feature-image

‘Match of the Day’ ဘောလုံးစကားဝိုင်း (နော့တင်ဟမ် ဖောရက်စ် vs ချယ်လ်ဆီး)

တနင်္ဂနွေနေ့က The City Ground ကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော နော့တင်ဟမ် ဖောရက်စ် နှင့် ချယ်လ်ဆီးအသင်းတို့၏ တစ်ဘက်တစ်ဂိုးစီ သရေကျသောပွဲစဉ်မှ နော့တင်ဟမ် ဖောရက်စ်အသင်း၏ ကစားပုံနှင့် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်း အခက်အခဲများအပေါ် အာဆင်နယ်အသင်း နောက်ခံလူဟောင်း မက်သယူး အပ်ပ်ဆန် နှင့် အင်္ဂလန်အမျိုးသမီးအသင်း လက်ရွေးစင်ဟောင်း ဖာရာ ဝီလီယံ တို့က BBC Sports သတင်းဌာန၏ ‘Match of the Day’ စကားဝိုင်း အစီအစဉ်မှတဆင့် ယခုလိုသုံးသပ် ပြောကြားခဲ့သည်..။

မာ့ခ် ချက်ပ်မန်း - ဖောရက်စ်အသင်းနည်းပြ စတိဗ် ကူးပါး က ပွဲအပြီးသတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ သူတို့အသင်းရဲ့ ဒုတိယပိုင်းကစားပုံကို ကျေနပ်မိတဲ့အကြောင်း သုံးသပ်သွားခဲ့ပါတယ်..။ မက်သယူး ရေ..  သူပြောခဲ့သလိုပါပဲ.. ဒီနေ့ပွဲမှာ ချယ်လ်ဆီးပရိသတ်တွေကလွဲပြီးရင် ကျန်တဲ့ပွဲကြည့်ပရိသတ်တွေဟာ နော့တင်ဟမ် ဖောရက်စ်အသင်းရဲ့ ဒုတိယပိုင်းကစားပုံနဲ့ အစွမ်းကုန် ပေးဆပ်ကစားခဲ့ကြတဲ့အပေါ် ကျေနပ်ခဲ့ကြလိမ့်မယ် မဟုတ်လားဗျ…

မက်သယူး အပ်ဆန် - မှန်ပါတယ်…။ ကျွန်တော်လည်း သူတို့အသင်းရဲ့ ဒုတိယပိုင်းကစားပုံအပေါ် ကျေနပ်မိပါတယ်..။ ဒါ့အပြင် ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ ပွဲကိုချဉ်းကပ်ခဲ့ပုံ (approach) ကိုလည်း သဘောကျမိပါတယ်ဗျ..။ အခုအောက်မှာ ပြထားတဲ့ပုံ (ပုံ - ၁) မှာ မြင်တွေ့နေရတဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အိမ်ရှင် ဖောရက်စ်အသင်းဟာ ပထမပိုင်းနဲ့ဒုတိယပိုင်းမှာ ပုံစံနှစ်မျိုးနဲ့ ကစားသွားတာကို မြင်တွေ့ရပါလိမ့်မယ်..။



သူတို့အသင်းဟာ ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု (possession) ပိုမိုများပြားလာတဲ့အပြင် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ဇုန်ထဲကို ပိုပြီးဝင်ရောက်လာနိုင်ခဲ့တယ်.. (final third entries)၊ ချယ်လ်ဆီးအသင်းရဲ့ ဂိုးဧရိယာထဲမှာလည်း ဘောလုံးတွေ ပိုပြီးရရှိ (touches in opposition box) ခဲ့ပါတယ်..။ အထူးသဖြင့် ဘောလုံးတိုင်းကို ကျားကုတ်ကျားခဲနဲ့ သဲကြီးမဲကြီး မရရအောင် အတင်းလိုက် ဖျက်ထုတ်ခဲ့တဲ့ (aggressiveness) ကို ချီးကျူးရမှာပါ…။

အဓိကအဆုံးအဖြတ် ပေးသွားခဲ့တာ စိတ်ဓါတ်ပိုင်း (mentality) မှာ ဖြစ်ပါတယ်…။ သူတို့တွေဟာ ပထမပိုင်းမှာ ခံစစ်ကိုအဓိက ကစားတယ်..၊ ဘောလုံးကိုမရရအောင် ဖျက်ထုတ်မယ်..၊ ပြီးရင် ချယ်လ်ဆီးအသင်းရဲ့ အသက်အရွယ်ကြီးရင့်နေတဲ့ နောက်တန်းကစားသမားတွေရဲ့ နောက်ထဲကို ဘောလုံးတွေပေးပို့ပြီး လျှင်လျှင်မြန်မြန် ထိုးဖောက်ခဲ့ပါတယ်..။

