နည်းပြ ဂရေဟမ် ပေါ်တာ ပထမဆုံး တာဝန်ယူ၊ ကိုင်တွယ်ခဲ့သည့် ချယ်လ်ဆီးအသင်းနှင့် Red Bull ဆဲလ်ဘတ် အသင်းတို့၏ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု ( E ) ပွဲစဉ်မှ နည်းပြဂရေဟမ် ပေါ်တာ နှင့် ချယ်လ်ဆီးအသင်း ကစားပုံ၊ ပွဲအတွင်းအရေးပါခဲ့သည့် ဖြစ်ရပ်များနှင့် တိုက်စစ်မှူး ရာဟင်း စတာလင်း ၏ ပြောင်းလဲသွားခဲ့သော ကစားပုံတို့အပေါ် ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ် နှင့် လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ပီတာ ခရော့ခ်ျ တို့က BT Sports ရုပ်သံဌာန၏ သုံးသပ်ချက် စကားဝိုင်းအစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဆီမာ ဂျက်စ်ဝဲလ် - နည်းပြဂရေဟမ် ပေါ်တာ ကတော့ ဒီနေ့ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပွဲစဉ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ထင်မြင်ချက်.. သုံးသပ်ချက်တွေကို အတော်လေး ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသွားခဲ့ပါတယ်..။ ကဲ.. အဲဒီအကြောင်းတွေမပြောခင် ဒုတိယပိုင်းအစမှာ ရရှိခဲ့တဲ့ ရာဟင်း စတာလင်း ရဲ့ အဖွင့်ဂိုးအပေါ် အရင်ဆုံး ပြန်လည်သုံးသပ် ကြည့်ရအောင်လားရှင့်..။ သူဟာဒီနေ့ပွဲမှာ နေရာအသစ်၊ တာဝန်ယူမှုအသစ်တွေ ပြုလုပ်ရတာကြောင့် အထူးအာရုံစိုက်ခံခဲ့ရတဲ့ ကစားသမား ဖြစ်ခဲ့သလို ခြေစွမ်းလည်းပြနိုင်ခဲ့တယ်..၊ အသင်းအပေါ်မှာလည်း အများကြီးအကျိုးပြုနိုင်ခဲ့တယ်.. မဟုတ်လားရှင့်..
ဂျိုး ကိုးလ် - မှန်ပါတယ်..။ အဲဒီဂိုးအပေါ် ကျွန်တော်တို့အမြင်ကို ပြောရမယ်ဆိုရင် ပထမဆုံးအနေနဲ့ ညာတောင်ပံကနေ တိုက်စစ်လမ်းကြောင်းဖွင့် ထိုးဖောက်လာခဲ့တဲ့ ရိစ် ဂျိမ်းစ် ကနေ မေဆန် မောင့် ရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးလိုက်တဲ့ဘောလုံး သိပ်ကိုကောင်းမွန်ခဲ့ပါတယ်..။ မေဆန် ဟာ တဒင်္ဂအတွင်းမှာပဲ ဘယ်တောင်ပံမှာ ချယ်လ်ဆီးဘက်က 4 vs 2 အနေအထားနဲ့ လူအင်အား အသာစီး (overload) ရနေတာကို တွေ့မိလိုက်ပါတယ်..။ အဲဒါနဲ့ တစ်ချက်မဆိုင်းပဲ ဘယ်တောင်ပံဆီကို အရောက်ပေးပို့လိုက်တယ်ဗျ..(ပူးတွဲပုံ- ၁)။
ဂိုးဧရိယာအတွင်းမှာ ရှိနေတဲ့ အူဘားမီးယန်း နဲ့ ဆဲလ်ဘတ်နောက်ခံလူ နှစ်ယောက်ပြိုင်ပြီး ဘောလုံးကိုအရယူဖို့ ကြိုးစားရာမှာ အမှားအယွင်းလေး ဖြစ်သွားတာကလည်း စတာလင်း အတွက် ကံကောင်းခဲ့ပါတယ်..။ သူကတစ်ချက်ထိန်းပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ထဲကို လှလှပပ ကန်သွင်းရယူခဲ့ပါတယ်..။ အဲဒီသွင်းဂိုးမှာဆိုရင် ညာတောင်ပံဘက်ကနေ ခန္ဓာကိုယ်ကိုခုပြီး လှည့်ထွက်ခဲ့တဲ့ ရိစ် ဂျိမ်းစ်၊ မေဆန် မောင် ရဲ့ အကွက်မြင်မြင် ပေးပို့ခဲ့မှု၊ ရာဟင်း စတာလင်း ရဲ့ တိကျတဲ့အဆုံးသတ်ကန်ချက် အားလုံးကောင်းမွန်ခဲ့ပါတယ်..။ ဟုတ်တယ်မလား.. ခရော့ခ်ျ ရေ..
