feature-image

စနေနေ့ ဘောလုံးစကားဝိုင်း (အဲဗာတန် Vs ချယ်လ်ဆီး)

ယခုတစ်ပါတ် စနေနေ့တွင် စတင်ခဲ့သည့် ချယ်လ်ဆီးအသင်း၏ ၂၀၂၂/ ၂၃ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းအား ဂူဒီဆင် ပါ့ခ် ကစားကွင်းတွင် အနိုင်ရရှိခဲ့သည့်ပွဲစဉ်မှ ချယ်လ်ဆီးအသင်း၏ ကစားပုံ၊ ဘင် ချီးဝဲလ်၊ ကာလီဒူ ကူလီဘေလီ နှင့် ရာဟင်း စတာလင်း တို့၏ တစ်ဦးချင်းခြေစွမ်း သုံးသပ်ချက်များကို အဲဗာတန်အသင်း တိုက်စစ်မှူးဟောင်းနှင့် နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒန်ကန် ဖာဂူဆန် နှင့် လီဗာပူးလ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် တို့က Sky Sports ရုပ်သံဌာန၏ ‘Saturday Night Football’ သုံးသပ်ချက်  စကားဝိုင်းအစီအစဉ်မှတဆင့် ယခုလိုပြောကြားခဲ့သည်..။

ကယ်လီ ကိတ် - ဒီနေ့ပွဲအပြီးမှာ ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာ ပင်နယ်တီပြစ်ဒဏ်ဘောကနေတဆင့် ကွင်းလယ်ကစားသမား ဂျော်ဂင်ဟို သွင်းယူပေးခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့အတူ ဂူဒီဆင် ပါ့ခ် ကစားကွင်းကနေ ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်ခွင့်ရရှိသွားကြပါပြီရှင့်..။ ပွဲစဉ်နဲ့ပတ်သက်တဲ့ အချက်အလက် တစ်ချို့ကို အစီရင်ခံရမယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ ဂိုးကန်သွင်းခွင့် (goal attempts) (၁၅) ကြိမ်ရရှိခဲ့ပြီး (၆) ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်..။

အိမ်ရှင် အဲဗာတန်အသင်းကတော့ ဂိုးပေါက်တည့်ကန်ချက် (၄) ကြိမ် ရရှိခဲ့ပါတယ်..။ ဂိုးရနိုင်ခြေ မှန်းဆချက် (expected goals- xG) မှာတော့ ချယ်လ်ဆီးအသင်းဟာ (၁.၇၄) ရှိခဲ့ပါတယ်..။ နှစ်သင်းစလုံးရဲ့ ပြိုင်ဘက်အသင်း ဂိုးဧရိယာထဲမှာ ဘောလုံးထိချက် (touches in opposition box) ရရှိမှုတွေမှာတော့ အိမ်ရှင်အသင်းက (၂၃) ကြိမ်..၊ ချယ်လ်ဆီးအသင်းက (၂၄) ကြိမ်နဲ့ အတူတူနီးပါး ရရှိခဲ့ပါတယ်..။ ထောင့်ကန်ဘောရရှိမှု အချက်အလက်တွေကိုမှာ ကြည့်မယ်ဆိုရင် ဧည့်သည်အသင်းဟာ (၁၆) ကြိမ်အထိ ရရှိခဲ့ပါတယ်..။ ကဲ.. အဲဒီအချက်အလက်တွေပေါ် မူတည်ပြီး ဒီနေ့ပွဲစဉ်အပေါ် ရှင်တို့ရဲ့ ထင်မြင်၊ သုံးသပ်ချက်တွေကို အရင်ဆုံးပြောပြနိုင်မလား..?



ဒန်ကန် ဖာဂူဆန် - ကျွန်တော်တို့ အဲဗာတန်အသင်းရဲ့ ပထမပိုင်း ကစားပုံဟာ သက်တောင့်သက်သာ ရှိခဲ့ပါတယ်..။ ဒါပေမယ့်ကံမကောင်းစွာနဲ့ပဲ ပထမပိုင်း ပြီးခါနီး နာကျင်အချိန်ပိုကျမှ အက်ဘ်ဒူလာရေး ဒူကိုရေး ကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောနဲ့ ချယ်လ်ဆီးအသင်းဟာ ဦးဆောင်ခွင့် ရခဲ့ပါတယ်..။ ဘင် ချီးဝဲလ် အပေါ် ကျူးလွန်ခဲ့တဲ့ သူ့ရဲ့ဖျက်ထုတ်မှုဟာ ပင်နယ်တီပေးရမယ့် ဖျက်ထုတ်မှု ဖြစ်ပါတယ်.. အငြင်းပွားစရာ မရှိပါဘူး..။ ဒုတိယပိုင်းမှာလည်း ပွဲပြန်စပြီး (၁၀) မိနစ်လောက်အထိ ကစားပုံ ကောင်းမွန်ခဲ့ပြီး ဂိုးရမယ့် အခွင့်အရေးတစ်ချို့ ရရှိခဲ့ပါသေးတယ်..။

ဒါပေမယ့် ချယ်လ်ဆီးအသင်း နောက်တန်းခံစစ်မှူးတွေဟာ ကျွန်တော်တို့အသင်း တိုက်စစ်ကို အေးအေးဆေးဆေး ထိန်းချုပ်သွားနိုင်ခဲ့တယ်လို့ ထင်ပါတယ်..။ ဒီနေ့ပွဲမှာ တကယ့်အရေးအကြီးဆုံး လိုအပ်ချက်က ပြိုင်ဘက်အသင်းကို ကောင်းကောင်းခြိမ်းခြောက်နိုင်မယ့် တိုက်စစ်မှူးစစ်စစ် ‘No.9’ ဖြစ်ပါလိမ့်မယ်..။ တကယ်ဆိုရင် ချယ်လ်ဆီးဟာ ပွဲပြီးခါနီးမှာ စတာလင် ရရှိခဲ့တဲ့ အခွင့်အရေး တစ်ကြိမ်ကလွဲရင် ကျွန်တော်တို့ဘက်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့တာ မရှိသလောက်ပါပဲ..။

