ပြီးခဲ့တဲ့စနေနေ့၊ အဲဗာတန်အသင်းရဲ့ ဂူဒီဆန် ပါ့ခ် ကစားကွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဟာ ဝင်ရိုးစွန်းဒေသ အအေးဒဏ်ထဲမှာ အဲယားကွန်း ဖွင့်ထားသလို အေးတိအေးစက်ပါပဲ..။ ဒီလိုနဲ့ပထမပိုင်း နာကျင်အချိန်ပိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို အီတလီကွင်းလယ် ကစားသမား ဂျော်ဂင်ဟို က အေးဆေးတည်ငြိမ်စွာ ကန်သွင်းရယူခဲ့ပြီး လက်ကျန်ပွဲချိန်တွေဟာ သီယာဂို ဆေးလ်ဗား ရဲ့ သွေးအေးအေးနဲ့ ဖျက်ထုတ်ခဲ့မှုတွေအပေါ်မှာပဲ မှီခိုခဲ့ပါတယ်..။ စိတ်လှုပ်ရှားစရာ နည်းပါးခဲ့တဲ့ အေးစက်စက်ပွဲစဉ်ဟာ ဆံရှည်ကိုယ်တော် မာ့ခ် ကူကူရယ်လာ လူစားဝင်လာခဲ့ပြီး နောက်ပိုင်းမှာမှသာ ပြန်လည်အသက်ဝင်၊ နိုးထလာခဲ့ပါတယ်..။
သူဟာ ချယ်လ်ဆီးအသင်းရဲ့ ရှားရှားပါးပါး အပိုင်ဂိုးသွင်းခွင့်ဖြစ်တဲ့ ရာဟင်း စတာလင်း ရဲ့ ကန်သွင်းချက်ကို တိကျတဲ့ ဖြတ်တင်ပေးပို့မှုနဲ့ ဖန်တီးပေးခဲ့ပါတယ်..။ ဒါ့အပြင် လေဆာညွှန်တံနဲ့ တိုင်းထွာ.. ပေးပို့တဲ့အလား တိကျခဲ့တဲ့ ပေးပို့မှုတွေဟာ အဲဗာတန်အသင်းရဲ့ ဖိအားပေးမှုတွေကို ဖြိုခွင်းနိုင်ခဲ့ပြီး အသင်းရဲ့ကစားကွက်ကိုပါ ပြန်လည်နှိုးဆွနိုင်ခဲ့ပါတယ်..။ အသက် (၂၄) နှစ်အရွယ် စပိန်နောက်ခံလူဟာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ကစားခွင့်ရခဲ့တဲ့ပွဲမှာပဲ အပြာရောင်တွေရဲ့ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ခဲ့တဲ့ အဲဗာတန်အသင်းကို ဂူဒီဆန် ပါ့ခ် မှာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အနိုင်ရလဒ်ကို ဆောင်ယူပေးနိုင်ခဲ့ပါတယ်..။
အပြာရောင်တွေရဲ့ ကြယ်ပွင့်သစ် ဖြစ်လာခဲ့တဲ့ မာ့ခ် ကူကူရယ်လာ ရဲ့ ကစားသမားဘဝဟာ ၂၀၂၂ ခုနှစ်ကို မကူးပြောင်းခင် နှစ်ရက်အလိုကျမှ စတင်ပြောင်းလဲလာခဲ့တယ်လို့ ပြောလို့ရပါတယ်..။ စပိန်နိုင်ငံ၊ ဂီတာဖေး အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ကစားသမားလေးဟာ အင်္ဂလန်မြေကို ခြေချခါစက အင်္ဂလိပ်စကား သုံးလုံး၊ လေးလုံးလောက်သာ ပြောတတ်ခဲ့သလို ကွင်းတွင်းမှာလည်း ရုန်းကန်ခဲ့ရပါတယ်..။ ဒီလိုနဲ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်နေ့မှာ သူ့အတွက် အင်္ဂလန်မြေက အကြီးမားဆုံး ပြိုင်ဘက်အသင်းကို ပထမဆုံးအကြိမ် ရင်ဆိုင်ရပါတော့မယ်..။
“ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ဗဟိုခံစစ်မှူး (left center back) အဖြစ် ပထမဆုံးအကြိမ် ကစားခဲ့ရပါတယ်..။ အဲဒီနေရာမှာ အရင်ကလည်း တစ်ခါမှမကစားခဲ့ဖူးတာကြောင့် ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်..။ အဲဒီပွဲမတိုင်ခင်အထိ ကစားသမားဘ၀ တစ်လျှောက်လုံး ဗဟိုခံစစ်နေရာမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ကစားခဲ့ဖူးတာပါ..။ ဒါတောင်ပွဲအစမှာ မဟုတ်ပဲ ပွဲပြီးခါနီး မိနစ်ပိုင်းလောက်ပဲ ကစားခဲ့ရတာ ဖြစ်ပါတယ်...။”
