ချယ်လ်ဆီးအသင်းမှာ Carabao ဖလားပွဲ အကြိုဗိုလ်လုပွဲစဉ်၊ ဒုတိယအကျော့ပွဲစဉ်အဖြစ် တော့တင်ဟမ် ဟေ့ာစပါး ကစားကွင်းတွင် ဗုဒ္ဓဟူးနေ့က အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့သည်..။ အဆိုပါပွဲစဉ်သုံးသပ်ချက်များနှင့် အန်တိုနီယို ရူဒီဂါ ၏ ချယ်လ်ဆီးအသင်း အနာဂတ်တို့အပေါ် ချယ်လ်ဆီးအသင်း ဂန္တဝင်ဘယ်နောက်ခံလူဟောင်း အက်ရှ်လေ ကိုးလ် နှင့် လီဗာပူးလ်နှင့် တော့တင်ဟမ်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် တို့က Sky Sports ရုပ်သံဌာန၏ သုံးသပ် စကားဝိုင်းအစီအစဉ်မှတဆင့် ယခုလိုပြောကြားခဲ့သည်..။
လော်ရာ ဝုဒ် - အခုဆိုရင် Carabao ဖလား၊ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ချယ်လ်ဆီးနဲ့ တော့တင်ဟမ် အသင်းတို့ အပြန်အလှန် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်များအပြီးမှာ ချယ်လ်ဆီးအသင်းဟာ ဖေဖော်ဝါရီလ၊ ဝင်ဘလေကွင်းမှာ ကျင်းပမယ့် နောက်ဆုံးဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်သွားနိုင်ခဲ့ပါပြီ..။ အခုလိုနှစ်ကျော့ပေါင်း သုံးဂိုးနဲ့ ပေးဂိုးမရှိ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့တဲ့ အနိုင်ရလဒ်အပေါ် ရှင်တို့အသင်း ကစားသမားတွေကို မုဒိတာချီးကျူးစကား ပြောကြားပေးနိုင်ပါလား.. အက်ရှ်ရေ..
အက်ရှ်လေ ကိုးလ် - ဟုတ်ကဲ့ပါ..။ ကျွန်တော်တို့အသင်း ကစားသမားတွေဟာ ခက်ခဲတဲ့ပြိုင်ဘက်ကွင်းမှာ နောက်ထပ်အနိုင်ပွဲတစ်ပွဲ ထပ်မံရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်..။ ဒီနေ့ပွဲမှာ သူတို့တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြောကြားရမယ်ဆိုရင် သူတို့ဟာ အသင်းလိုက်စုစည်းမှု ကောင်းမွန်စွာနဲ့ ပွဲကိုထိန်းချုပ် နိုင်ခဲ့ကြတယ်..၊ ခံစစ်ပိုင်း ကစားပုံ တောင့်တင်း ကောင်းမွန်ခဲ့ပါတယ်..။ အထူးသဖြင့် မန်နေဂျာလိုချင်တဲ့ ကစားကွက်ပုံစံအတိုင်း ကျစ်ကျစ်လျစ်လျစ် ကစားသွားနိုင်ခဲ့ပြီး အနိုင်ရလဒ်ကို ထပ်မံသေချာစေခဲ့တဲ့အပေါ် နည်းပြတွေနဲ့ ကစားသမားတွေကို အထူးဂုဏ်ယူမိပါတယ်..။
ဒါ့အပြင် ကျွန်တော်တို့အသင်းဟာ Carabao ဖလားပြိုင်ပွဲကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပါဘူး..။ ဒီနေ့ပွဲမှာဆိုရင်လည်း တော့တင်းတဲ့ အသင်းကို ပွဲထုတ်ခဲ့ပြီး အတွေ့အကြုံရင့် ကစားသမားတွေ အများကြီးပါဝင်ခဲ့ပါတယ်..။ တော့တင်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်ကျော့စလုံးကို ခြုံငုံကြည့်မယ်ဆိုရင် ကျွန်တော်တို့အသင်းရဲ့ ခြေစွမ်းဟာ သိသိသာသာ ပိုပြီးကောင်းမွန်ခဲပြီး နှစ်ပွဲစလုံးမှာ ပွဲချိန်တော်တော်များများကို ထိန်းချုပ်နိုင်ခဲ့တယ်..၊ တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်း… အစစအရာရာ အသာစီးရယူ နိုင်ခဲ့ပါတယ်..။
လော်ရာ ဝုဒ် - ဒီနေ့ပွဲမှာ အန်တိုနီယို ရူဒီဂါ ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကတော့ သိပ်ပြီးလှပခဲ့တဲ့ သွင်းဂိုးတစ်ဂိုး မဟုတ်ခဲ့ပါဘူးရှင့်..။ အဲဒီသွင်းဂိုးမှာ တော့တင်ဟမ်အသင်းရဲ့ အီတလီဂိုးသမား ပီယာလူဂျီ ဂိုလီနီ ရဲ့ ဆုံးဖြတ်ချက်အမှားဟာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်.. ဆိုတာ သုံးသပ်ပေးပါလား.. ဂျေမီ ရှင့်..
