feature-image

‘Match Day Live Extra’ ဘောလုံးစကားဝိုင်း (ချယ်လ်ဆီး vs မန်ချက်စတာ ယူနိုက်တက်)

စနေ့နေ့က စတန်းဖို့ဒ် ဘရစ်ခ်ျ ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီးအသင်း နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ပွဲစဉ်အပေါ်သုံးသပ်ချက်များနှင့် ပွဲချိန်အတွင်း အရေးပါသော ဖြစ်ရပ်များ၊ သွင်းဂိုးများအပေါ် မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံလူဟောင်း ယပ်ဘ် စတမ်း၊ ချယ်လ်ဆီးအသင်း ဂန္တဝင်တိုက်စစ်မှူးဟောင်း ဂီယန် ဖရန်ကို ဇိုလာ နှင့် မန်ချက်စတာ ယူနိုက်တက်အသင်း ကွင်းလယ် ကစားသမားဟောင်း ပေါလ် စခိုးလ် တို့က Premier League Productions ၏ ‘Match Day Live Extra’ စကားဝိုင်း အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။

စတိဗ် ဘိုးဝါး - ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ဟာလည်း နောက်ထပ်တစ်ကြိမ် သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြန်ပါတယ်..။ ဒ့ါကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဒီနှစ်သင်းရဲ့တွေ့ဆုံမှုမှတ်တမ်းမှာ (၂၆) ကြိမ်မြောက် သရေပွဲနဲ့ သရေပွဲရလဒ်အများဆုံး ထွက်ပေါ်ခဲ့တဲ့ အသင်းနှစ်သင်း ရင်ဆိုင်တွေ့ဆုံပွဲတွေအဖြစ် စံချိန်တင်သွားခဲ့ပါတယ်..။ သူတို့နှစ်သင်းရဲ့ ကစားပုံ၊ ခြေစွမ်းတွေအရ သရေရလဒ်ဟာ မျှတတယ်လို့ ပြောနိုင်ရဲ့လားဗျ..

ယပ်ဘ် စတမ်း - ကျွန်တော်လည်း အဲဒီလိုပဲ ထင်မိတာပဲ..။ ယူနိုက်တက် အသင်းဟာ ပထမပိုင်းမှာ ပိုကောင်းခဲ့သလို ဂိုးရနိုင်လောက်တဲ့ အခွင့်အရေး နှစ်ကြိမ်လောက် ရရှိခဲ့ပါတယ်..။ ဒါပေမယ့် ပွဲချိန် (၃၅) မိနစ်လောက်မှာ ချယ်လ်ဆီးအသင်းဘက်က ဘယ်နောက်ခံလူ မာ့ခ် ကူကူရယ်လာ ကို ကွင်းလယ်ကစားသမား မက်တီယို ကိုဗာဆစ် နဲ့ လူစားထိုးခဲ့ပြီးနောက်ပိုင်းမှာ ယူနိုက်တက်ဘက်ကို ပြန်လည်ထိုးဖောက်၊ ကစားနိုင်ခဲ့ပါတယ်..။

ဒုတိယပိုင်းမှာ သူတစ်ပြန်၊ ကိုယ်တစ်ပြန် အစွမ်းကုန် ကြိုးစား၊ ယှဉ်ပြိုင်ခဲ့ပေမယ့် နှစ်သင်းစလုံး ခံစစ်ကစားပုံ ကောင်းမွန်ခဲ့တာကြောင့် ဂိုးသွင်းခွင့်တွေ ကောင်းကောင်းမရခဲ့ပါဘူး..။ ဒါပေမယ့် ပွဲချိန်မိနစ် (၈၀) ကျော်ချိန်မှာ ချယ်လ်ဆီးအသင်းဟာ ပင်နယ်တီရခဲ့ပါတယ်..။ အဲဒီလိုဦးဆောင်ဂိုးရခဲ့ပေမယ့် ချယ်လ်ဆီးဟာ ပိုပြီးကောင်းတဲ့ အသင်းလို့တော့ ပြောလို့မရခဲ့ပါဘူး..။ ဂိုးပေးရပြီးတဲ့နောက်ပိုင်း ယူနိုက်တက်အသင်းဘက်က ချေပဂိုးရအောင် ကစားအားတင်ခဲ့တာကြောင့် ပွဲပြီးခါနီးမှာ ကက်စ်မီးရိုး ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ သရေရလဒ်ကို ရရှိခဲ့ပါတယ်..။ တကယ်တော့ ယူနိုက်တက်အသင်းရဲ့ ခြေစွမ်းဟာ အရှုံးရလဒ်နဲ့ မထိုက်တန်ပါဘူး..။ ဒ့ါကြောင့်သရေရလဒ်ဟာ မျှတတယ်လို့ ပြောလို့ရနိုင်ပေမယ့် တစ်ပွဲလုံးခြုံငုံကြည့်မယ်ဆိုရင် ယူနိုက်တက်ဘက်က အခွင့်အရေး ပိုပြီးရခဲ့ပါတယ်..။



စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ..၊ ဂီယန် ဖရန်ကို ရေ.. ချယ်လ်ဆီးအသင်းဘက်က ကြည့်မယ်ဆိုရင် ပွဲပြီးဖို့ ခြောက်မိနစ်လောက်ပဲ ကျန်တော့တဲ့အချိန် ဦးဆောင်ဂိုးရခဲ့ပြီးမှ အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့တဲ့အပေါ် စိတ်မပျက်မိဘူးလားဗျ..။

ဂီယန် ဖရန်ကို ဇိုလာ - မှန်တာပေ့ါ..။ ကျွန်တော်လည်း ဒီလိုပဲ တွေးနေတာပဲ..။ သူတို့တွေလည်း အနိုင်ရပြီလို့ပဲ ထင်ခဲ့ကြပါလိမ့်မယ်..။ ဒါပေမယ့် ယူနိုက်တက်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ပွဲသိမ်းခရာမမှုတ်မချင်း အနိုင်ရပြီလို့ မပြောနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်..။ ပွဲချိန်အတွင်း ကစားသွားခဲ့တဲ့ ခြေစွမ်းတွေအရဆိုရင် သရေရလဒ်ဟာ မျှတပါတယ်..။

စတိဗ် ဘိုးဝါး - ပေါလ် ရေ.. ယူနိုက်တက်အသင်း ပရိသတ် တစ်ယောက်အနေနဲ့ဆိုရင် ပရီးမီးယားလိဂ် ထိပ်တန်းခြောက်သင်း (big six) ထဲက တစ်သင်းနဲ့ အဝေးကွင်းမှာ တစ်ဂိုးရှုံးနေရာကနေ တစ်မှတ်ရအောင် ပြန်ယူနိုင်ခဲ့တဲ့ ကြိုးစားအားထုတ်ခဲ့မှုအပေါ် အတိုင်းအတာတစ်ခုထိ ကျေနပ်သင့်တယ်လို့ ယူဆနိုင်မလား..?

ပေါလ် စခိုးလ် - စတန်းဖို့ဒ် ဘရစ်ခ်ျ လို ခက်ခဲတဲ့ ပြိုင်ဘက်ကွင်းတစ်ကွင်း၊ ထိပ်တန်းအသင်းတစ်သင်းရဲ့ အဝေးကွင်းမှာ မိနစ် (၉၀) အထိ တစ်ဂိုးရှုံးနေရာကနေ တစ်မှတ်ပြန်ယူနိုင်ခဲ့တယ်ဆိုတာ ကျေနပ်စရာလို့ ထင်စရာပါပဲ..။ ဒါပေမယ့် ကျွန်တော်ကတော့ ယူနိုက်တက်အသင်း အနိုင်ရသင့်တယ်လို့ ယူဆပါတယ်..။ ပထမပိုင်းမှာ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ရခဲ့ပါတယ်..။ ဂိုးရသင့်တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာ ပြဿနာပေ့ါဗျာ..။