ကူကူရယ်လာ က ဗဟိုခံစစ်မှူးအဖြစ် စတင်ကစားခဲ့ရတဲ့ အမှတ်ရစရာ ပွဲစဉ်အကြောင်းတွေကို The Athletic သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပြန်ပြောပြခဲ့ပါတယ်..။ အဲဒီရက်ပိုင်းအတွင်းမှာပဲ အပြာရောင်တွေနဲ့ ထပ်မံယှဉ်ပြိုင်ခဲ့ရတဲ့ ဒုတိယအကျော့ပွဲစဉ် အပါအဝင် ချယ်လ်ဆီးအသင်းနဲ့ အပြန်အလှန်နှစ်ပွဲက ခြေစွမ်းဟာ နောင်တစ်ချိန်မှာ သူ့ကိုရအောင်ခေါ်ယူတော့မယ့် နည်းပြသောမတ်စ် တူခယ်လ် ကို မျက်စိကျစေခဲ့ပုံပါပဲ..။ သူဟာနှစ်ပွဲစလုံးမှာ အထူးခြေစွမ်းပြခဲ့သလို ပွဲချိန် (၉၁) မိနစ်မှာ သွင်းယူခဲ့တဲ့ ဒယ်နီ ဝဲလ်ဘတ် ရဲ့ နောက်ကျချေပဂိုးအတွက် ဖြတ်တင်ဘောကို လှလှပပ ဖန်တီး၊ ပေးပို့နိုင်ခဲ့ပါတယ်..။ နည်းပြဂရေဟမ် ပေါ့်တား ဟာ ဒုတိယအကျော့ပွဲစဉ်မှာ ၄- ၁- ၄- ၁ ကစားကွက်ကို သုံးစွဲခဲ့ပေမယ့်လည်း သူဟာအဲဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ထင်ထင်ပေါ်ပေါ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။
ဒ့ါကြောင့် လျှင်မြန်မှုကောင်းမွန်ပြီး တိုက်စစ်ကို လိုက်ပါနိုင်စွမ်းရှိတဲ့ ဗဟိုခံစစ်မှူးတစ်ယောက် ရှာဖွေနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဂျူးလက်စ် ကွန်ဒီ၊ ဂျော့စ်ကို ဗာဒီယောလ် တို့လို ခံစစ်မှူးတွေကို ခေါ်ယူဖို့ ကြိုးစားမှုတွေ မအောင်ခဲ့တဲ့နောက် ၂၀၂၀ ခုနှစ်.. ဂီတာဖေး အသင်းမှာကတည်းက အနီးကပ်စောင့်ကြည့်ခဲ့တဲ့ ‘မာ့ခ် ကူကူရယ်လာ’ ကိုပဲ ခေါ်ယူဖို့ ဖြစ်လာခဲ့ပါတယ်..။
ဘာကြောင့် သူ့ကိုရွေးချယ်ခဲ့တာလဲ..?
မနှစ်ကဘောလုံးရာသီမှာ ပွဲပေါင်း (၅၂) ပွဲအထိ ပါဝင်ခဲ့ပြီး အသင်းအတွက် ပွဲချိန်အများဆုံး ကစားပေးခဲ့ရတဲ့ ‘အန်တိုနီယို ရူဒီဂါ’ ဟာ ‘3 back system’ နဲ့ အောင်မြင်မှုတွေ ရယူခဲ့တဲ့ နည်းပြသောမတ်စ် တူခယ်လ် ရဲ့ အခင်းအကျင်းမှာ အရေးအပါဆုံးနေရာ ဖြစ်ပါတယ်..။ ဂျာမန်နည်းပြကြီးဟာ သူ့ရဲ့အခင်းအကျင်းမှာ ကွင်းလယ်ကစားသမား ဒါမှမဟုတ် တိုက်စစ်ကစားသမား တစ်ယောက်အစား ဗဟိုခံစစ်မှူး တစ်ယောက်ကို ‘တတိယနောက်ခံလူ (3rd center back)’ အဖြစ် အားဖြည့်ခဲ့တာ ဖြစ်ခဲ့အတွက် left center back ဒါမှမဟုတ် right center back တွေဟာ တိုက်စစ်ကို အစွမ်းကုန် လိုက်ပါပေးရပါတယ်..။ အထူးသဖြင့် အန်တိုနီယို ရူဒီဂါ ဟာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို ချေဖျက်ပြီးတာနဲ့ ကိုယ့်အသင်းရဲ့ တိုက်စစ်အပိုင်းမှာ ရဲရဲရင့်ရင့် ထပ်ချပ်လိုက်ပါပြီး လိုအပ်သလို ဖြည့်စွက်ကစားပေးရပါတယ်..။
