FA ဖလားပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းက ခရစ်စ်တယ် ပဲလေ့စ်အသင်းအား ဝင်ဘလေ ကစားကွင်းတွင် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံ၊ ရူဘင် လော့ဖ်တပ်စ် ချိခ် နှင့် မေဆန် မောင့် တို့၏ သွင်းဂိုးများနှင့် ခြေစွမ်းပြနိုင်ခဲ့သော ကစားသမားများအပေါ် သုံးသပ်ချက်များကို ချယ်လ်ဆီးအသင်း တောင်ပံလူဟောင်း ဂျိုး ကိုးလ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားဟောင်း ရွိုင် ကိန်း နှင့် အာဆင်နယ်အသင်း တိုက်စစ်မှူးဟောင်း အီယန် ရိုက် တို့က ITV Sports ရုပ်သံဌာန၏ သုံးသပ် စကားဝိုင်းအစီအစဉ်မှတဆင့် ယခုလိုပြောကြားခဲ့သည်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ ခရစ်စ်တယ် ပဲလေ့စ်အသင်းကို အနိုင်ရရှိပြီး FA ဖလား၊ ဗိုလ်လုပွဲမှာ လီဗာပူးလ် အသင်းနဲ့ယှဉ်ပြိုင်ဖို့ တက်ရောက်သွားခဲ့ပါပြီ..။ ကဲ.. ပထမဆုံးအနေနဲ့ အခုပွဲစဉ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်သင်းစလုံးရဲ့ ခြေစွမ်းအပေါ် အရင်ဆုံးသုံးသပ်ပေးပါလားဗျ.. ဂျိုး ရေ..
ဂျိုး ကိုးလ် - ချယ်လ်ဆီးနဲ့ ခရစ်စ်တယ် ပဲလေ့စ် နှစ်သင်းကြားက ကစားသမား အင်အားကွာခြားချက်က အဓိကကျသွားတယ်လို့ ကျွန်တော်ထင်ပါတယ်..။ မန်နေဂျာ သောမတ်စ် တူခယ်လ် ဆီမှာ သီယာဂို ဆေးလ်ဗား၊ ရိုမီလူ လူကာကူ၊ ဟာကင် ဇီးယက်ခ်ျ တို့လို ကစားသမားတွေကို လူစားဝင် ကစားသမားအဖြစ် ထည့်သွင်းနိုင်ခဲ့တာဟာ ဒီနှစ်သင်းကြားက သိသာထင်ရှားတဲ့ ခြားနားချက်ပါပဲ..။ ဒါ့အပြင် ပထမပိုင်းမှာ အားနည်းခဲ့တဲ့ အသင်းရဲ့ကစားပုံကို ချက်ချင်းအပြောင်းအလဲ ပြုလုပ်နိုင်ခဲ့တဲ့ မန်နေဂျာ တူခယ်လ် ရဲ့ နည်းစနစ်ပိုင်း ညွှန်ကြားချက်တွေကိုလည်း ထည့်သွင်းချီးကျူးသင့်တယ်လို့ ထင်ပါတယ်..။ ဒုတိယပိုင်း စတာနဲ့ ချယ်လ်ဆီးအသင်းဟာ ကစားပုံ မြန်ဆန်လာခဲ့ပါတယ်..။ ကွင်းလယ်က ရူဘင် လော့ဖ်တပ်စ် ချိခ် ဟာ ပဲလေ့စ်အသင်းရဲ့ ကွင်းဘက်ထဲကို ဘောလုံးကိုင်၊ ဆွဲထက်လာခဲ့ပြီး ပထမပိုင်း တစ်ပိုင်းလုံး နှေးကွးနေခဲ့တဲ့ အသင်းရဲ့ကွင်းလယ် ကစားကွက်ကို သွက်လက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်ဗျ..။
ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ အဖွင့်ဂိုးကလည်း ပဲလေ့စ်အသင်း ရရှိခဲ့တဲ့ ထိုးဖောက်မှုတစ်ခုကနေ ပြန်ကျွံထွက်လာတဲ့ ဘောလုံးကနေ သွင်းယူနိုင်ခဲ့တာပါ..။ တကယ်တော့ ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ ဒီလိုပွဲစဉ်မျိုးကို ဘယ်လိုနည်းနဲ့ အနိုင်ရအောင် ယှဉ်ပြိုင်ရမယ်ဆိုတာ ကောင်းကောင်းသိထားပါတယ်..။ ဒ့ါကြောင့်အခုဆိုရင် ကျွန်တော်တို့ အသင်းဟာ အသင်းပိုင်ရှင် အပြောင်းအလဲနဲ့ မသေချာ၊ မရေရာမှုတွေ မျိုးစုံကြားထဲကနေ ပြည်တွင်းဖလား ဗိုလ်လုပွဲစဉ်ကို နောက်ထပ်တစ်ကြိမ် တက်ရောက်နိုင်ခဲ့ပါပြီ..။ အဲဒီအတွက် အသင်းကစားသမားတွေနဲ့ အခုလို အခြေအနေတွေ ကြားထဲမှာ အသင်းကိုဟန်မပျက်အောင် ဦးဆောင်၊ မောင်းနှင်ပေးနေတဲ့ မန်နေဂျာ တူခယ်လ် ကိုလည်း ချီးကျူး၊ ဂုဏ်ပြုရမှာပါ..။
ရွိုင် ကိန်း - မှန်ပါတယ်..။ ဒီလိုပွဲမျိုးမှာ နှစ်သင်းကစားသမားတွေရဲ့ အတွေ့အကြုံ စကားပြောပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ ပွဲအရှိန်မြှင့်လိုက်တယ်..၊ ပဲ့လေ့စ်ဘက်က ဘယ်လိုမှ မထိန်းနိုင်တော့ပါဘူး..။ သူတို့ဟာ ဒုတိယပိုင်း တစ်လျှောက်လုံး တောက်လျှောက် အဖိခံခဲ့ရသလို ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ ဘောလုံးပေးပို့ပုံ၊ စုစည်းမှု ကောင်းမွန်မှုတွေနဲ့ အဆုံးသတ် ဂိုးသွင်းသေချာမှု.. အထူးသဖြင့် ပထမဆုံးဂိုးပေါ့ဗျာ..၊ ဒ့ါအပြင် အရန်ကစားသမား အင်အားတွေကအစ အစစအရာရာမှာ သိသိသာသာ သာလွန်ခဲ့ပါတယ်..။ ပဲလေ့စ်အသင်းရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်၊ ကြိုးစားအားထုတ်မှုအပိုင်း ဘာမှအပြစ်ပြောစရာ မရှိပေမယ့် နှစ်သင်းကြားမှာ အရည်အသွေး ကွာခြားချက် ကြီးမားပါတယ်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - အီယန် ရေ.. ပဲလေ့စ်အသင်းရဲ့ ကစားပုံနဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတွေအကြောင်း သုံးသပ်ပေးပါဦး..