တစ်ပွဲလုံးကို ကြည့်ခဲ့ရာမှာ ချယ်လ်ဆီးအသင်းဟာ မေဆန် မောင့်၊ အူဘားမီးယန်း၊ ရာဟင်း စတာလင်း တို့လို အရည်အသွေးမြင့် တိုက်စစ်မှူးတွေ ရှိခဲ့ပေမယ့် ဂိုးဝင်သွားနိုင်မယ်လို့ အသည်းထိပ်ရလောက်အောင် ဖြစ်ခဲ့ရတဲ့ ဂိုးသွင်းခွင့်တွေ တစ်ကြိမ်မှမဖန်တီးနိုင်ခဲ့ပါဘူး..။ ဒ့ါကြောင့်ကျွန်တော်တို့ ယူနိုက်တက်ဘက်က ပိုပြီးသာပါတယ်ဗျာ…



ဂီယန် ဖရန်ကို ဇိုလာ - ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် ကျွန်တော်လည်း အဲဒီတစ်ချက်ကို သေသေချာချာ ပြောချင်ပါတယ်..။ နည်းပြဂရေဟမ် ပေါ်တာ ရောက်လာပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ဟာ ပေးဂိုးတွေ နည်းပါးသွားခဲ့ပါတယ်..။ ဒါ့ကြောင့်အသင်းရဲ့ခံစစ်ပိုင်း ပိုပြီးတောင့်တင်းလာတယ်လို့ ပြောနိုင်ပေမယ့် တိုက်စစ်ပိုင်းမှာ တိုးတက်လာဖို့ အများကြီးကြိုးစားရပါဦးမယ်..။ အသင်းရဲ့ ကစားပုံဟာ အရင်တုန်းကလို ချောချောမွေ့မွေ့နဲ့ မြန်ဆန် ညက်ညောနေတာ မတွေ့ရသေးပါဘူး..။

စတိဗ် ဘိုးဝါး - အင်းဗျ… သူတို့အသင်း ဦးဆောင်ဂိုး ရသွားခဲ့တာလည်း ပင်နယ်တီ ပြစ်ဒဏ်ဘောကပါပဲ..။ ယက်ဘ် ရေ.. ခင်ဗျားသာ ယူနိုက်တက်အသင်း မန်နေဂျာဆိုရင် ပင်နယ်တီပေးလိုက်ရတဲ့အပေါ် စကော့ မက်ခ်တောမီနေး ကို ဘာတွေများ ပြောမိမလဲ..?

ယပ်ဘ် စတမ်း - ပွဲကိုအပြောင်းအလဲဖြစ်အောင်လို့ သူ့ကိုထည့်သွင်းခဲ့တာကိုးဗျ..။ ကွင်းထဲရောက်လာပြီး သိပ်မကြာခင်မှာပဲ ဒီလိုဖြစ်ပြီး ပင်နယ်တီ ပေးလိုက်ရတယ်..။ ကျွန်တော်သာ အသင်းမန်နေဂျာဆိုရင် စိတ်ဆိုးမိမှာပဲ.ဟားဟား...။ ဒ့ါကြောင့်အဲဒီလို ပင်နယ်တီပေးခဲ့ရတဲ့ အခြေအနေကို ပြန်ပြီးသုံးသပ်ကြည့်ပါမယ်..။ တကယ်တော့ တည်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် တွန်းတာ၊ ဆွဲတာ၊ လှဲချတာတွေ ရှိတတ်ပါတယ်..။ ဒါပေမယ့် အခုလိုမျိုး ဒိုင်လူကြီးရှေ့မှာ ရပ်ဘ်ဘီဘောလုံးပွဲ ကစားသလိုမျိုး သွားလုပ်လို့ကတော့ ဘယ်ရမလဲဗျ..။

