feature-image

တနင်္လာနေ့ ဘောလုံးစကားဝိုင်း (သောမတ်စ် တူခယ်လ် ၏ နည်းစနစ် အခင်းအကျင်း)

မနေ့ညက Sky Sports ရုပ်/သံဌာနမှ တင်ဆက်ခဲ့သော ‘Monday Night Football’ အစီအစဉ်တွင် လီဗာပူးလ်အသင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် တို့က ချယ်လ်ဆီးအသင်းနှင့် တော့တင်ဟမ်အသင်းတို့၏ ပွဲစဉ်မှ နည်းပြကြီး သောမတ်စ် တူခယ်လ် ၏ အခင်းအကျင်းနှင့် နည်းစနစ်အပြောင်းအလဲများအပေါ် သုံးသပ်ချက်များကို အောက်ပါအတိုင်း တင်ဆက် ဆွေးနွေးသွားခဲ့ပါသည်..။

ဒေးဗစ် ဂျုံးစ် - တနင်္ဂနွေနေ့ Super Sunday ပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ တော့တင်ဟမ် အသင်းတို့ရဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျက လန်ဒန်ဒါဘီပွဲစဉ်ဟာ ခင်ဗျားတို့ကစားသမားဘ၀ ပရီးမီးယားလိဂ်ရဲ့ရွှေခတ်ကို ပြန်ရောက်သွားသလိုပဲဗျ..။ သူတို့နှစ်သင်းရဲ့ ကွင်းတွင်းက တိုက်ပွဲရော၊ ဘေးစည်းက နည်းပြနှစ်ယောက်ရဲ့ တိုက်ပွဲကိုပါ ခင်ဗျားတို့၊ ကျွန်တော်တို့အားလုံး ကျေနပ်၊ နှစ်သိမ့်ကြပါလိမ့်မယ်..။

အဲဒီလောက်တောင်မှ ပွဲကောင်းခဲ့လို့ အခုဒီနေ့မှာပဲ ဘောလုံးအဖွဲ့ချုပ် (FA) က သောမတ်စ် တူခယ်လ် နဲ့ အန်တိုနီယို ကွန်တီ တို့နှစ်ယောက်စလုံးကို မသင့်လျှော်တဲ့ အပြုအမူတွေ (violent conduct) အတွက် အရေးယူဖို့ စွဲချက်တင်ခဲ့ပါတယ်..။ ဂယ်ရီ ရေ.. အဲဒီပွဲကို ခင်ဗျားတော့ အိမ်ကနေပဲ ကြည့်ခဲမှာပေ့ါ..။ ဘယ်လိုလဲ..? ကြည့်ရတာ အားရ၊ ကျေနပ်မှု ရှိခဲ့ရဲ့လား..?

ဂယ်ရီ နဗီးလ် - သိပ်ကြိုက်တာပေ့ါ..။ ဒီလိုပွဲမျိုးကို အရမ်းသဘောကျပါတယ်..။ သူတို့နှစ်ယောက်စလုံး စွဲချက်တင်ခံရလိမ့်မယ်..၊ ဒဏ်ငွေပြစ်ဒဏ်တွေ ချမှတ်ခံရလိမ့်မယ်..၊ ပွဲတွေလည်း နည်းနည်းပါးပါး အပယ်ခံရပါလိမ့်မယ်.. ။ ဒါပေမယ့် ဒီလိုပွဲမျိုးကြောင့် ပရီးမီးယားလိဂ်ကို ပရိသတ်တွေ နှစ်ခြိုက်ခဲ့ကြတာပါ..။ ပရီးမီးယားလိဂ်ခေတ်ဦးပိုင်းက ကီဗင် ကီးဂန်း ရဲ့ အင်တာဗျူး၊ ကျွန်တော်တို့.. ကာရေဂါ တို့ခေတ်က ပက်ထရစ် ဗီယာရာ နဲ့ ရွိုင် ကိန်း တို့ရဲ့ တိုက်ပွဲတွေ.. အဲဒီလိုကြီးကျယ်ခမ်းနားခဲ့တဲ့ ထိပ်တိုက်ပွဲကြီးတွေ ရှိနေဖို့ လိုအပ်ပါတယ်..။

