ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အုပ်စု ( E ) ၏ အရေးပါသောပွဲစဉ်တစ်ပွဲအဖြစ် ချယ်လ်ဆီးအသင်းနှင့် အေစီ မီလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ချယ်လ်ဆီးအသင်းက ၃ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်..။ အဆိုပါပွဲစဉ်မှ ချယ်လ်ဆီးအသင်းကစားပုံနှင့် သွင်းဂိုးများအပေါ် သုံးသပ်ချက်၊ ဒုတိယပိုင်းတွင် အထူးခြေစွမ်းပြခဲ့သည့် ညာနောက်ခံလူ ရိစ် ဂျိမ်းစ် ကို ဝေဖန်သုံးသပ်ချက်နှင့် နည်းပြဂရေဟမ် ပေါ်တာ အပေါ် ထင်မြငိချက်များကို ချယ်လ်ဆီးအသင်း တောင်ပံ ကစားသမားဟောင်း ဂျိုး ကိုးလ်၊ မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန် နှင့် ချယ်လ်ဆီးအမျိုးသမီးအသင်း ကစားသမားဟောင်း အယ်နီ အယ်လူကို တို့က BT Sports ရုပ်သံဌာန၏ သုံးသပ်ချက် စကားဝိုင်းအစီအစဉ်တွင် ယခုလိုပြောကြားခဲ့သည်..။
ဂျိတ်ခ် ဟမ်းဖရေး - လန်ဒန်အသင်းရဲ့ ၃ဂိုးပြတ်အနိုင်ရလဒ်ကြောင့် အုပ်စု (E ) အနေအထားဟာ အတော်လေးကို ပြောင်းလဲသွားခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဂိုးကွာခြားချက် (+ ၂) နဲ့ အုပ်စု ( E ) အသင်းတွေထဲမှာ ဂိုးကွာခြားချက် အကောင်းဆုံးဖြစ်လာပြီး အုပ်စုဘိတ်ဆုံးကနေ ဒုတိယနေရာကို ခုန်တက်သွားခဲ့ပါတယ်..။ ဒါပေမယ့် တစ်သင်းနဲ့တစ်သင်း တစ်မှတ်စီပဲ ကွာခြားချက် ရှိနေတာကြောင့် အသင်းတိုင်းဟာ အခွင့်အရေး ရှိနေဆဲပါပဲ..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒီနေ့အနိုင်ရလဒ်ကြောင့် နောက်တစ်ဆင့်အတွက် အခြေအနေ ကောင်းသွားခဲ့ပါတယ်..။ ဒါ့အပြင် ပွဲအပြီးမှာ တိုက်စစ်မှူး အမ်းမ်ရစ်ခ် အူအားမီးယန်း ပြောသွားသလို ဒီနေ့အနိုင်ပွဲရလဒ်ဟာ အသင်းနဲ့ကစားသမားတွေအတွက် ယုံကြည်ပိုမိုမြင့်မားသွားစေခဲ့မှာ အသေအချာပါပဲ..။
အယ်နီ အယ်လူကို - မှန်ပါတယ်.။ ချယ်လ်ဆီးအသင်းဟာ နည်းပြသောမတ်စ် တူခယ်လ် နဲ့အတူ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အထိ တိုးတက်ခဲ့တဲ့ အသင်းဖြစ်ခဲ့တယ်..၊ အောင်မြင်မှုတွေ ဆက်လက်သယ်ဆောင် သွားနိုင်မယ့် အသင်းတစ်သင်း ဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်..။ အခုအချိန်မှာ မန်နေဂျာအသစ်နဲ့ အစကနေ ပြန်ပြီးစတင်နေရတယ်.. ဆိုပေမယ့် ပေါ်တာ နဲ့ တူခယ်လ် တို့ကြားမှာ တူညီတဲ့အချက်တွေ အတော်များပါတယ်..။ ၃- ၄- ၃ ကစားကွက်နဲ့ 3 back အထိုင် ကစားတဲ့နေရာမှာ တူညီသလို ဂရေဟမ် ပေါ်တာ ဟာ တူခယ်လ် ချမှတ်သွားခဲ့တဲ့ အသင်းအထိုင်အပေါ်မှာပဲ သူ့ရဲ့အသင်းကို ဆက်လက် တည်ဆောက်နေတာ ဖြစ်ပါတယ်..။
လူကာကူ ထွက်ခွာသွားတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပြီး လိုအပ်တဲ့သွင်းဂိုးတွေ ဆောင်ယူပေးနိုင်မယ့် အူဘားမီးယန်း ကို ရရှိခဲ့တဲ့အပြင် ရှင်တို့၊ ကျွန်မတို့ ပွဲချိန်အတွင်းမှာ ပြောခဲ့သလို အသင်းရဲ့ကျောရိုးကို အင်္ဂလိပ် ကစားသမားတွေနဲ့ တည်ဆောက်နိုင်ခဲ့ပါပြီ..။ ဒီနေ့ပွဲမှာ သူတို့ကစားသွားခဲ့တဲ့ အရှိန်အဟုန်၊ ကြိုးစားအားထုတ်မှုတွေ အားရဖို့ ကောင်းခဲ့တဲ့အပြင် ကက်ပါ အရီဇာဘာလာဂါ တို့လို ကစားသမားတွေဟာ မန်နေဂျာသစ်ရဲ့ လက်အောက်မှာ အခွင့်အရေးတွေရပြီး ပြန်လည်ရှင်သန်လာခဲ့ပါတယ်..။ ဒါပေမယ့် အခုမှအစပဲ ရှိသေးတာကြောင့် ရရှိထားတဲ့ အရှိန်အဟုန်ကောင်း၊ မျှော်လင့်ချက်ကောင်းတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲလို ခက်ခဲတဲ့ပြိုင်ပွဲကြီးတွေ အပါအဝင် တစ်ရာသီလုံးမှာ ဆက်လက်ထိန်းသိမ်းသွားနိုင်အောင် ကြိုးစားရဦးမှာပါ..။
ဂျိတ်ခ် ဟမ်းဖရေး - ကဲ.. ချီးမွမ်းခန်းတွေ နည်းနည်းလျော့ပြီး သွင်းဂိုးတွေကို အရင်သုံးသပ် ကြည့်ရအောင်လားဗျာ..