အီယန် ရိုက် - ပဲလေ့စ်အသင်းဟာ ပထမပိုင်းမှာ ချယ်လ်ဆီးကို ကောင်းကောင်းယှဉ်နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ပွဲချိန်အတော်များများ ဖိကစားနိုင်ခဲ့ပေမယ့် ပဲလေ့စ်အသင်း ကစားသမားတွေဟာ အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကို တွေ့မိပါတယ်..။ အထူးသဖြင့် ပဲလေ့စ်အသင်းရဲ့ အဓိက ကစားသမား အစုအဖွဲ့ကို လူငယ်ကစားသမား အများအပြားနဲ့ ဖွဲ့စည်းထားတာကြောင့် နုပျိုတဲ့အသင်း၊ နိုပျိုပြီး အတွေးအခေါ် ဆန်းသစ်တဲ့ မန်နေဂျာနဲ့အတူ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောနိုင်တာပေ့ါဗျာ..။ ဒါ့အပြင် ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ ပထမပိုင်း ကစားပုံကိုတော့ အသိအမှတ်ပြုရမှာ အမှန်ပါပဲ..။
ဒါပေမယ့် ပွဲချိန်ကြာကြာလာတဲ့အမျှ သူတို့နှစ်သင်းကြားက ကစားသမားတွေရဲ့ အရည်အသွေး ကွာခြားချက်က စကားပြောလာပါတယ်..။ ချယ်လ်ဆီးဘက်က တောက်လျှောက်ဖိကစားလာတဲ့အချိန် သူတို့ဘက်က အမှားအယွင်းတွေ ပြုလုပ်မိသလို တစ်ဘက်အသင်းကလည်း အဲဒီအမှားတွေကို ထိထိရောက်ရောက် အသုံးချသွားနိုင်ခဲ့တာပေ့ါ..။ ဒီနေ့ပွဲမှာ ပဲလေ့စ်အသင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ အဆုံးစွန်ထိ ပေးဆပ်၊ တိုက်ပွဲဝင်ခဲ့တာကို ကျွန်တော်ချီးကျူးမိပါတယ်..။ ပဲလေ့စ်အသင်း ပရိသတ်ကလည်း သူတို့အသင်းရဲ့ ကြိုးစားအားထုတ်မှုအပေါ် ကျေနပ်အားရ ကြပါလိမ့်မယ်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - ဟုတ်ကဲ့ပါ...။ ချယ်လ်ဆီးအသင်းကို FA ဖလား ဗိုလ်လုပွဲဆီကို ပို့ဆောင်ပေးခဲ့တဲ့ သွင်းဂိုးတွေကို ကျွန်တော်တို့ ပြန်လည်သုံးသပ်ကြည့်ရအောင်ခင်ဗျ..။ ပွဲချိန် (၆၅) မိနစ်မှာ ရူဘင် လော့ဖ်တပ်စ် ချိခ် သွင်းယူခဲ့တဲ့ အဖွင့်ဂိုးဟာ ပဲလေ့စ်အသင်း ဘယ်နောက်ခံလူ တိုင်ရစ်ခ် မစ်ချယ်လ် ရဲ့ အမှားကနေ ရရှိခဲ့တာပါ..။ ဒါပေမယ့် အဲဒီလိုအမှားအယွင်း ဖြစ်သွားအောင် ချယ်လ်ဆီးအသင်း ကစားသမားတွေရဲ့ ဖိအားပေး ကစားပုံ (pressing) အတော်လေး ကောင်းမွန်ခဲ့တယ်လို့ ပြောရမှာပဲ..