ဒ့ါကြောင့်ဂျာမနီ နောက်ခံလူကြီးဟာ မနှစ်ကဘောလုံးရာသီမှာ အခွင့်အရေးဖန်တီးနိုင်မှု (chances) (၁၃) ကြိမ် ရရှိခဲ့သလို မနှစ်ကဘောလုံးရာသီမှာ ဂိုးကန်သွင်းချက် (၄၈) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဘရန့်တ်ဖို့ဒ် အသင်းဘက်ကို သွင်းယူခဲ့တဲ့ goal of the season စာရင်းဝင် (၃၅) ကိုက် ကန်သွင်းချက်သွင်းဂိုးကလွဲလို့ သူ့ရဲ့ကန်ချက်အများစုဟာ ပြိုင်ဘက်အသင်း ဂိုးပေါက်ထက်စာရင် အာကာသထဲမှာ ပျံသန်းနေတဲ့ ဂြိုလ်တုတွေကိုသာ ပိုပြီးခြိမ်းခြောက်နိုင်ပါလိမ့်မယ်..။
ဒါပေမယ့် အန်တိုနီယို ရူဒီဂါ ထွက်သွားခဲ့ပြီးနောက်ပိုင်း အသင်းရဲ့သက်ကြီးရွယ်ကြီး နောက်ခံလူတွေဖြစ်တဲ့ အက်ဇ်ပီလီကွဲတား နဲ့ ကာလီဒူ ကူလီဘာလီ တို့ကို တိုက်စစ်ကို အချိန်ပြည့်လိုက်ပါခိုင်းမယ့်တာဝန် ပေးအပ်လို့ မရနိုင်ပါဘူး..။ အဲဗာတန်နဲ့ပွဲမှာ left center back အဖြစ် ကစားခဲ့တဲ့ ကူလီဘာလီ ဟာ တိုက်စစ်ကို အစွမ်းကုန် လိုက်ပါနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှုအပြည့်အ၀ မရသေးတဲ့ အခြေအနေကြောင့် ကြွက်တက်ခဲ့ရပြီး ပွဲချိန် (၇၅) မိနစ်မှာ လူစားလဲခဲ့ရပါတယ်..။ ဒ့ါကြောင့်ပိုပြီး တက်နိုင်၊ ဆင်းနိုင်၊ ဒူပေဒဏ်ပေ ခံမယ့် နောက်ခံလူတစ်ယောက် လိုအပ်လာပါတယ်..။ အဲဒီအချိန်မှာ ကူကူရယ်လာ လူစားဝင်လာခဲ့ပါတယ်..။
ဂီတာဖေး က ဘယ်တောင်ပံ ကစားသမား ကူကူရယ်လာ..
မာ့စ် ကူကူရယ်လာ မှာ ကာတလန်ဒေသမြို့တော် ဘာစီလိုနာနဲ့ (၁၀) မိနစ်လောက်ပဲ ဝေးကွာတဲ့ Alella ရွာလေးမှာ မွေးဖွားခဲ့ပြီး အသက် (၇) နှစ်အရွယ်လောက်ထိ ဖူဆယ်ဘောလုံးကိုပဲ စွဲစွဲမြဲမြဲ ကစားခဲ့ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့ကစားဟန်မှာ ဖူဆယ်ကစားနည်းနဲ့ အငွေ့အသက်တွေ တွေ့နေရပြီး အတို့အဆိတ်လေးတွေ၊ အကျပ်အတည်းကြားမှာ ဘောလုံးရအောင် ထုတ်ယူ၊ ပေးပို့နိုင်စွမ်းရှိတာ တွေ့မြင်ရပါတယ်..။ ဂီတာဖေး အသင်းမှာ သူဟာဘယ်တောင်ပံ ကစားသမားအဖြစ် ကစားခဲ့ရပါတယ်..။
နည်းပြဟိုဆေး ဘော်ဒါးလာ့စ် ရဲ့ ဂီတာဖေး အသင်းဟာ ၄- ၄- ၂ ကစားကွက် အခင်းအကျင်းကို သုံးစွဲလေ့ရှိပြီး တိုက်စစ်မှူးတွေဆီကို အဝေးဘောတွေနဲ့ တိုက်ရိုက်ပေးပို့တဲ့ဟန်နဲ့ ကစားလေ့ရှိပါတယ်..။ ဒါ့အပြင်လျှင်မြန်မှုနဲ့ အမြန်နှုန်းကိုအားပြုပြီး တစ်ဘက်အသင်းကို သူတို့ရဲ့ကွင်းဘက်မှာပဲ အစွမ်းကုန် အတင်းလိုက် ဖိအားပေး (high energy, high press) ကစားလေ့ ရှိတာကြောင့် မာဆယ်လ် ဘီရယ်လ်ဆာ ရဲ့ လိဒ် ယူနိုက်တက် အသင်းနဲ့ ခပ်ဆင်ဆင်လို့တောင် ပြောလို့ရပါတယ်..