ဒ့ါကြောင့်ဒီနေ့ပွဲအပေါ် ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို ပြောရမယ်ဆိုရင် ကျွန်တော်တို့အသင်းဟာ ပြိုင်ဘက်ချယ်လ်ဆီးအသင်းကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူးဗျာ..။ ကျွန်တော်တို့နည်းပြ ဖရန့် လမ်းပတ် ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟသ ဖြစ်ခဲ့ရတာကြောင့် စိတ်မကောင်း ဖြစ်မိပါတယ်..။ ဒါ့အပြင်ဒီနေ့ပွဲမှာ ဒဏ်ရာကြောင့် သူ့ရဲ့ဗဟိုနောက်ခံလူ နှစ်ယောက်ကို ထပ်ပြီးဆုံးရှုံးခဲ့ရပြန်ပါတယ်..။ ဒ့ါကြောင့်သူ့အတွက် လိုအပ်တဲ့ အပြောင်းအလဲတွေ ထပ်ပြီးပြုလုပ်ဖို့ အခက်အခဲတွေ ဖြစ်ခဲ့ရတာပေ့ါဗျာ..။ တကယ်တမ်းဆိုရင် ချယ်လ်ဆီးအသင်းဟာ ပင်နယ်တီတစ်ကြိမ် ရခဲ့တာကလွဲရင် သူတို့ကစားပုံဟာ ဘာမှမယ်မယ်ရရ မရှိခဲ့ပါဘူး..။



ကယ်လီ ကိတ် - ဂျေမီ ရေ.. ပွဲစဉ်တစ်ပွဲလုံးအနေနဲ့ဆိုရင် ဂိုးရနိုင်လောက်တဲ့ အခိုက်အတန့် တစ်ချို့တော့ ရှိခဲ့ပါတယ်..။ ဒါပေမယ့် ဒန်ကန် ပြောခဲ့သလို ပထမပိုင်းပြီးခါနီးမှာ ဘင် ချီးဝဲလ် ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကလွဲရင် ဒီနေ့ပွဲတစ်ပွဲလုံးမှာ ပြောစမှတ်ပြုရလောက်အောင် စိတ်လှုပ်ရှားခဲ့ရတဲ့ အခိုက်အတန့်တွေ အတော်လေး နည်းပါးခဲ့တယ်လို့ပြောရင် မှန်နိုင်မလားရှင့်..

ဂျေမီ ရက်ဒ်နပ် - ဒီနေ့ပွဲဟာ သွက်သွက်လက်လက်မရှိခဲ့ပဲ နည်းနည်းတော့ အေးတိအေးစက် ဖြစ်ခဲ့ပါတယ်..။ ဒန်ကန် အစောက ပြောခဲ့လို ပွဲအစ (၈) မိနစ်မှာတင် ဘင် ဂေါ့ဖရီ ဒဏ်ရာကြောင့် အချိန်အတော်ကြာကြာ နားခဲ့ရတာဟာ အတိုင်းအတာ တစ်ခုထိတော့ ပွဲကိုအေးစက်သွားစေခဲ့ပုံ ရပါတယ်..။ ဒ့ါအပြင် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းကို မရရှိခဲ့ပါဘူး..။ ဒါပေမယ့် ဒီနေ့ပွဲဟာ ဘောလုံးရာသီရဲ့ ပထမဦးဆုံး အဖွင့်ပွဲစဉ်ဖြစ်တယ်..၊ ဒ့ါကြောင့်အရေးအကြီးဆုံးက သုံးမှတ်ရရှိဖို့နဲ့ အနိုင်ရရှိဖို့ပါပဲ..။ မီခေးလ် အာတီးတာ ကလည်း ‘ဘယ်လိုပုံစံနဲ့ပဲ ကစားနိုင်သည်ဖြစ်ပါစေ.. အနိုင်ရရှိဖို့ အဓိကပဲ’ လို့ မနေ့ညက ပြောခဲ့ပါသေးတယ်...။

အဲဗာတန်အသင်းမှာ ‘No.9’ တိုက်စစ်မှူးစစ်စစ် မရှိခဲ့တာကြောင့် နစ်နာခဲ့ရတယ်လို့ ဒန်ကန် ပြောခဲ့သလို ချယ်လ်ဆီးအသင်းဟာ ရုန်းကန်ခဲ့ရတာ မှန်ပါတယ်..။ သူတို့ရဲ့ကစားပုံဟာ ညက်ညောမှု (fluidity) မရှိခဲ့ဘူး..၊ စတာလင်း ရဲ့ ကစားပုံ ကောင်းမွန်ပြီး အန္တရာယ်ပေးနိုင်မယ့်ပုံ မြင်တွေ့ရပေမယ့် တိုက်စစ်ပိုင်း ထိုးဖောက်မှုတွေ ထိရောက်မှု အားနည်းခဲ့တာကို ကြည့်မယ်ဆိုရင် ချယ်လ်ဆီးအသင်းမှာလည်း အထောင်တိုက်စစ်မှူးကောင်း (focal point) တစ်ယောက်ရှိဖို့ လိုအပ်နေပါတယ်..။