ဂျိုး ကိုးလ် - အဖွင့်ဂိုးရသွားတဲ့ ထောင့်ကန်ဘောဟာ ချယ်လ်ဆီးအသင်းက သုံးကြိမ်မြောက် ဆက်တိုက်ရခဲ့တဲ့ တည်ကန်ဘောဖြစ်ပါတယ်..။ ချယ်လ်ဆီးဘက်က ကန်တင်မယ့် တည်ကန်ဘောတွေ၊ ထောင့်ကန်ဘောတွေကို အေစီ မီလန်အသင်းဟာ ဇုန်ခံစစ် (zonal defence) ပုံစံနဲ့ တားဆီးပါတယ်..။ ပထမဆုံးအလုံးအဖြစ် ညာဘက်က ပြစ်ဒဏ်ဘောကို မေဆန် မောင့် ကန်တင်မယ့်အချိန် အခုအောက်က ပူးတွဲပုံ (ပုံ - ၁) မှာ မြင်ရတဲ့အတိုင်း သီယာဂို ဆေးလ်ဗား ဟာ သူ့ကိုလူကပ်မယ့်သူမရှိပဲ လွတ်နေပါတယ်..။
ကန်တင်လိုက်တယ်..၊ သီယာဂို ဆေးလ်ဗား ဟာ အနှောက်အယှက် ပေးမယ့်သူ၊ လူကပ်မယ့်သူ မရှိတာကြောင့် (၁၀) ကိုက်လောက် အေးအေးဆေးဆေးပြေးပြီး လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရပါတယ်..။ သူ့ရဲ့ခေါင်းတိုက်ချက် ကောင်းမွန်ပေမယ့် ဂိုးသမား တာတရပ်စာနူး ပုတ်ထုတ် ကာကွယ်လိုက်ပါတယ်..။ နောက်ဆက်တွဲ ဘယ်ဘက်က ထောင့်ကန်ဘောကို ဘင်ချီးဝဲလ် ကန်တင်ပါတယ်..။ အဲဒီအချိန်မှာလည်း အခုပုံ (၂) မှာ တွေ့ရတဲ့အတိုင်း သီယာဂို ဆေးလ်ဗား ကို ဘယ်သူကမှ အာရုံစိုက်ပြီး လူကပ်ဖို့ မစဉ်းစားကြပါဘူး..။
တည်ကန်ဘောတွေကို ဇုန်ခံစစ်နဲ့ ကာကွယ်ဖို့ စဉ်းစားမယ်ဆိုရင် ကိုယ့်ဘက်က အရင်ဦးအောင် ဖျက်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်..။ ဒါပေမယ့် ဘင် ချီးဝဲလ် ဟာ အဝေးဂိုးတိုင်ဘက် ကန်တင်ရာမှာ ဘယ်သူကမှ မဖျက်နိုင်ခဲ့ပါဘူး..။ သီယာဂို ဆေးလ်ဗား ပဲ ခေါင်းတိုက်ခွင့်ရတယ်..၊ နောက်ထပ်တစ်ကြိမ် ထောင့်ကန်ဘော ထပ်ပေးရပါတယ်..။ ဘင် ချီးဝဲလ် ကန်တယ်ပါမယ်..၊ အရင်အတိုင်းပဲဗျ… သီယာဂို ဆေးလ်ဗား ကို ဘယ်သူကမှ လူကပ်ဖို့ မစဉ်းစားကြပါဘူး..(ပုံ- ၃)။
ဘင် ချီးဝဲလ် ကန်တင်တယ်..၊ ပြီးခဲ့တဲ့နှစ်ကြိမ်စလုံးမှာ ခေါင်းတိုက်ခွင့်ရခဲ့တဲ့ သီယာဂို ဆေးလ်ဗား ပဲ ထပ်ပြီးခေါင်းတိုက်ခွင့်ရပြန်ပါတယ်..။ BANG..! ဂိုးသမား ပုတ်ထုတ်တယ်..၊ ဒါပေမယ့် သူ့ရှေ့ကို ပြန်ကျလာတဲ့အချိန် သူ့လူကိုယ့်လူ ရှုပ်ထွေးကုန်ပါတယ်..။ ဂိုးဧရိယာထဲမှာ အေစီ မီလန် နောက်ခံလူတွေ အများကြီး ရှိနေပေမယ့် ချယ်လ်ဆီးက ဘယ်ကစားသမားကိုမှ လူကပ်ထားတာ မရှိပါဘူး..။ ဒ့ါကြောင့် ဖိုဖားနား ဟာ အေးအေးဆေးဆေးပဲ အနီးကပ် ပိတ်သွင်းခွင့် ရသွားခဲ့ပါတယ်..။ ခံစစ်ကစားနည်းနဲ့ ကမ္ဘာ့ဘောလုံး လောကကို ကိုင်လှုပ်ခဲ့ဖူးတဲ့ အသင်းကြီးတစ်သင်းဆီက အပျော်တမ်းအသင်းတွေရဲ့ တည်ကန်ဘော ကာကွယ်မှုတွေကို တွေ့လိုက်ရတယ်.. လို့ ပြောရမှာပဲ..။
ဂျိတ်ခ် ဟမ်းဖရေး - သုံးကြိမ်စလုံး သီယာဂို ဆေးလ်ဗား တစ်ယောက်ထဲကပဲ ဒုက္ခပေးနေတာကို အေစီ မီလန်အသင်းက ဘာကြောင့်မတုံ့ပြန်နိုင်ခဲ့တာလဲဗျ..?