ဒါပေမယ့်ဗျာ.. သက်ဆိုင်ရာ ပြိုင်ပွဲကြီးကြပ်တဲ့သူတွေက တူခယ်လ် နဲ့ ကွန်တီ တို့ကို စည်းကမ်းပိုင်း ကြပ်မတ်မှုတွေ ပြုလုပ်ပါလိမ့်မယ်..။ စိတ်မကောင်းစရာပါပဲ..။ ကဲ.. ခဏတာဆူပွက်သွားတဲ့ ရေပွက်တွေ ပြီးဆုံးသွားတဲ့အခါ အရင်အတိုင်းပဲ ဆက်လျှောက်ကြတာပေ့ါဗျာ…။ ကျွန်တော်ကတော့ သူတို့တွေရဲ့ အားထုတ်မှု..၊ စိတ်ဓါတ်ပိုင်းအပေါ် အရမ်းကြိုက်မိပါတယ်…



ဒေးဗစ် ဂျုံးစ် - ပွဲကလည်း တကယ့်ကို ကြည့်လို့ကောင်းတဲ့ပွဲပါ..။ တစ်သင်းနဲ့တစ်သင်း ဘတစ်ပြန်၊ ကျားတစ်ပြန် တိုက်ပွဲဝင်ခဲ့ပြီး စပါးအသင်းက ပွဲချိန် (၉၆) မိနစ်ကျမှ ဟာရီ ကိန်း ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပဂိုး ရခဲ့ပါတယ်..။ အဲဒီပွဲစဉ်နဲ့ ပတ်သက်တဲ့ တခြားစကားဝိုင်းတွေလည်း ရှိခဲ့ပြီးပါပြီ..။ ဂျေမီ ရေ.. အဲဒီပွဲမှာ သောမတ်စ် တူခယ်လ် နဲ့ အန်တိုနီယို ကွန်တီ တို့ရဲ့ ပွဲကိုချဉ်းကပ်ပုံ၊ နည်းစနစ်ပိုင်း အပြောင်းအလဲတွေကို သေသေချာချာ ပြန်လည်လေ့လာ၊ သုံးသပ်ပြီးသွားပြီလို့ ထင်ပါတယ်..။ သူတို့နှစ်ယောက်မှာ ဘယ်သူက ပိုပြီးသာခဲ့လဲဗျ..?

ဂျေမီ ကာရေဂါ - Oh.. သောမတ်စ် တူခယ်လ် က ပိုပြီးသာခဲ့တာပေါ့ဗျာ..။ မနေ့ကပွဲစဉ်ဟာ တကယ့်ကို ကြည့်လို့ကောင်းခဲ့သလို ချယ်လ်ဆီးအနိုင်ရခဲ့သင့်ပါတယ်..။ သူတို့နှစ်ယောက်စလုံးရဲ့ နည်းစနစ်ပိုင်း အခင်းအကျင်း၊ အပြောင်းအလဲတွေဟာ အရမ်းကိုစိတ်ဝင်စားဖို့ ကောင်းခဲ့သလို သူတို့လို ထိပ်တန်းနည်းပြကြီး နှစ်ယောက်ရဲ့ နည်းစနစ်ပိုင်း ယှဉ်ပြိုင်ပွဲ၊ တိုက်ပွဲကို ပြန်ပြီးသုံးသပ် ပြောကြားခွင့် ရခဲ့တာကိုက ဂုဏ်ယူ၊ ကျေနပ်စရာပဲဗျ..။

သူတို့နှစ်ယောက်စလုံးဟာ လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးမန်နေဂျာတွေထဲမှာ ပါဝင်သလို ပွဲအပေါ်ချဉ်းကပ်ပုံတွေ၊ ပွဲရဲ့လိုအပ်ချက်အရ အပြောင်းအလဲ ပြုလုပ်သွားခဲ့ပုံတွေဟာ တကယ့်ကို သေသပ်၊ ကောင်းမွန်ခဲ့ပါတယ်…။ ဒါပေမယ့် မနေ့က ‘စတန်းဖို့ဒ် ဘရစ်ခ်ျက တိုက်ပွဲ..၊ အပိုင်း (၂)’ မှာ နည်းစနစ်ပိုင်းအရ ကြည့်မယ်ဆိုရင် တူခယ်လ် က အနိုင်ရခဲ့တာ အမှန်ပါပဲ..။ ရလဒ်ပိုင်းမှာ ကံမကောင်းခဲ့လို့ အနိုင်မရခဲ့တာပါ..။