အဲဒီလိုတည်ကန်ဘောတွေကို ကာကွယ်တဲ့နေရာမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်အနေအထား၊ အနီးဆုံးပြိုင်ဘက် ကစားသမားရဲ့ ခန္ဓာကိုယ်အနေအထား၊ လှုပ်ရှားနိုင်မယ့် အလားအလာတွေကို အမြဲတမ်းသတိထားနေဖို့ လိုပါတယ်..။ အထူးသဖြင့် ခံစစ်ဆင်ပြီး ကာကွယ်ဖျက်ထုတ်မယ့် ကစားသမားဟာ ဘယ်တော့မှ အနီးဆုံးတိုက်စစ် ကစားသမားရဲ့နောက်ကို ရောက်မနေရပါဘူး..။ အခုအနေအထားမှာဆိုရင် မက်ခ်တောမီနေး ဟာ အာမန်ဒို ဘရိုဂျား ရဲ့ ရှေ့မှာရှိနေရပါမယ်..။ ဒါမှလည်း ဘောလုံးလာတာ မြင်ရမှာဖြစ်သလို ပြိုင်ဘက် တိုက်စစ်မှူး ဘယ်လိုရွေ့လျားမလဲ.. ကြိုတင်မှန်းဆနိုင်ပါမယ်..။ အဲဒီအခိုက်အတန့်မှာ မက်ခ်တောမီနေး ရဲ့ နေရာပုံနဲ့ ကိုယ်နေကိုယ်ဟန် မှန်ကန်မှု မရှိပါဘူး..။ ဒ့ါကြောင့်လည်း ဘရိုဂျား ကို ဆွဲချလိုက်ရတာပေါ့..၊ အဲဒီလိုမှ မဟုတ်ရင် ချယ်လ်ဆီးတိုက်စစ်မှူးဟာ လွတ်ထွက်သွားတော့မှာပါ..။



တကယ်လို့သာ ချေပဂိုးပြန်မရခဲ့ဘူးဆိုရင် သူ့ရဲ့အမှားနဲ့ ပေးဆပ်ခဲ့ရမှုဟာ တန်ဖိုးကြီးသွားနိုင်ပါတယ်..။ ချေပဂိုးရသွားပြီးတဲ့နောက်မှာတော့ ‘အိုကေ.. နောက်ဆိုရင် သတိထားပေ့ါကွာ..’ ဆိုတာလောက်နဲ့ ပြီးချင်လည်း ပြီးသွားမှာပေ့ါ..။ အဲဒီလိုအချက်တွေဟာ ဘောလုံးပွဲတစ်ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးသွားနိုင်တဲ့ တကယ့်အသေးစိတ် အချက်လေးတွေ ဖြစ်ပါတယ်..။ လူငယ်ဘောလုံးသမားတွေအနေနဲ့ ဒီလိုအမှားတွေကို မကျူးလွန်မိအောင် သတိထားဖို့ လိုအပ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပရီးမီးယားလိဂ်ကို ဆွတ်ခူးချင်တယ်..၊ ထိပ်တန်းလေးသင်း ဝင်ခွင့်ရချင်တယ်ဆိုရင် အခုလိုအမှားတွေကို ကျူးလွန်နေလို့ မရပါဘူး..။

ပေါလ် စခိုးလ် - ကျွန်တော်သာ မန်နေဂျာဆိုရင်တော့ ‘သူ့ကိုလူစားသွင်းခဲ့တာ မှားပြီ..’ လို့ပဲ တွေးမိမှာပဲ.. ဟားဟား.။ တော်တော်လေး ဆိုးပါတယ်..။ ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်လည်းမှန်တယ်..၊ VAR လည်း မှန်ပါတယ်..။ ဂိုးဧရိယာထဲမှာ ဒါမျိုးသွားလုပ်လို့ မရပါဘူး..။ ကျွန်တော်တို့တွေလည်း ပွဲတွေအများကြီး ကစားခဲ့တာပါပဲ..။ တခါတလေမှာတော့ ကြိုက်သလိုလုပ်ဗျာ..၊ တွန်းချင်တွန်း… ဆွဲချင်ဆွဲ.. ဘာမှမဖြစ်ပါဘူး..။ ဒါပေမယ့် ဒီနေ့လိုမျိုး ဒိုင်လူကြီးရဲ့ရှေ့တည့်တည့်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့သလို ပွဲပြီးခါနီးဆိုတော့… တော်တော်လေး မိုက်မဲတယ်လို့ပဲ...



