ချန်ပီယံလိဂ်ပြိုင်ပွဲ၊ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက လိုင်လီအသင်းအား စတန်းဖို့ဒ် ဘရစ်ခ်ျကစားကွင်းတွင် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံ သွင်းဂိုးများနှင့် ခြေစွမ်းပြနိုင်ခဲ့သော ကစားသမားများ၏ သုံးသပ်ချက်များကို ချယ်လ်ဆီးအသင်း တောင်ပံလူဟောင်း ဂျိုး ကိုးလ်၊ ချယ်လ်ဆီးအမျိုးသမီးအသင်း ကွင်းလယ် ကစားသမားဟောင်း အယ်နီ အယ်လူကို နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန် တို့က BT Sports ရုပ်သံဌာန၏ သုံးသပ် စကားဝိုင်းအစီအစဉ်မှတဆင့် ယခုလိုပြောကြားခဲ့သည်..။
ဂျိတ်ခ် ဟမ်းဖရေး - အခုဆိုရင် နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေ မပြီးဆုံးသေးပေမယ့် ချယ်လ်ဆီးအသင်းဟာ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အတော်လေး အလားအလာ ကောင်းသွားခဲ့ပါပြီ...။ ဒ့ါအပြင် ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံအသင်းရဲ့ ပထမဆုံး အိမ်အပြန်ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်း ပြသခဲ့တဲ့ အန်ဂိုလို ကန်တေး ကလည်း ဒီနေ့ကျမှ ထူးထူးခြားခြား အပြုံးပန်းတွေ ဝေနေလို့ပါလားဗျ.. ဂျိုး ရေ..
ဂျိုး ကိုးလ် - ဒီနေ့ပွဲမှာ အန်ဂိုလို ကန်တေး ရဲ့ခြေစွမ်း အရမ်းကို ကောင်းလွန်းလှပါတယ်…။ အထူးသဖြင့် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာဆိုရင် သူ့ရဲ့တကယ့်ထူးရှယ် ခြေစွမ်းကောင်းတွေ မြင်တွေ့နေရတာ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါတောင် ရှိနေပြီလဲဗျာ..။ ဒီနေ့ပွဲမှာဆိုရင် သူဟာ အသင်းကိုအကောင်းဆုံး ဦးဆောင်၊ မောင်းနှင် နိုင်ခဲ့ပါတယ်..။ အသင်းရဲ့ကစားပုံ သုံးသပ်ရမယ်ဆိုရင် ပထမပိုင်းကစားပုံ နှေးကွေး၊ လေးလံခဲ့ပေမယ့် ဒုတိယပိုင်းမှာ အတော်လေးကို တိုးတက်ခဲ့တယ်ဗျ..။ ဒ့ါကြောင့်လာမယ့် တနင်္ဂနွေနေ့ကျရင် Carabao ဖလား၊ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရဦးမယ့် သောမတ်စ် တူခယ်လ် ဟာ ဒီနေ့ပွဲက အသင်းရဲ့ကစားပုံကို ကျေနပ်မိပါလိမ့်မယ်..။
သူတို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့သလို ကိုင် ဟာဗာ့ဇ် ရဲ့ မနားတမ်း ရွှေ့လျားကစားမှုတွေဟာ လိုင်လီအသင်း ခံစစ်ကြောင်းကို အလုပ်ရှုပ်စေခဲ့ပါတယ်..။ ခရစ်စ်တီယန် ပူလီဆစ် ကလည်း အရေးပါတဲ့ အနိုင်ဂိုးတစ်ဂိုးနဲ့ အသင်းကို ပံ့ပိုးပေးခဲ့ပြန်ပါတယ်..။ အဲ.. မတ်တီယို ကိုဗာဆစ် နဲ့ ဟာကင် ဇီးယက်ခ်ျ တို့ ဒဏ်ရာရသွားတာပဲ နည်းနည်းဆိုးတယ်ဗျ..။ အထူးသဖြင့် နည်းပြသောမတ်စ် တူခယ်လ် အနေနဲ့ အသင်းရဲ့ ဒုတိယပိုင်း ကစားပုံအပေါ် ကျေနပ်ပါလိမ့်မယ်..။
ဂျိတ်ခ် ဟမ်းဖရေး - အယ်လီ ရေ.. ဒီနေ့ပွဲက အသင်းရဲ့ကစားပုံကို ခင်ဗျားလည်း ကျေနပ်ရဲ့လား..?
အယ်နီ အယ်လူကို - နှစ်သက်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ ရိုမီလူ လူကာကူ ကို မထည့်ခဲ့ပဲ ကိုင် ဟာဗာ့ဇ် ကို အထောင်တိုက်စစ်မှူးအဖြစ် ဘယ်၊ ညာရွှေ့လျားပြီး ကစားစေခဲ့ပါတယ်..။ သူတို့ဟာ တိုက်စစ်မှူး ရိုမီလူ လူကာကူ မပါဝင်ပဲနဲ့ အနိုင်ရရှိအောင် ကစားနိုင်တယ်ဆိုတာ ထပ်မံပြသခဲ့သလို ဒီနေ့ပွဲမှာ တိုက်စစ် ကစားသမား သုံးယောက်ရဲ့ ရွှေ့လျားကစားပုံတွေဟာ အရင်ပွဲတွေနဲ့ ခြားနားခဲ့ပါတယ်..။ ဒ့ါအပြင် ဒီနေ့ပွဲအပါအဝင် အနိုင်ပွဲတွေဆက်တိုက် ရရှိလာခဲ့ခြင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ရမယ့် ဗိုလ်လုပွဲအတွက် အားတက်စရာပါပဲရှင့်..
ဂျိတ်ခ် ဟမ်းဖရေး - ဒါဆိုရင် တနင်္ဂနွေနေ့ ဗိုလ်လုပွဲကျရင် တိုက်စစ်နေရာမှာ ဘယ်သူ့ကိုထည့်ပြီး ကစားမယ်လို့ ခန့်မှန်းမိလဲ..?