ဂျိုး ကိုးလ် - တစ်ချို့မန်နေဂျာတွေက ကစားသမား တစ်ဦးချင်းစီကို ‘မင်းဒါလုပ်.. မင်းကတော့ ဒီလိုလုပ်..’ ဆိုပြီး အသေးစိတ် ညွန်ကြားချက်တွေ ပေးလေ့ရှိပါတယ်..။ စတက်ဖန် ပီယိုလီ ဟာ အဲဒီလိုမန်နေဂျာမျိုး ဖြစ်တယ်ဆိုတာ သူ့ရဲ့အင်တာဗျူး ပြောကြားချက်တွေအရ သိနိုင်ပါတယ်..။ သူ့လိုမန်နေဂျာတွေဟာ ကစားသမားတွေကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မပေးဘူးပေ့ါဗျာ.။ အဲဒီအထိ အဆင်ပြေပါတယ်..။
ဒါပေမယ့် ခုနကလို အခြေအနေမျိုး ဖြစ်လာပြီပေ့ါ..၊ ကစားသမားတွေဟာ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ဘူး ဖြစ်ကုန်ပါတယ်..။ အဲဒီလိုအချိန်မှာ လိုအပ်တာက အခုကျွန်တော်တို့နဲ့အတူ ရှိနေတဲ့ ရီယို ဖာဒီနန် လို ကွင်းထဲက အခြေအနေပေါ်မူတည်ပြီး ဘယ်လိုဖြေရှင်းရမယ် နားလည်တဲ့ခံစစ်မှူး (instinctive defender) ဖြစ်ပါတယ်..။ ကျွန်တော်တို့အသင်းမှာဆိုရင် ‘JT’ ပေ့ါဗျာ..၊ သူတို့ဟာ အခြေအနေကို ချက်ချင်းဖတ်နိုင်ပြီး ကစားသမားတွေကို လိုအပ်တဲ့ညွှန်ကြားချက်တွေ အချိန်နဲ့တစ်ပြေးညီ ပေးနိုင်တဲ့အရည်အသွေးတွေ ရှိကြပါတယ်…။
ဒ့ါကြောင့်ရီယို ရေ… ကျွန်တော်ပြောရဲပါတယ်..။ ခင်ဗျားရဲ့ကစားသမားဘဝတစ်လျောက် ကစားသမား တစ်ယောက်ဟာ တည်ကန်ဘောတွေကနေ တစ်ပုံစံထဲနဲ့ နှစ်ကြိမ်ဆက်တိုက် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ပေးရတယ်ဆိုတာ မရှိဖူးပါဘူး.. ဟုတ်တယ်မလား..? ကျွန်တော်အာမခံရဲပါတယ်..။
အယ်နီ အယ်လူကို - မှန်ပါတယ်..။ မန်နေဂျာ မဟုတ်ပဲ ကစားသမားတွေထဲက တစ်ယောက်ယောက်က ကွင်းထဲမှာ ဖြစ်နေတဲ့အခြေအနေကို ချက်ချင်းနားလည်နိုင်ဖို့ လိုပါတယ်..။ အထူးသဖြင့် နောက်ခံလူတွေက ချက်ချင်းသိသင့်တာပေ့ါ…
ရီယို ဖာဒီနန် - အဲဒါဟာ ကွင်းထဲမှာ ကစားသမားတွေရဲ့ ခေါင်းဆောင်မှုကဏ္ဍ (leadership) အရေးကြီးတယ်ဆိုတာ ပြသခြင်းပါပဲ..။ အသင်းတစ်သင်းမှာ ကစားသမားတွေကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ရှိနေဖို့လိုပါတယ်..။ သူကအခြေအနေကို ချက်ချင်းဖတ်နိုင်ရမယ်…၊ ပြဿနာကို ချက်ချင်းအဖြေရှာပြီး လိုအပ်တဲ့ ညွှန်ကြားချက်တွေကို တခဏမဆိုင်း ပေးစွမ်းနိုင်ရပါမယ်…။
ကဲ.. တစ်ဆက်တည်းမှာပဲ ဒုတိယမြောက်ဂိုးကို ဆွေးနွေးကြတာပေ့ါ..။ ဘင် ချီးဝဲလ် က ဘယ်တောင်ပံကနေ ဖြတ်တင်ဘော ပေးပို့လိုက်ပါတယ်..။ သူ့ရဲ့ကန်တင်ချက် ကောင်းမွန်ပေမယ့် ဂိုးဧရိယာထဲက ကစားသမားတွေ အကုန်လုံးကို ကျော်သွားပါတယ်..။ ညာဘက်ကနေ ပြေးတက်လာတဲ့ ရိစ် ဂျိမ်းစ် က ဆယ်ယူနိုင်ခဲ့ပါတယ်..။ သူကနေ ဂိုးဧရိယာထဲကို နောက်တစ်ကြိမ် ကန်တင်ပါမယ်..။ အဲဒီမှာ ဖီကာရို တိုမိုရီ ရဲ့ နေရာယူပုံကို ကြည့်ရအောင်…
