စနေနေ့က စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်းနှင့် ဝုလ်ဖ် အသင်းတို့၏ပွဲစဉ်မှ နည်းပြဂရေဟမ် ပေါ်တာ နှင့် ချယ်လ်ဆီးကစားသမားများ၏ ခြေစွမ်းအပေါ် ချယ်လ်ဆီးနှင့် အင်္ဂလန်အသင်း မန်နေဂျာဟောင်း ဂလင်း ဟော်ဒယ်လ် နှင့် တော့တင်ဟမ်အသင်း တိုက်စစ်မှူးဟောင်း ဒါရင် ဘန့် တို့က Premier League Production ၏ ‘Match Day Live Extra’ အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။
မာနစ်ရှ် ဘာစင် - ဒီနေ့ပွဲမှာတော့ နည်းပြဂရေဟမ် ပေါ်တာ ဟာ ပြီးခဲ့တဲ့လိဂ်ပွဲစဉ်က လူစားရင်းကို ခုနှစ်ယောက်ထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်..။ ဒါပေမယ့် အနိုင်ရလဒ်ကို သက်သက်သာသာနဲ့ပဲ ဆောင်ယူနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် တစ်ပါတ်အတွင်း တတိယမြောက်အနိုင်ပွဲ ဆက်နိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်နည်းပြပေါ်တာ အတွက် အင်မတန်မှ ကျေနပ်စရာကောင်းလှတဲ့ ရက်သတ္တပါတ်လို့ ပြောရမှာပဲဗျ..
ဒါရင် ဘန့် - မှန်ပါတယ်..။ အခုလိုအနိုင်ပွဲတွေဟာ နည်းပြပေါ်တာ နဲ့ သူ့ရဲ့အသင်းသားတွေကို ကြီးမားတဲ့ ယုံကြည်မှုတွေ ရရှိစေခဲ့မှာ ဖြစ်ပါတယ်..။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီနေ့လိုရလဒ်နဲ့ပဲ အနိုင်ရခဲ့တာဆိုတော့ သူ့ရဲ့စွမ်းဆောင်ခဲ့မှုဟာ အင်မတန် ပြောင်မြောက်ခဲ့တယ်လို့ ပြောရမှာပါ..။ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ကစားပုံ တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်..။ ဂိုးရနိုင်မယ့်အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့သလို ဂရေဟမ် ပေါ်တာ ဟာ ကစားသမားတွေကို သူတို့ရဲ့ခြေစွမ်းနဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အဝယုံကြည်မှု ပြန်လည်ရရှိလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ ပြောနိုင်မှာပါ..။
နည်းပြသောမတ်စ် တူခယ်လ် ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ မသေချာ၊ မရေရာမှုတွေ များပြားခဲ့တဲ့ အခြေအနေတွေအပြင် တစ်ပွဲနဲ့တစ်ပွဲ ထူးမခြားနား အသင်းရဲ့လူစာရင်းနဲ့ ပွဲထွက်ပုံတွေကြောင့် ကစားသမားတွေ ယုံကြည်မှု ပျက်သုန်းခဲ့ပုံရပါတယ်..