ယက်ဘ် စတမ်း - သူကဘောလုံးဘယ်နေရာမှာ ရောက်နေလဲဆိုတာ ကြည့်မနေဘူးဗျ..။ သူ့ရဲ့အနားက ကစားသမား (ဘရိုဂျား) ကိုပဲ ကြည့်နေတာ..၊ ဟိုတစ်ယောက် ပြေးတာနဲ့ အတင်းကိုဇွတ်ကြီး ဆွဲတော့တာပဲ..။ အဲဒီလိုမှ မဆွဲလှဲရင်လည်း ဘရိုဂျား က သူ့ရဲ့ရှေ့ကိုရောက်သွားမှာလေ..
ဂီယန် ဖရန်ကို ဇိုလာ - ကျွန်တော်က တိုက်စစ်မှူးဗျာ.. အဲဒီလို တည်ကန်ဘောတွေ ကန်တင်ချိန်၊ ဒါမှမဟုတ် ဖြတ်တင်ဘောတွေ ကန်တင်ချိန်မှာ ခင်ဗျားတို့ခံစစ်မှူးတွေရဲ့ရှေ့ကို ကြိုတင်ရောက်နေအောင် အမြဲတမ်းကြိုးစားရပါတယ်..။ ခင်ဗျားတို့နောက်ခံလူတွေကလည်း ကျွန်တော်တို့ တိုက်စစ်မှူးတွေ ခင်ဗျားတို့ရှေ့ကို ဖြတ်ပြီးမပြေးသွားအောင် ပိတ်ဆို့ရတာပါပဲ…။ ဒါပေမယ့် နေရာယူတာ၊ ပိတ်ဆို့ရာမှာ ပါးနပ်ဖို့တော့ လိုအပ်ပါတယ်…။

ပေါလ် စခိုးလ် - အင်းဗျ.. တစ်ဘက်ကစားသမားကို လှဲချမယ်ဆိုရင်လည်း ကိုယ့်ရဲ့ခန္ဓာကိုယ်အနေအထားက မှန်ကန်နေဖို့ လိုပါတယ်..။ လက်ကြီးနှစ်ဘက်နဲ့ အတင်းကို (aggressive) ဆွဲချနေစရာမလိုပါဘူး..။ ကိုယ့်နားက ပြိုင်ဘက်ကစားသမားရဲ့ရှေ့ တစ်ကိုက်လောက်မှာ သူပြေးလာနိုင်မယ့်လမ်းကြောင်းကို ကြိုတင်တွက်ဆပြီး နေရာယူထားရင်ရပါပြီ..။ ဘောလုံးကန်တင်လာတာနဲ့ သူကကိုယ့်ဆီကို ပြေးလာမှာပဲလေ..။ ပြိုင်ဘက်ကစားသမားကို ပိတ်ဆို့တယ်.. (blocking) ဆိုတာ သူမှန်းထားတဲ့ လမ်းကြောင်းအတိုင်း ပြေးမတက်နိုင်အောင် အနှောင့်အယှက် ပေးရတာမျိုး ဖြစ်ပါတယ်..။



စတိဗ် ဘိုးဝါး - ဂီယန် ဖရန်ကို ရေ.. ဂျော်ဂင်ဟို ဟာ ချယ်လ်ဆီးအသင်းအတွက် ပင်နယ်တီ (၂၂) ကြိမ်ကန်သွင်းရာမှာ (၁၉) ကြိမ်ကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်..။ ခင်ဗျားကလည်း သူနဲ့လက်တွဲခဲ့ဖူးတာဆိုတော့ သူ့ရဲ့ပင်နယ်တီကန်သွင်းတဲ့ နည်းစနစ် (technique) နဲ့ပတ်သက်ပြီး သုံးသပ်ချင်တာများ ရှိလားဗျ..