အခုအပေါ်ကပုံ (ပုံ - ၄) မှာ မြင်တွေ့ရတဲ့အတိုင်း သူ့ရဲ့နေရာထားတဲ့ အနေအထားဟာ မှန်ကန်ပါတယ်..။ သူကာကွယ်ရမယ့်နေရာ… ဇုန်ကို အပြာရောင် ခြယ်ထားပါတယ်..။ အဲဒီနေရာကို လုံးဝဘောလုံးအကျခံလို့ မရပါဘူး..။ အဲဒီအထိ အဆင်ပြေပါတယ်..။
ရိစ် ဂျိမ်းစ် က ကန်တင်လိုက်တယ်..။ အဲဒီအချိန် တိုမိုရီ ဟာ ဘောလုံးလမ်းကြောင်းရဲ့နောက်ကို ရောက်နေပြီး ဂိုးပေါက်ဘက်ကို မျက်နှာမူထားသလို ဖြစ်သွားခဲ့ပါတယ်..(ပုံ- ၅) ။ ဒါဟာလုံးဝကို မှားယွင်းပါတယ်...။
ဘာဖြစ်လို့လဲဆိုတော့ ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘောကို သူထိလိုက်တာနဲ့ ဂိုးပေါက်ထဲကို တန်းနေမှာပဲ..၊ ဒါမှမဟုတ်ရင် ထောင့်ကန်ဘော ပေ့ါဗျာ..။ အဆိုးဆုံးက သူဟာညာခြေနဲ့ဖျက်ထုတ်ဖို့ ကြိုးစားလိုက်တာပဲဗျ..။ အဲဒီမှာဘောလုံးရဲ့အရှိန်ကို တွက်ဆတာ နောက်ကျခဲ့တာကြောင့် လုံးလုံးကိုလွဲပါတယ်..။ သူ့ရဲ့နောက်မှာ အသင့်စောင့်နေတဲ့ အူဘားမီးယန်း က အသာအာပဲ ပိတ်သွင်းနိုင်ခဲ့ပါတယ်..။ တကယ်တော့ အဲဒီအချက်တွေဟာ ဗဟိုခံစစ်မှူးတစ်ယောက်အတွက် တကယ့်ကို အခြေခံအချက်တွေပါပဲ..။ တိုမိုရီ အနေနဲ့ အဲဒီခံစစ်ပိုင်း အခြေခံအချက်တွေကို ကျေညပ်နေအောင် ပြန်ပြီးကြိုးစား၊ လေ့ကျင့်ဖို့ လိုအပ်နေပါသေးတယ်..။
ဂျိုး ကိုးလ် - တိုမိုရီ ဟာ တတိယဂိုး ပေးလိုက်ရတာကို ပိုပြီးစိတ်ပျက်မိပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူနဲ့ရိစ် ဂျိမ်းစ် တို့ဟာ ချယ်လ်ဆီးလူငယ် အကယ်ဒမီမှာ အသက် (၇) နှစ်သား၊ (၈) နှစ်သား အရွယ်ကတည်းက အတူတူလေ့ကျင့်၊ ကြီးပြင်းလာခဲ့ကြတဲ့သူတွေပါ..။ ဒါ့ကြောင့် ရိစ် ဂျိမ်းစ် ကို အဲဒီလိုကန်ခွင့်ပေးလိုက်လို့က သေချာပေါက် ဂိုးပေးရလိမ့်မယ်ဆိုတာ ကြိုတင်သိနေခဲ့မှာပဲ..
အယ်နီ အယ်လူကို - ဘင် ချီးဝဲလ် နဲ့ မေဆန် မောင့် တို့ရဲ့ ဘယ်တောင်ပံ တွဲလုံးကနေတဆင့် ရာဟင်း စတာလင်း ဟာ ညာတောင်ပံကနေ overlap လုပ်ပြီး ပြေးတက်လာတဲ့ ရိစ် ဂျိမ်းစ် ရဲ့ ပြေးလမ်းကြောင်းထဲကို အတိအကျ ချပေးခဲ့ပါတယ်..။ အဲဒီမှာ ရိစ် ဂျိမ်းစ် ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မသဘောကျမိတယ်ရှင့်…။ အခုအောက်က ပူးတွဲပုံ (ပုံ- ၆) မှာ ပြထားတဲ့အတိုင်း သူဟာဂိုးသမားရဲ့ ညာဘက်ထောင့်ကို အပြင်းကန်သွင်းမယ်ဆိုလည်း ရပါတယ်..။ သူဟာအဲဒီလိုသွင်းဂိုးတွေ မကြာခဏ ရယူခဲ့တယ်ဆိုတာ ကျွန်မတို့လည်း သိပြီးသားပါ..