သောမတ်စ် တူခယ်လ် ဟာ အဲဒီပွဲမစခင်ကတည်းက ‘back five’ အခင်းအကျင်းနဲ့ ကစားမယ်လို့ ပြောခဲ့ပါတယ်..။ ဒါပေမယ့် တကယ်ပွဲစတော့ သူ့ရဲ့ပြောကြားချက်ဟာ (၅၀%) ရာခိုင်နှုန်း.. တစ်ဝက်ပဲ မှန်ပါတယ်..။ ပထမဆုံးအနေနဲ့ တော့တင်ဟမ်အသင်းခြေထဲ ဘောလုံးရှိနေတဲ့အချိန် သူ့ရဲ့ back five အခင်းအကျင်းကို အခုအောက်ကပုံ (ပုံ- ၁) မှာ ပြထားပါတယ်..။ အဲဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာက ကစားသမား တစ်ယောက်ချင်းစီကို သီးခြားတာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်..။



right wing back ဖြစ်တဲ့ ရိစ် ဂျိမ်းစ် ကို right center back အဖြစ်နဲ့ အတွင်းကိုဝင်ခိုင်းပြီး တော့တင်ဟမ်အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဆွမ် ဟောင်မင်း ကို တစ်ဦးချင်း လူကပ် (man to man mark) ကစားခိုင်းထားပါတယ်..။ သူ့ရဲ့နေရာယူပုံဟာ RCB ဆိုပေမယ့် တခြား center back တွေနဲ့ တတန်းထဲမှာ ရှိမနေပါဘူး..။ ဒါဟာနည်းစနစ်ပိုင်း အပြောင်းအလဲတစ်ခုပါ..။

နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုကတော့ ‘မေဆန် မောင့်’ ကို တာဝန်ပေးထားတဲ့ပုံစံပါ..။ သူ့ကိုကွင်းလယ် ဆင်းခိုင်းထားပြီး တော့တင်ဟမ် ကွင်းလယ်ကစားသမားနားမှာ နေရာယူခိုင်းထားပါတယ်.. (ပုံ- ၃)။ ညာဘက်မှာ အန်ဂိုလို ကန်တေး ရှိနေပါတယ်..။ ဒ့ါကြောင့် တော့တင်ဟမ်က ကွင်းလယ် double six နှစ်ယောက်စလုံးကို ချုပ်ထားပြီး ဖြစ်ပြီပေ့ါ..။ သူတို့နှစ်ယောက်ကို အောက်ခြေက base of midfield မှာ ဂျော်ဂင်ဟို က ရံထားပါတယ်..။



ဒ့ါကြောင့် တော့တင်ဟမ်အသင်းဟာ ဘယ်လိုမှ ကစားကွက် တည်မရခဲတာကြောင့် ရှေ့တန်းက ဟာရီ ကိန်း ဆီ အမြင့်ဘောတွေသုံးပြီး ပေးပို့ပါတယ်..။ ကန်တင်လိုက်တယ်..၊ ခံစစ်အလယ်လူ central center back သီယာဂို ဆေးလ်ဗား က ခေါင်းတိုက်ပြီး ဘယ်ဘက်က ကာလီဒူ ကူလီဘာလီ ဆီကို ချပေးပါတယ်..။ သူတို့ရဲ့ခြေထဲကို ဘောလုံးရသွားတာနဲ့ အခုအောက်ကပုံ (ပုံ- ၄) မှာ ပြထားတဲ့အတိုင်း ရိစ် ဂျိမ်းစ် က ညာအစွန်ကို ထွက်သွားတယ်..၊ ရူဘင် လော့ဖ်တပ်စ် ချိခ် က ကွင်းလယ်ကို ဝင်သွားပြီး back five အထိုင်ကို ချက်ချင်းဖျက်ပစ်လိုက်တယ်ဗျ..။ သူတို့ဟာ back five နဲ့ back four အထိုင်ကို လိုသလို ပြောင်းလဲ၊ ကစားသွားခဲ့ပါတယ်..။ အဲဒီမှာ တော့တင်ဟမ်အသင်း ပြဿနာအကြီးကြီး တက်ပါတယ်..။



back four ပြောင်းသွားပြီးတဲ့အခါ ကွင်းလယ်အခင်းအကျင်းကို ပြန်ကြည့်ရအောင်.. base of midfield မှာ ဂျော်ဂင်ဟို ရှိနေတယ်..။ အဲ… ဟိုမှာ မေဆန် မောင့် (ပုံ- ၅) .. သူကလည်း ကွင်းလယ်မှာ ဆင်းပြီးတွဲပါတယ်..။ အဲဒီပွဲမှာ သူဟာ ခံစစ်ပိုင်းကူညီမှုနဲ့ ဖိအားပေး ကစားတဲ့အပိုင်း (pressing) တွေမှာ အရမ်းကိုကောင်းခဲ့တယ်ဗျ..။