ဂျေမီ ရက်ဒ်နပ် - ဂိုးသမားရဲ့ ကာကွယ်မှု အားနည်းခဲ့ပါတယ်..။ တကယ်တော့ မေဆန် မောင့် ကန်တင်လိုက်တဲ့ ဘောလုံးဟာ အခုအောက်ကပူးတွဲပုံ (ပုံ- ၁) မှာ ပြထားတဲ့အတိုင်း ဂိုးသမား ကာကွယ်ရမယ့် ဧရိယာထဲ..၊ သူလက်လှမ်းမှီတဲ့ နေရာထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ကျလာတဲ့ ဘောလုံးဖြစ်ပါတယ်..။ သူ့အနေနဲ့ အဲဒီလိုဘောလုံးမျိုးကို ရှေ့ထွက်ပြီး အမိဖမ်းတာဖြစ်ဖြစ်၊ ပုတ်ထုတ်တာဖြစ်ဖြစ် အမှားအယွင်းမရှိ ပြုလုပ်နိုင်ရပါလိမ့်မယ်..။
ဒါပေမယ့်သူဟာ ရှေ့ကိုထွက်လာတဲ့အချိန်မှာ ရှေ့မှာရှိနေတဲ့ ကစားသမားတွေနဲ့ထိမိပြီး ဒဏ်ရာရမှာ စိုးရိမ်မိလို့လား.. မပြောတတ်ဘူးဗျ..၊ သူဟာဘောလုံးလမ်းကြောင်း မျက်ခြေမပြတ် အာရုံမစိုက်ပဲ မျက်စိလွှဲလိုက်တာကို သတိထားမိလိုက်ပါတယ်..။ ဒ့ါကြောင့်အဲဒီသွင်းဂိုးမှာ ရူဒီဂါ ရဲ့ လှုပ်ရှားမှု ကောင်းမွန်ခဲ့တယ်.. ဆိုပေမယ့် အထူးအထွေ ချီးကျူးစရာ မရှိပါဘူး.။ ဂိုးသမားဟာ သေချာပေါက် ကာကွယ်နိုင်ခဲ့သင့်တဲ့ ဘောလုံးဖြစ်ပါတယ်..။ အဲဒီဂိုးအပြင် အကြိုဗိုလ်လုပွဲ နှစ်ကျော့စလုံးမှာ တော့တင်ဟမ်အသင်း ခွင့်ပြုလိုက်ရတဲ့ သုံးဂိုးစလုံးဟာ နောက်တန်းရဲ့အမှားတွေနဲ့ ခံစစ်ပိုင်း ကာကွယ်မှု အားနည်းမှုတွေကြောင့် ပေးလိုက်ရတဲ့ဂိုးတွေပါပဲ..။
အက်ရှ်လေ ကိုးလ် - ဂိုးသမားအနေနဲ့ ဒီလိုဘောလုံးမျိုးတွေကို ကာကွယ်နိုင်ဖို့ လိုပါတယ်..။ ဒါ့အပြင် တော့တင်ဟမ် အသင်းဟာ ပွဲကြိုမှာကတည်းက set piece တွေမှာ ချယ်လ်ဆီးအသင်းလှုပ်ရှားတတ်တဲ့ ရွေ့လျားမှု၊ အထာတွေကို အိမ်စာကျေလာဖို့ လိုပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ထောင့်ကန်ဘောတွေ ကန်တင်ပြီဆိုရင် အန်တိုနီယို ရူဒီဂါ ရဲ့ ခေါင်းပေါ်ကိုကျဖို့ အမြဲတမ်းဦးစားပေးပါတယ်..။ ဒ့ါကြောင့်အခုအောက်က ပူးတွဲပုံ (ပုံ- ၂) မှာ ပြထားတဲ့အတိုင်း မေဆန် မောင့် ကန်တင်ပြီဆိုတာနဲ့ ဆီဇာ အက်ဇ်ပီလီကွဲတား ဟာ ရူဒီဂါ နဲ့ သူ့ကိုကပ်ထားတဲ့ တန်ဂန်ဂါ ရဲ့ ကြားထဲကို တိုးဝင်ပြီး အန်တိုနီယို ရူဒီဂါ ပြေးထွက်လို့ရအောင် လူကာပေးခဲ့တာကို တွေ့ရမှာပါ..။ ဒါတွေဟာ လေ့ကျင့်ကွင်းတွေမှာ အကြိမ်ကြိမ်ဇာတ်တိုက်ထားတဲ့ ပုံသေကွက်တွေပါပဲ..။
အန်တိုနီယို ရူဒီဂါ ကတော့ သူ့ကိုကပ်မယ့် ကစားသမား လွတ်ထွက်သွားပြီ ဆိုတာနဲ့ ဂိုးထဲကိုဝေ့ဝင်လာတဲ့ ဘောလုံးကို မရမက အတင်းပြေးဝင် ခေါင်းတိုက်မှာပါ..။ သူကဘောလုံးလမ်းကြောင်းကို မျက်ခြေမပြတ်ခဲ့သလို ဂိုးသမား ဂိုလီနီ ဖြတ်ဝင်လာတဲ့အချိန်မှာ ဂိုးသမားကို ကျောပေးပြီး ကာလိုက်တယ်ဗျ..။ ဒါ့ကြောင့်ဂိုးသမားကို ကျော်လာခဲ့တဲ့ ဘောလုံးဟာ သူ့ကိုထိပြီး ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်..။ အဲဒီဂိုးဟာ ဂိုးသမားရဲ့ အမှားကြောင့် ရရှိခဲ့တာ ဖြစ်ပေမယ့် ဒီလိုအမှားမျိုးဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားအယွင်းမျိုးဖြစ်ပါတယ်..။
လော်ရာ ဝုဒ် - တကယ်လို့ ဒီနေ့ပွဲမှာ VAR ကိုသာ အသုံးမပြုခဲ့ဘူးဆိုရင် ပယ်ရီ ဟွိုင်းဘတ် ရဲ့ ပင်နယ်တီ အပါအဝင် VAR ကြောင့် ပြောင်းလဲသွားခဲ့တဲ့ အဆုံးအဖြတ်သုံးခုဟာ ပွဲရဲ့အဖြေကို ပြောင်းလဲသွားနိုင်ပါတယ်..။ ဒ့ါကြောင့်အဲဒီဖြစ်ရပ်တွေထဲက ပထမပိုင်း မိနစ် (၄၀) မှာ ပယ်ရီ ဟွိုင်းဘတ် ကို ချယ်လ်ဆီးအသင်း နောက်ခံလူ အန်တိုနီယို ရူဒီဂါ က ဥပဒေပ ဖျက်ထုတ်ခဲ့ရာမှာ ဒိုင်လူကြီး အင်ဒရေ မာရီနားစ် က ပင်နယ်တီ ပေးခဲ့ပါတယ်ရှင့်..။ VAR ပြန်ကြည့်တဲ့အခါ ဂိုးဧရိယာပြင်ပမှာ ဖျက်ထုတ်ခံရတာဖြစ်တယ်ဆိုပြီး ပင်နယ်တီ ပယ်ဖျက်ခံခဲ့ရပါတယ်..။ ဒါပေမယ့် ဟွိုင်းဘတ် ကတော့ ပင်နယ်တီရသင့်တယ်လို့ ယုံကြည်မိတယ်လို့ ပြောကြားသွားတယ်နော်.. ဂျေမီ ရေ…