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂိုးသမားရဲ့ ညာဘက်ကို ကန်သွင်းဟန်ပြပြီး ဘယ်ဘက်ထောင့်ကျဉ်း အပေါ်ဘက်ထဲ အတိအကျ အပြင်းကန်သွင်းခဲ့ပါတယ်..။ တကယ့်ကိုသေသပ်၊ လှပပြီး လှည့်စားမှု ကောင်းမွန်တဲ့၊ ပြင်းထန်၊ တိကျတဲ့ ထိပ်တန်းအဆင့်ကန်ချက်ပါပဲ..။ ပိုပြီးထောင့်ကျယ်တဲ့ ဂိုးသမားရဲ့ ညာဘက်ကို ကန်သွင်းမယ်ဆိုလည်း ဂိုးနိုင်ပါတယ်..။ ဒါပေမယ့် သူဟာဂိုးသမားကို တစ်ချက်လှည့်စားပြီး အပေါ်ထောင့်ကို ကန်သွင်းခဲ့တာ ပိုပြီးဆရာကျတာပေ့ါရှင့်..။ သူဟာဒုတိယပိုင်းမှာ တိုက်စစ်ပိုင်းရော၊ ခံစစ်ပိုင်းမှာပါ အကောင်းဆုံး ကစားသမားပါပဲ..။ အခုလိုဂိုးဖန်တီးမှုတစ်ကြိမ်၊ သွင်းဂိုးတစ်ဂိုးဆိုတာ သူ့ရဲ့ခြေစွမ်းနဲ့ ထိုက်တန်ပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - ရိစ် ဂျိမ်းစ် နဲ့ အင်္ဂလန်အသင်းရဲ့ ညာနောက်ခံလူတွေအကြောင်း ကျွန်တော်တို့ တစ်ညလုံးထိုင်ပြီး ပြောကြမယ်ဆိုရင် ခင်ဗျားတို့တွေ မပျင်မရိနဲ့ ဆွေးနွေးနိုင်ကြပါလိမ့်မယ်..။ မနေ့ညကပဲ ထရန့် အလက်ဇန်းဒါး အာနိုးလ် ရဲ့ လှပတဲ့ တိုက်ရိုက်ပြစ်ဒဏ်ဘောကန်ချက် သွင်းဂိုးအကြောင်း ကျွန်တော်တို့တွေ တခုတ်တရ ချီးကျူးခဲ့ကြပါသေးတယ်..။
ဒါပေမယ့် သူ့ရဲ့ပြစ်ဒဏ်ဘောကန်ချက်ဟာ အင်္ဂလန်အသင်းနည်းပြ ဂါးရတ် ဆောက်ဂိတ် ရဲ့စိတ်ကို ဘာမှပြောင်းလဲစေမှာ မဟုတ်ပါဘူး..။ သူဟာအဲဒီလိုကန်ချက်တွေနဲ့ ဂိုးတွေသွင်းယူတတ်တယ်ဆိုတာ အရင်ကတည်းက သိခဲ့ပြီးမဟုတ်လားဗျ..။ ထရန့် အလက်ဇန်းဒါး အာနိုးလ် ရဲ့ ခံစစ်ပိုင်းစွမ်းရည်အပေါ်မှာပဲ အားလုံးက ဒွိဟစိတ်တွေ ဖြစ်နေကြတာပါ..။ ဒီနေ့ပွဲမှာကျတော့ ရိစ် ဂျိမ်းစ် ရဲ့ ကောင်းမွန်၊ တိကျတဲ့ တိုက်စစ်ပိုင်းစွမ်းရည်ကို ကျွန်တော်တို့မြင်တွေ့ခွင့် ရခဲ့ပါတယ်..။ သူ့ရဲ့ခံစစ်ပိုင်း စွမ်းဆောင်ရည်ကို ထရန့် ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်၊ သုံးသပ်ပေးပါဦး.. ရီယို ရေ..
ရီယို ဖာဒီနန် - ရိစ် ဂျိမ်းစ် ဟာ ရာဖယ်လ် လီယို နဲ့ တစ်ယောက်ချင်း ရင်ဆိုင်ခဲ့ရတာပါ..။ လီယို ကို ဘယ်လိုကစားသမားမှန်း ကြိုတင်မသိခဲ့ဘူး ဆိုရင်တောင်မှ ပွဲကစားချိန် (၁၀) မိနစ်လောက်မှာတင် ဒီညတော့ သူ့အတွက် မချောင်တော့ဘူးဆိုတာ ကောင်းကောင်းသိခဲ့ပါလိမ့်မယ်..။ ရိစ် ဂျိမ်းစ် ဟာ ပထမပိုင်းမှာ ရာဖယ်လ် လီယို ကို ဘောလုံးနဲ့အတူ ဆွဲထွက်ခွင့်ပေးခဲ့တာကြောင့် ပေါ်တူဂီတောင်ပံ ကစားသမားရဲ့ ကျော်ဖြတ်မှုတွေ ခံခဲ့ရပါတယ်..။ ပထမပိုင်းပြီးခါနီးမှာ ကွင်းလယ်ကနေ တိုနာလီ ခင်းပေးလိုက်တဲ့ ဘောလုံးကို ရာဖယ်လ် လီယို ဟာ ရိစ် ဂျိမ်းစ် နဲ့ ထရေဗာ ချာလိုဘာ တို့ကြားကနေ ကျော်ဖြတ်ဆွဲပြေးပြီး ကရူးနစ်ခ် ကန်သွင်းခွင့်ရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ သူဟာ ရာဖာ လီယို ကို ဘောလုံးကိုင်ခွင့် လုံးဝမပေးတော့ပဲ လီယို ဘောလုံးရတာနဲ့ အတင်းဝင်ပြီး မရမကကို ဖျက်ထုတ်ဖို့ (aggressive) ကြိုးစားပါတော့တယ်..။