အီယန် ရိုက် - မှန်ပါတယ်..။ အဲဒီအခိုက်အတန့်မှာ တိုင်ရစ်ခ် အတွက် ဘောလုံးပေးပို့စရာ လမ်းကြောင်းသိပ်မရှိခဲ့ဘူးဗျ..၊ ဒ့ါကြောင့်ချယ်လ်ဆီး ကစားသမားတွေရဲ့ ပိတ်ဆို့မှု ကောင်းမွန်ခဲ့ပုံကို ချီးကျူးရမှာပဲ..။ အစောက ခင်ဗျားတို့ပြောခဲ့သလိုပါပဲ.. ရူဘင် လော့ဖ်တပ်စ် ချိခ် ဟာ ဒုတိယပိုင်းမှာ ဘောလုံးနဲ့အတူ ပဲလေ့စ်အသင်း ကွင်းလယ်ကစားသမားတွေကို ကျော်ဖြတ်ပြီး ချယ်လ်ဆီးအတွက် တိုက်စစ်လမ်းကြောင်းတွေ အများကြီးဖန်တီးပေးခဲ့ပါတယ်..။
အဲဒီသွင်းဂိုး ရရှိသွားမယ့် အခိုက်အတန့်မှာ တိုင်ရစ်ခ် မစ်ချယ်လ် ဆီကို ဘောလုံးရောက်လာတဲ့အချိန် ကိုင် ဟာဗာ့ဇ် နဲ့ ဆီဇာ အက်ဇ်ပီလီကွဲတား တို့ရဲ့ ပိတ်ဆို့ပုံကို အခုအပေါ်မှာ ပြထားတဲ့ပုံ (ပုံ- ၁) တွေ့ရမှာပါ..။ ဘောလုံးလမ်းကြောင်း ပိတ်သွားတဲ့ မစ်ချယ်လ် ဆီက ဆီဇာ အက်ဇ်ပီလီကွဲတား က ပါးပါးနပ်နပ်ပဲ ဘောလုံးကို အရယူတယ်..(ပုံ-၂)၊ သူက ကွင်းလယ်မှာရှိနေတဲ့ ဂျော်ဂင်ဟို ကို ပြန်တွဲပါတယ်.။
ဂျော်ဂင်ဟို က ခဏမဆိုင်းပဲ ညာတောင်ပံမှာ လွတ်ထွက်နေတဲ့ ကိုင် ဟာဗာ့ဇ် ရဲ့ ပြေးလမ်းကြောင်းထဲကို ထိုးပေးလိုက်ပါတယ်..။ ကိုင် ဟာဗာ့ဇ် က ပဲလေ့စ်ဂိုးရှေ့ကို ပြန်ပြီးချိုးပေးလိုက်ချိန်မှာ လူထိပြီး နောက်ကနေ ကပ်ပါလာတဲ့ ရူဘင် လော့ဖ်တပ်စ် ချိခ် ရဲ့ ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ကျလာပါတယ်..။ အဲဒီအချိန်မှာ ပဲလေ့စ်အသင်းရဲ့ ခံစစ်ကြောင်းဟာ အထိုင်ပျက်နေပြီ ဖြစ်တာကြောင့် ရူဘင် လော့ဖ်တပ်စ် ချိခ် ဟာ ခန္ဓာကိုယ် အနေအထားကို စိတ်ကြိုက်ပြင်ပြီး ကန်သွင်းဖို့ အချိန်အများကြီး ရခဲ့တယ်ဗျ.. (ပုံ- ၃)
ရူဘင် လော့ဖ်တပ်စ် ချိခ် ရဲ့ ကန်ချက်ဟာ ပဲလေ့စ်အသင်း နောက်ခံလူနဲ့ထိပြီး လမ်းကြောင်းနည်းနည်း ပြောင်းသွားခဲ့ပေမယ့် တကယ့်ကို သေသပ်လှပတဲ့ ကန်ချက်ကောင်းတစ်ခုပါပဲ..။
မာ့ခ် ပေါ့ဂတ်ခ်ျ - အင်းဗျ.. ရူဘင် ရဲ့ ခန္ဓာကိုယ်ကိုပြင်ပြီး ကန်သွားတဲ့ပုံစံဟာ အတော်လေးကို ကောင်းမွန်ပါတယ်..။ ပဲ့လေစ်အသင်းရဲ့ အမှားအယွင်းကနေ ခွင့်ပြုလိုက်ရတဲ့ ဂိုးဆိုပေမယ့် အဲဒီလို အမှားအယွင်း ဖြစ်လာအောင် ဖိအားပေး ကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီးကစားသမားတွေရဲ့ pressing ကစားပုံဟာ နည်းစနစ်ပိုင်းအရ အတုယူလေ့လာဖို့ ကောင်းပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမယ့် အသင်းငယ်တွေ အနေနဲ့ အဲဒီလို ဖိအားပေး ကစားခံရမယ့် အချိန်တွေမှာ ဘယ်လိုရုန်းထွက်နိုင်အောင် ကြိုးစားရမလဲ.. ဆိုတာ ကောင်းကောင်းလေ့လာ ရပါတော့မယ်..
ဂျိုး ကိုးလ် - ရူဘင် လော့ဖ်တပ်စ် ချိခ် ဟာ အခုပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေအတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့တယ်ဗျ..။ အထူးသဖြင့် ခံစစ်ကြောင်းကို ပိုပြီးလိုက်ပါရတဲ့ ကစားဟန်ဟာ သူနဲ့ပိုပြီး လိုက်ဖက်ညီပုံ ရပါတယ်..။ ဒါ့အပြင်နည်းပြ သောမတ်စ် တူခယ်လ် လိုချင်ခဲ့တဲ့ ဒုတိယပိုင်း ကစားကွက် အပြောင်းအလဲဟာ ရူဘင် လော့ဖ်တပ်စ် ချိခ် ရဲ့ ရွှေ့လျားမှု၊ လှုပ်ရှားမှုတွေ အပေါ်မှာပဲ မူတည်ခဲ့ပါတယ်..။ နောက်ပြီးအရေးပါတဲ့ သွင်းဂိုးကိုပါ ရယူပေးနိုင်ခဲ့သလို တစ်ဘက် ကစားသမားတွေကို တစ်ယောက်ချင်း ကျော်ဖြတ်နိုင်တဲ့ အစွမ်းအစကလည်း အသင်းရဲ့ ကစားကွက် အပြောင်းအလဲအတွက် အရေးပါခဲ့ပါတယ်..။ ဒ့ါကြောင့်အခုလာမယ့် ရာသီကုန် ကာလတွေမှာလည်း သူဟာ တူခယ်လ် ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမား တစ်ယောက်အဖြစ် ဆက်လက်ပါဝင်နေဦးမယ်လို့ ကျွန်တော်ပြောချင်ပါတယ်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - ဂျိုး ရေ.. မေဆန် မောင့် ရဲ့ သွင်းဂိုးအကြောင်းကိုလည်း တစ်ဆက်ထဲ သုံးသပ်ပေးပါဦး..။ မေဆန် ဟာ ရီးရဲလ် မက်ဒရစ် အသင်းနဲ့ ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း ဂိုးရခဲ့သလို အခုတစ်ပါတ်အတွင်း သုံးပွဲဆက်တိုက် အရေးပါတဲ့ သွင်းဂိုးတွေ ရယူ၊ ခြေစွမ်းပြနေခဲ့တဲ့ ကစားသမား ဖြစ်နေပါတယ်ဗျ….