ပီတာ ခရော့ခ်ျ - ဘယ်အစွန်က ရာဟင်း စတာလင်း ကို ဂိုးဧရိယာထဲမှာ အတိအကျ အဆုံးသတ်နိုင်အောင် ပြင်ဆင်ခဲ့တဲ့ ဂရေဟမ် ပေါ်တာ ရဲ့ နည်းစနစ် အခင်းအကျင်းကို ကခဏနေမှာဆက်ပြီး ဆွေးနွေးကြမယ်လေ..။ ဒါပေမယ့် ဒီလိုပွဲကြီးမှာ ရလာတဲ့ အခွင့်အရေးကို အတိအကျ အဆုံးသတ်နိုင်ခဲ့တဲ့ ရာဟင်း ကို အရင်ဆုံးချီးကျူးရမှာပဲဗျ..။ သူဟာအဲဒီလို သွင်းဂိုးတွေကို မကြာခဏ သွင်းယူပေးလေ့ရှိသလို အဲဒီလိုပုံစံ သွင်းဂိုးတွေကို နောက်ပိုင်းမှာလည်း ထပ်ခါထပ်ခါ ကျွန်တော်တို့ မြင်တွေ့ကြရဦးမှာပါ..။
ဂျိုး ကိုးလ် - ဟုတ်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ရာဟင်း ကို အသင်းရဲ့ကြယ်ပွင့် ကစားသမား၊ အဓိက တိုက်စစ်အဆုံးသတ်မယ့်သူ (focal point) တစ်ယောက်အနေနဲ့ အသုံးချဖို့ ဝယ်ယူခဲ့တာပါ..။ သူဟာလက်ရှိအချိန်မှာတင် အသင်းအတွက် အကောင်းဆုံး ပေးဆပ်နေနိုင်ပြီဖြစ်သလို ဒီနေ့ပွဲမှာဆိုရင် ခြေစွမ်းပြခဲ့တဲ့ တစ်ဦတည်းသော တိုက်စစ်ကစားသမား..၊ ရာသီအစကတည်းက အသင်းမှာ လင်းလက်နေခဲ့တဲ့ တစ်ပွင့်တည်းသော ကြယ်ပွင့်ကစားသမားလို့တောင် ပြောလို့ရပါတယ်..။ ဒ့ါကြောင့်လက်ရှိ ခြေစွမ်းအတိုင်းကိုသာ ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်ဆိုရင် သူဟာကျွန်တော်တို့အသင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်အဖြစ် ရောက်ရှိလာမှာပါ..။
ဆီမာ ဂျက်စ်ဝဲလ် - အဖွင့်ဂိုးပေးလိုက်ရပြီးတဲ့နောက်ပိုင်း ဆဲလ်ဘတ်ဘက်က ချေပဂိုးရသွားမလား.. ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံတွေ မြင်တွေ့လာခဲ့ရပါတယ်..။ သြစတြီးယားအသင်းဟာ ချယ်လ်ဆီးလို အစဉ်အလာကြီးမားတဲ့ အသင်းကြီးတစ်သင်းကို အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် မကြောက်မရွံ့နဲ့ ရင်ဆိုင်အန်တုခဲ့ပါတယ်..။ အဲဒီလို ရဲရဲရင့်ရင့်နဲ့ တုံ့ပြန်နိုင်ခဲ့တာကြောင့်လည်း နိုအာ အိုကာဖော် က ချေပဂိုးသွင်းယူပေးနိုင်ခဲ့တာ မဟုတ်လားရှင့်…
ပီတာ ခရော့ခ်ျ - ဆဲလ်ဘတ်အသင်းဘက်က အခွင့်အရေးကြီးကြီးမားမားတွေ မရခဲ့ပါဘူး..။ ဒါပေမယ့် အဲဒီချေပဂိုး မတိုင်ခင် ချယ်လ်ဆီးအတွက် အန္တရာယ် အချက်ပေးခေါင်းလောင်းသံလို့ ဆိုနိုင်မယ့်အခွင့်အရေးတစ်ချို့ ခွင့်ပြုခဲ့ရတယ်ဗျ..။ အိုကာဖော် ခေါင်းရှပ်တိုက်ပြီး ဂိုးသွင်းခွင့်ရခဲ့တဲ့ တစ်ကြိမ်မှာဆို ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ ဂျိုး ကိုးလ် တောင် ဂိုးပေးရပြီ.. မှတ်လို့ ဖင်တကြွကြွ ဖြစ်သွားခဲ့ရသေးတယ်လေ.. ဟားဟား..။ တကယ်တော့ ချယ်လ်ဆီးအသင်းဟာ နောက်ထပ်သွင်းဂိုးတွေ ရရှိအောင် ကြိုးစားပြီး ပွဲကိုအဆုံးသတ်နိုင်အောင် ကြိုးစားခဲ့ရမှာပါ..။ ချေပဂိုးမရခင် လေးမိနစ်၊ ငါးမိနစ် လောက်မှာ ဘယ်တောင်ပံက ဖြတ်တင်ဘောကို လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ကက်ပါ တည့်တည့်ကို တိုက်မိခဲ့တာကြောင့် ချယ်လ်ဆီးဘက်က ကံကောင်းခဲ့ပါတယ်..။
တကယ်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲလို ပွဲကြီးမျိုးမှာ ကိုယ့်အသင်း အသာစီးရနေတဲ့အချိန် ရနိုင်သမျှ အခွင့်အရေးတွေ အမိအရ ကြိုးစားအသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပြိုင်ဘက်ကို တစ်ကြိမ်တစ်ခါလောက် အခွင့်အရေးပေးလိုက်ရတယ်.. ဆိုဦး.. မထင်မှတ်ပဲ ပေးဆပ်လိုက်ရတာတွေ ရှိတတ်တာကြောင့်ပါပဲ..။ ချယ်လ်ဆီးအသင်းဟာ ဒီနေ့ပွဲမှာ အဲဒီအတိုင်း ဖြစ်ခဲ့တာပါ..။
ပွဲချိန် (၇၇) မိနစ်မှာ ဘယ်တောင်ပံကနေ ရာဟင်း စတာလင်း တိုက်စစ်ဆင်လာရင်း မက်တီယို ကိုဗာဆစ် နဲ့ တွဲလုံးချိတ်ဆက်ရာမှာ နားလည်မှုလွဲသွားရာကနေ ဆဲလ်ဘတ်အသင်းဘက်က တန်ပြန်တိုက်စစ်ဆင်နိုင်မယ့် အခွင့်အရေး ရခဲ့ပါတယ်..။ ချယ်လ်ဆီးဘက်မှာ အဲဒီအခွင့်အရေးကို အမိအရ ဖျက်တောက်နိုင်ဖို့ လူအလုံအလောက် ရှိနေခဲ့ပါတယ်..။ ဒါပေမယ့် ဖျက်ထုတ်တဲ့နေရာမှာ ပေါ့လျော့မှုတွေ ရှိခဲ့တယ်..၊ နှစ်ကြိမ် သုံးကြိမ်လောက် အမိအရ ဖျက်ထုတ်နိုင်မယ့် အခွင့်အရေးတွေကို လက်လွှတ်ခဲ့ပါတယ်....။ ကွင်းလယ်မှာတင် အသေအချာ မဖျက်ထုတ်နိုင်ခဲ့ဘူး..၊ လွတ်ထွက်လာတဲ့ ဘောလုံးကို ကူကူရယ်လာ လှဲအိပ်ပြီး အပိုင်ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးရော၊ လူရော ထပ်ပြီးကျွတ်သွားခဲ့ပြန်ပါတယ်..။