တကယ်လို့ ဒီနေ့ပွဲမှာ အဲဗာတန်အသင်းဘက်က တိုက်စစ်မှူး ကယ်လ်ဗတ် လီဗင် သာ ပါဝင်နိုင်ခဲ့မယ်ဆိုရင် အဖြေများတစ်မျိုး ပြောင်းသွားနိုင်မလားပေ့ါဗျာ..။ ချယ်လ်ဆီးဘက်က အာမန်ဒို ဘရိုဂျားစ် ဝင်ပြီးကစားခဲ့ပါတယ်..။ ဒါပေမယ့် တိုက်စစ်ပိုင်းချိတ်ဆက်မှု အားနည်းနေတာ ပိုပြီးကောင်းမလာခဲ့ပါဘူး..။ ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းဟာ အခုလိုကစားပုံအတိုင်း နောက်ထပ်သုံးပါတ်၊ လေးပါတ်လောက် ဆက်သွားနေဦးမယ်လို့ ထင်ပါတယ်..။ ကစားသမားသစ်တွေ ထပ်ပြီးရောက်လာဖို့ ရှိနေသေးတယ်..။ သူတို့ရဲ့ back three အထိုင်ဟာ အခုမှစပြီး ပြန်လည်တည်ဆောက်ရတာ ဖြစ်တဲ့အတွက် အချိတ်အဆက်နဲ့ နားလည်ပိုင်းတွေမှာ လိုအပ်နိုင်ပါသေးတယ်..။ ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်းကတော့ အထူးကောင်းမွန်ပြီး ဆီဇာ၊ သီယာဂို နဲ့ ကူလီဘေလီ တို့ သုံးယောက်ပေါင်းလိုက်ရင် အသက် (၁၀၀) ရှိတာဆိုတော့ အတွေ့အကြုံ၊ ရင့်ကျက်မှုပိုင်း ဘာမှပြောစရာမလိုဘူးပေ့ါဗျာ..။ ဒါ့အပြင် ဒီနေ့မှာ clean sheet ရခဲ့ပါတယ်..။



ဒါပေမယ့် သောမတ်စ် တူခယ်လ် ရဲ့ အသင်းဟာ အစွမ်းကုန် ကြိုးစား၊ ကစားခဲ့ပြီး သုံးမှတ်အရ ယူနိုင်ခဲ့ပါတယ်..။ ဒါဟာဒီနေ့ပွဲအတွက် သူတို့ရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါလိမ့်မယ်..။ အဲဗာတန်အသင်းရဲ့ ဂူဒီဆင် ပါ့ခ် ကစားကွင်းဟာ ချယ်လ်ဆီးအသင်းအတွက် အမြဲတမ်းခက်ခဲတဲ့ ကွင်းတစ်ကွင်းဖြစ်ပြီး မနှစ်ကလည်း အဲဒီကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်..။ ဒ့ါကြောင့်ဒီနေ့အနိုင်ပွဲဟာ သူတို့အတွက် တကယ့်ကို အရေးပါတဲ့ အနိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်..။

ဒန်ကန် ဖာဂူဆန် - သောမတ်စ် တူခယ်လ် ကို ကျွန်တော်နည်းနည်းတော့ အံ့သြမိပါတယ်..။ ဘရိုဂျား ကို (၇၅) မိနစ်မှာ ထည့်ပြီးကစားခဲ့ပေမယ့် ဘာကြောင့်အလယ်မှာ မကစားခိုင်းခဲ့ပဲ ဘယ်တောင်ပံကို ထွက်ခိုင်းခဲ့လဲ.. မသိဘူးဗျ..။
ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..၊ ဒီနေ့ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ နှစ်သင်းစလုံးမှာ အထောင်တိုက်စစ်မှူး ‘No. 9’ မပါဝင်ခဲ့သလို တိုက်စစ်ဖန်တီးမှုအပိုင်း အားနည်းခဲ့တဲ့အကြောင်းကို ခဏနေမှ ဆက်ပြီးဆွေးနွေးကြရအောင်ရှင့်..။ ဒီနေ့ပွဲရဲ့ အဆုံးအဖြတ်ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ပင်နယ်တီရရှိခဲ့တဲ့ အခိုက်အတန့်နဲ့ ဂျော်ဂင်ဟို ရဲ့ ပင်နယ်တီကန်ချက် သွင်းဂိုးအကြောင်းကို သုံးသပ်ပေးပါဦး..

ဂျေမီ ရက်ဒ်နပ် - အဲဒီပင်နယ်တီ ပြစ်ဒဏ်ဘော မပေးရခင်အချိန်ထိ ဖရန့် လမ်းပတ် ဟာ အသင်းရဲ့ ခံစစ်အစီအမံအပေါ် ကျေနပ်အားရမိပါလိမ့်မယ်..။ သူတို့ရဲ့ခံစစ်အစီအမံထဲမှာ မေဆန် ဟိုးလ်ဂိတ် ဟာ ချယ်လ်ဆီးရဲ့ ဘယ်တောင်ပံ တိုက်စစ်ကစားသမားကို တစ်ဦးချင်း လူကပ်ကစားဖို့ (man to man mark) ညွှန်ကြားထားပါလိမ့်မယ်..(ပုံ- ၁) ။



ဒါ့ကြောင့် မေဆန် ဟိုးလ်ဂိတ် ဟာ သူ့ရဲ့ခံစစ်ပိုင်း ညာဘက်အခြမ်းကို ဝင်လာတဲ့ မေဆန် မောင့် ကို ထပ်ချပ်လိုက်ပါပြီး ညာဘက်အစွန်ထိ လိုက်ပါသွားခဲ့ပါတယ်..။ အဲဒီမှာ ဘယ်အစွန်က ဘင် ချီးဝဲလ် ဟာ အတွင်းဘက်ကို ပြေးဝင်ခဲ့တာကြောင့် သူ့အတွက် နေရာလွတ် ရခဲ့ပါတယ်..(ပုံ- ၂)။ အဲဒီမှာ ဘယ်အစွန်ကနေ အတွင်းကို ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘင် ချီးဝဲလ် ဆွဲယူဖို့ ကြိုးစားချိန်မှာ အက်ဘ်ဒူလာရေး ဒူကိုရေး ရဲ့ ဖျက်ထုတ်မှုကြောင့် ချယ်လ်ဆီးအသင်း ပင်နယ်တီ ရရှိခဲ့ပါတယ်..။



