တနင်္ဂနွေနေ့က ဗီလာ ပါ့ခ် ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော အက်စ်တွန် ဗီလာ နှင့် ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မှ ပွဲစဉ်လိုက်အကောင်းဆုံး ကစားသမားဆုရ မေဆန် မောင့် ၏ ခြေစွမ်းနှင့် ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ၏ စွမ်းစွမ်းတမံ ကာကွယ်မှုများအပေါ် လီဗာပူးလ် ကစားသမားဟောင်း ဒယ်နီ မာဖီ နှင့် အာဆင်နယ်အသင်း ခံစစ်မှူးဟောင်း မာတင် ကီယွန်း တို့က BBC သတင်းဌာန၏ ‘Match of the Day’ စကားဝိုင်း အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။
မားကပ်စ် ချပ်မန်း - ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ အာဆင်နယ် အသင်းလိုပဲ ကံကောင်းခဲ့တယ်လို့ ပြောရမှာပါပဲ..။ ဒါပေမယ့် လူငယ်ကစားသမား မေဆန် မောင့် ကတော့ တခြားသူတွေထက် ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့သလို အဆုံးအဖြတ် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်…။ ဒီနေ့ပွဲက သူ့ရဲ့ခြေစွမ်းအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြပေးပါလား.. ဒယ်နီ ရေ..
ဒယ်နီ မာဖီ - မှန်ပါတယ်..။ အထူးသဖြင့် ဗီလာအသင်းက တဖက်သတ်လိုလို ဖိကစားခဲ့တဲ့ ပထမပိုင်းမှာ ချယ်လ်ဆီးဘက်က ကြံ့ကြံ့ခံပြီး ကစားနိုင်ခဲ့တဲ့ ရှားရှားပါးပါး ကစားသမားတွေထဲမှာ သူလည်းပါခဲ့တယ်ဗျ..။ သူဟာစိတ်ဓါတ်ပိုင်း ကြံ့ခိုင်မှုရှိပြီး အသင်းကိုဦးဆောင်မှု ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အသွေး ရှိတယ်..၊ ကြံရည်ဖန်ရည် ကောင်းမွန်ပါတယ်..။ ဒ့ါအပြင် ဘောလုံးပညာနဲ့ ကစားကွက် အမြင်လည်း ကောင်းတာကြောင့် ထိရောက်တဲ့ဖန်တီးမှုတွေ၊ အရည်အသွေးမြင့်တဲ့ ပေးပို့မှုတွေနဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့တဲ့ အခိုက်အတန့်တွေကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်..။
သူ့ရဲ့ထူးခြားတဲ့ စွမ်းရည်ကတော့ နေရာစုံပြောင်းလဲ ကစားနိုင်စွမ်း (versatility) ဖြစ်ပါတယ်..။ ဒီနေ့ပွဲဆိုရင် ချယ်လ်ဆီးအသင်းရဲ့ ‘ကွင်းလယ်ဖန်တီးရှင် (No. 10)’ နေရာကနေ ကစားခဲ့ပြီး ပွဲအစငါးမိနစ်မှာတင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။ အဲဒီဂိုးဟာ ဗီလာအသင်း နောက်ခံလူ တိုင်ရာ မင်းစ် ရဲ့ အမှားကြောင့် ဆိုပေမယ့် မထင်မှတ်ပဲ ရလာတဲ့ အခွင့်အရေးတွေကို အသုံးချပြီး အဆုံးသတ်နိုင်ဖို့ကလည်း လိုသေးတာကိုးဗျ..။ ဒါ့ကြောင့် သူ့ဆီမှာ အဲဒီလိုမထင်မှတ်ပဲရခဲ့တဲ့ အခွင့်အရေးတွေကို ထိထိမိမိအသုံးချနိုင်ဖို့ အာရုံစူးစိုက်မှုအပြည့် (awareness) ရှိနေပါတယ်..။
