တနင်္ဂနွေနေ့က စတန်းဖို့ဒ် ဘရစ်ခ်ျ ကစားကွင်းတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် လီဗာပူးလ် အသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်မှ ထူးခြားသည့် ဖြစ်ရပ်များနှင့် နည်းစနစ်ပိုင်း သုံးသပ်ချက်များကို လီဗာပူးလ် အသင်းတိုက်စစ်မှူးဟောင်း ဂရမ်မ် ဆောင်းနက်စ်၊ လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် တို့က Sky Sports ရုပ်သံဌာန၏ Super Sunday စကားဝိုင်းအစီအစဉ်မှတဆင့် ယခုလိုပြောကြားခဲ့သည်..။
ဒေးဗစ် ဂျုံးစ် - ကဲ… ဒီနေ့ပွဲမှာတော့ ပွဲစတယ်ဆိုတာနဲ့ (၆) စက္ကန့်မှာတင် ဆွေးနွေးရမယ့် ကြီးကြီးမားမား အဖြစ်အပျက်တစ်ခု စပြီးကြုံရတော့တာပါပဲ..။ ပွဲပြီးတဲ့အချိန် ချယ်လ်ဆီး အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ဟာ ကျွန်တော်တို့ရဲ့ သတင်းထောက်နဲ့ တွေ့ဆုံရာမှာ သူ့ကိုတံတောင်နဲ့တွက်ခဲ့တဲ့ ဆာဒီယို မာနေး ရဲ့ ဖျက်ထုတ်မှုဟာ အနီကတ်ဒ်ပြရမယ့် ဖျက်ထုတ်မှုလို့ ပြောခဲ့ပါတယ်..။ အဲဒီပြောဆိုချက်ကို ခင်ဗျားတို့တွေ သဘောတူကြရဲ့လားဗျ..၊ ဂျေမီ ရေ.. ခင်ဗျားရဲ့အမြင်ကို အရင်ဆုံး ပြောပြပါလား..?
ဂျေမီ ကာရေဂါ - အဝါနဲ့အနီကြားက လိမ္မော်ရောင်ကတ်ဒ်ပဲ ပြသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ မာနေး ဟာ လက်နဲ့ကာလိုက်တာ မှန်ပေမယ့် သူ့ရဲ့တံတောင်ဆစ်နဲ့ မဟုတ်ပဲ..၊ လက်ဖျံ.. လက်ကောက်ဝတ်နားနဲ့ ဆီဇာ့ ကို သွားထိမိတာပါ..။ တကယ်လို့ တံတောင်ဆစ်နဲ့သာ တည့်တည့်ထိမိခဲ့ရင် သေချာပေါက် အနီကတ်ဒ်ပဲဗျ..။ သူ့ရဲ့လက်ဖျံ၊ လက်ကောက်ဝတ်နားနဲ့ ထိမိခဲ့တာကြောင့်သာ ကံကောင်းခဲ့တာပါ..။ ဒ့ါအပြင် ပွဲအစ (၆) စက္ကန့်ပဲ ရှိနေသေးတဲ့ အချက်တစ်ချက်လည်း ပါနိုင်တာပေ့ါ..။ အဲဒီဖျက်ထုတ်မှုဟာ အဝါကတ်ဒ် ပြသင့်တာထက် ပိုပြီးဆိုးတယ် ဆိုပေမယ့် အနီကတ်ဒ်တော့ မပြသင့်ဘူးလို့ ထင်ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ခင်ဗျားတကယ် ပြောနေတာလား..? ဒါမှမဟုတ် ဒီနေ့မှာ ပွဲစဉ်သုံးသပ်သူမလုပ်ပဲ လီဗာပူးလ်ဘက်က ကာကွယ်ပေးပြီး ရှေ့နေလိုက်ဖို့ စဉ်းစားထားတာလား..?
ဂျေမီ ကာရေဂါ - ဟုတ်ပြီလေ.. ဒါဆိုရင် VAR ပြန်ပြီးကြည့်ရတဲ့ မေဆန် မောင့် ရဲ့ ဖျက်ထုတ်မှုကိုရော ခင်ဗျားဘယ်လိုပြောမလဲ..? အဲဒီဖျက်ထုတ်မှုဟာလည်း အနီကတ်ဒ် ပြသင့်တာပေါ့.. မဟုတ်ဘူးလား..?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဟာဗျာ.. မေဆန် မောင့် ရဲ့ ဖျက်ထုတ်မှုနဲ့ ဘာဆိုင်လို့လဲ..? အဲဒါနဲ့တခြားစီပါ..။ ပွဲအစ (၆) စက္ကန့်ဆိုတဲ့အချက်ကို မေ့လိုက်ပါ..၊ သူဟာတံတောင်ထုတ်ပြီး ဆီဇာ့ ဆီကို တန်းတန်းကြီး ပြေးဝင်သွားခဲ့တာကြောင့် အန္တရာယ်ရှိပါတယ်..။ ပရီးမီးယားလိဂ်နဲ့ ဒိုင်အဖွဲ့ဟာ အဲဒီအဝါကတ်ဒ်အတွက် သီးခြားရှင်းလင်းချက် ပေးသင့်ပါတယ်..။
ဂျေမီ ကာရေဂါ - ကျွန်တော်ကတော့ တံတောင်ဆစ်နဲ့ မထိမိပဲ လက်ဖျံနဲ့ထိမိတာကြောင့် အနီကတ်ဒ် မပြခဲ့တာလို့ပဲ ထင်ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - လက်ဖျံနဲ့ထိထိ၊ တံတောင်ဆစ်နဲ့ထိထိ အရေးမကြီးပါဘူး..။ အဓိကအရေးကြီးဆုံး အချက်က ဆီဇာ ဆီကို တံတောင်ဆန့်ပြီး ပစ်ဝင်လိုက်တာဗျ..။ ဒ့ါကြောင့်လက်ရဲ့ ဘယ်နားနဲ့ထိမိတယ်ဆိုတာ အရေးမကြီးပါဘူး..