ကျွန်တော်ကိုယ်တိုင်လည်း ဗဟိုနောက်ခံလူတစ်ယောက် ဖြစ်ခဲ့တာဆိုတော့ ကိုယ့်ရဲ့နောက်ထဲကို ဘောလုံးတွေကျော်ချပြီး လျှင်မြန်မှုနဲ့ထိုးဖောက်တဲ့ အသင်းမျိုးတွေနဲ့ ရင်မဆိုင်ချင်ပါဘူး..။ ပထမပိုင်းမှာ သူတို့တွေဟာ ဘောလုံးရတာနဲ့ နေရာလွတ်တွေ (spaces) ထဲကို အမြန်ဆုံးချပေးပြီး ပြေးထွက်နိုင်ဖို့ကိုပဲ ကြိုးစားခဲ့ကြပါတယ်..။

ဒုတိယပိုင်းမှာတော့ ကွင်းလယ်က ရိုင်ယန် ရိတ်စ် နဲ့ ရီမို ဖရောင်းလား တို့ဟာ ချယ်လ်ဆီအသင်းရဲ့ ကွင်းလယ်နေရာလွတ်တွေကို ရှာဖွေနိုင်ခဲ့ပြီး (ပူးတွဲပုံ- ၂) တိုက်စစ်က တိုင်ဝို အေဝိုနီယီ၊ ဘရန်နန် ဂျွန်ဆင် တို့ကို အချိတ်အဆက်မိမိ၊ ပံ့ပိုးပေးနိုင်လာခဲ့ပါတယ်..။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းဟာ ရုန်းကန်ခဲ့ရပါတယ်..။ အိမ်ရှင်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ပင်နယ်တီဧရိယာထဲကို ဘောလုံးတွေရောက်အောင် ပိုမိုပေးပို့နိုင်ခဲ့သလို သူတို့ဟာ ဒုတိယပိုင်းစပြီး (၁၀) မိနစ်လောက်အတွင်းမှာကို ဂိုးရနိုင်မယ့်အခွင့်အရေး သုံးကြိမ်လောက်ရရှိခဲ့တယ်ဗျ..။



ပွဲချိန် (၅၄) မိနစ်မှာဆိုရင် ရိုင်ယန် ရိတ်စ် ရဲ့ ညာတောင်ပံကနေ ပြန်ချိုးလိုက်တဲ့ပေးပို့မှုကို မော်ဂန် ဂစ်ဘ် ဝှိုက် ရဲ့ အဆုံးသတ်ပိတ်သွင်းချက် ကောင်းမွန်ခဲ့ပါတယ်…။ ဒါပေမယ့် ဂိုးဘားတန်းထိသွားခဲ့တာကြောင့် ချယ်လ်ဆီးအသင်း ကံကောင်းသွားခဲ့ပေါ့..။ နည်းပြဂရေဟမ် ပေါ်တာ ဟာ နော့တင်ဟမ်အသင်းရဲ့ တိုက်စစ်မြှင့်ပြီး အတင်းဝင်၊ အတင်းထွက် ထိုးဖောက်ကစားလာတာကို ထိန်းချုပ်ဖို့ မကြိုးစားခဲ့တာကြောင့် ပွဲချိန် (၆၄) မိနစ်မှာ ချေပဂိုးကို ထိုက်ထိုက်တန်တန် ခွင့်ပြုလိုက်ရတာပါ..။ နော့တင်ဟမ် အသင်းအတွက်တော့ ဒုတိယပိုင်းမှာ ကစားသွားခဲ့တဲ့ခြေစွမ်း သိပ်ကိုကောင်းမွန်ခဲ့တယ်လို့ ပြောရမှာပါပဲ..။

မာ့ခ် ချက်ပ်မန်း - ဖောရက်စ်အသင်းရဲ့ ကစားပုံကို ကြည့်မယ်ဆိုရင် သူတို့ဟာ စွန့်စားမှု ပြုလုပ်ရမှာကို မကြောက်ရွံ့ပဲ ဘောလုံးရတာနဲ့ ရှေ့ကိုအမြန်ဆုံးပို့ပြီး လျှင်လျှင်မြန်မြန် ထိုးဖောက်ဖို့ ကြိုးစားပါတယ်..။ အသင်းအတော်များများဟာ ဘောလုံးရပြီဆိုတာနဲ့ ကိုယ့်ရဲ့ခြေထဲမှာပဲ အတတ်နိုင်ဆုံး ထိန်းထားနိုင်အောင် ပိုပြီးဦးစားကြတာဗျ..။ သူတို့တွေဟာ တစ်ဘက်အသင်းခြေထဲ ပြန်မပါသွားအောင် ဘေးတိုက်ပေး၊ နောက်ပြန်ပေးတွေနဲ့ အချိန်ကုန်ပြီး စွန့်စားမှုမရယူရဲကြဘူး..