ဂျေမီ ရက်ဒ်နပ် - ပင်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ပါတယ်..။ ဟွိုင်းဘတ် ရဲ့ ဘယ်ခြေထောက်ကို ရူဒီဂါ ဖျက်ထုတ်မိခဲ့တဲ့ နေရာဟာ ပင်နယ်တီဧရိယာ အပြင်ဘက်မှာ ဖြစ်ခဲ့တယ်ဆိုတာ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၃) မှာ ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်..။ ကျွန်တော်တို့ရဲ့ ဘောလုံးပွဲတွေမှာ VAR ကို အသုံးပြုခဲ့တဲ့ အချိန်ကစပြီး ဝေဖန်မှုတွေ များပြားခဲ့သလို ကျွန်တော်လည်း ထိပ်ဆုံးက ဝေဖန်ခဲ့တာပါပဲ..။ VAR ဟာ ကျွန်တော်တို့ ကစားပွဲတွေအပေါ် သက်ရောက်မှုအရမ်း ကြီးမားခဲ့ပါတယ်..။
ဒါပေမယ့် ဒီနေ့ပွဲမှာတော့ VAR ပါဝင်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့သလို အခုဆုံးဖြတ်ချက်မှာ VAR ကြောင့်သာ မှန်မှန်ကန်ကန် ပြန်လည်ပြင်ဆင် နိုင်ခဲ့တာပါ..။ တကယ်လို့ ဒီနေ့ပွဲမှာ VAR အသုံးမပြုခဲ့ဘူးဆိုရင် စပါးအသင်းဟာ သုံးဂိုးလောက် ရသွားနိုင်ပါတယ်..။ ဒါဆိုရင် ဒီနေ့ပွဲဟာ အခုလိုမဟုတ်ပဲ အရမ်းကို ခြားနားတဲ့ ပွဲတစ်ပွဲ ဖြစ်သွားနိုင်ပါတယ်.။
တော့တင်ဟမ် အသင်းဟာ ဒုတိယပိုင်း (၅၆) မိနစ်မှာ နောက်ထပ်တစ်ကြိမ် ပင်နယ်တီ ရခဲ့ပြန်ပါတယ်..။ ဒီတစ်ကြိမ်မှာတော့ ဟာရီ ကိန်း ဟာ သူတို့ရရှိခဲ့တဲ့ တန်ပြန်တိုက်စစ် အခွင့်အရေးကနေ ချယ်လ်ဆီးအသင်း နောက်ခံလူတွေကို ကျော်ဖြတ်ပြီး 3 vs 1 အနေအထား ရရှိခဲ့တာပါ..။ အဲဒီမှာ သူကညာတောင်ပံမှာ ရှိနေတဲ့ လူးကပ်စ် မိုရာ ရဲ့ ပြေးလမ်းထဲကို ဘောလုံးချပေးလိုက်ရမှာ သူ့ရဲ့ပေးပို့မှု များသွားခဲ့ပါတယ်..။ ဒ့ါကြောင့်ဂိုးသမား ကက်ပါ ဟာ အချိန်ကိုက်ပြေးထွက်ပြီး တားဆီးနိုင်ခဲ့တာဗျ..၊ ခင်ဗျားတောင် အသံအကျယ်ကြီး အော်လိုက်သေးတယ်.. ဟုတ်တယ်မလား.. အက်ရှ်…
အက်ရှ်လေ ကိုးလ် - ဟာရီ ကိန်း ရဲ့ ပေးပို့မှု နည်းနည်းလေး အရှိန်များသွားခဲ့တာကို မယုံနိုင်အောင် ဖြစ်မိခဲ့လို့ပါဗျ..၊ ဟုတ်ပါတယ်… ဟားဟား..။ ဟာရီ ကိန်း လို ကစားသမားဆီက အခုထက်ပိုပြီး ကောင်းမွန်သေသပ်တဲ့ ပေးပို့မှုမျိုးကို မျှော်လင့်မိတာပေ့ါဗျာ..။ ပထမတစ်ကြိမ် ဟွိုင်းဘတ် ရဲ့အငြင်းပွားဖွယ် ပင်နယ်တီဖြစ်ရပ်မှာတော့ စည်းကြပ်ဒိုင်က တော့တင်ဟမ် အသင်းဘက်မှာ ရှိခဲ့ပါတယ်..။ ဒါပေမယ့် ဒုတိယတစ်ကြိမ်မှာတော့ စည်းကြပ်ဒိုင် အလံထောင်ပြခဲ့တာ မတွေ့မိခဲ့ပါဘူး..။ ဒိုင်လူကြီးကို ဘာတွေပြောခဲ့လဲ မပြောတတ်ဘူးဗျ..။ ဒိုင်လူကြီး မာရီနားစ် က ကွင်းဘေးမော်နီတာ ပြန်ကြည့်ပြီး သူ့ရဲ့အဆုံးအဖြတ်ကို ပယ်ဖျက်ခဲ့တာပေ့ါ..။ ကျွန်တော်တို့အတွက် အခုတစ်ကြိမ် VAR နဲ့ ဆုံးဖြတ်ချက်ဟာ ကျေနပ်စရာပဲလို့ ပြောရမှာပါပဲ..။
လော်ရာ ဝုဒ် - ဒုတိယပိုင်း (၆၃) မိနစ်မှာ ဂိုးသမား ကက်ပါ ရဲ့ ပေးပို့မှုအမှားအယွင်းကနေ လူးကပ်စ် မိုရာ က ဘောလုံးအရယူတယ်..၊ သူ့ရဲ့ပေးပို့မှုကနေတဆင့် ဟာရီ ကိန်း က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်..။ ဒီတစ်ကြိမ်မှာလည်း ဟာရီ ကိန်း ဟာ လူကျွံဘော ဖြစ်နေခဲ့ကြောင်း VAR ရဲ့ အကူအညီနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခဲ့တယ်.. မဟုတ်လား.. အက်ရှ် ရေ..