သူဟာ ကွင်းရဲ့ဘယ်ဘက်အခြမ်းရော ညာဘက်အခြမ်းပါ တစ်ကွင်းလုံး ရွှေ့လျားကစားခဲ့ပြီး ဘယ်ခြေ၊ ညာခြေတွေနဲ့ အနီး၊ အဝေး ပေးပို့မှုတွေလည်း တိကျ၊ ကောင်းမွန်ခဲ့ပါတယ်..။ မေဆန် ဟာ ကွင်းလယ်မှာ ကစားတဲ့အခါ ကွင်းလယ်နဲ့ နောက်တန်းကြားမှာ နေရာလွတ်တွေ (spaces) ကို ဘယ်လိုရှာဖွေရမလဲ..? ဆိုတာ ကောင်းကောင်း နားလည်ထားပါတယ်..။ ဒါပေမယ့် သူကတိုက်စစ်ကို ပိုပြီးအားသန်တယ်ဗျ..။
တခါတလေမှာ အပေါ်မှာပြထားတဲ့ပုံထဲကလို ကွင်းလယ်နဲ့ နောက်တန်းခံစစ်ကြား နေရာလွတ်မှာ ဘောလုံးကိုလက်ခံပြီး တောင်ပံဘက်ကို ဆွဲထွက်နိုင်စွမ်းရှိပါတယ်..။ အဲဒီတစ်ကြိမ်မှာဆိုရင် ဘယ်တောင်ပံဘက်ကို ဆွဲထွက်သွားပြီး ညာတောင်ပံခြမ်းမှာ တစ်ယောက်ထဲ လွတ်နေတဲ့ ရာဟင်း စတာလင်း ဆီကို ခုတ်တင်ပေးလိုက်တာ အတိအကျပဲဗျ..။ စတာလင်း ဟာ မနားတမ်း ကန်သွင်းရမယ့်အစား ဘောလုံးကိုထိန်းလိုက်တာကြောင့် ဂိုးကန်သွင်းနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်…။
ဒ့ါအပြင် မေဆန် မောင့် ဟာ ဒုတိယဂိုးကို ဂိုးဧရိယာအပြင်ဘက်မှာရခဲ့တဲ့ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်း ရယူခဲ့ပါတယ်..။ အဲဒီဂိုးမှာ ဂိုးသမား အင်မလီယို မာတီးနက်ဇ် ရဲ့ ကာကွယ်မှု အခုထက်ပိုပြီး ကောင်းမွန်ခဲ့သင့်ပေမယ့် ကန်သွင်းသွားတဲ့ သူ့ရဲ့နည်းစနစ်ပိုင်း အထူးကောင်းမွန်ခဲ့ပါတယ်..။ သူဟာအသင်းအတွက် အမြဲတမ်း အစွမ်းကုန် ပေးဆပ်ကစားလေ့ရှိသလို ဖိအားပေး ကစားနိုင်မှု၊ လုပ်အားနှုန်းနဲ့ ဘောလုံးကို လုယူနိုင်စွမ်းတွေမှာလည်း ပိုင်နိုင်ပါတယ်..။ ဒ့ါကြောင့် ချယ်လ်ဆီးအသင်းကို ရောက်လာတဲ့ မန်နေဂျာတိုင်း အသင်းရဲ့လူစာရင်း ထုတ်တဲ့အခါ သူ့ရဲ့နာမည်ကို ပထမဆုံး ရေးချဖြစ်တာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး..။
မားကပ်စ် ချပ်မန်း - အင်းဗျ.. နေရာစုံအောင် ကစားတတ်တဲ့ မေဆန် မောင့် ဟာ နည်းစနစ်ပိုင်းအရ ပုံသေကစားကွက် မထားရှိတဲ့ နည်းပြ ဂရေဟမ် ပေါ်တာ ရဲ့ လက်အောက်မှာ သူ့ရဲ့အကောင်းဆုံးအချိန်၊ အကောင်းဆုံးခြေစွမ်းနဲ့ အတောက်ပဆုံးကာလကို ရရှိနိုင်မယ်လို့ မျှော်လင့်နိုင်ပြီလားဗျ..