ညာဘက်ကနေ တိုက်စစ်ဆင်လာတဲ့ လူစားဝင် တိုက်စစ်မှူး အက်ဒ်မူ ဆီက ဘောလုံးကို သီယာဂို ဆေးလ်ဗား ဟာ ဦးအောင်ဖျက်ထုတ်နိုင်မယ့် အနေအထား ရှိခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့ခြေစုံပစ် ဖျက်ထုတ်ခဲ့မှု ချိန်သားကိုက် မဖြစ်ခဲ့တာကြောင့် အက်ဒ်မူ ဟာ ဘောလုံးရော၊ လူရော လွတ်ထွက်သွားခဲ့ပါတယ်…။ သူကဂိုးရှေ့ကို အသာလေးချိုးပေးရာမှာ အဆုံးသတ် ဂိုးသွင်းယူသွားတဲ့ တိုက်စစ်မှူး အိုကာဖော် အနားမှာရှိနေတဲ့ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ဟာ တစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံလောက် အချိန်ခဏလေး အာရုံပျံ့လွှင့်သွားခဲ့တာကြောင့် ပိတ်ဆို့နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ပြန်ပါတယ်..။
ဂျိုး ကိုးလ် - မှန်ပါတယ်..။ တကယ်တော့ သီယာဂို ဆေးလ်ဗား ဟာ ဘယ်ခြေကိုပဲ အားကိုးပြီး ဘောလုံးကို ဘေးထွက်ဘော..၊ ဒါမှမဟုတ် ထောင့်ကန်ဘောဖြစ်သွားအောင် ရှင်းထုတ်လိုက်မယ်ဆိုရင် ရတယ်ဗျ..။ ဒါပေမယ့် သူကခြေစုံပစ်ပြီး ဘောလုံးကိုညှပ်ယူ..၊ အရယူဖို့ ကြိုးစားလိုက်တာ ဆုံးဖြတ်ချက်မှားသွားခဲ့ပါတယ်..။
နောက်ပြီးအဝေးတိုင်က ပြေးလာတဲ့ နိုအာ အိုကာဖော် နားမှာရှိနေတဲ့ အက်ဇ်ပီလီကွဲတား ပေ့ါဗျာ..။ သူကလည်း တဒင်္ဂလေး အာရုံပျံ့လွင့်သွားခဲ့တာ ချယ်လ်ဆီးအသင်းအတွက် ပေးဆပ်ခဲ့ရဖို့ ဖြစ်သွားခဲ့ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် အိုကာဖော် ဟာ ချယ်လ်ဆီးဘက်ကို တစ်ချိန်လုံးလိုလို ခြိမ်းခြောက်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်..။ သူဟာနေရာယူ ကောင်းမွန်တယ်..၊ ချိန်သားကိုက် ရွှေ့လျားနိုင်တယ်..၊ နောက်ခံလူတွေထက်ဦးအောင် ပြေးထွက်နိုင်စွမ်း ရှိခဲ့ပါတယ်..။
ပီတာ ခရော့ခ်ျ - ဆီဇာ အက်ဇ်ပီလီကွဲတား ကို မျက်ခြေဖြတ်သွားနိုင်ခဲ့တဲ့ အိုကာဖော် ရဲ့ ချိန်သားကိုက်ပြေးဝင်၊ ပိတ်သွင်းခဲ့တဲ့ ရွှေ့လျားမှု သိပ်ကိုကောင်းခဲ့တယ်ဗျ..။ အက်ဇ်ပီဟာ အိုကာဖော် ဘယ်နေရာမှာ ရောက်နေမှန်း မသိခဲ့လို့ တစ်ချက်လေး နောက်ပြန်လှည့်ကြည့်ပြီး လိုက်ရှာခဲ့ပါတယ်.. (ပူးတွဲပုံ -၃)။ အိုကာဖော် ဟာ အဲဒီတစ်စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲရှိမယ့် တဒင်္ဂအချိန်လေးကိုပဲ အမိအရ အသုံးချသွားခဲ့တာပါပဲ..။
ဆီမာ ဂျက်စ်ဝဲလ် - နည်းပြဂရေဟမ် ပေါ်တာ နည်းပြအဖြစ် တာဝန်ယူမယ်ဆိုရင် ချယ်လ်ဆီးအသင်းမှာ ဦးစားပေး ဖြေရှင်းရမယ့် ပြဿနာတွေအကြောင်း ဒီနေ့ပွဲမစခင်မှာ ကျွန်မတို့တွေ ဆွေးနွေးခဲ့ကြပါသေးတယ်.။ အဲဒီအထဲမှာ ခံစစ်ကြောင်းကို ပိုပြီးလုံခြုံ၊ တိုးတက်လာအောင် အမြန်ဆုံးအဖြေရှာရမယ်.. ဆိုတဲ့ အချက်တစ်ချက် ပါဝင်ခဲ့သလို အခုကျွန်မတို့ မြင်လိုက်ရတဲ့ အနေအထားအရ သူ့ရဲ့ပထမဦးစားပေး ဖြေရှင်းရမယ့် အခက်အခဲတွေထဲမှာ အဲဒီခံစစ်ကြောင်း ပြဿနာဟာ ပါဝင်နေဦးမယ်လို့ ရှင်တို့ယူဆမိရဲ့လား..?
ဂျိုး ကိုးလ် - ဟုတ်ပါတယ်..။ သူ့အနေနဲ့ အသင်းရဲ့ခံစစ်ကြောင်းအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အခင်းအကျင်းကို ရှာဖွေနိုင်ဖို့ လိုအပ်နေပါသေးတယ်..။ ဝက်စ်လေ ဖိုဖားနား ဟာ အနာဂတ် အလားအလာကောင်းတွေ အများကြီးရှိနေတဲ့ ကစားသမားမှန်း ကျွန်တော်တို့သိထားပေမယ့် သူဟာကာလရှည် ဒဏ်ရာကနေ မကြာသေးခင်ကမှ ပြန်လည်ကောင်းမွန်လာခဲ့တာပါ..။ ကာလီဒူ ကူလီဘာလီ ဟာ အီတလီကနေ ရောက်လာပြီး ပရီးမီးယားလိဂ်နဲ့ အံဝင်လာအောင် ထိန်းညှိနေဆဲ ဖြစ်တာကြောင့် သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို မရရှိသေးပါဘူး..။ အချိန်စောင့်ရပါဦးမယ်..။
အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား နဲ့ သီယာဂို ဆေးလ်ဗား တို့ဟာ အသက်အရွယ်ကြောင့် တဖြည်းဖြည်းနဲ့ အကျပိုင်းကို ရောက်လာပါပြီ..။ ဒါပေမယ့် ဗဟိုခံစစ်မှာ မာ့ခ် ကူကူရယ်လာ တို့ကို ထည့်ပြီးကစားလို့ရပါတယ်..။ ဂရေဟမ် ပေါ်တာ အတွက် ရွေးချယ်စရာ ကစားသမားအင်အား အလုံအလောက် ရှိနေပါတယ်..။ မှန်ကန်တဲ့တွဲစပ်မှု လုပ်ဆောင်နိုင်ဖို့ပဲ လိုအပ်နေတာပါ..။ အဲဒီအတွက် အချိန်တစ်ခုတော့ ပေးရပါလိမ့်မယ်..။