အဲဒီပင်နယ်တီ ပြစ်ဒဏ်ရရှိခဲ့တဲ့ ဖျက်ထုတ်မှုမတိုင်ခင် ကူလီဘေလီ ရဲ့ တစ်ချက်ထိန်းပြီး ဘင် ချီးဝဲလ် ရဲ့ ပြေးလမ်းထဲကို အတိအကျ မနားတမ်း ထိုးပေးလိုက်တဲ့ ပေးပို့မှုကို ချီးကျူးရပါမယ်..(ပုံ- ၃)။ တကယ့်ထိပ်တန်း ကွင်းလယ် ဖန်တီးရှင်တစ်ယောက်ရဲ့ပေးပို့မှု အဆင့်အတန်းမျိုးပါပဲ..။ ချီးဝဲလ် ဟာ ပင်နယ်တီဧရိယာထဲမှာ လွတ်ထွက်သွားတယ်..၊ အဲဗာတန်နောက်တန်းဟာ ပျာယာခပ်သွားပြီး ဒူကိုရေး က အလျင်စလို ဖျက်ထုတ်လိုက်တာကြောင့် ပင်နယ်တီပေးလိုက်ရတာပါ..။



ကယ်လီ ကိတ် - တကယ်တော့ အဲဒီဖြစ်ရပ်က ဘင် ဂေါ်ဖရီ ရဲ့ ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူချိန်အတွက် အစားထိုး နာကျင်အချိန်ပို (၈) မိနစ်ထဲအရောက်မှာ ခွင့်ပြုလိုက်ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘော ဖြစ်ခဲ့ပါတယ်ရှင့်..။ အဲဒီမှာ ချယ်လ်ဆီးအသင်းရဲ့ ပင်နယ်တီကို ဂျော်ဂင်ဟို ကန်သွင်းမယ့်အချိန်မှာ ဂိုးပေးရဖို့ သေချာသလောက် ဖြစ်သွားပြီလို့ ရှင်တော့တွေးမိခဲ့မှာပဲ.. ဒန်ကန် ရေ..

ဒန်ကန် ဖာဂူဆန် - ခုနက ဂျေမီ ထောက်ပြခဲ့တဲ့အတိုင်း ကျွန်တော်လည်း စဉ်းစားမိခဲ့ပါတယ်..။ မေဆန် ဟိုးလ်ဂိတ် ဟာ မေဆန် မောင့် ရဲ့ အယောင်ပြပြေးသွားတဲ့ဘက်ကို လိုက်မသွားပဲနဲ့ သူ့ရဲ့နေရာမှာ ဆက်ပြီးနေခဲ့ရင် ကောင်းမလား..? ဒါမှမဟုတ် အတွင်းမှာရှိနေတဲ့ တခြားဗဟိုခံစစ်မှူး တစ်ယောက်ယောက်က ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် ပိတ်ဆို့နိုင်ခဲ့သင့်ခဲ့တယ်ပေါ့ဗျာ….။ ဒါပေမယ့် အဲဗာတန်ပရိသတ် တစ်ယောက်အနေနဲ့ ပထမပိုင်းရဲ့ နောက်ဆုံးကန်ချက်မှာ ခွင့်ပြုလိုက်ရတာ အတော်လေး ရင်ခံစေခဲ့တဲ့ဂိုးလို့ ပြောရမှာပါပဲ..။



ကယ်လီ ကိတ် - ဒါပေမယ့် ရှင်တို့အဲဗာတန်အသင်းဘက်ကလည်း ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတစ်ချို့ ရခဲ့ပါသေးတယ်ရှင့်..။ အဲဒီအခွင့်အရေးတွေကိုသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် ဒီနေ့ပွဲရလဒ်ဟာ ပြောင်းလဲသွားနိုင်တယ်လို့ တွေးမိသေးလား..

ဒန်ကန် ဖာဂူဆန် - အခွင့်အရေးတွေ ရခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ရရှိခဲ့တဲ့ အခွင့်အရေးတွေဟာ တကယ့်အပိုင် ဂိုးသွင်းခွင့်တွေ မဟုတ်ခဲ့ပါဘူး..။ ပထမပိုင်းမှာ တာကော့စကီး ရဲ့ ခေါင်းတိုက်ချက် အပါအဝင် ဂိုးသွင်းခွင့်နှစ်ကြိမ်လောက် ရခဲ့သလို ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာ တန်ပြန်တိုက်စစ်ကနေ ဒီမာရေး ဂရေး ကန်သွင်းခွင့်တစ်ကြိမ် ရရှိခဲ့တာလောက်ပဲ ရှိခဲ့ပါတယ်..။
ဂျေမီ ရက်ဒ်နပ် - အန်တော်နီ ဂေါ်ဒွန် ရဲ့ ခေါင်းပေါ်ကို အတိအကျ တစ်လုံးကန်တင်ပေးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်..။ ခင်ဗျားသာ ဖြစ်ခဲ့ဆိုရင် အဲဒီလိုဖြတ်တင်ဘောမျိုး ရခဲ့လို့က လှည့်ကြည့်စရာကို မလိုတော့ဘူး..

ဒုတိယပိုင်းမှာ တန်ပြန်တိုက်စစ်ကနေ ဒီမာရေး ဂရေး လွတ်ထွက်သွားတဲ့ ဘောလုံးမှာတော့ ချယ်လ်ဆီးနောက်ခံလူ သီယာဂို ဆေးလ်ဗား ရဲ့ တစ်ယောက်ချင်း (1 vs 1) ပိတ်ဆို့ပုံ ကောင်းခဲ့လွန်းလို့သာ ဂိုးမပေးခဲ့ရတာဗျ..။ ဒ့ါကြောင့်ဒီနေ့ပွဲရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု (man of the match) ချီးမြှင့်ခံခဲ့ရတာ မှန်ကန်တယ်လို့ ပြောရမှာပါ..။ ဒီမာရေး ဂရေး ဟာ သူ့ထက်ပိုပြီး လျှင်မြန်ပါတယ်..။ ဒါပေမယ့် သူဟာအရမ်းကို တည်ငြိမ်ခဲ့ပြီး ဂရေး ရဲ့ ကန်ချက်ကို နောက်ဆုံးအချိန်ကျမှ အတိအကျ ဖျက်ထုတ်နိုင်ခဲ့တာပါ..။