အဲဒီအချိန်ကျတော့မှ လီယို ဟာ တကယ့်တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပြီဆိုတာ သိလိုက်ရပါတော့တယ်..။ ရာဖယ်လ် လီယို တဖြည်းဖြည်းမှိန်ဖျော့သွားတာနဲ့ ရိစ် ဂျိမ်းစ် က ‘ငါဟာခံစစ်ပိုင်းမှာ မင်းကိုအိပ်ထောင်ထဲထည့်၊ တားဆီးနိုင်ရုံ မကဘူး.. တိုက်စစ်မှာပါ ထိထိရောက်ရောက် ပါဝင်ပေးနိုင်တယ်..’ ဆိုတာကို ဂိုးဖန်တီးမှုတစ်ကြိမ်၊ သွင်းဂိုးတစ်ဂိုးနဲ့ သက်သေပြနိုင်ခဲ့ပါတယ်..။ ရိစ် ဂျိမ်းစ် ဟာ ပြိုင်ဘက်တောင်ပံ ကစားသမားရဲ့ တစ်ယောက်ချင်း စီးချင်းထိုး 1 vs 1 စိန်ခေါ်မှုတွေကို လက်ခံပါတယ်..။ သူ့ရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းရွက်ပြီး အသင်းရဲ့ လိုအပ်နေတဲ့ အခြားနေရာတွေကို အကောင်းဆုံး ဖြည့်ဆည်းပေးပါတယ်..။ ဒါဟာသူနဲ့ ထရန့် တို့ကြားက ခြားနားချက်ပါ..။
တိုက်စစ်ကို ကူညီတဲ့အပိုင်းမှာ ရိစ် ဂျိမ်းစ် နဲ့ ထရန့် တို့ဟာ သိပ်မကွာလှပါဘူး..။ ဒါပေမယ့် ခံစစ်ကူညီတဲ့ အပိုင်းမှာတော့ အခုအချိန်မှာ ရိစ် ဂျိမ်းစ် ဟာ ထရန့် ထက် ပိုပြီးကောင်းမွန်ပါတယ်..။ အထူးသဖြင့် တစ်ယောက်ချင်း 1 vs 1 ရင်ဆိုင် ဖျက်ထုတ်မှုတွေမှာ သိသိသာသာ ပိုကောင်းပါတယ်..။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဟာ အမြဲတမ်း တသတ်မှတ်ထဲတော့ ရှိနေမှာ မဟုတ်ပါဘူး..။ တစ်ချိန်မှာ တစ်ယောက်ကသာလိုက်၊ နောက်တစ်ချိန်ကျရင် နောက်တစ်ယောက်က ပြန်ကျောသွားလိုက်နဲ့ အပြန်ပြန်အလှန်လှန် ရှိနေမှာပါ..။ လာမယ့်နှစ်တွေကျရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့နှစ်ယောက် ဘယ်သူသာလဲ..? ဆိုတဲ့ ရင်ဆိုင်တိုက်ပွဲ၊ ငြင်းခုန်ပွဲဟာ ပရိသတ်တွေ စိတ်ဝင်စားမယ့် ဇာတ်ညွှန်းကောင်းတစ်ပုဒ် ဖြစ်လာဦးမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ‘အကောင်းဆုံး..’ ဆိုတဲ့ ကစားသမားတွေဟာ အမြဲတမ်း ပြိုင်ဘက်ကောင်းတွေ ရှိခဲ့ပါတယ်..။ (ဂျိုး ကိုးလ် - ကျွန်တော်တို့ခေတ်တုန်းက လမ်းပတ် နဲ့ ဂျရတ် လိုပေ့ါ..)
မှန်တာပေ့ါဗျာ…။ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးရင်း၊ ကြိုးစားရင်းနဲ့ပဲ အခုထက်ပိုပြီး တိုးတက်၊ ကောင်းမွန်တဲ့ ကစားသမားတွေ ဖြစ်လာကြပါလိမ့်မယ်..။ လက်ရှိအနေအထားမှာ ရိစ် ဂျိမ်းစ် က သာနေပါတယ်..။ ဒါပေမယ့် အဲဒီအနေအထားတွေဟာ အချိန်မရွေး အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်လောက်ကြီး ထူးချွန်တဲ့ ကစားသမား ဖြစ်နေပါစေ… သူတို့ရဲ့ကစားသမားဘဝဟာ ရေပြင်ညီလို တသတ်မှတ်ထဲ ရှိမနေပဲ အတက်အကျ.. လောကဓံတွေ အမြဲတမ်းရှိနေမှာပါပဲ..။
ဂျိတ်ခ် ဟမ်းဖရေး - ဒီနေ့ပွဲမှာ ရာဖယ်လ် လီယို ရဲ့ ကစားပုံနဲ့ သက်ရောက်မှုအကြောင်းကိုလည်း ထည့်ပြီးဆွေးနွေး သင့်ပါတယ်..။ သူဟာပထမပိုင်းမှာ ခြေစွမ်းကောင်းကောင်း ပြနိုင်ခဲ့ပေမယ့် ရိစ် ဂျိမ်းစ် က အားထည့်ပြီး အတင်းဝင် ဖျက်ထုတ်ချိန်မှာ သူ့ရဲ့ခြေစွမ်း လုံးဝပျောက်ဆုံးသွားပါတယ်..။ သူ့ကိုကြည့်ရတာ အလွယ်တကူ အရှုံးပေးတတ်တဲ့ ကစားသမား တစ်ယောက်နဲ့ တူမနေဘူးလားဗျ..