ဂျိုး ကိုးလ် - ဟုတ်တာပေ့ါဗျာ..။ ဆောက်ပ်သမ်တန် အသင်းနဲ့ပွဲကစပြီး သူ့ရဲ့လက်ရှိ ခြေစွမ်းကတော့ တကယ့်ကို ကောင်းမွန်လှပါတယ်..။ အခုအချိန်မှာ သူဟာအသင်းရဲ့ ပွဲအဖြေ ပြောင်းလဲပေးနိုင်တဲ့ ကစားသမားပါပဲ..။ အဲဒီသွင်းဂိုးမှာ တီမို ဗာနာ နဲ့ တွဲလုံးတွေရယ်..၊ ဗာနာ က သူ့ရဲ့ပြေးလမ်းကြောင်းထဲကို အသာလေး ချပေးလိုက်တဲ့ ဘောလုံးဟာလည်း သိပ်ကိုကောင်းပါတယ်..။ ဒ့ါအပြင် သူ့ရဲ့ထိချက် (first touch) ဘောလုံးကိုထိန်းရင်း တခါထဲ ဆွဲထုတ်သွားတာကလည်း သိပ်ကိုကောင်းတာဗျ..။ နောက်ပြီးဂိုးသမား ဘတ်လန် ရဲ့ဘေးကနေ အသာအယာပဲ ကန်သွင်းသွားခဲ့ရာမှာ လက်နဲ့လှမ်းပုတ်ပေမယ့် ဘောလုံးအရှိန်ရော၊ ထိချက်ရော အတိအကျပဲ ဖြစ်ခဲ့တာကြောင့် ဘာမှမတတ်နိုင်ခဲ့ပါဘူး..။ ဒ့ါကြောင့်အခုလက်ရှိ ခြေစွမ်းအရဆိုရင် မေဆန် မောင့် ဟာ ချယ်လ်ဆီးအသင်း အတွက်သာမက အင်္ဂလန်အသင်းအတွက်ပါ အရေးကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - ပြီးခဲ့တဲ့ Carabao ဖလား ဗိုလ်လုပွဲမှာ မေဆန် မောင့် ရဲ့ အဆုံးသတ် ဂိုးသွင်းမှု အားနည်းတဲ့အပေါ်မှာ ခင်ဗျားဝဖေန်ခဲ့ဖူးတယ်.. အီယန် ရေ..။ အခုဒီတစ်ကြိမ်မှာတော့ သူဟာခင်ဗျား ပြောတဲ့အတိုင်း ကန်သွင်းခဲ့တာပဲလားဗျ..
အီယန် ရိုက် - သူတို့လိုအဆင့် ကစားသမားတွေအနေနဲ့ကတော့ ဂိုးဧရိယာအတွင်းမှာ ကန်သွင်းခွင့်ရပြီ ဆိုလို့ကတော့ ဂိုးရသင့်တာပေ့ါဗျာ..။ ဒါပေမယ့် တခါတလေမှာ ကစားသမားတွေဟာ ဂိုးပေါက်နဲ့ ဘယ်လောက်နီးနီး ဘေးထွက်၊ အပေါ်ထောင်သွားအောင် ကန်သွင်းခဲ့တဲ့ အခါတွေလည်း ရှိတတ်ပါတယ်..။ အရေးအကြီးဆုံးက ဖြစ်ပျက်နေတဲ့ အခြေအနေကို နားလည်နေဖို့နဲ့ အာရုံစူးစိုက်မှု (composure) အမြဲတမ်း ကောင်းမွန်နေဖို့ပါပဲ..။ အဲဒီဂိုးမှာဆိုရင် မေဆန် သာ သူဘာလုပ်ရမလဲဆိုတာ အသေအချာ သိနေခဲ့ပါတယ်..။ ထစ်ချက်ထိန်းရင်း၊ တစ်ခါတည်း ဆွဲထုတ်သွားတယ်..၊ ဂိုးသမား မမှီတဲ့နေရာကို ကန်သွင်းလိုက်တယ်..၊ လုံးဝအတိအကျပါပဲ..။ ကျွန်တော်တို့ ဘာဆက်ပြောနေဖို့ လိုအပ်ဦးမှာလဲ..
မာ့ခ် ပေါ့ဂတ်ခ်ျ - တကယ်တော့ ပထမပိုင်းပြီးခါနီး ဂိုးမရှိသရေကျနေတဲ့ အချိန်တုန်းက ပဲလေ့စ်ဘက်က အသာစီးရနေခဲ့သလိုလို ဖြစ်နေခဲ့သေးတာဗျ..။ ချယ်လ်ဆီးထက်စာရင် သူတို့ဘက်က ထိုးဖောက်မှုတွေကတောင် ပိုပြီးထိရောက်မှု ရှိနေခဲ့သလိုပဲ..