။ ဒါပေမယ့် နည်းပြပေါ်တာ ရောက်လာခဲ့ပြီး သူ့ရဲ့ကစားကွက် အခင်းအကျင်းနဲ့ နည်းစနစ်ပိုင်း ချဉ်းကပ်ပုံတွေဟာ ကစားသမားတွေနဲ့ အဆင်ပြေတဲ့ပုံ မြင်တွေ့နေရပါတယ်…။ ဒ့ါကြောင့်ကစားသမားတွေဟာ ပျောက်ဆုံးနေခဲ့တဲ့ ယုံကြည်မှု၊ ခြေစွမ်းတွေကို အချိန်တိုအတွင်း ပြန်လည်ရရှိခဲ့တယ်လို့ ပြောရမှာပါပဲ..။ အခုလာမယ့် ရက်သတ္တပါတ်တွေမှာ အသင်းရဲ့ခြေစွမ်း အခုထက်ပိုပြီး တိုးတက်၊ ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်..။
မာနစ်ရှ် ဘာစင် - ဟုတ်ကဲ့ပါ..။ နည်းပြဂရေဟမ် ပေါ်တာ ဟာ အခုအချိန်မှာ ချယ်လ်ဆီးအသင်းကို အကောင်းဆုံး ထိန်းကျောင်းနေနိုင်ပြီ.. လို့ ပြောနိုင်သလို သူတို့အသင်းက တိုက်စစ်ကစားသမားတွေဆိုတာ တကယ့်ကို စွမ်းဆောင်ရည် မြင့်မားတဲ့ ထိပ်တန်းအဆင့် တိုက်စစ်ကစားသမားတွေ ဖြစ်ကြပါတယ်..။ အဲဒီထဲက အင်္ဂလန်လူငယ် တိုက်စစ်မှူး ‘မေဆန် မောင့်’ ဟာ အများရဲ့အာရုံစိုက်ခြင်းကို ပိုမိုခံယူခဲ့ရပြီး သူများတွေထက် ပိုပြီးတော့လည်း အဝေဖန်ခံခဲ့ရပါတယ်..။ ဒါပေမယ့် သူဟာဒီနေ့မှာတော့ အရည်အသွေး မြင့်မားတဲ့ ဂိုးဖန်တီးမှု (assists) နှစ်ကြိမ်နဲ့အတူ အကောင်းဆုံးခြေစွမ်းကို ပြန်လည်သက်သေပြနိုင်ခဲ့တယ်.. မဟုတ်လား.. ဂလင်း ရေ…
ဂလင်း ဟော်ဒယ်လ် - ဒီနေ့ပွဲမှာ ကိုင် ဟာဗာ့ဇ် နဲ့ ခရစ်စ်တီယန် ပူလီဆစ် တို့ရဲ့ ဂိုးတွေအတွက် သူ့ရဲ့ဖန်တီးပေးပို့မှုတွေ တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်..။ မေဆန် မောင့် ဟာ ဒီနှစ်ဘောလုံးရာသီ စချိန်ကတည်းက သွင်းဂိုးတွေ၊ ဂိုးဖန်တီးပေးမှုတွေ မပြုလုပ်နိုင်သေးတဲ့အပြင် ပုံမှန်ခြေစွမ်းအောက် ရောက်နေတာကြောင့် ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်..။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူဟာယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်..။ အဲဒီလိုစွမ်းဆောင်ရည်ကောင်းတွေရဲ့ နောက်ကွယ်မှာ ဂရေဟမ် ပေါ်တာ ရဲ့ လွှမ်းမိုးမှုနဲ့ ထိရောက်တဲ့ ညွှန်ကြားမှုတွေကလည်း အရေးပါတဲ့နေရာက ပါဝင်ပါလိမ့်မယ်..။