ဖာရာ ဝီလီယံ - မှန်ပါတယ်..။ ကစားသမား တစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်အသင်းခြေထဲမှာ ဘောလုံးမရှိရင် ကစားရတာ ပိုပြီးခက်ခဲတာ အမှန်ပါပဲ..။ နော့တင်ဟမ် ဖောရက်စ်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုကို အသားမပေးဘူး..၊ သူတို့ခြေထဲ ဘောလုံးရတာနဲ့ ခံစစ်ကနေ တိုက်စစ်ကို (transition) အမြန်ဆုံးပြောင်းလဲနိုင်တာ တွေ့မိပါတယ်..။ သူတို့ဟာ ချယ်လ်ဆီးအသင်း နောက်ခံလူတွေ စုစည်းမှုမရခင် ဘောလုံးကိုအမြန်ဆုံးပေးပို့ပြီး အခြေပျက်အောင် ထိုးဖောက်နိုင်ခဲ့ပါတယ်..။



နောက်ပြီးခုနက မက်သယူး ပြောခဲ့သလို သူတို့က aggression ပိုပြီးကောင်းတယ်..၊ ပိုပြီးလျှင်လျှင်မြန်မြန်နဲ့ အရှိန်အဟုန်မြှင့် (intensity) ကစားနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်နည်းပြ ပေါ်တာ က ချယ်လ်ဆီးကစားသမားတွေဟာ အိမ်ရှင်အသင်းနဲ့ တစ်ယောက်ချင်းယှဉ်ပြီး ဘောလုံးလုတိုင်း (duels) မှာ ရှုံးနိမ့်ခဲ့တယ်..၊ ပြန်ကျလာတဲ့ဘောလုံးတွေမှာ (second balls) နော့တင်ဟမ်အသင်းကပဲ အရယူသွားတယ်လို့ ပြောခဲ့ပါသေးတယ်ရှင့်..။ အဲဒီအချက်ကလည်း ဒုတိယပိုင်းမှာ ဖောရက်စ်အသင်းက ခြေစွမ်းအသာရသွားစေတဲ့ အကြောင်းရင်း ဖြစ်ပါလိမ့်မယ်…

မက်သယူး အပ်ပ်ဆန် - ဒီနေ့ပွဲမှာ ဖောရက်စ်အသင်းဟာ ပြိုင်ဘက်အသင်းကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ဖို့ (effective) ဘောလုံးပိုင်ဆိုင်မှု (ball possession) အသာရဖို့ မလိုဘူးဆိုတဲ့အချက်ကို ပြသနိုင်ခဲ့ပါတယ်..။ သူတို့ဟာ ဘောလုံးကိုခြေထဲမှာ ထိန်းထားဖို့ စိတ်မဝင်စားဘူး…၊ ခြေထဲကိုဘောလုံး ရောက်လာတာနဲ့ ပြိုင်ဘက်အသင်း ခံစစ်ကြောင်းက နေရာလွတ်တွေဆီကို အမြန်ဆုံးပို့နိုင်ဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်..။



မာ့ခ် ချပ်မန်း -
အဲဒီနေရာမှာတော့ သူတို့ဟာ ချယ်လ်ဆီးနဲ့ လုံးဝဆန့်ကျင်ဘက်ပဲဗျို့..။ ချယ်လ်ဆီးကတော့ ဘောလုံးကိုင်ထားနိုင်ပေမယ့် အပိုင်ကန်သွင်းခွင့် မယ်မယ်ရရ ဖန်တီးနိုင်ခဲ့တာ မရှိခဲ့ပါဘူး..။