ရွိုင် ကိန်း - မှန်ပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ ဒုတိယပိုင်းမှာ ပြောင်းလဲမှုတွေ မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်နေပြီ ဆိုတဲ့အကြောင်း ကျွန်တော်တို့တွေ ဆွေးနွေးခဲ့ကြပါသေးတယ်..။ ပထမပိုင်း ကစားပုံအတွက် ပဲလေ့စ်အသင်းကို ချီးကျူးသင့်သလို ဒုတိယပိုင်းမှာလည်း သူတို့တွေ အခွင့်အရေးတစ်ချို့ ရခဲ့ပါသေးတယ်..။ ဒုတိယပိုင်းမှာဆိုရင် ထောင့်ကန်ဘောကနေတဆင့် ချီကိုဟူ ကူယားတေး ခေါင်းတိုက်ခွင့် ရခဲ့သလို ဂျိုအာချင်း အင်ဒါဆန် ကလည်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့တဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး...။
အီယန် ရိုက် - နေဦးဗျ..။ အခုအောက်မှာပြထားတဲ့ ပူးတွဲပုံ (ပုံ- ၄) မှာဆိုရင် ဂျော်ဒန် အာယူး ဟာ ဘယ်တောင်ပံကနေ လွတ်လွတ်ကျွတ်ကျွတ် ပေါက်ထွက်သွားပြီး အတွင်းကနေ အသင့်နေရာယူ ပြေးထွက်လာတဲ့ ခရစ်စ်တီယန် ဘန်တာကီ ရဲ့ ပြေးလမ်းထဲကို အတိအကျ ချပေးနိုင်မယ့် အခွင့်အရေးကောင်းတစ်ကြိမ် ရရှိခဲ့ပါတယ်..။ တကယ်တော့ ခုနကခင်ဗျားတို့ ပြောခဲ့တဲ့ set pieces တွေက အခွင့်အရေးတွေထက်စာရင် အခုကျွန်တော်ပြောတဲ့ အခွင့်အရေးကမှ အရမ်းနစ်နာတာဗျ…
ရွိုင် ကိန်း - အဲတာပဲဗျ..။ အရေးပါတဲ့ အခိုက်အတန့်တွေမှာ ကစားသမား တစ်ဦးချင်းစီရဲ့ တဒင်္ဂအတွင်း ဆုံးဖြတ်ချက်ချပုံ၊ အယူအဆတွေဟာ သူတို့ရဲ့ဘဝလမ်းကြောင်းကို အဆုံးအဖြတ် ဖြစ်စေပါတယ်..။ အဲဒီလို အသေးစိတ် အချက်အလက်တွေအပေါ် မူတည်ပြီး သူတို့တွေဟာ ခရစ်စ်တယ် ပဲလေ့စ်အသင်းမှာပဲ ရှိနေကြတယ်..၊ တစ်ချို့တွေကျတော့ ချယ်လ်ဆီးလို အသင်းကြီးကို ရောက်ကုန်ကြတာပေ့ါဗျာ..။ ပက်ထရစ် ဗီယာရာ ဆိုလည်း အဲဒီအခိုက်အတန့်ကို ပြန်ကြည့်မိတဲ့အချိန် စိတ်ပျက်မိမှာ အမှန်ပဲ..
အီယန် ရိုက် - မှန်တာပေ့ါဗျာ..။ ပြိုင်ဘက်အသင်းက အစစအရာရာ အသာစီးရနေတဲ့ ပွဲမျိုးမှာ အဲဒီလိုအခွင့်အရေးတွေကို ကိုယ့်အသင်းဘက်က ရတဲ့အချိန်မှာ အမိအရ အသုံးချနိုင်မှသာ ပွဲရဲ့ချိန်ခွင်လျှာကို ပြန်ပြောင်းနိုင်မယ်..၊ အလှည့်အပြောင်းတွေကို ဖန်တီးနိုင်ပါ့မယ်..။ အဲဒီလို အခွင့်အရေးတွေကို အသုံးမချနိုင်သရွှေ့ကတော့ အနိုင်ရဖို့အကြောင်းကို လုံးဝစဉ်းစားစရာ မလိုပါဘူးဗျာ..