အက်ရှ်လေ ကိုးလ် - မှန်ပါတယ်..။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ကျွန်တော်ဟာ VAR ကို ထောက်ခံတဲ့ဘက်မှာ မပါခဲ့ပါဘူး..။ အစောပိုင်းနှစ်ကြိမ်မှာ ပင်နယ်တီပေးသင့်လား? မပေးသင့်ဘူးလား.? ဆိုတဲ့ အငြင်းပွားမှုမျိုးတွေကတော့ VAR ရှိရှိ၊ မရှိရှိ ပယ်ပျောက်သွားမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် အခုတတိယ တစ်ကြိမ်မှာတော့ VAR ရဲ့ အဆုံးအဖြတ်က အရမ်းကိုအရေးပါခဲ့ပါတယ်..။ အခုပူးတွဲပုံ (ပုံ- ၄) မှာ ပြထားတဲ့ အနေအထားမျိုးဟာ သာမာန်မျက်စိနဲ့ဆိုရင် ဘယ်လိုမှ လူကျွံမှာ မဟုတ်ပါဘူး..။
တကယ်တော့ ကျွန်တော်ဟာ အခုလို တကယ့်အသေးစိတ်တွေအထိ VAR နဲ့ လိုက်ပြီးဆုံးဖြတ်နေတာမျိုးကို အားမပေးပါဘူး..။ ဒ့ါကြောင့်ကျွန်တော်ဟာ ချယ်လ်ဆီးအသင်း ဂိုးမပေးခဲ့တာကြောင့် VAR အပေါ် ထောက်ခံသွားပါတယ်ဆိုပြီး သဘောထား ပြောင်းလဲသွားမှာ မဟုတ်ပါဘူး..။ ဘာပဲဖြစ်ဖြစ် တော့တင်ဟမ် အသင်းဘက်ကလည်း ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်..။
လော်ရာ ဝုဒ် - ဂျေမီ ရေ.. တော့တင်ဟမ် အသင်းဟာ VAR ကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်သုံးကြိမ်မှာ ကံဆိုးသွားခဲ့တာပေ့ါ..။ ဒါပေမယ့် ရှင်တို့အသင်းဟာ ဒီနေ့ပွဲမှာအနိုင်ရနိုင်ဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ယူဆမိလား..?
ဂျေမီ ရက်ဒ်နပ် - စပါးအသင်းလား..? No.. ချယ်လ်ဆီးအသင်းဟာ သူတို့ထက်ပိုပြီး တစ်ဆင့်ပိုမြင့်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင်လည်း ချယ်လ်ဆီးအသင်းကပဲ ပွဲချိန်တော်တော်များများကို စိုးမိုးထားခဲ့တာပါ..။ တော့တင်ဟမ် အသင်းဘက်က အခွင့်အရေးတွေ ရရှိခဲ့တာ မှန်ပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ အေးအေးသက်သာနဲ့ပဲ ကစားသွားခဲ့တာပါ..။ ပထမပိုင်းမှာ ဟာရီ ကိန်း ဟာ ထောင့်ကန်ဘောကနေ ရရှိလာတဲ့ အခွင့်အရေးကို အနီးကပ်ပိတ်သွင်းဖို့ ကြိုးစားခဲ့တာ နည်းနည်းလေး နောက်ကျသွားတယ်ဗျ..။ အဲဒီအခွင့်အရေးအပြင် နောက်ထပ်ဂိုးရနိုင်မယ့် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ချယ်လ်ဆီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ရတဲ့အခွင့်အရေးတွေကို မိမိရရ အသုံးချနိုင်ရမယ်..၊ ကိုယ့်ဘက်က အမှားအယွင်းမရှိ ကစားပြနိုင်ရပါမယ်..။
တော့တင်ဟမ်အသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်းလာခဲ့သလို ဘယ်တောင်ပံက ခုတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အီမာဆန် ရွိုင်ရယ် ရဲ့ခေါင်းတိုက်ချက် ဂိုးဝင်သွားခဲ့တယ်လို့တောင် ခင်ဗျားထင်ခဲ့သေးတယ်မလား.. အက်ရှ် ရေ..