ဂရေဟမ် ပေါ်တာ ဟာ ကစားသမားတွေနဲ့ တစ်ဦးချင်း ဆွေးနွေးမှုတွေ သေသေချာချာ ပြုလုပ်ခဲ့သလို အဲဒီလိုဆွေးနွေးမှုတွေကနေတဆင့် မေဆန် မောင့် အတွက် အနာဂတ်အတွက် မှန်ကန်တဲ့လမ်းကြောင်း၊ ယုံကြည်မှုတွေ ရရှိခဲ့ပုံပါပဲ..။ သူဟာအသင်းအတွက် အမြဲတမ်းအစွမ်းကုန် ပေးဆပ်၊ ကစားတတ်တဲ့သူ ဖြစ်တာကြောင့် အရင်ပွဲတွေမှာလည်း သူ့ရဲ့စိတ်ဓါတ်ပိုင်းနဲ့ လုပ်အားနှုန်းအပိုင်း၊ အထူးသဖြင့် အသင်းရဲ့ခံစစ်ပိုင်းမှာ ကူညီပေးခဲ့တဲ့အပိုင်း၊ ဖိအားပေး (pressing) ကစားပေးခဲ့တဲ့အပိုင်းတွေအပေါ် အပြစ်ပြောစရာ မရှိပါဘူး..။ ဒါပေမယ့် ဒီနေ့မှာတော့ အသင်းအတွက် ထိရောက်တဲ့ တိုက်စစ်လမ်းကြောင်းတွေ၊ ထိရောက်တဲ့ ဖန်တီးပေးမှုတွေ ပြန်လည်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်ဒီနေ့မှာတော့ ယုံကြည်မှုတွေအပြည့်နဲ့ မေဆန် မောင့် ရဲ့ အကောင်းဆုံးခြေစွမ်းကို ကျွန်တော်တို့ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်..။
ပထမပိုင်းပြီးခါနီးမှာ ကိုင် ဟာဗာ့ဇ် ကို ဖြတ်တင်ပေးခဲ့တဲ့ ဖန်တီးပေးပို့မှုမှာဆိုရင် တိုက်စစ်ကိုလိုက်ပါလာတဲ့ ထရေဗာ ချာလိုဘာ ပြေးလမ်းထဲ ချပေးတဲ့ဘောလုံးကို ဝုလ်ဖ်အသင်း နောက်ခံလူ မမြင်ရတဲ့ဘက်ကနေ နေရာလွတ်ထဲကို ပါးပါးနပ်နပ်နဲ့ ပြေးတက်သွားပါတယ်..၊ ကန်တင်တယ်..၊ နောက်တန်းက ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို ဘေးထွက်ဘော မဖြစ်သွားအောင် အရပြန်ယူပြီး ညာဘက်မှာရှိနေတဲ့ ချာလိုဘာ တို့နဲ့ပြန်တွဲပါခဲ့တယ်..။ နောက်ပြီးတော့အဝေးတိုင်မှာ အသင့်ရှိနေတဲ့ ကိုင် ဟာဗာ့ဇ် ဆီကို အတိအကျ ကန်တင်ပေးနိုင်အောင် နေရာယူ၊ ဖန်တီးပေးခဲ့တဲ့ သူ့ရဲ့လှုပ်ရှားမှုတွေမှာဆိုရင် ပါးနပ်မှု၊ အမြန်နှုန်း၊ လုပ်အားနှုန်း ကောင်းမွန်မှု၊ ဘောလုံးကို မရမက ဖျက်နိုင်စွမ်း.. နေရာလွတ် ဖန်တီးနိုင်စွမ်း.. စတဲ့ အရည်အသွေး အစုံအလင် တွေ့မြင်ခဲ့ရပါတယ်..။
ဒ့ါအပြင်ဝုလ်ဖ်အသင်း နောက်ခံလူနှစ်ယောက်ကြားက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးရဲ့အရှိန်နဲ့ အဝေးတိုင်က တိုက်စစ်မှူး ဟာဗာဇ် အသာလေး ခေါင်းတိုက်ခွင့်ရဖို့ ပေးပို့လိုက်တဲ့ တိကျမှုနဲ့ ကစားကွက်အမြင်မှာပါ အရမ်းကိုကောင်းမွန်ခဲ့ပါတယ်..။ ဟာဗာ့ဇ် ရဲ့ ခေါင်းတိုက်ချက်ကလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်..။
မာနစ်ရှ် ဘာစင် - ပူလီဆစ် ရဲ့ ဒုတိယဂိုးမှာ နောက်တန်းလူတွေကြားထဲက မေဆန် မောင့် ရဲ့ ပေးပို့မှုကတော့ ‘အပ်ပေါက်သေးသေးလေးထဲကို အပ်ချည်ပစ်ထည့်လိုက်သလို’ အတိအကျပဲဗျ..