မေဆန် ဟာ နောက်ကိုဆင်းပြီး နေရာယူလိုက်တာကြောင့် တော့တင်ဟမ် ကွင်းလယ်ကစားသမား နှစ်ယောက်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ နေရာလွတ်တွေပေါ်လာပါတယ်.။ ဒ့ါကြောင့်ကွင်းလယ်မှာ လူကပ်မယ့်သူမရှိပဲ လွတ်နေတဲ့ မေဆန် မောင့် ကို ဗဟိုနောက်ခံလူ တစ်ယောက်က (၁၀) ကိုက်၊ (၁၅) ကိုက်လောက် ရှေ့ကိုတက်ပြီး ဖျက်ထုတ်ရပါတော့မယ်.. (ပုံ- ၆)။ ဒါဟာ ချယ်လ်ဆီးအသင်း ပထမပိုင်းမိနစ် (၂၀) ကျော်အထိ ကစားသွားတဲ့ပုံစံ ဖြစ်ပါတယ်..။



အခုအောက်ကပုံ (ပုံ- ၇) မှာဆိုရင် ကိုယ့်အသင်းရဲ့ခြေထဲ ဘောလုံးရောက်လာတဲ့အချိန် ချယ်လ်ဆီးအသင်းရဲ့ back four အခင်းအကျင်းကို ပြထားပါတယ်..။ ဒီနေ့ပွဲမှာ တော့တင်ဟမ်အသင်း ကွင်းလယ်က ဘင်တာကား နဲ့ ပယ်ရီ ဟွိုင်းဘတ် တို့နှစ်ယောက်အတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်..။ ဒါဟာခုနက right wingback ကနေ အတွင်းကိုဝင်လာတဲ့ ရူဘင် လော့ဖ်တပ်စ် ချိခ် ရဲ့ ကစားပုံကြောင့်ပဲ ဖြစ်ပါတယ်..။ အခုပြထားတဲ့ပုံမှာဆိုရင် သူဟာ ‘No.10’ နေရာကို ရောက်သွားပါပြီ.။



ဒ့ါကြောင့်အဲဒီအချိန်မှာ သူတို့အသင်းရဲ့ ကွင်းလယ်အခင်းအကျင်းဟာ အောက်ကပုံ (ပုံ- ၈) မှာ ပြထားသလို မေဆန် မောင့်၊ ဂျော်ဂင်ဟို၊ ကန်တေး နဲ့ ရူဘင် လော့ဖ်တပ်စ် ချိခ် တို့နဲ့ စတုဂံပုံ ကွင်းလယ်အထိုင် ဖြစ်သွားပါတယ်..။ ဒါဟာ တော့တင်ဟမ် ကွင်းလယ်က double six နှစ်ယောက်အတွက် တကယ့် အိပ်မက်ဆိုးပါပဲ..။

ဒါပေမယ့် မနေ့ကပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိကလိုအပ်ချက်ကတော့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ကစားကွက် အသာစီးရယူထားမှုတွေကို လုံလောက်တဲ့ အခွင့်အရေးတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိတာပါပဲ..။ အထူးသဖြင့် တော့တင်ဟမ်အသင်းရဲ့ ဂိုးဧရိယာထဲကို တောင်ပံနဲ့ကွင်းလယ်တွေက ဖန်တီးပေးတဲ့ အဆုံးသတ်ပေးပို့ချက်တွေ (final balls) ချိန်သားကိုက် မဖြစ်ခဲ့ပါဘူး..။ တကယ်လို့ အဆုံးသတ်ဂိုးသွင်းမယ့်အပိုင်းမှာ ဒီထက်ပိုပြီး နားလည်မှုကောင်းမွန်ခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းဟာ အရမ်းကိုကြောက်စရာကောင်းတဲ့ အသင်းဖြစ်လာမှာပါ..။



အခုအောက်ကပုံ (ပုံ- ၉) မှာဆိုရင် တော့တင်ဟမ် ဂိုးသမား ဟူဂို လိုရစ် ဆီကနေ build up play ပြန်လည်စတင်မယ့်အချိန် ချယ်လ်ဆီးအသင်းက မေဆန် မောင့် နဲ့ အန်ဂိုလို ကန်တေး တို့ဟာ တော့တင်ဟမ် ကွင်းလယ် ကစားသမား နှစ်ယောက်ကို လူကပ်ထားပါတယ်..။