အက်ရှ်လေ ကိုးလ် - မှန်ပါတယ်..။ နည်းပြအန်တိုနီယို ကွန်တီ က ဒီနေ့ပွဲအပေါ် ပြန်ပြီးသုံးသပ်တဲ့အချိန်မှာ သူတို့တွေလည်း အနိုင်ရနိုင်လောက်တဲ့ အခွင့်အရေးတွေ ရခဲ့တယ်..၊ ရသင့်တဲ့ ပင်နယ်တီအခွင့်အရေးနှစ်ကြိမ် ပယ်ချခံခဲ့ရတယ်..၊ လူကျွံဘောနဲ့ တစ်ဂိုးပယ်ဖျက်ခံခဲ့ရတယ်..၊ ဂိုးသမား ကက်ပါ က အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်သွားနိုင်ခဲ့တယ်.. စသဖြင့် အကြောင်းပြနိုင်မယ်ဆိုရင် ရပါတယ်..။
ဒါပေမယ့် တစ်ပွဲလုံးမှာ နှစ်သင်းစလုံး ကစားသွားခဲ့တဲ့ အနေအထားကို သုံးသပ်ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ အခုထက်ပိုပြီး ကစားအားမြှင့်ပြီး တင်ကစားနိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့တယ်ဗျ..။ သူတို့သာ တကယ်တမ်း တင်ကစားမယ်ဆိုရင် နောက်ထပ်ဂီယာ နှစ်ချက်လောက် အရှိန်မြှင့်ပြီး ကစားနိုင်ပါလိမ်မယ်..။ တော့တင်ဟမ် အသင်းဘက်မှာတော့ အဲဒီလိုနောက်ထပ်တစ်ဆင့် ထပ်မြှင့်ကစားနိုင်မယ့် အရန်ကစားသမား အင်အားမျိုး ရှိမနေခဲ့ပါဘူး..။ ဒါ့အပြင် ဒီနေ့ပွဲမှာ သူတို့အသင်း ရရှိခဲ့တဲ့ အခွင့်အရေးတွေထဲမှာ ချယ်လ်ဆီးအသင်းရဲ့ ပေါ့ဆမှု၊ အမှားအယွင်းတွေကြောင့် ရရှိခဲ့တဲ့ အခွင့်အရေးတွေက ပိုများခဲ့ပါတယ်..။
ဂျေမီ ရက်ဒ်နပ် - ဒါပေါ့..။ နှစ်သင်းရဲ့ အရန်ခုံပေါ်က ကစားသမားတွေကို ကြည့်မယ်ဆိုရင်လည်း တွေ့နိုင်တာပဲလေ..။ တော့တင်ဟမ် အသင်းမှာ အရန်ခုံကဝင်လာပြီး အသင်းကိုပိုကောင်းလာအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်လို့ရနိုင်မယ့် ကစားသမား ဘယ်နှစ်ယောက်များ ရှိလို့လဲ..? ဒီနေပွဲမှာဆိုရင် ချယ်လ်ဆီးဟာ အန်ဂိုလို ကန်တေး၊ သီယာဂို ဆေးလ်ဗား တို့လို ကစားသမားတွေကို အရန်ကစားသမားတွေထဲမှာ ထည့်ထားခဲ့တဲ့အပြင် ဇီးယက်ခ်ျ၊ ပူလီဆစ် တို့တောင် ဝင်ပြီးမကစားခဲ့ပါဘူး..။ ဒ့ါကြောင့် နှစ်သင်းစလုံးရဲ့ ကစားသမားအင်အားချင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အတော်လေးကို ကွာခြားပါတယ်...။
ဒီနေ့ပွဲရဲ့စပါးအသင်းမှာ ဆွန် ဟောင်မင်၊ အဲရစ်ခ် ဒိုင်ယား၊ ရိုမဲရိုး တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး..။ ဒါ့ကြောင့်သူတို့ဟာ အဓိက ကစားသမားတစ်ချို့ မပါဝင်နိုင်ခဲ့ပေမယ့် ရှိတဲ့ကစားသမားတွေနဲ့ပဲ အကောင်းဆုံး ကစားနိုင်ခဲ့တာဟာ ကျေနပ်စရာလို့ ပြောနိုင်ပါမယ်..။ ဒါပေမယ့် အဲဒီအချက်ကိုက သူတို့နှစ်သင်းရဲ့ကြားက ကွာခြားချက်ကို ထင်ဟပ်စေခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ လက်ရှိဥရောပ ချန်ပီယံအသင်းပါ..။ တော့တင်ဟမ် အသင်းကတော့ အဲဒီလိုထိပ်တန်းအဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးစားနေဆဲ အဆင့်မှာပဲ ရှိနေပါတယ်..။ ဒ့ါကြောင့်သူတို့ဟာ အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ငွေကြေးအမြောက်အမြား သုံးစွဲပြီး အန်တိုနီယို ကွန်တီ ကို ထောက်ပံ့ပေးလိမ့်မယ်..၊ အဲဒီလိုနည်းအားဖြင့် ပိုမိုတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်လာမယ်လို့ မျှော်လင့်မိတာပါပဲ..။ ဒါပေမယ့် အချိန်တစ်ခုတော့ ပေးရပါလိမ့်မယ်…။
လော်ရာ ဝုဒ် - ဒီနေ့ပွဲစဉ်အပြီးမှာ နည်းပြ သောမတ်စ် တူခယ်လ် ဟာ ပြိုင်ပွဲစုံ အကြိုဗိုလ်လုပွဲအဆင့် (၉) ကြိမ် ယှဉ်ပြိုင်ခဲ့ရာမှာ (၉) ကြိမ်စလုံး အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲစဉ် အောင်မြင်မှု (၁၀၀%) ရာခိုင်နှုန်းပြည့် ဆိုတဲ့ မှတ်တမ်းကောင်းတစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်ရှင့်..။ တကယ့်ကို ထူးခြားလှတဲ့ မှတ်တမ်းကောင်းတစ်ခုလို့ သတ်မှတ်ရမှာပဲ.. ဂျေမီ ရေ… ဟုတ်တယ်မလားရှင့်..