မာတင် ကီယွန်း - ဘရိုက်တန်အသင်းမှာ ပေါ်တာ နဲ့အတူ ထွန်းတောက်ခဲ့တဲ့ ပါစကယ် ဂရော့စ်၊ လီယန်ဒရို ထရော့ဆာ့ဒ် တို့လိုပေါ့ဗျာ..။ ဂရေဟမ် ပေါ်တာ ဟာ မေဆန် ရဲ့ အတောက်ပဆုံးအချိန်ကို တွန်းတင်၊ မောင်းနှင်ပေးဖို့အတွက် အသင့်တော်ဆုံး နည်းပြတစ်ယောက် ဖြစ်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာ တစ်ပါတ်နဲ့တစ်ပါတ် ကစားကွက်တွေ၊ နည်းစနစ် အခင်းအကျင်းတွေ အမြဲတမ်းအပြောင်းအလဲ ပြုလုပ်နေတာဆိုတော့ သူ့ရဲ့နည်းစနစ်ပိုင်း အယူအဆတွေ၊ အပြောင်းအလဲတွေကို နားလည်ပေးနိုင်မယ့် မေဆန် မောင့် တို့လို ကစားသမားတွေဟာ သူ့အတွက် ‘ရေကန်အသင့်၊ ကြာအသင့်’ လို ဖြစ်လာမှာပါပဲ..။
ဂရေဟမ် ပေါ်တာ ဟာ နည်းစနစ်ပိုင်းမှာ အင်မတန်မှ ပြောင်းလွယ်၊ ပြင်လွယ်ရှိလှတာကြောင့် ကျွန်တော်ကတော့ အရောင်အမျိုးမျိုး ပြောင်းလဲတတ်တဲ့ ‘ပုတ်သင်ညို (Chameleon)’ တစ်ကောင်လို့ ဥပမာပေးလိုက်ချင်ပါတယ်..။ အခုဒီပွဲပြီးလို့ နောက်လာမယ့်ပွဲကျရင် ဘယ်လိုအခင်းအကျင်း၊ ဘယ်လိုလူစာရင်းနဲ့ ပွဲထွက်လာမယ်ဆိုတာ ဘယ်သူကမှ ကြိုတင်ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး..။ အဲဒီလိုပါပဲ… မေဆန် မောင့် ဆိုတာ နည်းပြအဆက်ဆက် ဘယ်လိုကစားကွက် အခင်းအကျင်း၊ ဘယ်လိုနည်းစနစ်ပိုင်းနဲ့ပဲဖြစ်ဖြစ် သူဟာအဆင်ပြေပြေနဲ့ အကောင်းဆုံးခြေစွမ်းကို ရရှိခဲ့တာပါပဲ..။ အထူးသဖြင့် သူနဲ့ ရာဟင်း စတာလင်း တို့ဟာ နည်းစနစ်ပိုင်းအရ အင်မတန်မှ ပြောင်းလွယ်၊ ပြင်လွယ်ရှိကြတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်..။ ဒ့ါကြောင့်ဂရေဟမ် ပေါ်တာ ရဲ့ လမ်းညွှန်မှုအောက်မှာ သူတို့တွေ အစွမ်းကုန် တောက်ပကြပါလိမ့်မယ်..။
မားကပ်စ် ချပ်မန်း - ဗီလာအသင်းအကြောင်း နည်းနည်းလောက် ဆွေးနွေးကြရအောင်ဗျာ..။ တကယ်လို့ သူတို့သာ အဆင့် (၁၀) လောက်နဲ့ အမှတ်ပေးဇယား အလယ်အလတ် အသင်းတစ်သင်းဆိုရင် ဒီနေ့အရှုံးပွဲဟာ ကံမကောင်းလို့ ရှုံးနိမ့်ခဲ့ရတဲ့ ‘ကောင်းရှုံး’ ပွဲတစ်ပွဲလို့ အတိုင်းအတာတစ်ခုထိ ကျေနပ်နိုင်ကြပါလိမ့်မယ်..။ ဒါပေမယ့် အခုကျတော့ အဆင့် (၁၆) နေရာရောက်နေပြီး အန္တရာယ်ဇုန်နဲ့ နီးကပ်နေတဲ့ အနေအထားမှာဆိုတော့…