ဒ့ါကြောင့် ဂိုးသမား လိုရစ် ဟာ ဘယ်တောင်ပံမှာ အသင့်နေရာယူထားတဲ့ ဗဟိုနောက်ခံလူဆီကို ဘောလုံးဖြန့်ပေး လိုက်ရပါတယ်..။ ကန်တေး က ဘောလုံးနဲ့အတူ ထပ်ချပ်မကွာ လိုက်ပါသွားပြီး ဘယ်အစွန်က ဗဟိုနောက်ခံလူဆီကို ပိတ်ဆို့ပါတယ်..။ တော့တင်ဟမ် အသင်းဟာ ဘယ်တောင်ပံအခြမ်းကနေ တိုက်စစ်ဆင်ဖို့ ကြိုးစားပါတယ်..။ အဲဒီအချိန်မှာ မေဆန် မောင့် ဟာ ဘယ်အခြမ်းကနေ ညာဘက်အခြမ်းထိ လိုက်ပါသွားခဲ့ပြီး 4 vs 3 အနေအထားနဲ့ ဘောလုံးကို ပြန်လည်အရယူနိုင်ခဲ့ပါတယ်..(ပုံ- ၁၀) ။

မေဆန် မောင့် ဟာ နည်းစနစ်ပိုင်း နားလည်မှု ကောင်းမွန်ပြီး နည်းပြရဲ့ ညွှန်ကြားချက်ကို အတိအကျ လိုက်နာနိုင်စွမ်း ရှိတဲ့အပြင် သူ့ရဲ့ဖိအားပေး (pressing) ကစားပုံ၊ ဘောလုံးလုယူပုံတွေ အရမ်းကို ကောင်းမွန်ပါတယ်..။ ဒ့ါကြောင့်လည်း သူဟာချယ်လ်ဆီးအသင်းမှာရော၊ အင်္ဂလန်အသင်းမှာပါ ပုံမှန်တစ်နေရာ ရနေတာဖြစ်ပါတယ်..။



အဲဒီအခိုက်အတန့်မှာဆိုရင် သူဟာညာဘက်အခြမ်းထိ တောက်လျှောက်လိုက်ပါပြီး ဘောလုံးကို ပြန်လည်အရယူ..၊ ဆွဲတက်သွားပြီး အသင့်နေရာယူထားတဲ့ ရာဟင်း စတာလင်း ရဲ့ ပြေးလမ်းထဲကို ခင်းပေးလိုက်တယ်..၊ ရာဟင်း စတာလင်း နောက်ပေါက်လေးနဲ့ ပြန်ချပေးလိုက်တဲ့ ဘောလုံးကို ကိုင် ဟာဗာ့ဇ် ရဲ့ ကန်သွင်းမှု ကောင်းမွန်ခဲ့ပေမယ့် ဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း ရရှိခဲ့တဲ့ အဖွင့်ဂိုးဟာ အဲဒီထောင့်ကန်ဘောကနေ ရရှိခဲ့တာ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာ တစ်ဂိုးအသာနဲ့သာ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်းအပြီး ပွဲစဉ်အချက်အလက်တွေအရဆိုရင် သူတို့ဟာ တော့တင်ဟမ် အသင်းကို လုံးဝပြန်မလှန်နိုင်အောင် ထိန်းချုပ်ကစားနိုင်ခဲ့တာ တွေ့ရပါလိမ့်မယ်..။

ဒေးဗစ် ဂျုံးစ် - တော့တင်ဟမ်အသင်းဘက်က ဘယ်လိုတုံ့ပြန်ခဲ့လဲဗျ..။ ဒုတိယပိုင်းမှာ သူတို့ဟာ ဘယ်လိုအပြောင်းအလဲတွေ ပြုလုပ်ခဲ့လဲ..?

ဂျေမီ ကာရေဂါ - ဒုတိယပိုင်းစစချင်းမှာ ဘာအပြောင်းအလဲမှ မရှိခဲ့ပါဘူး..။ ဒါပေမယ့် အန်တိုနီယို ကွန်တီ ဟာ အပြောင်းအလဲ လုပ်ရတော့မယ့်အခြေအနေ ရောက်လာပါတယ်..။ သူဟာ left wing back ရိုင်ယန် ဆက်ဆက်နွန် အစား ရစ်ချာလီဆန် ကို ထည့်သွင်းပြီး ၄- ၂- ၄ ပုံစံနဲ့ တိုက်စစ်ကို မြှင့်တင်ခဲ့ပါတယ်..။ အဲဒီအပြောင်းအလဲဟာ နည်းစနစ်ပိုင်းအရ ထူးခြားသွားတဲ့ပြောင်းလဲမှု မဖြစ်လာခဲ့ပေမယ့် ရစ်ချာလီဆန် ရဲ့ ရုန်းအား၊ တိုးအားကြောင့် ထိုးဖောက်ပုံ မြန်ဆန်လာခဲ့ပြီး တိုက်စစ်လမ်းကြောင်းတွေ ပွင့်လာခဲ့ပါတယ်..။