ဂရမ်မ် ဆောင်းနက်စ် - ကဲ..ကဲ.. ကျွန်တော်ပဲ ဝင်ပြီးဖြတ်ပေးပါမယ်..။ အနီကတ်ဒ် ပြရမှာပါ..။ မာနေး ဟာ တံတောင်ထုတ်ပြီး ဝင်သွားတာဖြစ်တာကြောင့် ဆီဇာ အတွက် အန္တရာယ်ရှိပါတယ်..။ ဆီဇာ့ ကို ထိမိတဲ့အချိန် ဘောလုံးကလည်း အဝေးကြီးမှာပါ..။ တံတောင်နဲ့ထုတ်ပြီး နပန်းသတ်သလိုပဲဗျ..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ဂျေမီ.. ခင်ဗျားလည်း ဘောလုံးသမားပဲဟာ..၊ ဘောလုံးသမားတိုင်းဟာ ကိုယ့်ရဲ့ပြိုင်ဘက် ကစားသမား ဘယ်နားမှာရှိနေတယ်ဆိုတာ အမြဲတမ်းသိကြပါတယ်..။ အနီကတ်ဒ် ပြရမယ့် ဖျက်ထုတ်မှုပါ..။
ဂျေမီ ကာရေဂါ - လက်ဖျံနဲ့ထိမိတာလေဗျာ.. တံတောင်နဲ့ တည့်တည့်ကြီး တွက်မိတာမှ မဟုတ်တာ..
ဂရမ်မ် ဆောင်းနက်စ် - ဂျေမီ.. ဒီမယ်.. ခင်ဗျားအဲဒီလောက်ကြီး တိကျနေစရာ မလိုပါဘူး..။ တံတောင်ဖြစ်ဖြစ်၊ လက်ဖျံဖြစ်ဖြစ်..၊ လက်ကြီးဖြန့်ပြီး သူများမျက်ခွက်တည့်တည့်ကို ဖျက်ရိုက်ပြီဆိုမှတော့ အနီကတ်ဒ်ပဲပေ့ါဗျာ..။ ကဲ.. ဒီမှာပဲ ဖြတ်လိုက်ကြရအောင်ဗျာ..
ဒေးဗစ် ဂျုံးစ် - အင်းဗျ..။ ဆာဒီယို မာနေး ဟာ ပရီးမီးယားလိဂ်ရဲ့ အနီကတ်ဒ်အစောဆုံး အပြခံရတဲ့ ကစားသမားအဖြစ် စံချိန်မှတ်တမ်းဝင်သွားဖို့ နည်းနည်းလေးလွဲသွားခဲ့တာပေ့ါဗျာ..။ ကျွန်တော်လည်း အဲဒီလိုစံချိန်မှတ်တမ်းအကြောင်း မဆွေးနွေးချင်ပါဘူး..။ ပွဲစဉ်အကြောင်းကိုပဲ သုံးသပ်ရအောင်ဗျာ…။ ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့ကြတာကြောင့် အင်မတန်မှ ကြည့်လို့ကောင်းခဲ့သလို ပြောစရာ၊ ဆွေးနွေးစရာ အချက်တွေ အမျာကြီးပေါ်ထွက်ခဲ့ပါတယ်..။ ပထမဆုံးအနေနဲ့ ပွဲကြည့်ပရိသတ် တစ်ယောက်ရဲ့ ရှုထောင့်ကနေ ဒီနေ့ပွဲက နှစ်သင်းစလုံးရဲ့ ကစားပုံအပေါ် ခြုံငုံပြီး သုံးသပ်ပေးပါလား..?
ဂရမ်မ် ဆောင်းနက်စ် - နှစ်သင်းစလုံး တစ်ချက်လေးမှတောင်မနားပဲ လျှင်လျှင်မြန်မြန်နဲ့ တစ်ဖက်ကိုတစ်ဖက် ထိုးဖောက်ခဲ့ကြပါတယ်..။ ဒါ့ကြောင့်တစ်စက်လေးမှ ပျင်းချိန်မရခဲ့သလို ပွဲရဲ့အရှိန်၊ နှစ်ဘက်အသင်းရဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေ၊ ကစားသမားတွေရဲ့ အရည်အသွေးပိုင်း ဘာမှအပြစ်ပြောစရာ မရှိပါဘူး..။ တကယ့်ကို ကောင်းမွန်လှတဲ့ ပွဲကောင်းတစ်ပွဲပါဗျာ..။ ဒ့ါအပြင်သိပ်ကို လှပတဲ့ သွင်းဂိုးတွေပါ ပါဝင်ခဲ့တာကြောင့် ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲ ဖြစ်သွားပါတယ်..။
ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ လီဗာပူးလ်အသင်းဟာ အိမ်ရှင်ချယ်လ်ဆီးအသင်းရဲ့ ကစားပုံကို မမှီခဲ့ပါဘူး..။ အဲဒီအတွက် ချယ်လ်ဆီးအသင်းနဲ့ သူတို့ပရိသတ်တွေကတော့ သူတို့အနိုင်ရသင့်တယ်လို့ တွေးနေကြပါလိမ့်မယ်..။ လီဗာပူးလ် အသင်းအနေနဲ့ သရေတစ်မှတ်နဲ့ အိမ်ပြန်ခဲ့ရတဲ့အပေါ် ကျေနပ်သင့်တယ်လို့ပဲ မြင်မိပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - ချယ်လ်ဆီးအသင်းရဲ့ ကစားပုံ တကယ့်ကို ကောင်းခဲ့ပါတယ်..။ သူတို့ဟာ ပွဲမစခင်မှာ ပြဿနာပေါင်းများစွာ၊ အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် မြက်ခင်းစိမ်းပေါ် ခြေချမိတာနဲ့ ကစားသမားတွေဟာ အကောင်းဆုံးအာရုံစိုက်၊ အကောင်းဆုံး ကြိုးစား ကစားခဲ့ပါတယ်..။ ဒ့ါကြောင့်သူတို့အသင်းဟာ ပွဲချိန်အတော်များများကို အသာစီးကနေ ကစားနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် လီဗာပူးလ် အသင်းဆိုတာ တကယ့်ကို အရည်အသွေးမြင့် အသင်းတစ်သင်း ဖြစ်ပါတယ်..။ သူတို့ဘက်က အခွင့်အရေးရပြီ ဆိုတာနဲ့ ခင်ဗျားကို ကောင်းကောင်းဒုက္ခပေးမှာပဲ..၊ ဒီနေ့ပွဲမှာလည်း အဲဒီလိုပါပဲ..။