ဂီယန် ဖရန်ကို ဇိုလာ - ပထမဆုံးအနေနဲ့ သူ့ရဲ့ကန်သွင်းတဲ့နည်းစနစ်အတိုင်း ကန်သွင်းချင်တယ်ဆိုရင် ခင်ဗျားဟာ အင်မတန်သွေးအေးပြီး ခေါင်းအေးအေးနဲ့ ကန်သွင်းနိုင်မှ ရပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာတစ်ဘက်ဂိုးသမားရဲ့ လှုပ်ရှားမှုကို ကြည့်ပြီးမှ ကန်မယ့်ဘက်ကို ရွေးချယ်တာကိုးဗျ..။ ဒ့ါကြောင့်စိတ်ပိုင်းဆိုင်ရာမှာ အရမ်းကိုအေးဆေးတည်ငြိမ်ပြီး ကိုယ့်ရဲ့စိတ်ခံစားချက် (emotions) တွေကို ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပါတယ်..။ ဒါပေမယ့် ဂိုးသမားက နောက်ဆုံးအချိန်ထိ လုံးဝမလှုပ်ရှားပဲနေရင် ပြဿနာတက်ပါပြီ..။ အဲဒီလိုအနေအထားမျိုးကလည်း အမြဲတမ်းတော့ ဖြစ်မနေပါဘူး..။ တခါတလေမှာတော့ သူလည်းအခက်အခဲကြုံရတာပါပဲ..။

ပေါလ် စခိုးလ် - သူ့ရဲ့ပင်နယ်တီကန်သွင်းယူနိုင်မှု မှတ်တမ်းဟာ အကောင်းဆုံး မဟုတ်ပေမယ့် ပင်နယ်တီကန်သွင်းရာမှာ ကောင်းမွန်တဲ့ ကစားသမားတွေထဲမှာ ပါဝင်ပါတယ်..။ သူ့ရဲ့ကန်သွင်းပုံ နည်းစနစ်ဟာ သိပ်ကိုရဲရင့်တယ်လို့ ပြောရမှာပဲဗျ..။ ကျွန်တော်တို့ကစားနေတဲ့ခေတ်တုန်းက တစ်ချို့ကစားသမားတွေဟာ အခုလိုပုံစံမျိုး.. ကန်သွင်းမယ့်နေရာကို လမ်းလျှောက်လာတယ်..၊ ဂိုးသမားနဲ့မျက်လုံးချင်ဆိုင် အချိန်အတော်ကြာကြည့်ပြီးမှ တစ်ဘက်ကိုကန်သွင်းတာကို လေ့ကျင့်ခဲ့ကြပါတယ်..။ ဒါပေမယ့် အဲဒီလိုကန်ပါ.. လို့ အကြံပေးတာ မဟုတ်ပါဘူး..။ ကျွန်တော်လည်း ပင်နယ်တီကန်သွင်းရာမှာ သိပ်ကောင်းတာ မဟုတ်ပါဘူး.. ဟားဟား..



စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ.. ပွဲချိန် (၉၄) မိနစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရရှိသွားတဲ့ ကက်စ်မီးရိုး ရဲ့ ခေါင်းတိုက်ချေပဂိုးအပေါ် သုံးသပ်ပေးပါဦး..

ယက်ဘ် စတမ်း - အဆုံးသတ်ဂိုးသွင်းယူရတာဟာ သူ့ရဲ့အဓိကတာဝန် မဟုတ်ပေမယ့် ရီးရဲလ် မက်ဒရစ် အသင်းမှာလည်း သူဟာအရေးပါတဲ့ အဆုံးအဖြတ်သွင်းဂိုးတွေ ရယူပေးတတ်ပါတယ်..။ လုခ် ရှော ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ရာမှာ အမှန်တော့ ဂိုးဝင်ဖို့ အတော်လေး ခက်ခဲတဲ့နေရာပဲဗျ..။ သူ့ရဲ့ timing ချိန်သားကိုက် အဝေးတိုင်ဘက်ကို လှမ်းပြီးခေါင်းတိုက်ရာမှာ ဂိုးသမားကက်ပါ လှမ်းပြီးပုတ်ထုတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်..။ ဒါပေမယ့် မရခဲ့ဘူးဗျ..။ သိပ်ကိုကောင်းမွန်တဲ့ ခေါင်းတိုက်ချက်ဖြစ်သလို တကယ့်အရေးကြီးတဲ့ အချိန်မှာ ရရှိခဲ့တဲ့ဂိုးပဲဗျို့..။