ဂလင်း ဟော်ဒယ်လ် - မေဆန် မောင့် ဟာ တကယ့်ကိုပါးနပ်တဲ့ ကစားသမား တစ်ယောက်ပါ..။ ဘယ်တောင်ပံကနေ ပူလီဆစ် က သူ့ဆီပေးပို့လိုက်တဲ့အချိန် မေဆန် ဟာ နေရာလွတ်လုံးဝမရှိဘူးဆိုတာ သိထားပါတယ်..။ ဒ့ါကြောင့်ဘောလုံးကို ကိုင်ထားပြီး တစ်ဘက်နောက်ခံလူတွေ ဝင်ပြီးဖျက်ထုတ်လို့ မရအောင် လူနဲ့ကာထားတယ်..၊ နောက်တန်းတွေ ကြားထဲကနေ ပြေးထွက်သွားတဲ့ ပူလီဆစ် အတွက် မထင်မှတ်တဲ့ ထောင့်အနေအထားကနေ အတိအကျ ထိုးပေးလိုက်တာ သိပ်ကိုတိကျ၊ ကောင်းမွန်ခဲ့ပါတယ်..။
ပြေးတက်ပြီး ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဂိုးသမား ဟိုဆေး ဆား ရဲ့ အပေါ်ကို အသာလေး ‘မ’ ပြီး ကန်သွင်းခဲ့တဲ့ ပူလီဆစ် ရဲ့ အဆုံးသတ် ကန်သွင်းချက်ကလည်း သေသပ်ပါတယ်..။
ဒါရင် ဘန့် - မေဆန် မောင့် ဟာ ဒီနေ့ပွဲကလို ခြေစွမ်းမျိုး ပြသနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်..။ သူဟာမနှစ်က ဘောလုံးရာသီမှာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီမှာ သူ့အပေါ် မျှော်လင့်ချက်တွေ၊ တောင်းဆိုချက်တွေ ကြီးမားနေခဲ့ပါတယ်..။ ဒါပေမယ့် ရာသီအစကာလမှာ သွင်းဂိုးလည်းမရ၊ ဂိုးတွေလည်း မဖန်တီးပေးနိုင်သေးတဲ့အပြင် အသင်းရဲ့ကစားကွက်မှာပါ ထိထိရောက်ရောက် မပါဝင်နိုင်ပဲ ဖြစ်နေတဲ့အခါ ဝေဖန်သံတွေ များပြားလာခဲ့တာပေ့ါဗျာ..။
ဒ့ါကြောင့်သူဟာ ဒီနေ့ပွဲလို ခြေစွမ်းပြနိင်မယ့်ပွဲစဉ် ရရှိဖို့လိုအပ်နေခဲ့ပါတယ်..။ မေဆန် ဟာ ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဟာဗာ့ဇ် အတွက် ဖန်တီးပေးခဲ့တဲ့ ဖြတ်တင်ဘော၊ ပူလီဆစ် အတွက် အကွက်မြင်မြင် ဖန်တီးပေးခဲ့ပြီး ထိပ်တန်းကစားသမား တစ်ယောက်ရဲ့ခြေစွမ်းကို ပြသခဲ့ပါတယ်..။
မာနစ်ရှ် ဘာစင် - ဟုတ်ကဲ့ပါ..။ ဒီနေ့ပွဲမှာတော့ ဂရေဟမ် ပေါ်တာ နဲ့ ချယ်လ်ဆီးအသင်းအတွက် အားတက်စရာကောင်းတဲ့ အချက်တွေအများကြီး မြင်တွေ့ခဲ့ကြပါလိမ့်မယ်..။ ပဲလေ့စ်အသင်းနဲ့ပွဲမှာ နောက်ဆုံးမိနစ် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ လူငယ်ကွင်းလယ် ကစားသမား ကော်နာ ဂါလက်ချာ လည်း ဒီနေ့ပွဲမှာ ထပ်ပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် နောက်တစ်ယောက်က ‘အာမန်ဒို ဘရော့ဂျာ…’
သူဟာမနှစ်က ဘောလုံးရာသီမှာ ဆောက်ပ်သမ်တန် အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဌားသွားရောက်ခဲ့ရာကနေ ချယ်လ်ဆီးအသင်းကို ပြန်လာခဲ့ပြီးတဲ့နောက် သူ့အတွက် အခွင့်အရေးရနိုင်ဖို့ ခက်ခဲနေရာကနေ ဒီနေ့ပွဲမှာပဲ အသင်းအတွက် ပထမဆုံးအဖွင့်ဂိုးကို ရရှိခဲ့တယ်.. မဟုတ်လားဗျ..