အဲဒီအချိန်မှာ သောမတ်စ် တူခယ်လ် ဟာ ဘောလုံးရတဲ့အချိန် back four ကို ပြောင်းလဲလိုက်တဲ့ ကစားဟန်ကို စွန့်လွှတ်လိုက်ပြီး သူ့ရဲ့မူရင်း ၃- ၅- ၂ ကစားကွက်နဲ့ပဲ ကွန်တီ ရဲ့ ၄- ၂- ၄ ကစားကွက်ကို ရင်ဆိုင်ခဲ့ပါတယ်..။ ၃- ၅- ၂ ကစားကွက်ဟာ ရွှေ့လျားမှုတွေ မှန်ကန်ခဲ့မယ်ဆိုရင် ၄- ၂- ၄ ပဲဖြစ်ဖြစ်၊ ၄- ၄- ၂ ပဲဖြစ်ဖြစ် back four အထိုင် အခင်းအကျင်းတွေကို အဝေးတိုင် (back post) ဘက်မှာ နေရာလွတ်ဖန်တီးပြီး ဂိုးရအောင် သွင်းယူနိုင်စွမ်းရှိတယ်.. ဆိုတာကို ပွဲချိန် (၇၇) မိနစ်မှာ ရိစ် ဂျိမ်းစ် သွင်းယူပေးခဲ့တဲ့ ဒုတိယဦးဆောင်ဂိုးနဲ့ ပြသခဲ့ပါတယ်..။ ကဲ.. အဲဒီဂိုးကို ရသွားခဲ့တဲ့ လက်ပစ်ဘောကနေ ကျွန်တော်တို့ စပြီးလေ့လာကြည့်ရအောင်…



အခုပူးတွဲပုံ (ပုံ- ၁၁) မှာဆိုရင် ကူကူရယ်လာ လက်ပစ်ဘော ပစ်မယ့်အချိန် တော့တင်ဟမ် အသင်းရဲ့ ၄- ၄- ၂ ပုံစံအခင်းအကျင်းကို တွေ့ရမှာပါ..။ အဲဒီပုံရဲ့ ညာဘက်အစွန်ဆုံးမှာ ရိစ် ဂျိမ်းစ် ရှိနေပါတယ်..။ ဒါဟာ wing back နဲ့ ပြိုင်ဘက်အသင်း back four ခံစစ်အထိုင်ကို 5 vs 4 နဲ့ လူအင်အား အသာစီးရယူနိုင်တယ် (over numbered) ဆိုတာ ပြသနေတာပါပဲ..။

တော့တင်ဟမ် ခံစစ်ကနေ အဲဒီဘောလုံးကိုရှင်းထုတ်လိုက်ပြီး ဒီဂျန် ကူလူဆက်ဗ်စကီး ကနေ တန်ပြန်တိုက်စစ် စတင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကူလီဘာလီ နဲ့ အန်ဂိုလို ကန်တေး တို့က ပိတ်ဆို့ ဖျက်တောက်နိုင်ခဲ့ပါတယ်..။ အန်ဂိုလို ကန်တေး ဘောလုံးရယူလာတဲ့အချိန် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး သုံးယောက်နဲ့ တော့တင်ဟမ် အသင်းခံစစ်မှူးတွေရဲ့ အနေအထားကို အခုအောက်ကပုံ (ပုံ- ၁၂) မှာ တွေ့နိုင်ပါတယ်..။ အဲဒီမှာ ပြဿနာတက်တာက တော့တင်ဟမ်အသင်း ခံစစ်ကြောင်းရဲ့ ဘယ်ဘက်အစွန်မှာ ရှိနေတဲ့ ဘင် ဒေးဗစ်စ် ပါပဲ..။ သူဟာတိုက်စစ်မှူး စတာလင်း ကို ပြေးတက်ပြီး လူကပ်ရမှာလား..၊ ညာအစွန်က ရိစ် ဂျိမ်းစ် ကိုပဲ စောင့်ကြည့်ရမှာလား.. ဆိုတာ ဒွိဟဖြစ်လာရပါတယ်..။