အယ်နီ အယ်လူကို - ကိုင် ဟာဗာ့ဇ် ဟာ ပွဲကြီးပွဲကောင်းတွေမှာ အဆုံးအဖြတ် သွင်းဂိုးတွေ ရယူပေးတတ်တဲ့ ကစားသမား ဖြစ်တယ်လို့ နည်းပြသောမတ်စ် တူခယ်လ် က ပွဲကြိုတွေ့ဆုံခန်းမှာ ချီးမွမ်းသွားခဲ့ ဖူးတာကြောင့် ဂျာမန်တိုက်စစ်မှူးကို ချန်ထားလို့မရဘူး ထင်ပါတယ်..။ ဒါ့အပြင် အဲဒီပြောကြားချက်ဟာ ဘယ်သူ့ကို နေရာပေးမယ်.. ဆိုတဲ့ သူ့ရဲ့အဖြေလည်း ဖြစ်ပါလိမ့်မယ်..။ နောက်ထပ်တစ်မျိုးအနေနဲ့ သူတို့နှစ်ယောက်စလုံးကို တိုက်စစ်မှာ တင်ကစားလို့ ရပါသေးတယ်..။ ချယ်လ်ဆီးအသင်းနဲ့ နည်းပြသောမတ်စ် တူခယ်လ် တို့ဆီမှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်..။ လူကာကူ ဟာ အရန်ခုံမှာပဲဆက်ပြီး ရှိနေပါလိမ့်မယ်လို့ ကျွန်မထင်ပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ဒါဆိုရင် ကျွန်တော်တို့ သွင်းဂိုးတွေကို ပြန်ပြီးသုံးသပ်ကြရအောင်.. ဂျိုး ရေ..
ဂျိုး ကိုးလ် - ပထမပိုင်း (၇) မိနစ်မှာ ကိုင် ဟာဗာ့ဇ် သွင်းယူပေးခဲ့တဲ့ အဖွင့်ဂိုးမှာ ဟာကင် ဇီးယက်ခ်ျ ရဲ့ ထောင့်ကန်ဘော ပေးပို့မှုဟာ သိပ်ကိုလှပတယ်လို့ ရီယို ပြောခဲ့ပါတယ်..။ ဒါပေမယ့် ကိုင် ဟာ အနီးတိုင်ကို လွတ်လွတ်ကျွတ်ကျွတ် ပြေးဝင်၊ ခေါင်းတိုက်နိုင်ဖို့ နေရာလွတ်တွေ ရခဲ့တာကိုးဗျ..။ သူ့ရဲ့ခေါင်းတိုက်ချက်ဟာ သေသပ်ခဲ့သလို အကြိမ်ကြိမ်အခါခါ လေ့ကျင့်ခဲ့တဲ့ ဇာတ်တိုက်အကွက်လို့ ပြောရမှာပါပဲ..။
ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်းမှာ သူက ပွဲကြီးပွဲကောင်းတွေမှာ ပိုပြီးကုသိုလ်ကံကောင်းတတ်တယ်လို့ ပြောခဲ့ပါတယ်.။ တစ်ချို့ကစားသမားတွေဆီမှာ အဲဒီလိုထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိနေတတ်သလို ကိုင် ဟာဗာ့ဇ် ဟာ တကယ့်ပွဲကြီးတွေမှာ အဆုံးအဖြတ်သွင်းဂိုးတွေ၊ ပေးဆပ်မှုတွေနဲ့ အသင်းကို အကောင်းဆုံး ပံ့ပိုးခဲ့ပါတယ်..။ ဒ့ါကြောင့်အ တကယ့်အဆုံးအဖြတ် ပွဲကြီးတွေ၊ ဖလားဗိုလ်လုပွဲတွေမှာ အသင်းရဲ့ လူစာရင်းပွဲထုတ်ဆိုရင် သူ့ကိုအရင်ဆုံးထည့်သွင်းဖို့ မန်နေဂျာက စဉ်းစားတော့မှာပါပဲ..။ သူဟာစိန်ခေါ်မှုတွေကို မကြောက်မရွံ့ ရင်ဆိုင်ရဲတဲ့ သတ္တိအပြည့်ရှိသလို ဖိအားတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်၊ တုံ့ပြန်တတ်တဲ့ ဂျာမန်သွေးကလည်း အပြည့်အ၀ ရှိနေသေးဗျာ..။
ဂျိတ်ခ် ဟမ်းဖရေး - ရီယို ရေ.. ကိုယ့်ရဲ့အသင်းမှာ အဲဒီလို အရေးအကြောင်း၊ မိုးထဲရေထဲကျရင် အသင်းကို ဆွဲတင်ပေးမယ့် big game player တွေ ရှိနေတဲ့ ခံစားချက်ကို ပြောပြနိုင်မလား..?