ဒယ်နီ မာဖီ - ဒီနေ့ပွဲမှာ သူတို့ရဲ့ကစားပုံ တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်..။ သူတို့သာ လွန်ခဲ့တဲ့နှစ်ပွဲလောက်စပြီး နိုင်ပွဲတွေ ဆက်တိုက်ရရှိထားမယ်ဆိုရင် ဒီနေ့ပွဲကစားပုံကြောင့် ပရိသတ်ဟာ ပွဲရလဒ်ကို ကျေကျေနပ်နပ်နဲ့ လက်ခံပြီး လှိုက်လှိုက်လှဲလှဲ အားပေးကြမှာပါ (standing ovation)..။ ဦးဆောင်ဂိုး ပေးလိုက်ပြီးတဲ့နောက်ပိုင်း သူတို့ဟာ ချယ်လ်ဆီးအသင်းကို အစွမ်းကုန် တိုက်စစ်ဖွင့်ကစားခဲ့သလို ထိရောက်တဲ့ ထိုးဖောက်မှုတွေ၊ ဂိုးရနိုင်မယ့် ဖန်တီးမှုတွေ အများကြီးပြုလုပ်ပေးနိုင်ခဲ့ပါတယ်..။ ပွဲချိန် (၁၅) မိနစ်မှာ ဘယ်တောင်ပံက မက်ဂ်ဂင်း ရဲ့ ပေးပို့မှုကို လီယွန် ဘေလီ ရဲ့ ခေါင်းတိုက်ချက် ဂိုးဘားတန်းထိပြီး ထွက်ခဲ့ပါတယ်..။
ဒ့ါအပြင် ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ဟာ ဒီနေ့မှာ အထူးလက်စွမ်းပြပြီး အံ့မခန်းကာကွယ်မှုတွေ ပြုလုပ်သွားနိုင်ခဲ့ပါတယ်..။ ပွဲချိန် (၂၁) မိနစ်မှာ အိုလီ ဝက်ကင်းစ် ရဲ့ ဘယ်ခြမ်းက ဖြတ်တင်ပေးပို့မှုကို မက်ဂ်ဂင်း ကန်တယ်..၊ ကက်ပါ ပုတ်ထုတ်တယ်..၊ ပြန်ကျလာတဲ့ ဘောလုံးကို ရမ်ဆေး က မြေမကျ မနားတမ်း ကန်သွင်းရာမှာ မယုံနိုင်လောက်အောင် ထပ်မံကာကွယ်နိုင်ခဲ့ပါတယ်..။ တိုင်ထိထွက်လာတဲ့ ဘောလုံးကို ဒယ်နီ အင့်ဂ် က အနီးကပ်ပိတ်သွင်းရာမှာလည်း နောက်တစ်ကြိမ်ထပ်ပြီး ကာကွယ်နိုင်ခဲ့ပြန်ပါတယ်..။
ဒီနေ့ပွဲက လက်စွမ်းဟာ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ရဲ့ ဒီနှစ်ဘောလုံးရာသီ အကောင်းဆုံးလက်စွမ်း ပြခဲ့တဲ့ပွဲလို့ ပြောနိုင်ပါလိမ့်မယ်..။ အထူးသဖြင့် ဂျက်ကော့ဘ် ရမ်ဆေး ရဲ့ ဒုတိယအကြိမ် ကန်ချက်ကို အလျှင်မြန်ဆုံး တုံ့ပြန်မှုနဲ့ ကာကွယ်နိုင်ခဲ့တာဟာ ကျွန်တော့်အတွက် ဒီနှစ်ရာသီမှာ ဂိုးသမားတစ်ယောက်ရဲ့ အကောင်းဆုံး ကာကွယ်မှုပါပဲ..။
အခုအောက်မှာ ပြထားတဲ့ပုံထဲက အနေအထားအရဆိုရင် ဘယ်တောင်ပံကနေ လွတ်ထွက်လာတဲ့ မက်ဂ်ဂင်း ဟာ အနီးမှာအဆင်သင့် နေရာယူထားတဲ့ ဒယ်နီ အင့်ဂ် ကိုသာ ထိုးပေးလိုက်ရင် ဂိုးရနိုင်ဖို့ အခွင့်အရေး ပိုများသွားပါလိမ့်မယ်..။ ဒါပေမယ့် သူဟာပြေးတက်၊ ပိတ်ဆို့လာတဲ့ ဂိုးသမာ ကက်ပါ တည့်တည့်ကိုပဲ ကန်သွင်းခဲ့တာကြောင့် အပိုင်အခွင့်အရေးတစ်ခု နောက်ထပ်တစ်ကြိမ် လက်လွတ်ရပြန်ပါတယ်..။