ကယ်လီ ကိတ် - ဂျော်ဂင်ဟို ဟာ ဒီနေ့ပွဲရဲ့ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် ကျွန်မကတော့ ဘင် ချီးဝဲလ် ကို မြက်ခင်းစိမ်းပေါ်မှာ ပြန်လည်မြင်တွေ့ရခဲ့တဲ့အပေါ် အထူးကျေနပ်မိပါတယ်..။ သူဟာမနှစ်က နိုဝင်ဘာလကတည်းက အနားယူခဲ့ရတာဖြစ်ပြီး မကြာခင်မှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ဆိုတာ သူ့အတွက် အင်မတန်မှ အရေးကြီးပါလိမ့်မယ်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ သူ့ရဲ့ဘယ်တောင်ပံခြမ်းမှာ မာ့စ် ကူကူရယ်လား ကို အားဖြည့်ခဲ့တာကြောင့် ဘင် ချီးဝဲလ် ဟာ အသင်းမှာဆက်ပြီး ကစားခွင့်ရနိုင် ပါဦးမလား..? ဒါမှမဟုတ် အင်္ဂလန်အသင်းမှာ အရွေးချယ်ခံရဖို့ လုံလာက်တဲ့ ကစားခွင့်ရော ရနိုင်ပါ့မလား..?

ဂျေမီ ရက်ဒ်နပ် - သူဟာကစားခွင့်တွေ အများကြီး ဆက်ပြီးရဦးမှာပါ..။ ကူကူရယ်လာ ဟာ ဗဟိုခံစစ်မှာ left sided center back အနေနဲ့ပါ ကစားပေးနိုင်ပါတယ်..။ ဒ့ါကြောင့်သူတို့နှစ်ယောက်ကို အသင်းမှာ ဘယ်လိုနေရာပေးမလဲ.. ကျွန်တော်စိတ်ဝင်စားမိပါတယ်..။ နှစ်ယောက်စလုံးကလည်း ကစားသမားကောင်းတွေ ဖြစ်ကြပါတယ်..။

ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်လို့က သူ့အတွက် တကယ့်ကို ကြီးမားတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါလိမ့်မယ်..။ အခုလက်ရှိ အင်္ဂလန်အသင်းရဲ့ ဘယ်နောက်ခံလူနေရာမှာ ဘင် ချီးဝဲလ် အပြင် ကိုင်လ် ဝေါ့ကာ၊ ကီရန် ထရစ်ပီးယားစ်၊ လုခ် ရှော.. တို့လို ကစားသမားကောင်းတွေ အများကြီးရှိနေပါတယ်..။ သူတို့တွေထဲက နောက်လာမယ့် နှစ်လအတွင်းမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားဟာ အင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့် ရပါလိမ့်မယ်..။ အခုလက်ရှိမှာတော့ ပြင်းထန်၊ ဆိုးရွားလှတဲ့ ကာလရှည်ဒဏ်ရာကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကြံ့ခိုင်မှုအပြည့်နဲ့ အကောင်းဆုံး ကစားပြနေနိုင်တဲ့ သူ့ကိုပြန်လည်မြင်တွေ့ခဲ့ရတဲ့အပေါ် ကျေနပ်မိပါတယ်..။



ကယ်လီ ကိတ် - ပွဲပြီးတဲ့အချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သောမတ်စ် တူခယ်လ် ကတော့ ဒီနေ့ပွဲဟာ ရာသီအဖွင့်ပွဲစဉ်လည်းဖြစ်တယ်..၊ ကစားသမား အသစ်တွေ ရောက်လာဖို့လည်း ရှိနေသေးတယ်..၊ ဒ့ါကြောင့်ဒီနေ့ပွဲမှာ သူတို့ဟာ သုံးမှတ်အပြည့်ရပြီး ကျော်ဖြတ်နိုင်ခဲ့တာကို ကျေနပ်တဲ့အကြောင်း ပြောသွားခဲ့တယ်ရှင့်…

ဂျေမီ ရက်ဒ်နပ် - မှန်ပါတယ်..။ သူတို့အသင်းဟာ သံချေးတက်ပြီး (rusty) နှေးကွေးပါတယ်..။ သူတို့ရဲ့အကောင်းဆုံး ခြေစွမ်းမဟုတ်ပေမယ့် တကယ့်ကို ကြီးမားခဲ့တဲ့ နိုင်ပွဲတစ်ပွဲလို့ ပြောရမှာပါ..။ သောမတ်စ် တူခယ်လ် ဟာ ကစားသမားသစ်တွေ လိုချင်သေးတယ်..။ နောက်ထပ်ခေါ်ယူဖို့ လိုအပ်သေးတဲ့အကြောင်း လူသိရှင်ကြား ပြောခဲ့ပါသေးတယ်..။ အထူးသဖြင့် တိုက်စစ်မှူး ‘No.9’ စစ်စစ် တစ်ယောက် လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်..။ ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးတွေဟာ အောင်မြင်မှုတွေ မရခဲ့ပါဘူး..။ အထူးသဖြင့် ဒီယေဂို ကော်စတာ နဲ့ ဒီဒီယာ ဒရော့ဘာ တို့နှစ်ယောက်ပြီးတဲ့နောက် သူတို့ရဲ့ခြေရာကို နင်းနိုင်မယ့် တိုက်စစ်မှူးကို ရှာမတွေ့ခဲ့ပါဘူး..။

ရိုမီလူ လူကာကူ ဟာလည်း သူတို့အသင်းနဲ့ အလုပ်မဖြစ်ခဲ့ပါဘူး..။ သောမတ်စ် တူခယ်လ် ဟာ အသင်းကို ဒီထက်ပိုပြီး ညက်ညက်ညောညောနဲ့ ကစားစေချင်ပုံ ရပါတယ်..။ အခုအချိန်ထိတော့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း ရွေ့လျားမှုတွေမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်..။ ရာဟင်း စတာလင်း ကိုပဲ တိုက်စစ်မှူး false No.9 အနေနဲ့ ကစားစေမလား..? စောင့်ကြည့်ရပါဦးမယ်..။ လူငယ်တိုက်စစ်မှူး အာမန်ဒို ဘရိုဂျား ကရော ချယ်လ်ဆီးအသင်းအတွက် အသင့်ဖြစ်ပြီလား..? သူဟာ လူငယ်တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ကစားခွင့် အထိုက်အလျောက် ရပါလိမ့်မယ်..။