ရီယို ဖာဒီနန် - သူတို့လို ကစားသမားတွေဟာ အသင်းသားတွေရဲ့ ယုံကြည်မှုကို ပိုပြီးမြင့်တက်စေပါတယ်..။ တကယ်တော့ အဲဒီလိုပွဲကြီးပွဲကောင်းတွေ၊ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ အခြေအနေတွေ၊ ကြိုတင်မပြင်ဆင်ထားနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်..။ အဲဒီလိုအချိန်မျိုးမှာ ပွဲအဖြေကို အပြောင်းအလဲ ပြုလုပ်နိုင်တဲ့ big game player ကစားသမားတွေကို အားကိုးရတာပါပဲ..။ ချယ်လ်ဆီးအသင်းမှာ ကိုင် ဟာဗာ့ဇ် ဟာ အဲဒီလိုကစားသမားမျိုး ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာတကယ့်ပွဲကြီးပွဲကောင်းတွေမှာ အသင်းအတွက် အဆုံးအဖြတ် အခိုက်အတန့်တွေကို အကြိမ်ကြိမ်အခါခါ ဖန်တီးပေးခဲ့ပြီး ဖြစ်ပါတယ်..။ အခုဆိုရင် ယုံကြည်မှုလည်း ပိုပြီးရလာပြီ ဖြစ်တာကြောင့် ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ကိုင် ဟာဗာ့ဇ် ကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရကြမှာပါ..။
သူ့ရဲ့ကစားပုံကို ကြည့်ရတာ အရမ်းကိုခန့်ညားပြီး သေသပ်လှပပါတယ်..။ ဒါ့အပြင် သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာ ထက်မြက်တယ်..၊ သေချာမှုတွေ မြင်တွေ့နေရပါတယ်..။ သူဟာအခုမှ လူငယ် ကစားသမား တစ်ယောက်ပဲ ဖြစ်သေးတာကြောင့် ဒီထက်အတွေ့အကြုံတွေ အများကြီးရလာမယ်ဆိုရင် နောက်ထပ်တောက်ပဦးမယ့် နှစ်တွေအများကြီး ကျန်ရှိနေပါသေးတယ်..။ ဒါတောင်မှ သူဟာပွဲကြီးပွဲကောင်းတွေမှာ အဆုံးအဖြတ် အခိုက်အတန့်တွေ စတင်ဖန်တီး ပေးနိုင်နေပါပြီ..။
ဂျိတ်ခ် ဟမ်းဖရေး - ကိုင် ဟာဗာ့ဇ် ရဲ့ တောက်ပလာမှုနဲ့အတူ တစ်ဖက်ကလည်း ရိုမီလူ လူကာကူ ရဲ့ ချယ်လ်ဆီးအသင်းက အနေအထားဟာ သူနဲ့နှိုင်းယှဉ် ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ကိုင် ဟာဗာ့ဇ် ဟာ ပထမပိုင်းမှာတင် ဘောလုံးထိချက် (၂၃) ကြိမ် ရရှိခဲ့ပေမယ့် ရိုမီလူ လူကာကူ ဟာ ပြီးခဲ့တဲ့ စနေနေ့က ခရစ်စ်တယ် ပဲလေ့စ်နဲ့ပွဲမှာ တစ်ပွဲလုံး ဘောလုံးထိချက် (၇) ကြိမ်ပဲ ရရှိခဲ့တာ မဟုတ်လားဗျ..။
ဂျိုး ကိုးလ် - အင်းဗျ… သူ့ရဲ့စတာလင်ပေါင်သန်း (၁၀၀) တန် တိုက်စစ်မှူးဟာ မောပန်းနေခဲ့တာကြောင့် ဒီနေ့ပွဲမှာ အနားပေးထားခဲ့တာပါလို့ နည်းပြသောမတ်စ် တူခယ်လ် က ပြောခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့်လို ပွဲစဉ်မျိုးမှာ အသင်းတိုင်းဟာ အကောင်းဆုံး ကစားသမားတွေကို ပွဲထုတ်ခဲ့ကြတာပါပဲ..။ ဒါ့ကြောင့် ကိုင် ဟာဗာ့ဇ် ဟာ ဒီနေ့ပွဲမှာ သူ့ရဲ့ခြေစွမ်းကို သက်သေပြရမယ့် အခွင့်အရေးဆိုတာ သိနေခဲ့ပါတယ်..။ သူဟာ ‘No.9’ နေရာကနေ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး လိုင်လီအသင်း ဗဟိုခံစစ်မှူး နှစ်ယောက်စလုံးကို အခက်တွေ့စေခဲ့တယ်..၊ သူ့ဆီကို ပေးပို့တဲ့ ဘောလုံးတွေကို အကောင်းဆုံးထိန်းထား နိုင်ခဲ့ပါတယ်..။ သူဟာ တွဲဖက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဟာကင် ဇီးယက်ခ်ျ၊ ခရစ်စ်တီယန် ပူလီဆစ် တို့နဲ့ တွဲဖက်ညီခဲ့သလို ဒီနေ့ပွဲမှာဆိုရင် သူ့ရဲ့ရွှေ့လျားမှုတွေအားလုံး ကောင်းမွန်ခဲ့တာ တွေ့ခဲ့ရတယ်ဗျ..။