ပေါလ် စခိုးလ် - လုခ် ရှော ရဲ့ ဖြတ်တင်ပေးပို့ချက် သိပ်ကိုကောင်းမွန်သလို ကက်စ်မီးရိုး ရဲ့ ခေါင်းတိုက်ချက်ကလည်း တကယ့်ကို ကောင်းပါတယ်..။ ဒါပေမယ့် သူ့ရဲ့ခေါင်းတိုက်ချက်ဟာ ဂိုးထောင့်ကို မဟုတ်တာကြောင့် ကျွန်တော်ကတော့ ဂိုးသမားအနေနဲ့ ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ထင်မိသလိုပဲ..။ ဒါပေမယ့် အတော်လေးကို ခက်ခဲပါလိမ့်မယ်..။ ကက်ပါ ထက် အရပ်ပိုရှည်တဲ့ မန်ဒီ ဆိုရင် ကာကွယ်နိုင်ခဲ့မလား..? လို့တောင် တွေးမိခဲ့ပါတယ်..။ ဂီယန် ဖရန်ကို.. ရေ.. ခင်ဗျားရော ဘယ်လိုသဘောထားရှိလဲ..?

ဂီယန် ဖရန်ကို ဇိုလာ - အား.. ကာကွယ်နိုင်ဖို့တော့ မလွယ်လောက်ဘူးဗျ..။ သူကအနီးဘက် ဂိုးတိုင်ဘက်ကနေ ဆန့်ကျင်ဘက်ကို ပြန်သွားရတယ်..။ ခန္ဓာကိုယ်အနေအထားကို ချက်ချင်း ပြောင်းရတာကိုးဗျ..။ ပုံမှန်အားဖြင့်ဆိုရင် ဂိုးသမားတွေဟာ သူတို့ရဲ့ညာဘက်ကိုလာတဲ့ ဘောလုံးတွေကို ညာဘက်လက်နဲ့ ကာကွယ်လေ့ ရှိပါတယ်..။ ဒါပေမယ့် အခုလို အပေါ်ကနေ ကျော်ပြီးကျလာတဲ့ ဘောလုံး (looping ball) တွေကျ ညာဘက်လက်နဲ့ ပုတ်ထုတ်မယ်ဆိုရင် အားမပါဘူး..။ ဒ့ါကြောင့်ဘယ်ဘက်လက်နဲ့ တွန်းထုတ်နိုင်မှသာ ဘောလုံးလမ်းကြောင်း ပြောင်းသွားပါမယ်..။ ဒါပေမယ့် ကက်ပါ အနေနဲ့ အဲဒီဘောလုံးကို သူ့ရဲ့လက်နဲ့လှမ်းပြီး ပုတ်ထုတ်နိုင်ဖို့ မလုံလောက်ခဲ့ပါဘူး..။ ကံမကောင်းခဲ့ဘူးလို့ပဲ ပြောရမှာပါ…



စတိဗ် ဘိုးဝါး - ဒီနေ့ပွဲရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ (၉) ပွဲထဲမှာ တစ်ပွဲပဲ ရှုံးနိမ့်ထားပါသေးတယ်..။ ဒါပေမယ့် ပွဲချိန်မိနစ် (၆၀) မှာ ပြင်သစ်နောက်ခံလူ ရာဖယ်လ် ဗာရန်းန် ဟာ အူဘားမီးယန်း ဆွဲထွက်လာတာကို လျောထိုးဖျက်ထုတ်ဖို့ ကြိုးစားရင်းနဲ့ ဒဏ်ရာသွားခဲ့ပါတယ်.။ အဲဒါကတော့ သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ..။ ဒဏ်ရာရသွားတဲ့အပေါ် သူကိုယ်တိုင်လည်း အရမ်းကိုဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်…