။ ဒ့ါကြောင့် လျှင်မြန်ဖျက်လက်ပြီး ကြံ့ခိုင်မှုကောင်းမွန်ခဲ့တဲ့ ကူကူရယ်လာ ဟာ သူ့ရဲ့ဂီတာဖေးအသင်းနဲ့ ဘောလုံးရာသီမှာ ပျမ်းမျှတစ်ပွဲကို (၂၆) ကြိမ်အထိ ဖိအားပေး ကစားနိုင် (pressure per 90 min) ခဲ့တာ တွေ့ခဲ့ရပါတယ်..။ သူဟာဖိအားပေး ကစားရာမှာ ကောင်းမွန်တဲ့အပြင် ပြိုင်ဘက် ကစားသမားဆီက ဘောလုံးကို အရပြန်ယူရာမှာလည်း ထူးချွန်ပါတယ်..။
ကူကူရယ်လာ ဟာ အဲဒီလို အရှိန်တင်ပြီး အတင်းလိုက်ဖိအားပေး ကစားတဲ့ high aggression ကစားဟန်နဲ့ ကိုက်ညီခဲ့ပါတယ်..။ သူဟာ ၂၀၁၉/ ၂၀ ဘောလုံးရာသီမှာ ဘောလုံးဖျက်ထုတ်မှု (tackling) (၈၈) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး လာလီဂါပြိုင်ပွဲရဲ့ တတိယမြောက် tackling အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာတော့ သူဟာ ဘရိုက်တန်အသင်းနဲ့ tackling (၉၄) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲအချက်အလက်တွေအရ ကစားသမားအားလုံးထဲမှာ စတုတ္ထမြောက် tackling အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ အဲဒီလို tackling အများဆုံး ပြုလုပ်နိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်တာနဲ့အညီ ပြစ်ဒဏ်ဘော ပေးရတာလည်း များပြားခဲ့ပြီး ၂၀၁၉/ ၂၀ ဘောလုံးရာသီမှာ ပြစ်ဒဏ်ဘော (fouls) (၈၁) ကြိမ်အထိ ပေးခဲ့ရပါတယ်..။ ဒါပေမယ့် နောက်ပိုင်းမှာ ဘောလုံးဖျက်ထုတ်ရာမှာ သပ်ရပ်လာခဲ့ပြီး မနှစ်ကဘောလုံးရာသီမှာတော့ ပြစ်ဒဏ်ဘော (၂၈) ကြိမ်ပဲ ခွင့်ပြုခဲ့ရပါတော့တယ်..။
ဒ့ါအပြင် ဘယ်တောင်ပံ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့ သူဟာတောင်ပံကနေ တိုက်စစ်မှူးနှစ်ယောက်အတွက် အခွင့်အရေး ဖန်တီးပေးမှုတွေ (chances created) ပြုလုပ်ပေးရပါတယ်..။ ဒ့ါကြောင့်ဂီတာဖေး အသင်းမှာ ဘယ်တောင်ပံ ကွင်းလယ်ကစားသမား တစ်ယောက်အဖြစ် ခံစစ်တာဝန်နဲ့ တိုက်စစ်မှူးတွေကို တောင်ပံတွေကနေ အခွင့်အရေးတွေ ဖန်တီးပေးတဲ့ တာဝန်ကို မျှမျှတတ ရယူခဲ့ရတဲ့ ကူကူရယ်လာ ဟာ ဘရိုက်တန်အသင်းရဲ့ back three ကစားကွက်မှာလည်း left wing back တာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်..။ ဒါပေမယ့် နည်းပြဂရေဟမ် ပေါ့်တား ဟာ သူ့ကို left center back အဖြစ် နေရာပြောင်းလိုက်ရာမှာ ပိုမိုတောက်ပတဲ့ ကစားသမား တစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့ပါတော့တယ်..။
ဘရိုက်တန်အသင်းမှ ဗဟိုခံစစ်မှူး ကူကူရယ်လာ..