ဒါဟာ back four ကစားကွက်အထိုင်နဲ့ တစ်ဘက်အသင်း wing back တွေကို ရင်ဆိုင်တဲ့အခါမှာ ဖြစ်လာတတ်တဲ့ အခက်အခဲပါ..။ ဒါ့ကြောင့်ကွန်တီ က back four ကို လိုက်ပြီးပြောင်းလိုက်တာနဲ့ သူ့ရဲ့မူရင်း back five ကစားကွက် ပြန်ပြောင်းလိုက်တဲ့ နည်းပြ တူခယ်လ် ရဲ့ နည်းစနစ်ပိုင်း အဆုံးအဖြတ်ဟာ သိပ်ကိုကောင်းမွန်လှတယ်ဗျ..။ ရာဟင်း စတာလင်း ပေးပို့တဲ့ ဘောလုံးကို မနေ့ကပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ ရိစ် ဂျိမ်းစ် က လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်..။ တကယ်တော့ ချယ်လ်ဆီးအသင်းဟာ အဲဒီပွဲမှာ သုံးမှတ်အပြည့် မရခဲ့တာ အတော်လေးကို နစ်နာသွားတယ်လို့ ပြောလို့ရပါတယ်..။

ဒေးဗစ် ဂျုံးစ် - အင်းဗျ.. မနေ့ကပွဲမှာ ချယ်လ်ဆီးအသင်းဟာ ခြေစွမ်းအရမ်းကောင်းမွန်ခဲ့ပေမယ့် တစ်မှတ်ပဲ ရခဲ့ပါတယ်..။ ဘာကြောင့်လို့ထင်မိလဲ.. ဂယ်ရီ ရေ..?

ဂယ်ရီ နဗီးလ် - ကျွန်တော်ဟာ မနေ့ကပွဲကြည့်နေရင်းနဲ့ ချယ်လ်ဆီးကစားသွားတာ ကောင်းလှချည်လား.. ဆိုပြီး စဉ်းစားနေမိပါတယ်..။ ဒါပေမယ့် တော့တင်ဟမ် အသင်းဟာ ကွန်တီ..၊ ဘင်နီးတက်ဇ် နဲ့ ဟိုဆေး မော်ရင်ဟို တို့လို ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓါတ်အပြည့်နဲ့ နောက်ဆုံးအချိန်ထိ အစွမ်းကုန်ကြိုးစား၊ တိုက်ပွဲဝင်သွားခဲ့ပါတယ်..။

ပါရီဆစ် ရဲ့ ပထမအကြိမ် ထောင့်ကန်ဘောမှာ ဂိုးရမလို ဖြစ်ခဲ့တာကြောင့် ‘Wow’.. ဆိုပြီး မချင့်မရဲ ဖြစ်ခဲ့ရပေမယ့် ဒုတိယအကြိမ် ထောင့်ကန်ဘောကို ဟာရီ ကိန်း ခေါင်းတိုက်ဂိုးသွင်းလိုက်ချိန် အရမ်းကြီးအံ့သြစရာ မဖြစ်ခဲ့ပါဘူး..။ ဂိုးသွင်းရှင် ဟာရီ ကိန်း နဲ့ ကွန်တီ တို့ရဲ့ အားမာန်အပြည့် အောင်ပွဲခံပုံတွေကို မြင်တွေ့ခဲ့ရသလို အဲဒီဂိုးကြောင့်ပဲ ပွဲပြီးတဲ့အချိန်မှာ တစ်ဘက်နဲ့တစ်ဘက် အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓါတ်တွေကြောင့် ထိပ်တိုက်ရင်ဆိုင်ပွဲတွေ ဖြစ်တဲ့အထိ ပွဲရဲ့အရှိန် မြင့်တက်သွားခဲ့ပါတယ်..။

ကွန်တီ ရဲ့ အသင်းတွေမှာ နောက်ဆုံးအချိန်ထိ ခင်ဗျားတို့ မျှော်လင့်ထားလို့ ရပါတယ်..။ သူ့ရဲ့အသင်းဟာ ကစားပုံ ဆိုးရွားနေပါလိမ့်မယ်..၊ ဒါပေမယ့် လိုချင်တဲ့ရလဒ်ကို မရရအောင် တရွတ်ဆွဲပြီး အရယူသွားနိုင်စွမ်း ရှိပါတယ်..။ ဒါဟာကွန်တီ ရဲ့ အသင်းတွေမှာ တွေ့ရှိရတဲ့ ထူးခြားတဲ စွမ်းဆောင်ရည်လို့ ပြောရမှာပါပဲ..။