ဂရေဟမ် ပေါ်တာ တို့အနေနဲ့ အခုလာမယ့် စနေနေ့မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် တကယ့်ပွဲကြီးပွဲကောင်းပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ရတာကို ကျေနပ်ကြလိမ့်မှာ မဟုတ်ပါဘူး..။ အဲဒီပွဲကြီးမှာသာ သုံးမှတ်အပြည့် ရခဲ့မယ်ဆိုရင် အသင်းသားတွေကြား ယုံကြည်မှုပိုပြီး ကောင်းမွန်လာမှာဖြစ်သလို ပရိသတ်တွေလည်း အရမ်းကိုစိတ်အား တက်ကြွသွားကြပါလိမ့်မယ်..။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နိုင်ငံတကာ ပွဲစဉ်တွေအတွက် ကစားသမားတွေကို ပြန်ပြီးစေလွှတ်ပေးရဦးမယ်..။ ဒါ့ကြောင့်ဂရေဟမ် ပေါ်တာ အနေနဲ့ သူ့ရဲ့အကောင်းဆုံး အခင်းအကျင်း၊ အကောင်းဆုံး လူစာရင်း ရှာတွေ့ရှိနိုင်ဖို့ အချိန်တစ်ခု လိုအပ်ဦးမှာပါ..။
ဒါပေမယ့် သူဟာ ချယ်လ်ဆီးအသင်းအတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်..၊ ကျွန်တော်တို့အသင်းရဲ့ အစဉ်အလာ၊ အပြာရောင်ယဉ်ကျေးမှုတွေနဲ့ သဟဇာတ ဖြစ်လိမ့်မယ်ဆိုတာ သေချာပေါက် ပြောရဲပါတယ်..။ ဒ့ါကြောင့် တော့ဒ် ဘိုလေး တို့ဟာ သူတို့ရဲ့ရှေရှည်အစီအမံ၊ စီမံကိန်းအတွက် သူ့ကိုရွေးချယ်ခဲ့တယ်ဆိုရင် ဂရဟမ် ပေါ်တာ ဟာ တကယ့်ကိုမှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ရဲရဲဝံ့ဝံ့ ထောက်ခံပေးလိုက်ချင်ပါတယ်..။
ဆီမာ ဂျက်စ်ဝဲလ် - ဒါပေါ့ရှင့်..။ ဒီနေ့ပွဲဟာ ချယ်လ်ဆီးအသင်းအတွက် သူ့ရဲ့ပထမဆုံးပွဲစဉ် ဖြစ်ခဲ့ပါတယ်..။ သူဟာ အသင်းပရိသတ်တွေ လိုချင်တောင့်တနေတဲ့ အနိုင်ရလဒ်ကို မဆောင်ယူနိုင်ခဲ့ပေမယ့် အချိန်တိုလေး.. အတွင်းမှာကို တိုးတက်လာတဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ကြရပါတယ်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ အနိုင်ရလောက်တဲ့ အခွင့်အရေးတွေ အများကြီးရရှိခဲ့တယ်.. မဟုတ်ဘူးလားရှင့်..
ပီတာ ခရော့ခ်ျ - မှန်ပါတယ်..။ ဒုတိယပိုင်းမှာ တိုက်စစ်ပိုင်းကို ကစားသမားတွေ လူစားလဲပြီး ထပ်မံအားဖြည့်ခဲ့တဲ့နောက်ပိုင်း အသင်းရဲ့တိုက်စစ်ပိုင်း ထိုးဖောက်ပုံနဲ့ အမြန်နှုန်းတွေမှာ သိသိသာသာ တိုးတက်လာခဲ့ပါတယ်..။ အူဘားမီးယန်း ကတော့ ကြံ့ခိုင်မှုအပြည့်ရရှိဖို့ လိုအပ်နေသေးတဲ့ပုံ ရှိပါတယ်..။
ဒါပေမယ့် အာမန်ဒါ ဘရိုဂျား ဟာ တိုက်စစ်ပိုင်းကို တစ်မျိုးတစ်ဖုံ ပံ့ပိုးပေးနိုင်ခဲ့သလို ရူဘင် လော့ဖ်တပ်စ် ချိခ် ဟာလည်း ညာတောင်ပံကနေ ဆဲလ်ဘတ်အသင်း ခံစစ်ကြောင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်..။
သူတို့တွေဝင်လာပြီးနောက်ပိုင်း ရိစ် ဂျိမ်းစ်၊ ဟာကန် ဇီးယက်ခ်ျ နဲ့ အာမန်ဒို ဘရိုဂျား တို့ဟာ အပိုင်ကန်သွင်းတစ်ချို့ ရရှိခဲ့ပေမယ့် ကံမကောင်းတာရယ်..၊ မိမိကိုယ်ကို ယုံကြည်မှု အားနည်းခဲ့တာတွေရယ်ကြောင့် လိုအပ်တဲ့အနိုင်ရလဒ် မရရှိခဲ့တာ ဖြစ်ပါတယ်..။
ဂျိုး ကိုးလ် - ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ အရည်အသွေးမြင့် ထိပ်တန်းကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒါပေမယ့် သူတို့တွေဟာ ကိုယ့်ရဲ့ခြေစွမ်း၊ အသင်းဖော်တွေရဲ့ ခြေစွမ်းအပေါ် ယုံကြည်မှုတွေ အမြင့်ဆုံးအဆင့်၊ အကောင်းဆုံးအဆင့်မှာ ရှိမနေပါဘူး..။ အဲဒီလိုမိမိကိုယ်ကို ယုံကြည်မှု (confidence) ရရှဖို့ဆိုတာ လေ့ကျင့်ကွင်းမှာ အမြဲတမ်းအကောင်းဆုံး ကြိုးစားလေ့ကျင့်ရင်း၊ အထပ်ထပ်အခါခါ လေ့ကျင့်ရင်း သင်ယူ၊ ပြောင်းလဲရယူရတာပါ..။ ဒ့ါကြောင့် သူတို့တွေဟာ မကြာခင်အချိန်ကျရင်အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိကြပါလိမ့်မယ်..။
လက်ရှိအသင်းမှာ ယုံကြည်မှုကျဆင်းနေတဲ့ ကစားသမားတွေထဲမှာ ခရစ်စ်တီယန် ပူလီဆစ်၊ ဟာကင် ဇီးယက်ခ်ျ တို့လည်း ပါတယ်ဗျ..။ သူတို့တွေဟာ ကျဆင်းနေတဲ့ခြေစွမ်းနဲ့ ယုံကြည်မှုတွေကို ပြန်လည်ကောင်းမွန်လာအောင် အထူးကြိုးစားရပါဦးမယ်..။ အာမန်ဒို ဘရိုဂျား ကတော့ ဆောက်ပ်သမ်တန်အသင်းကို အဌားသွားရောက်ရာကနေ ပြန်လာခဲ့တာဖြစ်ပြီး အခုလိုနောက်ထပ် တစ်ဆင့်မြင့် အခွင့်အရေး ပေးခံရချိန်မှာ စိတ်လှုပ်ရှားမှုတွေ များပြားနေပုံပါပဲ..။ အဲဒီဝဲဂယက်တွေ တည်ငြိမ်သွားအောင် အချိန်ပေးရပါမယ်..။ ပွဲပြီးခါနီးမှာ အာမန်ဒို ဘရိုဂျား အနီးကပ်ကန်သွင်းရတဲ့ မြေမကျကန်ချက် အခွင့်အရေးဟာ ဂိုးရသင့်တဲ့ အခွင့်အရေးပဲဗျ..။