ကူကူရယ်လာ ဟာ ဘရိုက်တန်အသင်းရဲ့ သုံးယောက်တန်း ခံစစ်ကြောင်းမှာ Left center back အဖြစ် တာဝန်ယူခဲ့ရပြီး လီယိုနာဒို ထရိုဆာ့ဒ် ဒါမှမဟုတ် ဆိုလီ မတ်ခ်ျ က left wing back နေရာကနေ ကစားပါတယ်..။ ဒါပေမယ့် ကူကူရယ်လာ ဟာ အတက်အဆင်း လျှင်မြန်တာကြောင့် ဘရိုက်တန်အသင်း ဘောလုံးပိုင်ဆိုင်မှု ရယူထားချိန်တွေမှာ သူဟာ နောက်ထပ် wing back အပိုတစ်ယောက်အဖြစ် ဘေးအစွန်ကနေ overlap လုပ်ပြီး တိုက်စစ်ကို အားဖြည့်ခဲ့ပါတယ်..။ ဘရိုက်တန်ဘောလုံးရတာနဲ့ သူဟာ ထရိုဆာ့တ် ရဲ့ အပြင်ဘက်ကနေ ကိုက် (၆၀- ၇၀) လောက် ပြေးတက်သွားပြီး တောင်ပံမှာ နေရာယူပေးနိုင်တာကြောင့် ထရိုဆာ့တ် ဟာ ပြိုင်ဘက်အသင်း နောက်ခံအစွန်လူကို 2 vs 1 အသာစီး ရယူနိုင်ခဲ့ပါတယ်..။
ဒ့ါကြောင့်ဘယ်လ်ဂျီယမ် တိုက်စစ်ကစားသမားဟာ ကူကူရယ်လာ ဆီကို ပေးပို့ပြီး ဖြတ်တင်ခိုင်းတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်အတွင်းဘက်ကို ထိုးဖောက်ရင်း နေရာလွတ်ဖန်တီးတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်..။ ကူကူရယ်လာ ရဲ့ အတက်အဆင်း လျှင်လျှင်မြန်မြန် ပြုလုပ်နိုင်စွမ်းဟာ ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲရာမှာ (transition) နှေးကွေးနေတဲ့ ချယ်လ်ဆီးအသင်းအတွက် အားကိုးရတဲ့ လက်နက်ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်..။
ဘရိုက်တန်အသင်း ဘောလုံးဆုံးရှုံးချိန်မှာတော့ သူဟာ left center back လို့သာ ဆိုပေမယ့် left wing back ဆန်ဆန် ကစားလေ့ရှိပြီး တစ်ဘက်အသင်းရဲ့ ကွင်းဘက်မှာပဲ အတင်းဝင်၊ အတင်းထွက်နဲ့ ဘောလုံးကို မရရအောင် ကြိုးစားဖျက်ထုတ်၊ ဆယ်ယူလေ့ရှိပါတယ်..။ အဲဒီလို pressing တာဝန်ကို ရယူနေချိန်မှာ ကွင်းလယ်က ဘစ်ဆိုးမား ဒါမှမဟုတ် အမ်ဝီပူး တို့က သူ့ရဲ့ဗဟိုခံစစ်မှူးနေရာကို ခေတ္တကာကွယ် ပေးထားပါတယ်..။
ကူကူရယ်လာ ရဲ့ နေရာယူ ကစားပုံ…
သူဟာ အရပ်အမောင်းအနေနဲ့ (၅) ပေ၊ (၈) လက်မသာသာပဲ ရှိတာကြောင့် တည်ကန်ဘော (set pieces) တွေမှာ အမြင့်ဘောတွေ ရယူနိုင်ဖို့ မလွယ်ပါဘူး..။ ဒ့ါကြောင့်ဘရိုက်တန်အသင်း ထောင့်ကန်ဘောတွေ ရတဲ့အချိန်မှာ သူဟာ ကွင်းလယ်သာသာ ဂိုးဧရိယာထိပ်လောက်မှာသာ အနေများပြီး ရှင်းထုတ်လာတဲ့ ဘောလုံးတွေကို ပြန်လည်အရယူတယ်.. (recycling)၊ တိုက်စစ်ကို ပြန်လည်စတင်စေမယ့် တာဝန်ယူရတာ များပါတယ်..။ သူဟာ second ball တွေ ပြန်လည်အရယူရာမှာ (recoveries) ထူးချွန်သူဖြစ်ပြီး မနှစ်ကဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ (၂၄၇) ကြိမ် ဘောလုံးပြန်လည် အရယူနိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း ကစားသမားတွေထဲက recoveries အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ သီယာဂို ဆေးလ်ဗား ဟာ (၂၁၄) ကြိမ် ဘောလုံးပြန်လည် အရယူနိုင်ခဲ့ပြီး အန်တိုနီယို ရူဒီဂါ ဟာ (၁၈၃) ကြိမ် recoveries ပြုလုပ်နိုင်ခဲ့ပါတယ်..။