ဂျေမီ ရက်ဒ်နပ် - သောမတ်စ် ဟာ အကောင်းဆုံးဆိုတဲ့ မန်နေဂျာတွေထဲမှာတောင် တကယ့်ထိပ်တန်းအလွှာ (eilite) စာရင်းဝင်ပါ..။ အခုလက်ရှိ ချယ်လ်ဆီးအသင်းမှာ ကစားသမားတွေကလည်း သူ့အတွက် အကောင်းဆုံး ကြိုးစား၊ ကစားပေးနေကြတဲ့အပြင် သူဟာလိုအပ်လာတဲ့အချိန်တွေမှာ ကစားကွက်၊ နည်းစနစ် အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ ပြုလုပ်ရဲပါတယ်..။ သူဟာအခုနောက်ပိုင်း ပွဲစဉ်တွေမှာ ပုံမှန်ကစားနေကျ ‘three at the back’ ကစားကွက်ပုံစံအစား back four နဲ့ ၄- ၄- ၂ ကစားကွက်ကို ပြောင်းလဲသုံးစွဲနေခဲ့တာ တွေ့ရပါတယ်..။ အသင်းမှာရှိနေတဲ့ ကစားသမားတွေကို အကောင်းဆုံး အသုံးချနိုင်သလို အသင်းမှာရှိနေတဲ့ ကစားသမားတိုင်းဟာ အရေးပါတဲ့ ကစားသမားတွေဖြစ်တဲ့လို့ သူတို့ကိုယ်တိုင် ခံစားနေရအောင် စွမ်းဆောင်ပေးနိုင်စွမ်း ရှိတဲ့သူ ဖြစ်ပါတယ်..။
တကယ်တော့ ကျွန်တော်တို့ အင်္ဂလိပ်ဘောလုံးလောကကို သူ့လိုအရည်အသွေးမြင့် မန်နေဂျာတစ်ယောက် ရောက်ရှိလာတာဟာ ကံကောင်းတာပါပဲ..။ ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့စွမ်းဆောင်မှုတွေ အရမ်းကို ကောင်းမွန်ခဲ့ပေမယ့် ဒီလိုအကောင်းဆုံး ကစားသမားတွေနဲ့ ပြင်သစ်လိဂ်ပြိုင်ပွဲ အနိုင်ရဖို့ဆိုတာ ဘာမှထူးဆန်းတဲ့အရာ မဟုတ်ဘူး.. ဆိုတဲ့ ယူဆချက်တွေ ရှိနေခဲ့ပါတယ်..။ ဒါ့ကြောင့်သူတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်မစွဲခဲ့တဲ့အပေါ် တူခယ်လ် ကို အားမရခဲ့ပါဘူး..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း သူ့ရဲ့စွမ်းဆောင်ခဲ့မှုတွေဟာ တကယ့်ကို အပြစ်ပြောစရာ သိပ်မရှိလှဘူးဗျ..။ သောမတ်စ် တူခယ်လ် ဟာ ထိပ်တန်းမန်နေဂျာ တစ်ယောက်ပါ..။
လော်ရာ ဝုဒ် - ဟုတ်ကဲ့ပါရှင့်..။ ထိပ်တန်းအသင်းတွေဟာ Carabao ဖလားပြိုင်ပွဲမျိုးကို တကယ့်အကောင်းဆုံး.. ဆိုတဲ့အဆင့်ကို တက်လှမ်းနိုင်ဖို့ လေ့ကျင့်ကွင်း၊ စပရိန်ဘုတ်အနေနဲ့ သဘောထားခဲ့ပြီး ဒီလိုပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဆင့် ရောက်ရှိအောင် ကြိုးစားတယ်..၊ အနိုင်ရရှိအောင် ကြိုးစားပြီး အောင်ပွဲဆာလောင်စိတ် သွတ်သွင်းပေးတယ်..။ နောက်ပြီးမှ အဲဒီအင်အားကို အရယူပြီး ဒီထက်ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိအောင် နောက်တစ်ဆင့်တက် ကြိုးစားကြပါတယ်..။ အတိတ်ကာလတုန်းက ဟိုဆေး မော်ရင်ဟို၊ အခုဒီဘက်ခေတ်မှာ ဂွာဒီယိုလာ တို့ရဲ့ မန်ချက်စတာ စီးတီး အသင်းတွေဟာ အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် ရယူသွားခဲ့တာပါ..။ ဒ့ါကြောင့်အခု ရရှိခဲ့တဲ့ အောင်မြင်မှုဟာ ချယ်လ်ဆီအသင်းအတွက် ဘယ်လောက် အကျိုးရှိလိမ့်မယ်လို့ ခန့်မှန်းမိလဲ.. အက်ရှ် ရေ..
အက်ရှ်လေ ကိုးလ် - အသင်းတစ်သင်းဟာ ရရှိထားတဲ့ အောင်ပွဲအရှိန်အဟုန်တွေကို ဆက်လက်ထိန်းသိမ်း သွားနိုင်ဖို့ အရေးကြီးပါတယ်..။ ဒါ့အပြင်အခုလို ဖလားပွဲစဉ်တွေဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့် သိပ်မရသေးတဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု၊ ပွဲကစားခွင့်အတွက် အရေးကြီးပါတယ်..။ ပရီးမီးယားလိဂ်ပွဲတွေဟာ ကြမ်းတမ်းပြီး တောင်းဆိုမှု များပြားတာကြောင့် ဘောလုံးရာသီ အရှည်ကြီးအတွင်းမှာ ကစားသမားတိုင်းကို တစ်ချိန်မဟုတ်တစ်ချိန်မှာ လိုအပ်လာနိုင်ပါတယ်..။ ဒ့ါကြောင့်အခုလို ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိနိုင်အောင် ကြိုးစားခြင်းဖြင့် ကစားသမားတွေရဲ့ ပွဲကစားခွင့်နဲ့ စိတ်ကျေနပ်မှုရရှိဖို့ကိုပါ စီမံခန့်ခွဲပြီး ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်..။
လော်ရာ ဝုဒ် - ပြီးခဲ့တဲ့လတွေအတွင်းမှာ ချယ်လ်ဆီးအသင်းဟာ ပွဲကျပ်ကာလအပြင် ဒဏ်ရာပြဿနာ၊ ကိုဗစ်ရောဂါပိုး ကူးစက်မှု ပြဿနာတွေနဲ့ အတော်လေးကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပါ…။ ဒ့ါကြောင့်အခုလာမယ့် စနေနေ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ဟာ သူတို့အသင်းရဲ့ အခုနှစ်ဘောလုံးရာသီအတွက် ဘယ်လောက်တောင် အရေးကြီးလိမ့်မလဲ..? ဂျေမီ ရေ..