ဒါရင် ဘန့် - သိပ်ကိုလှပတဲ့ကန်ချက်နဲ့ ရယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်သလို ဘရိုဂျား ရဲ့ အချိန်ကိုက် ပြေးထွက်မှုကလည်း အတိအကျပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ပြေးထွက်တဲ့အချိန် ချိန်သားကိုက်မဖြစ်ခဲ့ရင် လူကျွံဘော အလွယ်တကူ ဖြစ်သွားနိုင်လို့ပါပဲ..။ ဒါ့အပြင်ဝုလ်ဖ်အသင်း ခံစစ်မှူးတွေရဲ့နောက်ထဲကနေ သူ့ရဲ့နေရာယူခဲ့ပုံ ပါးနပ်ခဲ့သလို အဆုံးသတ်ကန်သွင်းချက်ကလည်း သေချာခဲ့ပါတယ်..။
ဘရိုဂျား ဟာ မတ်တီယို ကိုဗာဆစ် ရဲ့ ပြေးလမ်းကြောင်းထဲကို ခင်းပေးလိုက်တဲ့ ဘောလုံးကို ဆွဲထုတ်လိုက်တဲ့အချိန် ဘေးကိုရောက်သွားသလို ဖြစ်ခဲ့ပေမယ့် ဂိုးပေါက်ကို မဖြစ်မနေရအောင် ကန်သွင်းမယ်ဆိုတဲ့ ပြင်းပြတဲ့စိတ်ရှိနေခဲ့တာ တွေ့ရပါတယ်..။ ဒါဟာထိပ်တန်း တိုက်စစ်မှုးတစ်ယောက်မှာ ရှိရမယ့် ပြင်းထန်တဲ့စိတ်ဓါတ်နဲ့ ယုံကြည်မှုပါပဲ..။ ကန်သွင်းဖို့ နေရာလွတ်ရအောင် အတွင်းကို တစ်ချက်ချိုးတယ်..၊ အဝေးထောင့်ကို အတိအကျ အနိမ့်ဘောနဲ့ ခပ်ပြင်းပြင်း ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘာမှမတတ်နိုင်ခဲ့ပါဘူး..။
လူစားဝင်ရောက်လာခဲ့ပြီး သူ့ရဲ့ကစားပုံကို ကြည့်ရတာ ချယ်လ်ဆီးအသင်းအပေါ် ပေးဆပ်စရာအကြွေး ကျန်ရှိနေသေးတဲ့ လူတစ်ယောက်အလား.. တကယ့်ကို သဲကြီးမဲကြီးပဲဗျ..။ မနှစ်ကဘောလုံးရာသီမှာ ဆောက်ပ်သမ်တန်အသင်းကို အဌားထွက်ခဲ့ရသလို နောက်ထပ်တစ်ကြိမ် အဌားမထွက်ရဘူး..၊ အသင်းမှာ နေရာရအောင် ကြိုးစားမယ်.. ဆိုတဲ့ ပြင်းပြတဲ့စိတ်ဓါတ်၊ သံဌိဌာန်နဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်..။ နောက်ပိုင်းမှာ သူ့ဆီကနေ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်းနဲ့ သွင်းဂိုးတွေ ကျွန်တော်တို့ မြင်တွေ့ရပါဦးမယ်..။
မာနစ်ရှ် ဘာစင် - အာမန်ဒို ဘရိုဂျား နဲ့ တစ်ဆက်ထဲမှာပဲ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် သက်တမ်းကာလ အအောင်မြင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ ဒီယေဂို ကော်စတာ ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျကို ပြိုင်ဘက်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်..။ ဒါပေမယ့် ဒီပွဲမှာတော့ သူဟာပွဲချိန် (၅၅) မိနစ်လောက်အထိပဲ ကစားခွင့်ရခဲ့ပါတယ်..။