ဒါပေမယ့် လက်ရှိအပြောင်းအရွှေ့ ဈေးကွက်ထဲမှာ တိုက်စစ်မှူး လိုအပ်ချက် များပြားနေပေမယ့် တကယ်တမ်း တိုက်စစ်မှူးကောင်းကောင်း သိပ်မရှိတာဟာ တကယ့်ပြဿနာပါ..။ demand နဲ့ supply မမျှဘူးပေ့ါဗျာ..။ ပိုက်ဆံအများကြီးပေးမယ် ဆိုရင်တောင် အရမ်းရှာရခက်ပါတယ်..။ ခင်ဗျားလို ဒန်ကန် ဖာဂူဆန် တွေ အများကြီးရှိမနေပါဘူး..။ အခုခေတ်မှာ ခင်ဗျားသာ ရှိနေမယ်ဆိုရင် စတာလင်ပေါင်သန်း (၁၀၀) လောက် တန်နေမလား မပြောတတ်ဘူး.. ဟားဟား..။



ဒန်ကန် ဖာဂူဆန် - ချယ်လ်ဆီးအသင်းဟာ အာမန်ဒို ဘရိုဂျား ကို အထောင်တိုက်စစ်မှူးအနေနဲ့ သုံးယောက်တိုက်စစ်ရဲ့ အလယ်ဗဟိုမှာ ထားပြီးကစားသင့်ပါတယ်..။ ဒါပေမယ့် သူတို့ဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ တိုက်စစ်မှူးအသစ်တစ်ယောက် ရအောင်ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်တာ အမှန်ပါပဲ..။ ကူကူရယ်လာ လို ဘယ်နောက်ခံလူ တစ်ယောက်အတွက် စတာလင်ပေါင်သန်း (၆၀) ဆိုတာ များလွန်းပါတယ်..။ ဒ့ါကြောင့် နောက်ထပ်တိုက်စစ်မှူး တစ်ယောက်ဆိုရင် ဒီထက်ပို အများကြီးပေးရမှာပါ..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..။ ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးအများဆုံး သုံးစွဲထားတဲ့အသင်း ဖြစ်နေပါပြီ..။ ဒါ့အပြင်နောက်ထပ် ကစားသမားသစ်တွေ ထပ်ပြီးခေါ်ယူ သုံးစွဲဦးမယ့် အလားအလာတွေလည်း ရှိနေပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းကနေ အကောင်းဆုံးခြေစွမ်း ပြခဲ့တဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗား ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တာနော..။ သူဟာချယ်လ်ဆီးအသင်းအပြင် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုနဲ့ တကယ့်ကို ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တယ် မဟုတ်လားရှင့်…

ဒန်ကန် ဖာဂူဆန် - တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားပါ…။ ခြေစွမ်းအပြင် ခံယူချက်နဲ့ စိတ်ဓါတ်ပိုင်းတွေမှာလည်း ဘာမှအပြစ်ပြောစရာ မရှိပါဘူး..။ နောက်လဆိုရင် အသက် (၃၈) နှစ်ရှိပြီနော်..။ တကယ့်ကို မယုံနိုင်စရာ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ပါပဲ.. ဂျေမီ ရေ…



ဂျေမီ ရက်ဒ်နပ် - သူ့ဆီမှာ ဘောလုံးကို ညှို့ယူ၊ ဆွဲယူနိုင်တဲ့ သံလိုက်တုံးများ ရှိနေလား မသိဘူးဗျာ..။ များပြားလှတဲ့ အတွေ့အကြုံတွေအပေါ်မှာ တည်ငြိမ်မှုနဲ့ ပေါင်းစပ်လိုက်တော့ တကယ့်ကို ဘာမှအပြစ်ပြောစရာ မရှိတဲ့ စင်းလုံးချော ကစားသမားပါပဲ..။ သူ့ရဲ့နေရာယူမှုတွေ၊ ချိန်သားကိုက် ဖျက်ထုတ်မှုတွေဟာ တကယ့်ကို အတိအကျနဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခဲ့ပါတယ်..။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက်လို့ ပြောလို့ရမယ် ထင်တာပဲဗျ..။

သူဟာကစားသမား ဘဝတစ်လျှောက် အဓိကဆုဖလား (၂၃) လုံး ဆွတ်ခူးနိုင်ပေမယ့် ချန်ပီယံလိဂ် ဆုဖလားကို စောစောစီးစီး မရရှိခဲ့တာကြောင့် ပေါ်လို မာလ်ဒီနီ၊ ဖရန်ကို ဘာရီစီ တို့လို ဂန္တဝင်ကစားသမားကြီးတွေနဲ့ တစ်တန်းစားထဲ မထားခဲ့တာလား မပြောတတ်ပါဘူး..။ သူ့ရဲ့ခံစစ်ကစားပုံကို ကြည့်ရတာ တကယ့်ကို သေသပ်၊ လှပပြီး အနုပညာ ဆန်လွန်းတယ်လို့ ခံစားရပါတယ်..။ သူဟာဒီလို အသက်အရွယ် ရောက်လာခဲ့ပေမယ့် အခုအချိန်ထိ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတွေမှာ တကယ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကစားနေနိုင်ဆဲ ဖြစ်ပါတယ်..။ ပရီးမီးယားလိဂ်ဟာ သိပ်ကိုမြန်ဆန်တဲ့ fast and furious လိဂ်ပြိုင်ပွဲလို့သာ ပြောနေပေမယ့် သီယာဂို ဆေးလ်ဗား ဟာ အခုအချိန်ထိ အာမံချက် ပေးနိုင်နေဆဲ၊ သေချာနေဆဲ နောက်ခံလူတစ်ယောက် ဖြစ်ပါတယ်..။

ကယ်လီ ကိတ် - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး ပွဲထွက်ခဲ့တဲ့ ကာလီဒူ ကူလီဘေလီ ဟာ သီယာဂို ဆေးလ်ဗား ဆီကနေ ထပ်ပြီးလေ့လာ၊ သင်ယူဖို့အချိန် လုံလုံလောက်လောက် ရဦးမယ် ထင်ပါတယ်..။ ကူလီဘေလီ ဟာ အောင်မြင်ခဲ့ပြီး အများကလေးစားခဲ့ရတဲ့ နောက်ခံလူ တစ်ယောက်ဖြစ်ခဲ့ပေမယ့် သူဟာသီယာဂို ဆီကနေ ထပ်ပြီးသင်ယူရမယ့် အချင်းအရာတွေ ရှိနိုင်သေးရဲ့လားရှင့်..?

