feature-image

ထင်ပေါ်သင့်သလောက် အသိအမှတ်ပြုခြင်း မခံခဲ့ရတဲ့ ‘ရာဟင်း စတာလင်း’…

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ် တူခယ်လ် ဟာ ၂၀၂၂/၂၃ ဘောလုံးရာသီအတွင် မန်ချက်စတာ စီးတီးအသင်း တောင်ပံကစားသမား ရာဟင်း စတာလင်း ကို အဓိကပစ်မှတ်အဖြစ် ဦးစားပေး ခေါ်ယူပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ခဲ့ပါတယ်..။

အသက် (၂၇) နှစ်အရွယ်ပဲ ရှိသေးပြီး ပရီးမီးယားလိဂ် သွင်းဂိုးတစ်ရာကျော် သွင်းယူပေးထားနိုင်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးကို လက်လွတ်ခဲ့ရတဲ့အပေါ် မန်ချက်စတာ စီးတီးအသင်း ပရိသတ်ဘက်ကလည်း အရမ်းကြီးနှမျောတသ မဖြစ်ခဲ့ကြသလို စတန်းဖို့ဒ် ဘရစ်ခ်ျ အမာခံပရိသတ် တစ်ချို့တွေကလည်း လိုလိုလားလား လက်သင့်ခံလိုပုံ မပြသခဲ့ပါဘူး..။ တကယ်တော့ ပက်ပ် ဂွာဒီယိုလား ရဲ့ နည်းပြသက်တမ်းတစ်လျှောက် လီယွန်နယ် မက်ဆီ၊ ဆာဂျီယို အဂွဲရိုး တို့ပြီးရင် သွင်းဂိုးအများဆုံး ရရှိထားတဲ့ တိုက်စစ်မှူးတစ်ယောက်..၊ တောင်ပံတိုက်စစ်ရော၊ အထောင်တိုက်စစ်မှူးအဖြစ်နဲ့ပါ နေရာစုံကစားပေးနိုင်တဲ့ ကစားသမား၊ နိုင်ငံလက်ရွေးစင် အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကစားသမား တစ်ယောက်ရဲ့ အပြောင်းအရွှေ့အပေါ် လှိုက်လှိုက်လှဲလှဲ မရှိခဲ့ကြတာဟာ အတော်လေး အံ့သြဖို့ကောင်းသလိုပါပဲ..။

မာဆီဆိုက်ဒ် မှ မန်ချက်စတာ သို့….

ရာဟင်း စတာလင်း ဟာ ၂၀၁၂ ခုနှစ်မှာ လီဗာပူးလ်အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့ပါတယ်..။ လီဗာပူးလ် အရန် (အသက် ၂၃ နှစ်အောက်) အသင်းမှာ အရွယ်နဲ့မမျှအောင် ခြေစွမ်ပြနိုင်ခဲ့တဲ့ ဂျမေကာဖွား အသက် (၁၇) နှစ်သား လူငယ် ကစားသမားလေးကို မန်နေဂျာ ကင်နီ ဒါးကလစ်ခ်ျ က ဝီဂန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ စတင်ပြီး လူစားဝင်ခွင့် ပေးခဲ့ပါတယ်..။ အဲဒီအချိန်က သူဟာအသင်းရဲ့ သမိုင်းတစ်လျှောက်မှာ တတိယမြောက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်..။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ရက်ဒင်းအသင်းနဲ့ပွဲမှာ ကြိုးကြာနီအတွက် ပထမဆုံးသွင်းဂိုး ရရှိခဲ့ပြီး မိုက်ကယ် အိုဝင် ပြီးရင် အသင်းရဲ့ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး သွင်းဂိုးစတင်ရရှိခဲ့တဲ့ ကစားသမားအဖြစ် ထပ်မံမှတ်တမ်း စိုက်ထူနိုင်ခဲ့ပါတယ်..။ အဲဒီဘောလုံးရာသီမှာ လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယား အဆင့် (၈) နေရာသာ ရရှိခဲ့ပေမယ့် ရာဟင်း စတာလင်း ကိုတော့ အနာဂတ်ရဲ့ ကြယ်ပွင့်သစ် အဖြစ် မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်..။