အခုအပေါ်မှာ ပြထားတဲ့ပုံက အချက်အလက်တွေအရဆိုရင် တော့တင်ဟမ် အသင်းဟာ အန်တိုနီယို ကွန်တီ ကို တာဝန်ပေးခဲ့ပြီးတဲ့နောက်ပိုင်း မိနစ် (၉၀) ပြည့်ပြီး နာကျင်အချိန်ပိုကျမှ ရရှိခဲ့တဲ့ သွင်းဂိုး (၅) ဂိုး ရှိခဲ့ပါတယ်..။ ဒါ့အပြင်သူ့ကိုစတင် ခန့်အပ်ခဲ့တဲ့ မနှစ်ကနိုဝင်ဘာ နောက်ပိုင်းကနေ ရှုံးနိမ့်နေတဲ့ အနေအထားကနေ ရမှတ် (၁၅) မှတ်ထိ ပြန်ပြီးရအောင်ယူနိုင်ခဲ့တာကို ကြည့်မယ်ဆိုရင် စိတ်ဓါတ်နဲ့ ကြိုးစားအားထုတ်မှုပိုင်း ကောင်းမွန်တယ်ဆိုတာ တွေ့ရမှာပါ..။

ဒီနေ့ပွဲမှာဆိုရင် ချယ်လ်ဆီးအသင်းဟာ ခြေစွမ်းအသာစီး ရခဲ့ပေမယ့် သူတို့ဟာ နောက်ဆုံးအချိန်ထိ အစွမ်းကုန်ကြိုးစား၊ တိုက်ပွဲဝင်သွားခဲ့ပါတယ်..။ အရင်တုန်းကဆိုရင် စပါးအသင်းဟာ ‘စိတ်ဓါတ်မရှိဘူး..’ ဆိုပြီး ကျွန်တော်တို့ တချိန်လုံးစွပ်စွဲခဲ့ကြပါတယ်..။ ဒ့ါကြောင့် သူတို့ဟာ အန်တိုနီယို ကွန်တီ ကို ရအောင်ခေါ်ယူပြီး အသင်းသားတွေမှာ အားနည်းနေတဲ့ နောက်ဆုံးအချိန်ထိ မဆုတ်မနစ် တိုက်ပွဲဝင်စိတ်ကို သွတ်သွင်းနိုင်ခဲ့တယ်.. လို့ ပြောရမှာပါပဲ..။

ဒေးဗစ် ဂျုံးစ် - ခင်ဗျားပြောခဲ့တဲ့ အချက်အလက်တွေအရ တကယ်လို့ အန်တိုနီယို ကွန်တီ သာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောက်လာခဲ့မယ်ဆိုရင် ဘယ်လိုနေမလဲ..?

ဂယ်ရီ နဗီးလ် - ဒေ့ဗ်… မဖြစ်ဘူးထင်တာပဲဗျ.. ဟားဟား..၊ သူဟာမန်ချက်စတာ ယူနိုက်တက်နဲ့ သင့်တော်တဲ့ မန်နေဂျာမျိုး မဟုတ်ဘူးဗျ..။ ကျွန်တော်တို့အသင်းဟာ သူ့လိုမျိုး စိတ်ဓါတ်ပြင်းထန်လွန်းတဲ့ ဟိုဆေး မော်ရင်ဟို လို မန်နေဂျာနဲ့ စမ်းသပ်ခဲ့ဖူးတာပဲဗျ..။ ဟိုဆေး ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၂) ရခဲ့တယ်..၊ ဆုဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် နောက်ဆုံးတော့ အသင်းနဲ့မကိုက်ညီတာကြောင့် အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောရမှာပါပဲ..။ ဒ့ါကြောင့် အန်တိုနီယို ကွန်တီ ဟာ သိပ်ကိုထူးချွန်တဲ့ မန်နေဂျာ တစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်တို့ အသင်းနဲ့ အဆင်ပြေလိမ့်မယ်လို့ မထင်မိပါဘူး..။ ‘အဲရစ်ခ် တန် ဟတ်’ ပဲဗျာ.. အဲရစ်ခ်.. အဲရစ်ခ်.. ဟားဟား..
ဒေးဗစ် ဂျုံးစ် - အင်းပါ.. နောက်ထပ်လေးပွဲလောက်ပြီးရင် ခင်ဗျားတို့ပါးစပ်က ဘယ်လိုစကားလုံးတွေ ထွက်လာမလဲ.. စောင့်ကြည့်လိုက်ပါဦးမယ်.. ဟားဟား..