ဂျေမီ ရက်ဒ်နပ် - အားးး.. သိပ်အရေးကြီးတာပေါ့..။ သူတို့ဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ပွဲပြီးရင် ဘရိုက်တန်အသင်းနဲ့ ဒုတိယအကျော့ ပွဲစဉ်ကိုလည်း ယှဉ်ပြိုင်ရပါဦးမယ်..။ ကျွန်တော်ဟာ သူတို့အသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပထမအကျော့ပွဲကို ကြည့်ခဲ့ရပါသေးတယ်..။ အဲဒီနေ့တုန်းက ဘရိုက်တန်အသင်းဟာ အတော်လေး ခြေစွမ်းကောင်းမွန်ခဲ့သလို ပွဲပြီးခါနီးမှာ ချေပဂိုးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်အခုလာမယ့်ပွဲစဉ်တွေဟာ ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ဘောလုံရာသီအတွက် တကယ့်လမ်းဆုံလမ်းခွဲ (cross road) မှာ ရောက်နေတယ်လို့ ပြောရမှာပါပဲ..။ ဒီပွဲတွေရဲ့ရလဒ်အပေါ် မူတည်ပြီး မန်နေဂျာဟာ ဘယ်လိုလမ်းကြောင်းကို ရွေးချယ်ရမလဲ စဉ်းစားရပါတော့မယ်..။
ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်နဲ့ပွဲမှာ နှစ်ဂိုးရှုံးနေခဲ့ပေမယ့် အနိုင်မခံ၊ အရှုံးမပေးတဲ့စိတ်နဲ့ အကောင်းဆုံး တုံ့ပြန်ပြနိုင်ခဲ့သလို သူတို့အသင်းရဲ့ အရည်အသွေးကိုလည်း ပြသနိုင်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ အဲဒီလီဗာပူးလ် အသင်းနဲ့ပွဲဟာ သူတို့အတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ အလှည့်အပြောင်း ဖြစ်ခဲ့တယ်လို့ ပြောချင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်ကာလဟာ သူတို့တွေ ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတာဆိုတော့ ပျော်ရွှင်စရာကောင်းတဲ့ကာလ မဟုတ်ခဲ့ဘူးဗျ..။ အဲဒီအကြောင်းတွေကို အခုစကားဝိုင်းမှာ ထည့်ပြီးမဆွေးနွေးတော့ပါဘူး..။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီး တော့တင်ဟမ်လို အဓိကမြို့ခံပြိုင်ဘက် အသင်းကို အနိုင်ယူ၊ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဟာ ကျေနပ်စရာလို့ ပြောရမှာပါ..။
ဒါပေမယ့် ဒီနေ့ပွဲအပြီးမှာ သူဟာ အခုအနိုင်ပွဲရလဒ်အပေါ် ကျေနပ်ခဲ့ပေမယ့် သူ့ရဲ့ကစားသမားတွေဆီက အခုထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ အလိုရှိတဲ့အကြောင်း သတင်းစကားပါးခဲ့ပါတယ်..။ ဒါဟာသူ့ကစားသမားတွေဆီကနေ ဒီထက်ပိုပြီး တောင်းဆိုလို့ရနိုင်မှန်း သူသိနေလို့ပေ့ါဗျာ..။ သူ့ရဲ့လက်ရှိ ချယ်လ်ဆီးအသင်းဟာ တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်သလို ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိနေတယ်.၊ လက်ရှိဥရောပချန်ပီယံ အသင်းလည်း ဖြစ်ပါတယ်..။ ဒ့ါကြောင့်သူတို့တွေဟာ လက်ရှိရရှိထားတဲ့ အဆင့်အတန်းထက် ပိုပြီးတိုးတက်အောင် ကြိုးစားရမှာပဲ..။ အဲဒီနေရာမှာ ‘အန်တိုနီယို ရူဒီဂါ’ လို လက်ရှိအသင်းရဲ့ အဓိကကစားသမားတွေကို ဆက်လက်ထိန်းသိမ်း ထားနိုင်ဖို့ဆိုတာ အရေးအကြီးဆုံး အချက်တစ်ခုအနေနဲ့ ပါဝင်တာပေ့ါဗျာ...။ ဒီနေ့ပွဲရဲ့ man of the match ဆုကို ရရှိခဲ့တဲ့ အန်တိုနီယို ရူဒီဂါ ရဲ့ အနာဂတ်အနေအထားကလည်း အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းတာဗျ..၊ အဲဒီအကြောင်း မဆွေးနွေးချင်ဘူးလား.. အက်ရှ်..?
အက်ရှ်လေ ကိုးလ် - မှန်တာပေ့ါဗျာ..။ အန်တိုနီယို ရူဒီဂါ ဟာ ဒီနေ့ပွဲမှာ အထူးခြေစွမ်းပြ နိုင်ခဲ့သလို သူ့လိုအရည်အသွေးပိုင်းမှာရော၊ စိတ်ဓါတ်ပိုင်းအရပါ ကောင်းမွန်ပြည့်စုံတဲ့ ကစားသမား ဖြစ်ပါတယ်..။ ဒါ့အပြင်သူဟာ အဝတ်လဲခန်းထဲမှာ ကစားသမားတွေအပေါ် လွမ်းမိုးမှုပေးနိုင်တယ်..၊ ကွင်းတွင်းကွင်းပြင်ပမှာပါ အသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမား ဖြစ်တာကြောင့် သူ့လိုကစားသမားမျိုးကို အသင်းမှာဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ မဖြစ်မနေ ‘must’ လုပ်ဆောင်ရမယ့်အရာ ဖြစ်ပါတယ်..။ ရူဒီဂါ လို ထိပ်တန်းကစားသမား တစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးခံလို့ မဖြစ်ပါဘူး..။