ဖာရာ ဝီလီယံ - ချယ်လ်ဆီးကစားသမားတွေဟာ ဘောလုံးဆုံးရှုံးသွားမှာ ကြောက်ရွံ့တဲ့စိတ်တစ်ခုခု ရှိနေတာလား.. မပြောတတ်ဘူးရှင့်..။ အပေါ်မှာပြထားတဲ့ပုံ (ပုံ- ၃) ထဲက အချက်အလက်တွေအရဆိုရင် ဒီနေ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု (၇၂%) လောက်အထိ အသာစီးရယူနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် တစ်ပွဲလုံးမှာ နော့တင်ဟမ်အသင်းရဲ့ ခံစစ်ဇုန် (final third) ထဲကို (၅၆) ကြိမ်ပဲရောက်တဲ့ ဂိုးပေါက်တည့်ကန်ချက် (shots on target) (၂) ကြိမ်ပဲ ရှိခဲ့ပါတယ်..။



ချယ်လ်ဆီးအသင်းရဲ့ နော့တင်ဟမ်အသင်းရဲ့ final third ထဲကို ရောက်လာချိန်မှာ အချင်းချင်းအချိတ်အဆက် နားလည်မှုလွဲမှားခဲ့တာကြောင့် အလာဟသ ဖြစ်ကုန်ရတဲ့ ထိုးဖောက်မှုတွေကို နမူနာပြပါမယ်..။ ပူးတွဲပုံ (ပုံ- ၄) မှာဆိုရင် ရာဟင်း စတာလင်း ဟာ ဖောရက်စ် ဘယ်နောက်ခံလူ ရီနန် လိုဒီ ရဲ့ အပြင်ဘက်ကနေ ပြေးထွက်ဖို့ ကြိုးစားခဲ့ပါတယ်..။ ဒါပေမယ့် မေဆန် မောင့် နဲ့ နားလည်မှုလွဲပြီး အတွင်းကိုဖြတ်ပြီး ထိုးပေးခဲ့တာကြောင့် နောက်ခံလူတွေရဲ့ အလွယ်တကူ ဖြတ်တောက်ခြင်းခံခဲ့ရပါတယ်..(ပုံ- ၅)။



အခုအောက်မှာပြထားတဲ့ပုံ (ပုံ- ၆) မှာဆိုရင် ဘယ်တောင်ပံကနေ ခရစ်စ်တီယန် ပူလီဆစ် ထိုးဖောက်လာပါတယ်..။ နော့တင်ဟမ်အသင်းရဲ့ ဂိုးဧရိယာထိပ်ကို ရောက်လာတဲ့အချိန် ဧရိယာထဲမှာ ချယ်လ်ဆီးကစာသမား (၄) ယောက် ရှိနေပါတယ်..။ ဒါပေမယ့် လေးယောက်စလုံးဟာ တစ်တန်းတည်းရှိနေပြီး ပြန်လျှံထွက်လာမယ့် ဘောလုံးတွေကို ပိတ်သွင်းဖို့၊ ဒါမှမဟုတ် ပူလီဆစ် အတွင်းကိုချိုးပေးနိုင်ဖို့ ဘောလုံးလမ်းကြောင်း ဖွင့်ပေးခဲ့တာ မရှိခဲ့ပါဘူး..။ ဒ့ါကြောင့်ပူလီဆစ် ခမျာ ဘောလုံးပေးပို့ အခွင့်မသာတော့တာနဲ့ နောက်ကအသင်းဖော်တွေနဲ့ ပြန်တွဲ၊ နောက်ထပ်တစ်ကျော့ ပြန်ပြီးထိုးဖောက်ဖို့ ကြိုးစားတာနဲ့ ဘောလုံးဟာ တစ်ဘက်အသင်းခြေထဲ ပြန်ပါသွားခဲ့ပါတယ်..။



အခုတစ်ကြိမ်မှာတော့ ရာဟင်း စတာလင်း ဟာ ညာတောင်ပံမှာ တစ်ယောက်ထဲ ထီးထီးကြီး လွတ်နေပါတယ်..။ ဒါပေမယ့် ဂိုးဧရိယာထိပ်မှာ ဘောလုံးလက်ခံရယူခဲ့တဲ့ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ဟာ ပိုပြီးအခွင့်အရေးကောင်းတဲ့ စတာလင်း ကို ခင်းပေးပြီး ခံစစ်ကြောင်းကို ဆွဲထုတ်ရမယ့်အစား (ပုံ- ၇) ဂိုးပေါက်ထဲကို ကန်သွင်းခဲ့တာကြောင့် လူထိပြီး ထောင့်ကန်ဘောပဲ ဖြစ်သွားတာပေ့ါ..