သူ့ရဲ့အန်ဖီးလ်ကွင်း သက်တမ်းတစ်လျှောက် ကာလများဟာ အတက်အကျ များခဲ့သလို the Kop အမာခံ ပရိသတ်တွေ ကြားမှာလည်း သူနဲ့ပတ်သက်ပြီး အမြင်တွေ ကွဲပြားခဲ့ကြပါတယ်..။ ရာဟင်း စတာလင်း ဟာ အင်္ဂလန်ရဲ့  လူငယ်သွေးသစ် မျိုးဆက်သစ်ထဲက အကောင်းဆုံး ကစားသမားအဖြစ် ရှုမြင်ကြတဲ့သူတွေ ရှိခဲ့ကြသလို တစ်ချို့တွေကလည်း သူဟာအသင်းအတွက် မျှော်မှန်းသလောက် အကျိုးပြုနိုင်တဲ့ ကစားသမား မဟုတ်ဘူး.. လို့ အကဲဖြတ်ခဲ့ကြတဲ့သူတွေ မနည်းခဲ့ပါဘူး..။

ကြိုးကြာနီတို့ရဲ့ နာမည်ကျော် ‘SSS’ တိုက်စစ်အတွဲမှာ လူးဝစ်ဇ် ဆွာရက်ဇ် ကို ရောင်းချပြီးခဲ့တဲ့နောက်ပိုင်း ဒယ်နီရယ် စတားရစ်ခ်ျ ကလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် အသက် (၂၀) အရွယ်မှာပဲ သူဟာ အသင်းရဲ့အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်..။ ၂၀၁၄/၁၅ ဘောလုံးရာသီမှာ သွင်းဂိုး (၇) ဂိုး၊ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အဲဒီဘောလုံးရာသီမှာ အသင်းရဲ့ဒုတိယမြောက် သွင်းဂိုးအများဆုံး ရရှိခဲ့တဲ့ ကစားသမား၊ ဒုတိယအများဆုံး goal contribution ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် ဆုဖလားတွေ၊ အောင်မြင်မှုတွေကို ဆာလောင်နေကြတဲ့ အန်ဖီးလ် ပရိသတ်ကြီးရဲ့ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး..။

ဒါပေမယ့် စတာလင်း ဘက်ကလည်း တစ်ပါတ်ကို စတာလင်ပေါင် (၃၅,၀၀၀) ပဲ လစာရနေတာကြောင့် ထိုက်တန်တဲ့ အသိအမှတ်ပြုခြင်းကို မရရှိဘူးလို့ ခံစားခဲ့ရပါတယ်..။ သူဟာ မန်ချက်စတာ စီးတီးအသင်းကို မပြောင်းရွှေ့ခင်မှာ လီဗာပူးလ်အသင်းက စာချုပ်သက်တမ်းတိုး ကမ်းလှမ်းမှုနှစ်ကြိမ်ကို ပယ်ချခဲ့ပါတယ်..။ တကယ်တော့ အန်ဖီးလ် ကနေ အက်တီးဟတ် ကို ပြောင်းသွားခဲ့တဲ့ သူ့ရဲ့အပြောင်းအရွှေ့မှာ the Kop အမာခံပရိသတ်တွေ စိတ်ဆိုးဒေါသထွက်ခဲ့ရတာက အသင်းကနေ ထွက်ခွာဖို့ သူ့ရဲ့ဆုံးဖြတ်ချက်ထက်စာရင် လောဘဇော တိုက်သွားသလို ဖြစ်သွားခဲ့ရတဲ့ သူ့ဘက်က တောင်းဆိုမှုတွေကြောင့် ဖြစ်ခဲ့ပါတယ်..။

အဲဒီအချိန်တုန်းက သူဟာအကောင်းဆုံး လူငယ်သွေးသစ် ကစားသမား တစ်ယောက်လို ဖြစ်နေတာကြောင့် အကောင်းဆုံး လုပ်ခ၊ လစာကို ရရှိချင်နေခဲ့ပါတယ်..။ ဒါ့ကြောင့်လီဗာပူးလ် အသင်းက တစ်ပါတ်ကို စတာလင်ပေါင် (၁၀၀,၀၀၀) အထိ တိုးမြှင့်ကမ်းလှမ်းခဲ့တာကို ငြင်းပယ်ခဲ့သလို သူ့ရဲ့ကိုယ်စားလှယ်တွေက ရာဟင်း ကို ဒယ်နီရယ် စတားရစ်ခ်ျ ရဲ့ လစာအတိုင်း ပေးချေဖို့ တောင်းဆိုခဲ့ပါတယ်..။ ဒါ့အပြင် wing back နေရာမှာ ကစားခိုင်းတာကို သဘောမကျခဲ့တာ..၊ ဆုဖလားတွေ ရရှိနိုင်မယ့် အလားအလာ မမြင်မိတဲ့အချက်တွေအပြင် အသင်းဘက်က သူ့ကိုခွဲခြား ဆက်ဆံခဲ့တယ်လို့ ယူဆချက်ကလည်း အသင်းကနေ ထွက်ခွာဖို့ တွန်းအားတွေ ဖြစ်လာခဲ့ပါတယ်..။

အနီရောင်မှ အပြာရောင်သို့…..