ပွဲအစပိုင်းမှာ ချယ်လ်ဆီးအသင်း ကစားပုံပိုကောင်းခဲ့ပြီး ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပါတယ်..။ ခရစ်စ်တီယန် ပူလီဆစ် ဟာ ဒီနေ့ပွဲရဲ့ အဖွင့်ဂိုးကို ရခဲ့သင့်ပါတယ်…။ ဒါပေမယ့် ချက်ချင်းဆိုသလို ကျွန်တော်တို့ နှစ်ဂိုးရှုံးသွားပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လီဗာပူးလ် အသင်းမှာ ရတဲ့အခွင့်တိုင်းကို ကောင်းကောင်းအသုံးချနိုင်မယ့် အရည်အသွေး ရှိနေပါတယ်..။ ဒ့ါကြောင့်သူတို့နဲ့ ကစားတဲ့အခါတိုင်း ကိုယ့်ဘက်က အသာစီးရနေချိန်၊ အခွင့်အရေးရချိန်တွေမှာ အကောင်းဆုံး အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်တာကြောင့် သူတို့အနိုင်ရချင်ပါတယ်..။ ဒါပေမယ့် နှစ်ဂိုးအရှုံးကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ သူတို့ရဲ့ကစားပုံနဲ့ ကြိုးစားအားထုတ်မှုဟာ ကျေနပ်စရာပါပဲ..။
ဒေးဗစ် ဂျုံးစ် - ဂျေမီ ရေ… လီဗာပူးလ်အသင်းဟာ တစ်မှတ်ရခဲ့တဲ့အပေါ် ကျေနပ်သင့်ရဲ့လား..? ဒါမှမဟုတ် ဦးဆောင်ဂိုးတွေကို ပထမပိုင်းအပြီးထိ မထိန်းထားနိုင်တဲ့အပေါ် စိတ်ပျက်သင့်လား..?
ဂျေမီ ကာရေဂါ - ကိုယ့်ရဲ့အဓိက ပြိုင်ဘက်အသင်းနဲ့ ထိပ်တိုက်ပွဲစဉ်တစ်ပွဲမှာ နှစ်ဂိုးအသာရလဒ်ကို ပထမပိုင်းပြီးတဲ့အထိ မထိန်းထားနိုင်ခဲ့တာဟာ စိတ်ပျက်စရာပါ..။ ဒါပေမယ့် သူတို့ဟာ ဒီနေ့ပွဲမှာ သရေရလဒ်ကို ကျေနပ်တယ်ဆိုတာ ဆာဒီယို မာနေး ကို ထုတ်ပြီး ကားတစ်စ် ဂျုံးစ် နဲ့ လူစားလဲတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်..။ ဒါပေမယ့် သူတို့ဟာ အဲဒီလိုသရေရလဒ်တွေနဲ့ ကျေနပ်ခဲ့တာတွေကြောင့် လီဗာပူးလ်အသင်း ဒီနှစ်မှာ ပရီးမီးယားလိဂ် ဖလားမရနိုင်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်..။
ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီး နှစ်သင်းစလုံးဟာ ဦးဆောင်ဂိုးစပြီး ရရှိခဲ့တဲ့ပွဲ (၁၇) ပွဲစီ ရှိခဲ့ပါတယ်..။ မန် စီးတီး အသင်းဟာ သူတို့ဦးဆောင်ဂိုး ရခဲ့တဲ့ပွဲတိုင်း အနိုင်ရခဲ့ပေမယ့် လီဗာပူးလ်အသင်းကတော့ အဲဒီ (၁၇) ပွဲထဲမှာ (၁၂) ပွဲပဲ အနိုင်ရခဲ့ပါတယ်..။ သူတို့ဖလားရခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီနှစ်မှာ သူတို့ဟာ ပွဲတွေကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး..။ ပြီးခဲ့တဲ့ တော့တင်ဟမ်အသင်းနဲ့ပွဲတုန်းကလည်း အဲဒီလိုပါပဲ..။ ဒါ့ကြောင့်အဲဒီလို အနိုင်ရလဒ်ကို မထိန်းထားနိုင်ခြင်းဟာ ဒီနှစ်ဘောလုံးရာသီ လီဗာပူးလ်နဲ့ မန် စီးတီးအသင်းကြားက ခြားနားချက်ပဲ ဖြစ်ပါလိမ့်မယ်..။