ပထမပိုင်းအစမှာတင် အက်ဇ်ပီလီကွဲတား ပေးပို့တဲ့ ညာတောင်ပံ ဖြတ်တင်ဘောကို အနီးကပ် ပိတ်သွင်းခဲ့တဲ့အချိန် သူဟာအခွင့်အရေး ရလာမှာကို ကြိုတင်မြင်ခဲ့တာကြောင့် ရှေ့မှာရှိနေတဲ့ နောက်ခံလူကို ကျော်ဖြတ်ပြီး အချိန်ကိုက်ပြေးဝင်၊ အဆုံးသတ်နိုင်ခဲ့ပါတယ်..။ နောက်ဆုံးထိချက် မမှန်ခဲ့လို့ ဂိုးပေါက်လွဲချော်ခဲ့ပေမယ့် သူ့ဆီမှာ တိုက်စစ်မှူး တစ်ယောက်ရဲ့အမြင်နဲ့ဂိုးဆာလောင်စိတ် ရှိနေတာ တွေ့မြင်ခဲ့ရပါတယ်..။ ဒါ့အပြင် ဒုတိယပိုင်းမှာဆိုရင်လည်း တကယ့်ကို သတ္တိရှိရှိနဲ့ နောက်ခံလူရှေ့က ဘောလုံးကို ဖြတ်ဆွဲသွားပြီး နောက်ခံလူ သုံးယောက်ကို ကျော်ဖြတ် အဆုံးသတ်ခဲ့ပေမယ့် သူ့ရဲ့ကန်ချက်ဟာ အပေါ်ထောင်သွားခဲ့ပါတယ်..။
တကယ်တော့ ပထမပိုင်းမှာ သူ့ရဲ့အဖွင့်သွင်းဂိုးဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံး (၁၆) သင်းအဆင့် ပွဲစဉ်အတွက် အဆုံးအဖြတ်လို့တောင် ပြောလို့ရပါတယ်..။ ဒီဂိုးရလိုက်ကတည်းက ချယ်လ်ဆီးအသင်း အနိုင်ရဖို့ ရာခိုင်နှုန်း များသွားပြီလို့တောင် ကျွန်တော်ပြောချင်ပါတယ်ဗျ..။ ကျွန်တော့်အတွက် ကိုင် ဟာဗာ့ဇ် ရဲ့ အကောင်းဆုံး နေရာဟာ ‘No.9’ နေရာပဲ ဖြစ်ပါတယ်..။ ဒါဟာလူကာကူ အတွက် သိပ်မကောင်းပါဘူး..။
အယ်နီ အယ်လူကို - ဒါပေမယ့် ကိုင် ဟာဗာ့ဇ် ဟာ နေရာစုံ ကစားနိုင်တဲ့ (versality) အားသာချက် ရှိပါတယ်..။ ဒ့ါကြောင့်သူဟာ ‘No.9’ နေရာမှာ ကစားရမှ မဟုတ်ပါဘူး..၊ သူဟာ ဘယ်၊ ညာတိုက်စစ်မှူး နေရာတွေမှာပါ ကစားနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။ ဒီနေ့ပွဲမှာတော့ လူကာကူ ဟာ ပါဝင်ခွင့် မရခဲ့ပါဘူး..၊ သူဟာတစ်နေရာထဲ ကစားနိုင်တာကြောင့် ဖြစ်နိုင်တယ်ထင်ပါတယ်....။ တကယ်လို့ လူကာကူ ကို ပွဲထွက်ခွင့်ပွဲရင် ဟာဗာ့ဇ် ပါလာမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ.. သူ့ရဲ့နေရာစုံ ကစားနိုင်စွမ်းရည်ဟာ ချယ်လ်ဆီးအသင်းကို အများကြီးအကျိုးပြုနိုင်ပါလိမ့်မယ်..။
ဂျိုး ကိုးလ် - ကိုင် ဟာဗာ့ဇ် ရဲ့ ကစားပုံဟာ လီဗာပူးလ် အသင်းက ‘ရော်ဘတ်တို ဖာမီနို’ နဲ့ အတော်လေးကို ဆင်တူတယ်လို့ ကျွန်တော်ထင်ပါတယ်..။ သူတို့တွေဟာ တစ်ချိန်လုံး တစ်ကွင်းလုံးအနှံ့ ရွှေ့လျားကစားနေတာကြောင့် လူကပ်ကစားဖို့ အရမ်းခက်တယ်ဗျ..။
ဂျက်ခ် ဟမ်းဖရေး - ကဲပါ.. ဒုတိယအနိုင်ဂိုးအကြောင်း ဆက်ပြီးဆွေးနွေးကြရအောင်ဗျာ..။ ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ သွင်းဂိုးမှာ ဂိုးသွင်းပေးတဲ့ ကစားသမားအပြင် အဲဒီဂိုးကို ဖန်တီးပေးခဲ့တဲ့ အန်ဂိုလို ကန်တေး ရဲ့ အကြောင်းကိုပါ ကျွန်တော်တို့ ထည့်သွင်းဆွေးနွေးမှ ပြည့်စုံပါလိမ့်မယ်..။ အယ်နီ ရေ.. ‘အန်ဂိုလို ကန်တေး’ လို့ ဆိုလိုက်တာနဲ့ ခင်ဗျားရဲ့မျက်နှာကြီးဟာ ပြုံးလို့၊ ရွှင်လို့ပါလားဗျ… ဟားဟား..
အယ်နီ အယ်လူကို - မှန်ပါတယ်..။ သူ့ရဲ့ကစားပုံကို ကျွန်မအရမ်း သဘောကျပါတယ်…ဟားဟား..။ သီယာဂို ဆေးလ်ဗား ရဲ့ ပေးပို့မှုကတဆင့် သူဟာတစ်ချက်ထဲနဲ့ ဆွဲထွက်ပြီး လိုင်လီအသင်းရဲ့ ကွင်းလယ်တစ်ခုလုံးကို ကျော်ဖြတ်ခဲ့ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် သူဟာမြန်ဆန်တဲ့အရှိန်နဲ့ ကွင်းလယ်ကနေ ဘောလုံးနဲ့အတူ ဆွဲထွက်ရင်း အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကို ဦးဆောင်၊ တိုက်စစ်လမ်းကြောင်း ဖော်နိုင်ခဲ့ပါတယ်..။ နောက်တော့ ဂိုးဧရိယာထိပ်ကို ရောက်တဲ့အချိန် ဘေးကနေ ပြေးတက်လာတဲ့ ပူလီဆစ် ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ပေးပို့နိုင်မယ့်အချိန်ကို စောင့်နေခဲ့တယ်ရှင့်..။