ပီတာ ခရော့ခ်ျ - ဂိုးပေါက်တည့်ရင်ကို ဂိုးမှာပဲဗျ..။ ရီးရဲလ် မက်ဒရစ်အသင်းက ကာရင် ဘင်ဇီးမား ဟာ အဲဒီလိုပုံစံ၊ အနေအထားတွေကပဲ ဂိုးတွေအများကြီးသွင်းယူခဲ့တာပါ..။ ဒ့ါကြောင့် ဘရိုဂျား ရဲ့ ကစားပုံနဲ့ ကြိုးစားအားထုတ်မှုကို သဘောကျမိပေမယ့် နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ဆိုရင် အဲဒီလိုအခွင့်အရေးတွေကို ဂိုးဝင်သွားအောင် ကန်သွင်းပေးနိုင်ဖို့ လိုအပ်ပါတယ်..။
ဆီမာ ဂျက်စ်ဝဲလ် - နည်းပြဟောင်း တူခယ်လ် ရဲ့ အားကိုးမှုကို မရရှိခဲ့တာကနေ တဖြည်းဖြည်းနဲ့ အဲဒီလိုယုံကြည်မှု ပျောက်ဆုံးသွားတဲ့ ကစားသမားတွေအကြောင်း ကျွန်မတို့ ပြောခဲ့ကြသေးတယ်.. မဟုတ်လားရှင့်..။ တကယ်တော့ ဒီနေ့လိုပွဲမျိုးဟာ နည်းပြအသစ်နဲ့ ပထမဆုံးပွဲစဉ် ဖြစ်တာကြောင့် သူတို့လိုကစားသမားတွေဟာ ဒီနေ့လိုပွဲစဉ်မျိုးမှာ ခြေစွမ်းပြသနိုင်ခဲ့ရင် နည်းပြသစ်ရဲ့ ယုံကြည်အားကိုးမှုကို တစ်လျှောက်လုံးရရှိသွားနိုင်ဖို့ သက်သေပြသနိုင်ခွင့်..၊ ရှားပါးအခွင့်အရေးတစ်ခု ဖြစ်လာမှာ… မဟုတ်ဘူးလားရှင့်…
ဂျိုး ကိုးလ် - အား.. သိပ်မှန်တာပေ့ါဗျ..။ တကယ်တော့ သူတို့တွေရဲ့ နေ့စဉ်လေ့ကျင့်ခန်းတွေကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရကြတာ မဟုတ်ပါဘူး..။ ဒ့ါကြောင့်နေ့စဉ်နေ့တိုင်း ဘယ်လိုပုံစံနဲ့ လေ့ကျင့်နေကြသလဲ..? လေ့ကျင့်ခန်းတွေကို ပျော်ရွှင်မှုရော ရှိရဲ့လား..? ကျေနပ်မှုရော ရှိကြရဲ့လား..? ဒါမှမဟုတ် နည်းပြရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စိတ်ပျက်နေကြလား..? ကျွန်တော်တို့ သေသေချာချာ သိနိုင်ဖို့ ခက်ခဲပါတယ်..။ ဒါပေမယ့် ကွင်းထဲမှာ ပြသနေတဲ့ ခြေစွမ်းတွေဟာ လေ့ကျင့်ကွင်းမှာ ပျော်ရွှင်နေမှု၊ ကြိုးစားလေ့ကျင့်နေမှုတွေကို သွယ်ဝှိုက်ပြီးတော့ သက်သေပြနေတယ်.. လို့ သတ်မှတ်နိုင်ပါတယ်..။ ကစားသမား တစ်ယောက်ဟာ ဒီနေ့တော့ ခြေစွမ်းတက်အောင် ကစားပြမယ်..၊ နောက်တစ်ပါတ်ကျရင် ခြေစွမ်းကျဆင်းအောင် ကစားပြမယ်.. စသဖြင့် ကိုယ့်ရဲ့ခြေစွမ်းကို ရေပိုက်ခေါင်းတစ်ခု အဖွင့်အပိတ် လုပ်သလို ထိန်းညှိနေလို့ မရပါဘူး..။
ဒ့ါကြောင့်ခရစ်စ်တီယန် ပူလီဆစ်၊ ဟာကင် ဇီးယက်ခ်ျ တို့အနေနဲ့ ဒီနေ့မှာရရှိခဲ့တဲ့ အခွင့်အရေးမျိုးကို အမိအရ ဖမ်းဆုပ်ပြီး ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား ဖြစ်တယ်ဆိုတာ သက်သေပြသနိုင်ဖို့ လိုအပ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ နောက်မကြာတော့မယ်အချိန်ကျရင် ကစားခွင့်အတွက် မန်နေဂျာကို သွားပြီး အရေးဆိုကြပါတော့မယ်..။ ဒါဆိုရင် မန်နေဂျာကလည်း ‘ခင်ဗျားတို့ဘယ်တုန်းကများ ခြေစွမ်းပြခဲ့ကြလို့လဲ..? ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ခြေစွမ်းက ဘယ်မှာလဲ..?’ အဲဒီလိုပြန်မေးတော့မှာပဲ..။
ဒါပေမယ့်သူတို့နှစ်ယောက်စလုံးဟာ ခံယူချက်၊ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓါတ်ပိုင်း ကောင်းမွန်တဲ့သူ ဖြစ်တာကြောင့် အကောင်းဆုံးခြေစွမ်းနဲ့ သွင်းဂိုးတွေ ပြန်လည်ရရှိလိမ့်မယ်ဆိုတာ သေချာပေါက် ပြောရဲပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ လူငယ်.. လူကြီးတွေအတွက်..၊ ကစားသမားတိုင်းအတွက် တူညီတဲ့အခွင့်အရေး..၊ မျှတတဲ့ အခွင့်အရေးတွေ ရှိနေပါတယ်..။
ဆီမာ ဂျက်စ်ဝဲလ် - ကစားသမား တစ်ယောက်ဟာ အရေးကြီးတဲ့ပွဲတစ်ပွဲမှာ ပုံမှန်ကစားနေကျမဟုတ်ပဲ အပြောင်းအလဲ ပြုလုပ်ပြီး ကစားရတဲ့အချိန် အနည်းနဲ့အများ အခက်အခဲ ရှိလိမ့်မယ်လို့ ကျွန်မထင်ပါတယ်..။ ဒီနေ့ပွဲမှာဆိုရင် ရာဟင်း စတာလင်း ဟာ လုံးဝနေရာအသစ်တော့ မဟုတ်ပေမယ့် သူကစားနေကျပုံစံကနေ ခွဲထွက်ပြီး ကစားခဲ့ရတဲ့ပုံ ရှိခဲ့ပါတယ်..။ သူ့အနေနဲ့ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထင်မိလဲရှင့်..