ယက်ဘ် စတမ်း - အတော်လေးတော့ ထူးဆန်းတယ်ဗျ..။ သူဘာတွေများ စဉ်းစားခဲ့မိလို့လဲ..? ဒါမှမဟုတ် သူ့ရဲ့ဒူးခေါင်းထဲ.. ဒါမှမဟုတ် ပေါင်းတွင်းကြောမှာများ တစ်ခုခုခံစားမိခဲ့တာကြောင့် ကာလရှည်ဒဏ်ရာ ရသွားနိုင်တာကို တွေးမိခဲ့လို့လား..? ပေ့ါ..။ ဒါပေမယ့် ကွင်းထဲက ထွက်သွားရတဲ့အချိန်မှာ ဘာကြောင့်မလို့ အဲဒီလို ဝမ်းနည်းပက်လက်နဲ့ စိတ်ခံစားမှုတွေ ပေါက်ကွဲခဲ့ရတာကို ကျွန်တော်တော့ နားမလည်နိုင်ခဲ့ပါဘူး..။

ဒဏ်ရာပြင်းထန်နိုင်မှာကို တွေးမိတာလား..? ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်နိုင်မှာကို တွေးမိခဲ့လို့လား..? ဒါမှမဟုတ် တခြားအရာတစ်ခုခု ရှိနေတာများလား..? ကျွန်တော်လည်း မသိပါဘူး..။ ယူနိုက်တက် ကစားသမားတွေလည်း ချက်ချင်းကိုပဲ သူ့ကိုဝိုင်းပြီး အားပေးနှစ်သိမ့်ကြပါတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလိုအခြေအနေမျိုးနဲ့ မကြုံခဲ့ဘူးတော့ အရမ်းကိုဝမ်းနည်း၊ ပက်လက်ဖြစ်နေတဲ့ သူ့ရဲ့စိတ်ခံစားချက်၊ အပြုအမူတွေကို ဘာကြောင့်အဲလိုဖြစ်ခဲ့ရလဲ.. နားမလည်နိုင်ခဲ့ပါဘူး..။



ပေါလ် စခိုးလ် - အချိန်အတိုင်းအတာ တစ်ခုတော့ အနားယူရနိုင်တယ်ဆိုတာ ကြိုတင်တွေးမိလို့ ဖြစ်မှာပါ..။ မှန်ပါတယ်.. ခင်ဗျားကိုယ်တိုင်ကလည်း ကြံ့ခိုင်မာကျောတဲ့ ဗဟိုခံစစ်မှူးတစ်ယောက် ဖြစ်သလို ဗဟိုခံစစ်မှူးတွေ ဒဏ်ရာရတဲ့အခါ အခုလိုဝမ်းနည်းပက်လက် ဖြစ်ရတာမျိုးကို တွေ့ရလေ့မရှိတာကြောင့် ထူးဆန်းနေတာ ဖြစ်မှာပါ..။ ဒါပေမယ့် သူဟာမန်ချက်စတာ ယူနိုက်တက်အသင်း နောက်တန်းမှာ တိုက်စစ်မှူးတွေရဲ့ တစ်ဦးချင်း ထိုးဖောက်မှုတွေ (1 vs 1) ကို တားဆီးပေးနိုင်တဲ့ ရှားရှားပါးပါး နောက်ခံလူတစ်ယောက် ဖြစ်တာကြောင့် အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ…။ ဒ့ါကြောင့်သူ့ရဲ့နေရာကို အမြန်ဆုံး အစားထိုးနိုင်ဖို့နဲ့ ဗာရန်းန် အနေနဲ့လည်း ဒဏ်ရာကနေ အမြန်ဆုံးသက်သာနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်..။

စတိဗ် ဘိုးဝါး - ဟုတ်ကဲ့ပါ.. ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ခရစ်စ်တီယာနို ရော်နယ်လ်ဒို နဲ့ ပတ်သက်ပြီး အကျယ်တဝင့် ဆက်လက်ဆွေးနွေးကြဖို့ ရှိတာကြောင့် ဒီနေ့ပွဲစဉ်နဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို ဒီလောက်နဲ့ပဲ ရပ်ထားပြီး ရှေ့ဆက်ကြရအောင်ခင်ဗျ…