အဲဒီသွင်းဂိုးမရခင် ကန်တေး ဆွဲတက်လာတဲ့ အခိုက်အတန့်မှာ ခရစ်စ်တီယန် ပူလီဆစ် နဲ့ ကိုင် ဟာဗာ့ဇ် တို့ရဲ့ နေရာယူပုံတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်..။ ကန်တေး ဟာ ‘No.9’ တိုက်စစ်မှူး ရှိရမယ့် နေရာဆီကို ပြေးဝင်ခဲ့တာ ဖြစ်သလို ကိုင် ဟာဗာ့ဇ် နဲ့ ပူလီဆစ် တို့ နှစ်ယောက်စလုံးဟာ ညာဘက်နဲ့ ဘယ်ဘက်ဆီ အသီးသီးဖြန့်ပြီး နေရာယူကြပါတယ်..။ တကယ်လို့ လူကာကူ သာ ပါခဲ့မယ်ဆိုရင် အခုကန်တေး ပြေးဝင်မယ့်နေရာမှာ ရှိနေမှာ ဖြစ်တဲ့အတွက် အဲဒီသွင်းဂိုးဟာ ချယ်လ်ဆီး တိုက်စစ်မှူးတွေရဲ့ ခြားနားတဲ့ အတွဲအစပ်၊ ကစားပုံတွေကို ပြသနေတာလို့ ပြောနိုင်မှာပဲရှင့်..။
ရီယို ဖာဒီနန် - မှန်ပါတယ်..။ အဲဒီသွင်းဂိုးဟာ ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ပါတယ်..။ ဒါပေမယ့် လိုင်လီနောက်ခံလူ ဖွန်တီ ရဲ့ နေရာယူပုံဟာ ပူလီဆစ် သွင်းယူနိုင်ဖို့ ပိုပြီးလွယ်ကူစေခဲ့ပါတယ်..။ တကယ်လို့ ဟိုဆေး ဖွန်တီ သာ အခုပူးတွဲပုံ (ပုံ- ၁) မှာ မြှားထားတဲ့နေရာ အနီးနားဝန်းကျင်မှာ ရှိနေမယ်ဆိုရင် ခုနက ခင်ဗျားပြောခဲ့သလို ကန်တေး ဟာ ပြေးတက်လာတဲ့ ပူလီဆစ် ရဲ့ ပြေးလမ်းထဲကို လွယ်လွယ်ကူကူ ခင်းပေးလို့ ရမှာမဟုတ်ပါဘူး..။
ဒါပေမယ့် ဖွန်တီ ဟာ အခုအောက်က တွဲဖက်နောက်ခံလူ ဘော့တ်မန်း ဘက်ကို အကာအကွယ် ပေးချင်စိတ် ပိုပြီးများနေတာကြောင့် သူ့ရဲ့အရမ်းကပ်လွန်း နေခဲ့ပါတယ်..။ ဒ့ါကြောင့် ပူးတွဲပုံ (ပုံ- ၂) မှာ ပြထားသလို ပူလီဆစ် ရဲ့ရှေ့မှာ နေရာလွတ်အကြီးကြီး ပေါ်လာခဲ့တာပါ..။
ဂျိုး ကိုးလ် - အေးဗျ.. ပွဲကြည့်နေရင်း ခင်ဗျားလှမ်းပြီး အော်လိုက်တာ ကြားမိလိုက်သေးတယ်..။ ဖွန်တီ ဟာ ဘာကြောင့် အဲဒီလို အတွင်းဘက်ကို အရမ်းပြေးဝင်ခဲ့တာလဲဗျ..။ သူဘာတွေ စဉ်းစားနေခဲ့လဲ မသိဘူး...
ရီယို ဖာဒီနန် - ကျွန်တော်လည်း မပြောတတ်ဘူးဗျ..။ ဒါပေမယ့် သူဟာ ဘယ်ဘက်ကနေ ခရစ်စ်တီယန် ပူလီဆစ် ပြေးတက်လာတာကို မမြင်မိတာ ဖြစ်ပါလိမ့်မယ်..။ ဒ့ါကြောင့် ကန်တေး ဟာ ဗဟိုနောက်ခံလူ ဘော့တ်မန်း ကို ကျော်ဖြတ်ပြေးဖို့ ကြိုးစားလိမ့်မယ်လို့ ယူဆခဲ့ပုံရပါတယ်..။ အဲဒီအတွက် သူ့ရဲ့တွဲဖက် နောက်ခံလူကို ကူညီရအောင် အတွင်းဘက်ကို ပြေးဝင်ခဲ့တာပဲ ဖြစ်မှာပါ..။
ကျွန်တော်တို့လို ဗဟိုနောက်ခံလူတွေအနေနဲ့ ပြိုင်ဘက်အသင်း ကစားသမားတွေ ဘယ်လိုနေရာတွေမှာ ရှိနေတယ်..၊ ဘယ်လိုပုံစံတွေ ပြေးထွက်တတ်တယ်ဆိုတာ ကြိုတင်မှန်းဆနိုင်ဖို့ (awareness) လိုအပ်သလို အန္တရာယ်ကို ကြိုမြင်နိုင်ဖို့ လိုအပ်ပါတယ်..။ ပူလီဆစ် ရဲ့ ကန်သွင်းသွားတဲ့ပုံစံကလည်း သိပ်ကိုသပ်ရပ် လှပပါတယ်..။
နေဦးဗျ.. အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ- ၃) မှာဆိုရင် သူဟာ ဘောလုံးဆွဲလာတဲ့ အန်ဂိုလို ကန်တေး ကိုပဲ အာရုံစိုက်နေခဲ့တာ တွေ့ကြမှာပါ..။ တကယ်တော့ သူ့ရဲ့ညာဘက်မှာ နောက်ထပ်ချယ်လ်ဆီး ကစားသမား တစ်ယောက် ရှိနေသေးတာ သိကိုသိရပါမယ်..။ ဒါပေမယ့် အခုချယ်လ်ဆီး ရသွားတဲ့ သွင်းဂိုးမှာ ဟိုဆေး ဖွန်တီ ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု အနေအထားကို ကြည့်မယ်ဆိုရင် သူဟာပူလီဆစ် ပြေးတက်လာတဲ့ လမ်းကြောင်းကို ကျောပေးထားတာ ဖြစ်တဲ့အတွက် ဘယ်လိုမှမြင်မိမှာ မဟုတ်ပါဘူး..။ ဘယ်ဘက်မှာ ပူလီဆစ် တစ်ယောက်လုံး ရှိနေတာကို သူလုံး၀ သတိပြုမိတဲ့ပုံ မပေါ်ပါဘူး..။