ပီတာ ခရော့ခ်ျ - ရာဟင်း ဟာ ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်ပါတယ်..။ ဒ့ါကြောင့်နည်းပြသစ်ရဲ့ ကစားကွက် အခင်းအကျင်းသစ်မှာ အနည်းနဲ့အများတော့ အပြောင်းအလဲ ပြုလုပ်ပြီးကစားခဲ့ရမှာပဲ..။ ဒါပေမယ့် အခုနေရာအသစ်မှာ သူဘယ်လောက်ကျေနပ်လဲ..? သဘောကျလဲ..? ကျွန်တော်တို့ သေသေချာချာ မပြောနိုင်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာပုံမှန်အားဖြင့် ဂိုးတိုင်နှစ်တိုင်ကြားမှာပဲ အများဆုံး လှုပ်ရှားလေ့ ရှိတဲ့သူကိုးဗျ..။ အခုနေရာသစ်မှာကျ သူဟာကွင်းဘေးစည်းတစ်လျှောက်ပဲ အများဆုံးလှုပ်ရှားခဲ့ရပါတယ်..။
ဒါပေမယ့် သူ့ကိုကြည့်ရတာ အရမ်းကြီး အပြောင်းအလဲ ပြုလုပ်ခဲ့ရပုံ မရသလို အခုနေရာမှာ အဆင်ပြေပုံ ရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာအသင်းရဲ့တစ်လုံးတည်းသောဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ဒီနေ့ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာကြောင့်ပါပဲ..။ ဘေးစည်းတစ်လျှောက် ရွှေ့လျားရတော့ အကျိုးကျေးဇူးအနေနဲ့ သူ့အတွက် နေရာလွတ်တွေ အများကြီးရခဲ့ပါတယ်..။ တခြားကစားသမားတွေကို ဖန်တီးပေးနိုင်တယ်..၊ အတွင်းကိုချိုးဝင်ပြီး တွဲလုံးတွေနဲ့ ကစားနိုင်တယ်..၊ ဒီနေ့ပွဲမှာ သူ့ရဲ့ကစားပုံနဲ့ခြေစွမ်း သိပ်ကိုကောင်းပါတယ်..။
နည်းပြဂရေဟမ် ပေါ်တာ ဟာ အခုလက်ကျန် တစ်ရာသီလုံး သူ့ကိုအခုနေရာမှာပဲ ထားပြီးကစားလိမ့်မယ်လို့ ကျွန်တော်အာမမခံနိုင်ပါဘူး..။ ရာဟင်း အနေနဲ့ အခုဒီနေ့ပွဲမှာ ကစားခဲ့ရတဲ့ နေရာသစ်ဟာ အခုမှစပြီး ကစားခဲ့ရတယ်ဆိုပေမယ့် ပုံမှန်ထက်တော့သာလွန်အောင် ကစားနိုင်ခဲ့တယ်လို့ ယူဆမိပါတယ်..။
ဂျိုး ကိုးလ် - ရာဟင်း ဟာ နည်းပြဂရေဟမ် ပေါ်တာ ရဲ့ ဒီနေ့ပွဲအတွက် စီမံချက်ကို အဓိက အကောင်အထည် ဖော်ခဲ့တဲ့သူ ဖြစ်ခဲ့ပါတယ်..။ အခုပြထားတဲ့ ပူးတွဲပုံ (ပုံ- ၄) မှာဆိုရင် ဆဲလ်ဘတ်အသင်းဟာ ချယ်လ်ဆီးအသင်း တစ်သင်းလုံးကို ကစားကွက်ကျပ်အောင် နေရာကျဉ်းကျဉ်းထဲမှာပဲ စုပြုံပိတ်ဆို့ထားပါတယ်..။ ဒါပေမယ့် စတာလင်း ဟာ ဘေးစည်းတစ်လျှောက်မှာပဲ နေရာယူထားပြီး အသင်းဖော်တွေအတွက် ဘောလုံးဖြန့်ဝေ ပေးနိုင်မယ့် လမ်းကြောင်း (width) ကို ဖန်တီးပေးထားပါတယ်..။
ကဲ.. သူ့ဆီကို ဘောလုံးရောက်လာပါပြီ..။ သူဟာဘေးစည်းတစ်လျှောက် ဆွဲထွက်ဖို့ ပြင်လိုက်တာကြောင့် ဆဲလ်ဘတ်အသင်း ညာနောက်ခံလူဟာ အစွန်ကိုပြေးထွက်ပြီး သူ့ကိုပိတ်ဆို့ရပါတော့မယ်..။ ဒီလိုနဲ့ ညာနောက်ခံလူနဲ့ ဗဟိုခံစစ်မှူးတွေကြားက အကွာအဝေးကို ဆွဲချဲ့လိုက်သလိုပါပဲ..(ပုံ- ၅)။ ဒါဆိုရင် အတွင်းမှာလှုပ်ရှားနေတဲ့ တွဲဖက်တိုက်စစ်မှူးတွေက (ကိုင် ဟာဗာ့ဇ် နဲ့ မေဆန် မောင့်) အဲဒီနေရာလွတ်ကြားထဲကို ပြေးဝင် နေရာယူနိုင်မှာပါ..။
ဒါမှမဟုတ် နောက်ခံလူကို ဆွဲခေါ်သွားခဲ့တဲ့ တွဲဖက်တိုက်စစ်မှူးဆီကို ချမပေးပဲ ဗဟိုနောက်ခံလူ နှစ်ယောက်ကြားက နေရာလွတ်ဆီကို တွဲလုံးတွေနဲ့ တိုက်စစ်လမ်းကြောင်း ကိုယ်တိုင်ဖန်တီးပြီး ထိုးဖောက်နိုင်ဖို့ကိုလည်း ရွေးချယ်လို့(ပုံ- ၆) ရပါတယ်..။
အခုအောက်က ပူးတွဲပုံ (ပုံ- ၇) မှာဆိုရင် သူဟာအတွင်းဘက်ကို နည်းနည်းရောက်နေပါတယ်..။ ဒါပေမယ့် ခံစစ်ကြောင်းနောက်မှာရှိနေတဲ့ နေရာလွတ်ဆီကို အရှိန်နဲ့ပြေးဝင် ထိုးဖောက်ဖို့ အသင့်ရှိနေပါတယ်..။