ဒေးဗစ် ဂျုံးစ် - ဟုတ်ကဲ့ပါ..၊ ဆာဒီယို မာနေး ဟာ ပွဲစစချင်းမှာ ဖြစ်ခဲ့တဲ့ သည်းထိပ်ရင်ဖိုဖြစ်ရပ်ကို ကျော်လွှားနိုင်ခဲ့ပြီး ဒီနေ့ပွဲစဉ်ရဲ့ အဖွင့်ဂိုးကို ပထမပိုင်း (၉) မိနစ်မှာတင် သွင်းယူခဲ့ပါတယ်..။ အဲဒီဂိုးဟာ ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းက ထရေဗာ ချာလိုဘာ ရဲ့ အမှားကြောင့် ခွင့်ပြုလိုက်ရတာ မဟုတ်ဘူးလားဗျ..? ဂျင်မီ ရေ..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - မှန်တာပေ့ါဗျာ..။ အမှန်တော့ ချာလိုဘာ ဟာ ဒီယေဂို ဂျော့တာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မရမက ခေါင်းနဲ့ပြေးတိုက်စရာ အကြောင်းမှ မရှိတာ..၊ ဘယ်ခြေနဲ့အသာလေး ရှင်းထုတ်လိုက်ရင် ရနေပါပြီ..။ ပေးလိုက်ရတဲ့ အဲဒီဂိုးကို သူပြန်ကြည့်မိရင် အင်မတန်မှ စိတ်ပျက်မိပါလိမ့်မယ်..။ အဲဒီအမှားပြုလုပ်လိုက်ပြီး သူဟာနောက်ထပ် ငါးမိနစ်လောက် ပြာသွားခဲ့ပေမယ့် နောက်ပိုင်းမှာ အကောင်းဆုံးရုန်းထွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ တကယ်တော့ မာနေး လို ကစားသမားမျိုးကို ဒီလိုအခွင့်အရေးမျိုး ခွင့်မပြုခဲ့သင့်ပါဘူး..။
မာနေး ဟာ ပြီးခဲ့တဲ့ (၉) ပွဲမှာ ဂိုးပေါက်ပျောက်နေတယ် ဆိုပေမယ့် သူဟာထိပ်တန်းကစားသမား တစ်ယောက် ဖြစ်နေဆဲပါပဲ..။ ဒါ့ကြောင့်လည်း ရတဲ့အခွင့်အရေးကို ထိထိမိမိနဲ့ အကောင်းဆုံး အသုံးချနိုင်ခဲ့တာပါ..။ သူ့ရဲ့အဆုံးသတ် ကန်သွင်းချက်ကလည်း သပ်ရပ်ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဒုတိယပိုင်း (၂၆) မိနစ်မှာ မိုဟာမက် ဆာလာ သွင်းယူပေးခဲ့တဲ့ ဒုတိယဂိုး ဖန်တီးသွားတဲ့ တွဲလုံးတွေဟာ အရမ်းကိုလှပ၊ သေသပ်ပြီး ဒီနေ့တစ်ပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်လို့ မထင်မိဘူးလား.. ဂရမ်မ် ရေ..
ဂရမ်မ် ဆောင်းနက်စ် - ဟုတ်ပါတယ်..၊ ထရန့် အလက်ဇန်းဒါး အာနိုးလ် ဟာ မိုဟာမက် ဆာလာ ရဲ့ ပြေးလမ်းကြောင်းထဲကို မခင်းပေးခင်အထိ လီဗာပူးလ်အသင်းရဲ့ အပေးအယူတွေ၊ နေရာလွတ်ရရှိအောင် ရွှေ့လျားသွားခဲ့ကြတဲ့ နေရာယူလှုပ်ရှားမှုတွေဟာ အရမ်းကိုကောင်းမွန်လှပါတယ်..။ ထရန့် ဟာ ညာဘက်အစွန်မှာ ရောက်နေတဲ့ မို ဆာလာ စတင်လှုပ်ရှားတာကို မြင်လိုက်ပါတယ်..။ ဆာလာ ရဲ့ပြေးလမ်းထဲကို အတိအကျ ခင်းပေးလိုက်တယ်..။ ဆာလာ က အရှိန်လျော့မယ့် အယောင်ပြပြီး တစ်ချက်လှုပ်လိုက်တာနဲ့ အလွန်ဆို ဟာ ကျန်နေခဲ့ပါတယ်..။ ဂိုးသမား မန်ဒီ က ဆာလာ ကို ပြေးပိတ်ပါတယ်..။ မို ဆာလာ ဟာ ခန္ဓာကိုယ်ကို တစ်ချက်ယိမ်းပြီး အဝေးတိုင်ကို ကန်သွင်းမယ့်ဟန်ပြ..၊ ဂိုးသမားနဲ့ အနီးဂိုးတိုင်ကြားကို လှလှပပ အဆုံးသတ် ကန်သွင်းခဲ့ပါတယ်..။ တကယ့်ကို ကမ္ဘာ့အဆင့် သွင်းဂိုးပါပဲ..။
ဒေးဗစ် ဂျုံးစ် - ကျွန်တော်တို့တွေဟာ မိုဟာမက် ဆာလာ ရဲ့ အဲဒီလိုသွင်းဂိုးတွေ မကြာခဏ မြင်တွေ့နေခဲ့ရပေမယ့် မရိုးနိုင်သလို ရှေ့ဆက်ပြီးလည်း အဲဒီလိုသွင်းဂိုးတွေ မြင်တွေ့နေရဦးမှာပါ..။ သချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုအချိန်မှာ သူ့ရဲ့ခြေစွမ်းအဆင့်အတန်းချင်း တခြားစီဖြစ်သွားပါပြီ..။ လီဗာပူးလ် အသင်းဟာ ၂ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပြီးနောက်ပိုင်း အိမ်ရှင်အသင်းဘက်က သိသိသာသာ ခြိမ်းခြောက်နိုင်ခဲ့တာ မရှိပါဘူး..။ ဒါပေမယ့် ပွဲချိန်မိနစ် (၄၀) ကျော်မှာ ကိုင် ဟာဗာ့ဇ် ကို ပြေးလမ်းပိတ်ဆို့ ဖျက်ထုတ်ခဲ့တဲ့ ဂျိမ်းစ် မီလ်နာ ရဲ့ ပြစ်ဒဏ်ဘောဟာ ဒီနေ့ပွဲရဲ့ အလှည့်အပြောင်း ဖြစ်ရပ်လို့ ပြောရမှာပဲ.. ဂျေမီ ရေ..