ဒါ့ကြောင့်ချယ်လ်ဆီး အသင်းဘက်က ကြည့်မယ်ဆိုရင် အဲဒီသွင်းဂိုးဟာ သပ်ရပ်လှပတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ပေမယ့် လိုင်လီအသင်းအနေနဲ့ ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ကာကွယ်နိုင်ခဲ့သင့်ပါတယ်..။ တကယ်လို့ ဖွန်တီ သာ အခုသွင်းဂိုးရဲ့ ဗွီဒီယို review ကို ပြန်ကြည့်မယ်ဆိုရင် သူအင်မတန် စိတ်ပျက်မိပါလိမ့်မယ်..။
အယ်နီ အယ်လူကို - ခရစ်စ်တီယန် ပူလီဆစ် ရဲ့ အဆုံးသတ်ကန်သွင်းချက်လည်း အရမ်းကောင်းပါတယ်ရှင့်..။ သူဟာဂိုးသမား လှဲချမယ့်အချိန်ထိစောင့်ပြီးမှ ဂိုးသမားရဲ့အပေါ်ကို side ထည့်ပြီး အသာလေး ဝှိုက်ကန်ခဲ့တာပါ..။ သူ့ရဲ့ထိချက်နဲ့ ဂိုးသမားပေါ် အသာလေး ‘မ’ ပြီး ကန်သွင်းချက်ဟာ သိပ်ကိုလှပသလို အဲဒီသွင်းဂိုးဟာ အင်မတန်မှ မြန်ဆန်လှတဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်ရှင့်..။
ဂျိုး ကိုးလ် - ဂိုးသမားနဲ့ တစ်ယောက်ချင်း ရင်ဆိုင်တွေ့ရတဲ့အချိန်မှာ ဘယ်လိုပုံစံနဲ့ အဆုံးသတ်မယ်ဆိုတာ သင်ကြားပေးလို့ မရပါဘူး..။ အခုရရှိသွားခဲ့တဲ့ သွင်းဂိုးမှာဆိုရင် ဂိုးသမားဆီကို အရှိန်အမြင့်ဆုံး ပြေးဝင်နေရင်း သူလဲချလိုက်မယ့် အချိန်ကျမှ သူ့ရဲ့အပေါ်ကနေ အသာလေး ‘မ’ ပြီး ကန်သွင်းဖို့ဆိုတာ ကြိုတင် စဉ်းစားထားလို့ မရသလို ဇာတ်တိုက်ထားလို့လည်း မရပါဘူး..။ ဒါတွေဟာ တိုက်စစ်မှူး တစ်ယောက်ရဲ့ အလိုအလျောက် အသိစိတ် (instinct) နဲ့ပဲ လုပ်ကိုင်၊ ဆုံးဖြတ်သွားကြရတာပါပဲ..။
ဂျိတ်ခ် ဟမ်းဖရေး - ဒီနေ့လိုပွဲစဉ်မှာဆိုရင် အန်ဂိုလို ကန်တေး ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အကဲဖြတ်ရတာ..၊ ချီးမွမ်းပြောဆိုရတာ အရမ်းကိုလွယ်ကူလှတာပေ့ါဗျာ..။ ဒါပေမယ့် နည်းပြသောမတ်စ် တူခယ်လ် ကတော့ ပွဲပြီးတဲ့အချိန် တွေ့ဆုံခန်းမှာ အန်ဂိုလို ကန်တေး ဟာ အရင်ပွဲတွေမှာ သိပ်ပြီးအားရဖို့ မကောင်းခဲ့တဲ့အကြောင်း ရိုးရိုးသားသား ပြောဆိုသွားခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ဘောလုံးအသင်း မန်နေဂျာ တစ်ယောက်ဆီက အခုလို ရိုးရိုးသားသား ပြောကြားတဲ့စကားတွေကို ကြားချင်နေကြတာ မဟုတ်ဘူးလားဗျ..
ဂျိုး ကိုးလ် - မှန်တာပေ့ါ.. ဒါပေမယ့် မန်နေဂျာတွေဟာ သူတို့ရဲ့ကစားသမားတွေကို အရမ်းအကာအကွယ် ပေးကြလေ့ ရှိပါတယ်..။ ကစားသမားတွေကို လူသိရှင်ကြား ဝဖေန်ခြင်းကြောင့် အသင်းသားတွေကြားမှာ စည်းလုံးမှု ပျက်ပြားမှာ စိုးရိမ်ပုံရပါတယ်..။ သောမတ်စ် တူခယ်လ် ကတော့ ကစားသမားတွေနဲ့ ပတ်သက်ရင် ဘယ်လောက်အတိုင်းအတာထိ အကာအကွယ်ပေးမယ်ဆိုပြီး ပြတ်ပြတ်သားသား ရှိထားပုံ ရပါတယ်..။ ခုနက သူပြောသွားသလိုပါပဲ.. အန်ဂိုလို ကန်တေး ဟာ နောက်ဆုံးနှစ်ပွဲမှာ ခြေစွမ်းသိပ်မကောင်းခဲ့ပါဘူး..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ အရင်တုန်းက အန်ဂိုလို ကန်တေး ကို ကျွန်တော်တို့ ပြန်လည်မြင်တွေ့ခွင့်ရခဲ့တာဟာ ကျေနပ်စရာ မဟုတ်ဘူးလား.. အယ်နီ ရေ..