ပီတာ ခရော့ခ်ျ - အခုထိုးဖောက်တဲ့ပုံကျတော့ wing back မဟုတ်ဘူးဗျ..။ ဒါဟာတိုက်စစ်မှူးတစ်ယောက် ထိုးဖောက်တဲ့ပုံစံပါပဲ..။ ဒ့ါကြောင့်နည်းပြ ဂရေဟမ် ပေါ်တာ သူ့ကိုအရှင်ထားပြီး တာဝန်ပေးထားတာလို့ ပြောရမှာပဲ..။
ဂျိုး ကိုးလ် - အခုဒီပုံ (ပူးတွဲပုံ- ၈) မှာဆိုရင် ညာတောင်ပံဘက်ကနေ ထိုးဖောက်လာချိန်မှာ သူဟာအဝေးဂိုးတိုင်ဆီကို ပြေးတက်သွားဖို့ အသင့်ရှိနေပါတယ်..။ ညာတောင်ပံက ဖြတ်တင်ဘောဟာ သူ့ရဲ့ရှေ့ကို အတိအကျ ရောက်လာတယ်..။ ညာခြေနဲ့ပိတ်သွင်းခဲ့ပေမယ့် နောက်ခံလူနဲ့ထိပြီး ထွက်သွားခဲ့တာကြောင့် ဂိုးမရခဲ့တာပါ..။
အခုအောက်ကပုံ (ပူးတွဲပုံ - ၉) မှာဆိုရင် ချယ်လ်ဆီးအသင်း ဂိုးရသွားခဲ့တဲ့ ဘောလုံးမှာ ညာတောင်ပံကနေ ရိစ် ဂျိမ်းစ် နဲ့ မေဆန် မောင့် တို့ တွဲလုံးနဲ့စတင်ဖန်တီးမယ့် အနေအထားကို ပြထားပါတယ်..။ မေဆန် မောင့် ဟာ ရိစ် ဂျိမ်းစ် ကြောင့် ပေါ်လာတဲ့ ဘယ်နောက်ခံလူနဲ့ ဗဟိုခံစစ်မှူးတွေကြားက နေရာလွတ်ကို အသုံးချပြီး ပြေးထွက်သွားခဲ့တာ ဖြစ်ပါတယ်..။ မေဆန် မောင့် ရဲ့ ဖြတ်တင်ဘောကနေ ဘယ်အစွန်မှာ ရှိနေတဲ့ ရာဟင်း စတာလင်း ဟာ 4 vs 2 အနေအထားနဲ့ အသာစီးရနေတာကို အမိအရ အသုံးချသွားနိုင်ခဲ့တဲ့ အကြောင်းကိုတော့ အစောပိုင်းမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့ပြီးပါပြီ..။
ရာဟင်း ဟာ ဒီနေ့ပွဲမှသာ အခုနေရာအသစ်၊ တာဝန်ယူမှုအသစ်နဲ့ စတင်ကစားခဲ့ရတာ ဖြစ်ပေမယ့် သူ့ရဲ့ကစားပုံကို ကြည့်နေရတာ တစ်သက်လုံးကစားလာခဲ့တဲ့အတိုင်း သက်တောင့်သက်သာ ရှိလှပါတယ်..။ သူဟာတကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါပဲ..။
ဆီမာ ဂျက်စ်ဝဲလ် - ဟုတ်ကဲ့ပါရှင့်..။ ချယ်လ်ဆီးအသင်းဟာ ဒီထက်ပိုပြီး တိုက်စစ်ပိုင်းအဆုံးသတ် ကောင်းမွန်သင့်တယ်..၊ ဂိုးတွေပိုပြီး ရသင့်တယ်လို့ ကျွန်မတို့တွေ အစဉ်တစိုက် ပြောခဲ့ကြပါတယ်..။ အဲဒီလို၀ေဖန်ရတာ လွယ်ပေမယ့် သူတို့အနေနဲ့ သွင်းဂိုးတွေ ပိုပြီးရရှိလာအောင် ဘယ်လိုအရာတွေကို ပြုပြင်သင့်တယ်လို့ ထင်မိလဲ.. ခရော့ခ်ျ ရေ…၊ အဓိက နှစ်ချက်ပေါ့ရှင့်… တိုက်စစ်ကစားသမားတွေက တစ်ဦးချင်းအဆုံးသတ်ပိုင်း ပိုပြီးထက်မြက်သင့်တာလား..? ဒါမှမဟုတ် သူတို့တွေဆီကို ပေးပို့မှုတွေ အခုထက်ပိုပြီး ကောင်းမွန်သင့်တယ်လို့ ထင်မိတာလား..?
ပီတာ ခရော့ခ်ျ - မှန်ပါတယ်..။ ကျွန်တော်လည်း တိုက်စစ်မှူးတစ်ယောက်ပဲ ဆိုတော့ သူတို့အပေါ် ဝဖေန်မှုတွေဟာ မမျှတဘူးလို့ ထင်မိသားဗျ..။ အူဘားမီးယန်း ကို ပြီးခဲ့တဲ့နှစ်ပွဲစလုံး ကျွန်တော်သေသေချာချာ လေ့လာကြည့်ခဲ့ပါတယ်..။ သူအပါအဝင် ချယ်လ်ဆီးအသင်း တိုက်စစ်မှူးတွေဆီမှာ အဆင့်မြင့်ပြိုင်ပွဲဝင် တိုက်စစ်မှူးတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ လျှင်မြန်မှု၊ ခွန်အား.. စတဲ့ အင်္ဂါရပ်တွေ အပြည့်ရှိနေပါတယ်..။ ဥပမာ ဒီနေ့ပွဲမှာဆိုရင် ဂျော်ဂင်ဟို ဟာ အူဘားမီးယန်း ရဲ့ ပြေးလမ်းထဲကို အတိအကျ လှလှပပ ပေးပို့နိုင်ခဲ့ပါတယ်..။ အူဘားမီးယန်း ရဲ့ နေရာယူ၊ ပြေးထွက်သွားပုံတွေလည်း တကယ့်ကို ချိန်သားကိုက်ပါပဲ…။ ဒ့ါကြောင့်အချိန် ကြာလာတဲ့အမျှ သူဟာပိုပြီးကောင်းလာမှာ ဖြစ်သလို ဘရိုဂျား ဝင်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ရဲ့တိုက်စစ်ဆင်တဲ့အရှိန် ပိုမိုကောင်းမွန်လာခဲ့ပါတယ်..။
ဆီမာ ဂျက်စ်ဝဲလ် - ဒါဆိုရင် ဂရေဟမ် ပေါ်တာ အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးစားပေးပြီး ပြင်ဆင်သင့်လား..? ဒါမှမဟုတ် ခံစစ်ပိုင်းကိုပဲ ပိုပြီးအာရုံစိုက်ရမှာလား..?