အန်တိုနီယို ရူဒီဂါ ဆီမှာ တိုက်စစ်ပိုင်း ကူညီမှု၊ ခံစစ်ပိုင်းလုံခြုံစိတ်ချမှု၊ စိတ်ဓါတ်ပိုင်းနဲ့ ခေါင်းဆောင်မှု ပေးနိုင်စွမ်း စတဲ့ ကစားသမားတစ်ယောက် ရှိသင့်တဲ့ စွမ်းရည်အားလုံး ကုံလုံပြည့်စုံနေတယ်..၊ အလုံးစုံ everything ရှိနေပါတယ်..။ သူဟာတစ်ယောက်ချင်း ကျော်ဖြတ်ခံရတာကို လုံးဝမနှစ်သက်သလို သူ့ရဲ့ဖျက်ထုတ်မှုတွေဟာ အရမ်းကိုအားပါတယ်.,၊ ရဲရင့်ပါတယ်…။ ဒါ့အပြင်ပွဲကစားချိန်မှာ သူ့ရဲ့စိတ်အားထက်သန်မှု၊ အသင်းသားတွေနဲ့ ပတ်သက်လာရင် လုံးဝဆပ်ဆပ်ထိမခံ တုံ့ပြန်မှုတွေကြောင့် ချယ်လ်ဆီးပရိသတ်တွေကလည်း သူ့ကိုအရမ်းသဘောကျ နှစ်သက်ကြပါတယ်..။
ဂျေမီ ရက်ဒ်နပ် - မှန်ပါတယ်..။ သူဟာအစားထိုးနိုင်ဖို့ ရှားပါးလှတဲ့ ထိပ်တန်းနောက်ခံလူ တစ်ယောက်ပါ..။ ဒီနေ့ပွဲမှာ ပင်နယ်တီပေးခဲ့ရတဲ့ ပယ်ရီ ဟွိုင်းဘတ် ကို ဖျက်ထုတ်မှုကတော့ ညံ့ဖျင်းခဲ့တယ်လို့ ပြောနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ရူဒီဂါ ဟာ ဗဟိုနောက်ခံလူ ဆိုပေမယ့်လျှင်မြန်တဲ့ ကစားသမား ဖြစ်တာကြောင့် အခုလိုအသေ ပစ်ဝင်လိုက်မယ့်အစား ဟွိုင်းဘတ် ဘောလုံးဆွဲထွက်မယ့် လမ်းကြောင်းဘက်ကို မျောပြီးလိုက်သွားလို့ ရတာကြောင့်ပါ..။ တကယ်လို့ VAR သာ မရှိခဲ့ဘူးဆိုရင် ပင်နယ်တီ ပေးခဲ့ရမယ်..၊ ဒါမှမဟုတ် last defender အနေနဲ့ အနီကတ်ဒ် ထိခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်း အရမ်းကိုနစ်နာ သွားမှာပါ..။
ဒါပေမယ့် သူဟာ အက်ရှ် ပြောခဲ့သလို ချယ်လ်ဆီးအသင်းအတွက် မဖြစ်မနေ ရအောင်ထိန်းထားရမယ့် ကစားသမားပါ..။ အခုသူနဲ့ဆွေးနွေးမှုတွေ ဘယ်လိုအခြေအနေရှိလဲ.. ကျွန်တော်မသိပါဘူး..။ နောက်ပြီးခုနက ခင်ဗျားပြောသလိုပေ့ါ.. လက်ရှိအနေအထားမှာ သူ့ရဲ့ခြေစွမ်းကြောင့် ဥရောပမှာရှိတဲ့ အသင်းကြီးတိုင်းက သူ့ကိုလိုချင်နေကြပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့အနာဂတ်အနေအထားနဲ့ ပတ်သက်ရင် ခင်ဗျားက ကျွန်တော့်ထက် ပိုပြီးသိပါလိမ့်မယ်…
အက်ရှ်လေ ကိုးလ် - No.. ကျွန်တော်လည်း ခင်ဗျားတို့ထက်ပိုပြီး ဘာမှမသိထားပါဘူး..။ ဒါ့ကြောင့်သူ့ရဲ့ အနေအထားကို ဆွေးနွေးရတာ အတော်ခက်ခဲပါတယ်..။ ချယ်လ်ဆီးအသင်းကို အပြစ်ပြောရအောင် ဆိုရင် သူတို့တွေဆွေးနွေးခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ..? ဆွေးနွေးခဲ့တဲ့ အခြေအနေတွေ ဘယ်လိုရှိနေလဲ.? ကျွန်တော်တို့ အသေးစိတ် သိမနေခဲ့ပါဘူး.။ ဒါပေမယ့် အပြင်ပန်းကနေ ကြည့်မယ်ဆိုရင် အန်တိုနီယို ဟာ ကျွန်တော်တို့ဆီကို စပြီးရောက်ရှိကတည်းက အသင်းအတွက် အစွမ်းကုန်ပေးဆပ်ခဲ့တဲ့ ကစားသမား တစ်ယောက်ဆိုတာ အငြင်းပွားစရာမရှိပါဘူး..။ ဒ့ါကြောင့်သူဆက်ပြီး ရှိနေဖို့ လိုအပ်ပါတယ်..။
သူနဲ့သီယာဂို ဆေးလ်ဗား တို့ဟာ အသင်းမှာရှိနေတဲ့ လူငယ်ကစားသမားတွေကို နောက်ထပ်တစ်ဆင့်မြင့် အဆင့်တွေဆီ ဦးဆောင်မောင်းနှင် ပေးရပါဦးမယ်..။ ကျွန်တော်ကတော့ ချယ်လ်ဆီးကစားသမား တစ်ယောက်အနေနဲ့၊ ချယ်လ်ဆီးပရိသတ် တစ်ယောက်အနေနဲ့ သူဆက်ပြီးရှိနေဖို့ လိုအပ်တဲ့အကြောင်း ပြောကြားရင်း ဒီကနေတဆင့် တောင်းဆိုလိုက်ချင်ပါတယ်..။
လော်ရာ ဝုဒ် - ကဲ.. ဟုတ်ကဲ့ပါ..။ အခုလိုဆွေးနွေး ပေးကြတဲ့အတွက် ကျေးဇူးပါပဲရှင့်..။ ကျွန်မတို့ဟာ နောက်ရက်မှာကျရင် ယှဉ်ပြိုင်ကြမယ့် လီဗာပူးလ်နဲ့ အာဆင်နယ် အသင်းတို့ရဲ့ အကြိုဗိုလ်လုပွဲစဉ်ကို ထပ်မံရှုစားရင်း ဘယ်အသင်းကတော့ဖြင့် ဝင်ဘလေကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ ဆုံတွေ့ခွင့်ရမလဲ မကြာခင်မှာ မြင်တွေ့ရကြမှာပါ..။ အဲဒီအချိန်မတိုင်ခင်အထိကတော့ သောမတ်စ် တူခယ်လ် ဟာ ချယ်လ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူပြီးနောက်ပိုင်း Carabao ဖလားပြိုင်ပွဲဟာ သူ့အတွက် တတိယမြောက် ဆုဖလား ဖြစ်လာမလား ဆိုတာ သိရှိရဖို့ ဝင်ဘလေကွင်းကနေ စောင့်ဆိုင်းနေပြီဖြစ်တဲ့အကြောင်း တင်ဆက်ရင်း ကျွန်မတို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်..။ မကြာခင်မှာ ပြန်ဆုံကြတာပေ့ါရှင့်…