မာ့ခ် ပေါ့ဂတ်ခ်ျ - ဒီနေ့ပွဲမှာဆိုရင် တီမို ဗာနာ ဟာ ကိုယ်တိုင်ဂိုးမရခဲ့ပေမယ့် ပွဲစဉ်တစ်လျှောက်လုံး ခြေစွမ်းပြနိုင်ခဲ့သလို အခုလက်ရှိအချိန်မှာ ပုံစံကောင်းတွေ ရရှိနေတယ်လို့ ပြောနိုင်ပါတယ်..။ ဒ့ါကြောင့် ဒီနေ့ပွဲမှာ လူစားဝင်ခွင့်ပဲ ရရှိခဲ့တဲ့ ရိုမီလူ လူကာကူ အတွက်ကတော့ သူ့ရဲ့ချယ်လ်ဆီးအသင်း တစ်ကျော့ပြန် ကစားသမားဘဝကို အဖတ်ဆယ်နိုင်ဖို့ အခွင့်အရေး အတော်နည်းနေပြီ ပြောရမှာပဲဗျ..။ တကယ်လို့ သူသာ လူစားဝင်ခဲ့ပြီးတဲ့အချိန် ဂိုးတစ်ဂိုးလောက် ရခဲ့မယ်ဆိုရင် သူ့ရဲ့ရာသီ လက်ကျန် ခြောက်ပတ်ကာလအတွင်းမှာ ယုံကြည်မှုတွေ ပိုပြီးရရှိခဲ့မှာ အမှန်ပါပဲ…
ဂျိုး ကိုးလ် - မှန်ပါတယ်..။ သူ့ရဲ့ချယ်လ်ဆီးအသင်း ပထမဆုံးရာသီအတွက် သိက္ခာပြန်ဆယ်နိုင်ဖို့ တစ်လခွဲ..၊ ရက်သတ္တပါတ် ခြောက်ပတ်လောက်တော့ ကျန်သေးတယ်လို့ ပြောရမှာပါ..။ ဒါကလည်း သူ့အပေါ်မှာပဲ အဓိကမူတည်တာပါ..။ တီမို ဗာနာ ဆိုရင် သူ့ထက်ဆိုးရွားတဲ့ အခြေအနေကနေ အရှုံးမပေး၊ လက်မလျော့ပဲ စဉ်ဆက်မပြတ် ကြိုးစားခဲ့တာ မဟုတ်ဘူးလားဗျ..။ တီမို ဟာ ဂိုးမရရင်သာရှိမယ်.. သူ့ရဲ့ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှုဟာ ဘယ်တုန်းကမှ လျော့ကျမှု မရှိခဲ့ပါဘူး..။
ဒ့ါကြောင့် လူကာကူ အနေနဲ့လည်း အထောင်တိုက်စစ်မှူး (focal point) အဖြစ် ကစားခွင့်ရတဲ့ အချိန်တိုင်းမှာ အရှုံးပေး၊ လက်လျော့မနေစေချင်ပါဘူး..။ ဒါပေမယ့် တခါတလေကျတော့ အခြေအနေအားလုံးဟာ ကိုယ့်ဘက်မှ လုံးဝကို ရှိမနေတဲ့အခါတွေ ရှိတတ်ပါတယ်..။ ဒီပွဲမှာဆိုလည်း ပွဲပြီးခါနီးမှာ တီမို ဗာနာ ချိုးပေးလိုက်တဲ့ဘောလုံးကို အနီးကတ် ပိတ်သွင်းရာမှာ ခန္ဓာကိုယ် အနေအထား နည်းနည်းမှားနေတာကြောင့် တိုင်ထိသွားခဲ့တာလို့ ယူဆမိပါတယ်..။ ဒါပေမယ့် လူကာကူ ဟာ အခုကျွန်တော်တို့ မြင်တွေ့နေရတဲ့ အခြေအနေထက် ပိုပြီးကောင်းမွန်တဲ့ ကစားသမားပါ..၊ ဒါ့ကြောင့်သူဟာ အခက်အခဲကြားကနေ ပြန်လည်ရုန်းထွက်ပြီး သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ရရှိလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - ဒါပေါ့..၊ ဒီနေ့ပွဲမှာ တီမို ဗာနာ ဟာ မေဆန် မောင့် အတွက် ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သလို ရိုမီလူ လူကာကူ အတွက် ဖန်တီးပေးလိုက်တဲ့ ဘောလုံးဟာဆိုရင် တကယ့်ကို အခန့်သား.. ခူး၊ ခတ်ပြီး အသင့်စားသုံးရမယ့် အနေအထားပဲဗျ…။ ဒါပေမယ့် ကွင်းလယ်ကနေ ချပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူတွေနဲ့ တွန်းတွန်းတိုက်တိုက် အရယူနိုင်ခဲ့တဲ့ ရိုမီလူ လူကာကူ ရဲ့ ထိုးဖောက်မှုကတော့ အတော်လေးကို ကောင်းမွန်ခဲ့တယ်လို့ ပြောရမှာပါ..
အီယန် ရိုက် - တိုက်စစ်မှူးတစ်ယောက်ဟာ ‘ပြာပုံထဲကနေ ပြန်လည်နှိုးထလာတဲ့ ဖီးနစ်ဌက်’ ပုံပြင်ကို အတုယူချင်တယ်ဆိုရင် အခုလိုအခွင့်အရေးမျိုးကို မဖြစ်မနေ အသုံးချနိုင်ခဲ့သင့်တာ အမှန်ပါပဲ..(ပုံ- ၅)။ ဘာဖြစ်လို့လဲဆိုတော့ တီမို ဗာနာ ချိုးပေးလိုက်တဲ့ ဘောလုံးဟာ အဆုံးသတ်ဂိုးသွင်းနိုင်မယ့် နေရာကို အတိအကျ ရောက်လာတာ ဖြစ်သလို အဲဒီလို ရောက်လာနိုင်မယ်ဆိုတာ သူကိုယ်တိုင်လည်း ကြိုတင် မှန်းဆထားပြီး ဖြစ်ပါတယ်..။ အဆုံးသတ် ဂိုးသွင်းခါနီးကျမှ သူဟာ ဘာ့အတွက်ကြောင့် တွေဝေနေခဲ့ရလဲ..? ကျွန်တော်လည်း မပြောတတ်ပါဘူး..။ သူဟာဘယ်သန် ကစားသမားပါ..။ ဒ့ါကြောင့်ဘယ်ခြေနဲ့ ပိတ်သွင်းနိုင်ဖို့ ဦးစားပေးရမယ့် အချိန်မှာ ဘာကြောင့်မို့ ခန္ဓာကိုယ်ကိုပြင်ပြီး ညာခြေခွင် အပြင်ကန်ချက်နဲ့ ပိတ်သွင်းခဲ့တာလဲဆိုတာ စဉ်းစားလို့ မရနိုင်အောင်ပါပဲ..။
ရွိုင် ကိန်း - တခါတလေကျရင် ‘မင်းဆီမှာ ဂိုးသွင်းချင်စိတ် တကယ်ရှိရော ရှိရဲ့လား..?’တိုက်စစ်မှူးတွေကို ကျွန်တော်မေးချင်ပါတယ်..။ အဲဒီလိုအခြေအနေတွေမှာ ဂိုးဝင်အောင် သွင်းနိုင်ဖို့ဆိုတာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှုနဲ့ပဲ ပိုပြီးသက်ဆိုင်ပါလိမ့်မယ်..။ အခုအချိန် လူကာကူ ဆီမှာ မှန်ကန်တဲ့စိတ်ဓါတ်၊ ခံယူချက်တွေ ရှိမနေဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - တကယ်တော့ ချယ်လ်ဆီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက်ပါ ယှဉ်ပြိုင်နေဆဲ ဖြစ်တာကြောင့် သူ့အတွက် လက်ကျန်ပွဲစဉ်တွေမှာ ကြိုးစားအားထုတ်ရတာ အဓိပ္ပါယ် ရှိနေဆဲပါပဲ..။ ဒ့ါကြောင့်သူ့အနေနဲ့ အရှုံးပေး၊ လက်လျော့မနေပဲ အစွမ်းကုန် ကြိုးစား၊ ပေးဆပ်သင့်တယ် မဟုတ်ဘူးလားဗျ..