ဂျေမီ ကာရေဂါ - ကိုင် ဟာဗာ့ဇ် ဟာ ညာတောင်ပံကနေ ဘေးစည်းတစ်လျှောက် ဆွဲထွက်လာပါတယ်..။ မီလ်နာ က ပထမတစ်ကြိမ် ဖျက်ထုတ်ဖို့ ကြိုးစားတယ်..၊ မရပါဘူး..။ ဟာဗာ့ဇ် က အတွင်းကို ဖြတ်ဝင်ဖို့ ဟန်ပြင်ပါတယ်.။ မီလ်နာ က ပြေးလမ်းပိတ်ပြီး ပြစ်ဒဏ်ဘော ပေးလိုက်ပါတယ်..။ တကယ်တော့ သူ့လိုအတွေ့အကြုံရင့် ကစားသမား တစ်ယောက်အနေနဲ့ အဲဒီလိုပြစ်ဒဏ်ဘောတွေ လွယ်လွယ်ကူကူ ပေးနေရတာ မဖြစ်သင့်ပါဘူး..။ ကျွန်တော်သတိထား မိသလောက် အခုနောက်ပိုင်းမှာ သူဟာပြစ်ဒဏ်ဘောတွေ အရမ်းပေးနေရတယ်ဗျ..။ အဲဒီပြစ်ဒဏ်ဘောကို မားကိုစ် အလွန်ဆို ကန်တင်တယ်..၊ ဂိုးသမား ကလဲဟားရ် က ပြေးဝင်လာတဲ့ ရူဒီဂါ ထက်ဦးအောင် ပုတ်ထုတ်ပါတယ်..။ ပြန်ကျလာတဲ့ဘောလုံးကို မနားတမ်း မြေမကျ ကန်သွင်းခဲ့တဲ့ မက်တီယို ကိုဗာဆစ် ရဲ့ကန်ချက်ကတော့ တကယ့်ကို ကောင်းလွန်းပါတယ်ဗျာ…။ အဲဒီကန်ချက်သွင်းဂိုးဟာ ဒီနှစ်ဘောလုံးရာသီရဲ့ အကောင်းဆုံး သွင်းဂိုးတွေထဲမှာ ပါဝင်မယ့်ဂိုးတစ်ဂိုးလို့ ပြောရမှာပါ..။
ဒေးဗစ် ဂျုံးစ် - ဂျင်မီ ရေ.. ဂိုးဧရိယာထိပ်ကို ဘောလုံးကျလာတဲ့အချိန် ‘မကန်လိုက်နဲ့…!!’ လို့ ခင်ဗျားလှမ်းအော် လိုက်သေးတယ်လေ.. ဟားဟား.. မှတ်မိသေးတယ်မလား..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - Yeah..!! မှန်တာပေ့ါ..ဟားဟား..။ ကိုဗာဆစ် ဟာ သိပ်ကိုထူးချွန်တဲ့ ကစားသမားပါ..၊ ဒါပေမယ့်သူဟာ အဝေးကန်ချက်နဲ့ ဂိုးသွင်းရာမှာ တိကျလှတာ မဟုတ်ဘူးဗျ..။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ကန်သွင်းချက် တကယ့်ကိုကောင်းလှပါတယ်..။ ဂိုးသမားအနေနဲ့ ဘယ်လိုမှ ကာကွယ်နိုင်စရာ မရှိပါဘူး..။
ဒေးဗစ် ဂျုံးစ် - ကိုဗာဆစ် ရဲ့ အဲဒီဂိုးကြောင့် စိတ်ပျက်အားလျော့နေတဲ့ အိမ်ရှင်ပရိသတ်ဟာ ‘ဟေးကနဲ’ စိတ်အားပြန်ပြီး တက်ကြွကုန်ပါတယ်..။ အဲဒီအချိန်မှာ ကျွန်တော်တို့နဲ့အတူ ထိုင်နေတဲ့ လူနှစ်ယောက်ကတော့ (ဂရမ်မ် ဆောင်းနက်စ် နဲ့ ဂျေမီ ကာရေဂါ) ပထမပိုင်းပြီးမယ့်အချိန်ကို မျှော်နေပြီပေ့ါဗျာ..။ ဘာဖြစ်လို့ဒုတိယ ချေပဂိုးဆက်တိုက် ပေးလိုက်ရတာလို့ ထင်မိလဲဗျ..