အောက်ကပုံ (ပုံ- ၈) မှာတော့ ပူလီဆစ် က ကွင်းလယ်သာသာကနေ ဘောလုံးဆွဲလာတယ်..၊ ကိုင် ဟာဗာ့ဇ် က သူ့ရဲ့ရှေ့မှာ နောက်တန်းလူတွေနဲ့အပြိုင်ပြေးထွက်ဖို့ အသင့်စောင့်နေပါတယ်..။ အဲဒီအနေအထားဟာ ဂျာမန်တိုက်စစ်မှူးရဲ့အကြိုက် ဖြစ်နေပေမယ့် ပူလီဆစ် ဟာ ပြေးလမ်းကြောင်းထဲကို ချိန်သားကိုက် ထိုးပေးဖို့ မကြိုးစားပဲ ကိုယ်တိုင်ဆွဲထွက်ဖို့သာ ကြိုးစားခဲ့ပါတယ်..။ ဒီလိုနဲ့ပဲ နောက်ထပ်အခွင့်အရေးကောင်းတစ်ခု အဟောသိကံ ဖြစ်ခဲ့ရပါတယ်..။



ပုံ (၉) မှာဆိုရင် နော့တင်ဟမ် ဖောရက်စ်အသင်းရဲ့ ခံစစ်ကြောင်းကို အလယ်ကနေ ထိုးဖောက်လာတဲ့ ပူလီဆစ် ဟာ ညာတောင်ပံကနေ အသင့်နေရာယူထားတဲ့ စတာလင်း ရဲ့ ပြေးလမ်းကြောင်းထဲကို မထိုးပေးလိုက်ပဲ နောက်ခံလူ ဆာ့ဂ်ျ အော်ရီယေး ကို လိမ်ထွက်ဖို့ ကြိုးစားခဲ့တာကြောင့် အခွင့်အရေးကောင်းတစ်ခု ဆုံးရှုံးပြန်ပါတယ်..။

ပုံ (၁၀) မှာဆိုရင် ကွင်းလယ်ထိ ဘောလုံးဆင်းယူခဲ့တဲ့ ဟာဗက်ဇ် ဟာ ရှေ့မှအသင့်နေရာထားတဲ့ တိုက်စစ်မှူးတွေဆီ အမြန်ဆုံးထိုးပေးဖို့ ကြိုးစားရမယ့်အစား ဘေးကနေယှဉ်ပြီးတက်လာတဲ့ ကူကူရယ်လာ ဆီကို ပေးပို့ပြီး စွန့်စားမှုမယူခဲ့တာ တွေ့ခဲ့ရပါတယ်..။



အပေါ်ကပြထားတဲ့ ဥပမာတွေဟာ ဒီနေ့ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ အဆိပ်မရှိတဲ့ ကစားပုံအတွက် နမူနာကောင်းတွေပါပဲရှင့်..။

မာ့ခ် ချပ်မန်း - အင်းဗျ… ဖာရာ ပြသွားတဲ့ ဥပမာတွေအရဆိုရင် ဒီနေ့ပွဲမှာ အသင်းနှစ်သင်းရဲ့ ကစားကွက်အယူအဆဟာ တကယ့်ကို ဆန့်ကျင်ဘက်လို့ ပြောရမှာပဲ..။

မက်သယူး အပ်ဆန် - ရှင်းရှင်းလင်းပါပဲ..။ ကိုယ့်ရဲ့နောက်ကို ဘောလုံးချပေးပြီး အမြန်ပြေးထွက်မယ့် တိုက်စစ်မှူးကို နောက်ပြန်လှည့်ပြီး အတင်းပြေးလိုက်ရတာ ကြိုက်လား..? ဒါမှမဟုတ် ကိုယ့်ကိုမျက်နှာမူပြီး တိုက်စစ်ဆင်လာတာကို နောက်ကနေစောင့်ပြီး ဖျက်ထုတ်ရတာကြိုက်လား..? လို့ နောက်ခံလူတွေကို မေးကြည့်ပါဦး..။ ဘယ်သူမဆို ကိုယ့်ကိုမျက်နှာမူပြီး တိုက်စစ်ဆင်လာတာကို ကာကွယ်ဖျက်ထုတ်ရတာပဲ ပိုကြိုက်ကြပါတယ်…။