ဂျိုး ကိုးလ် - သူ့ရဲ့ကြိုးစား အားထုတ်မှုအပေါ် ကျွန်တော်သံသယ မရှိပါဘူး..။ ဘောလုံးရာသီ စတင်တဲ့အချိန်တုန်းက ရိုမီလူ လူကာကူ ဟာ ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံအိပ်မက်အတွက် နောက်ဆုံးလိုအပ်ချက်၊ သော့ချက်.. လို့ အားလုံးက ယူဆခဲ့ကြတာ မဟုတ်ဘူးလားဗျ..။ သူဟာချယ်လ်ဆီးအသင်းကို ရောက်လာခါစမှာ မျှော်လင့်ထားတဲ့အတိုင်း target man တစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့ပေမယ့် ဒဏ်ရာပြဿနာ ကြုံခဲ့ရပြီးနောက်ပိုင်း စိတ်ပျံလွှင့်မှုတွေ ဖြစ်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့အနေနဲ့ လွှင့်ပျံနေတဲ့ အာရုံတွေကို အမြန်ဆုံး ပြန်လည်စုစည်းနိုင်မယ်ဆိုရင် အသင်းရဲ့ ကယ်တင်ရှင်တစ်ယောက်အဖြစ် ပြန်လည်ရပ်တည်နိုင်မယ့် အခွင့်အရေး ရှိနေပါသေးတယ်..။
တကယ်လို့ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ပွဲစဉ်က ရရှိခဲ့တဲ့ အပိုင်ခေါင်းတိုက်ချက်ကိုသာ ဂိုးရအောင် သွင်းယူနိုင်ခဲ့ပေမယ်ဆိုရင် အခုအချိန်မှာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့တာ ချယ်လ်ဆီးအသင်း ဖြစ်နိုင်ခဲ့မယ်..၊ ဒီနေ့မှာလည်း ဂိုးရခဲ့မယ်ဆိုရင် လာမယ့် FA ဖလား၊ ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့် ရနိုင်တာပါပဲ..။ ဘောလုံးလောကမှာ အပြောင်းအလဲတွေဟာ သိပ်ကိုမြန်ဆန်လွန်းပါတယ်..။ ဒ့ါကြောင့်သူ့အနေနဲ့ ရာသီမကုန်မချင်း ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မှာကို မျှော်လင့်ချက် ထားလို့ရနေဆဲပါပဲ..။
ရွိုင် ကိန်း - ဒ့ါကြောင့်ကျွန်တော်ပြောတာပေ့ါ..၊ သူကိုယ်တိုင်ကရော သူ့ရဲ့ချယ်လ်ဆီး ကစားသမားဘဝကို ပြန်လည်အဖတ်ဆယ်ချင်တဲ့စိတ် ရှိရော၊ ရှိနေရဲ့လား..? လို့ မေးလိုက်ချင်ပါတယ်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - ကဲပါ.. ဟုတ်ပါပြီ..။ အခုလာမယ့် မေလ (၁၄) ရက်နေ့မှာ ယှဉ်ပြိုင်ကြမယ့် FA ဖလား၊ ဗိုလ်လုပွဲစဉ်မှာဆိုရင် ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ် အသင်းတို့ဟာ ပြီးခဲ့တဲ့ Carabao ဖလား၊ ဗိုလ်လုပွဲတုန်းက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်ကို တစ်ကျော့ပြန် အသက်သွင်းခွင့် ရကြဦးမှာပါ..။ အဲဒီပွဲစဉ်တုန်းက မေဆန် မောင့် ဟာ အပိုင်ဂိုးသွင်းခွင့်နှစ်ကြိမ် လွဲချော်ခဲ့သလို ရိုမီလူ လူကာကူ ရဲ့ သွင်းဂိုးကို VAR ပြန်ကြည့်တဲ့အချိန်မှာ လူကျွံဘောအဖြစ် ပယ်ဖျက်ခဲ့တဲ့အပေါ် ရှေ့တန်းတိုက်စစ်မှူးတစ်ယောက် အနေနဲ့ ခင်ဗျားဟာ အကြီးအကျယ် ဒေါသထွက်၊ ပေါက်ကွဲခဲ့သေးတယ်မလား.. အီယန် ရေ..