သူဟာဗဟိုခံစစ်မှူးအဖြစ် တိုက်စစ်ကို လိုက်ပါပြီး ပြိုင်ဘက်အသင်းကွင်းဘက် aggressive pressing ကစားနေချိန်တွေမှာ ကွင်းလယ်က ဘစ်ဆူးမား တို့က သူ့ရဲ့ center back နေရာကို ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းမှာတော့ ရူဒီဂါ တိုက်စစ်ကို လိုက်ပါချိန်မှာ အန်ဂိုလို ကန်တေး (ဒါမှမဟုတ်) ဂျော်ဂင်ဟို တို့က CB နေရာကို ကာကွယ်ပေးလေ့ရှိပါတယ်..။
တကယ်တော့ နည်းပြဂရေဟမ် ပေါ့်တား ဟာ ကူကူရယ်လာ ကို တိုက်စစ်ကို ရဲရဲဝံ့ဝံ့ လိုက်ပါခိုင်းတာဟာ သူ့ရဲ့လျှင်မြန်တဲ့ အရှိန်တင်ပြေးနိုင်စွမ်း (pace) ကြောင့် ဖြစ်ပါတယ်..။ တခါတလေမှာ ဘောလုံးလမ်းကြောင်း၊ မှန်းဆတွက်ချက်မှု မှားယွင်းခဲ့တာကြောင့် နေရာယူမှားယွင်းခဲ့ရင်တောင် သူ့ရဲ့အမြန်နှုန်းကြောင့် ဘောလုံးကို ပြန်လည်ဆယ်ယူ ဖျက်ထုတ်နိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။ သူဟာပြိုင်ဘက် တောင်ပံကစားသမားတွေကို တစ်ဦးချင်း ပိတ်ဆို့ရာမှာ (blocking) ကောင်းမွန်တဲ့အပြင် ဘောလုံးလမ်းကြောင်း ဖျက်တောက်ရာမှာလည်း (interception) ထူးချွန်တာကို တွေ့မိပါတယ်..။
ကူကူရယ်လာ ဟာ ခံစစ်ပိုင်းအဖျက်စွမ်းရည်တွေမှာ ထူးချွန်တယ်..၊ လျှင်မြန်တဲ့ပြေးနှုန်းတွေနဲ့ အတက်အဆင်း ပြေးလွှားရင်း နေရာယူ ကောင်းမွန်တယ်..၊ တိုက်စစ်ပံ့ပိုးမှု ကောင်းမွန်တယ်.. ဆိုပေမယ့် သူ့ရဲ့အရပ်အမောင်းကြောင့် အမြင့်ဘော ရှင်းထုတ်နိုင်စွမ်း (aerial duels) အပေါ် စိုးရိမ်မှုတွေ ရှိခဲ့ကြပါတယ်..။ ဒါပေမယ့် သူဟာ အမြင့်ဘောတွေရဲ့ (၅၄%) ရာခိုင်နှုန်းကျော်ကို ရှင်းထုတ်နိုင်ခဲ့တာ တွေ့ခဲ့ရပြီး အထူးသဖြင့် တစ်ဘက်ဂိုးသမားတွေရဲ့ ဂိုးလွန်တည်ကန်ဘောတွေကို ရှင်းထုတ်ရာမှာ ကောင်းမွန်ခဲ့တာ သတိပြုမိပါတယ်..။ ဒါပေမယ့် ကိုယ့်အသင်းဘက်က တည်ကန်ဘောတွေ ပေးရချိန် တစ်ဦးချင်း လူကပ်ကစားတဲ့နေရာမှာ အရမ်းကြီးစိတ်ချရမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်သူ့ရဲ့ဗဟိုခံစစ်မှူးတစ်ယောက်အနေနဲ့ဆိုရင် ကူကူရယ်လာ ဟာ ပြိုင်ဘက်ကိုရော၊ မိမိကိုယ်ပါ အန္တရာယ်ပေးနိုင်တဲ့ အသွားနှစ်ဘက် ထက်မြက်တဲ့ ဓါးတစ်ချောင်းလိုပါပဲ..။
ဘယ်နေရာတွေမှာ ဆက်ပြီးတိုးတက်ဖို့ လိုအပ်နေသေးလဲ..?