မာဆီးဆိုက်ဒ် အနီရောင်ရပ်ဝန်းကနေ မန်ချက်စတာမြို့ အပြာရောင်ခြမ်းကို ပြောင်းသွားချိန်မှာ ထိုအချိန်က ဈေးအကြီးဆုံး အင်္ဂလိပ်ကစားသမား အပြောင်းအရွှေ့ ဖြစ်ခဲ့တာနဲ့အညီ သူ့အပေါ်မှာ ထားရှိခဲ့ကြတဲ့ မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြပါတယ်..။ ခုနှစ်နှစ်အကြာ.. ရာဟင်း စတာလင်း ဟာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၀၉) ဂိုး၊ ဂိုးဖန်တီးမှု (၇၇) ကြိမ်၊ ပရီးမီးယားလိဂ် ချန်ပီယံဆု (၄) ကြိမ်နဲ့ သူ့ရဲ့တန်ဖိုးကို ပြသပြီး ဖြစ်တယ်လို့ ယူဆလို့ရမှာ ဖြစ်ပေမယ့် ပရိသတ်တစ်ချို့တွေကတော့ သူ့ရဲ့အရည်အချင်းအပေါ် သံသယရှိနေဆဲပါပဲ..။



မန်ချက်စတာ စီးတီးအသင်းနဲ့ မရဖူးသေးတဲ့ ဆုဖလားဆိုလို့ ချန်ပီယံလိဂ် ဆုဖလားတစ်ခုတည်းသာ ကျန်ရှိတော့သလို ပက်ပ် ဂွာဒီယိုလား ရောက်ရှိလာပြီးတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ စတာလင်း ဟာ ကီဗင် ဒီ ဘရိုင်းနေး နဲ့အတူ မန် စီးတီးအသင်းရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမားတွေထဲ တစ်ယောက်အဖြစ် ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်ခဲ့ပြီး သွင်းဂိုး (၁၃၁) ဂိုးနဲ့ အသင်းရဲ့သမိုင်းတစ်လျှောက် ဒုတိယမြောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်..။

မန်ချက်စတာ စီးတီးအသင်းနဲ့ ပထမဆုံး လေးရာသီမှာ သူဟာအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမား ဖြစ်ခဲ့သလို ဆုဖလားတွေလည်း ရရှိခဲ့တယ်..၊ အဝတ်လဲခန်းထဲမှာလည်း သြဇာလွှမ်းမိုးနိုင်တဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်..။ ၂၀၂၀/၂၁ ဘောလုံးရာသီမှာတော့ ခြေစွမ်းမတည်ငြိမ်မှုတွေ ဖြစ်လာခဲ့ပြီး သူ့အတွက် မုန်တိုင်းထန်ခဲ့တယ်လို့ ပြောရမှာပါ..။ ဒါပေမယ့် ဘရုဂျေးအသင်း၊ အဲဗာတန်၊ ပီအက်စ်ဂျီ၊ အက်စ်တွန် ဗီလာ အသင်းတွေနဲ့ ပွဲတွေမှာ ဂိုးတွေဆက်တိုက်သွင်း၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်း ကျဆင်းလာပြီ.. ဆိုတဲ့ ထင်မြင်ချက်တွေကို ပြန်လည်ချေဖျက်၊ သက်သေပြခဲ့ပါတယ်..။ သူ့ရဲ့ခြေစွမ်းကျဆင်းခဲ့တဲ့ကာလ အတော်လေး ကြာမြင့်ခဲ့တာကြောင့် ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ပါတယ်..။