ဒါကလည်း သူဟာမနှစ်ဒီဇင်ဘာလကတည်းကစပြီး တကယ့်ပွဲကြီးတွေ မကစားခဲ့ရတာ အတော်ကြာခဲ့ပြီ ဖြစ်တာကြောင့် အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိဖို့ အချိန်တစ်ခု ပေးရဦးမှာပါ…။ ဒ့ါကြောင့်အံ့သြစရာတော့ မရှိပါဘူး..။ ဒီပွဲမှာဆိုရင် ဒီယေဂို ဟာ ဘောလုံးထိချက် (၉) ကြိမ်ပဲ ရခဲ့ပါတယ်…။ ဒါပေမယ့် ဘရာဇီးလ် တိုက်စစ်မှူးဟာ ကွင်းထဲက ပြန်လည်ထွက်ခွာချိန်မှာ ချယ်လ်ဆီးပရိသတ်တွေအားလုံးက တညီတညာထဲ မတ်တပ်ရပ်ပြီး လက်ခုပ်တီး၊ အားပေးဂုဏ်ပြုခဲ့ကြပါတယ်..။ သူဟာချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက် အဲဒီလိုတခုတ်တရ ဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်မဟုတ်လားဗျ…
ဂလင်း ဟော်ဒယ်လ် - ဒီယေဂို ဟာ ချယ်လ်ဆီးပရိသတ်တွေအတွက် တကယ့်သူရဲကောင်း တစ်ယောက်ပါ..။ ချယ်လ်ဆီးအသင်းကို စွန့်ခွာသွားခဲ့ရတဲ့ သူ့ရဲ့အကြောင်းရင်းတွေဟာ အငြင်းပွားစရာတွေ ရှိခဲ့ပါလိမ့်မယ်..။ ခင်ဗျားတို့တွေလည်း မှတ်မိကြဦးမှာပါ..။ ဒါပေမယ့် ဒီအသင်းကိုစွန့်ခွာသွားခဲ့တဲ့ အချိန်တုန်းက အသင်းဟာ နိုင်ပွဲတွေဆက်ပြီး အခြေအနေကောင်းနေတဲ့ အချိန်ဆိုတော့ သူဟာချယ်လ်ဆီးပရိသတ်တွေအတွက် ပြန်ပြီးသတိရဖို့ကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့ပါလိမ့်မယ်..။
ဒါ့အပြင် အသင်းကနေ သူထွက်ခွာသွားစဉ်တုန်းက ပရိသတ်ကြီးဟာ သေသေချာချာ ဂုဏ်ပြုခွင့်မရခဲ့ပါဘူး..။ ဒ့ါကြောင့်သူ့အတွက်ကတော့ သူချစ်မြတ်နိုးခဲ့ရတဲ့ ပရိသတ်ကြီးဆီက အခုလိုသေသေချာချာ ဂုဏ်ပြုလက်ဆောင် ပြန်လည်ရရှိခဲ့တဲ့အပေါ် အထူးကြည်နူး၊ ဂုဏ်ယူခဲ့ပါလိမ့်မယ်..။ ကွင်းထဲကနေ ထွက်ခွာသွားတဲ့ လမ်းတစ်လျှောက် လူတိုင်းကို လက်ဆွဲနှုတ်ဆက်လိုက်၊ လက်ပြနှုတ်ဆက်လိုက်နဲ့ ကျေနပ်အားရ နေတဲ့ပုံပါပဲ..။ အထူးသဖြင့် စောစောစီးစီး လူစားလဲလိုက်တာကို ပိုပြီးကျေနပ်ခဲ့တာလည်း ဖြစ်နိင်ပါတယ်.. ဟားဟား..