ဂရမ်မ် ဆောင်းနက်စ် - ရှင်းရှင်းပြောရရင် ခံစစ်ပိုင်းအားနည်းလို့ပေ့ါဗျာ..။ လီဗာပူးလ် ခံစစ်ကစားသမားတွေဟာ highline ခံစစ်ကစားပုံအတိုင်း ရှေ့ကိုတက်ပြီး နေရာယူထားပါတယ်..။ ထရန့် အလက်ဇန်းဒါး အာနိုးလ် ခေါင်းတိုက်ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို မို ဆာလာ အနေနဲ့ ဒီထက်ပို ကြိုးစားပြီး အရယူနိုင်ခဲ့သင့်ပါတယ်..။ ရူဒီဂါ က သူ့ကိုလွယ်လွယ်ကူကူပဲ တွန်းတိုက်ပြီး ရှေ့ကိုချက်ချင်းပြန်ချပေးခဲ့ပါတယ်..။ အန်ဂိုလို ကန်တေး ဆီကို ဘောလုံးရောက်လာတဲ့အချိန် ဗဟိုနောက်ခံလူ အီဘရာဟီမီ ကိုနားတေး က သူ့ကိုပြေးပြီး လူကပ်ရပါတယ်..။ အဲဒီအချိန်မှာ သူနဲ့ ဗန် ဒိုက်ခ် ကြားမှာ နေရာလွတ်က အတော်လေးကို ကြီးသွားတယ်ဗျ..(ပူးတွဲအောက်ပုံ)။
ဒ့ါကြောင့်သူ့အနေနဲ့ ကိုယ့်အသင်းဂိုးပေါက်ဘက်ကို နောက်ပြန်ပြေးမယ့်အစား ပြေးထွက်လာမယ့် ပူလီဆစ် ရဲ့ ပြေးလမ်းကြောင်းကို ပိတ်နိုင်ဖို့ ကန့်လန့်ဖြတ်ပြီးပြေးဝင်ခဲ့ရင်များ ပိုကောင်းမလား.? တွေးမိတာပါ..။ replay တွေကို ပြန်ကြည့်မယ်ဆိုရင် ဗန် ဒိုက်ခ် ဟာ ပူလီဆစ် ရဲ့ ပြေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ မမှီခဲ့ဘူးဆိုရင် ကန်သွင်းမယ့်အချိန် ပြေးပိတ်ရင် မှီနိုင်လောက်တယ်ဗျ..။ သူကအားကုန်မပြေးပဲ jogging လေးနဲ့ ဂိုးပေါက်ဘက်ပဲ ပြေးနေခဲ့တာပါ..။ ပေးလိုက်ရတဲ့ အဲဒီဂိုးကို ထောက်ပြရမယ်ဆိုရင် မိုဟာမက် ဆာလာ ဟာ ရူဒီဂါ ကို အခုထက်ပိုပြီး တွန်းတွန်းတိုက်တိုက် ကစားနိုင်ခဲ့သင့်တယ်..၊ နောက်ပြီး ဗန် ဒိုက်ခ် ဟာ ပူလီဆစ် ရဲ့ ပြေးလမ်းကို ဖြတ်တာပဲဖြစ်ဖြစ်၊ ကန်မယ့်အချိန် လျောထိုးပြီး ပိတ်ဆို့တာပဲဖြစ်ဖြစ် ပြုလုပ်ခဲ့သင့်တယ်လို့ မြင်မိပါတယ်..။ ပေးလိုက်ရတာ သိပ်ကိုလွယ်လွန်းခဲ့ပါတယ်..။
ဂျေမီ ကာရေဂါ - ပက်ပ် ဂွာဒီယိုလား ရဲ့ ခံစစ်ကစားပုံဟာလည်း highline ပါပဲ..။ ဒါပေမယ့် ဒီနှစ်လီဗာပူးလ်အသင်း ခံစစ်ကြောင်းပြဿနာဟာ highline ကြောင့် မဟုတ်ပါဘူး..။ ကွင်းလယ်ကစားသမားတွေ ထိထိရောက်ရောက် ဖိအားမပေးနိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်..။ ဒ့ါကြောင့်ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းရဲ့ ပြဿနာဟာ ကွင်းလယ်မှာ ဖြစ်နေပါတယ်..။ သူတို့ရဲ့ခံစစ်အထိုင် ကစားပုံက အရင်အတိုင်းပါပဲ....။ တကယ်လို့ အဲဒီလို ကွင်းလယ်ကနေ ထိထိရောက်ရောက် မဟန့်တားနိုင်ဘူး..၊ ဖိအားမပေးနိုင်ဘူးဆိုရင် နောက်တန်းဟာ အချိန်မှီ နောက်ပြန်ဆင်းနိုင်ဖို့ လိုအပ်ပါတယ်..။ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း အခုလိုမျိုး နောက်တန်းက အချိန်မှီပြန်မဆင်းနိုင်လို့ ဂိုးပေးလိုက်ရပြီးပါပြီ…။
နောက်တစ်ချက်က ဗဟိုခံစစ်မှူးတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်နဲ့တွဲဖက် ခံစစ်မှူးနဲ့ အပေးအယူ၊ နားလည်မှု (partnership) က အရေးကြီးပါတယ်..။ အခုသူတို့ခံစစ်ကြောင်းမှာ ဗဟိုခံစစ်မှူးတွေဟာ highline နဲ့ နှစ်ယောက်အပြိုင် နေရာယူနေတာ များပါတယ်..။ တစ်ယောက်ယောက်က နောက်ဆင်းပြီး ကျွံလာတဲ့ ဘောလုံးတွေကို ဖျက်ထုတ်မယ်..၊ တခြားခံစစ်မှူးတွေကို ကာကွယ်ပေးမယ်.. ဆိုတဲ့ ပုံစံမျိုး မတွေ့မိပါဘူး..။ အခုခွင့်ပြုလိုက်ရတဲ့ဂိုးမှာဆိုရင် ဗန် ဒိုက်ခ် ဟာ လမ်းလျှောက်နေတာရယ်..၊ သူနဲ့ ကိုနာတေး တို့နှစ်ယောက်ကြားက နေရာလွတ် (gap) ကြီးက ကြီးလွန်းနေခဲ့ပါတယ်..။
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - တကယ်တော့ ချယ်လ်ဆီးအသင်းဟာ သူတို့နှစ်ယောက်ရဲ့နောက်က နေရာလွတ်တွေကို အခုထက်ပိုပြီး ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့သင့်တယ်ဗျ..။ အဲဒီနေရာလွတ်တွေဟာ သူတို့ကိုအန္တရာယ် အပေးနိုင်ဆုံး နေရာတွေပါပဲ..။ ဒါပေမယ့် ကျွန်တော်တို့ကစားသမားတွေဟာ အဲဒီနေရာလွတ်တွေကို များများပေးပို့ရမယ့်အစား ကွင်းလယ်မှာပဲ ဘောလုံးဖြန့်ရင်း အချိန်ကုန်ခဲ့ကြတယ်ဗျာ..
