုနှစ်ဂိုးပြတ်ကြီးကျတော့ တကယ့်ကို မချိမဆန့်ကြီးပါပဲ..။ ဒ့ါကြောင့်ဒီနေ့ပွဲ ရလဒ်ဟာ မန်နေဂျာ ဒယ်နီရယ် ဖာကီ အတွက် ဖိအားတွေ ရှိလာမှာ အသေအချာပါပဲ..။
ကျွန်တော်သူ့ကိုသဘောကျပါတယ်..။ သူဟာနောဝစ်ခ်ျအသင်းကို အကောင်းဆုံး စွမ်းဆောင်မှု ပေးနိုင်ခဲ့တာ မှန်ပေမယ့် ဒီနေ့ပွဲလို ရှုံးနိမ့်မှုကြောင့် ကစားသမားတွေဟာ သူ့ရဲ့စကားကိုရော နားထောင်ကြသေးရဲ့လား..? သူဟာနောဝစ်ခ်ျအသင်းကို ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ခဲ့ဖို့ စွမ်းဆောင်ပေးနိုင်မယ့်သူလား..? ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာစေမှာ အမှန်ပဲဗျ..။
ဂျိတ်ခ် ဟမ်းဖရေး - ခင်ဗျားရော ဘယ်လိုထင်မိလဲ..?
ခရစ်စ် ဆပ်တန် - သူဟာနောဝစ်ခ်ျအသင်းရဲ့ အနာဂတ်အတွက် သင့်တော်တဲ့သူပါ..။ ဘာဖြစ်လို့လည်းဆိုတော့ နောဝစ်ခ်ျအသင်း တစ်ခုလုံးအနေနဲ့ ခြုံပြီးကြည့်မယ်ဆိုရင် မကြာသေးခင်ကပဲ သူ့ကိုလေးနှစ် သက်တမ်းတိုးထားတယ်..၊ နွေရာသီမှာ ကစားသမားသစ် (၁၁) ယောက် ခေါ်ယူထားခဲ့ပြီး အခုမှ (၉) ပွဲပဲ ရှိပါသေးတယ်..။ ဒါ့အပြင်သူတို့ရဲ့ အခုနှစ်ရာသီအစပွဲစဉ်တွေဟာ ကျပ်လွန်းခဲ့ပါတယ်..။ ဒါပေမယ့် မန်နေဂျာ ဖာကီ ဟာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပါတယ်..။ ဒ့ါကြောင့်အခုနောက်လာမယ့် ပွဲစဉ်တွေဟာ သူ့အတွက် တကယ့်ကို ဖိအားများမယ့် ပွဲစဉ်တွေလို့ ပြောရမှာပါပဲ..။
ဂျိတ်ခ် ဟမ်းဖရေး - ကဲ.. ဟုတ်ကဲ့ပါ..။ ဆွေးနွေးနေကြတာ အချိန်လည်းလင့်နေပြီဆိုတော့ ဂျိုး နဲ့ ခရစ်စ် တို့ကို BT Sports အဖွဲ့သားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားရင်း ကျွန်တော်တို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်ဗျာ..။ မကြာခင်မှာ ပြန်ဆုံကြတာပေ့ါ…