ဂျိုး ကိုးလ် - ဒီနေ့ပွဲမှာ သူ့ရဲ့ခြေစွမ်းကို လာပြီးအကဲဖြတ်ကြတဲ့ ကင်းထောက်တွေအနေနဲ့ သူ့ရဲ့ပင်ကိုယ်ပါရမီ အရည်အချင်းအပေါ် သံသယရှိကြမှာ မဟုတ်ပါဘူး..။ ဒါပေမယ့် သူ့ရဲ့ခံယူချက်နဲ့ ကျားကုတ်ကျားခဲ ကြိုးစားမှုတွေအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပါလိမ့်မယ်..။ ပွဲအစ (၂၅) မိနစ်လောက်အထိ သူ့ရဲ့ခြေစွမ်းဟာ အရမ်းကိုကောင်းခဲ့ပေမယ့် ရိစ် ဂျိမ်းစ် က သူ့ကိုအာရုံစိုက်ပြီး ဖျက်ထုတ်လာတဲ့အချိန် ဘယ်လိုနည်းနဲ့ ရုန်းထွက်လို့ရမလဲ.. နည်းလမ်းရှာတတ်ပုံ မရခဲ့ပါဘူး..။ ပွဲချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ခြေစွမ်းဟာ တဖြည်းဖြည်းနဲ့ မှိန်ဖျော့သွားသလို ဒုတိယပိုင်းမှာဆိုရင် သူ့ရဲ့ခန္ဓာကိုယ် အနေအထား၊ လှုပ်ရှားပုံတွေဟာ ယုံကြည်မှုပျောက်ဆုံးသွားပုံ မြင်တွေ့ခဲ့ရပါတယ်..။
တကယ်လို့ အသင်းပိုင်ရှင်တစ်ယောက်ဟာ စတာလင်ပေါင်သန်း (၁၀၀) တန် ကစားသမားတစ်ယောက် ခေါ်ယူမယ်ဆိုရင် ထိပ်တန်းကစားသမား တစ်ယောက်အနေနဲ့ ရှိသင့်တဲ့အရည်အသွေးတွေ ပြည့်စုံပြီး ဖြစ်နေတဲ့သူကိုပဲ ခေါ်ယူချင်မှာပါ..။ ရာဖယ်လ် လီယို ဟာ ပင်ကိုယ်အရည်အသွေး မြင့်မားပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်ပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မြင်မိပါတယ်..။
ဂျိတ်ခ် ဟမ်းဖရေး - အင်းဗျ.. ဘောလုံးဆုံးရှုံးချိန်မှာ သူဟာအတင်းလိုက်ပြီး ဘောလုံးကိုပြန်အရယူဖို့ (recovery runs) ကြိုးစားတတ်တဲ့ ကစားသမားတော့ မဟုတ်ဘူး..။ ဒါပေမယ့် လီယို ဟာ လူစားတောင် လဲလိုက်ရတဲ့အထိ ဖြစ်သွားတဲ့အပေါ် သူ့ကိုစောင့်ကြည့်နေတဲ့ တခြားအသင်းမန်နေဂျာတွေအနေနဲ့ ဘယ်လိုအချက်တွေကို သတိပြုမိသွားဖို့ရှိနိုင်လဲ.. ရီယို ရေ..
ရီယို ဖာဒီနန် - ကစားသမားတစ်ယောက်ဟာ ဒီနေ့မှာသူကြုံခဲ့ရသလို နောက်ထပ်တစ်ဆင့်မြင့် ထိပ်တန်းအသင်းကြီးတွေဆီကို ရောက်ရှိဖို့ စောင့်ကြည့်ခံနေရတယ်.. ဆိုတဲ့ အနေအထား၊ ဖိအားမျိုးတွေ ကြုံတွေ့ရချိန်မှာ အာရုံပျံ့လွှင့် တတ်ပါတယ်..။ ဒ့ါကြောင့်သူ့ကိုကျွန်တော် နားလည်ပေးနိုင်ပါတယ်..။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းအရဆိုရင် သူဟာထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်လာနိုင်မယ့် အရည်အသွေး အပြည့်ရှိနေပါတယ်..။ မှန်ပါတယ်.. သူဟာ ဆက်လက်တိုးတက်ဖို့အတွက် လိုအပ်နေသေးတဲ့အရာလေးတွေ ဖြည့်ဆည်းရဦးမှာပါ..။
ဒါပေမယ့် သူဟာအလားအလာကောင်းတွေ အများကြီးရှိတဲ့ လူငယ်ကစားသမား တစ်ယောက်ပါ..။ ကျွန်တော်တို့၊ ခင်ဗျားတို့တွေ လူငယ်ကစားသမား ဘဝတွေတုန်းကလည်း လိုအပ်ချက်တွေ အများကြီးရှိခဲ့တာပါပဲ..။ ဒ့ါကြောင့်သူဟာ မှန်ကန်တဲ့ လမ်းညွှန်မှုတွေ၊ မှန်ကန်တဲ့ နည်းပြတွေ၊ ကစားသမားတွေရဲ့ ဝန်းရံမှုနဲ့ဆိုရင် တစ်နေ့နေ့မှာ တကယ့်ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်လာမှာပါ..။
ဂျိတ်ခ် ဟမ်းဖရေး - ဂရေဟမ် ပေါ်တာ ဟာ ချယ်လ်ဆီးကိုရောက်ပြီး ဘာတွေများ ပြောင်းလဲသွားတာ မြင်မိလဲဗျ..?
ရီယို ဖာဒီနန် - မုတ်ဆိပ်မွှေးတွေ ပိုပြီးရှည်လာတယ်..