ဂျိုး ကိုးလ် - လက်ရှိသူ့ရဲ့ဦးစားပေး အစီအစဉ်အတိုင်း၊ လက်ရှိသူတို့ချမှတ်ထားတဲ့ စနစ်တွေ၊ အခြေခံအုတ်မြစ်တွေအတိုင်း ဆက်လက်ရှေ့ဆက်ရုံပါပဲ..။ ခုနက ခရော့ခ်ျ ပြောခဲ့သလိုပေါ့.. သူတို့အသင်းက တိုက်စစ်မှူးတွေ၊ ကစားသမားတွေရဲ့ တစ်ဦးချင်းအရည်အသွေးတွေအပေါ် ဘာမှသံသယရှိစရာ မလိုပါဘူး..။ အူဘားမီးယန်း ဆိုရင် ကစားသမားသက်တမ်းတစ်လျှောက် ဂိုးပေါင်းရာနဲ့ချီ သွင်းယူခဲ့တဲ့ ကစားသမား ဖြစ်သလို စတာလင်း ဟာ အသင်းကို သွင်းဂိုးတွေနဲ့အတူ ဦးဆောင်နိုင်တယ်ဆိုတာ သက်သေပြနေပါပြီ..။ ဒ့ါကြောင့်တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုတွေ မြင့်မားလာဖို့ဆိုရင် လေ့ကျင့်ကွင်းမှာ အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်ရင်း တည်ဆောက်ဖို့ပဲ ရှိပါတယ်..။
ဟာကင် ဇိုင်းယက်ခ်ျ ဆိုရင် မန်နေဂျာအနေနဲ့ သူ့ကိုတစ်ဦးချင်းသေသေချာချာ ဆွေးနွေးနိုင်ရင် ပိုပြီးကောင်းလာမလားပေ့ါ..။ ခရစ်စ်တီယန် ပူလီဆစ် လည်း အဲဒီလိုပါပဲ..။ သူတို့တစ်ဦးချင်း တစ်ယောက်ချင်းစီမှာ ဦးစားပေး လုပ်ဆောင်ချင်တဲ့ အစီအစဉ်တွေ ရှိချင်ရှိနေပါလိမ့်မယ်..။ ဒါပေမယ့် တစ်ယောက်ယောက်ကတော့ စံနမူနာပြအနေနဲ့ အသင်းကိုဦးဆောင်ပြီး အရင်ဆုံးမောင်းနှင်ပြနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုအရည်အသွေးမြင့် ကစားသမားတွေဟာ အချိန်အကြာကြီး ဂိုးပေါက်တွေ ပျောက်ဆုံးနေမယ်..၊ ခြေစွမ်းတိမ်မြုပ် ပျောက်ကွယ်နေမယ်ဆိုတာ မဖြစ်နိုင်ပါဘူး..။
ပီတာ ခရော့ခ်ျ - ဂရေဟမ် ပေါ်တာ ဟာ နည်းစနစ်ပိုင်းအမြင်စူးရှတဲ့ နည်းပြတစ်ယောက် ဖြစ်တာကြောင့် မှန်ကန်တဲ့အပြောင်းအလဲတွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါလိမ့်မယ်..။ အထူးသဖြင့်အခြေအနေပေါ်လိုက်ပြီး ပြောင်းလွယ်၊ ပြင်လွယ်ပြုလုပ်နိုင်တဲ့ သူ့ရဲ့အရည်အချင်းကို အသိအမှတ်ပြုရပါမယ်..။ ဒီနေ့ပွဲမှာဆိုရင် ညာတောင်ပံမှာ ရိစ် ဂျိမ်းစ်၊ ဘယ်တောင်ပံမှာ ရာဟင်း စတာလင်း တို့နဲ့ နေရာလွတ်တွေ ရှာဖွေထိုးဖောက်တဲ့ နည်းစနစ် အခင်းအကျင်းကို အသုံးပြုခဲ့ပေမယ့် နောက်လာမယ့်ပွဲ..၊ ဒါမှမဟုတ် ရာသီကုန်အထိ အဲဒီနည်းစနစ်တစ်ခုတည်းနဲ့ပဲ ဆက်လျှောက်သွားလိမ့်မှာ မဟုတ်ပါဘူး..။ ဒ့ါကြောင့်နောက်တစ်ပါတ်ကျရင် ပြိုင်ဘက်အပေါ်မူတည်ပြီး အသင်းနဲ့သင့်တော်တဲ့ နည်းစနစ်အခင်းအကျင်းကို ချမှတ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။
ဆီမာ ဂျက်စ်ဝဲလ် - ဟုတ်ကဲ့ပါရှင့်..၊ ဂရေဟမ် ပေါ်တာ ဟာ နောက်တစ်ပါတ်ကျရင် အေစီ မီလန် အသင်းနဲ့ အပြန်အလှန်ရင်ဆိုင်ရမယ့် ပထမအကျော့ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ရပါလိမ့်မယ်…။ ဒ့ါကြောင့်ချယ်လ်ဆီးပရိသတ်တွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ နောက်တစ်ဆင့် တက်ရောက်ခွင့်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးလာပြီဖြစ်တဲ့ လာမယ့်အပါတ် စတန်းဖို့ဒ် ဘရစ်ခ်ျကပွဲစဉ်ကို မစောင့်နိုင်အောင် ဖြစ်နေလိမ့်မယ်လို့ ယုံကြည်မိပါတယ်ရှင့်..။
ဒီနေ့ညမှာတော့ နည်းပြဂရေဟမ် ပေါ်တာ ရဲ့ ချယ်လ်ဆီးအသင်းနဲ့ ကဏ္ဍသစ် စတင်ဖွင့်လှစ်ခဲ့တဲ့ ပွဲစဉ်ကို ကျွန်မတို့နဲ့အတူတူ မျှဝခေံစား သုံးသပ်ခဲ့ကြတဲ့ ဂျိုး ကိုးလ်၊ ပီတာ ခရော့ခ်ျ တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နောက်လာမယ့်ပွဲစဉ်တွေမှာ ပြန်လည်ဆုံတွေ့ကြဖို့ နှုတ်ခွန်းဆက်လိုက်ပါတယ်..