ဂရမ်မ် ဆောင်းနက်စ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ကို စိုးမိုးနိုင်ခဲ့ပါတယ်..။ လီဗာပူးလ် ကွင်းလယ်က ဖာဘင်ဟို၊ ဂျော်ဒန် ဟန်ဒါဆန် နဲ့ ဂျိမ်းစ် မီလ်နာ တို့ဟာ ချယ်လ်ဆီးက ကိုဗာဆစ် နဲ့ ကန်တေး တို့နှစ်ယောက်ကို မယှဉ်နိုင်ခဲ့ပါဘူး..။ အထူးသဖြင့် ဒီနေ့ပွဲစဉ်အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ဘောလုံးပေးပို့မှု အကြိမ်ပေါင်း (၁၃၀) ကျော် ပိုမိုပေးပို့နိုင်ခဲ့ပါတယ်..။ လွန်ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်ကဆိုရင် လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ပြိုင်ဘက်အသင်းတွေကို ကွင်းလယ်အသာစီး ရယူပြီး ပွဲကိုထိန်းချုပ်ကစားခဲ့တာပါ..။ ဒီနေမှာတော့ ချယ်လ်ဆီးကွင်းလယ်ဟာ ဘောလုံးပေးပို့မှုတင် မကပါဘူး..၊ first ball တွေ၊ second ball တွေကိုလည်း သူတို့ပဲ အရယူနိုင်ခဲ့ပါတယ်..။
ဒေးဗစ် ဂျုံးစ် - ဂျင်မီ ရေ.. အခုဒီနေ့ပွဲမှာ သရေရလဒ်နဲ့ နှစ်မှတ်လျော့ခဲ့တာကြောင့် ခင်ဗျားတို့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းကြောင်းမှာ ရှိနေသေးတယ်လို့ ပြောနိုင်သေးလား…?
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အခုဆိုရင် မန်ချက်စတာ စီးတီးအသင်းနဲ့ အမှတ်ကွာခြားချက်က အတော်ကြီးမားသွားပြီဆိုတော့ ချန်ပီယံ ပြေးလမ်းကြောင်းပေါ်မှာ ရှိသေးတယ်လို့ ပြောနိုင်ဖို့ အတော်လေး ခက်ခဲသွားပါပြီ..။ ဒါပေမယ့် အခုအချိန်မှာ တခြားအသင်းတွေအပေါ် အာရုံစိုက်နေမယ့်အစား ကိုယ့်အသင်းရဲ့ ခြေစွမ်းနဲ့ရလဒ် အကောင်းဆုံး ရရှိအောင်ပဲ အထူးအလေးပေးသင့်ပါတယ်..။ မန် စီးတီးကို မေ့ထားလိုက်ပြီး ကိုယ်ကန်ရမယ့်ပွဲကိုသာ အနိုင်ကန်ရပါမယ်..။ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ သရေပွဲရလဒ်တွေ များလွန်းခဲ့ပါတယ်..။
အိမ်ကွင်းမှာလွင့်ပစ်လိုက်ရတဲ့ (၁၂) မှတ်ဆိုတာ ချန်ပီယံ ဖြစ်ချင်တယ်ဆိုရင် ကြီးမားတဲ့ဆုံးရှုံးမှုလို့ ပြောရမှာပါပဲ..။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီအတိတ်ကို ချန်ထားလိုက်ပြီး ရှေ့ဆက်ကန်ရမယ့်ပွဲတွေ အကောင်းဆုံး ကြိုးစားရုံပေ့ါဗျာ..။ မန် စီးတီး ကို သိပ်မကြည့်ပါနဲ့..၊ ဘာဖြစ်လို့လည်းဆိုတော့ မန် စီးတီး ရှုံးခဲ့တယ်.. ဆိုဦးတော့..၊ ကိုယ့်အသင်းကလည်း မနိုင်ခဲ့ရင် ဘာမှမထူးပါဘူး..။
ဂရမ်မ် ဆောင်းနက်စ် - ရနိုင်စရာ အမှတ်တွေ အများကြီးကျန်ပါသေးတယ်..။ အခုမှဇန်နဝါရီလဆန်းရက်..၊ နှစ်အစပဲ ရှိပါသေးတယ်..။
ဂျေမီ ကာရေဂါ - ကောင်းတာပေ့ါ..၊ ခင်ဗျားဆီမှာ အဲဒီလိုအမြင်တွေ ရှိနေတာ သိပ်ကိုကောင်းပါတယ်..။ အရင်တုန်းကဆိုရင် ဆာအလက်စ် ဖာဂူဆန် ဟာ နှစ်အစပိုင်းတွေမှာ ထိပ်ဆုံးကပြေးနေတဲ့ အသင်းတွေနဲ့ (၅) မှတ်၊ (၆) မှတ်လျော့နေပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အကြိမ်ကြိမ်အခါခါ ရယူခဲ့ဖူးတဲ့ အကြောင်း နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ယှဉ်ပြိုင်ကြတဲ့ boxing day ပွဲစဉ်မှာတုန်းက ခင်ဗျားပြောခဲ့ဖူးတာ ပြန်ပြီးအမှတ်ရမိသေးတယ်..။