ပွဲချိန် (၃၁) မိနစ်မှာတော့ ညာတောင်ပံကနေ လီယွန် ဘေလီ ထိုးဖောက်လာတယ်..၊ ဘင် ချီးဝဲလ် ကို တစ်ချက်ခေါက်ပြီး ဂိုးဧရိယာထဲကို ဖြတ်တင်ပါတယ်..။ ထရေဗာ ချာလိုဘာ နဲ့ သီယာဂို ဆေးလ်ဗား တို့ကြားကနေ တိုက်စစ်မှူး ဒယ်နီ အင့်ဂ် အနီးကပ်အပိုင် ခေါင်းတိုက်သွင်းယူခဲ့ရာမှာလည်း ဂိုးသမားကက်ပါ က မယုံနိုင်လောက်အောင် ထပ်မံကာကွယ်နိုင်ခဲ့ ပြန်ပါတယ်ဗျာ…။
ပွဲချိန်မိနစ် (၆၀) ကျော်လောက်အထိ နည်းပြစတီဗင် ဂျရတ် ရဲ့ ပွဲကိုချဉ်းကပ်ပုံ၊ အခင်းအကျင်းတွေ အားလုံးမှန်ကန်ခဲ့ပါတယ်..။ တခြားပွဲတစ်ပွဲမှာသာဆိုရင် သူတို့တွေ အနည်းဆုံးနှစ်ဂိုးလောက်တော့ အသာလေးရနိုင်ပါတယ်..။ ဒ့ါကြောင့်အက်စ်တွန် ဗီလာအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ဒီနေ့ပွဲ၊ မန်ချက်စတာ စီးတီးအသင်းနဲ့ တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲတွေမှာ ပြသခဲ့တဲ့ခြေစွမ်းနဲ့ အားမာန်မျိုးကို နောက်လာမယ့်ပွဲတွေဆီ ဆက်လက် သယ်ဆောင်နိုင်မလား.. စောင့်ကြည့်ရပါမယ်..။ သူတို့တွေဟာ နောက်ထပ်ပွဲကြီးပွဲကောင်းတွေ အများကြီးထပ်မံ ယှဉ်ပြိုင်ရဖို့ ရှိနေပါသေးတယ်..။
မာတင် ကီယွန်း - ဒီနေ့ပွဲမှာ သူတို့ခင်းကျင်းခဲ့တဲ့ ဒယ်နီ အင့်ဂ်၊ အိုလေ ဝက်ကင်းစ် နဲ့ လီယွန် ဘေလီ တို့ တိုက်စစ်မှူးသုံးယောက် တင်ပြီးကစားခဲ့တဲ့ အတွဲအစပ်ဟာ ကော့တင်ဟို နဲ့ အီမီလီယို ဘူယင်ဒီယာ တို့ထက်ပိုပြီး ထိရောက်မှုရှိတယ်၊ တိုက်စစ်ပိုင်းဟန်ချက် ပိုပြီးကောင်းတယ်လို့ ထင်မိပါတယ်..။ ဒါ့အပြင် ကွင်းလယ်မှာ မကြာသေးခင်က အသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဒေါက်ကလပ်စ် လူးဝစ်ဇ် လည်း အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။
ဒယ်နီ မာဖီ - ကဲ… အချိန်လည်းလင့်လာပြီမို့ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး နောက်ဆုံးအနှစ်ချုပ် သုံးသပ်ချက်တစ်ခုကို ခပ်မြန်မြန်ပဲ ပြောလိုက်ပါမယ်..။ ဒုတိယပိုင်းအစမှာ မာ့ခ် ကူကူရယ်လာ ကို ဆီဇာ အက်ဇ်ပီလီကွဲတား၊ ကိုင် ဟာဗာ့ဇ် ကို ကာလီဒူ ကူလီဘာလီ နဲ့ ချက်ချင်းလူစားလဲလိုက်တဲ့ နည်းပြဂရေဟမ် ပေါ်တာ ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီနေ့ပွဲရဲ့ အရေးပါခဲ့တဲ့ အလှည့်အပြောင်းတစ်ခုပါပဲ..။
မားကပ်စ် ချပ်မန်း - ကောင်းပါပြီ..။ ဒါကလည်း ခင်ဗျားပြောတဲ့ နည်းစနစ်ပိုင်း ပုတ်သင်ညိုရဲ့ တစ်ကွက်ပြလိုက်တဲ့ အလှည့်အပြောင်း…၊ အောင်ပွဲတစ်ခုပေ့ါဗျာ… ဟားဟား…