(က) သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုစွမ်းရည် - သောမတ်စ် တူခယ်လ် အသင်းက left wing back ကစားသမားတွေဟာ သွင်းဂိုးရရှိမှု (goals) နဲ့ ဂိုးဖန်တီးနိုင်မှု (assists) အပိုင်းတွေမှာ ကောင်းမွန်ခဲ့ပြီး မနှစ်ကဘောလုံးရာသီမှာဆိုရင် မားကို့စ် အလွန်ဆို ဟာ ပရီးမီးယားလိဂ် (၂၈) ပွဲမှာ (၄) ဂိုးသွင်း၊ (၄) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဘင် ချီးဝဲလ် ဆိုရင် ဒဏ်ရာကြောင့် (၇) ပွဲသာ ကစားခဲ့ရပေမယ့် သွင်းဂိုး (၃) ဂိုး၊ ဂိုးဖန်တီးမှု (၁) ကြိမ် ရရှိခဲ့ပါတယ်..။ မာ့ခ် ကူကူရယ်လာ ကတော့ ကစားသမားသက်တမ်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုး (၃) ဂိုးထက်ပိုပြီး မရရှိခဲ့ဖူးပါဘူး..။ သူ့ရဲ့ဆံပင်ဖွားဖွားနဲ့ သွက်သွက်လက်လက် ကစားပုံအရဆိုရင် တစ်ချိန်ကရီးရဲလ် မက်ဒရစ်အသင်း ဂန္တဝင်ဘယ်တောင်ပံ ကစားသမား မာဆယ်လ်လို ကို နမူနာယူရမယ် ထင်ပါတယ်..။ ဘရာဇီးလ် ဘယ်တောင်ပံ နောက်ခံလူဟာ သူ့ရဲ့အကောင်းဆုံးအချိန်တွေမှာ တစ်ရာသီအတွင်း ဂိုးသွင်းခွင့် (၅၀) ကျော်အထိ ဖန်တီးပေးနိုင်ခဲ့တဲ့အထိ တိုက်စစ်ပိုင်းပံ့ပိုးမှု ကောင်းမွန်ခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းရဲ့ ကစားကွက် အခင်းအကျင်းအရ WB တွေအပြင် 3rd center back တွေဟာ ကိုယ်တိုင်ဂိုးသွင်း၊ ဂိုးဖန်တီးပေးမှုတွေ ပြုလုပ်ပေးနိုင်ဖို့ လုံလောက်တဲ့အချိန်၊ နေရာ (spaces) ရရှိလေ့ရှိပါတယ်..။ ဒ့ါကြောင့်သူ့အနေနဲ့ အသင်းဖော်တွေနဲ့ နားလည်မှုကောင်းမွန်အောင် ကြိုးစားလေ့ကျင့်ရင်း တိုက်စစ်ပိုင်းစွမ်းရည်တွေ ပိုမိုတိုးတက်လာအောင် စွမ်းဆောင်ရမှာ ဖြစ်ပါတယ်..။ ဒါပေမယ့် သူဟာအဲဒီလို အကောင်းဆုံး ဂိုးဖန်တီးမှုတွေ၊ ဂိုးသွင်းယူမှုတွေ ပြုလုပ်နိုင်တယ်ဆိုတာကို အဲဗာတန်အသင်းနဲ့ပွဲမှာ ရာဟင်း စတာလင်း အတွက် ဖန်တီးပေးခဲ့တဲ့ ပေးပို့မှု၊ center back အနေနဲ့ တိုက်စစ်ကို လိုက်ပါရင်း မန်ချက်စတာ ယူနိုက်တက် အသင်းဘက်ကို သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်..။
(ခ) လှုပ်ရှားမှု၊ နည်းစနစ်ပိုင်း နားလည်မှုနဲ့ နေရာယူပိုင်း ကောင်းမွန်မှု - သူဟာ အသက် (၂၄) နှစ်သာ ရှိသေးတဲ့အပြင် ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတာဟာလည်း ရက်ပိုင်းပဲ ရှိနေသေးတာကြောင့် သူ့ရဲ့လှုပ်ရှားမှု၊ နေရာယူမှုအပိုင်းတွေဟာ အချိန်နဲ့အမျှ တိုးတက်လာဖို့ ရှိနေပါတယ်..။ ကူကူရယ်လာ ဟာ ပင်ကိုယ်အားဖြင့် overlapping ကစားရာမှာ ကောင်းမွန်သလို ကွင်းလယ်အထိဝင်ပြီး underlap ကစားတတ်သူလည်း ဖြစ်ပါတယ်..။ ဒ့ါကြောင့်အသင်းနဲ့ နားလည်မှုပိုကောင်းလာပြီး လှုပ်ရှားမှု၊ နေရာယူမှုပိုင်းတွေမှာ ပိုမိုကောင်းမွန်လာတာနဲ့အမျှ သူဟာပြိုင်ဘက်အသင်းအတွက် အင်မတန်မှ မှန်းဆရ ခက်ခဲသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။
မနှစ်က ဘောလုံးရာသီမှာ ဘင် ချီးဝဲလ် နဲ့ ရိစ် ဂျိမ်းစ် တို့ဟာ inverted ကွင်းလယ်ကစားသမားတွေအဖြစ် ရံဖန်ရံခါ ကစားခဲ့သလို ပြိုင်ဘက်အသင်း ဂိုးဧရိယာထဲမှာ အချိန်ကိုက် နေရာယူရောက်ရှိခါ ဂိုးသွင်းအဆုံးသတ် ကောင်းမွန်သူတွေဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်..။ ဒ့ါကြောင့်သူဟာ သောမတ်စ် တူခယ်လ် ရဲ့ အသင်းမှာ left wing back နေရာအတွက် ဦးစားပေး ကစားသမားအဖြစ် ရောက်ရှိလာအောင် ဘယ်လိုပုံစံပြောင်းလဲ အထိုင်ကျမလဲ.. ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ..။