အသင်းမှာ ပြန်လည်နေရာရလာခဲ့ပြီးနောက်ပိုင်း ရာဟင်း စတာလင်း ဟာ စိတ်ဖိစီးမှုဒဏ်ကြောင့် သူ့ရဲ့ခြေစွမ်းအပေါ် ဘယ်လိုသက်ရောက်ခဲ့တယ် ဆိုတဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်..။ အခုအချိန်မှာတော့ သူဟာအဲဒီ စိတ်ပိုင်းဆိုင်ရာ ဝဒေနာတွေကို ကျော်လွှားနိုင်ခဲ့သလို ပုံမှန်ခြေစွမ်းနဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံကစားသမားတွေအဖြစ် အသိအမှတ်ပြု ခံနေရပြီလို့ပဲ ဆိုရမှာပါ..။

ရာဟင်း စတာလင်း ရဲ့ ၂၀၂၁/၂၂ ဘောလုံးရာသီ ခြေစွမ်းအပေါ် အကဲဖြတ်ခြင်း…

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူဟာ အကောင်းဆုံးခြေစွမ်းကို မရခဲ့ဘူးဆိုပေမယ့် အခွင့်အရေး ရခဲ့တဲ့အခါတိုင်း အဆုံးအဖြတ် အခိုက်အတန့်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါ့ကြောင့်ခြေကျလာပြီဖြစ်တဲ့ ဝါရင့်သမ္ဘာရင့် ကစားသမားတစ်ယောက် ဖြစ်လာပြီလား.. လို့ ပြောဆိုချက်တွေရှိပေမယ့် အချက်အလက်တွေကို ကြည့်မယ်ဆိုရင်တော့ စွမ်းဆောင်ရည် ကောင်းမွန်နေဆဲလို့ ပြသနေပါတယ်..။ သူဟာ ၂၀၂၁/၂၂ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲ (၃၀)၊ ကစားချိန် (၂,၁၂၈) မိနစ် ပါဝင်ခွင့်ရခဲ့ပါပြီး (၁၃) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့် တစ်ပွဲကို (ဝ.၅၅) ဂိုးနှုန်း (goals per 90 min) ရှိပါတယ်..။ မနှစ်က တစ်ရာသီလုံးမှာ ဂိုးကန်သွင်းမှု (shots) (၅၈) ကြိမ် ပြုလုပ်ရာမှာ (၂၅) ကြိမ် ဂိုးပေါက်တည့် (shots on target) ခဲ့တာကြောင့် ဂိုးပေါက်တည့် ရာခိုင်နှုန်း (shots on targer percentage) ကတော့ (၄၃%) ရာခိုင်နှုန်းရှိခဲ့ပါတယ်..။

ဂိုးဖန်တီးပေးနိုင်မှုနှုန်းကို ကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ ဂိုးဖန်တီးမှု (assists) (၅) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး တစ်ပွဲကိုပျမ်းမျှ ဂိုးဖန်တီးပေးနိုင်မှုနှုန်း (assist per 90 min) (ဝ.၂၁) ကြိမ်  ရှိခဲ့ပါတယ်..။ သူဟာ တစ်ဦးချင်း ကျော်ဖြတ်မှု ပြုလုပ်ရာမှာ ကောင်းမွန်နေဆဲဖြစ်ပြီး တစ်ပွဲကို ဘောလုံးဆွဲပြေးမှု  (attempted dribbles per 90 min) ပျမ်းမျှ (၇.၅၇) ကြိမ် ပြုလုပ်ခဲ့ပြီး ဆွဲပြေးမှုတွေရဲ့ (၇၀%) ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပါတယ်..။ သူ့ရဲ့မနှစ်က ဘောလုံးရာသီ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အချက်အလက်များဟာ လက်ရှိချယ်လ်ဆီးအသင်းက တိုက်စစ်မှူးတွေရဲ့ အချက်အလက်များထက် သာလွန်နေခဲ့ပါတယ်…။



ရာဟင်း စတာလင်း ဟာ ကိုယ်တိုင်ကန်သွင်းခွင့်ရအောင် ဖန်တီးနိုင်သူဖြစ်သလို ဂိုးဧရိယာထဲ နေရာယူ ကောင်းမွန်တယ်..၊ ရတဲ့အခွင့်အရေးများကို အချိန်ကိုက်ရောက်ရှိ အသုံးချနိုင်သူလည်း ဖြစ်ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ သူ့ရဲ့ပင်နယ်တီ မပါတဲ့သွင်းဂိုး (non-penalty goals) (၁၅) ဂိုးမှာ (၆) ကိုက်စည်းအတွင်းက ပိတ်သွင်းချက် (၁၀) ဂိုး၊ (၁၈) ကိုက်စည်းအတွင်း သွင်းယူခဲ့တဲ့ဂိုး (၄) ဂိုး ပါဝင်ခဲ့ပြီး ဂိုးဧရိယာအပြင်ဘက်က ကန်သွင်းယူခဲ့တဲ့ဂိုး တစ်ဂိုးသာ ပါဝင်ခဲ့ပါတယ်..။

ခြေစွမ်းနဲ့ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ဘာကြောင့် မရရှိခဲ့တာလဲ..?