အီယန် ရိုက် - အဲဒီပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ကစားပုံနဲ့ခြေစွမ်း သိပ်ကိုကောင်းမွန်ခဲ့ပြီး အရမ်းကိုကြည့်လို့ ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။ သူတို့နှစ်သင်းကြားက ခြားနားချက်ကလည်း ပါးပါးလေးပဲ ရှိတာကြောင့် အဲဒီလို အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်သင့်တာ အမှန်ပါပဲ..။ ဒ့ါကြောင့် မေဆန် မောင့် ဟာလည်း အဲဒီပွဲစဉ်က သူ့ရဲ့လွဲချော်ခဲ့မှုတွေအပေါ် သင်ခန်းစာ ရခဲ့ပြီး အခုပွဲစဉ်မှာ အသုံးချနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ ဒါပေမယ့် အဲဒီလိုပွဲကြီးပွဲကောင်းတွေမှာ ရှားရှားပါးပါး ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်သင့်တာ အမှန်ပါပဲ..။
ရွိုင် ကိန်း - ကျွန်တော်ကတော့ အခုနှစ် ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းကို အနိုင်ရဖို့ အရမ်းကိုခက်ခဲတယ်လို့ ထင်တာပဲဗျ..။ သူတို့အသင်းဟာ ကစားသမားအင်အား တောင့်တင်းသလို အရန်ကစားသမားတွေကအစ ခြေစွမ်းကောင်း၊ ပုံစံကောင်းတွေ ရရှိနေတာကြောင့် သိပ်ကိုမာကျောလွန်းလှပါတယ်..။ ဒီနေ့ပွဲဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်း ခြေစွမ်းကောင်းတယ်ဆိုတာ လီဗာပူးလ် ကို မမှီပါဘူး..။ ဒ့ါကြောင့်လာမယ့် ဗိုလ်လုပွဲကျရင် လီဗာပူးလ် အသင်းပဲ အနိုင်ရပါလိမ့်မယ်..။
ဂျိုး ကိုးလ် - ချယ်လ်ဆီးအသင်းရဲ့ လက်ရှိအနေအထားဟာ လီဗာပူးလ်၊ မန်ချက်စတာ စီးတီး အသင်းတွေနဲ့ တစ်တန်းထဲမှာ ရှိမနေပါဘူး..။ ဒါပေမယ့် သူတို့ခြေစွမ်းပြနိုင်တဲ့ နေ့မှာဆိုရင် သောမတ်စ် တူခယ်လ် ဟာ ဂျာဂင် ကလော့ပ်၊ ပက်ပ် ဂွာဒီယိုလာ တို့နဲ့ တစ်တန်းစားထဲမှာ ရှိနေပါတယ်..။ ဒ့ါကြောင့်ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲတုန်းကလို သူ့ဆီမှာလည်း အဲဒီပွဲအတွက် သီးသီးသန့်သန့် အစီအစဉ်တွေ ရှိနေပါလိမ့်မယ်..။ ဘယ်လိုပွဲစဉ်မျိုးပဲဖြစ်နေပါစေ.. ချယ်လ်ဆီး၊ လီဗာပူးလ် နဲ့ မန်ချက်စတာ စီးတီး အသင်းတွေဆုံတွေ့တဲ့ ပွဲစဉ်တိုင်းဟာ ပွဲကြည့်ပရိသတ်တိုင်းအတွက်၊ ကျွန်တော်တို့လို ပွဲစဉ်သုံးသပ်သူတွေအတွက် မဖြစ်မနေ ကြည့်ရှုအားပေးရမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ကတော့ ယခုနှစ်ဘောလုံးရာသီရဲ့ အကောင်းဆုံးတွေထဲက တကယ့်ထိပ်သီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံကြမယ့် အဲဒီနေ့ရက်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။ အဲဒီပွဲစဉ်ဟာ ကျွန်တော်တို့အတွက် သွင်းဂိုးတွေ၊ စိတ်လှုပ်ရှားစရာတွေ မြင်တွေ့ခွင့် ရလိမ့်ဦးမယ်ဆိုတာ မြေကြီးလက်ခပ်မလွဲ၊ သေချာပေါက် ပြောရဲပါတယ်..။
မာ့ခ် ပေါ့ဂတ်ခ်ျ - ဟုတ်ကဲ့ပါ..။ ကျွန်တော်တို့အားလုံးကလည်း အဲဒီပွဲစဉ် ယှဉ်ပြိုင်ရမယ့် နေ့ရက်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်.. ။ နောက်ဆုံးအနေနဲ့ အခုအစီအစဉ်မှာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းခဲ့ကြတဲ့ ရွိုင်း၊ ဂျိုး နဲ့ အီယန် တို့ကို ITV အဖွဲ့သားများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်ပါတယ်..။ ဂျိုး ရေ.. ချယ်လ်ဆီးအသင်းဟာ အခုနှစ်ဘောလုံးရာသီရဲ့ FA ဖလား ဗိုလ်လုပွဲစဉ် အပါအဝင် FA ဖလား၊ ဗိုလ်လုပွဲစဉ်ကို သုံးနှစ်ဆက်တိုက် တက်ရောက်ခွင့် ရခဲ့ရာမှာ ဒီတစ်ကြိမ်မှာတော့ ကံကောင်းခြင်းနဲ့တွေနဲ့အတူ ဆုဖလားကြီးကို ဆွတ်ခူးနိုင်စေလို့ ဆုတောင်းရင်း နောက်လာမယ့်ပွဲတွေမှာ ပြန်ဆုံကြတာပေ့ါ…