အယ်နီ အယ်လူကို - အန်ဂိုလို ကန်တေး ဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ဟန်ချက်ကို ထိန်းညှိပေးတဲ့ နေရာမှာ အထူးအရေးပါခဲ့တယ်ရှင့်..။ အထူးသဖြင့် သူဟာခံစစ်ပိုင်းမှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး အသင်းရဲ့ ဗဟိုခံစစ်မှူးသုံးယောက်အတွက် လုံခြုံစိတ်ချမှုကို ပေးစွမ်းနိုင်ပါတယ်..။ ဒါ့အပြင် ဒီနေ့ပွဲမှာဆိုရင် အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေ စတင်ရာမှာလည်း သူဟာ ဘောလုံးလမ်းကြောင်းတွေဖြန့်ဝပြေီး အရေးပါတဲ့နေရာက ပါဝင်ခဲ့တာပါ..။ အကျဉ်းအကျပ်တွေထဲ ရောက်ပြီဆိုရင် ဘယ်လိုလှည့်ထွက်ရမယ်..၊ တွဲလုံးတွေနဲ့ ဘယ်လိုဆွဲထွက် ရမယ်ဆိုတာ ကောင်းကောင်းနားလည်ထားပါတယ်..။ နောက်ပြီးဒီနေ့ပွဲမှာဆိုရင် သူဟာအဝေးဘောတွေ အတော်လေးအသုံးပြုသွားတာ ထူးထူးခြားခြား တွေ့မိခဲ့ပါတယ်ရှင့်..။ အန်ဂိုလို ကန်တေး ဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ဖြစ်ပါတယ်..။
ရီယို ဖာဒီနန် - မှန်ပါတယ်..။ သူသာကြံ့ခိုင်မှု ကောင်းမွန်နေမယ်ဆိုရင် အသင်းရဲ့လူစာရင်းမှာ ဘယ်လိုမှချန်ထားလို့ မရတဲ့ ကစားသမားတစ်ယောက်ပါပဲ..။ အခုဒီနေ့ပွဲမှာဆိုရင် ‘UEFA ရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု’ ကို ထပ်ပြီးရခဲ့ပါတယ်..။ တကယ်တော့ အဲဒီပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမား ဆုတံဆိပ်တွေဟာ သူ့ရဲ့အိမ်မှာ ပြည့်နှက်နေပြီး ထားစရာ နေရာတောင် ရှိတော့မှာ မဟုတ်ပါဘူး.. ဟားဟား..။ မနှစ်က ဘောလုံးရာသီ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ပွဲတိုင်းလိုလို ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုတွေ သိမ်းကြုံးယူခဲ့တာဆိုတော့ သူ့အတွက် ဘာမှတောင် မထူးဆန်းတော့သလို ခံစားရမှာပါ..။
ဂျိုး ကိုးလ် - လွန်ခဲ့တဲ့ (၁၀) နှစ် ကာလအတွင်း ပရီးမီးယားလိဂ်မှာ သူ့လောက်သြဇာကြီးတဲ့ ကွင်းလယ်ကစားသမား မရှိပါဘူး..။ သူဟာတကယ့်ကို ပြီးပြည့်စုံတဲ့ စွယ်စုံရ ကွင်းလယ်ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်..။ လက်စ်တာ အသင်း၊ ချယ်လ်ဆီးအသင်းတွေနဲ့အတူ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ ပါဝင်ခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်တွေကလည်း ကျွန်တော့်ရဲ့ ပြောကြားချက်ကို သက်သေပြနိုင်မှာပါ..။ သူခြေစွမ်းပြခဲ့ပြီဆိုရင် အသင်းအနိုင်ရဖို့ သေချာသလောက် ရှိနေပါပြီ..။
ဂျိတ်ခ် ဟမ်းဖရေး - ကဲ… လာမယ့် ဒုတိယအကျော့အတွက် နည်းနည်းလောက် ကြိုတင်ပြီး ဆွေးနွေးကြည့်ရအောင်ဗျာ..။ လိုင်လီ အသင်းရဲ့ ကစားပုံဟာ ကျေနပ်စရောကောင်းတဲ့ အဆင့်မှာရှိခဲ့ပေမယ့် ဘယ်လိုနေရာမျိုးတွေမှာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ခင်ဗျားထင်မိလဲ..? ရီယို ရေ..
ရီယို ဖာဒီနန် - လာမယ့်ဒုတိယအကျော့ ပွဲစဉ်မှာ လိုင်လီအသင်းအတွက်လည်း အခွင့်အရေး ရှိနေပါသေးတယ်..။ သူတို့အနေနဲ့ တစ်ချို့အသေးစိတ် နေရာလေးတွေမှာပဲ နည်းနည်းပါးပါး အပြောင်းအလဲ လုပ်ရမယ်ထင်ပါတယ်..။ အထူးသဖြင့် သူတို့အသင်းရဲ့ ကွင်းလယ် ကစားပုံ အတော်လေး ကောင်းပါတယ်..။ ဒါပေမယ့် တိုက်စစ်ပိုင်း၊ နောက်ဆုံးအဆုံးသတ် final third ပေးပို့မှုတွေမှာ လိုအပ်ချက်လေးတွေ ရှိနေတာကို သတိထားမိတယ်ဗျ..။ အခုပြထားတဲ့ပုံ (ပုံ- ၄) မှာ အသင့်ပြေးထွက်တော့မယ့် တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ် ရဲ့ ပြေးလမ်းကြောင်းထဲကို ထိုးပေးလိုက်မယ်ဆိုရင် ထိရောက်တဲ့ ထိုးဖောက်မှုတစ်ခု ဖြစ်လာခဲ့မှာပါ..။ ဒါပေမယ့် ကွင်းလယ်က ဘင်ဂျမင် အင်ဒရေး ဟာ စွန့်စားမှု မပြုလုပ်ပဲ ဘေးဘက်မှာ နေရာယူနေတဲ့ ရီနာတို ဆန်ချက်စ် နဲ့ပဲ တွဲပြီးကစားခဲ့ပါတယ်..။