ရာဟင်း စတာလင်း ဟာ ကစားသမား သက်တမ်းတစ်လျှောက် လူမျိုးရေးနဲ့ အသားအရောင် ခွဲခြားဆက်ဆံခံရမှုတွေရဲ့ သားကောင်ဖြစ်ခဲ့သလို လူဖြူကစားသမားတွေနဲ့ လူမဲကစားသမားတွေကြားမှာ မီဒီယာတွေရဲ့ မျက်နှာပေးခံရခြင်း ကွာခြားခဲ့တဲ့အကြောင်းကို သူကိုယ်တိုင် ဖွင့်ဟ၊ ပြောကြားခဲ့ဖူးပါတယ်..။ အဲဒီအချက်ကြောင့် တခြားကစားသမားတွေလောက် အသိအမှတ်ပြု၊ အားပေးခြင်း မခံခဲ့ရတာ ဖြစ်နိုင်သလို သူဟာ မန် စီးတီးအသင်းအတွက် သွင်းဂိုး (၁၃၁) ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ခဲ့သော်ငြား You Tube ပေါ်မှာ ကြည့်လိုက်ရင် သူ့ရဲ့သွင်းဂိုးတွေထက် အနီးကပ်အပိုင် ပိတ်သွင်းမှုတွေ လွဲချော်ခဲ့တဲ့ ဗွီဒီယိုတွေကပဲ ပိုပြီးလူသိများနေပါတယ်..။

ဒ့ါကြောင့်စတာလင် နဲ့ ပတ်သက်ရင် သူဟာအပိုင်အခွင့်အရေးတွေကို ဂိုးရအောင်မပြောင်းလဲနိုင်ခဲ့တဲ့သူ အဖြစ်နဲ့ပဲ ပုံဖော်ခံခဲ့ပါတယ်..။  ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ သူ့ရဲ့သွင်းဂိုးအများစုဟာ ဂိုးဧရိယာအတွင်း၊ အထူးသဖြင့် (၆) ကိုက်စည်းထဲက သွင်းယူပေးခဲ့တဲ့ဂိုးတွေ ဖြစ်နေခဲ့တဲ့အချက်လည်း ပါဝင်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့ သွင်းဂိုးတွေဟာ လွယ်ကူတယ်..လို့ပဲ အများစုက ရှုမြင်နေရသလို တစ်ဘက်ကလည်း အပိုင်အခွင့်အရေးတွေ လွဲချော်မှုများခဲ့တဲ့ သူ့အပေါ်ကို အားမရကြပါဘူး..။

ပက်ပ် ဂွာဒီယိုလာ ရောက်ရှိလာခဲ့တဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးပေါင်း (၈၀) ကျော် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား (၈) ယောက်ပဲရှိပြီး အဲဒီထဲမှာ ရာဟင်း စတာလင်း ပါဝင်ပါတယ်..။ ဒါပေမယ့် သူရရှိခဲ့တဲ့ သွင်းဂိုးတွေဟာ တခြားကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ ပုံစံမတူပါဘူး..။ ဟာရီ ကိန်း၊ ဆာလာ တို့ဟာ ဂိုးဧရိယာအပြင် ကိုက် (၂၀) ကျော်ကနေ လှပတဲ့ကန်ချက် သွင်းဂိုးတွေ ရရှိခဲ့ပေမယ့် စတာလင် ရဲ့ သွင်းဂိုးတွေဟာ အစောကဖော်ပြခဲ့သလို အနီးကပ်အပိုင် အခွင့်အရေးတွေကပဲ ရရှိခဲ့တာ များပါတယ်..။ အချက်အလက်တွေကနေ တွက်ချက်မှုအရ သူ့ရဲ့ကန်ချက်တွေကနေ ဂိုးရရှိနိုင်ခြေ (expected goals - xG) (ဝ.၁၈) ရှိခဲ့ပြီး အဝေးကန်ချက် သွင်းဂိုးတွေများတဲ့ ကီဗင် ဒီ ဘရိုင်း ရဲ့ (xG) တန်ဖိုးက (ဝ.၀၈) ပဲ ရှိပါတယ်..။