ဂျေမီ ရက်ဒ်နပ် - ကူလီဘေလီ ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ခြေစွမ်းဟာ ကျေနပ်စရာပါ..။ ပထမပိုင်းမှာ အန်တော်နီ ဂေါ်ဒွန် ကို ဖျက်ထုတ်ခဲ့တာဟာ အဝါကတ်ဒ်ပေးမယ်ဆိုရင် ရပါတယ်..။ တကယ်လို့ အဲဒီဖျက်ထုတ်မှုသာ အဝါကတ်ဒ် အပြခံရမယ်ဆိုရင် လက်ကျန်ပွဲချိန်အားလုံးကို သတိထားပြီး ကစားရမှာ ဖြစ်တဲ့အတွက် ကံကောင်းခဲ့တယ်လို့ ပြောရပါမယ်..။ အစောပိုင်းမှာ စိတ်လှုပ်ရှားတာကြောင့် ဖြစ်နိုင်ပေမယ့် နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားသွားနိုင်ခဲ့ပါတယ်..။



သူဟာတစ်ဦးချင်း ဖျက်ထုတ်ရာမှာ ကောင်းမွန်တယ်..၊ ဖျက်ထုတ်ပုံ၊ လုယူပုံတွေမှာ သက်တောင့်သက်သာ ရှိတယ်..၊ ဘောလုံးရှင်းထုတ်ရာမှာ၊ ပေးပို့ရာမှာ ကောင်းမွန်ပါတယ်..။ သူ့ရဲ့ဒီနေ့ခြေစွမ်းဟာ တကယ့်ကို ကောင်းမွန်တယ်လို့ ကျွန်တော်ယူဆပါတယ်..။ ဒါ့အပြင် ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ ပြောရမှာပါ..။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်မှာ သူ့ကိုဒီထက်စောပြီး မြင်တွေ့ခဲ့ရသင့်ပါတယ်..။ အခုအချိန်မှာ သူဟာ အသက် (၃၁) နှစ်ရှိနေပြီ ဆိုပေမယ့် လျှင်မြန်မှု ကောင်းမွန်နေဆဲ ဖြစ်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း အပြည့်အ၀ ရှိနေပါတယ်..။

ဒ့ါအပြင် ဒီနေ့ပွဲမှာဆိုရင် ပွဲရဲ့အဆုံးအဖြတ် အခိုက်အတန့် ဖြစ်စေခဲ့တဲ့ ဘင် ချီးဝဲလ် ရဲ့ ပင်နယ်တီ ရရှိစေမယ့် ပေးပို့မှုကိ သေသေသပ်သပ် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူဟာ ပြီးပြည့်စုံနေပြီဖြစ်တဲ့ နောက်ခံလူတစ်ယောက် ဆိုပေမယ့် သင်ယူစရာတွေ ရှိနေဆဲပါပဲ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ နောက်ထပ်နောက်ခံလူ မျိုးဆက်အတွက် လက်စ်တာ စီးတီးအသင်းက ဝက်စ်လေ ဖိုဖားနား ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်..။ သူဟာအသက် (၂၁) နှစ်ပဲ ရှိသေးတာကြောင့် သူ့ကိုသာခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပြင်သစ်လူငယ် နောက်ခံလူအနေနဲ့ ကူလီဘေလီ၊ သီယာဂို ဆေးလ်ဗား တို့လို လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံး နောက်ခံလူတွေဆီကနေ အပါတ်စဉ်လက်တွေ့ သင်ယူရမယ့်အခွင့်အရေးဟာ တကယ့်ကို အကောင်းဆုံး ကျောင်းတော်ကြီး ဖြစ်ပါလိမ့်မယ်..။

သူဟာသီယာဂို ဆေးလ်ဗား၊ ကာလီဒူ ကူလီဘေလီ တို့နဲ့အတူ လေ့ကျင့်တယ်..၊ ပွဲတွေကစားတယ်.. အဲလောက်နဲ့ မပြီးပဲ သူတို့လို နောက်ခံလူကြီးတွေ ဘယ်လိုနေထိုင်တယ်..၊ ဘယ်လိုကျင့်ကြံ တွေးခေါ်တယ်.. စတာတွေကိုပါ အနီးကပ် လေ့လာ၊ သင်ယူခွင့်ရမှာ ဖြစ်ပါတယ်..။ ဒါ့အပြင် အစောကကျွန်တော်ပြောခဲ့သလို ဒီနေ့ပွဲက ချယ်လ်ဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ သုံးယောက်ရဲ့ ပျမ်းမျှအသက်ကို တွက်ကြည့်ပါဦး..။ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုအသားပေးတဲ့ ကစားဟန်၊ ဒဏ်ရာတွေ၊ ပွဲပန်းတာတွေ၊ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရဖို့တွေ ရှိတဲ့အတွက် သူတို့တွေဟာ ဖိုဖားနား လို လူငယ်မျိုးဆက်သစ် နောက်ခံလူတစ်ယောက်ကို ရအောင်ခေါ်ယူချင်နေတာ ဖြစ်ပါတယ်..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါ..။ ချယ်လ်ဆီးအသင်းဟာ ‘No.9’ စစ်စစ်တစ်ယောက် ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့အကြောင်း ရှင်တို့နှစ်ယောက်စလုံးက သဘောတူခဲ့ပါတယ်..။ အဲဒါကြောင့် သူတို့တွေ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ တိုက်စစ်မှူးရှာပုံတော် ထပ်ပြီးဖွင့်နိုင်စရာ ရှိပါတယ်..။ ရာဟင်း စတာလင်း ဟာ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းနဲ့ အဖွင့်ဂိုးမရခဲ့ပေမယ့် သူဟာကစားပုံ ကောင်းမွန်၊ ထက်မြက်ပြီး အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နိုင်မယ်လို့ မထင်မိဘူးလားရှင့်… ဒန်ကန် ရေ..