ဒါပေမယ့် အခုအချိန်မှာ အဲဒီလိုခေတ်အခြေအနေမျိုး မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်..။ မန်ချက်စတာ စီးတီး အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ international break အချိန်လောက်ကတည်းက အကောင်းဆုံးခြေစွမ်းနဲ့ ဒေါင်းတင်မောင်းတင် စပြီးပြေးနေပြီဗျ..။ ကျွန်တော်တို့ လီဗာပူးလ် ပရိသတ်တစ်ယောက်အနေနဲ့ တော့တင်ဟမ်အသင်းနဲ့ အဝေးကွင်းပွဲမှာ သရေကျခဲ့တဲ့ ရလဒ်ကို ဆိုးရွားတယ်လို့ ပြောလို့မရပါဘူး..။ ဒါပေမယ့် အခုကျတော့ မန် စီးတီး အသင်းရဲ့ ခြေစွမ်းကြောင့် အဲဒီလို မဟုတ်တော့ဘူး ဖြစ်နေပါတယ်..။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်ရင်(၉၅) မှတ် ကျော်ရမှ၊ အမှတ် (၁၀၀) နီးပါး ရနိုင်မှဆိုတော့ ကိုယ့်ရဲ့အဓိကပြိုင်ဘက် အသင်းတွေကိုပါ အဝေးကွင်းမှာ အနိုင်ရမှ ဖြစ်တော့မယ့် အနေအထား ရောက်နေပါတယ်..။
ဂရမ်မ် ဆောင်းနက်စ် - အခုဆိုရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် အသင်းတွေဟာ ရာသီကုန်ထိ လက်ကျန်ပွဲစဉ် အကုန်နီးပါးကို အနိုင်ကန်ရမယ့်ပုံစံ ဖြစ်နေပါတယ်..။ သရေတောင်ကျလို့ မရတော့ပါဘူး.။ ကျွန်တော့်ရဲ့အမြင် အရဆိုရင် မန် စီးတီးအသင်းဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ အတောင့်တင်းဆုံး အသင်းတစ်သင်း ဖြစ်နေပြီလို့တောင် ပြောလို့ရပါတယ်..။ ကစားသမား တစ်ယောက်ယောက် ဒဏ်ရာရတယ်…၊ ခြေစွမ်းပျောက်တယ်..၊ သူတို့အလွယ်တကူ အပြောင်းအလဲ ပြုုလုပ်လို့ ရပါတယ်..။ အသင်းဟာ ထူးထူးခြားခြား မပြောင်းလဲသွားပါဘူး..။ အခုဆိုရင် သူနဲ့အနီးဆုံးပြိုင်ဘက် အသင်းတွေရဲ့ ရလဒ်တွေကြောင့် သူတို့ဟာ တစ်ချို့ပွဲစဉ်တွေကို စိတ်အေးအေးနဲ့ ယှဉ်ပြိုင်လို့ရမယ့် အနေအထားရှိသွားပါတယ်.။
ဒေးဗစ် ဂျုံးစ် - ဒီနေ့ပွဲမှာဆိုရင် ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ ဟာ အကောင်းဆုံး ကာကွယ်မှုတွေအများကြီး ပြုလုပ်နိုင်ခဲ့ပါတယ်..။ အထူးသဖြင့် ဒုတိယပိုင်းမှာ မိုဟာမက် ဆာလာ က သူ့ကိုကျော်ပြီး အဝေးကနေ ကန်သွင်းခဲ့တဲ့ ကန်ချက်ကို ပုတ်ထုတ်လိုက်တဲ့ ကာကွယ်မှုဟာ သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ ဒ့ါကြောင့် လာမယ့်ပွဲကနေစပြီး အာဖရိကဖလား ပြိုင်ပွဲအတွက် သူ့ကိုလက်လွှတ်လိုက်ရခြင်းဟာ ချယ်လ်ဆီးအသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပါလိမ့်မယ်..။ အခုအောက်က ပြထားတဲ့ပုံမှာဆိုရင် ထိပ်ဆုံးအသင်းသုံးသင်းထဲက အာဖရိက ဖလားပွဲအတွက် လက်လွှတ်လိုက်ရမယ့် ကစားသမားတွေနဲ့ သူတို့မပါနိုင်မယ့်ပွဲတွေကို ပြထားပါတယ်..။
မန် စီးတီးအသင်းဟာ ရီယက်ဇ် မာရက်ဇ် တစ်ယောက်ကိုပဲ လက်လွှတ်ရမှာဖြစ်ပြီး ပွဲအရေအတွက်လည်း မများပါဘူး..။ ချယ်လ်ဆီးအသင်းကတော့ မန်ဒီ ကို ပွဲတွေအတော်များများ လက်လွှတ်ရမှာဗျ..။ အဲဒီအထဲမှာ တော့တင်ဟမ်အသင်းနဲ့ EFL ဖလား အကြိုဗိုလ်လုပွဲစဉ်နှစ်ပွဲ အပါအဝင် မန်ချက်စတာ စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်၊ တော့တင်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပါဝင်ပါတယ်..။ လီဗာပူးလ် အသင်းကတော့ ကီတာ၊ မာနေး နဲ့ ဆာလာ တို့ကို လက်လွှတ်ရပါမယ်..။ ဒ့ါကြောင့်လီဗာပူးလ်အသင်းက ပိုပြီးပေးဆပ်ရသလိုပဲနော်..
ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် - အက်ဒ်ဒွပ် မန်ဒီ ဟာ လက်စွမ်းပြနေသလို ခံစစ်ကြောင်းကိုလည်း ဦးဆောင်နိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအတွက်လည်း ဆုံးရှုံးမှုကြီးမားပါတယ်..။ ဂိုးသမား ကက်ပါ ဟာ အဲဒီနေရာကို ဘယ်လိုအစားထိုးနိုင်မလဲ..? စောင့်ကြည့်ရပါဦးမယ်..။
ဒေးဗစ် ဂျုံးစ် - ကဲ.. ဟုတ်ကဲ့ပါ..။ အခုလိုဆွေးနွေး ပေးကြတဲ့အတွက် ဂရမ်မ်၊ ဂျင်မီ နဲ့ ဂျေမီ တို့ကို Sky Sports အဖွဲ့သားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားရင်း ကျွန်တော်တို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်ဗျာ..။ မကြာခင်မှာ ပြန်ဆုံကြတာပေ့ါ…