ဒါဆိုရင် ဒီ ဘရိုင်း ဟာ စတာလင်း ထက်ပိုပြီး အဆုံးသတ် ကောင်းမွန်တယ်လို့ ပြောနိုင်ပါလား..? ကစားသမားများရဲ့ အချက်အလက်များကို တွက်ချက်ထုတ်ပြန်ခဲ့တဲ့ Opta ရဲ့ တွက်ချက်မှုအရ ရာဟင်း စတာလင်း ဟာ အပိုင်အခွင့်အရေး (big chances) (၁၃၂) ကြိမ်ကနေ သွင်းဂိုး (၆၃) ဂိုး ရရှိခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့ အပိုင်အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်နှုန်း (big chances to goals conversion rate) ဟာ (၄၇.၇၃%) ရှိပြီး မိုဟာမက် ဆာလာ (၄၇.၉၈%) နဲ့ ကီဗင် ဒီဘရိုင်း (၄၈.၄၈%) တို့နဲ့ မတိမ်းမယိမ်းပါပဲ..။ သူ့ရဲ့ big chances to goals conversion rate ဟာ ဆာဒီယို မာနေး၊ ဂါဘရီယယ်လ် ဂျေဇူး၊ ဘာနာဒို ဆေးလ်ဗား၊ ဖီးလ် ဖိုဒန်၊ ရီယက်ဒ် မာရက်ဇ် တို့ထက် ကောင်းမွန်ပါတယ်..။

ဒ့ါအပြင် ၂၀၁၆ ခုနှစ်ကစပြီး တွက်ချက်ထားတဲ့ အချက်အလက်တွေအရ စတာလင်း ဟာ ရသင့်တဲ့ဂိုး (expected goals) (၈၁.၈၂) ဂိုးသာ ရှိပေမယ့် အမှန်တကယ် ရရှိခဲ့တဲ့သွင်းဂိုး (၈၅) ဂိုး ရရှိခဲ့ပါတယ်..။ အချက်အလက်တွေအရ စတာလင်း ဟာ အဆုံးသတ် ဂိုးသွင်းကောင်းတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာ ပြသနေမယ့် သူ့ရဲ့အဆုံးသတ် ဂိုးသွင်းစွမ်းရည်အပေါ် ပရိသတ်တွေရဲ့ထင်မြင်ချက်ဟာ ပြောင်းပြန်ဖြစ်နေတာ ဘာကြောင့်ပါလဲ..?

Opta ရဲ့ တွက်ချက်မှုအရ ရာဟင်း စတာလင် ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အပိုင်အခွင့်အရေး (big chances) (၆၉) ကြိမ် လွဲချော်ခဲ့ပြီး အဲဒီကာလအတွင်း ပရီးမီးယားလိဂ်မှာ သူ့ထက်ပိုပြီး big chances တွေ လွဲချော်တဲ့ ကစားသမားတွေဆိုလို့ ဆာလာ နဲ့ ကိန်း တို့နှစ်ယောက်ပဲ ရှိပါတယ်..။ ဒါပေမယ့် သူတို့နှစ်ယောက်နဲ့ သွင်းဂိုးတွေထဲမှာ ဂိုးဧရိယာအပြင်ဘက်က ကန်ချက်သွင်းဂိုးတွေ၊ ခက်ခက်ခဲခဲ သွင်းယူပေးခဲ့တဲ့ဂိုးတွေ စတာလင်း ထက် ပိုပြီးများခဲ့ပါတယ်..။ ဒ့ါကြောင့်လည်း စတာလင်း နဲ့ ပတ်သက်လာရင် သူ့ရဲ့သွင်းဂိုးတွေထက် လွဲချော်မှုတွေကိုပဲ ပြေးမြင်မိနေကြတာ ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ပက်ပ် ဂွာဒီယိုလာ ရဲ့ စတာလင်း ရဲ့ ပွဲအဖြေ ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်အပေါ် မြင်တဲ့အမြင်ဟာ ပရိသတ်တွေရဲ့အမြင်နဲ့ မတူညီခဲ့ပါဘူး..။