ဒန်ကန် ဖာဂူဆန် - yeah..! ဒီနေ့ပွဲမှာ သူ့ရဲ့ကောင်းမွန်သလို တစ်ဦးချင်း ကျော်ဖြတ်မှုတွေ ပြုလုပ်နိုင်တယ်..၊ လျှင်မြန်မှုရှိတယ်..၊ နေရာယူ ကောင်းမွန်သလို ဂိုးရနိုင်မယ့် အခွင့်အရေး တစ်ချို့ကို ရရှိခဲ့ပါသေးတယ်..။ သူဟာတကယ့် ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို အထောင် တိုက်စစ်မှူးစစ်စစ်.. ‘No.9’ တစ်ယောက်အနေနဲ့ မမြင်မိပါဘူး..။ မန်ချက်စတာ စီးတီးအသင်းမှာဆိုရင် သူဟာဖြတ်တင်ဘောတွေကို အဝေးတိုင်ဘက်ကနေ ပြေးဝင်ပြီး အဆုံးသတ်ဂိုးသွင်းလေ့ ရှိတဲ့သူ တစ်ယောက်အဖြစ်ပဲ ကျွန်တော်မြင်မိပါတယ်..။



သူဟာ အထောင်တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ခံစစ်မှူးတွေကို တစ်ဦးချင်းတိုက်ရိုက် ထိုးဖောက်နိုင်မယ့်သူ အနေနဲ့တော့ မမြင်မိပါဘူး..။ တူခယ်လ် ဟာ အဲဒီလိုတိုက်စစ်မှူးမျိုးကို လူကာကူ နဲ့ စမ်းသပ်ခဲ့ပြီးပြီ မဟုတ်လားဗျ..။ ဒ့ါကြောင့် သူနောက်ထပ်ခေါ်ယူချင်တဲ့ တိုက်စစ်မှူးဟာ လူကာကူ လို ‘big No.9’ ဖြစ်မလား..၊ လျှင်မြန်မှုနဲ့ လှုပ်ရှားမှုကောင်းတဲ့ ‘small No.9’ဖြစ်မလား.. သိချင်မိပါရဲ့..

ဂျေမီ ရက်ဒ်နပ် - ရာဟင်း စတာလင်း ဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုပါ..။ နောက်ပိုင်းမှာ အသင်းအတွက် ဂိုးတွေအများကြီး သွင်းယူပေးနိုင်ပါလိမ့်မယ်..။ ကျွန်တော်ခန့်မှန်းတာကို မယုံရင် စောင့်ကြည့်ပါဗျ..။ ဒီနေ့မှာဆိုရင်လည်း မာ့ခ် ကူကူရယ်လာ ရဲ့ ဖြတ်တင်ဘောကို သူအဆုံးသတ်နေကျ ပုံစံအတိုင်း သွင်းယူခဲ့ပေမယ့် မစ်ခ်ကိုလန်ကို က အချိန်မှီဖျက်ထုတ်နိုင်တာကြောင့် အဖွင့်ဂိုးနဲ့သီသီလေး လွဲခဲ့ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေ ရယူပေးပါလိမ့်မယ်..။

ဒါပေမယ့် ကျွန်တော်လည်း ဒန်ကန် ပြောတာကို သဘောတူပါတယ်..။ သူ့ရဲ့သွင်းဂိုးအများစုဟာ အဝေးဂိုးတိုင်ကနေ ဖြတ်ပြေးလာပြီး အနီးကပ် tap in ပိတ်သွင်းချက်တွေ များပါတယ်..။ ဒ့ါကြောင့်အထောင် တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ကစားခိုင်းမယ်ဆိုရင် နောက်ခံလူတွေ လူကပ်ကစားခံရချိန်မှာ သူ့အတွက် အခက်တွေ့ပါလိမ့်မယ်..။ မိုဟာမက် ဆာလာ ကစားတဲ့ပုံအတိုင်း အဝေးတိုင်ကနေ ပြေးဝင်လာပြီး အဆုံးသတ် ဂိုးသွင်းတဲ့ပုံစံက သူ့နဲ့ပိုပြီး သင့်တော်ပါလိမ့်မယ်..။ ဒါပေမယ့် အခုလက်ရှိအချိန် အသင်းရဲ့တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ သိပ်မရှိတဲ့ အခြေအနေမျိုးကြောင့် ရာဟင်း စတာလင်း ဟာ နောက်တစ်ပါတ် တော့တင်ဟမ်နဲ့ပွဲမှာလည်း အထောင်တိုက်စစ်မှူးအနေနဲ့ ပွဲထွက်လာနိုင်စရာ ရှိနေတာပါပဲ..။

ကယ်လီ ကိတ် - ဟုတ်ကဲ့ပါရှင့်..၊ ဂျေမီ နဲ့ ဒန်ကန် တို့ရေ.. အခုလို ကျွန်မတို့ sky Sports က တင်ဆက်တဲ့ သုံးသပ်ချက် စကားဝိုင်းအစီအစဉ်မှာ လာရောက်ပူးပေါင်းပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်..။ လာမယ့်နောက်အပါတ်ပွဲစဉ်တွေမှာလည်း ပြန်လည်ဆုံတွေ့ကြရအောင်လို့ ပြောကြားရင်း နှုတ်ဆက်လိုက်ပါစေရှင့်…