အယ်နီ အယ်လူကို - အရင်ထက် နည်းနည်းပိန်သွားသလိုပဲ…
ဂျိတ်ခ် ဟမ်းဖရေး - ဟာဗျာ.. သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ထင်မြင်ချက်တွေ မေးကြည့်ပါတယ်ဆိုမှ… ကဲ.. ဂရေဟမ် ပေါ်တာ ဟာ ဆွီဒင်နိုင်ငံ၊ စတုတ္ထတန်းအဆင့် အသင်းကနေ အဆင့်ဆင်ဖြတ်သန်းလာခဲ့တဲ့ သူ့ရဲ့မန်နေဂျာဘဝလမ်းကြောင်းဟာ ချီးကျူးဖို့ ကောင်းပါတယ်..။ အခုဆိုရင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ အေစီ မီလန်လိုအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို ကိုင်တွယ်ခဲ့ရပါတယ်..။ တကယ်တော့ ဒီနေ့ပွဲဟာ သူ့ရဲ့မန်နေဂျာဘဝမှာ အခုအချိန်ထိ အကြီးမားဆုံး စမ်းသပ်ခံရတဲ့ပွဲတစ်ပွဲလို့ ပြောလို့ရပါတယ်…။ ဒါပေမယ့် သူဟာအကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပါတယ်..။
ဂျိုး ကိုးလ် - သေချာတာပေ့ါ..။ ဆွီဒင်ကနေ ချယ်လ်ဆီးအသင်းထိ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးကြမ်းတစ်လျှောက်မှာ သူဟာအရမ်းကို ကြိုးစားအားထုတ်ခဲ့ရတာ အသေအချာပါပဲ…။ ဒ့ါအပြင်သူဟာ နည်းပြဘဝတစ်လျှောက် အတွေ့အကြုံတွေ၊ အကောင်းအဆိုးတွေ အများကြီးဖြတ်သန်းခဲ့ရတာကြောင့် ဒီနေ့ဆိုရင် သူ့ကိုကြည့်ရတာ အေးအေးဆေးဆေး သက်တောင့်သက်သာပါပဲ..။ ဒီနေ့ပွဲမှာ နည်းစနစ်ပိုင်းအရ ပွဲကိုချဉ်းကပ်ပုံ မှန်ကန်ခဲ့သလို ကစားသမားတွေ နေရာချတာ၊ ပွဲရဲ့အနေအထာပေါ်ကြည့်ပြီး လိုအပ်သလို အပြောင်းအလဲတွေ အချိန်ကိုက်ပြုလုပ်ရာမှာလည်း အတိအကျပါပဲ..။
ကစားသမားတွေကို ကိုင်တွယ်တဲ့အပိုင်းမှာ သူဟာကစားသမား တစ်ဦးချင်းနဲ့ သေသေချာချာ ဆွေးနွေးပြီး သူတို့တွေဆီက အကောင်းဆုံး ကြိုးစားအားထုတ်မှု၊ မှန်ကန်တဲ့ ပေးဆပ်မှုတွေ အရယူနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်..။ ပွဲပြီးခါနီး (၁၀) မိနစ်လောက်မှ လူစားဝင်လာတဲ့ ကော်နာ ဂါလက်ချာ တောင်မှ တက်တက်ကြွကြွနဲ့ အားကုန်ထုတ် ကစားခဲ့တာ တွေ့မိပါတယ်..။ ဒ့ါကြောင့်သူ့အနေနဲ့ အခုနှစ်ဘောလုံးရာသီ ခရီးရှည်ကြီးမှာ ရှိနေပြီးသား တောင့်တင်းတဲ့ လူစာရင်းကို မှန်မှန်ကန်ကန် အသုံးချသွားဖို့ပဲ လိုအပ်ပါတယ်..။
အယ်နီ အယ်လူကို - ကျွန်မဟာ ဂရေဟမ် ပေါ်တာ ဘရိုက်တန်အသင်းမှာကတည်းက သူ့ရဲ့အင်တာဗျူးတွေကို မကြာခဏ ကြည့်ခဲ့ဖူးပါတယ်…။ အသင်းရဲ့ရလဒ် နိုင်ခဲ့သည်ဖြစ်စေ..၊ ရှုံးသည်ဖြစ်စေ.. သရေကျခဲ့သည်ဖြစ်စေ… သူ့ရဲ့ဖြေကြားချက်တွေဟာ အမြဲတမ်းမျှမျှတတရှိတယ်..၊ အေးဆေး တည်ငြိမ်မှုရှိခဲ့တာ တွေ့မိပါတယ်..။ သူဟာအခုအချိန်မှာ အသင်းကြီးတစ်သင်းကို ကိုင်တွယ်နေရတယ်.. ဆိုပေမယ့် အရင်အသင်းတွေတုန်းက ပုံစံကိုပဲ ဆက်လက်သယ်ဆောင်ခဲ့ပြီး ပလွှားမှု၊ ဝါကြွားမှုတွေ လုံးဝမရှိတာ တွေ့ရမှာပါ..။
ဒါ့ကြောင့်အခုအချိန်မှာ ဂရေဟမ် ပေါ်တာ နဲ့ ပတ်သက်ရင် ထိပ်တန်းကစားသမားကြီးတွေကို တကယ့်ထိပ်တန်းအဆင့် ပွဲကြီးပွဲကောင်းတွေမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်ပါ့မလား..? ဆိုတဲ့ မေးခွန်းပဲ ရှိပါတယ်..။ ဒါပေမယ့် ဒီနေ့ညမှာတော့ သူဟာအဲဒီသံသယတွေ၊ စမ်းသပ်မှုတွေကို အကောင်းဆုံး ကျော်လွှားနိုင်ခဲ့ပါတယ်..
ဂျိတ်ခ် ဟမ်းဖရေး - ဟုတ်ကဲ့ပါ..၊ အခုအချိန်ထိ သူ့ရဲ့ချယ်လ်ဆီးအသင်းနဲ့ ခရီးလမ်းကြောင်းဟာ သာယာဖြောင့်ဖြူးနေဆဲ… ‘so far so good’ ပါပဲ..။ ကဲ.. ဒီနေ့ညမှာတော့ နည်းပြဂရေဟမ် ပေါ်တာ ရဲ့ ချယ်လ်ဆီးအသင်းနဲ့ စိန်ခေါ်မှုအသစ်၊ စမ်းသပ်မှုအသစ်ကို ကျော်လွှားနိုင်ခဲ့တဲ့ပွဲစဉ်ကို သုံးသပ်၊ ဆွေးနွေးခဲ့ကြတဲ့ ဂျိုး ကိုးလ်၊ ရီယို နဲ့ အယ်နီ တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နောက်လာမယ့်ပွဲစဉ်တွေမှာ ပြန်လည်ဆုံတွေ့ကြဖို့ နှုတ်ခွန်းဆက်လိုက်ပါတယ်..