၂၀၂၁/၂၂ ဘောလုံးရာသီ၊ နောက်ဆုံးနေ့.. မန် စီးတီးအသင်းဟာ အိမ်ကွင်းမှာ အက်စ်တွန် ဗီလာအသင်းကို ၂- ၀ နဲ့ ရှုံးနိမ့်နေပါတယ်..။ ပွဲချိန်မိနစ် (၂၀) လောက်ပဲ ကျန်တော့တဲ့အချိန် ပက်ပ် ဂွာဒီယိုလာ ဟာ ရာဟင်း စတာလင်း ကို လူစားလဲခဲ့ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းရဲ့ ချန်ပီယံအိပ်မက်ကို ပြန်လည်ရှင်သန် လာစေတဲ့ ဂန်ဒိုဂမ် ရဲ့ ပထမသွင်းဂိုးဟာ စတာလင်း ရဲ့ တစ်ယောက်ချင်း 1 vs 1 ကျော်ဖြတ်ပြေးပြီး ဖြတ်တင်လိုက်တဲ့ ဘောလုံးကနေ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ဒါ့အပြင် လူစားဝင်လာပြီးနောက်ပိုင်း သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် ကီဗင် ဒီ ဘရိုင်း၊ ဂန်ဒိုဂမ် တို့ နေရာလွတ်တွေ ပိုပြီးရရှိလာခဲ့ပါတယ်..။ အဲဒီနေ့ပွဲနဲ့ပတ်သက်ရင် ဂန်ဒိုဂမ် ရဲ့ သွင်းဂိုးနှစ်ဂိုးကို မှတ်မိနေကြမှာ ဖြစ်ပေမယ့် ကိုယ်တိုင်ဂိုးမရရှိခဲ့တဲ့ စတာလင်း ရဲ့ ပံ့ပိုးမှုတွေကို ဘယ်သူမှ သတိတရ မရှိခဲ့ကြပါဘူး..။

ပက်ပ် ဂွာဒီယိုလာ ဟာ  အမြန်နှုန်းကိုသာ အားကိုးခဲ့တဲ့ လူငယ်တောင်ပံကစားသမားလေး တစ်ယောက်ကို ထိရောက်တဲ့ ဂိုးသွင်းစက် တစ်ခုအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်..။ ဒါ့အပြင်သူဟာ ခွန်အား (power)၊ အမြန်နှုန်း (pace) နဲ့ ဟန်ချက် (balance) တို့ကို အချိုးကျကျ ပေါင်းစပ်နိုင်ခဲ့တဲ့သူ တစ်ယောက်ဖြစ်ခဲ့ပြီး အဲဒီအမြန်နှုန်းကို တိကျမှု (precision) နဲ့ နည်းစနစ်ပိုင်း ပါးနပ်မှု (tactical intelligence) တွေ ထပ်မံဖြည့်စွက်လိုက်ရာမှာ တကယ့်ကို ထိရောက်ပြီး အန္တရာယ်ပေးနိုင်တဲ့ တိုက်စစ်မှူး တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်..။



ချယ်လ်ဆီးအသင်း တိုက်စစ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်သူ…

လူငယ်ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ သောမတ်စ် တူခယ်လ် ရဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်ဟာ တိကျမှု (precision) နဲ့ ပါးနပ်မှု (maturity) အားနည်းခဲ့တာကြောင့် တကယ့်အဆုံးသတ် ဂိုးသွင်းချိန်မှာ မကြာခဏ အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရသလို ပြိုင်ဘက် ကစားသမားကို တစ်ဦးချင်း 1 vs 1 ကျော်ဖြတ် ဆွဲပြေးနိုင်စွမ်းရှိတဲ့ တောင်ပံတိုက်စစ်မှူးလည်း လိုအပ်နေပါတယ်..။ ဒ့ါအပြင် ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကြောင်းနောက်ကနေ နေရာလွတ် ရှာဖွေပြီး အတိအကျ အဆုံးသတ်ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးတစ်ယောက် အားဖြည့်နိုင်ဖို့ လိုအပ်နေခဲ့ပါတယ်..။

မေဆန် မောင့် ဟာ ချယ်လ်ဆီးအသင်းရဲ့ ညာတောင်ပံ တိုက်စစ်ကနေ ရိစ် ဂျိမ်းစ် နဲ့ တွဲဖက်ပြီး အသင်းအတွက် ဂိုးသွင်းခွင့်တွေ ဖန်တီးပေးတဲ့တာဝန် ယူပေးနိုင်ပေမယ့် ဘယ်တောင်ပံကနေ အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်ပြီး နေရာယူကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက် လိုအပ်နေပါတယ်..။ အဲဒီကွက်လပ်ကို ရာဟင်း စတာလင်း က ဖြည့်ဆည်းပေးနိုင် ပါလိမ့်မယ်..။