အခုနောက်ထပ် ပြထားတဲ့ပုံ (ပုံ- ၅) မှာဆိုရင်လည်း တစ်ချက်ထိ တွဲလုံးတွေနဲ့ ညာတောင်ပံက လွတ်ထွက်လာတဲ့ ရီနာတို ဆန်းချက်စ် ဟာ တိုက်စစ်မှူးရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ထိုးပေးနိုင်မယ့် အကောင်းဆုံး အခွင့်အရေး တစ်ခုကို ထပ်ပြီးရရှိခဲ့ပြန်ပါတယ်..။ ချယ်လ်ဆီးအသင်း နောက်တန်းက သီယာဂို ဆေးလ်ဗား ဟာ ဒီနေ့မှာလည်း အထူးခြေစွမ်းပြနိုင်ခဲ့ပေမယ့် အဲဒီဘောလုံးသာ အသင့်နေရာယူထားတဲ့ တိုက်စစ်မှူးရဲ့ ပြေးလမ်းကြောင်းထဲကို ထိုးပေးဖြစ်ခဲ့မယ်ဆိုရင် သူလည်းဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး..။ ဒါပေမယ့် အခုတစ်ကြိမ်မှာလည်း ပြီးခဲ့တဲ့အကြိမ်တုန်းကလိုပါပဲ..၊ ရီနာတို ဆန်ချက်စ် ဟာ ချိန်သားကိုက်ပေးပို့မှု မပြုလုပ်နိုင်ခဲ့တာကြောင့် နောက်ထပ်အခွင့်အရေးတစ်ကြိမ် ဆုံးရှုံးခဲ့ရပြန်ပါတယ်..။
တကယ်တော့ ဂျိုနသန် ဒေးဗစ် ဟာ ခံစစ်ကြောင်းရဲ့နောက်ကို ပေးပို့တဲ့ဘောလုံးတွေကို အကောင်းဆုံး အသုံးချနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်သလို နောက်ခံလူတွေနဲ့ တွန်းတွန်းတိုက်တိုက် ဘောလုံးအရယူနိုင်တဲ့ ကြံ့ခိုင်မှုမျိုးလည်း ရှိပါတယ်..။ ဒါပေမယ့် သူ့ဆီကို လုံလောက်တဲ့ ဖန်တီးပေးပို့မှုတွေ မရလာခဲ့ပါဘူး..။ ရီနာတို ဆန်ချက်စ် ဟာ ဒီနေ့ပွဲမှာ ခြေစွမ်းပြနိုင်တယ်လို့ ပြောလို့ရပေမယ့် သူအပါအဝင် လိုင်လီ အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဟာ ထိရောက်တဲ့ တိုက်စစ်ပေးပို့မှုတွေ ဖန်တီးပေးဖို့ထက်စာရင် ဘေးတိုက်ပေး၊ နောက်ပြန်ပေးတွေနဲ့ ဘောလုံးမဆုံးရှုံးရအောင် ဦးစားပေး ကစားနေသလိုပါပဲ..။
ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ..။ လာမယ့်တနင်္ဂနွေနေ့၊ လိဂ်ဖလား ဗိုလ်လုပွဲအကြောင်းလည်း ဆွေးနွေးကြတာပေ့ါ..။ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းဟာ ပုံစံကောင်းတွေ ရရှိနေပေမယ့် အခုလာမယ့်ပွဲဟာ ဗိုလ်လုပွဲ ဖြစ်နေတာနဲ့အညီ သောမတ်စ် တူခယ်လ် ဆီမှာလည်း ဂျာဂင် ကလော့ပ် ရဲ့ အသင်းကို တုံ့ပြန်မယ့် အစီအမံတွေ ရှိနေပါလိမ့်မယ်..။ နောက်ပြီးခင်ဗျားတို့ ချယ်လ်ဆီးအသင်းဟာ ဗိုလ်လုပွဲတွေမှာဆို အရမ်းကို ရင်ဆိုင်ရခက်ခဲတဲ့ အသင်းတစ်သင်း မဟုတ်ဘူးလားဗျ.. ဂျိုး ရေ..
ဂျိုး ကိုးလ် - မှန်ပါတယ်..။ သောမတ်စ် တူခယ်လ် ဆီမှာ ဂျာဂင် ကလော့ပ် ရဲ့ အသင်းကို ရင်ဆိုင်မယ့် အစီအမံကောင်းတွေ ရှိနေမှာပါ..။ ဒ့ါကြောင့်လည်း ဒီနေ့ပွဲမှာ ဂျော်ဂင်ဟို ကို ကျွန်တော်တို့ မမြင်ခဲ့ရသလို မားကို့စ် အလွန်ဆို ကို မိနစ် (၆၀) လောက်ကတည်းက လူစားလဲခဲ့တာဟာ ဗိုလ်လုပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောလည်း ဖြစ်နိုင်..
ဂျိတ်ခ် ဟမ်းဖရေး - ဟေးးး.. ဂျိုး ရေ… ခင်ဗျားရဲ့ အသင်းဟောင်းနှစ်သင်း ရင်ဆိုင်တွေ့တဲ့ပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်မိလဲ..?
ရီယို ဖာဒီနန် - ဟာဗျာ.. သူ့ကိုများ သွားမေးနေသေးတယ်..၊ ‘ချယ်လ်ဆီး’ ပဲ နိုင်မှာလို့ ဖြေမှာပေ့ါ.. ဟုတ်လား..?
ဂျိုး ကိုးလ် - ချယ်လ်ဆီး ပဲ အနိုင်ရမှာပါ..။ ခြေစွမ်းကောင်းတွေ ရနေတဲ့ ဟာကင် ဇီးယက်ခ်ျ ဒဏ်ရာရသွားတာ..၊ မတ်တီယို ကိုဗာဆစ် ရဲ့ ကြံ့ခိုင်မှုအခြေအနေ.. စတဲ့ စိုးရိမ်ရမယ့် အချက်တွေ ရှိနေပေမယ့် ကျွန်တော်ကတော့ ပွဲကန်မယ့်နေ့ကို မစောင့်နိုင်အောင် ဖြစ်နေရတယ်ဗျ..
ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ.. ချယ်လ်ဆီးအသင်းအတွက် နောက်ထပ်ဆုဖလား ထပ်ပြီးဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။ ဒီနေ့ပွဲမှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းခဲ့ကြတဲ့ ရီယို၊ ဂျိုး၊ အယ်နီ တို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားရင်း နောက်လာမယ့်ပွဲတွေမှာ ပြန်ဆုံကြတာပေ့ါ…