ဖာရာ ဝီလီယံ - အခုပြထားတဲ့ပုံ (ပုံ - ၁၁) ထဲက ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံး (၇) ပွဲကစားခဲ့တဲ့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် သူတို့ဟာ သွင်းဂိုးတွေသိပ်မရခဲ့တာ သတိပြုမိမှာပါ..။ အဲဒီအတွက် ဒီနေ့ပွဲကစားပုံဟာ သူတို့အသင်းရဲ့ တိုက်စစ်ကစားပုံ အဆိပ်ကင်းမဲ့ရခြင်းရဲ့ သက်သေ၊ သာဓကကောင်းတွေပါပဲ..။ တကယ်တော့ ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဇုန် (final third) ဟာ ကစားရတာ အခက်ဆုံးနေရာ ဖြစ်ပါတယ်..။ ပြိုင်ဘက်အသင်းကို လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် ထိုးဖောက်နိုင်ဖို့ဆိုရင် ကစားသမားအချင်းချင်းကြားမှာ နားလည်မှု (understanding)၊ အချိတ်အဆက် အဆက်အသွယ် (connection and communication) ကောင်းမွန်ဖို့ အရေးကြီးပါတယ်..။

မာ့ခ် ချပ်မန်း - ဟုတ်ကဲ့ပါ..။ အခုဆိုရင် ဂရေဟမ် ပေါ်တာ ဟာ ရလဒ်ဆိုးတွေ… အင်းပါ… အရမ်းအဆိုးကြီး မဟုတ်ရင်တောင် ရလဒ်တွေဟာ ဘရိုက်တန်အသင်းမှာတုန်းကနဲ့ ဘာမှမခြားနားဘူးလို့ ပြောရမှာပဲဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ မနှစ်ဘောလုံးရာသီ ဘရိုက်တန်အသင်းရဲ့ ရလဒ်တွေကို ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် ရာသီဖွင့် (၅) ပွဲမှာ (၄) ပွဲ အနိုင်ရတယ်..၊ နောက်တော့ (၁၁) ပွဲဆက်တိုက် နိုင်ပွဲပျောက်တယ်..၊ အဲဒါပြီး (၇) ပွဲဆက်တိုက် ရှုံးပွဲမရှိဘူး..၊ အဲဒီတောင်လည်း ကျော်ပြီးရော.. (၆) ပွဲဆက်တိုက် ရှုံးနိမ့်ပြန်ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့ပုံစံကိုက နိုင်ပြီဆိုရင်လည်း ဆက်တိုက်…၊ ရှုံးပြီဆိုရင်လည်း ဆက်တိုက်.. အတွဲလိုက်ကြီး (streak) သွားနေမယ်လို့ ယူဆရမလိုပါပဲ..



မက်သယူး အပ်ဆန် - သေချာတာပေ့ါဗျာ..။ ‘ယူဆရမလို..’ မဟုတ်ဘူး..၊ ဂရေဟမ် ပေါ်တာ ရဲ့ ပုံစံကိုက အဲဒီအတိုင်းပဲ..။ နိုင်ပွဲရပြီဆိုရင်လည်း ဆက်တိုက်..၊ ပြီးရင် ရှုံးပွဲတွေဆက်တိုက်လာမယ်..။ သူဟာအသင်းကို ကိုင်တွယ်တဲ့နေရာမှာ အမြဲတမ်းတစ်သတ်မှတ်တည်း စီမံတယ်..၊ ကိုင်တွယ်ပါတယ်..။ နိုင်နိုင်ရှုံးရှုံး သူ့ရဲ့ရည်မှန်းချက်အတိုင်း ဘာမှမပြောင်းလဲပဲ ဦးတည်ဆောင်ရွက်ပါတယ်..။

ချယ်လ်ဆီးကျတော့ အရင်တုန်းက သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေနဲ့ မတူဘူးဗျ..။ ဒီမှာက နိုင်ပွဲတွေပျောက်ပြီ..၊ နိုင်သင့်တဲ့အသင်းတွေကို မနိုင်ဘူးဆိုရင် ဖိအားတွေ ရှိလာပါတယ်…။ ပြီးတော့ ဘယ်ပွဲဖြစ်ဖြစ် နိုင်အောင်ကန်ရမယ် ဆိုတဲ့ တောင်းဆိုမှုတွေရှိတယ်..၊ ကိုယ့်ရဲ့ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ အချိန်ကန့်သတ်ချက်ကလည်း တိုတောင်းပါတယ်..။ ဒ့ါကြောင့် အတွဲလိုက်ကြီး နိုင်ပွဲတွေရလိုက်၊ အတွဲလိုက်ကြီး ရှုံးနိမ့်လေ့ရှိလိုက်.. ဆိုတဲ့ သူ့ရဲ့အလေ့အထကို ပြင်ဆင်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။