သူဟာ big chances တွေကို လွဲချော်တတ်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့သမ္ဘာနဲ့ အတွေ့အကြုံ ရင့်ကျက်မှု၊ off the ball လှုပ်ရှားမှုတွေ ကောင်းမွန်မှု၊ ပိတ်ဆို့ထားတဲ့ ခံစစ်ကြောင်းကို တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်းနဲ့ ထိုးဖောက်နိုင်မှု၊ ဆုံးဖြတ်ချက်ပြီး ချိန်သားကိုက် နေရာယူပြီး အဆုံးသတ် ဂိုးသွင်းကောင်းမွန်တဲ့ စွမ်းရည်တွေဟာ အသင်းရဲ့ တိုက်စစ်အတွက် သိသာထင်ရှားတဲ့ အားဖြည့်မှု ဖြစ်လာမှာပါ..။ လက်ရှိအသင်းရဲ့ ဘယ်တောင်ပံမှာ ခရစ္စတီယန် ပူလီဆစ် ဟာ ခြေစွမ်းမတည်ငြိမ်ခဲ့သလို ဟတ်ဒ်ဆန် အိုဒွိုင်း ကလည်း အကြောင်းအမျိုးမျိုးနဲ့ ပွဲစဉ်အများအပြားကို လွဲချော်နေဆဲပါပဲ..။ တီမို ဗာနာ ကလည်း နှစ်ရာသီမြောက်အထိ တီမို ဗာနာ အဖြစ် ဆက်လက်လွဲချော်နေဆဲ ဖြစ်ပါတယ်..။



ရာဟင်း စတာလင်း ဟာ အတွေ့အကြုံရင့်ကျက်ပြီး ဆုဖလားတွေ အများအပြား ဆွတ်ခူးနိုင်ခဲ့တဲ့ ဝါရင့်ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကြောင့် ချယ်လ်ဆီးအသင်း ကြုံတွေ့နေရတဲ့ အရေးအကြောင်းမှာ ဂိုးမိုးခေါင်နေတဲ့ ပြဿနာ ပြေလည်သွားနိုင်သလို ရှေ့တန်းမှာ နေရာစုံကစားနိုင်တဲ့ (versatility) အားသာချက်လည်း ရှိပါတယ်..။

ဒ့ါအပြင် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ စိန်ခေါ်မှုအသစ်တွေကို အမြဲတမ်း အလိုရှိနေသူ တစ်ယောက်ဖြစ်ပြီး အလွယ်တကူ အရှုံးပေးတတ်သူတစ်ယောက် မဟုတ်ပါဘူး..။ သူဟာစိတ်ဓါတ်မာကျောပြီး ကစားသမား သက်တမ်းတစ်လျှောက် ကြုံလာခဲ့ရတဲ့ အခက်အခဲပေါင်းများစွာကို ခိုင်မာတဲ့ ရင့်ကျက် တည်ငြိမ်မှုနဲ့ အပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်..။ အခုတစ်ကြိမ်မှာလည်း သူဟာအဓိက ကစားသမား တစ်ယောက်အဖြစ်နဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုတာကြောင့် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်..။

ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမား (Golden Boy) ဆုကို ၂၀၁၄ ခုနှစ်က ဆွတ်ခူးနိုင်ခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး ရာဟင်း စတာလင်း ရဲ့ ကစားသမားဘဝလမ်းကြောင်းဟာ အတက်အကျ၊ စိတ်လှုပ်ရှားစရာတွေ များပြားခဲ့ပါတယ်..။ အခုတစ်ကြိမ် ချယ်လ်ဆီးအသင်းနဲ့ ခရီးလမ်းတစ်ကျော့မှာ သူ့အတွက် ထပ်မံသက်သေပြစရာရော ကျန်သေးရဲ့လား.. လို့ သံသယပွားနိုင်စရာရှိပေမယ့် သူဟာ အခုအချိန်အထိ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ်မှူးတွေထဲက တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ဆဲ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

Reference
=======
- Raheem Sterling: The Premier League Centurion Headed for Thomas Tuchel’s Chelsea, by Onyekachi Uwanabi, Breaking the line
- Raheem Sterling to Chelsea: Man City and England forward might be underrated because finishing is misunderstood, by Adam Bate, Sky Sports