(ဂ) ဆုံးဖြတ်ချက် မှန်ကန်မှု - လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ တိုက်စစ်ကို လိုက်ပါနိုင်စွမ်းဟာ သူ့ရဲ့အားသာချက် ဖြစ်ပေမယ့် မကြာခဏ ဆုံးဖြတ်ချက် လွဲမှားခဲ့တာကြောင့် သူဟာပြိုင်ဘက်ကစားသမားတွေရဲ့ ကျော်ဖြတ်ပြေးခြင်းကို (dribbled past) ခံရလေ့ရှိပါတယ်..။ မနှစ်ကဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ အချက်အလက်တွေအရဆိုရင် သူဟာ (၂၉) ကြိမ်အထိ ပြိုင်ဘက်ကစားသမားတွေရဲ့ ကျော်ဖြတ်ပြေးခြင်း ခံခဲ့ရပြီး ချယ်လ်ဆီးအသင်းမှာ ပြိုင်ဘက် ကစားသမားတွေရဲ့ ကျော်ဖြတ်ပြေးခြင်း အများဆုံးခံခဲ့ရတဲ့ ကစားသမားဟာ ဆီဇာ အက်ဇ်ပီလီကွဲတား (၂၂) ကြိမ် ဖြစ်ပါတယ်..။ ဒ့ါကြောင့်သူ့အနေနဲ့ တိုက်စစ်ပိုင်း လိုက်ပါနိုင်စွမ်းနဲ့ အလောတကြီး ဆုံးဖြတ်ချက်ချမှု (aggression) ကို မှန်မှန်ကန်ကန် အသုံးနိုင်မယ်ဆိုရင် ပိုမိုပြီးပြည့်ပြည့်စုံတဲ့ နောက်ခံလူတစ်ယောက် ဖြစ်လာမှာပါ..။
နိဂုံးချုပ်သုံးသပ်ချက်
အသက် (၂၄) နှစ်ပဲ ရှိသေးပြီး ဆက်လက်တိုးတက်မယ့် အလားအလာတွေ အများကြီးရှိနေသေးတဲ့ စပိန်လူငယ် နောက်ခံလူတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တာဟာ ချယ်လ်ဆီးအသင်းအတွက် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်ပါတယ်..။ သူဟာ သောမတ်စ် တူခယ်လ် အသင်းရဲ့ left wing back နေရာကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ့် အလားအလာတွေ ရှိနေရသလို left center back အဖြစ်နဲ့လည်း အသုံးတော်ခံနိုင်မယ့်ပုံ ရှိနေပါတယ်..။
ချယ်လ်ဆီးအသင်းရဲ့ ပထမဦးစားပေး left wing back ဖြစ်တဲ့ ဘင် ချီးဝဲလ် ဟာ ကာလရှည် ဒူးဒဏ်ရာက ပြန်လည်ကောင်းမွန်လာစ ဖြစ်တာကြောင့် အကောင်းဆုံးခြေစွမ်းကို ပြန်လည်မရရှိသေးပဲ ဖြစ်နေချိန် ကူကူရယ်လာ ဟာ လာမယ့်အပါတ် တော့တင်ဟမ် အသင်းနဲ့ပွဲမှာ left wing back နေရာက ပွဲထွက်လာနိုင်ခြေ ရှိနေပါတယ်..။ ဒါပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေမယ့် ဘင် ချီးဝဲလ် နဲ့ မာ့ခ် ကူကူရယ်လာ သာ အသင်းနဲ့ အကောင်းဆုံး အံဝင်ခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ဟာ ချယ်လ်ဆီးအသင်းရဲ့ ဘယ်တောင်ပံအခြမ်းကို ရေရှည်ကာလတစ်ခုအထိ လုံလောက်တဲ့ ဖြည့်ဆည်းမှုတွေ ပြုလုပ်ပေးနိုင်မှာ အသေအချာပါပဲ..။
ဒါ့အပြင် ဘယ်တောင်ပံ ကွင်းလယ်ကစားသမားအဖြစ်နဲ့ ဂီတာဖေးလ် အသင်းမှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံ၊ ဘာစီလိုနာတုန်းက catalonia အသင်းနဲ့ ဂျမေကာအသင်းတို့ ပွဲစဉ်မှာ ဘယ်တောင်ပံ တိုက်စစ်မှူး (left winger) အဖြစ်နဲ့ပါ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံတွေကို ထည့်သွင်း၊ တွက်ချက်လိုက်မယ်ဆိုရင် စပိန်ဘယ်တောင်ပံ ဆံရှည်ကိုယ်တော် ကစားသမားလေးဟာ အပြာရောင်တွေရဲ့ ဘယ်တောင်ပံ တစ်ခြမ်းကို နေရာစုံဖြည့်ဆည်းပေးနိုင်မယ့် အလားအလာ ရှိနေပြီး အပြာရောင်ပရိသတ်တွေကို စိတ်ကျေနပ်မှု အပြည့်အ၀ ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါ….
(ဆောင်းပါးရှင် CFC Central ၏ ‘Marc Cucurella Scouting Report: Analyzing Chelsea's New Fast-and-Furious Spaniard.’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)